အခန်း ၄၀
Vol. 4 Ch. 40
အပိုင်း (၄၀)
"ဝါး... မေမေ..."
စုယွီမော့သည် နေရာအနှံ့သို့ လွင့်ပျံနေသော အလင်းစက်များဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သော်လည်း ဘာတစ်ခုမှ ဖမ်းဆုပ်မရခဲ့ချေ။
ယိုကွမ်း၏ နောက်ဆုံး ဝိညာဉ်ရိပ်လေးသည် ထိုအလင်းတန်းများထဲမှနေ၍ နောက်သို့ လှည့်ကြည့်လာခဲ့သည်။ သူမသည် လက်မောင်းများကို ဆန့်ထုတ်ကာ သမီးနှစ်ယောက်ကို နောက်ဆုံးအကြိမ်အဖြစ် ရင်ခွင်ထဲသို့ ထည့်ပြီး ဖက်ထားချင်ပုံရသည်။
သို့သော်လည်း နောက်ဆုံးတွင်မူ သူမ၏ အစွမ်းမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ မည်သည့်ခြေရာလက်ရာမျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ရလေတော့သည်။
ညီအစ်မနှစ်ယောက်လုံး ခြံဝင်းထဲတွင် ရပ်နေရင်း လေဟာနယ်ကြီးကို ငေးကြည့်ကာ ရင်ထဲတွင် မချိတင်ကဲ ခံစားလိုက်ရသည်။
"မမ..." စုယွီမော့က မျက်ရည်များကို သုတ်လိုက်ရင်း - "မေမေက ကျွန်မတို့ကို ချစ်ပါတယ်။ သူ နောက်ဆုံးတော့ သူ့ရဲ့ ကိုယ်တွင်းမိစ္ဆာကို အနိုင်ယူသွားနိုင်ခဲ့ပြီပဲ"
စုချင်းရွှယ်က အသာအယာ ခေါင်းငြိမ့်လိုက်သော်လည်း သူမ၏ လှပသော မျက်ဝန်းအစုံတွင်မူ သံသယအရိပ်အယောင်အချို့ ဖြတ်သန်းသွားခဲ့သည်။
သူမက ဘေးနားရှိ ခင်ပွန်းဖြစ်သူကို မသိစိတ်ဖြင့် လှည့်ကြည့်ကာ မေးလိုက်သည် - "မောင်... မောင့်အမြင်မှာ ကျွန်မအမေက ဘယ်လိုလူမျိုးလဲဟင်"
လျူယွမ်က ဇနီးဖြစ်သူ၏ ပုခုံးကို ဖက်လိုက်ပြီး -
"မေမေက အရမ်းလှတယ်။ ဒါပေမဲ့ ကိုယ့်မိန်းမလောက်တော့ မလှသေးဘူး"
စုချင်းရွှယ်မှာ ခပ်ရေးရေးလေး ပြုံးလိုက်မိပြီး ရင်ထဲက ဝမ်းနည်းမှုများ အနည်းငယ် လျော့ပါးသွားခဲ့ရသည် - "မေမေက မောင့်အပေါ် အထင်ကြီးပုံရတယ်နော်။ မောင့်စကားဆို နားထောင်သားပဲ။ ကျွန်မမှတ်မိသလောက်ဆိုရင် မေမေက ဖေဖေပြောတာကိုတောင် ဘယ်တော့မှ နားထောင်လေ့မရှိဘူး"
"ဒါပေါ့" လျူယွမ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည် - "ကိုယ့်မျက်နှာက ချောတာကိုး။ မေမေကလည်း လူချောလေးတွေဆို သဘောကျတတ်ပုံရတယ်"
စုချင်းရွှယ်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ထိုအကြောင်းကို ဆက်မတွေးတော့ချေ။ သူမက လက်ကို အသာဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထက်တွင် ပိုင်ရှင်မဲ့ကျန်ရစ်နေခဲ့သည့် [ဝိညာဉ်တစ်သောင်း အလံတော်] က လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
သွေးမိစ္ဆာဧကရာဇ် သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ဤလက်နက်မှာ ပိုင်ရှင်မဲ့ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သွေးမိစ္ဆာဧကရာဇ်သည် သူမ၏မိခင် ယိုကွမ်း၏ ဝိညာဉ်အကြွင်းအကျန်ကို ဘယ်လိုနည်းနဲ့ ရရှိခဲ့သလဲဆိုသည်ကို သူမ အလွန် သိချင်နေခဲ့သည်။
သူမသည် [ဝိညာဉ်တစ်သောင်း အလံတော်] နှင့် သူမ၏ [ကြက်သွေးရောင် ကောင်းကင်ဓား] ကို သိုလှောင်လက်စွပ်ထဲသို့ အတူတူ ထည့်သွင်းသိမ်းဆည်းလိုက်ပြီး နောက်မှ အချိန်ရမှသာ အသေးစိတ် လေ့လာရန် ဆုံးဖြတ်လိုက်သည်။
တိုက်ပွဲကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝှစ်... ဝှစ်... ဝှစ်...
အဘိုးချင် ဦးဆောင်သော အဘိုးအိုတစ်စုသည် ကောင်းကင်ထက်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ကြပြီး ခြံဝင်းထဲတွင် တည်ငြိမ်စွာ ရှိနေကြကာ မိသားစုသုံးယောက်ကို ချက်ချင်း ဝိုင်းအုံလာခဲ့ကြသည်။
"ချင်းရွှယ် သမီးလေး... မြန်မြန်... အဘွားကို ပြစမ်းဦး"
အဘွားစွန်းက စိုးရိမ်တကြီးဖြင့် ရှေ့သို့ အရင်ဆုံး ပြေးထွက်လာခဲ့သည်။ သူမက စကားပင် မပြောနိုင်သေးဘဲ စုချင်းရွှယ်၏ လက်ကောက်ဝတ်ကို ဆွဲယူကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်တော့သည်။
“သမီးက ကလေးမွေးပြီးပြီးချင်း တိုက်ပွဲဝင်ရသလား... ပြီးတော့ ဗိုက်ခွဲမွေးထားတာလေ။ တကယ့်ကို အသက်နဲ့ရင်းပြီး ဆော့ကစားနေတာပဲ"
သွေးခုန်နှုန်းကတော့ တည်ငြိမ်နေခဲ့သည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ ကျင့်စဉ်စွမ်းအားနှင့် သွေးစွမ်းအင်များ အားနည်းနေသော်လည်း အခြေခံအုတ်မြစ်ကမူ ထိခိုက်ပျက်စီးသွားခြင်း မရှိချေ။
နတ်ဘုရားခန္ဓာကိုယ်ကတော့ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
"သမီးလေး..." အဘွားစွန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး - "ရပါတယ်... ဘာမှ အဆိုးကြီးမဟုတ်ဘူး။ အာဟာရရှိတာတွေ အများကြီးစားပြီး ပြန်အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ"
ဒုတိယအဘိုးချင်ကလည်း အနားသို့ တိုးကပ်လာပြီး စုချင်းရွှယ်ကို ကြည့်လိုက်သည်။ သူက ပါးစပ်ကို အကြာကြီး ဟထားပြီးနောက် နောက်ဆုံးတွင်မူ စကားထစ်ထစ်ဖြင့် ပြောရှာသည် - "ဟို... ချင်းရွှယ်သမီး... မင်း ခုနက တိုက်ခိုက်ပုံက တကယ်ကို... ပြင်းထန်လွန်းတယ်"
ဘုရားရေ...
ချင်းရွှယ်လေးဆီကနေ ဒီလောက်အထိ ပြင်းထန်တဲ့ လူသတ်ငွေ့မျိုးကို စစ်မြေပြင်မှာတောင် သူ တစ်ခါမှ မမြင်ခဲ့ဘူးပေ။
"လျူယွမ်... ကောင်လေး... ညဘက်ကျရင် မင်း ချင်းရွှယ်နဲ့ ဘယ်လိုအတူတူ အိပ်ရဲလဲ" ဒုတိယအဘိုးချင်က လျူယွမ်ကို တိုးတိုးလေး မေးလိုက်သည်။
လျူယွမ်က တိုးတိုးလေး ပြန်ဖြေလိုက်သည် - "မတောင့်ခံနိုင်ရင်တောင် တောင့်ခံရမှာပဲလေ အဘိုးရဲ့... အံကြိတ်ပြီး အောင့်ခံရတာပေါ့"
အဘိုးချင်က သူ့ကို လက်မထောင်ပြလိုက်ပြီး - "မင်းကတော့ တကယ့်ကို အကြောတင်းတဲ့ ကောင်လေးပဲ"
စုချင်းရွှယ်က ဘာမှမပြောဘဲ ခေါင်းငြိမ့်လိုက်သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူမကသာ အသိဆုံး ဖြစ်ပေလိမ့်မည်။
ထို့နောက် အဘိုးအိုများသည် သူမ၏ ရင်ခွင်ထဲတွင် ရှိနေသော သမီးငယ်လေးထံသို့ အကြည့်များ ပြောင်းလဲသွားခဲ့ကြသည်။
"နျန်နျန်လေးက တကယ့်ကို လိမ္မာတဲ့ ကလေးလေးပဲ... ဂျီလည်းမကျဘူး" အဘိုးချန်က သူ၏ စာဖတ်မျက်မှန်ကို ပင့်တင်လိုက်ရင်း မျက်နှာတစ်ခုလုံး ချီးမွမ်းမှုများနှင့် အသည်းယားမှုများ ပြည့်နှက်နေခဲ့သည်။
ဒီလောက်အထိ အေးအေးဆေးဆေးရှိနေပြီး ချစ်စရာကောင်းတဲ့ ကလေးမျိုးက အဘိုးအိုတွေအတွက်တော့ တကယ့်ကို အသည်းယားစရာ အကောင်းဆုံးပင် ဖြစ်သည်။
"နျန်နျန်လေး... ဒီပုခက်လေးကို စမ်းကြည့်ရအောင်"
အဘိုးကျိုးက အပြစ်ဆိုဖွယ်မရှိအောင် ချောမွေ့နေသည့် ပုခက်အသေးလေးတစ်ခုကို တွန်းယူလာခဲ့သည်။ ၎င်းက သူကိုယ်တိုင် သေချာစွာ ထုဆစ်ပြုလုပ်ထားသည့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။
အဘိုးဝမ်ကလည်း အဝတ်အစားပုံကြီးကို ထုတ်ယူလာခဲ့သည် - "ဒါတွေက ကလေးဝတ်ဖို့အတွက် ချည်သားစစ်စစ် အင်္ကျီလေးတွေ... ငါကိုယ်တိုင် ဝယ်ခိုင်းထားတာ... အရမ်း နူးညံ့တယ်"
အဘိုးအိုများသည် သူတို့ ပြင်ဆင်လာခဲ့ကြသော အဝတ်အစားအသေးလေးများ၊ စောင်များနှင့် ကလေးကစားစရာ အရုပ်လေးများကို ထုတ်ယူလိုက်ကြပြီး လျူနျန်လေးကို ဝိုင်းအုံကာ ကြည့်မဝ ဖြစ်နေကြတော့သည်။
"လာပါဦး... နျန်နျန်လေးရဲ့... အဘိုးကို ကြည့်ဦး" ဆရာကြီး ချန်းမိုက သူ၏ ပညာရှိအရှိန်အဝါကို ဘေးဖယ်ထားကာ လျူနျန်လေးကို မျက်စိတစ်ဖက် မှိတ်ပြရင်း မျက်နှာပြောင်ပြရန် ကြိုးစားနေခဲ့သည်။
"မင်းရဲ့ အဘိုးကြီး မျက်နှာနဲ့ ကလေးကို မခြောက်စမ်းပါနဲ့...၊ ကလေး လန့်သွားဦးမယ်" အဘိုးကျန်းက သူ့ကို ဘေးကို တွန်းထုတ်လိုက်ပြီး ပုခက်ခေါင်းရင်းတွင် အဆောင်လက်ဖွဲ့တစ်ခုကို ဂရုတစိုက် ချိတ်ဆွဲပေးလိုက်သည် - "လာ... နျန်နျန်လေး... မကြောက်နဲ့နော်... ဒီကအဘိုးက သမီးလေးကို ကာကွယ်ပေးမှာ"
"ဒီကလေးရဲ့ မျက်လုံးတွေက..." အဘိုးလီက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။
လျူနျန်လေးသည် သူမ၏ ကောင်းကင်မျက်စိဖြင့် စိမ်းသက်သက်ဖြစ်နေသော အဘိုးအိုတစ်စုကို စူးစမ်းလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
မျက်ဝန်းအစုံထဲတွင် အရောင်အသွေးစုံလင်လှသော အလင်းတန်းများ လည်ပတ်နေခဲ့ပြီး ကမ္ဘာမြေပေါင်းများစွာ ဖြစ်တည်ပြီး ပျက်စီးသွားသကဲ့သို့ ခံစားရစေသည်။
"ကောင်းကင်မျက်စိ ကိုးမျိုးထဲက တစ်မျိုးဖြစ်တဲ့ လောကမျက်စိပဲ" အဘိုးကျန်းက အသက်ရှူပင် မှားမတတ် ရေရွတ်လိုက်သည် - "ငါတို့ရဲ့ ဒီနုံချာလှတဲ့ ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်း သောင်းချီမှ တစ်ယောက် ပေါ်ထွန်းဖို့ ခဲယဉ်းတာမျိုးပဲ"
ဒဏ္ဍာရီများအရ လောက သုံးထောင်ကို ထိုးဖောက်မြင်နိုင်ပြီး လောကအတွင်းရှိ အတုအယောင်အားလုံးကို မြင်နိုင်သည်ဟု ဆိုကြသည်။
အဘိုးလီက တိုးတိုးလေး ပြောလိုက်သည် - "ဒီကလေးမလေးကတော့... အနာဂတ်မှာ ကမ္ဘာကြီးကို လှုပ်ခတ်မယ့်သူပဲ"
“ခုနလေးတင် သွေးမိစ္ဆာဧကရာဇ် တစ်ကိုယ်လုံး လှုပ်ရှားလို့မရအောင် အေးခဲသွားတာ မဆန်းတော့ပါဘူး... တော်သေးတာပေါ့ နျန်နျန်လေးက မျက်လုံးဖွင့်ကြည့်လိုက်လို့"
"ဒီမျိုးရိုးဗီဇကတော့ တကယ့်ကို အံ့မခန်းပဲ" အဘိုးဝမ်က လျူယွမ်၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း - "မင်းတို့ လျူမိသားစုအတွက် တကယ့်ကို ဂုဏ်ယူစရာပဲ"
"ကဲ... တော်ကြတော့... မိုးလည်း တော်တော်ချုပ်နေပြီ" အဘွားစွန်းက - "စကားတွေ အများကြီး ပြောမနေကြနဲ့တော့။ ချင်းရွှယ်ကို ကလေးခေါ်ပြီး အထဲဝင်နားခိုင်းလိုက်ဦး...။ သူမ ကလေးမွေးပြီးကာစမို့ အနားယူဖို့ လိုတယ်"
"အဘွားစွန်း... ခဏလောက်နေပါဦး" စုချင်းရွှယ်က သူမကို လှမ်းခေါ်လိုက်ရင်း သိုလှောင်လက်စွပ်ထဲမှ လှုပ်စိလှုပ်စိ ဖြစ်နေသည့် အသားစိုင်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအရာတွင် သွေးများ ပေကျံနေခဲ့သဖြင့် သွေးချင်းချင်းနီနေခဲ့သည်။
၎င်းကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ခြံဝင်းတစ်ခုလုံးတွင် ထူးခြားဆန်းပြားလှသော ရနံ့မွှေးမွှေးလေးတစ်ခု ပျံ့လွင့်သွားခဲ့လေသည်။
"ချင်းရွှယ်... ဒါက..."
လူတိုင်း အံ့အားသင့်သွားကြသည်။ ဒါ ဘယ်လို ရတနာမျိုးပါလိမ့်…
ကြည့်ရတာ သွေးချင်းချင်းနီနေတာပဲ။
"အချင်းတုံးလား" အဘွားစွန်းက တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
"အချင်းတုံးဆိုတာ ဘာလဲဟင်" စုယွီမော့က စူးစမ်းစွာ မေးလိုက်သည်။
အဘိုးကျန်းက အသံကိုနှိမ့်ကာ သူမ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည် - "အဲဒါ... ကလေးမွေးရင် ပါလာတဲ့ အချင်းလေ"
စုယွီမော့၏ မျက်လုံးများ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားခဲ့ပြီး - "မမ... ဒါက မမရဲ့ အချင်းလား"
စုချင်းရွှယ်က ခေါင်းငြိမ့်ပြလိုက်ပြီး အဘွားစွန်းထံသို့ ကမ်းပေးလိုက်ပြီး - "အဘွားစွန်း... ဒါကို အဘွား ဆေးဖော်စပ်တဲ့နေရာမှာ သုံးဖို့အတွက် ပေးတာပါ"
အဘွားစွန်း၏ လက်များမှာ တုန်ရီနေခဲ့ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာလေးပါ နီမြန်းလာခဲ့သည် -
"နတ်ဘုရားခန္ဓာကိုယ် ပိုင်ရှင်တွေက ခြေဖျားကနေ ခေါင်းအဆုံး ရတနာချည်းပဲ... အခုက နတ်ဘုရားမိခင်နဲ့ ကလေးရဲ့ အဆီအနှစ်တွေ စုဝေးနေတဲ့ အချင်းတုံးဆိုတော့ ပိုတောင် ပြောစရာမလိုသေးတယ်"
ဒါက တကယ့်ကို အနှိုင်းမဲ့ နတ်ဘုရားဆေးတစ်လက်ပင်ဖြစ်သည်။
"ကောင်းတယ်... ကောင်းတယ်... တကယ့်ကို ကောင်းတယ်" သူမက စိတ်လှုပ်ရှားလွန်းသဖြင့် စကားလုံးများပင် ထစ်အကုန်သည် - "ဒီဆေးက ခန္ဓာကိုယ်ကို အားအင်အပြည့်အဝ ဖြည့်တင်းပေးနိုင်တယ်။ အဘွား ဒါကို ဆေးလုံးတွေအဖြစ် ဖော်စပ်ပေးမယ်... မင်းနဲ့ လျူယွမ်တို့ ခန္ဓာကိုယ် အမြန်ဆုံး ပြန်လည်ကောင်းမွန်လာအောင် သောက်ကြတာပေါ့"
လျူယွမ်က ဘေးမှနားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ကိုယ့်မိန်းမရဲ့ အချင်းကို စားရမယ်ဟုတ်လား။
ကြားရတာ နည်းနည်းတော့ ထူးဆန်းသလိုပဲ။
အိမ်ထဲသို့ ပြန်ရောက်သောအခါ စုချင်းရွှယ်က ရေနွေးကို ကိုယ်တိုင် နွေးလိုက်ရာ စက္ကန့်ပိုင်းအတွင်းမှာတင် အပူချိန် အနေတော်ဖြစ်သော ရေချိုးကန်ကြီးတစ်ကန် အဆင်သင့် ဖြစ်သွားခဲ့သည်။
သူမက သမီးဖြစ်သူကို ပွေ့ချီကာ မွှေးပျံ့သော ရေနွေးနွေးလေးဖြင့် ရေချိုးပေးရန် ပြင်ဆင်လိုက်ပြီး စုယွီမော့ကလည်း စိတ်လှုပ်ရှားစွာဖြင့် ကူညီပေးနေခဲ့သည်။
လျူယွမ်ကတော့ မီးဖိုချောင်ထဲသို့ ဝင်ကာ ချက်ပြုတ်သည့် အဝတ်အစားကို ဝတ်ဆင်လိုက်သည်။
"မိန်းမ... ခဏစောင့်နော်... မောင် မင်းအတွက် ခေါက်ဆွဲတစ်ပွဲ ပြုတ်ပေးမယ်"
မိသားစုလေးမှာ ပျော်ရွှင်ကြည်နူးစရာ ကောင်းလှပေသည်။
ခြံဝင်းထဲတွင်မူ မှောင်မိုက်နေဆဲပင် ဖြစ်သည်။
အဘိုးအိုများသည် အိပ်ချင်စိတ် လုံးဝမရှိကြဘဲ တိုက်ပွဲကြောင့် ဖြစ်ပေါ်သွားခဲ့သော ခြေရာလက်ရာများနှင့် သွေးမိစ္ဆာဧကရာဇ်၏ မိစ္ဆာညစ်ညမ်းမှုအားလုံးကို သေသေချာချာ သန့်ရှင်းရေး လုပ်နေကြသည်။
ခြံထဲက လောကတ်ပင်အိုကြီးမှာလည်း လန့်ဖျပ်သွားခဲ့သဖြင့် အရွက်အတော်များများ ကြွေကျကုန်ရှာသည်။
သန့်ရှင်းရေး လုပ်ရုံတင်မကဘဲ...
အဘိုးကျိုးက ပုံစံထုတ် ဒီဇိုင်းအသစ်များကို ထုတ်ပြီး နျန်နျန်လေးအတွက် ကိုယ်ပိုင် အသုံးအဆောင် ကိရိယာအပြည့်အစုံကို သွန်းလုပ်ရန် ပြင်ဆင်နေခဲ့သည်။
အဘွားစွန်းကလည်း အချင်းတုံးကို လက်ထဲတွင် ကိုင်ထားရင်း အကြိမ်ကြိမ် စူးစမ်းကာ ဆေးနည်းတစ်ခုကို စတင် ပုံဖော်နေခဲ့သည်။
ခြံဝင်းကြီးတစ်ခုလုံးသည် ဘာမှမဖြစ်ပျက်ခဲ့သကဲ့သို့ ပြန်လည် ငြိမ်သက်သွားခဲ့လေပြီ ဖြစ်သည်။
မှောင်မိုက်နေသော လမ်းကြားလေးထဲတွင်မူ...
ယဲ့ချိုးဟုန်သည် ကြောက်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေနေခဲ့ပြီး အသက်ပင် ဝဝ မရှူရဲချေ။
တကယ့်ကို ကြောက်စရာကောင်းလွန်းလှသည်။
"စုချင်းရွှယ်ဆိုတဲ့ အဲဒီကြောက်စရာကောင်းတဲ့ မိန်းမက... နတ်ဘုရားတစ်ပါးကိုတောင် အပိုင်းပိုင်းအစစ ဖြစ်အောင် ဆွဲဖြဲပစ်လိုက်တာပဲ"
"သွေးမိစ္ဆာဧကရာဇ်လည်း သေသွားပြီ...။ ပြီးတော့ အဲဒီခြံထဲက အဘိုးကြီးတွေကလည်း တစ်ယောက်ချင်းစီက အဆင့်ကိုးရှိတဲ့ ပညာရှင်တွေချည်းပဲ"
သူ့ညီအစ်ကို လျူယွမ် နေထိုင်သည့်နေရာက ဘယ်လောက်အထိ အန္တရာယ်များတဲ့ နေရာလဲဆိုတာကို သူ အခုမှပဲ သဘောပေါက်တော့သည်။
“အဲ့ဒီခြံဝင်းထဲမှာ ဒီထက်ပိုပြီး ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ရှိနေသေးတယ်" အဘိုးကြီးမို၏ ဝိညာဉ်အကြွင်းအကျန်က တုန်ရီစွာဖြင့် ပြောလိုက်သည်။
ယဲ့ချိုးဟုန်မှာ လန့်သွားပြီး - "ဘယ်သူလဲ... ကျွန်တော့်ရဲ့ ညီအစ်ကိုကောင်း လျူယွမ်က အဆင့်လေး သိုင်းပညာရှင်လေးပဲလေ"
"တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့..." အဘိုးကြီးမို၏ အသံတွင် စိတ်လှုပ်ရှားမှုများနှင့် တုန်ယင်မှုများ ပြည့်နှက်နေပြီး - "သူ့ရဲ့ အခုလေးတင် မွေးလိုက်တဲ့ သမီးလေးပဲ... ။ ငါ ခံစားမိတယ်... ဗြဟ္မာကြီးရဲ့ အရှိန်အဝါကို ခံစားလိုက်ရတယ်"
ယဲ့ချိုးဟုန်က - "ခင်ဗျားပြောချင်တာက... ကောင်းကင်ဘုံရဲ့ အရှင်သခင်တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ဗြဟ္မာကြီးက... ဒီခြံဝင်းထဲမှာ ရှိနေတယ် ဟုတ်လား"
"ဟုတ်တယ်... လုံးဝ မမှားနိုင်ဘူး" အဘိုးကြီးမိုက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီး - "ငါ သံသယဖြစ်မိတာကတော့... ငါတို့ရဲ့ ဘိုးဘေးကြီးက တားမြစ်နယ်မြေထဲမှာ သေဆုံးသွားခဲ့ပြီးနောက် မင်းရဲ့ညီအစ်ကို သမီးအဖြစ် ပြန်လည် မွေးဖွားလာခဲ့တာပဲ ဖြစ်ရမယ်"
ယဲ့ချိုးဟုန် - "ဖူး..."
"ကျွန်တော့် ညီအစ်ကိုရဲ့ ကံဇာတာကတော့ တကယ့်ကို မယုံနိုင်စရာပဲ...။ သမီးတစ်ယောက် မွေးတာတောင် ဘိုးဘေးအဆင့် ဖြစ်နေရတယ်လို့"
"ဒါက ငါ့ရဲ့ ခန့်မှန်းချက်ပဲ ရှိသေးတာ... မင်း အခွင့်အရေးရရင် သူ့သမီးနားကို ချဉ်းကပ်ကြည့်ဦး"
"မသွားဘူးဗျာ... ကျွန်တော် ကြောက်တယ်"
"ဘာကြောက်တာလဲ... မင်းက ငါ့ရဲ့ မဟာဗြဟ္မာ အမွေအနှစ်ကို ဆက်ခံထားရတာဆိုတော့ ဘိုးဘေးရဲ့ တပည့်သားမြေး ဖြစ်သွားပြီလေ။ အဆင့်အတန်းအရဆိုရင် သူက မင်းရဲ့ ဘွားအေကြီးပဲ... မင်းရဲ့ ဘိုးဘေးက မင်းကို ရန်မမူပါဘူး"
ယဲ့ချိုးဟုန်မှာ ဆွံ့အသွားခဲ့ရပြီး - "နေပါဦး... ဒီလို အဆင့်အတန်း သတ်မှတ်ချက်အရဆိုရင်... ကျွန်တော်က လျူယွမ်ရဲ့ မြေးအကြီးဆုံး ဖြစ်သွားတာပေါ့ ဟုတ်လား"
သူ့ဘဝရဲ့ အဓိပ္ပာယ်ကို သူကိုယ်တိုင် မေးခွန်းထုတ်နေစဉ်မှာတင်...
ရုတ်တရက် အဘိုးကြီးမိုက ထိတ်လန့်တကြား အော်ဟစ်လိုက်သည် - "မကောင်းတော့ဘူး... တကယ့်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ... သူ ရောက်လာပြီ... မြန်မြန် ပုန်းစမ်း"
ယဲ့ချိုးဟုန်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သူ မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကမ္ဘာလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်မှာ ထိုနေရာတွင်တင် အေးခဲသွားခဲ့ပြီး လှုပ်ရှား၍ မရတော့ချေ။ မျက်လုံးကိုပင် ရွှေ့၍မရတော့ဘဲ ညကောင်းကင်ယံကိုသာ ကြောင်စီစီဖြင့် စိုက်ကြည့်နေမိတော့သည်။
အတွေးတစ်ခုက ကမ္ဘာတည်သရွေ့ အချိန်အထိ ကြာမြင့်သွားသယောင်ပင်...
ပတ်ဝန်းကျင်ရှိ အရာအားလုံး အေးခဲရပ်တန့်သွားခဲ့သည်။
လေညင်းလေးမှာလည်း ရပ်တန့်သွားခဲ့ပြီး ခြံဝင်းထဲက သစ်ရွက်လေး တစ်ရွက်မှာ လေထုထဲတွင်တင် ရပ်တန့်နေခဲ့သည်။
သမီးဖြစ်သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနေသော စုချင်းရွှယ်သည်လည်း ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားခဲ့ပြီး သူမ၏ လှပသော မျက်ဝန်းအစုံတွင် အံ့ဩမှုများ ဖြတ်သန်းသွားကာ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည် -
"ဆရာ ရောက်လာပြီ..."