အခန်း (၈၈၁-၈၈၂)
Vol. 74 Ch. 881-882
အပိုင်း (၈၈၁)
ယခုအချိန်တွင် တာ့ယန် အင်ပါယာသည် အောင်ပွဲမှ အောင်ပွဲသို့ သွားနေခြင်း ဖြစ်သည်။
လူသူကင်းမဲ့သော နေရာ စစ်ပွဲတွင် အင်ပါယာ စစ်သည် တစ်သန်းကျော် အနက် နှစ်သိန်းခန့် အသေအပျောက် ရှိခဲ့သော်လည်း တာရှန်းမိစ္ဆာနိုင်ငံ၏ အသေအပျောက်မှာမူ လေးသိန်းကျော် ရှိခဲ့သည်။ ထျန်ထိုင်ကျင့် လက်နက်ချခဲ့သောကြောင့် ယွင်ကျုံးဟဲ့၏ လက်ထဲတွင် စစ်သည် တစ်သန်း ရှိနေဆဲ ဖြစ်၏။
လူသူကင်းမဲ့သော နေရာ စစ်ပွဲ ပြီးဆုံးသွားပြီးနောက် အချိန် အတန်ကြာ အနားယူခဲ့သည်။
တာ့ယန် အင်ပါယာ ရေတပ်သည် ပိုင်ယင် ဘုရင်နိုင်ငံ ရေတပ်နှင့် ပူးပေါင်းကာ စုစုပေါင်း လူသုံးသိန်းဖြင့် တာယင် နိုင်ငံအပေါ် ကြီးမားသော ရေတိုက်ပွဲကြီး ဆင်နွှဲခဲ့၏။
တစ်လပင် မပြည့်သော အချိန်အတွင်း တာယင် နိုင်ငံ၏ ရေတပ် အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ယခင် တာယင် အင်ပါယာ၏ ဆိပ်ကမ်းမြို့ ဆယ်ခုကျော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
စစ်သည် သိန်းချီသည် ပင်လယ်ပြင်မှတစ်ဆင့် ယခင် တာယင် အင်ပါယာ အတွင်းသို့ ကုန်းတက် ဝင်ရောက် လာကြ၏။
တောင်ဘက်တွင်မူ ယွင်ကျုံးဟဲ့ ဦးဆောင်သော ပင်မ စစ်တပ် သုံးဖွဲ့မှ လူတစ်သန်းနီးပါးသည် ဆက်လက်၍ မြောက်ဘက်သို့ စစ်ချီကြသည်။
တာ့ယန် အင်ပါယာ၏ စစ်သည် တစ်သန်းခွဲသည် အရှေ့နှင့် တောင်ဘက် လားရာ နှစ်ခုမှနေ၍ တာယင်နိုင်ငံ ပြည်တွင်းသို့ ဝင်ရောက် တိုက်ခိုက်ကြ၏။
တကယ့်ကို ဝါးပင်ကို ဓားဖြင့် ခွဲသကဲ့သို့ အတားအဆီး မရှိ ပြိုကွဲသွားစေ၏။ လအနည်းငယ် အတွင်းမှာပဲ တာယင် နိုင်ငံ၏ သုံးပုံတစ်ပုံသော နယ်မြေ ကျဆုံးသွားခဲ့သည်။
တာ့ယန် အင်ပါယာ၏ စစ်သည် တစ်သန်းကျော်သည် အရပ်လေးမျက်နှာမှနေ၍ တာယင် မြို့တော်ကြီး တစ်ခုလုံးကို လုံးဝ ဝိုင်းရံ ပိတ်ဆို့ထားလိုက်၏။
နှစ်ပေါင်း ရာချီ အတွင်း တာယင် အင်ပါယာ၏ မြို့တော်သည် ပထမဆုံးအကြိမ် အဖြစ် စစ်တပ်ကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
လူဦးရေ သန်းဂဏန်း ရှိသော ဧရာမ မြို့ကြီးသည် ဆယ်နှစ်ကျော်ကြာ တိုးချဲ့ တည်ဆောက်ပြီးနောက် လုံးဝ အံ့ဩစရာကောင်းသော အထူး ခံတပ်ကြီး တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ကျင်းဝူရွှမ်း ၏ တောင်ပိုင်း ခံတပ်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
တာ့ယန် အင်ပါယာသည် အမြောက် အလက် တစ်ထောင်ကျော်၊ အသွင်ပြောင်း ပျံသန်းနိုင်သော ငှက် သောင်းချီနှင့် ဧရာမ လေသင်္ဘော ရာပေါင်းများစွာကို အသုံးပြု၍ တာယင် မြို့တော် တစ်ခုလုံးကို ရူးသွပ်စွာ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
နိုင်ငံ နှစ်ခု၏ စစ်သည် တစ်သန်းစီသည် တာယင် မြို့တော် ကာကွယ်ရေး လိုင်းပေါ်တွင် တစ်ခါမှ မရှိဖူးသော စစ်ပွဲကြီးကို ဆင်နွှဲခဲ့ကြ၏။
တစ်လကျော် အကြာတွင် တာယင် နိုင်ငံ စစ်ရှုံးသွားပြီး တာယင် မြို့တော် ကျဆုံးသွား၏။ တာ့ယန် အင်ပါယာ စစ်တပ်များ တာယင် မြို့တော် အတွင်းသို့ ဝင်ရောက် တပ်စွဲလိုက်ကြသည်။
ယွင်ကျုံးဟဲ့ တာယင် နန်းတော် အတွင်းသို့ ဝင်ရောက်သွား၏။
ဤစစ်ပွဲတွင် တာ့ယန် အင်ပါယာသည် လူသုံးသိန်းနီးပါး အသေအပျောက် ရှိခဲ့ပြီး တာရှန်းမိစ္ဆာနိုင်ငံသည် လူခြောက်သိန်းကျော် အသေအပျောက် ရှိခဲ့သည်။
ထို့နောက် တာ့ယန် အင်ပါယာ၏ စစ်တပ်များ ဆက်လက် စစ်ချီကြ၏။
တာယင် နိုင်ငံ၏ ပြည်နယ်နှင့် ခရိုင် အသီးသီးကို အဆက်မပြတ် တိုက်ခိုက် သိမ်းပိုက်ကြပြီး ဤတိုက်ပွဲများ သည် အလွန် လွယ်ကူသွားခဲ့ပြီဖြစ်ကာ အခြေခံအားဖြင့် မည်သည့် ပြန်လည် ခုခံမှုကိုမျှ မကြုံတွေ့ရတော့ပေ။
ယွင်ကျုံးဟဲ့ နံရံပေါ်ရှိ မြေပုံကြီးကို ကြည့်နေသည်။ တာယင် နိုင်ငံကို ဖျက်ဆီးပြီးနောက်၊ နောက်ဆက်တွဲ အနေဖြင့် တာ့ရှ နိုင်ငံကို ဖျက်ဆီးရမည်ဖြစ်ပြီး ထို့နောက် တာ့ရှီ နိုင်ငံ ဖြစ်၏။
ဤတစ်ကြိမ် မြောက်ဘက်သို့ စစ်ချီရာတွင် ယွင်ကျုံးဟဲ့သည် အနက်ရောင်ဘုရင်ကျိုးနှင့် ပိုင်ယင်မြို့၏ စစ်သည်များကို အများအပြား အသုံးပြုခဲ့ပြီး ယွင်ပြည်နယ်မှလာသော ပင်မ စစ်သည် အများစုကိုမူ အနောက်ဘက် ကာကွယ်ရေးလိုင်း၊ တစ်နည်းအားဖြင့် တာ့ကျိုး နိုင်ငံနှင့် တာ့ရှီ အင်ပါယာတို့၏ နယ်စပ်မျဉ်းတွင် တပ်စွဲထားခဲ့သည်။
ယခုအခါ မိုင်ထောင်ချီ ရှည်လျားသော နယ်စပ်မျဉ်းပေါ်တွင် စစ်သည် လေးသိန်းကျော် တပ်စွဲထားသည်။
တာ့ရှ နိုင်ငံကို ဖျက်ဆီးပြီးသည်နှင့် တပြိုင်နက် တာ့ရှီ နိုင်ငံအပေါ် စစ်ပွဲ ချက်ချင်း ပေါက်ကွဲထွက်လာမှာ ဖြစ်၏။
ယခုအခါ ယွင်ကျုံးဟဲ့ လက်အောက်ရှိ စစ်သည်များသည် အဘက်ဘက်မှ ပေါင်းလိုက်လျှင် နှစ်သန်းကျော် ရှိနေပြီ ဖြစ်သည်။ သို့ပေမည့် ဤသည်မှာ တာ့ယန် အင်ပါယာ၏ နိုင်ငံ အင်အား အကန့်အသတ်သို့ လုံးဝ မရောက်ရှိသေးပေ။
ပြည်တွင်းမှ စစ်သည်များသည် အဆက်မပြတ် ရောက်ရှိလာနေဆဲ ဖြစ်သည်။ ထို့အပြင် အနက်ရောင် ဘုရင်ကျိုး၊ ပိုင်ယင် ဘုရင်နိုင်ငံ၊ ထျန်ထိုင်ကျင့် တို့၏ လက်အောက်ရှိ စစ်သည်များမှာလည်း တစ်သန်းနီးပါး ရှိနေသေးရာ ဖြည်းဖြည်းချင်း ယူသုံး၍ ရနိုင်သည်။
ရှားပါးသော အားလပ်ချိန်လေးတွင် ယွင်ကျုံးဟဲ့သည် ထျန်းကျို့ မြို့စားနှင့် စစ်တုရင် ကစားနေ၏။
“အရှင်မင်းကြီး... ကျိုးလီက အခုထိ ပြန်မလာချင်သေးဘူးလား။” ထျန်းကျို့ မြို့စားက ရုတ်တရက် မေးလိုက်သည်။
“အင်း...”
ယွင်ကျုံးဟဲ့က ဖြေ၏။ “သူက အခု ယွင်ပြည်နယ်မှာ အလုပ် အရမ်း များနေတယ်။ ဧရာမ စက်ရုံ ရာပေါင်းများစွာနဲ့ အလုပ်သမား တစ်သန်းကျော်ကို စီမံခန့်ခွဲနေရတယ်။ ခင်ဗျားအကြောင်း ကျုပ် လူလွှတ်ပြီး စာပို့ပေးလိုက်တော့ သူက အလုပ် အရမ်း များနေလို့ အချိန်မရဘူးလို့ စာပြန်လာတယ်။”
ထျန်းကျို့ မြို့စား ခဏမျှ တိတ်ဆိတ်သွားသည်။
ယခုအခါ လင်ကုန်း၊ အောက်မင် တို့သည် ဒုတိယမြောက် ဘဝတစ်ခုကို ပြန်လည် ရရှိသွားပြီဟု ဆိုနိုင်သည်။ တာ့ယန် အင်ပါယာသည် တာရှန်းမိစ္ဆာနိုင်ငံနှင့် မတူဘဲ ပုံမှန် နိုင်ငံရေး စနစ် ရှိပြီး ပြည်သူများကို အုပ်ချုပ်မည့် အရာရှိ အများအပြား လိုအပ်၏။
ထို့ကြောင့် ယခင် တာ့ကျိုး အင်ပါယာမှ အရာရှိ အများအပြားနှင့် အင်ပါယာ ပြည်တွင်းမှ အရာရှိ အချို့သည် အသစ် သိမ်းပိုက်လိုက်သော မြို့များ အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာကြသည်။
လင်ကုန်းနှင့် အောက်မင် တို့သည် အရာရှိ ထောင်ချီနှင့်အတူ အလုပ်များလွန်း၍ ခြေထောက်နှင့် ခေါင်းပင် မကပ်နိုင်အောင် ဖြစ်နေကြ၏။
အဘယ်ကြောင့်ဆိုသော် စစ်တပ်ကြီး၏ စစ်ချီ အမြန်နှုန်းက အရမ်း မြန်ဆန်လွန်းသောကြောင့် နေ့စဉ်နှင့်အမျှ မြို့ မည်မျှ သိမ်းပိုက်မိသည်ကိုပင် မသိနိုင်သောကြောင့်ပင်။
သိမ်းပိုက်ပြီးသည်နှင့် တပြိုင်နက် မြို့ကို လွှဲပြောင်းရယူရန်အတွက် အတိုတောင်းဆုံး အချိန်အတွင်း နယ်ဘက် အရာရှိ အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပေးရသည်။ အရာရှိ ထောင်ချီ ရှိသော်လည်း ရေတစ်ပေါက်ဖြင့် မီးငြှိမ်းသတ်ရသကဲ့သို့ မလောက်မငှ ဖြစ်နေ၏။
လင်ကုန်း နှင့် အောက်မင် တို့သည် အာဏာ၏ အရသာကို ထပ်မံ မြည်းစမ်းခွင့် ရလာကြပြန်၏။ နေ့စဉ် အိပ်ချိန် သုံးနာရီပင် မပြည့်သော်လည်း တစ်ကိုယ်လုံး အလွန် တက်ကြွနေသည်။
နောက်ဆုံး၌ အသုံးဝင်သည့် လူများ ဖြစ်လာကြပြီ ဖြစ်သည်။ သူတို့၏ အရည်အချင်းများက နောက်ဆုံး၌ အသုံးဝင်လာ၏။ အကြောင်းမှာ သိုင်းပညာကို အဓိကထားပြီး အင်အားကို အဓိကထားတဲ့ ခေတ်ကြီး မဟုတ်တော့သောကြောင့်ပင်။
ဆယ်လပိုင်း ကိုးရက်နေ့...
အနောက်ဘက်မှ စစ်ရေး အစီရင်ခံစာ တစ်စောင် ရောက်ရှိလာသည်။
“အရှင်မင်းကြီး... အင်ပါယာ စစ်တပ်က အန်းရှီးပြည်နယ်ကို တိုက်ခိုက် သိမ်းပိုက်လိုက်ပါပြီ။ အရင် တာယင် အင်ပါယာ တစ်ခုလုံးဟာ အားလုံး သိမ်းပိုက်ခံလိုက်ရပြီ ဖြစ်ပြီး အရှင်မင်းကြီးရဲ့ နယ်မြေ ဖြစ်လာပါပြီ။”
ယွင်ကျုံးဟဲ့ ကြားပြီးနောက် ပြုံးကာ ပြောလိုက်၏။ “စစ်ဗိုလ်ချုပ်တွေ ပင်ပန်းသွားကြပြီ။”
ထိုအချိန်မှစ၍ တာယင်နိုင်ငံ လုံးဝ ပျက်စီးသွားပြီး တာ့ယန် အင်ပါယာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အရှေ့တိုင်း အင်ပါယာကြီး လေးခုတွင် နှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ တာ့ရှ နိုင်ငံနှင့် တာ့ရှီ နိုင်ငံ သာ ကျန်ရှိတော့၏။
တာ့ရှ နိုင်ငံသည် ယွင်ကျုံးဟဲ့၏ တကယ့် ဇာတိမြေဟု ဆိုနိုင်၏။ သူ၏ အဘိုးမှာ တာ့ရှ အင်ပါယာ၏ ဧကရာဇ် ဖြစ်ပြီး သူ၏ ဖခင်မှာ တာ့ရှ အင်ပါယာ၏ အိမ်ရှေ့မင်းသား ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က သူသည် တာ့ရှ အင်ပါယာမှ ထွက်ပြေးပြီး တာ့ယန် အင်ပါယာသစ်သို့ သွားရောက်ခဲ့ရခြင်း ဖြစ်၏။
ယခု လက်ရှိ တာ့ရှ ဘုရင်၊ တစ်နည်းအားဖြင့် သူ၏ ဦးလေး အရင်းသည် ယွင်ကျုံးဟဲ့နှင့် ရန်ငြိုးရန်စ ကြီးမားသူ ဖြစ်သည်ဟု ဆိုနိုင်သည်။
တစ်နေ့တာ အလုပ်များ ပြီးစီးသွားပြီးနောက် ယွင်ကျုံးဟဲ့သည် ထျန်းကျို့ မြို့စား နှင့် ဆက်လက်၍ စစ်တုရင် ကစားနေ၏။
သူ့ကို အထူးတလည် မျက်နှာသာ ပေးနေခြင်း မဟုတ်ဘဲ ယခုအခါ ထျန်းကျို့ မြို့စားသည် မျက်လုံး တစ်စုံ ဖြစ်နေပြီ ဖြစ်၏။ သမိုင်းကို သက်သေပြမည့် မျက်လုံး တစ်စုံ ဖြစ်သည်။
ထို့အပြင် ယွင်ကျုံးဟဲ့သည် သူ့ထံမှ တစ်ခုခုကို ရယူလိုသေး၏။
“အရှင်မင်းကြီး... တာ့ရှ နိုင်ငံနဲ့ တာ့ရှီ နိုင်ငံတို့ မကြာခင် ပျက်စီးတော့မှာပါ။ မိစ္ဆာမြို့တော်ကို တိုက်ခိုက်မယ့် မဟာဗျူဟာတွေ စတင်တော့မှာပါ။”
ထျန်းကျို့ မြို့စားက ပြောလိုက်သည်။ “အရှင်မင်းကြီးနဲ့ တာရှန်းမိစ္ဆာနိုင်ငံဧကရာဇ် တို့ရဲ့ ဧကရာဇ် အချင်းချင်း အဆုံးအဖြတ် တိုက်ပွဲကြီးလည်း မကြာခင် စတင်တော့မှာပါ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ခင်ဗျားလည်း ဒီသမိုင်းကြောင်းကို မျက်မြင်သက်သေအဖြစ် ကြည့်ရှုခွင့် ရပြီပေါ့။”
ထျန်းကျို့ မြို့စားက ပြောလိုက်သည်။ “ကျုပ် အရမ်းကို ဂုဏ်ယူမိပါတယ်။”
ထိုအချိန်မှာပဲ အပြင်ဘက်မှ ကျူ့ယွီယန်က သတင်းပို့လိုက်၏။ “အရှင်မင်းကြီး... အပြင်မှာ သူတောင်းစား တစ်ယောက် ရောက်နေပါတယ်။ အရှင်မင်းကြီးရဲ့ မိတ်ဟောင်းဆွေဟောင်းလို့ ပြောပြီး အရှင်မင်းကြီးကို လာတွေ့ချင်တယ်လို့ ပြောပါတယ်။”
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားပြီးနောက် ဝမ်းသာသွားသည်။
‘သူတောင်းစား ဟုတ်လား။ ဒါဆိုရင် ယန်ဖျန်ရှန် ပေါ့။ တကယ့်ကို မိတ်ဟောင်းဆွေဟောင်း ပါပဲ။’
ယွင်ကျုံးဟဲ့ ချက်ချင်း အမိန့်ပေးလိုက်၏။ “မြန်မြန်၊ သူ့ကို ဝင်လာခိုင်းလိုက်။”
“အရပ်သား ယန်ဖျန်ရှန်၊ အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။” ယောက်ျားကြီး တစ်ယောက် ယွင်ကျုံးဟဲ့၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဟား… ဟား...ဟား...” ယွင်ကျုံးဟဲ့ ရှေ့တိုးသွားကာ သူ့ကို ထူမလိုက်ပြီး သေချာ အကဲခတ် ကြည့်ရှုနေ၏။
ယန်ဖျန်ရှန် သည် ထင်ထားသလောက် မညစ်ပတ်ပေ။ ရေချိုးထားပြီး ဆံပင်များ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း လျှော်ထားသည်။ အဝတ်အစားများက စုတ်ပြဲနေသော်လည်း အနည်းဆုံးတော့ သိပ်မညစ်ပတ်ပေ။ ထို့အပြင် သူက သိပ်မအိုမင်းသေးဘဲ လွန်ခဲ့သော ဆယ်နှစ်ခန့်ကနှင့် ဆင်တူသည်။
“အစ်ကိုယန်… ခင်ဗျား သိပ်မပြောင်းလဲသွားပါလား။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ယန်ဖျန်ရှန်က ပြောသည်။ “ဒါပေမဲ့ အရှင်မင်းကြီးကတော့ ကျုပ် မျက်လုံးတွေကိုတောင် ကန်းသွားစေတော့ မလို့ပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက အရှင်မင်းကြီးဟာ လောကမှာ အချောဆုံး ယောက်ျားလို့ ပြောရင် ငြင်းစရာလေးတွေ ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ အခုတော့ ရုပ်ရည်သွင်ပြင်မှာ အရှင်မင်းကြီးကို ဘယ်သူမှ မယှဉ်နိုင်တော့ပါဘူး။”
ယန်ဖျန်ရှန် အများကြီး ပိုမို ပွင့်လင်းလာကြောင်း ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်သည်။ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ မည်မျှပင် ရာထူးကြီးမားပါစေ၊ တာဝန် အများအပြားကို ထမ်းပိုးထားရသကဲ့သို့ ဖြစ်နေပြီး လူတစ်ကိုယ်လုံး လေးလံ ဖိနှိပ်နေခြင်း မရှိတော့ပေ။
ယခုအခါ တာရှန်းမိစ္ဆာနိုင်ငံတစ်ခုလုံး မှောင်မိုက်နေသော်လည်း သူက ပြောင်းပြန် အနေဖြင့် စိတ်အေးလက်အေး ဖြစ်နေသည်။
“အမတ်ကြီးယန်... မတွေ့ရတာ ကြာပြီနော်။” ထိုအချိန်မှာပဲ ဘေးရှိ ထျန်းကျို့ မြို့စားက နှုတ်ဆက်လိုက်၏။
ယန်ဖျန်ရှန် လှမ်းကြည့်လိုက်ရာ အနည်းငယ် လန့်သွားပြီး မေးလိုက်သည်။ “ခင်ဗျား မသေသေးဘူးလား။”
ထိုအချိန်က ဧကရာဇ် ထျန်းယန် သေဆုံးသွားကြောင်း အတည်ပြုခဲ့သူမှာ ယွင်ကျုံးဟဲ့ အပြင် ယန်ဖျန်ရှန် လည်း ပါဝင်သည်။ ယခု သူ အသက်ရှင်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရချိန်မှာတော့ အနည်းငယ် လန့်သွား၏။
ထျန်းကျို့ မြို့စားက ပြောသည်။ “ကြည့်ရတာ အမတ်ကြီးယန်က ကျုပ် သေတာကို မြင်ချင်နေသေးတာပဲ။”
ယန်ဖျန်ရှန် ပခုံးတွန့်လိုက်ပြီး ထပ်မံ စကားမပြောတော့ပေ။
ထျန်းကျို့ မြို့စားက နှုတ်ဆက်လိုက်သည်။ “အရှင်မင်းကြီး... ဒါဆို ကျုပ် အရှင်မင်းကြီးနဲ့ အမတ်ကြီးယန်တို့ စကားပြောတာကို မနှောင့်ယှက်တော့ပါဘူး။ သွားခွင့်ပြုပါ။”
ထို့နောက် သူ ထွက်သွားသည်။ သို့ပေမည့် သူ ဘယ်နေရာကိုပဲ သွားသွား စောင့်ကြည့်ခံနေရပြီး လွတ်လပ်ခွင့် မရှိပေ။
ယွင်ကျုံးဟဲ့နှင့် ယန်ဖျန်ရှန်တို့ အတူတကွ ထမင်းစားကြသည်။
“အစ်ကိုယန် ရဲ့ မျက်နှာက အရင်ကထက် အများကြီး ပိုလန်းဆန်းလာတယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ယန်ဖျန်ရှန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ သူတောင်းစားဂူက လူကို ကျန်းမာစေတာကိုး။”
‘ချီးတဲ့မှ... ခင်ဗျား ဘာစကားတွေ ပြောနေတာလဲ။’
ယန်ဖျန်ရှန်က ပြောလိုက်၏။ “ကျုပ်က အောက်တန်းစား ဘဝနဲ့ပဲ သင့်တော်တာ။ ရာထူးကြီးကြီး၊ လစာများများတွေနဲ့ မသင့်တော်ဘူး။ သူတောင်းစားဂူ ထဲမှာ နေရတာကမှ စိုပြည်နေတာ။”
အပိုင်း (၈၈၂)
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားညီမ ကျင်းကျုံးယွဲ့ စစ်တိုက်ထွက်သွားတယ်။ နောက်ရက် အနည်းငယ်နေမှ ပြန်ရောက်မယ်။”
ယန်ဖျန်ရှန်က ပြောလိုက်၏။ “မလုပ်ပါနဲ့။ သူ ပြန်ရောက်လာရင် ကျုပ် ထွက်သွားမှာ။ ကျုပ်တို့ မတွေ့ကြတာပဲ ကောင်းပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာလို့လဲ။”
ယန်ဖျန်ရှန်က ပြန်မေး၏။ “ညီလေးယွင်... အရင်က ကျုပ် ဘာလို့ အဲဒီလောက် အနေရခက်ခဲ့လဲ ဆိုတာ ခင်ဗျား သိလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပြောပါအုံး။”
ယန်ဖျန်ရှန်က ရှင်းပြလိုက်၏။ “ကျုပ်က သူ့ကို အိပ်မက်ထဲက ချစ်သူလို့ သဘောထားပြီး သူက ကျုပ်ကို အစ်ကိုလို့ သဘောထားနေတာလေ။ ပြီးတော့ ကျုပ် ကိုယ်တိုင်ကတောင် ဝန်မခံရဲဘူး။ နေ့တိုင်း ကိုယ့်ဘာသာကိုယ် သနားပြီး ဝမ်းနည်းနေခဲ့တာ။ အချစ်ကြီးလွန်းလို့ ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်စေနိုင်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ နေနေတော့ အနေရ မခက်ဘဲ နေမလား။”
နောက်ဆုံးတော့ ယန်ဖျန်ရှန် သည် ပွင့်လင်းစွာ ပြောဆိုနိုင်ခဲ့ပြီ ဖြစ်သည်။ ယခင်က ဤအကြောင်းအရာကို သူ လုံးဝ ဟရဲခဲ့ခြင်း မရှိပေ။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကိုယန်... ခင်ဗျားမှာ မိန်းမ ရှိနေပြီ မဟုတ်လား။”
ယန်ဖျန်ရှန် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီးလောက် အသိဉာဏ် ကြီးမားတဲ့သူ မရှိပါဘူး။”
ဤစကားကို ပြောပြီးနောက် သူ အနည်းငယ် အံ့ဩသွားသည်။ ဤစကားမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်က သူ အမြဲတမ်း ပြောခဲ့သော စကားဖြစ်ပြီး အခု အလိုအလျောက် ပြောထွက်သွားခြင်း ဖြစ်သည်။
ထို့နောက် ယန်ဖျန်ရှန်က ဆက်ပြော၏။ “ဒီလောကကြီးက အရမ်း ရှုပ်ထွေးလွန်းတယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ကျုပ် နောက်ထပ် မိန်းမ တစ်ယောက်ကို ကောက်ရခဲ့ပြီး သူ့ အသက်ကို ကယ်ခဲ့တယ်။ ကယ်ပြီးတော့ ပိုက်ဆံ နည်းနည်းပေးပြီး မောင်းထုတ်လိုက်တယ်။
ဒါပေမဲ့ ဘယ်နှခါ မောင်းထုတ်၊ မောင်းထုတ် ပြန်ရောက်လာတာပဲ။ နောက်တစ်ခါကျတော့ ကျုပ်ကို အရက်မူးအောင် တိုက်ပြီး အိပ်ပစ်လိုက်တယ်။ အဲဒီနောက်မှာ အကြောင်းပြချက် မရှိဘဲ အတူတူ နေဖြစ်သွားပြီး၊ အကြောင်းပြချက် မရှိဘဲ ကလေးတွေ ရလာတာပဲ။”
“ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကလေးတွေက ဘယ်နှနှစ် ရှိပြီလဲ။”
“အကြီးဆုံးက ရှစ်နှစ်၊ အလတ်က ခြောက်နှစ်၊ အငယ်ဆုံးက လေးနှစ်ပါ။” ယန်ဖျန်ရှန်က ဖြေ၏။
‘ကောင်းကင်ဘုံ... သုံးယောက်တောင် မွေးထားတယ်လား။’
ယွင်ကျုံးဟဲ့က ပြောသည်။ “အစ်ကိုယန်... လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိကြပါတယ်။ ခင်ဗျား သူတောင်းစား လုပ်ချင်တာကို ကျုပ် ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ သားသမီးတွေကိုတော့ သူတောင်းစား အဖြစ်နဲ့ ထားလို့ မဖြစ်ဘူးလေ။”
ယန်ဖျန်ရှန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ ကျုပ်မိန်းမ ကလည်း အဲဒီတုန်းက ပါးစပ်ကနေတော့ ပြောခဲ့ပါတယ်။ ကျုပ်နဲ့ အတူတူ နေရရင် သူတောင်းစားမ လုပ်ရရင်တောင် ပျော်ပါတယ်တဲ့။ ဒါပေမဲ့ မိန်းမတွေရဲ့ ပါးစပ်က ယုံလို့ မရပါဘူး။ ကိုယ်ဝန် ရလာတော့ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေ မဝတ်ချင်တော့ဘူး၊ လှပတဲ့ အဝတ်အစားတွေ တောင်းလာတယ်၊ အိမ်ကောင်းကောင်းတွေ တောင်းလာတယ်၊ ပြီးတော့ ချမ်းသာတဲ့ ဘဝကို နေချင်လာတယ်။”
‘အင်း... တကယ်တော့ အရမ်း လက်တွေ့ကျပါတယ်။’
ယန်ဖျန်ရှန်က ပြောသည်။ “သေချာပေါက်... ကျုပ်က သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ဆိုတော့ မိန်းမ တစ်ယောက်ကို ချမ်းသာအောင် ထားဖို့က ပြဿနာ မရှိပါဘူး။ အဲဒါကြောင့် ကျုပ်က သူတောင်းစား ဆက်လုပ်ပြီး သူကတော့ သခင်မလေး ဖြစ်နေတာပေါ့။ အိမ်မှာ အစေခံတွေ၊ အလုပ်သမားတွေတောင် ရှိသေးတယ်။ ဟူး... ကျုပ်ရဲ့ ဒီသူတောင်းစား ဘဝက မဖြူစင်တော့ဘူး။ မူလ ရည်မှန်းချက်တွေကနေ သွေဖည်သွားပြီ။”
ယွင်ကျုံးဟဲ့ စကားမပြောနိုင်တော့ပေ။ ‘ခင်ဗျား ထပ်မပြောပါနဲ့တော့။ ခင်ဗျားရဲ့ သူတောင်းစား ရည်မှန်းချက် ကလည်း သိပ်ပြီး ကောင်းလှတာ မဟုတ်ပါဘူး။’
သို့သော်လည်း ယွင်ကျုံးဟဲ့အနေဖြင့် ယန်ဖျန်ရှန်၏ ဆိုလိုရင်းကို စိတ်ထဲမှ ကောင်းစွာ နားလည် သဘောပေါက်၏။
ထမ်းဆောင်ရသည့် တာဝန်ဝတ္တရားများမှာ အလွန် ပင်ပန်းကြီးစွာ ရှိသောကြောင့် ထိုတာဝန်များကို ဥပေက္ခာပြု လက်လွှတ်ကာ အလွတ်လပ်ဆုံးသော ဘဝဆီသို့သာ ပြန်လည်ဦးတည်ချင်နေခြင်း ဖြစ်သည်။
အမှန်စင်စစ် သူတောင်းစားဟူသည် လောက၌ အလွတ်လပ်ဆုံးသော သူပင် ဖြစ်သည်။ သွားလိုရာအရပ်သို့ အဆီးအတားမရှိ သွားလာနိုင်ကာ၊ မည်သည့်သံယောဇဉ် နှောင်ကြိုးမှလည်း မရှိဘဲ ပန်းကန်အစုတ်လေး တစ်လုံးသာလျှင် အဖော်ပြုထားရုံမျှသာ မဟုတ်ပါလား။
ထိုကဲ့သို့ လေလွင့်နေထိုင်ခြင်းကသာ လောကကြီးကို အနီးကပ်ဆုံး သိမြင်နိုင်ပြီး မြေပြင်ကို အနီးကပ်ဆုံး ထိတွေ့ခံစားနိုင်မှာ ဖြစ်သည်။
ထာဝရ လေလွင့်ခြင်းနှင့် ထာဝရ လွတ်လပ်ခြင်း... ဤအရာသည်သာလျှင် ယန်ဖျန်ရှန် အစဉ်တစိုက် ရှာဖွေနေသည့် စိတ်၏ အထွတ်အထိပ် အဆင့်အတန်း ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း အဆုံးသတ်တွင်မူ သူသည် တာဝန်ဝတ္တရားများ၏ တုပ်နှောင်ခြင်းကိုသာ ခါးစည်းခံလိုက်ရတော့၏။
ယန်ဖျန်ရှန်က ပြောလိုက်သည်။ “ဒီလို ဘဝမျိုးကလည်း မဆိုးပါဘူး။ ဒါပေမဲ့ မကြာခင်မှာ ဒီလို ဘဝမျိုး ဆက်နေလို့ မရတော့ဘူး။ တာရှန်းမိစ္ဆာနိုင်ငံရဲ့ အပြောင်းအလဲတွေက ပိုပို ကြီးမားလာတယ်၊ ပိုပို တင်းကျပ်လာတယ်၊ ပြီးတော့ အထက်ကနေ အောက်ကို ဆင်းလာတာ။
မကြာခင် သူတောင်းစား ဂိုဏ်းလည်း ရှိတော့မှာ မဟုတ်ဘူး။ ကျုပ်မိန်းမနဲ့ ကလေးတွေလည်း အကြောင်းပြချက် မရှိဘဲ သူများရဲ့ ကျွန်တွေ ဖြစ်သွားတော့မယ်။ သေချာပေါက် ကျွန်ဆိုတဲ့ နာမည်တော့ မရှိပါဘူး။
ဒါပေမဲ့ ဒီနယ်မြေပေါ်က လူတိုင်း၊ အရာအားလုံးက လူတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ။ ခရိုင်ဝန် မရှိတော့ဘူး၊ မြို့ဝန် မရှိတော့ဘူး၊ ဘုရင်ခံ မရှိတော့ဘူး။ အားလုံးက ခွဲဝေ အုပ်ချုပ်တဲ့ စနစ် ဖြစ်သွားပြီ။”
တာရှန်းမိစ္ဆာနိုင်ငံ၏ ခွဲဝေ အုပ်ချုပ်ရေး စနစ်နှင့် ပတ်သက်သော အချက်အလက်များကို ယွင်ကျုံးဟဲ့ အများအပြား ဖတ်ဖူးပြီးဖြစ်ကာ စာလုံးရေ တစ်သန်းခန့် ရှိလောက်၏။
ယန်ဖျန်ရှန်က ဆက်ပြောသည်။ “သေချာပေါက် တာရှန်းမိစ္ဆာနိုင်ငံဟာ အစတည်းက ခွဲဝေ အုပ်ချုပ်တဲ့ စနစ်ပါ။ ဒါပေမဲ့ အစပိုင်းမှာ နာမည်ခံ သက်သက်ပဲ ရှိခဲ့တာ။ ဘာလို့လဲဆိုတော့ အရှင်သခင်တွေ အရမ်း မများသေးလို့ လူတိုင်းရဲ့ ဘဝက အဆင်ပြေခဲ့သေးတယ်။
ဒါပေမဲ့ တာရှန်းမိစ္ဆာနိုင်ငံရဲ့ သိုင်းသမားတွေနဲ့ ယဇ်ပုရောဟိတ်တွေ ပိုပို များလာတော့ အရှင်သခင် တွေကလည်း ပိုပို များလာတယ်။ လုံးဝ သိုင်းပညာကို အဓိကထားပြီး အင်အားကို အဓိကထားတဲ့ စနစ် ဖြစ်သွားပြီ။
အစပိုင်းမှာ ခရိုင် တစ်ခုမှာမှ အသွင်ပြောင်းထားတဲ့ တာရှန်းမိစ္ဆာနိုင်ငံသိုင်းသမား တစ်ယောက်ပဲ ရှိခဲ့တာ။ နောက်ပိုင်းကျတော့ အသွင်ပြောင်းတဲ့ သူတွေက ပိုပို များလာတယ်။ အဲဒါကြောင့် ဘုရင်က ချင်ဝမ်တွေကို ခန့်အပ်တယ်၊ ချင်ဝမ်အောက်မှာ မြို့စား ရှိတယ်၊ မြို့စားအောက်မှာ နယ်စား ရှိတယ် စသည်ဖြင့်ပေါ့။ အခုဆိုရင် ရွာတစ်ရွာတိုင်းမှာတောင် အသွင်ပြောင်း သိုင်းသမား တစ်ယောက်စီ ရှိနေပြီ။
တာရှန်းမိစ္ဆာနိုင်ငံရဲ့ စနစ်ဟာ အမှောင် အမြစ်တွေလိုပဲ နေရာတိုင်းကို ထိုးဖောက် ဝင်ရောက်နေပြီ။ တကယ်တော့ ဒီနှစ်တွေ အတွင်းမှာ ပြည်သူတွေရဲ့ ဘဝက အတော်လေး အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကထက် ပစ္စည်းဥစ္စာတွေ ပိုကြွယ်ဝလာလို့ပါ။
ဒါပေမဲ့ မကြာခင်မှာ ပြည်သူတွေ ဒုက္ခရောက်မယ့် နေ့ရက်တွေ ရောက်လာတော့မယ်။ ဘာလို့လဲဆိုတော့ မိစ္ဆာနိုင်ငံ သိုင်းသမားတွေနဲ့ ယဇ်ပုရောဟိတ်တွေက ပိုပို များလာမှာမို့လို့ပဲ။ တကယ့်ကို မှောင်မိုက်တဲ့ ကျွန်စနစ်က သေချာပေါက် ရောက်လာလိမ့်မယ်။
ကျွန်အယောက် တစ်ရာက သိုင်းသမား အရှင်သခင် တစ်ယောက်ကို ကျွေးမွေးရမယ့် နေ့ရက် ရောက်လာတဲ့ အခါကျရင် အောက်ခြေ ပြည်သူတွေဟာ တိရစ္ဆာန်တွေလို ဖြစ်သွားမှာပဲ။ အဲဒီအချိန်ကျရင် လောကကြီး တစ်ခုလုံးက လုံးဝ အမှောင်အတိ ကျသွားလိမ့်မယ်။”
ယန်ဖျန်ရှန်က ပြောလိုက်၏။ “ကျုပ်ကလေးတွေ ကျွန်တွေ၊ တိရစ္ဆာန်တွေ ဖြစ်သွားမှာကို ကျုပ် မလိုလားဘူး။ သူတို့ အသွင်ပြောင်းပြီး သတ်ဖြတ်ရေး စက်ရုပ်တွေ ဖြစ်သွားမှာကိုလည်း ကျုပ် မလိုလားဘူး။ ကံကောင်းလို့ အရှင်မင်းကြီးက တာ့ယန် အင်ပါယာကို ခေါ်ပြီး ပြန်လာခဲ့လို့ပါ။ အရှေ့တိုင်းလောက လုံးဝ အမှောင်အတိ မကျသွားခင်မှာ အလင်းရောင်ကို ပြန်လည် ယူဆောင်လာပေးခဲ့လို့ပါ။”
ထို့နောက် ယန်ဖျန်ရှန်က ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။
ယွင်ကျုံးဟဲ့ သူ့ကို ထူမလိုက်ပြီး ပြောလိုက်၏။ “အစ်ကိုယန်... နောက်ပိုင်း ခင်ဗျား ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။ ကျုပ်ဆီမှာက အရည်အချင်း ရှိတဲ့သူတွေကို အရမ်း လိုအပ်နေတာ။”
ယန်ဖျန်ရှန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ် သဘောပေါက်သွားပါပြီ။ ကျုပ်က အရာရှိ လုပ်လို့ မရပါဘူး။ ကျုပ်က မွေးရာပါ သူတောင်းစား လုပ်ဖို့ပဲ သင့်တော်တာပါ။ လူအုပ်ထဲမှာ ပုန်းနေတဲ့ ကြွက် တစ်ကောင်ပါ။ ဒီတစ်ခါ အရှင်မင်းကြီးကို လာတွေ့တာက ကလေး သုံးယောက်နဲ့ မိန်းမကို အရှင်မင်းကြီးဆီ အပ်ချင်လို့ပါ။ အမ်... ဒီစကားက နည်းနည်း ထူးဆန်းနေသလိုပဲ။”
ယွင်ကျုံးဟဲ့ မတတ်သာပေ။ သူ့ကို အစိမ်းရောင် ဟာသလည်း မလုပ်ချင်တော့ပေ။
“ကောင်းပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကလေး သုံးယောက်က ငယ်သေးပေမယ့် ကောင်းမွန်တဲ့ ပညာရေးကို ချက်ချင်း သင်ယူဖို့ လိုအပ်နေပါပြီ။ သူတို့ကို ယွင်ပြည်နယ်ကို ပို့ပေးလို့ ရပါတယ်။ အဲဒီမှာ ကျောင်းကောင်းတွေ ရှိနေပါပြီ။ သေချာပေါက် အကောင်းဆုံး ကျောင်းတွေကတော့ မိုင်ပေါင်း သောင်းချီ ဝေးတဲ့ အင်ပါယာ ပြည်တွင်းမှာ ရှိပါတယ်။”
ယန်ဖျန်ရှန်က ခေါင်းညိတ်လိုက်သည်။ “ယွင်ပြည်နယ်ကို သွားတာပဲ ကောင်းပါတယ်။ အဲဒီနေရာက အရင်က အရှေ့တောင်ပိုင်း ဘုရင်နိုင်ငံတွေ ဆိုတော့ အရှေ့တိုင်းလောကလို့ သတ်မှတ်လို့ ရပါသေးတယ်။ အင်ပါယာ ပြည်တွင်းကတော့ အရမ်း ဝေးလွန်းပါတယ်။”
ထို့နောက် ယန်ဖျန်ရှန်က ပြောလိုက်၏။ “ကျုပ် ကိုယ်တိုင်ကတော့ အလုပ်ဟောင်းကိုပဲ ပြန်လုပ်ပါတော့မယ်။ အခု တာရှန်းမိစ္ဆာနိုင်ငံက လေလွင့်နေတဲ့သူတွေ၊ သူတောင်းစားတွေ၊ အိမ်မဲ့ရာမဲ့ ဖြစ်နေတဲ့သူတွေကို အကြီးအကျယ် ဖမ်းဆီးပြီး မိစ္ဆာမြို့တော်ကို ပို့နေပါတယ်။ အရှင်မင်းကြီး... မိစ္ဆာမြို့တော် အကြောင်း သိပါသလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “လုံးဝ မသိပါဘူး။ ဟာလာဟင်းလင်း လျှို့ဝှက်ချက် တစ်ခုလိုပါပဲ။”
ယန်ဖျန်ရှန်က ပြောလိုက်၏။ “ကျုပ် အရှင်မင်းကြီးအတွက် မိစ္ဆာမြို့တော်ထဲကို ခိုးဝင်ပြီး ကျုပ်ရဲ့ အလုပ်ဟောင်းကို လုပ်ပါ့မယ်။”
ယွင်ကျုံးဟဲ့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “အစ်ကိုယန်... ခင်ဗျားကို သိတဲ့သူတွေ အရမ်း များတယ်။ ပြီးတော့ ကျုပ်တို့က လျှို့ဝှက် သူလျှိုတွေ အများကြီး လွှတ်ထားပြီးသားပါ။”
ယန်ဖျန်ရှန်က ပြော၏။ “အရှင်မင်းကြီး... အရှင်မင်းကြီး လွှတ်ထားတဲ့ လျှို့ဝှက် သူလျှိုတွေက ကျုပ်လောက် မတော်လောက်ပါဘူး။ ပြီးတော့ ကျုပ်ကို သိတဲ့သူ များတယ် ဆိုတာက အရှင်မင်းကြီး တကယ်ကို ပူပန်လွန်းနေတာပါ။ ကျုပ်က ကြမ်းပိုး တစ်ကောင်၊ ကြွက် တစ်ကောင်ပါ။ ရေမြောင်းထဲ ပစ်ချလိုက်ရင် ဘယ်သူမှ မှတ်မိမှာ မဟုတ်ပါဘူး။ ရင်းနှီးတဲ့ လူတွေ တွေ့ရင်တောင် မှတ်မိမှာ မဟုတ်ပါဘူး။”
ဤစကားကို ပြောချိန်တွင် ယန်ဖျန်ရှန်က ယွင်ကျုံးဟဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
‘ခင်ဗျား ကျုပ်ကို ဘာလို့ ကြည့်နေတာလဲ။’
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အစ်ကိုယန်ရဲ့ ရုပ်ရည်က အရမ်း ခန့်ညားပြီး ထင်ရှားလွန်းပါတယ်။ ဘာလို့ မှတ်မိမှာ မဟုတ်ဘူးလဲ။ ခင်ဗျား ဘယ်လို ပုံစံပဲ ပြောင်းသွားပါစေ ကျုပ်က တစ်ချက်ကြည့်ရုံနဲ့ မှတ်မိမှာပဲ။”
ယန်ဖျန်ရှန် : ‘တွေ့တော့လည်း မမှတ်မိပါဘူး။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျား သေချာ စဉ်းစားပြီးပြီလား။”
ယန်ဖျန်ရှန်က ဖြေ၏။ “စောစောတည်းက စဉ်းစားပြီးပါပြီ။ ဒီလောက် ကြီးမားတဲ့ အပြောင်းအလဲကြီးကို ရင်ဆိုင်ရချိန်မှာ ကျုပ်လည်း အတိုင်းအတာ တစ်ခုအထိတော့ အကျိုးဆောင်သင့်တယ် မလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆို အစ်ကိုယန် ကိုပဲ ဒုက္ခပေးရတော့မယ်။”
ယန်ဖျန်ရှန်က လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ် အရှင်မင်းကြီးကို ရှင်းရှင်းလင်းလင်း ပြောပြပါရစေ။ ကျုပ်က တော်တဲ့ သူလျှို တစ်ယောက်လို့ ထင်ပေမယ့် အခု လောကကြီးက အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေတော့ ကျုပ်လည်း ခေတ်နောက်ကျ သွားလောက်ပါတယ်။ အဲဒါကြောင့် အရှင်မင်းကြီး ကျုပ်ကို အရမ်းကြီး မျှော်လင့်ချက် မထားပါနဲ့နော်။ ကျုပ်က အရှင်မင်းကြီး ကျုပ် မိန်းမနဲ့ ကလေးတွေကို အလကား ကာကွယ်ပေးနေရမှာ စိုးလို့ပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကိုယန်... ခင်ဗျားရဲ့ စွမ်းရည်တွေကို ကျုပ် အသိဆုံးပါ။ ဒါပေမဲ့ မိစ္ဆာမြို့တော်ထဲကို ခိုးမဝင်ခင်မှာ ခင်ဗျား လေ့လာစရာတွေ ရှိပါသေးတယ်။ မော့စ်ကုဒ် အသစ်တွေနဲ့ ကြိုးမဲ့ ဆက်သွယ်ရေး စက်တွေပါ။”
‘ဘာ... ဘာတွေလဲ။’
မကြာမီ လူနှစ်ယောက် ဝင်လာသည်။ တစ်ယောက်က လန်ပိ ဖြစ်ပြီး နောက်တစ်ယောက်က ချူကျောင်းရန် ဖြစ်၏။
ဤလူနှစ်ယောက်သည် ယခုအခါ အင်ပါယာ စစ်တပ် ဦးစီးဌာန၏ ထောက်လှမ်းရေး ဌာနတွင် ရှိနေပြီး တစ်ယောက်က ဒုတိယ ဗိုလ်မှူးကြီး ဖြစ်ကာ နောက်တစ်ယောက်က ဗိုလ်မှူး ဖြစ်သည်။
ချူကျောင်းရန်သည် ဒုတိယ ဗိုလ်မှူးကြီးဖြစ်ပြီး သူ၏ ခြေထောက် နှစ်ဖက်စလုံး သွက်ချာပါဒ လိုက်နေသောကြောင့် သတင်းအချက်အလက်များကို စုဆောင်းခြင်းနှင့် စီစဉ်ခြင်းတို့ကို သီးသန့် တာဝန်ယူရ၏။
“ဟွာမန်လောက် လား။” လန်ပိက ယန်ဖျန်ရှန်ကို မြင်ချိန်မှာတော့ အနည်းငယ် အံ့ဩသွားသည်။
ဤသုံးဦးသည်လည်း မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြပြီး အနှစ်နှစ်ဆယ်နီးပါး မတွေ့ခဲ့ရပေ။
ယန်ဖျန်ရှန် သည် အလိုအလျောက်ပင် လန်ပိ၏ ခန္ဓာကိုယ် အချိုးအစားကို အောက်မှနေ၍ အပေါ်သို့ ကြည့်ရှုလိုက်ပြီး နောက်ဆုံးမှ သူမ၏ မျက်နှာကို ကြည့်ကာ လူဆိုး တစ်ယောက်၏ အသွင်အပြင်ကို ပြသလိုက်သည်။
....................