အခန်း ၃၉
Vol. 4 Ch. 39
အပိုင်း (၃၉)
စုချင်းရွှယ်၏ မျက်ဝန်းအစုံမှာ မာကျောခက်ထန်လွန်းလှသည့် ရှေးဟောင်းရေခဲပြင်ကြီးကဲ့သို့ အေးစက်နေခဲ့သည်။
အေးစက်လှသော ဓားအလင်းတန်းက လျှပ်ခနဲ ဝင်းလက်သွားပြီး အချိန်နှင့်အမျှ ဖြစ်တည်လာခဲ့သမျှ ကံတရားအားလုံးကို အပြတ်အသတ် ဖြတ်တောက်ပစ်မည့် ပြတ်သားသော သန္နိဋ္ဌာန်နှင့်အတူ သွေးမိစ္ဆာဧကရာဇ်၏ ဝိညာဉ်ထံသို့ တဟုန်ထိုး ကျရောက်သွားတော့သည်။
"မဖြစ်နိုင်ဘူး... ငါ... ငါ လုံးဝ မကျေနပ်ဘူး..."
သွေးမိစ္ဆာဧကရာဇ်သည် နောက်ဆုံးအချိန်အထိ အသည်းအသန် ရုန်းကန်နေဆဲဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လှသော ကျိန်စာတစ်ခုကိုပါ အော်ဟစ်သွားခဲ့သည် -
"မင်း အခု တန်ဖိုးထားနေတဲ့ အချစ်က... မနက်ဖြန်မှာ မင်းရဲ့ ရင်ဘတ်ကို ထိုးစိုက်မယ့် ဓားတစ်စင်း ဖြစ်လာလိမ့်မယ်..."
သူ စကားပင် မဆုံးသေးခင်မှာတင် ဘာမှမကျန်တော့ဘဲ လေဟာနယ်ထဲသို့ လုံးဝ ပျောက်ကွယ်သွားခဲ့ရလေသည်။ ဖုန်မှုန့်တစ်စပင် မကျန်ခဲ့ချေ။
သူ၏ ဝိညာဉ်မှာ လွင့်စင်ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
လျူယွမ်သည် ထိုမိစ္ဆာအိုကြီး မြေပြင်အက်ကွဲကြောင်းထဲတွင် ပုန်းနေမည်ကို စိုးရိမ်သဖြင့် မြေကြီးကို ခြေထောက်ဖြင့် နှစ်ချက်လောက် အသာနင်းကြည့်လိုက်မိသည်။
စုချင်းရွှယ်က ဖြည်းညှင်းစွာ လှည့်လာခဲ့သည်။
မိစ္ဆာဧကရာဇ်ကို ခုနတင် ချေမှုန်းလိုက်သည့် နီရဲသော ဓားရှည်ကြီးက လျူယွမ်ထံသို့ တည့်တည့်မတ်မတ် ဦးတည်လာခဲ့လေပြီ။
လျူယွမ်သည် ထိုကဲ့သို့ ညှာတာမှုကင်းမဲ့သော အကြည့်ကို ကြည့်ပြီး -
“အိုးမိုင်ဂေါ့... မိန်းမ... မင်း ဘာလုပ်မလို့လဲ"
လင်ကို သတ်မလို့လား။
စုချင်းရွှယ်၏ မျက်နှာက ရင်သပ်ရှုမောဖွယ် လှပလွန်းလှသော်လည်း တုန်လှုပ်ချောက်ချားစရာ ကောင်းလောက်အောင် အေးစက်နေခဲ့သည်။
၎င်းက ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ပုရွက်ဆိတ်များကဲ့သို့ သဘောထားသည့် နတ်ဘုရားတစ်ပါး၏ အေးစက်မှုမျိုး ဖြစ်သည်။
သူမသည် သူမ၏ `သံယောဇဥ် ကင်းမဲ့ခြင်း´ ဟုခေါ်သော ကျင့်စဉ်၏ လွှမ်းမိုးခြင်းကို ခံထားရမှန်း လျူယွမ် ချက်ချင်း ရိပ်မိလိုက်သည်။
ထိုမြင့်မြတ်လှသော နီရဲသည့် နှုတ်ခမ်းအစုံက အနည်းငယ် လှုပ်ရှားသွားပြီး...
စုချင်းရွှယ်က ပြောလိုက်သည် -
“ကျွန်မ မောင့်ကို ချစ်တယ်"
ထိုအသံထဲတွင် မည်သည့်ခံစားချက်မျှ မပါဝင်ဘဲ သာမန်အချက်အလက်တစ်ခုကို ပြောပြနေသကဲ့သို့ တည်ငြိမ်လွန်းလှကာ လူသားတစ်ယောက်၏ နွေးထွေးမှုမျိုး လုံးဝ မရှိချေ။
လျူယွမ်ပင် ချက်ချင်း အသိမဝင်နိုင်ဘဲ ဖြစ်သွားခဲ့ရသည်။
သူ့မိန်းမရဲ့ ဒုတိယစရိုက်က ချစ်စကားပြောတာတောင် ဒီလောက်အထိ အေးစက်နေရသလား။
လျူယွမ်က မြတ်နိုးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြုံးလိုက်ကာ - “မောင်လည်း မင်းကို ချစ်တယ်... မိန်းမ"
သူ စကားပြောပြီးပြီးချင်းမှာပင် စုချင်းရွှယ်၏ တင်းမာနေသော ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံး ချက်ချင်း ဆုတ်ယုတ်သွားသယောင် ရှိသွားခဲ့သည်။
သူမ၏ မျက်ဝန်းထဲက နတ်ဘုရားအလင်းတန်းများ မှေးမှိန်သွားကာ ခန္ဓာကိုယ်မှာ ပျော့ခွေပြီး နောက်သို့ လဲကျသွားခဲ့သည်။
လျူယွမ်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လက်တစ်ဖက်ဖြင့် သမီးဖြစ်သူကို ပွေ့ချီထားရင်း အခြားလက်တစ်ဖက်ဖြင့် ဇနီးဖြစ်သူကို ရင်ခွင်ထဲသို့ မြဲမြံစွာ ဖမ်းထိန်းလိုက်သည်။
ဘယ်ဘက်လက်တွင် သမီးငယ်နှင့် ညာဘက်လက်တွင် ဇနီးသည်…
ဇနီးသည်၏ ဆံနွယ်များဆီမှ သင်းပျံ့သော ရနံ့လေးက နှာခေါင်းထဲသို့ တိုးဝင်လာပြီး သမီးငယ်လေး၏ အသက်ရှူသံလေးတို့က နားထဲတွင် ပြည့်နှက်နေခဲ့သည်။
ငါ့ဘဝတော့ ပြည့်စုံသွားလေပြီ ဖြစ်သည်။
လျူယွမ်၏ ရင်ထဲတွင် ပျော်ရွှင်ကြည်နူးမှုများ တဟုန်ထိုး ပြည့်နှက်လာခဲ့လေသည်။
သူ့ရင်ခွင်ထဲတွင် ခိုလှုံနေသော စုချင်းရွှယ်သည် မောပန်းနွမ်းနယ်နေသော မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ ထိုအေးစက်မှုများမှာ ကွယ်ပျောက်သွားခဲ့ပြီး ရိုးသားဖြူစင်မှုနှင့် နူးညံ့သိမ်မွေ့မှုများ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူမက ခင်ပွန်းဖြစ်သူကို မော့ကြည့်ကာ တိုးတိုးလေး မေးလိုက်သည် -
"မောင်... ကျွန်မ ဗိုက်ဆာပြီ။ မောင် ချက်ပေးတဲ့ ခေါက်ဆွဲစားချင်တယ်"
လျူယွမ်မှာ ရယ်ပင်ရယ်ချင်သွားတော့သည်။
သူက သူမ၏ နှာခေါင်းလေးကို အသာအယာ ဆိတ်ဆွဲလိုက်ပြီး "အထဲရောက်ရင် ကိုယ် ခေါက်ဆွဲပြုတ်ပေးမယ်" ဟု ပြောလိုက်သည်။
သူသည် စုချင်းရွှယ်ကို သူ့ပုခုံးပေါ် မှီစေပြီး နူးညံ့စွာ မေးလိုက်သည် - “မိန်းမက ကလေးမွေးပြီးပြီးချင်း တိုက်ပွဲဝင်ခဲ့ရတာဆိုတော့ အရမ်း ပင်ပန်းနေပြီမလား"
"အင်း..." စုချင်းရွှယ်က ကြောင်ပေါက်လေးတစ်ကောင်လို သူ့ကို ကပ်ချွဲလိုက်ပြီးနောက် အခြားလက်တစ်ဖက်ဖြင့် ပွေ့ချီထားသော သမီးဖြစ်သူထံသို့ အကြည့် ရောက်သွားခဲ့သည် - "မောင်... လာ... ကျွန်မကို သမီးလေး ပေးချီဦး"
လျူယွမ်က သမီးဖြစ်သူ လျူနျန်ကို ဂရုတစိုက် လွှဲပြောင်းပေးလိုက်သည်။
စုချင်းရွှယ်သည် သမီးငယ်လေး၏ သေးငယ်သော ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်လိုက်ရသည့်အခါ မျက်လုံးထဲတွင် မျက်ရည်များ ချက်ချင်း ဝဲတက်လာခဲ့သည်။
ဒါ... သူမရဲ့ သမီးလေးပဲ...
သူမ ကိုးလလွယ် ဆယ်လဖွားခဲ့ပြီး ဒီညတင်ပဲ ဗိုက်ထဲက ထွက်လာတာမို့ ခန္ဓာကိုယ်လေးက နွေးထွေးနေဆဲပင် ဖြစ်သည်။
သမီးဖြစ်သူက အိပ်ပျော်နေပြီး အငိုလည်းမသန်၊ ဂျီလည်းမကျဘဲ အရမ်း လိမ္မာနေတာကို သူမ သတိပြုမိလိုက်သည်။
သူမက မအောင့်နိုင်ဘဲ ခေါင်းကိုငုံ့ကာ သမီးဖြစ်သူ၏ နီမြန်းနေသော ပါးပြင်လေးကို ဖြည်းညှင်းစွာ နမ်းလိုက်မိသည်။
"မောင်... ကြည့်ဦး... သမီးလေးရဲ့ နဖူးက မောင့်လိုပဲ၊ နှာခေါင်းလေးကလည်း မောင့်နှာခေါင်းနဲ့ တူတယ်" စုချင်းရွှယ်က ပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
"မင်းနဲ့ ပိုတူပါတယ်" လျူယွမ်က ပြန်ငြင်းလိုက်သည် - "နျန်နျန်က မင်းရဲ့ အလှတရားတွေကို လုံးဝ ဆက်ခံထားတာ"
ထိုအချိန်မှာပင် အမေဖြစ်သူ၏ ရင်ခွင်ထဲတွင် အချီခံထားရသော လျူနျန်လေးက တစ်ခုခုကို အနံ့ရသွားပုံပေါ်ပြ သူမက နှာခေါင်းလေးကို ရှုံ့ကာ အကြောဆန့်ပြီး နိုးလာခဲ့သည်။
သူမက နှုတ်ခမ်းလေးကို သပ်လိုက်ပြီး ရုတ်တရက် နို့ဘူးက သိပ်အရသာမရှိတော့သလို ခံစားလိုက်ရသည်။
သူမ၏ လက်သေးသေးလေးများက အမေဖြစ်သူ၏ ရင်ဘတ်ပေါ်တွင် ဟိုစမ်းဒီစမ်းဖြင့် သူမ၏ ကိုယ်ပိုင် "ရိက္ခာ" ကို ရှာဖွေရန် ကြိုးစားလာခဲ့တော့သည်။
"ဟင်..." စုချင်းရွှယ်က အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည် - "မောင်... နျန်နျန် ဘာဖြစ်လို့လဲ"
ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ လျူယွမ် ချက်ချင်း နားလည်သွားပြီး ရှင်းပြလိုက်သည် - "မိန်းမ... သမီးလေး ဗိုက်ဆာလို့ နို့စို့ချင်နေတာ။ ဒါပေမဲ့ မင်းက ခုနတင် တိုက်ပွဲဝင်ထားရတာဆိုတော့ ခန္ဓာကိုယ်က အားနည်းပြီး အားအင်တွေ မပြည့်သေးဘူးလေ။ နို့တိုက်ဖို့ နောက်နှစ်ရက်လောက် စောင့်လိုက်ရအောင်"
"ရပါတယ်" စုချင်းရွှယ်က မိခင်တစ်ယောက်၏ မေတ္တာကြောင့် ချက်ချင်း ခေါင်းခါလိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ - "နျန်နျန်လေးကို ဗိုက်ဆာအောင် မထားနိုင်ပါဘူး"
သူမ စကားပြောရင်း ရင်ဘတ်က ကြယ်သီးတွေကို စဖြုတ်လိုက်တော့သည်။
ဒီမြင်ကွင်းက အနားမှာ ရှိနေတဲ့သူ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
စုယွီမော့က "အာ..." ဟု အော်လိုက်ပြီး မျက်နှာလေး ရဲခနဲ ဖြစ်သွားကာ အစ်မဖြစ်သူ၏ ရှေ့တွင် အမြန် ကာရပ်လိုက်သည်။
သူမက တံတွေးကို အနိုင်နိုင် မျိုချလိုက်မိပြီး တူမလေး လျူနျန်ရဲ့ ရိက္ခာကို အနည်းငယ် မနာလိုဖြစ်နေပုံရသည်။
ထို့နောက် သူမ၏ ရန်လိုသော အကြည့်က ခဲအိုဖြစ်သူ လျူယွမ်ထံသို့ ကျရောက်သွားခဲ့သည်။
လျူယွမ်လည်း သူ့ဇနီး ခန္ဓာကိုယ် ပေါ်သွားမှာ စိုးရိမ်သဖြင့် ချက်ချင်းပဲ နို့မတိုက်ရန် တားမြစ်လိုက်ရသည်။
အပေါ်ယံ ကောင်းကင်ထက်တွင်မူ...
အဘိုးချင်နှင့် အဘိုးအိုတစ်စုသည် ယိုကွမ်း၏ ဝိညာဉ်အကြွင်းအကျန်များနှင့် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။
သွေးမိစ္ဆာဧကရာဇ် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မိစ္ဆာလက်နက်ဖြစ်သည့် "ဝိညာဉ်တစ်သောင်း အလံတော်" ကမူ ဇွဲကောင်းကောင်းဖြင့် ဆက်လက် ရုန်းကန်နေဆဲ ဖြစ်သည်။ ထိုအလံတော်၏ စွမ်းအားကြောင့် ယိုကွမ်းက ဆက်လက် တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။
အောက်တွင် ပျော်ရွှင်နေသော မိသားစုသုံးယောက်ကို ကြည့်ရင်း အဘိုးအိုများသည် နောက်ဆုံးကျန်ရှိနေသော ပျော်ရွှင်မှုကို ကာကွယ်ရန် စိတ်အားထက်သန်စွာဖြင့် ကြိုးစားနေကြသည်။
"ငါ ဒီအိမ်ထောင်ရေးကို သဘောမတူဘူး"
ယိုကွမ်း၏ ကိုယ်တွင်းမိစ္ဆာက လှုံ့ဆော်ခံလိုက်ရပုံပေါ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် စုချင်းရွှယ်ထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
စုချင်းရွှယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသော်လည်း တည်ငြိမ်နေဆဲပင်။ သူမက ခေါင်းကိုငုံ့ကာ သမီးဖြစ်သူကို အနူးညံ့ဆုံး အသံဖြင့် ပြောလိုက်သည် -
"နျန်နျန်... အဘွားက အောက်ကို ဆင်းလာပြီ။ မြန်မြန် မျက်လုံးဖွင့်ပြီး ကြည့်လိုက်ဦး"
"ယာ့…"
အမေဖြစ်သူ၏ စကားကို နားလည်သကဲ့သို့ လျူနျန်လေးက သမ်းဝေလိုက်ပြီး သူမ၏ ကောင်းကင်မျက်စိကို ပြန်ဖွင့်လိုက်တော့သည်။
ဝုန်း...
မမြင်နိုင်သော ဥပဒေသ စွမ်းအားကြီးတစ်ခု ချက်ချင်း ကျရောက်လာပြီး ခုနတင် ဆင်းသက်လာခဲ့သော ယိုကွမ်း၏ ဝိညာဉ်အကြွင်းအကျန်ကို ထိုနေရာတွင်တင် မြဲမြံစွာ အေးခဲပစ်လိုက်တော့သည်။
"ချင်းရွှယ်... မင်းလို မိုက်မဲတဲ့သမီး... မင်းအမေကို လွှတ်စမ်း"
ယိုကွမ်းသည် ဒေါသကြောင့် မျက်နှာကြီး တွန့်လိမ်နေပြီး အော်ဟစ်လိုက်သည် - "မင်းက သာမန်လူသားတစ်ယောက်နဲ့ ပေါင်းဖက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်အတန်းကျအောင် လုပ်ခဲ့တယ်။ တကယ့်ကို အရှက်မရှိတာပဲ။ အခုလည်း ဒီလို မျိုးမစစ်ကလေးကို မွေးဖွားခဲ့သေးတယ်။ သူမက အဆုံးမဲ့ ကောင်းကင်ဘုံကို ပျက်စီးခြင်းတွေ သယ်ဆောင်လာမှာ အသေအချာပဲ။ သူမကို အသက်ရှင်ခွင့် မပြုနိုင်ဘူး"
"မိုက်မဲတဲ့သမီး" နှင့် “မျိုးမစစ်လေး" ဆိုသည့် စကားလုံးများက ဓားထက်ထက် နှစ်စင်းကဲ့သို့ စုချင်းရွှယ်၏ ရင်ဘတ်ကို နက်ရှိုင်းစွာ ထိုးစိုက်လိုက်သလို ဖြစ်သွားသည်။
သူမ မထိန်းနိုင်တော့သည့် မျက်ရည်များက ပါးပြင်ပေါ်သို့ ပေါက်ခနဲ စီးကျလာခဲ့တော့သည်။
ဒါ သူမရဲ့ မွေးမိခင် အရင်းခေါက်ခေါက်လေ...
"မေမေ... ကျွန်မ ကလေးတုန်းက မေမေ ဒီလောက်အထိ အကျိုးအကြောင်းမဲ့တဲ့သူ မဟုတ်ပါဘူး" သူမက ရှိုက်ကြီးတငင်ဖြင့် - "အဲဒီတုန်းက မေမေက ကြင်နာပြီး နူးညံ့တယ်... ကျွန်မ တစ်ခုခုမှားရင် အမြဲတမ်း အကျိုးအကြောင်းပြပြီး ဆုံးမတတ်တယ်... ဒါပေမဲ့ အခု မေမေက အရမ်း ကြောက်ဖို့ကောင်းနေပြီ"
ဒါက သူမအမေရဲ့ ဝိညာဉ်အကြွင်းအကျန် ဖြစ်သော်လည်း "ဝိညာဉ်တစ်သောင်း အလံတော်" ရဲ့ မိစ္ဆာစွမ်းအင်တွေကြောင့် အသိစိတ် ပျက်ပြားနေပြီဆိုတာကို သူမ သိနေသည်။
သို့သော်လည်း ဒီစကားတွေကို ကြားရတာ နာကျင်ရဆဲပင်…
စုယွီမော့ကလည်း အော်ဟစ်ငိုယိုလိုက်သည် - "မေမေ... မမကို ဆက်မကြိမ်းမောင်းပါနဲ့တော့။ ခဲအိုက မေမေ ထင်သလို အဆင့်မရှိတဲ့သူ မဟုတ်ပါဘူး"
သမီးနှစ်ယောက် ငိုယိုနေသည်ကို ကြားရသောအခါ ယိုကွမ်း၏ မျက်နှာတွင် ပြင်းထန်သော နာကျင်မှုတစ်ခု ဖြတ်သန်းသွားပြီး သူမ၏ ဝိညာဉ်က ပြင်းထန်စွာ တုန်ရီလာကာ ရုန်းကန်နေပုံရသည်။
သို့သော်လည်း ပြင်းထန်လှသော မိစ္ဆာစိတ်က အသာစီး ရနေဆဲပင် ဖြစ်သည်။
ထိုအချိန်မှာပင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လျူယွမ်က ရုတ်တရက် စကားပြောလာခဲ့သည်။
သူက ယောက္ခမဖြစ်သူကို ကြည့်ကာ ကလေးတစ်ယောက်ကို ချော့မြှူနေသကဲ့သို့ နူးညံ့သောအသံဖြင့် ပြောလိုက်သည် -
"မေမေ... မေမေ နည်းနည်း ဆိုးနေပြီ။ လိမ္မာရမယ်လေ"
ယိုကွမ်း၏ ဝိညာဉ်အကြွင်းအကျန်မှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားပြီး - "မင်းလို ကောင်က... ဘာပြောလိုက်တာလဲ"
စုယွီမော့မှာလည်း အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည် - "ခဲအို... ရှင်တော့ သဘာဝတရားကို ဆန့်ကျင်လိုက်ပြီပဲ"
သို့သော်လည်း အံ့ဖွယ်တစ်ခု ဖြစ်ပျက်ခဲ့သည်။
လျူယွမ်၏ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားလုံးက ယိုကွမ်း၏ ဝိညာဉ်အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိသွားပုံရသည်။
"အား..."
ယိုကွမ်းက ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။
သူမထံမှ ထွက်ပေါ်နေသော ထူထပ်လှသည့် ခရမ်းရင့်ရောင် မိစ္ဆာမြူခိုးများက သူတို့၏ အကြောက်တရားနှင့် တွေ့လိုက်ရသကဲ့သို့ ချက်ချင်းပင် လွင့်စင်ပျက်စီးသွားခဲ့ရလေသည်။
မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် မိစ္ဆာစွမ်းအင်အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူမ၏ မျက်ဝန်းထဲက ကြမ်းကြုတ်မှုများ ကွယ်ပျောက်သွားပြီး မူလအတိုင်း ကြည်လင်ပြတ်သားကာ နူးညံ့သိမ်မွေ့မှုများ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
သူမ လှုပ်ရှားမှု ပြန်ရလာပြီးနောက် စုချင်းရွှယ်၏ ရှေ့တွင် ရပ်ကာ တုန်ရီနေသောအသံဖြင့် ပြောလိုက်သည် -
"ချင်းရွှယ်... မေမေ တောင်းပန်ပါတယ်။ မေမေ့အမှားတွေပါ..."
ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော အမေဖြစ်သူကို ကြည့်ကာ စုချင်းရွှယ်က မျက်ရည်များ စီးကျလျက် ခေါင်းခါလိုက်သည် - "မေမေ... ကျွန်မ မေမေ့ကို အပြစ်မတင်ပါဘူး..."
သူမက လက်ကိုဆန့်ထုတ်ကာ အမေဖြစ်သူ၏ လက်ကို ထိတွေ့ချင်မိသည်။
ယိုကွမ်းက လက်ကိုဆန့်ထုတ်ကာ သူမ၏ ဝိညာဉ်လက်ဖဝါးလေးဖြင့် သမီးဖြစ်သူ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
ငါ့ရဲ့ ကလေးတွေ... ကြီးပြင်းလာပြီး အိမ်ထောင်တွေကျ၊ သားသမီးတွေတောင် ရနေကြပြီပဲ….
သူမ၏ မျက်ဝန်းထဲတွင် ချစ်ခြင်းမေတ္တာများနှင့် နောင်တများ ပြည့်နှက်နေခဲ့သည်။
"မေမေ မင်းရဲ့ မင်္ဂလာဝတ်စုံဝတ်ထားတာကို မမြင်လိုက်ရတာ နှမြောစရာပဲ။ မင်းက ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်နေမှာ အသေအချာပဲ”
သူမ ခဏရပ်လိုက်ပြီးနောက် လျူယွမ်ထံသို့ အကြည့်ကို လွှဲပြောင်းလိုက်သည်။
"ချင်းရွှယ်... မင်းက သာမန်လူသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ ဆိုပေမဲ့... အခု မင်း ပျော်ရွှင်နေတာကို မြင်ရတော့ မေမေ... ဘာမှ ကန့်ကွက်စရာ မရှိတော့ပါဘူး"
“သမီးကြိုက်တဲ့ လူသားကို မေမေလည်း သဘောကျပါတယ်"
ယိုကွမ်းက လျူယွမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့သော စွမ်းအားတစ်ခုဖြင့် အတွင်းပိုင်းကို စမ်းသပ်ကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့ရသည် - "ငါ့သမီးကို ကိုယ်ဝန်ရအောင် လုပ်နိုင်ခဲ့တာဆိုတော့... မင်းက တကယ်ပဲ သာမန်လူသားတစ်ယောက် မဟုတ်ဘူးပဲ"
"ချင်းရွှယ်ကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်။ မင်းတို့ရဲ့ အိမ်ထောင်ရေး အဆင်ပြေပါစေ"
"ချင်းရွှယ်၊ ယွီမော့... မေမေ တောင်းပန်ပါတယ်။ မေမေ သမီးတို့နဲ့အတူ ဆက်မနေနိုင်တော့ဘူး"
ယိုကွမ်း၏ ခန္ဓာကိုယ်က အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
"မေမေ..." စုချင်းရွှယ်က မခံစားနိုင်ဘဲ ထပ်မံ ငိုယိုလိုက်မိသည်။
သူမအနေဖြင့် သူမ ငယ်ငယ်တုန်းက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အမေဖြစ်သူက အနားတွင်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်က ကြယ်စင်ကောင်းကင်ကြီးကို လက်ညှိုးထိုးပြပြီး ပုံပြင်တွေ ပြောပြခဲ့ဖူးသည်ကို ပြန်လည် မြင်ယောင်လာခဲ့သည်။
"ကြည့်စမ်း... ကြယ်ကလေးတိုင်းက အိမ်ပြန်သွားကြတဲ့ ဝိညာဉ်လေးတွေပေါ့..."
အလင်းစက်လေးများထဲတွင် ယိုကွမ်း၏ ပုံရိပ်က ပိုမိုမှေးမှိန်သွားခဲ့သော်လည်း သူမ၏ မျက်နှာတွင်မူ ကျေနပ်ပီတိဖြစ်ရသော အပြုံးတစ်ခု ကျန်ရစ်နေခဲ့သည်။
“မေမေ့ရဲ့ သမီးလေးက ကြီးပြင်းလာခဲ့ပြီပဲ။ သူမ ချစ်တဲ့သူကို ရှာတွေ့ခဲ့ပြီး အမေတစ်ယောက်လည်း ဖြစ်လာခဲ့ပြီ….."