အခန်း ၃၇
Vol. 4 Ch. 37
အပိုင်း (၃၇)
သူမ၏ တာအိုနှလုံးသား တစ်ခုလုံး ပြိုလဲပျက်စီးသွားခဲ့ရလေပြီ။
ယိုကွမ်း၏ ဝိညာဉ်ခန္ဓာကိုယ်ကြီးသည် ပြင်းထန်စွာ တုန်ရင်လာခဲ့သည်။
သူမ ဒါကို လုံးဝ လက်မခံနိုင်ပါချေ။
သူမ မှတ်ဉာဏ်ထဲမှာ ကလေးငယ်လေးပဲ ရှိသေးတဲ့ သမီးဖြစ်သူက... ဘယ်လိုဖြစ်ပြီး အိမ်ထောင်ကျရုံတင်မက ကလေးပါ ရနေရတာလဲ။
"အမေ... အမေ့ရဲ့ အတွင်းနတ်ဆိုးက ကျွန်တော်တို့ မဟုတ်ဘူး၊ အမေကိုယ်တိုင်ပဲ"
လျူယွမ်က ထပ်မံ အော်ဟစ်လိုက်ရာ... သူ၏ အသံမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှပြီး အဓိက အချက်ကို ကွင်းကွင်းကွက်ကွက် ထိမှန်သွားစေသည်။
"ဝိညာဉ်တစ်သောင်း အလံတော်" ထဲက ထွက်လာတဲ့ ယိုကွမ်းက တကယ်တော့ ဘာလဲ။
မိစ္ဆာပဲပေါ့…
“လျှောက်မပြောနဲ့"
ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးကို အတင်းဆွဲခွာခံလိုက်ရသလိုမျိုး ယိုကွမ်းသည် ဒေါသတကြီးဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
"ဘယ်သူက မင်းအမေလဲ။ ငါ့ကို အဲဒီလို ခေါ်တာမျိုး လုံးဝ ခွင့်မပြုဘူး။ ပါးစပ်ပိတ်စမ်း။ ပါးစပ်ပိတ်ထားစမ်း"
သူမ၏ ဝိညာဉ်ခန္ဓာကိုယ်မှ ထူးဆန်းဆန်းပြားသော နက်မှောင်သည့် မိစ္ဆာမြူခိုးများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားခဲ့သည်။
သွေးမိစ္ဆာဧကရာဇ်သည်လည်း ပျာပျာသလဲ ဖြစ်သွားခဲ့ရသည်။ ဒီကောင်လေးက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မျက်စိစူးရှနေရတာလဲ။
ဒီဝိညာဉ်အကြွင်းအကျန်ရဲ့ ပကတိသဘာဝအစစ်အမှန်ကို တစ်ချက်ကြည့်ရုံနဲ့ အကဲခတ်မိသွားတာပဲ။
မဖြစ်ဘူး... မြန်မြန် လုပ်မှ ရတော့မယ်။
"မင်းနဲ့ ဘာဆိုင်လို့လဲ" သွေးမိစ္ဆာဧကရာဇ်က ဒေါသတကြီး ဟောက်လိုက်သည် - "စီနီယာ ယိုကွမ်းက သူ့သမီးနဲ့ စကားပြောနေတာ။ မင်းလို သွေးသားမတော်စပ်တဲ့ သမက်က အလကားနေရင်း ဝင်ပြီး မရှုပ်စမ်းနဲ့"
"သူမက ငါ့ရဲ့ ယောက္ခမပဲလေ" လျူယွမ်က ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည် - "ဒါ ငါ့အမေ့ကိစ္စ။ မင်းနဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့ လျှောက်ဟောင်နေတာလဲ"
သွေးမိစ္ဆာဧကရာဇ်မှာ ဆွံ့အသွားခဲ့ရသည်။
ကောင်းပြီ... ကောင်းပြီ။ မင်း စောင့်နေလိုက်…
ငါ့မှာ ဆွေမျိုးမရှိရင်လည်း... ဖန်တီးယူလို့ ရတာပဲ။
ယိုကွမ်းသည် သမီးဖြစ်သူ စုချင်းရွှယ်ကို ကြည့်ကာ လက်မောင်းနှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်သည် - "ချင်းရွှယ်... မေမေ့ရင်ခွင်ထဲကို လာခဲ့စမ်း။ မေမေ သမီးကို အဝဖက်ပါရစေဦး"
စုချင်းရွှယ်သည် မလှုပ်မယှက်ဘဲ နေမြဲတိုင်း နေနေလေသည်။
ယိုကွမ်းသည် သူမထံသို့ တစ်လှမ်းချင်း တိုးကပ်လာခဲ့သည်။
နှစ်ဦးသား ထိတွေ့မိခါနီး အချိန်မှာပင်... စုချင်းရွှယ်သည် “သံယောဇဥ် ကင်းမဲ့ခြင်း " ကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး၊ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ချွင်….
နီရဲသော ဓားအလင်းတန်းသည် ယိုကွမ်း၏ ဝိညာဉ်ဆီသို့ ဦးတည်ကာ ပိုင်းချလိုက်တော့သည်။
ယိုကွမ်းမှာ ကြောင်အသွားပြီး သူမ၏ ရင်ဘတ်က ဒဏ်ရာကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်ရင်း တုန်ရင်နေသော လေသံဖြင့် မေးလိုက်သည် - "ချင်းရွှယ်... သမီး... သမီးက မေမေ့ထက် အဲဒီအမျိုးသားကို ပိုပြီး ယုံကြည်တာလား"
"သမီးက... သူ့အတွက်နဲ့ မေမေ့ကို ဓားနဲ့ ထိုးရဲတယ်ပေါ့လေ"
စကားပင် ဆုံးအောင် မပြောရသေးမီမှာပင်...
ဝုန်း
အတိုင်းအဆမဲ့သော ရန်ငြိုးများနှင့် မိစ္ဆာစွမ်းအင်များက သူမ၏ ဝိညာဉ်ထဲမှ ပေါက်ကွဲထွက်လာတော့သည်။
သူမ၏ ဖြူစင်သော အသားအရေပေါ်တွင် ခရမ်းရင့်ရောင် မိစ္ဆာအမှတ်အသားများ ယှက်ဖြာလာပြီး သက်ရှိသတ္တဝါများအလား တရွရွ လှုပ်ရှားနေကြသည်။
သူမ၏ လက်ချောင်းဆယ်ချောင်းမှာလည်း ချွန်ထက်သော လက်သည်းကွေးကြီးများအဖြစ် ပြောင်းလဲသွားပြီး လက်သည်းများမှာ မှင်ကဲ့သို့ နက်မှောင်နေလေသည်။
အညှိုးအတေးကြီးသော ဝိညာဉ်ဆိုးကြီးတစ်ခုအလားပင်။
ယိုကွမ်းသည် သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားသော ဓားသွားကို ဖမ်းဆွဲကာ အားကုန်သုံး၍ ဆွဲနှုတ်လိုက်သည်။
"ချင်းရွှယ်... မေမေ့ ရင်ထဲ အရမ်းနာတယ်"
"စီနီယာ ယိုကွမ်း" သွေးမိစ္ဆာဧကရာဇ်က မီးလောင်ရာလေပင့် လုပ်ရင်း ဝင်ပြောလိုက်သည် - "မြန်မြန်... ဒီလို မိဘအပေါ် မသိတတ်တဲ့ သမီးမိုက်ကို ပညာပေးလိုက်စမ်းပါ"
၎င်းသည် စိတ်ထဲကနေ ကျေနပ်ပီတိ ဖြစ်နေမိသည်။
စုချင်းရွှယ်... မင်း ငါတို့ ထောင်ချောက်ထဲကို ဝင်မိသွားပြီ။
ဒါက သွေးမိစ္ဆာ ကြိုတင်ကြံစည်ထားတဲ့ အကွက်ပဲ ဖြစ်သည်။
အကယ်၍ စုချင်းရွှယ်က ဒါဟာ သူမအမေရဲ့ ဝိညာဉ်အကြွင်းအကျန် ဖြစ်တယ်ဆိုတာကို လက်ခံပြီး သတိလက်လွတ် ဖြစ်သွားခဲ့ရင်... မိခင်နဲ့ သမီး ဖက်လဲတကင်း ဖြစ်မယ့်အချိန်မှာ သူမရဲ့ ဝိညာဉ်ကို "ဝိညာဉ်တစ်သောင်း အလံတော်" ထဲ ဖမ်းခေါ်သွားပြီး သွေးမိစ္ဆာဧကရာဇ်က သူမရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်မှာပင် ဖြစ်သည်။
အကယ်၍ စုချင်းရွှယ်က ဒါဟာ သူမအမေရဲ့ ဝိညာဉ်ဖြစ်မှန်း အသိအမှတ်မပြုဘဲ မိခင်နဲ့ သမီး ရန်သူတွေလို ထိပ်တိုက်တွေ့မယ်ဆိုရင်လည်း... သူမဝိညာဉ်ထဲက မိစ္ဆာသဘာဝတွေ ကူးစက်သွားပြီး "ဝိညာဉ်တစ်သောင်း အလံတော်" ရဲ့ စွမ်းအားအကူအညီနဲ့ ခဏတာအတွင်း ယိုကွမ်းဟာ မိစ္ဆာဧကရာဇ်အဆင့် စွမ်းအားမျိုး ရရှိကာ စုချင်းရွှယ်ကို တိုက်ခိုက်မှာပင် ဖြစ်သည်။
ဒါကြောင့် စုချင်းရွှယ် ဘယ်လိုပဲ ရွေးချယ်ပါစေ၊ ရလဒ်ကတော့ အတူတူပဲ ဖြစ်သည်။
လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး... သွေးမိစ္ဆာဧကရာဇ်ဟာ စုချင်းရွှယ်ကို အပြတ်ရှင်းဖို့ ဦးနှောက်ခြောက်အောင် ကြံစည်ခဲ့ရတာဖြစ်ပြီး၊ အခုတော့ သူ့ရည်ရွယ်ချက် အောင်မြင်သွားခဲ့လေပြီ။
မိစ္ဆာအသွင်ပြောင်းသွားသော ယိုကွမ်း၏ အရှိန်အဝါများက ကောင်းကင်ယံထက်တွင် တဟုန်ထိုး မြင့်တက်လာပြီး ကမ္ဘာမြေပေါ်သို့ စစ်မှန်သော မိစ္ဆာဧကရာဇ်တစ်ပါး ဆင်းသက်လာသကဲ့သို့ပင် ထင်မှတ်ရလေသည်။
စုချင်းရွှယ်မှာမူ... တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲထားရပြီးဖြစ်လို့ အားအင်တွေ ကုန်ခမ်းလုနီးပါး ဖြစ်နေချေပြီ ဖြစ်သည်။
သူမသည် မျက်ခုံးကို အပြင်းအထန် တွန့်ကွေးလိုက်မိသည်။ ခုနက တိုက်ကွက်က ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့တာက "ဝိညာဉ်တစ်သောင်း အလံတော်" ကြောင့် ဖြစ်ရပေမည်။
"ချင်းရွှယ်... မေမေ့မျက်စိထဲမှာတော့ သမီးက အမြဲတမ်း လိမ္မာတဲ့ ကလေးမလေးပါ"
ယိုးကွမ်၏ လေသံက ရေခဲကဲ့သို့ အေးစက်နေပြီး အမုန်းတရားများဖြင့် ဖွဲ့စည်းထားသည့် နက်မှောင်သော ပေတံတစ်ခု သူမ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
"သမီးက ဒီလောက်အထိ လမ်းမှားရောက်သွားလိမ့်မယ်လို့ မေမေ မထင်ခဲ့ဘူး။ အမျိုးသားတစ်ယောက်အတွက်နဲ့ မေမေ့စကားကိုတောင် နားမထောင်ရဲဘူးပေါ့လေ"
"ဒီနှစ်တွေအတွင်း မေမေ ဘေးမှာ မရှိခဲ့တော့ သမီးကို ဆုံးမမယ့်သူ မရှိ ဖြစ်နေပုံပဲ"
ဖြန်း
ပေတံက လေထုကို ဖြတ်သန်းကာ စုချင်းရွှယ်ထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး သွေးစို့နေသော အစင်းကြောင်းကြီးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
စုချင်းရွှယ် ညည်းတွားလိုက်မိပြီး လေထဲတွင် ဒူးတစ်ဖက် ထောက်ကျသွားကာ သူမ၏ ခန္ဓာကိုယ်ကိုပင် မနည်း ထိန်းထားနေရသည်။
"သမီး ခံစားရတဲ့ နာကျင်မှုက မေမေ့ရဲ့ နာကျင်မှုပဲ"
"ချင်းရွှယ်... သမီး အမှားကို သိပြီလား"
"ကျွန်မ... ဘာမှ မမှားဘူး" စုချင်းရွှယ်က ခေါင်းမာစွာဖြင့် ပြန်လည် ထရပ်လိုက်သည်။
"ခေါင်းမာလှချည်လား"
ဖြန်း နောက်တစ်ချက် ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။
"အမေ... သမီးရဲ့ အစ်မကို မရိုက်ပါနဲ့တော့" စုယွီမော့က အောက်ကနေ အော်ဟစ်ပြီး သူမအစ်မအတွက် ငိုယိုကာ အသနားခံလိုက်သည်။
မိစ္ဆာအသွင်ပြောင်းနေသော ယိုကွမ်းသည် မီးအိမ်ကြီးအလား ရဲရဲတောက်နေသော မျက်ဝန်းအစုံဖြင့် အောက်သို့ ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်ပြီး စုယွီမော့ထံသို့ အကြည့်ချင်း ဆုံလိုက်သည်။
"ယွီမော့... သမီးလည်း လမ်းမှားရောက်နေတာပဲ"
"မေမေ နောက်မှ သမီးနဲ့ စာရင်းသေသေချာချာ ရှင်းမယ်"
စုယွီမော့သည် သူမ၏ တင်ပါးဆီမှ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသလို ဖြစ်သွားပြီး... ငယ်ငယ်တုန်းက မိဘနှစ်ပါးစလုံးရဲ့ ညှပ်ပိတ်ရိုက်နှက်ခြင်းကို ခံခဲ့ရတဲ့ အတိတ်ဒဏ်ရာကို ချက်ချင်း သတိရသွားကာ ကြောက်လန့်တကြားဖြင့် ဘာသံမှ မထွက်ရဲတော့ချေ။
"ကိုယ့်သမီးကို ကိုယ်ရိုက်တာ ဘာစွမ်းတာမှတ်လို့လဲ။ တကယ် စွမ်းတယ်ဆိုရင်... သမက်ကို လာရိုက်စမ်းပါ"
ပြောပြီးနောက်... လျူယွမ်က ကောင်းကင်ယံက တောက်ပနေသော အလင်းတန်းဆီသို့ လက်ခလယ် ထောင်ပြလိုက်သည်။
စုယွီမော့မှာ ဆွံ့အသွားခဲ့ရလေသည်။
မဟုတ်သေးဘူး... ခဲအို... ရှင်က သာမန်လူသားတစ်ယောက်ပဲ ဖြစ်ပြီးတော့... အမေကို ဘာလို့ သွားပြီး ရန်စရဲတာလဲ
အမေက ရှင့်ကို တစ်ချက်တည်းနဲ့ အသေရိုက်သတ်လို့ ရတယ်နော်
စုယွီမော့က လျူယွမ်ရဲ့ လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး ယိုကွမ်းကို လှမ်းပြောလိုက်သည် - "အမေ... ခဲအိုက နောက်နေတာပါ"
သို့သော်လည်း လျူယွမ်က ယိုကွမ်းကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ စုချင်းရွှယ်ကို လှမ်းအော်ပြောလိုက်သည် - “မိန်းမ... ဒီကို မြန်မြန်လာ။ မောင် မင်းကို ကာကွယ်ပေးမယ်"
ထိုစကားကို ကြားလိုက်ရသောအခါ စုချင်းရွှယ်၏ အေးစက်နေသော နှလုံးသားထဲတွင် နွေးထွေးသော အရှိန်အဝါတစ်ခု တဟုန်ထိုး စီးဆင်းသွားခဲ့ရသည် -
သူ... သူ ငါ့ကို ဒီလောက်ထိတောင် ချစ်တာပဲ။
"နှုတ်ချိုသွေးထိုးနေတာပဲ" ယိုကွမ်းက လှောင်ပြောင်လိုက်သည် - "သူက သမီးကို တကယ်ချစ်တယ်ဆိုရင်... ဘာလို့ ရှေ့ထွက်လာပြီး တောင်းပန်ပြီး သမီးအတွက် အသေမခံရဲတာလဲ"
သူမ စကားကို ဆက်ပြောမည့်အချိန်မှာပင်...
"ပစ်စမ်း"
အဘိုးဝမ်က အော်ဟစ်လိုက်ပြီး သူ၏ လေးလံလှသော စနိုက်ပါရိုင်ဖယ်ကို မောင်းဆွဲလိုက်တော့သည်။
ဒိုင်း
လျှပ်စီးကြောင်းများ ဖြာထွက်နေသော သံချပ်ကာဖောက် ကျည်ဆန်သည် လေထုကို ဖြတ်သန်းကာ ယိုကွမ်း၏ မျက်နှာဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ယိုကွမ်းက ပေတံကို ဝှေ့ယမ်းပြီး ပေါ့ပေါ့ဆဆ ပုတ်ထုတ်လိုက်သော်လည်း ကျည်ဆန်၏ ပေါက်ကွဲအားကြောင့် ဟန်ချက်ပျက်ကာ နောက်သို့ ယိမ်းထိုးသွားခဲ့ရသည်။
"တိုက်ကြစမ်း"
အဘိုးချန်၏ ကျယ်လောင်သော ဟစ်အော်သံနှင့်အတူ... ခြံဝင်းတစ်ခုလုံးတွင် ရုတ်တရက် အလင်းတန်းများ စူးရှစွာ တောက်ပလာတော့သည်။
ကိုးဆင့်မြောက် မဟာအစီရင်ခံကြီးက ရုတ်ချည်း အသက်ဝင်လာခဲ့လေပြီ။
နဂါးပြာ၊ ကျားဖြူ၊ ဖီးနစ်နှင့် လိပ်နက်တို့၏ ဝိညာဉ်ပုံရိပ်ကြီးများ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။
"ယောက္ခမကြီး... ကျုပ်ရဲ့ ဓားမကြီးကို မြည်းစမ်းကြည့်စမ်း"
အဘိုးကျန်းက လည်ပတ်နေသော ရွှေရောင်ဆေးလုံးကြီးကို ထုတ်ဖော်လိုက်ပြီးနောက် ယိုကွမ်းထံသို့ ပစ်ပေါက်လိုက်လေသည်။
"ဓား... လာစမ်း"
အဘိုးလီက လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ရာ... ဓားအရှိန်အဝါတစ်ခုက ကောင်းကင်နှင့် မြေပြင်ကို ထိုးဖောက်သွားခဲ့သည်။
အခြား အငြိမ်းစား သက်ကြီးရွယ်အိုများကလည်း စုချင်းရွှယ်ကို ကာကွယ်ရန် တိုက်ပွဲထဲ ဝင်ရောက်လာကြသည်။
"ချင်းရွှယ်... နောက်ဆုတ်နေလိုက်။ ဒါကို ငါတို့ လက်ထဲပဲ ထားလိုက်စမ်းပါ"
"ယွမ်အာ ပြောတာ မှန်တယ်။ ငါတို့ မင်းကို ကာကွယ်ပေးမယ်"
"ဒါ မင်းရဲ့ အိမ်ပဲ။ ဘယ်သူ့ကိုမှ မင်းကို ထိခိုက်အောင် လုပ်ခွင့်မပြုနိုင်ဘူး"
အငြိမ်းစား အဖိုးအိုတစ်စုနှင့် မိစ္ဆာအသွင်ပြောင်းနေသော ယိုကွမ်းတို့သည် လေထဲတွင် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေကြချေပြီ။
သူတို့ရဲ့ အကူအညီကြောင့် စုချင်းရွှယ်ရဲ့ ဖိအားတွေက အများကြီး လျော့နည်းသွားပြီး၊ သွေးမိစ္ဆာဧကရာဇ်ကို စတင် ရှာဖွေတော့သည်။
သူမ မသိစိတ်ဖြင့် ခြံဝင်းထဲကို ငုံ့ကြည့်လိုက်သည်။
သွေးမိစ္ဆာဧကရာဇ်က တိတ်တဆိတ် ပေါ်လာခဲ့လေသည်။
"မဖြစ်ဘူး"
စုချင်းရွှယ်သည် သူမ၏ ခင်ပွန်းနှင့် သမီးကို ကာကွယ်ရန် အောက်သို့ ဆင်းချင်သော်လည်း နောက်ကျသွားခဲ့ချေပြီ။
သွေးမိစ္ဆာဧကရာဇ်က လျူယွမ်၏ လမ်းကို ပိတ်ဆို့လိုက်ကာ-
"ဟီးဟီးဟီး... မင်း ဘယ်ကို ပြေးမလို့လဲ"
လျူယွမ် စိတ်ထဲကနေ ရယ်ချင်သွားမိသည် - "ပြေးမယ် ဟုတ်လား။ ငါက လှုပ်နေလို့လား"
သူသည် သမီးဖြစ်သူ၏ ပါးစပ်ထဲက နို့သီးအတုကို သေသေချာချာ ပြန်တည့်ပေးလိုက်သေးသည်။
"ဒီညရဲ့ ပွဲတော်ကြီးကို သဘောကျရဲ့လား" သွေးမိစ္ဆာဧကရာဇ်က လျူယွမ်ကို စိတ်အာရုံချင်း ဆက်သွယ်ပြီး စကားပြောလိုက်သည်။
ပုံမှန်ဆိုရင်တော့ သူ စကားပြောဖို့ အချိန်ရမှာ မဟုတ်ပါပေ။
ဒါပေမဲ့ အသံလှိုင်း စီးဆင်းမှုက မြန်ဆန်လွန်းလို့ ခဏတာအတွင်းမှာတင် ပြီးဆုံးသွားသည်။
သူက လျူယွမ်ကို သူ့ရဲ့ အောင်မြင်မှုတွေကို ကြွားဝါချင်နေတာဖြစ်ပြီး၊ သူ့ရဲ့ စိတ်ဓာတ်ကို တမင်တကာ ရိုက်ချိုးချင်နေတာလည်း ဖြစ်သည်။
လျူယွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည် - "မင်းက တော်တော်ဉာဏ်ကောင်းတာပဲ။ ငါသာ မင်းနေရာမှာဆိုရင် အခုချက်ချင်း ထွက်ပြေးလိုက်ပြီ။ ဒါဆိုရင်တော့ အချိန်မီဦးမှာပေါ့"
ထိုခဏ၌ အချိန်တွေ နှေးကွေးသွားသလို ခံစားရပြီး သွေးမိစ္ဆာဧကရာဇ်က လျူယွမ်ထံသို့ ပိုမို နီးကပ်လာခဲ့လေသည်။
"မင်းရဲ့ ဇနီးက အရမ်း ခက်ထန်လွန်းတယ်။ ပြီးတော့ အဲဒီ အဖိုးကြီးတွေကလည်း သူမကို ကာကွယ်ပေးနေကြတာဆိုတော့... သူမကို ဖမ်းခေါ်သွားဖို့က တကယ်ပဲ မလွယ်ဘူး"
"ဒါပေမဲ့... ငါက ပိုပြီး ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုကို ရှာတွေ့သွားပြီ"
၎င်း၏ အကြည့်က လျူယွမ်၏ ရင်ခွင်ထဲက သမီးငယ်လေးထံသို့ ကျရောက်သွားလေသည်။
"မှန်တယ်။ ဒါ မင်းရဲ့ သမီးပဲ"
"ဒီကလေးမလေးက မွေးကတည်းက ကောင်းကင်နဲ့ မြေပြင်ကို တုန်လှုပ်စေမယ့် စွမ်းအားတွေ ပါလာတာ။ အတိုင်းအဆမဲ့တဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတာပဲ။ အကယ်၍ သူမရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ အထွတ်အထိပ် ကျင့်စဉ်တွေကို ကျင့်ကြံခိုင်းမယ်ဆိုရင်... သူမက လောကအပေါင်းမှာ နံပါတ်တစ် မိစ္ဆာမကြီး ဖြစ်လာမှာ သေချာတယ်"
"ငါတို့ သဘောတူညီချက်ကို မှတ်မိသေးလား" သွေးမိစ္ဆာဧကရာဇ်၏ လေသံမှာ သွေးဆောင်မှုများဖြင့် ပြည့်နှက်နေသည် - "ငါတို့... သားအဖတွေ လုပ်ကြမလား"
"ငါ့သမီး လုပ်ချင်တာလား" လျူယွမ်က သမီးဖြစ်သူရဲ့ နို့သီးအတုကို ကိုင်ရင်း ပြောလိုက်သည် - "အရင်ဆုံး ငါ့ကို 'ဖေဖေ' လို့ ခေါ်စမ်းပါဦး"
သွေးမိစ္ဆာဧကရာဇ် - "ဖေဖေ"
"နားဝင်မချိုလိုက်တာ" လျူယွမ်က စက်ဆုပ်ရွံရှာသော မျက်နှာထားဖြင့် ပြောလိုက်သည် - "ဖေဖေက ဒါကို သဘောမကျဘူး"
"ဟွန့်... မင်းသမီးက ငါ့အပိုင်ပဲ" သွေးမိစ္ဆာဧကရာဇ်က လှောင်ပြောင်လိုက်သည် - "ငါ မင်းသမီးကို သုံးပြီး မင်းကို ကျင့်ကြံခြင်းဆေးလုံးအဖြစ် သန့်စင်ပစ်မယ်"
စုယွီမော့က အော်ဟစ်လိုက်သည် - "ခဲအို... မကြောက်နဲ့။ ကျွန်မ ရှင်နဲ့ နျန်နျန်ကို ကာကွယ်ပေးမယ်"
သူမ ကြောက်လန့်တုန်ရင်နေသော်လည်း... လက်မောင်းနှစ်ဖက်ကို ဆန့်တန်းကာ လျူယွမ်၏ ရှေ့တွင် ကာဆီးရပ်တည်လိုက်သည်။
လျူယွမ်က သူမကို ဘေးသို့ တွန်းထုတ်လိုက်ကာ-
"နောက်ဆုတ်နေလိုက်။ ဒါကို ခဲအို လက်ထဲပဲ ထားစမ်းပါ"
သွေးမိစ္ဆာဧကရာဇ်က အနီးဆုံးသို့ ရောက်ရှိလာခဲ့လေပြီ။
သူသည် လျူယွမ်၏ သမီးငယ်လေးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
သို့သော်လည်း... ကလေးငယ်လေးကို ထိခါနီး အချိန်မှာပင်... ၎င်းသည် အတိုင်းအဆမဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြီးတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုဖိအားက ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးအထိပင် ရိုက်ခတ်သွားစေသည်။
တစ်ခုခုတော့ မဟုတ်တော့ဘူး။
ဒီမှာ တခြား အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေ ရှိနေသေးတာလား….။