အခန်း ၃၄
Vol. 4 Ch. 34
အပိုင်း (၃၄)
"‘မိဘ’ ဆိုတဲ့ ဒီသတ်မှတ်ချက် စကားလုံးနဲ့တင် ငါ ဒီအိမ်ခြံဝန်းကြီးထဲမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ မဟုတ်ဘူးလား"
လျူယွမ်သည် သူ၏ခန္ဓာကိုယ်အတွင်း ကမ္ဘာပျက်မတတ် ပြောင်းလဲမှုမျိုးကို မခံစားရသော်လည်း၊ ဒီအိမ်ခြံဝန်းကြီးအပြင် ခြံထဲရှိ သစ်ပင်ပန်းမန် တောတောင်တစ်ခုချင်းစီနှင့်ပါ ထူးဆန်းသော ဆက်နွှယ်မှုတစ်ခု ဖြစ်တည်သွားကြောင်း ဝေဝေဝါးဝါး ခံစားလိုက်ရသည်။
သူသည် အဘွားစွန်း၏ ရင်ခွင်ထဲမှ သမီးငယ်လေးကို ဂရုတစိုက် လွှဲပြောင်းပွေ့ချီလိုက်သည်။
ထိုသေးငယ်ပြီး နူးညံ့အိစက်လှသော ခန္ဓာကိုယ်လေးက သူ့ရင်ခွင်နှင့် ထိတွေ့မိသွားသည့် ခဏ၌ လျူယွမ်၏ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားတော့သည်။
ထိုအခိုက်အတန့်တွင်ပင်...
"ဝါး..."
ရင်ခွင်ထဲက သမီးငယ်လေးသည် ရုတ်တရက် နှုတ်ခမ်းလေးဆူကာ ကျယ်လောင်စွာ ငိုယိုလိုက်တော့သည်။
"ငိုပြီ... တူမလေး ငိုပြီ" စုယွီမော့က အံ့ဩတကြီး အော်ဟစ်လိုက်သည်။
အဘွားစွန်းမှာမူ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ တစ်ခုခုတော့ မှားနေပြီ ဖြစ်သည်။ ဒီကလေးက နတ်ဘုရားသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာပဲ၊ ဘာလို့ ငိုရတာလဲ။
"ကြည့်ရတာ ထိတ်လန့်ပြီး ငိုတာထင်တယ်" ဟု သူမက ဆိုလိုက်သည်။
"အပြင်က လူဆိုးတွေကြောင့် ဖြစ်ရမယ်" စုယွီမော့ကလည်း ထိုသို့ပင် တွေးလိုက်သည်။
“နျန်နျန်လေး မကြောက်နဲ့နော်... ဖေဖေက သမီးလေးကို ခေါ်ပြီး မေမေ့ကို သွားကာကွယ်ပေးမယ်"
လျူယွမ်သည် သမီးဖြစ်သူကို ပွေ့ချီကာ တံခါးဝဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားခဲ့သည်။
‘နျန်နျန်' ဆိုသည်မှာ သူနှင့် စုချင်းရွှယ်တို့ ကြိုတင်သဘောတူ ပေးထားခဲ့သော အမည်ပြောင်ဖြစ်ပြီး၊ တရားဝင်အမည်မှာမူ ‘လျူနျန်' ဖြစ်သည်။
"ခဲအို... အပြင်မထွက်နဲ့" စုယွီမော့က ပျာပျာသလဲ တားဆီးလိုက်ပြီး "အပြင်မှာ အန္တရာယ်များတယ်။ မမအတွက် ခဲအိုနဲ့ နျန်နျန်လေးကို ကျွန်မ ကာကွယ်ပေးရမယ်"
"ငါ တံခါးဝကပဲ ကြည့်မှာပါ" လျူယွမ်သည် သူ့ဇနီး၏ ခွန်အားအပေါ် ယုံကြည်မှုအပြည့် ရှိနေသည်။ နတ်ဘုရားအိုကြီးတစ်ပါးကို ကိုင်တွယ်ရုံမျှဖြင့် ပြဿနာမရှိနိုင်ပေ။
သို့သော် သူ စိုးရိမ်နေသည်မှာ မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသည့် 'သွေးမိစ္ဆာဧကရာဇ်' သာ ဖြစ်သည်။
သူ အပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် ခြံဝန်းထဲရှိ အဘိုးအိုများသည် သူ့ထံသို့ ဝိုင်းအုံလာကြပြီး လျူယွမ်၏ ရင်ခွင်ထဲက ကလေးငယ်ကို မမှိတ်မသုန် စိုက်ကြည့်လိုက်ကြသည်။
"ဒါ... ချင်းရွှယ်ရဲ့ ကလေးလား"
"သမီးလေးဟေ့" အဘွားစွန်းက မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာလျက် ကြေညာလိုက်သည်။
"တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးမလေးပဲ။ သူမအမေနဲ့ အကုန်တူတာပဲ" အဘိုးကျန်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဝါး... ယွမ်အာနဲ့ ချင်းရွှယ်တို့မှာ မျိုးဆက်ရှိပြီကွ။ အဘိုးကြီးလျူမှာ မျိုးဆက်ရှိခဲ့ပြီဟေ့။ ငါ သေရရင်တောင် နောင်တမရတော့ဘူး" ပြတ်သားခိုင်မာလှသော လူကြမ်းကြီး အဘိုးဝမ်မှာမူ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် စီးကျလာတော့သည်။
"ငါ... ငါ ထိကြည့်လို့ ရမလား" အဘိုးကျိုးသည် ကလေးငယ်၏ နူးညံ့သောအသားအရေကို ထိတွေ့ရန် သူ၏ အသားမာတက်နေသော လက်ကြီးများကို ဆန့်ထုတ်လိုက်သော်လည်း လမ်းခုလတ်၌ပင် လက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး-
"မဖြစ်သေးပါဘူး... ငါ့လက်တွေက အရမ်းညစ်ပတ်နေတာ။ အရင်ဆေးပြီးမှ ကိုင်ရမယ်"
အငြိမ်းစားဆရာကြီး အဘိုးချန်းက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး- "ယွမ်အာ... နာမည် ရွေးပြီးပြီလား"
“နျန်နျန် ပါ"
“အောက်မေ့သတိရခြင်းပေါ့..." အငြိမ်းစားဝန်ကြီး အဘိုးလီက ခေါင်းညိတ်လိုက်ပြီး သမီးငယ်လေးကို ထိတ်လန့်အံ့ဩဖွယ် မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း-
"ဒီကလေးကို ကြည့်စမ်း။ ခန္ဓာကိုယ်က ရေခဲအလား ချောမွေ့ပြီး အရိုးအဆစ်တွေက ကျောက်စိမ်းလို ဖြူစင်နေတယ်၊ အတွင်းစိတ်ဝိညာဉ်က တောက်ပနေပြီး အသက်ရှူလိုက်တိုင်း သွေးလှိုင်းအရှိန်အဝါတွေကို စုပ်ယူနိုင်စွမ်းရှိတယ်... ဒါဟာ တကယ့်ကို ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးပဲ"
ထိုစကားကြောင့် လူအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
အဘိုးချင်သည် မောင့်မထားနိုင်တော့ဘဲ လျူယွမ်၏အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်- "ယွမ်အာ... ငါ့ကို အမှန်အတိုင်းပြောစမ်း၊ ဒီကလေးက... တကယ်ပဲ မင်းကလေး ဟုတ်ရဲ့လား"
၎င်းတို့သည် ဤကလေးမှာ စုချင်းရွှယ်၏ သမီးဖြစ်ကြောင်း သေချာသော်လည်း သာမန်လူသားတစ်ဦးဖြစ်သည့် လျူယွမ်က ဤမျှ ထူးခြားဆန်းပြားသော သွေးမျိုးဆက်ကို မွေးဖွားပေးနိုင်သည်ဟူသည်ကို မယုံကြည်နိုင်ဘဲ ဖြစ်နေကြခြင်းဖြစ်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ" အဘွားစွန်းက အဘိုးချင်ကို တွန်းထုတ်လိုက်ပြီး "ချင်းရွှယ်က လျူယွမ်နဲ့ လက်ထပ်ပြီးမှ ကိုယ်ဝန်ရတာလေ... ဒါကြောင့် ကလေးက လျူယွမ်ရဲ့ သွေးသားအရင်းပဲ၊ သံသယဖြစ်စရာမလိုဘူး"
လျူယွမ်က ခေါင်းညိတ်ပြလိုက်ကာ- "အဘိုးချင်... စိတ်ချပါ၊ ဒါက ကျွန်တော့်ရဲ့ အစစ်အမှန် သွေးသားအရင်းပါ"
ကလေးငယ်သည် နှုတ်ခမ်းလေး သပ်လိုက်၊ လျှာလေးသပ်လိုက် လုပ်ပြီးနောက် ထပ်မံ၍ ငိုယိုပြန်သည်။
“နျန်နျန်လေး နို့ဆာနေပြီ ထင်တယ်" အဘွားစွန်းက ပြဿနာကို ချက်ချင်း ရိပ်မိသွားသည်။
စုယွီမော့က စိတ်ပူပန်သော မျက်နှာထားဖြင့် "ဒါပေမဲ့ မမက ကောင်းကင်ပေါ်မှာ တိုက်ပွဲဝင်နေတုန်းပဲကို..."
"ဒါကို သုံးလိုက်။ လောလောဆယ်တော့ အဆင်ပြေမှာပါ"
အဘိုးကျိုးက ကြည်လင်တောက်ပနေသော နို့ဘူးတစ်ခုကို လှမ်းပေးလိုက်ရာ ထိုနို့ဘူးထဲတွင် ပျစ်နှစ်ပြီး အာဟာရပြည့်ဝသော နို့ရည်များ ပြည့်နေပြီ ဖြစ်သည်။
"ဒါက သားရဲနို့ပဲ... အရမ်းအာဟာရဖြစ်လို့ စိတ်ချလက်ချ တိုက်လို့ရတယ်" အဘွားစွန်းက ရှင်းပြလိုက်သည်။
အဘိုးချင်နှင့် အဘိုးဝမ်တို့ကလည်း သဘောတူ ခေါင်းညိတ်လိုက်ကြသည်။ ၎င်းမှာ သူတို့ နယ်စပ် တိုက်ပွဲမြေပြင်မှ ရှာဖွေစုဆောင်းလာခဲ့သော သားရဲနို့ဖြစ်ပြီး သေချာရွေးချယ်ထားသည့် သဘာဝအော်ဂဲနစ်နို့ရည် ဖြစ်သည်။
လျူယွမ်သည် နို့ဘူးကို ယူလိုက်ပြီး နို့သီးခေါင်းကို သမီးဖြစ်သူ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သူမသည် ချက်ချင်းပင် ငိုသံတိတ်သွားပြီး အားရပါးရ စို့ယူတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အဘိုးကျိုး၏ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာထက်တွင် အပြုံးကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
လွန်ခဲ့သော ခြောက်လပတ်လုံး လက်နက်သွန်းလုပ်သူတစ်ဦးအနေဖြင့် သူ ကြိုးပမ်းခဲ့သမျှသည် နောက်ဆုံးတွင် အရာထင်ခဲ့ချေပြီ။
လျူယွမ်သည် ကလေးငယ်ကို ပွေ့ချီကာ ညကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ရွှေရောင်တစ်တန်း၊ အဖြူရောင်တစ်တန်း အလင်းတန်းနှစ်ခုသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကာ တိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ရွှေရောင်အလင်းတန်းမှာ နတ်ဘုရားအိုကြီး ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် လုံးဝ ဖိနှိပ်ခြင်း ခံထားရပြီး သနားစရာကောင်းလောက်အောင် ခုခံကာကွယ်နေရရုံသာ ရှိတော့သည်။
အနှစ်ထောင်ချီ သက်တမ်းရှိသော နှင်းခဲနှင့် ရေခဲအလား အေးစက်လှပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေသည့် ထိုဖြူစင်သော အလင်းတန်းမှာမူ တခြားသူမဟုတ်... သူ၏ဇနီး စုချင်းရွှယ်ပင် ဖြစ်သည်။
ဖြူစင်သောအလင်းတန်းထဲမှ သွေးကဲ့သို့ နီရဲသော ဓားအလင်းတန်းများသည် အဆက်မပြတ် ပိုင်းချနေပြီး နတ်ဘုရားအိုကြီးအား တုံ့ပြန်ရန် အခွင့်အရေး လုံးဝမပေးချေ။
ဤသည်မှာ စုချင်းရွှယ် ကလေးမွေးပြီးခါစမို့ အားနည်းနေသည့် အခြေအနေတွင်ပင် ဖြစ်သည်။ အကယ်၍ သူမ၏ အကောင်းဆုံး အခြေအနေတွင်သာ ဆိုပါက... ကောင်းကင်ပြင်ကြီးကိုပင် နှစ်ခြမ်းခွဲပစ်လောက်ပြီ ဖြစ်သည်။
"ခဲအို... မမက တကယ့်ကို အစွမ်းထက်တာပဲ မဟုတ်ဘူးလား"
စုယွီမော့က ဂုဏ်ယူဝင့်ကြွားဟန်နှင့် ဇဝေဇဝါ ဖြစ်ဟန်ဖြင့် နှုတ်ခမ်းလေးဆူကာ တိုးတိုးလေး ရေရွတ်လိုက်သည်-
လွန်ခဲ့တဲ့ သုံးနှစ်ပတ်လုံး ခဲအိုတစ်ယောက် ကုတင်ပေါ်မှာ မမရဲ့ ဒီလောက် ပြင်းထန်တဲ့ စွမ်းအားနဲ့ စိတ်အာရုံလှုပ်ရှားမှုတွေကို ဘယ်လိုများ တောင့်ခံနိုင်ခဲ့ပါလိမ့်။ သူ ခုလောက်ဆို အရိုးတွေ ကြေမွနေရမှာ မဟုတ်ဘူးလား...
"မိန်းမရေ... မင်းက အကောင်းဆုံးပဲဟေ့"
လျူယွမ်က စုချင်းရွှယ်ကို အားပေးရန်အတွက် ကောင်းကင်ယံသို့ လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်သည်။
လမ်းကြား၏ ဆိတ်ငြိမ်သော ထောင့်စွန်းတစ်ခုတွင် ယဲ့ချိုးဟုန်သည် ထိုရင်းနှီးနေသော အော်သံကို ကြားလိုက်ရသဖြင့် နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုများ အလုံးအရင်းဖြင့် ခံစားလိုက်ရသည်။
အေးပါ... အေးပါ၊ မင်းမိန်းမမှန်း ငါတို့သိပါတယ်၊ အော်ဟစ်ပြီး ကြွားမနေနဲ့တော့
သို့သော် သူသည် အသက်ကိုပင် ပြင်းပြင်းမရှူရဲဘဲ မနာလိုစိတ်ဖြင့် တိတ်တဆိတ်သာ မျက်ရည်ကျနေမိတော့သည်။
"တောက်... ငါ့ညီအစ်ကိုရဲ့ မိန်းမက နတ်ဘုရားတစ်ပါး ဖြစ်နေတာပဲ"
ယဲ့ချိုးဟုန်သည် လျူယွမ်မှာ နတ်ဘုရားတစ်ပါးကိုပင် တစ်ခါမျှ မမြင်ဖူးသူဟု တစ်ချိန်က လှောင်ပြောင်ခဲ့မိသည်ကို ပြန်လည် အမှတ်ရမိသွားသည်။ မျှော်လင့်မထားစွာဖြင့် သူက မြင်ဖူးရုံတင်မက၊ ကိုင်တွယ်ဖူးပြီး အတူတူ အိပ်စက်ခဲ့ကာ ယခုအခါ ကလေးပင် ရနေခဲ့ပြီ ဖြစ်သည်။
"လူပြက်က ငါကိုယ်တိုင် ဖြစ်နေတာပဲ"
"မင်းမှာ ငါရှိသေးတယ်လေ" အဘိုးမို၏ အသံ ပေါ်ထွက်လာပြီး "ငါကလည်း နတ်ဘုရားတစ်ပါးပဲ"
ယဲ့ချိုးဟုန်က- “အဘိုးကြီးမို... ခင်ဗျားက တကယ်တော့ မိန်းမ မဟုတ်ဘူးလား။ မြန်မြန် မိန်းမပုံစံ ပြောင်းလိုက်စမ်းပါ"
"လစ်လိုက်တော့" အဘိုးမိုက ဟိန်းဟောက်လိုက်ပြီး- "မင်းသာ နတ်ဘုရားအဆင့်ကို ရောက်သွားရင် အမျိုးသမီး နတ်ဘုရားတစ်ပါးက မင်းရဲ့ အဖော်အဖြစ် သဘာဝအတိုင်း ဖြစ်လာလိမ့်မယ်။ ကြိုးစားစမ်းပါ လူငယ်လေး"
ယဲ့ချိုးဟုန်သည် ကောင်းကင်ယံက အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး လူသတ်သမားကြီးကို ကြည့်ပြီး တံတွေးကို ဂလုခနဲ မျိုချလိုက်ကာ- "စုချင်းရွှယ်က အရမ်းသန်မာတာပဲ။ သူမက နူးညံ့သိမ်မွေ့တဲ့ ဇနီးကောင်းတစ်ယောက်ကော ဟုတ်သေးရဲ့လား။ ငါ ဝေးဝေးကပဲ နေတာ ကောင်းမယ်"
"နေဦး..." အဘိုးမို၏ လေသံက ရုတ်တရက် တည်ကြည်လေးနက်သွားပြီး "ဒီအမျိုးသမီး နတ်ဘုရားမရဲ့ ကျင့်စဉ်က... တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲ..."
ယဲ့ချိုးဟုန်က- "ခင်ဗျား သိလို့လား"
အဘိုးမို၏ လေသံထဲတွင် နာကျည်းမှုများ ရောယှက်နေပြီး- "ငါ မှတ်မိပြီ။ ဒီကျင့်စဉ်ကို ‘သံယောဇဉ်မဲ့ လမ်းစဉ်' လို့ ခေါ်တယ်။ သူမက ယွန်းမြောင်ရဲ့ တပည့်ဖြစ်သလို၊ အဆုံးမဲ့ ကောင်းကင်ဘုံရဲ့ အရှင်သခင် စုကျန့်နန်နဲ့ ယိုကွမ်းတို့ရဲ့ သမီးပဲ"
ယဲ့ချိုးဟုန်မှာ လန့်ဖျပ်သွားပြီး- "စုကျန့်နန် ဟုတ်လား။ အဲ့ဒါ အဖိုးကြီးမို… ခင်ဗျားရဲ့ ရန်သူ မဟုတ်ဘူးလား" သူ ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်သည်။
"ဟွန်း..." အဘိုးမိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး- "စုချင်းရွှယ်ကို သတ်ဖို့ အခွင့်အရေး ရှာရမယ်"
ယဲ့ချိုးဟုန်မှာမူ ငိုမဲ့မဲ့ဖြစ်သွားပြီး- "ခင်ဗျား ရူးနေတာလား။ ကျုပ်က အခုမှ နိမ့်ပါးတဲ့ သိုင်းသူရဲကောင်းအဆင့်ပဲ ရှိသေးတာကို... နတ်ဘုရားတစ်ပါးကို သတ်ခိုင်းနေရလား"
အဘိုးမို- "ငါက ဒေါသအလျောက် ပြောလိုက်တာပါ၊ မင်းက တကယ်မှတ်နေရလား။ အရင်ဆုံး စောင့်ကြည့်လိုက်ဦး... ငါ ရင်းနှီးတဲ့ အရှိန်အဝါတစ်ခုကို ခံစားနေရတယ်..."
ယဲ့ချိုးဟုန်က- "သွေးမိစ္ဆာဧကရာဇ်လား"
အဘိုးမိုက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့်- "မဟုတ်ဘူး... အဲ့ဒီအရှိန်အဝါက... 'ဗြဟ္မာ' ဖြစ်ပုံရတယ်။ နတ်ဘုရားတွေထဲမှာ တစ်ချိန်က နံပါတ်တစ် ဖြစ်ခဲ့တဲ့သူ... သူမ ပြန်ရောက်လာတာများလား..."
လျူယွမ် အော်ဟစ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက်…
ကောင်းကင်ယံက စုချင်းရွှယ်သည် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုနီရဲနေသော မျက်ဝန်းအစုံသည် လျူယွမ်ကို မည်သည့် စိတ်ခံစားချက်မျှမရှိဘဲ အေးစက်စွာ စိုက်ကြည့်နေလေသည်။ သူမသည် သူ့ကို လုံးဝ မသိသကဲ့သို့ပင်။
"မင်းမမရဲ့ အကြည့်က ဘာလဲ" လျူယွမ်က ဇဝေဇဝါဖြင့် စုယွီမော့ကို မေးလိုက်သည်။
စုယွီမော့က- "မမရဲ့ အဓိကကျင့်စဉ်က [သံယောဇဥ် ကင်းမဲ့ခြင်း] ပဲ၊ အဲ့ဒါက ကျင့်ကြံခြင်းနဲ့ တိုက်ပွဲဝင်တဲ့အချိန်မှာ 'အမြင့်မြတ်ဆုံး အခြေအနေ' လို့ ခေါ်တဲ့ အတ္တကင်းမဲ့တဲ့ နယ်ပယ်ထဲကို ရောက်သွားစေတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် 'စာတော်လွန်းတဲ့ ပါရမီရှင်မုဒ်' ပေါ့။ သူမကို အဆုံးမဲ့ ကောင်းကင်ဘုံမှာ သန့်ရှင်းသော မိန်းမပျိုလို့ လူသိများတာကလည်း အဓိက ဒီအချက်ကြောင့်ပဲ"
လျူယွမ် မျက်မှောင်ကြုတ်လိုက်ပြီး "သံယောဇဉ် ကင်းမဲ့ခြင်း ဟုတ်လား"
ထို့နောက်မှ သူ၏ဇနီးဖြစ်သူက စုမိသားစုတွင် မျိုးရိုးလိုက်ရောဂါတစ်ခု ရှိသည်ဟု ပြောခဲ့ဖူးသည်ကို သတိရသွားသည်။ ဤသည်မှာ သူမ၏ ဒုတိယပင်ကိုယ်စရိုက် ဖြစ်ရပေမည်။
“ဘယ်လိုတောင်လား….။ ငါ့လို ရန်သူနဲ့ ရင်ဆိုင်နေရတာတောင် အာရုံလွှဲရဲသေးတယ်ပေါ့"
ထိုမြင်ကွင်းကို မြင်လိုက်ရသော နတ်ဘုရားအိုကြီး ဖုန်းရွမ်သည် အခွင့်အရေးရပြီဟု တွေးလိုက်သည်။ သူသည် ယုတ်မာစွာ ပြုံးလိုက်ပြီး ရှေးဟောင်း မန္တန်စာတန်းများ ဖုံးလွှမ်းနေသည့် ရွှေရောင်ခွက်တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်တော့သည်။
ရွှေရောင်ခွက်ကြီးသည် လေထဲတွင် တဟုန်ထိုး ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်း တောင်တစ်လုံးအလား ဧရာမ ခွက်ကြီး ဖြစ်သွားတော့သည်။ ခွက်မှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှု ပြင်းအားကြီး ထွက်ပေါ်လာပြီး အောက်က လျူယွမ်နှင့် ကလေးငယ်ကိုပါ အတွင်းထဲသို့ ဆွဲသွင်းရန် ကြိုးစားလိုက်သည်။
စုချင်းရွှယ်က ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး သူမ၏ နီရဲသော မျက်ဝန်းများဖြင့် နတ်ဘုရားအိုကြီးကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။
ထိုအကြည့်က သေလူတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
ဖုန်းရွမ်သည် သူမ၏ အကြည့်ကြောင့် ကျောရိုးထဲအထိ စိမ့်အောင် အေးစက်သွားပြီး စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။
"ဒီမိန်းမကြမ်းကြီးရဲ့ အကြည့်က လူသတ်နိုင်တာပဲ"
သူသည် ရွှေရောင်ခွက်ကြီးကို ပြန်ရုတ်သိမ်းချင်သော်လည်း နောက်ကျသွားခဲ့ချေလေပြီ။
စုချင်းရွှယ်၏ သတ်ဖြတ်ခြင်း အရှိန်အဝါများသည် ဒေါသတကြီး မြင့်တက်လာတော့သည်။
တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်...
ကောင်းကင်ပြင်ကြီးကို ဖြတ်သန်းသွားသော သွေးနီရဲရဲ ဓားအလင်းတန်းတစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာခဲ့သည်။
“ချွင်..."
ဖုန်းရွမ်၏ ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်ကြီးသည် ဓားသွားအောက်တွင် နှစ်ခြမ်း ပြတ်တောက်သွားခဲ့ရသည်။
သူ၏အောက်ခြေရှိ လင်အန်းမြို့ကြီး အပါအဝင်... မိုင်ပေါင်းထောင်ချီ ကျယ်ပြောလှသော နယ်မြေတစ်ခုလုံးသည်လည်း ဤတစ်ချက်တည်းသော ပိုင်းချက်အောက်တွင် နှစ်ခြမ်းကွဲသွားခဲ့ရတော့သည်။