← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အပိုင်း (၃၂)

​“ဘာလဲ...မမက မွေးတော့မလို့လား"

​ ကုတင်ပေါ်တွင် အိပ်မောကျနေသည့် စုယွီမော့သည် ခြံဝန်းထဲမှ ဆူညံသံများကြောင့် လန့်နိုးလာခဲ့သည်။ သူမသည် ဖိနပ်ပင်မစီးနိုင်တော့ဘဲ ခြေဗလာဖြင့် အစ်မဖြစ်သူ၏ အခန်းထဲသို့ ကမူးရှူးထိုး ပြေးဝင်လာခဲ့တော့သည်။

​ သို့သော် မျက်စိရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ တစ်ခဏမျှ ဆွံ့အသွားရသည်။

​ အစ်မဖြစ်သူ စုချင်းရွှယ်က ကုတင်ပေါ်တွင် ဒူးထောက်ထားပြီး သူမ၏အောက်က ကုတင်ခင်းကြီးတစ်ခုလုံး ရေမွှာရည်များဖြင့် ရွှဲရွှဲစိုနေခဲ့ချေပြီ။

​ ခဲအိုဖြစ်သူ လျူယွမ်ကတော့ သူမ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း စိုးရိမ်စိတ် ပြေပျောက်စေရန် စကားတွေဖြင့် အားပေးနေရှာသည်။

​ “မိန်းမ... မကြောက်နဲ့နော်။ အဘွားစွန်းနဲ့ မောင် ဒီမှာ ရှိတယ်"

​ သားဖွားပညာရပ်တွင် ထိပ်တန်းကျွမ်းကျင်သူဖြစ်သည့် အဘွားစွန်းကတော့ ဘေးမှနေ၍ တည်ငြိမ်စွာဖြင့် လမ်းညွှန်ပေးနေသည်။

​ "ချင်းရွှယ်... ဒူးထောက်ပြီး အသက်ရှူရတာက အားအင်အများကြီး ကုန်လိမ့်မယ်။ လှဲလိုက်ရင် ပိုသက်သာလိမ့်မယ် ထင်တယ်"

​ သို့သော် စုချင်းရွှယ်က ခေါင်းခါပြလိုက်ပြီး သူမ၏လေသံက ပုံမှန်ထက် ပို၍ ပြတ်သားနေခဲ့သည်။ "ရပါတယ် အဘွားစွန်း၊ ကျွန်မရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်။ ဒီပုံစံက ကလေးကို ပိုမြန်မြန် မွေးနိုင်လိမ့်မယ်"

​ သူမသည် အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုနတ်ဘုရားအိုကြီးနှင့် သွေးမိစ္ဆာဧကရာဇ်တို့သည် အချိန်မရွေး ရောက်ရှိလာနိုင်သောကြောင့်ပင် ဖြစ်သည်။

​ ငါ မြန်မြန်မွေးမှဖြစ်မယ်

​ အဘွားစွန်းလည်း ထပ်မတိုက်တွန်းတော့ချေ။ ကောင်းကင်ဘုံ နတ်ဘုရားတစ်ဦး၏ ခန္ဓာကိုယ်တည်ဆောက်ပုံက မည်မျှ ကြောက်စရာကောင်းကြောင်း သူမ ကောင်းကောင်းသိသည်။ ဒူးထောက်မွေးဖို့ နေနေသာသာ... ပြောင်းပြန်ရပ်ပြီး မွေးလျှင်တောင် သူတို့အတွက် ပြဿနာရှိမည်မဟုတ်ချေ။

​ သူမသည် ရင်ဘတ်ထဲမှ ရှေးဟောင်းကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ပြီး ကမ်းပေးလိုက်သည်။

​ "ချင်းရွှယ်... ဒါက သားဖွားမီးယပ်ဌာနမှာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ 'လျှို့ဝှက်နတ်သမီး အသက်ရှူစနစ်' ဆိုတဲ့ ကျင့်စဉ်တစ်ခုပဲ။ ဒါက ကလေးမွေးရာမှာ အများကြီး အထောက်အကူပြုလိမ့်မယ်။ စမ်းကြည့်မလား"

​ "ကြည့်ရအောင်" စုချင်းရွှယ်၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားပြီး ကျောက်စိမ်းပြားကို ချက်ချင်း လှမ်းယူလိုက်သည်။ ထို့နောက် ၎င်းကို စိတ်အာရုံဖြင့် တစ်ချက်မျှ ဖြတ်ကြည့်လိုက်ရုံဖြင့် ကျင့်စဉ်၏ သဘောတရားနှင့် ဂါထာမန္တန်များကို ချက်ချင်း သဘောပေါက်သွားတော့သည်။

​ ဘေးတွင် ရပ်နေသည့် စုယွီမော့ကလည်း ခေါင်းလေးပြူပြီး ခိုးကြည့်ကာ စိတ်ထဲကနေ လိုက်လံကြည့်မိလိုက်သည်။

​ 'ငါလည်း တစ်နေ့နေ့တော့ လိုရင်လိုမှာ' ဟု သူမ စိတ်ထဲက တွေးနေလိုက်သည်။

​ "အမ..." စုယွီမော့က အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။ "ကလေးမွေးရတာ တကယ် နာတယ်လို့ ကြားဖူးတယ်။ အခု ဘယ်လိုနေလဲ"

​ စုချင်းရွှယ်သည် ကျင့်စဉ်အတိုင်း အသက်ရှူလမ်းကြောင်းကို ထိန်းညှိနေပြီး သူမ၏ နဖူးပြင်တွင် ချွေးစေးလေးများ စို့နေသော်လည်း မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲပင်။ "အောက်ဘက်က နည်းနည်း လေးလံသလို ခံစားရတာကလွဲရင်... နာကျင်တာမျိုး လုံးဝမရှိဘူး"

​ အဘွားစွန်းက စိတ်ထဲကနေ ထပ်မံ၍ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။ 'တကယ့်ကို ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်ပဲ။ ဒီလို ကြံ့ခိုင်မှုမျိုးကတော့ အံ့မခန်းပါပဲလား'

​ လျူယွမ်က တယုတယဖြင့် တစ်ရှူးကိုထုတ်ကာ ဇနီးသည်၏ နဖူးမှ ချွေးများကို သုတ်ပေးရင်း ညင်သာစွာ အားပေးလိုက်သည်။ "အားတင်းထားနော် မိန်းမ... မင်းက အတော်ဆုံးပဲ"

​ တစ်နာရီခန့် ကြာပြီးနောက်...

​ "ဟူး..."

​ စုချင်းရွှယ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်သည်။

​ သူမသည် အသက်တစ်ချက်အောင့်ပြီး လျူယွမ်ကို ကြည့်ကာ ဝမ်းသာအားရသံလေးဖြင့် ပြောလိုက်သည်။ "မောင်... ကျွန်မ ခံစားရတယ်... ကျွန်မတို့သမီးလေးရဲ့ ခေါင်းလေး ထွက်တော့မယ့်ပုံပဲ"

​ "မိန်းမ... အားတင်းထားဦး" လျူယွမ်ကတော့ ဘေးကနေ အော်ဟစ်အားပေးရုံမှတစ်ပါး လက်တွေ့တွင် ဘာမှ မကူညီနိုင်ရှာပေ။

​ အဘွားစွန်းလည်း ထို့အတူပင်။ စုချင်းရွှယ်က သဘာဝအတိုင်း မွေးဖွားနေခြင်းဖြစ်ရာ သားဖွားဆရာမပင် အမှန်တကယ် မလိုအပ်ချေ။

​ ထိုကဲ့သို့ အရေးအကြီးဆုံး အခိုက်အတန့်တွင်ပင်...

​ စုချင်းရွှယ်၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားခဲ့သည်။

​ သူမ၏ လှပသော မျက်ဝန်းအစုံသည် ချက်ချင်းပင် ဓားသွားအလား ထက်မြက်သွားပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားတော့သည်။

​ မကောင်းတော့ဘူး... အန္တရာယ်။

​ အလွန်အမင်း အစွမ်းထက်ပြီး ကြောက်စရာကောင်းသည့် အရှိန်အဝါ နှစ်ခုသည် ဤခြံဝန်းဆီသို့ တဟုန်ထိုး ချဉ်းကပ်လာနေပြီ ဖြစ်သည်။

​ သူတို့ပဲ...

နတ်ဘုရားအိုကြီး ဖုန်းရွမ်နဲ့ သွေးမိစ္ဆာဧကရာဇ်…..

​ "ကလေး ခဏမမွေးသေးဘူး"

​ သူမသည် ရုတ်တရက် လှုပ်ရှားမှုအားလုံးကို ရပ်ပစ်လိုက်ပြီး လည်ပတ်နေသော ကျင့်စဉ်ကိုပါ အတင်းအဓမ္မ တားဆီးလိုက်လေသည်။

​ စုယွီမော့မှာ လုံးဝ ဆွံ့အသွားပြီး - “နေပါဦး... မမ၊ ကလေးမွေးတာကို... ခေတ္တရပ်နားလို့ ရလို့လား"

​ လျူယွမ်လည်း ပျာပျာသလဲ ဖြစ်သွားကာ - "ချင်းရွှယ်... ဘာဖြစ်လို့လဲ။ အခုမှ နာလာလို့လား"

​ အဘွားစွန်းက အမြန် ဝင်ပြောလိုက်သည် "နာရင်... အဘွားဆီမှာ အကိုက်အခဲပျောက်ဆေး ရှိတယ်"

​ "မနာပါဘူး" စုချင်းရွှယ်က ခေါင်းခါလိုက်ပြီး သူမ၏ မျက်ဝန်းများက အလွန်အမင်း တည်ကြည်လေးနက်နေပြီး- "အချိန်မရှိတော့လို့"

​ လျူယွမ်သည် ချက်ချင်းပင် သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။ "ကောင်းကင်ဘုံကလူတွေ ရောက်လာပြီပေါ့"

​ အဘွားစွန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ "ယွမ်လေး... မင်း ချင်းရွှယ်ကို သေသေချာချာ စောင့်ရှောက်ထား၊ အဘွား အပြင်ထွက်ကြည့်လိုက်ဦးမယ်"

​ စုယွီမော့တစ်ယောက်သာ ဘာမှနားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ သို့သော် အစ်မဖြစ်သူ၏ အေးစက်လှသော အကြည့်ကို မြင်လိုက်ရသည့်အခါတွင်တော့ သူမ၏ ရင်ထဲ၌ အမည်မသိ ကြောက်ရွံ့မှုတစ်ခုက အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။

​ "မိန်းမ... ကလေးကို ဆက်မွေးပါ။ အပြင်ကကိစ္စတွေကို အဘိုးချင်တို့အဖွဲ့ ကိုင်တွယ်ပေးလိမ့်မယ်" ဟု လျူယွမ်က ဖျောင်းဖျလိုက်သည်။

​ "မောင်..." စုချင်းရွှယ်၏ အကြည့်က လျူယွမ်၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။ "အဘိုးချင်တို့က အဆင့်ကိုး သိုင်းပညာရှင်တွေ ဖြစ်ပေမဲ့... နတ်ဘုရားတစ်ပါးကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး။ ကျွန်မလို တခြားကမ္ဘာက မိန်းမတစ်ယောက်အတွက် သူတို့ကို အသေမခံစေချင်ဘူး။ သူတို့က ဒီကမ္ဘာကြီးကို ကာကွယ်ရမယ့်လူတွေ... ကျွန်မကို မဟုတ်ဘူး"

​ "မင်းက ငါ့မိန်းမလေ။ သူတို့က မိန်းမကို မိသားစုဝင်တစ်ယောက်လို အမြဲသတ်မှတ်ထားတာ"

​ "မိသားစုဝင်တွေ ဖြစ်နေလို့ပဲ... ကျွန်မ သူတို့ကို အနစ်နာမခံနိုင်ဘူး။ အဲ့ဒီအစား... ကျွန်မကပဲ သူတို့ကို ကာကွယ်ရမယ်"

​ "ပြီးတော့... မောင့်အတွက်ကော၊ သမီးလေးအတွက်ကော... ကျွန်မ ကိုယ်တိုင် လှုပ်ရှားမှဖြစ်မယ်"

​ စကားဆုံးသည်နှင့် တစ်ပြိုင်နက်...

​ သူမသည် ကုတင်ပေါ်မှ ဗြုန်းခနဲ ခုန်ဆင်းလိုက်ပြီး ညာဘက်လက်ကို လေဟာနယ်ထဲသို့ လှမ်း၍ ဖမ်းဆွဲလိုက်သည်။

​ “ချွင်...!"

​ သူမသည် လေဟာနယ်ထဲမှ သွေးကဲ့သို့ နီရဲသော ဓားတစ်ချောင်းကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

​ ထို့နောက်... ထိုထက်မြက်လှသော ဓားသွားကို သူမ၏ စူထွက်နေသော ဗိုက်ဆီသို့ ချိန်ရွယ်လိုက်တော့သည်။

​ သူမ၏ လက်က ဝှေ့ယမ်းလိုက်ရာ ဓားသွားက ဆတ်ခနဲ ကျလာခဲ့သည်။

​ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်လှသည့် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး...

​သွေးများ ပန်းထွက်သွားတော့သည်။

​ စုချင်းရွှယ်သည် သူမ၏ ဖြူဖွေးသော ဝမ်းဗိုက်ကို မိမိလက်ဖြင့်ပင် အတင်းခွဲပစ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားဒဏ်ရာကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

​ သူမသည် နာကျင်လွန်းသဖြင့် တိုးတိုးလေး ညည်းတွားလိုက်ပြီး နဖူးတွင် ချွေးစေးများ ချက်ချင်း စို့လာသော်လည်း မျက်လုံးများကတော့ ပြတ်သားနေဆဲပင်။

​ စုယွီမော့မှာ လုံးဝကို ကြောင်အသွားတော့သည်။

​ လျူယွမ်လည်း ထိတ်လန့်သွားလေသည်။

​ ဟာ... မိန်းမ၊ မင်းက ဒီလောက်အထိ လုပ်ရော့သလား…

​ ကိုယ်တိုင်ကို ဗိုက်ခွဲမွေးလိုက်တာလား…

​ သူ့မျက်စိရှေ့တင်ပဲ... ရေမြွှာရည်များနှင့် သွေးစွန်းနေသော သမီးငယ်လေးသည် ဒဏ်ရာဝမှတစ်ဆင့် လေထဲသို့ ဖြည်းဖြည်းချင်း လွင့်မျောထွက်လာခဲ့သည်။

​ သူသည် အလိုအလျောက် ရှေ့သို့ တိုးသွားပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သမီးလေးကို အမိအရ ပွေ့ချီလိုက်သည်။

​ စုချင်းရွှယ်က ချက်ချင်းပင် ဓားကို နောက်တစ်ကြိမ် လွှဲလိုက်ပြီး သမီးလေးနှင့် ဆက်သွယ်ထားသည့် ချက်ကြိုးကို တိတိကျကျ ဖြတ်တောက်ပစ်လိုက်သည်။

​ နောက်တစ်စက္ကန့်တွင်တော့...

​ သူမ ဗိုက်ပေါ်က ဒဏ်ရာသည် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် အလျင်အမြန် ပြန်လည်စေ့သွားပြီး နောက်ဆုံးတွင်... အမာရွတ်တစ်စွန်းတစ်စပင် မကျန်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားတော့သည်။

​ သူမ၏ အသားအရေသည် နဂိုအတိုင်း ဖြူဖွေးချောမွေ့နေဆဲပဲ ဖြစ်သလို ခါးလေးကလည်း ယခင်ကဲ့သို့ ပြန်လည် သွယ်လျသွားခဲ့ချေပြီ။

​ “နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်က... တကယ်ကို ကြောက်စရာကောင်းတာပဲ" လျူယွမ်က အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။

​ စုချင်းရွှယ်က လှည့်ကြည့်လိုက်ပြီး လျူယွမ်၏ ရင်ခွင်ထဲက သမီးလေးကို ကြည့်လိုက်သည်။

​ သေးငယ်လှသော သမီးငယ်လေးသည် အဘွားအိုလေးအလား အသားအရေများ တွန့်ရှုံ့နေပြီး မျက်လုံးလေးကို တင်းတင်းပိတ်ကာ ခြေထောက်လေးကို ယမ်းခါနေရှာသည်။

​ ထိုအခိုက်အတန့်တွင်ပင်... စုချင်းရွှယ်၏ အေးစက်လှသော အကြည့်ထဲ၌ အတိုင်းအဆမဲ့သော မိခင်မေတ္တာနှင့် နူးညံ့မှုများ ယှက်သန်းလာခဲ့သည်။ သူမသည် လက်ကို ဆန့်ထုတ်ပြီး သမီးလေး၏ နူးညံ့လှသော ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

​ "အမေ့ရဲ့ သမီးလေး..." သူမက တိုးတိုးလေး ပြောလိုက်သည်။ "အမေ လူဆိုးအချို့ကို သွားသတ်လိုက်ဦးမယ်။ ခဏနေရင် ပြန်လာပြီး သမီးလေးကို ပွေ့ချီမယ်နော်"

​ ထိုသို့ ပြောပြီးနောက်... သူမသည် ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။

​ ထိုနူးညံ့လှသော မိခင်မေတ္တာတရားတို့သည် တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားပြီး... အနက်ရှိုင်းဆုံး ငရဲဘုံမှ ထွက်ပေါ်လာသည့်အလား အဆုံးမဲ့သော သတ်ဖြတ်ခြင်း အရှိန်အဟုန်ကြီးက လွှမ်းမိုးလာတော့သည်။

​ သူမ၏ လှပသော မျက်ဝန်းအစုံသည် တဖြည်းဖြည်းချင်း သွေးကဲ့သို့ နီရဲလာခဲ့သည်။

​ သူမထံမှ အေးစက်ပြီး အာဏာစက်ပြင်းပြလှသော အရှိန်အဝါများ ဖြာထွက်နေလေသည်။

​ သူမသည် ရှေးဟောင်းစစ်မြေပြင်ကြီးမှ ထွက်လာသည့် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားမတစ်ပါးနှင့်ပင် တူလှပေသည်။

​ လျူယွမ်က ဇနီးသည်ကို ငေးကြည့်ရင်း...

​ ဘုရားရေ...

​ဒါ ငါ့ရဲ့ နုနယ်ပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းမ ဟုတ်ပါရဲ့လား

​ ဒါက လုံးဝ သတ်ဖြတ်သူအသွင် ပြောင်ဖသွားတာပဲဟ….

​ “ခဲအို... ဒါက မမရဲ့ ရုပ်သွင်အမှန်ပဲ" စုယွီမော့သည် လျူယွမ်၏ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး တစ်ကိုယ်လုံး တုန်တုန်ရင်ရင်ဖြင့် တိုးတိုးလေး ရှင်းပြလိုက်သည်။ "သူမက အဆုံးမကောင်းကင်ဘုံရဲ့ 'သတ်ဖြတ်ခြင်း နတ်သမီး' ပဲ။ သူမလက်ချက်နဲ့ သေခဲ့ရတဲ့ ဝိညာဉ်ပေါင်းက... အနည်းဆုံး သန်းချီရှိတယ်"

​ "မင်းက အထင်သေးလွန်းနေတာပဲ" လျူယွမ်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

​ သူသည် ဇနီးသည်၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲတွင် အရိုးစုများ တောင်လိုပုံနေသည့် ‘သက်ရှိတားမြစ်နယ်မြေ' ကြီးကို တွေးမိသွားခြင်း ဖြစ်သည်။

​ သန်းချီတယ်ဟုတ်လား

​ မင်းရဲ့ အမြင်က သိပ်ကျဉ်းလွန်းနေသေးတာပဲ။

​ စုချင်းရွှယ်က နောက်လှည့်မကြည့်တော့ဘဲ တံခါးဝဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။

​ သူမ လျှောက်လိုက်သည့် ခြေလှမ်းတိုင်းတွင်... သူမထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါများသည် ပိုမိုပြင်းထန်လာခဲ့သည်။

​ တစ်ချိန်က ကျော့ရှင်းလှပခဲ့သော ပိုးထည်ဝတ်စုံသည်... ယခုအခါတွင်တော့ သွေးချင်းချင်းနီနေခဲ့ပြီး လေမတိုက်ဘဲ တဖျတ်ဖျတ် လွှင့်ပျံနေခဲ့သည်။

​ တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ပြီး...

​ မျက်လုံးများ သွေးကဲ့သို့ နီရဲနေသော စုချင်းရွှယ်သည် လေဟာနယ်ကို နင်းဖြတ်ကာ အပြင်သို့ ဝုန်းခနဲ ပြေးထွက်သွားတော့သည်။

All Chapters