← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အပိုင်း (၃၅)

​ ဝုန်း...

​ မြေနဂါးကြီး တစ်ပတ်လှည့်လိုက်သည့်အလားပင်..

​ လင်အန်းမြို့ကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားတော့သည်။

​ "သောက်ကျိုးနည်း... ငလျင်လှုပ်တာလား"

​ မြို့တောင်ဘက်ရှိ မိုးမျှော်တိုက်ကြီးတစ်ခု၏ ပန့်ဟောက်စ် အခန်းထဲတွင် မှန်ပြတင်းပေါက်ကြီးဘေး၌ ချွေးသံတရွဲရွဲဖြင့် အချစ်ကမ္ဘာ တည်ဆောက်နေကြသော စုံတွဲမှာ ရုတ်တရက် လှုပ်ခါမှုကြောင့် လန့်ဖျပ်သွားကြသည်။

​ အမျိုးသားဖြစ်သူက ဗီဇအရ အောက်သို့ ငုံ့ကြည့်လိုက်ရာ... သူ၏ သူငယ်အိမ်များမှာ ရုတ်ချည်း ကျုံ့ဝင်သွားတော့သည်။

​ မြို့ကို မြောက်မှတောင်သို့ ဖြတ်သန်းဖောက်လုပ်ထားပြီး မီးရောင်စုံလင်းထိန်နေသော ပင်မလမ်းမကြီးမှာ အလယ်တည့်တည့်မှ ဖြတ်ပိုင်းကာ နှစ်ခြမ်းကွဲသွားပြီး အောက်ခြေမမြင်ရသည့် မှောင်မည်းသော ချောက်နက်ကြီးတစ်ခု ပေါ်ထွက်လာချေလေပြီ။

​ ထိုအက်ကွဲကြောင်းကြီးများသည် အရှေ့နှင့် အနောက်ဘက်သို့ ဆက်လက်ကူးစက် ပြန့်နှံ့သွားသည်။

​ လင်အန်းမြို့ကြီးတစ်ခုလုံးသည် စွမ်းအားတစ်ခုခုကြောင့် နှစ်ခြမ်းခွဲပစ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

​ ထိုအမျိုးသားမှာ ချက်ချင်းပင် တစ်ကိုယ်လုံး ပျော့ခွေသွားကာ ခြေထောက်များ မခိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ခွေလဲကျသွားတော့သည်။

​ အမျိုးသမီးဖြစ်သူကလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

​ ထိတ်လန့်ချောက်ချားမှုများက နေရာအနှံ့ ကူးစက်ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။

​ အိပ်ပျော်နေသော လူပေါင်းမြောက်မြားစွာမှာ နိုးထလာကြပြီး ဤကမ္ဘာပျက်မတတ် မြင်ကွင်းဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရသည်။

​ အစိုးရရုံး၏ ခန်းမဆောင်တွင်...

​ ဤနေရာသည် လင်အန်းမြို့၏ ဗဟိုချက်မ တည့်တည့်တွင် တည်ရှိနေသည်။

​ လွန်ခဲ့သော စက္ကန့်ပိုင်းကတင် အရာအားလုံးက ငြိမ်းချမ်းပြီး ပျော်ရွှင်စရာ ကောင်းနေခဲ့သော်လည်း၊ နောက်တစ်စက္ကန့်တွင်မူ ကမ္ဘာမြေကြီးက ပြင်းထန်စွာ တုန်ခါသွားခဲ့ချေပြီ။

​ အခမ်းအနားတွင် ရှိနေကြသော သိုင်းပညာရှင် ဆရာကြီးအချို့ပင် တုံ့ပြန်ရန် အချိန်မရလိုက်ကြချေ။

​ သူတို့ရှေ့မှ ကြမ်းပြင်၊ စားပွဲ၊ ကုလားထိုင်များနှင့် အဆောက်အအုံကြီးတစ်ခုလုံးပင် မှန်ချပ်တစ်ခုအလား ညီညာသော ဓားရာကြီးနှင့်အတူ နှစ်ခြမ်း ကွဲထွက်သွားခဲ့သည်။

​ အရာရှိအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ အချို့မှာ ဒူးထောက်ကျသွားပြီး ခြေထောက်များပင် မခိုင်တော့ချေ။ အချို့ဆိုလျှင် လန့်လွန်းသဖြင့် ဆီးပင် ထွက်ကျကုန်တော့သည်။

​ "ကောင်းကင်ဘုံ... ကောင်းကင်ဘုံရဲ့ စွမ်းပကားတွေပဲ"

​ "နတ်ဘုရားတွေ လက်ချက်ပဲ ဖြစ်ရမယ်"

​ "ကောင်းကင်ဘုံက နတ်ဘုရားအရှင်တို့... ကျွန်တော်မျိုးတို့ အသက်ကို ချမ်းသာပေးပါ"

​ သူတို့သည် ကောင်းကင်ယံသို့ ဦးတိုက်ကန်တော့ရင်း စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်….

သွားပြီ... ကမ္ဘာမြေကြီးတော့ ပျက်သုဉ်းရော့ထင်ပ။

​ ထိုအခိုက်အတန့်တွင်၊ အိမ်ခြံဝန်းကြီး၏ ကောင်းကင်ယံ၌...

​ "ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."

​ နတ်ဘုရားအိုကြီး ဖုန်းရွမ်၏ ခန္ဓာကိုယ်သည် တိကျသေသပ်စွာ နှစ်ခြမ်းပြတ်သွားပြီး ရွှေရောင်နတ်ဘုရား သွေးစက်များမှာ မိုးစက်များအလား ဆက်တိုက် စီးကျလာသည်။

​ သူ၏ နှစ်ခြမ်းကွဲသွားသော ဦးနှောက်များသည် ယခုထက်တိုင် သီးခြားစီ စဉ်းစားနိုင်စွမ်း ရှိနေဆဲဖြစ်ပြီး၊ စုချင်းရွှယ်ကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိသည်။

​ သူမက လွန်ခဲ့တဲ့ သုံးနှစ်က ဒဏ်ရာအပြင်းအထန် ရထားတာ မဟုတ်ဘူးလား။

​ သူမက အခုတင် ကလေးမွေးထားလို့ အားအနည်းဆုံး အခြေအနေမှာ ရှိနေတာ မဟုတ်ဘူးလား။

​ ဒါကို... သူမက ငါ့ကို တစ်ချက်တည်းနဲ့ ပိုင်းဖြတ်လိုက်နိုင်တယ် ဟုတ်လား။

​ ဒါက သဘာဝကျသေးရဲ့လား။

​ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုလှိုင်းများ လွင့်ပျံလာပြီး ခြံထဲရှိ လောကတ်ပင်အိုကြီးမှာလည်း လေပြင်းဒဏ်ကြောင့် တရှူးရှူး မြည်ဟည်းနေတော့သည်။

​ အငြိမ်းစား ယူထားကြသော အဘိုးအိုကြီးများမှာ ကောင်းကင်ယံတွင် နှစ်ခြမ်းကွဲနေသော နတ်ဘုရားကြီးကို ကြည့်ပြီး တစ်ကိုယ်လုံး ကျောက်ရုပ်ပမာ ဆွံ့အသွားကြသည်။

​ "လင်အန်းမြို့ကြီးကို ချင်းရွှယ်က နှစ်ခြမ်းပိုင်းပစ်လိုက်တာပဲ..."

​ " ချင်းရွှယ်က ကလေးမွေးပြီးခါစမှာတင် ဒီလောက်တောင် သန်မာတာလား။ အကယ်လို့ ပုံမှန်အချိန်သာဆိုရင် သူမရဲ့ ပိုင်းချက်က ဒီကမ္ဘာမြေကြီးကိုပါ နှစ်ခြမ်းခွဲပစ်နိုင်မှာ မဟုတ်ဘူးလား"

​ လျူယွမ်သည် သမီးဖြစ်သူ၏ ပါးစပ်ထဲက နို့သီးခေါင်းအတုကို သေချာပြန်ပြင်ပေးလိုက်ရင်း... သမီးလေးက မျက်လုံးမပွင့်သေးသဖြင့် သူမအမေ၏ အစွမ်းထက်လှသော အလှတရားကို မမြင်ရသည်မှာ နှမြောစရာကောင်းသည်ဟု တွေးနေမိသည်။

​ သို့သော်လည်း မမြင်ရသည်ကပင် ပိုကောင်းပါသေးသည်။ သို့မဟုတ်ပါက သူမ၏ ကလေးဘဝ၌ စိတ်ဒဏ်ရာ ရသွားနိုင်ပေသည်။

​ စုချင်းရွှယ်သည် နှစ်ခြမ်းကွဲနေသော ဖုန်းရွမ်ထံသို့ ဘဝပြောင်းပေးရန်အတွက် တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။

​ "မလုပ်နဲ့...!!!"

​ ဖုန်းရွမ်သည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ နှစ်ခြမ်းကွဲနေသော ခန္ဓာကိုယ်ကြီးက ပြန်လည်ပူးကပ်ရန် ကြိုးစားနေလေသည်။ ပြတ်တောက်သွားသော နေရာများမှ စီးကျလာသည့် ရွှေရောင်သွေးများသည် ကြာရိုးမှ ကြာမျှင်များအလား အမျှင်တန်းပေါင်းမြောက်မြားစွာအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကို ပြန်လည်စေးကပ်ရန် ရုန်းကန်နေကြသည်။

​ စုချင်းရွှယ်က တစ်လှမ်းချင်း တိုးကပ်လာသည်ကို မြင်သောအခါ ဖုန်းရွမ်သည် ပျာပျာသလဲ ဖြစ်သွားပြီး သူမ၏နောက်ကွယ်က မှောင်မိုက်သော အရိပ်ထဲသို့ စိတ်ဆိုးမာန်ဆိုးဖြင့် ဟိန်းဟောက်လိုက်တော့သည်။

​ "သွေးမိစ္ဆာဧကရာဇ်... မင်း ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ"

​ သိပ်မဝေးလှသော နေရာတွင် ဝိညာဉ်အသွင်ဖြင့် ရှိနေသည့် သွေးမိစ္ဆာဧကရာဇ်သည် နက်မှောင်သော မိစ္ဆာမြူခိုးများအဖြစ် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

​ သူသည် မူလက နှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာရသွားသည့်အချိန်မှ ကြားကဖြတ်ပြီး အမြတ်ထုတ်ရန် ကြံစည်ထားသော်လည်း၊ ဒီအဖိုးကြီး ဖုန်းရွမ်က ဤမျှ ညံ့ဖျင်းပြီး သူ့ကိုပါ သစ္စာဖောက်ကာ ဆွဲထည့်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

​ စုချင်းရွှယ်၏ အေးစက်စက် အကြည့်ကို ခံစားလိုက်ရသောအခါ သွေးမိစ္ဆာဧကရာဇ်သည် ကျောရိုးထဲအထိ စိမ့်တက်သွားပြီး လေသံကို ချက်ချင်းပြောင်းကာ - "မိန်းကလေးစု... မလွဲမှားပါနဲ့၊ ငါက မင်းကို ကူညီဖို့ လာခဲ့တာပါ" ဟု ပြောလိုက်သည်။

​ "မင်းက ဒီအဖိုးကြီးရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်နိုင်ပေမဲ့၊ သူ့ရဲ့ နတ်ဘုရား သက်စောင့်အားက အလွန်ပြင်းထန်လို့ ချက်ချင်း သေမှာမဟုတ်ဘူး။ ငါတို့နှစ်ယောက် ပူးပေါင်းပြီး သူ့ကို တစ်ဝက်စီ ခွဲယူကြရင် ဘယ်လိုလဲ"

​ စုချင်းရွှယ်ကမူ သူ့ကို အရေးလုပ်ရန် စိတ်ကူးပင် မရှိချေ။

​ နတ်ဘုရားအိုကြီး၏ ခန္ဓာကိုယ်က ပြန်လည်အနာကျက်တော့မည့်အသွင်ကို မြင်လိုက်ရသောအခါ သူမသည် သွေးနီရဲရဲဓားကို ထပ်မံဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်းများ ဖျတ်ခနဲ ဖျတ်ခနဲ လက်သွားပြီး မြည်သံများနှင့်အတူ ဖုန်းရွမ်ကို အမဲသားတုံးများ စဉ်းသကဲ့သို့ ရှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်တော့သည်။

​ "အား...!!!!" နတ်ဘုရားအိုကြီးသည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်ရရှာသည်။

​ စုချင်းရွှယ်သည် ဤမျှနှင့် သူ သေဦးမည်မဟုတ်ကြောင်း သိနေသည်။

​ သူမက ဖုန်းရွမ်၏ လက်မောင်းတစ်ဖက်ကို ပေါ့ပေါ့ပါးပါးပင် ဖမ်းဆွဲလိုက်ပြီး သွေးမိစ္ဆာဧကရာဇ်ထံသို့ လှမ်းပစ်လိုက်သည်။

​ သွေးမိစ္ဆာဧကရာဇ်သည် မိမိထံသို့ ပျံ့လွင့်လာသော လက်မောင်းကို ကြည့်ပြီး ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

​ "မင်းက ငါ့ကို အစာတောင်းတဲ့ ခွေးလို့ ထင်နေတာလား"

​ "ငါ 'တစ်ဝက်စီ ခွဲယူမယ်' လို့ ပြောတာက ရုပ်ခန္ဓာနဲ့ ဝိညာဉ်ကို ပြောတာကွ။ ငါက နတ်ဘုရားရဲ့ ဝိညာဉ်ကို လိုချင်တာ"

​ သူသည် မည်းနက်ပြီး မျက်နှာပေါင်း မြောက်မြားစွာ ရုန်းကန်နေသည့် အလွန်တရာ ဆိုးယုတ်လှသော မိစ္ဆာလက်နက် “ဝိညာဉ်တစ်သောင်း အလံတော်" ကို ပျာပျာသလဲ ထုတ်ယူလိုက်သည်။

​ "မိန်းကလေးစု... ငါ မင်းအတွက် သူ့ဝိညာဉ်ကို ချုပ်နှောင် ချေဖျက်ပေးမယ်"

​ "သူ့စကားကို မယုံနဲ့" ဖုန်းရွမ်က စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး "သူက မိစ္ဆာကွ။ မင်းကို လိမ်နေတာ။ သူသာ ငါ့ဝိညာဉ်ကို ဝါးမြိုပြီး ခွန်အားတွေ တိုးသွားရင် မင်းလည်း သွားပြီ"

​ စုချင်းရွှယ်သည် ထိုသူ၏ စကားများမှုကို စိတ်ပျက်သွားကာ ဖုန်းရွမ်၏ ကျန်ရှိနေသော ခေါင်းတစ်ဝက်ကို ဓားကျောဖြင့် ဂေါက်သီးရိုက်သည့်အလား အရှိန်အဟုန်ပြင်းစွာ လွှဲရိုက်ပစ်လိုက်တော့သည်။

​ "ဝူး..."

​ ထိုခေါင်းတစ်ဝက်သည် တောက်လောင်နေသော ဥက္ကာပျံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပြင်ကို ဖြတ်သန်းကာ မိုင်ပေါင်းသောင်းချီ ဝေးကွာသော... ချယ်ရီပန်းများ ပွင့်လန်းနေသည့် ကျွန်းနိုင်ငံငယ်လေးတစ်ခုပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။

​ “ဝုန်း...!!!"

​ ပြင်းထန်လှသော ပေါက်ကွဲမှုကြီးနှင့်အတူ ကောင်းကင်ယံအထိ မြင့်တက်လာသော ဆူနာမီလှိုင်းလုံးကြီး ပေါ်ထွက်လာပြီး၊ ပင်လယ်ဓားပြများဟု လူသိများသော ထိုကျွန်းနိုင်ငံငယ်လေးသည် ၎င်း၏ လူဦးရေအားလုံးနှင့်အတူ မြေပုံပေါ်မှ လုံးဝပျောက်ကွယ်သွားကာ ပင်လယ်ရေအောက်ခြေသို့ နစ်မြုပ်သွားခဲ့ရလေသည်။

​ တစ်ချိန်တည်းမှာပင်၊ ဖုန်းရွမ်၏ ခေါင်းတစ်ဝက်ကို စုချင်းရွှယ်က မီတာတစ်သောင်းနက်သော ပင်လယ်ရေနက်ပိုင်း အက်ကွဲကြောင်းကြီးထဲတွင် ချိပ်ပိတ်ပစ်လိုက်သည်။

​ "ငါ့ခေါင်း... အား... ကယ်ကြပါဦး"

​ သူ၏ ကျန်ရှိနေသေးသော နောက်ထပ် ခေါင်းတစ်ဝက်သည် အော်ဟစ်နေတုန်းမှာပင် ဓားကျောဖြင့် ထပ်မံ အရိုက်ခံလိုက်ရပြန်ပြီး မိုင်ပေါင်းသောင်းချီဝေးသော အစွန်အဖျား မြောက်ဝင်ရိုးစွန်း နှင်းတောပြင်ကြီးထဲသို့ လွင့်စင်သွားကာ ထာဝရရေခဲပြင်ကြီးအောက်တွင် ချက်ချင်း ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။

​ ထို့နောက်တွင် သူ၏ ခြေနှစ်ဖက်နှင့် လက်နှစ်ဖက်တို့ကိုလည်း ကမ္ဘာမြေ၏ အရပ်လေးမျက်နှာစီသို့ ပို့ဆောင်ကာ တစ်ခုချင်းစီ ချိပ်ပိတ်ပစ်လိုက်သည်။

​ နောက်ဆုံးတွင်မူ... လှုပ်စိလှုပ်စိ ဖြစ်နေဆဲဖြစ်သော ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်း ရုပ်ခန္ဓာနှစ်ပိုင်းသာ ကျန်ရစ်တော့သည်။

​ စုချင်းရွှယ်သည် လွန်ခဲ့သော စက္ကန့်ပိုင်းကတင် သူမ ကိုယ်တိုင် မတော်တဆ ပိုင်းဖြတ်လိုက်မိသော မြေပြင်က အောက်ခြေမမြင်ရသည့် ချောက်နက်ကြီးကို လှမ်းကြည့်လိုက်သည်။

​ သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက်၊ ရုပ်ခန္ဓာတစ်ပိုင်းကို ဓားကျောဖြင့် ချောက်နက်ကြီးထဲသို့ ရိုက်ချလိုက်ရာ... ၎င်းသည် ကမ္ဘာမြေ၏ အူတိုင်ထဲသို့ တဟုန်ထိုး ကျဆင်းသွားပြီး မြေအောက်ချော်ရည်ပူများဖြင့် ထာဝရ မီးရှို့ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။

​ အဝေးက မှောင်ရိပ်ထဲတွင်မူ... လင်အန်းမြို့၏ လူဝင်မှုကြီးကြပ်ရေးဗျူရို ညွှန်ကြားရေးမှူး မုပိုင် အပါအဝင် သိုင်းဂိုဏ်းချုပ်အဆင့်ရှိသော အရာရှိအချို့မှာ လေထဲတွင် ဝဲပျံရင်း တုန်တုန်ရင်ရင်ဖြင့် ရပ်ကြည့်နေကြသည်။

​ နတ်ဘုရားတစ်ပါးကို အပိုင်းပိုင်း ဖြတ်တောက်ပြီး ကမ္ဘာအနှံ့ အရပ်ရပ်သို့ ခွဲခြမ်းကာ ချိပ်ပိတ်ပစ်လိုက်သည့် ဖြစ်စဉ်တစ်ခုလုံးကို သူတို့ မျက်ဝါးထင်ထင် စောင့်ကြည့်ခဲ့ရခြင်း ဖြစ်သည်။

​ "အကုန် ပြီးသွားပြီ... နတ်ဘုရားအိုကြီးက ဒီလိုပဲ ပျောက်ကွယ်သွားတာလား"

​ "ဒီ နတ်ဘုရားမက သိပ်ရက်စက်တာပဲ။ သားသတ်သမားအတိုင်းပဲ"

​ “ဒါက နတ်ဘုရားတစ်ပါးရဲ့ စစ်မှန်တဲ့ စွမ်းအားပေါ့... ကမ္ဘာကြီးကို လက်ဖျောက်တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တာပဲ"

​ ထိုအခိုက်တွင်ပင်၊ စုချင်းရွှယ်၏ အေးစက်လှသော အကြည့်က သူတို့ထံသို့ ဝေ့ပျံလာခဲ့သည်။

​ “ဝှစ်..."

​ မုပိုင် အပါအဝင် အရာရှိအားလုံးသည် ငှက်သတ္တဝါများအလား ချက်ချင်းပင် ထိတ်လန့်တကြား ထွက်ပြေးကုန်ကြပြီး စကားတစ်ခွန်းပင် မဟရဲကြတော့ချေ။

​ "သိပ်လှတဲ့ မိန်းမလှလေးပဲ... မဟုတ်ဘူး... သိပ်ကြောက်ဖို့ကောင်းတဲ့ မိန်းမကြမ်းကြီးပဲ" မုပိုင်၏ နှလုံးသားမှာ ဒိန်းခနဲ တုန်လှုပ်သွားသည်။ သူသည် လျူယွမ်နှင့် စုချင်းရွှယ်တို့၏ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရလိုက်မိသည်။ ထိုစဉ်က သူမသည် အလွန်နူးညံ့သိမ်မွေ့ခဲ့သော်လည်း၊ ယခုမူ သူမကို စိုက်ကြည့်ရန်ပင် သတ္တိမရှိတော့ချေ။

​ နောက်ဆုံးတွင်၊ စုချင်းရွှယ်သည် ဖုန်းရွမ်၏ ကျန်ရှိနေသော ရုပ်ခန္ဓာနောက်ဆုံးအပိုင်းကို ယာယီ ဖန်တီးထားသော အာကာသ အက်ကွဲကြောင်းထဲသို့ ပစ်ထည့်လိုက်သည်။

​ ထိုအက်ကွဲကြောင်းကြီး ပြန်လည်ပိတ်သွားသည့် ခဏ၌... တစ်ဖက်ကမ္ဘာမှ ကြောက်မက်ဖွယ်ကောင်းသော သားရဲတိရစ္ဆာန်ကြီးများမှာ အုပ်စုလိုက် ဝိုင်းအုံလာကြပြီး နတ်ဘုရား၏ အသားစများကို ကိုက်ခဲဝါးမြိုနေကြသည်ကို လှမ်းမြင်လိုက်ရသည်။

​ ဤသို့ဖြင့်... နတ်ဘုရားအိုကြီး၏ ရုပ်ကြွင်းများကို လုံးဝ ရှင်းလင်းပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

​ စုချင်းရွှယ်သည် ကိုယ်ထည်ကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး၊ သူမ၏ နီရဲသော မျက်ဝန်းအစုံက နောက်ထပ် ပစ်မှတ်တစ်ခုထံသို့ ကျရောက်သွားတော့သည်။

​ သူမ ကြည့်လိုက်သည်က... သွေးမိစ္ဆာဧကရာဇ် ဖြစ်သည်။

​ သူသည် ဝိညာဉ်တစ်သောင်း အလံတော်ကို ကိုင်ဆောင်ကာ ဖုန်းရွမ်၏ ပြန့်ကျဲနေသော ဝိညာဉ်စများကို လောဘတကြီး စုပ်ယူနေဆဲ ဖြစ်သည်။

​ စုချင်းရွှယ်၏ အကြည့်ကို ခံစားလိုက်ရသောအခါ သွေးမိစ္ဆာဧကရာဇ်မှာ တုန်လှုပ်သွားပြီး စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့စိတ် ဝင်လာတော့သည်။

​ "မိန်းကလေးစု... ဒီနေ့ တိုက်ပွဲကို ဒီမှာတင်ပဲ ရပ်လိုက်ကြရင် ဘယ်လိုလဲ။ နောက်ရက်မှ ဆက်ကြတာပေါ့..."

​ သူ့စကားပင် မဆုံးသေးချေ...

​ ကောင်းကင်ယံတွင် ရှိနေသော စုချင်းရွှယ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ယိမ်းထိုးသွားပြီး လေထဲမှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

​ သူမသည် ဒဏ်ရာဟောင်းများမှ ပြန်လည်သက်သာခါစ ဖြစ်သည့်အပြင်၊ ကလေးကိုပါ အတင်းအဓမ္မ ဗိုက်ခွဲမွေးထားခဲ့ရသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​ ခုနက ကမ္ဘာပျက်မတတ် စွမ်းအားကို အသုံးပြုလိုက်ခြင်းက သူမ၏ ရှိသမျှ အင်အားအားလုံးကို အကုန်အစင် ထုတ်သုံးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

​ သို့သော်လည်း သူမ၏ အိမ်ကို ကာကွယ်ရန်အတွက်၊ သူမသည် အံကို တင်းတင်းကြိတ်ကာ လည်ချောင်းဝအထိ တက်လာသော သွေးများကို မျိုချလိုက်ပြီး ခန္ဓာကိုယ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

​ သူမ၏ အေးစက်လှသော အကြည့်သည် သွေးမိစ္ဆာဧကရာဇ်ထံသို့ စူးစိုက်သွားပြီး...

​ "သေစမ်း... သောက်ခွေးကောင်"

All Chapters