အခန်း ၂၈၁
Vol. 29 Ch. 281
281
တင်ဒါရလဒ်များထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ရှုံးနိမ့်သွားခဲ့သည့်အတွက် စုဟယ်နှင့် ကျန်းရှန့်နန်တို့အဖို့ ထိုနေရာတွင် ဆက်လက်နေထိုင်ပြီး အပေါ်ယံ အပြန်အလှန်နှုတ်ဆက်စကားများဆိုနေကြရန် မလိုတော့ချေ။ မိမိတို့ပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူတို့နှစ်ဦးသည် ဝန်ထမ်းများကိုခေါ်ဆောင်ကာ ဟိုတယ်သို့ပြန်ရန် ထွက်ခွာလာခဲ့ကြတော့၏။ တင်ဒါရွေးချယ်မခံရသဖြင့် မည်သူမျှရုပ်ပျက်ဆင်းပျက်ဖြစ်မနေကြပါသော်လည်း မည်သို့စတင်၍ စကားစမြည်ပြောရမည်ကိုမူ မသိဖြစ်နေကြရသည်။ ဤတင်ဒါအစည်းအဝေးပွဲကြီးတွင် တစ်ခုခုတော့ လွဲချော်မှားယွင်းသွားခဲ့ပြီဟု အားလုံးမှာ စိတ်ထဲမှခံစားမိနေကြသဖြင့် ကားထဲတွင်ရှိနေသူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေကြရာ ပတ်ဝန်းကျင်လေထုတစ်ခုလုံးမှာ ထူးထူးခြားခြားပိုမိုလေးလံအုံ့ဆိုင်းနေခဲ့ပေသည်။ စုဟယ်မှ ထိုတိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွဲလိုက်၏။
"အမလေး ကြည့်ပါဦး၊ လျိုနနက ငါ့ဆီ လင့်ခ်တစ်ခုပို့လာလို့၊ ငါတို့ဟိုတယ်က အစားအသောက်မဂ္ဂဇင်းတစ်ခုမှာ ဖော်ပြခံလိုက်ရတယ်တဲ့"
လျိုနနသည် အင်္ဂလိပ်ဘာသာစကားကို ပိုမိုကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်သဖြင့် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များ ဟိုတယ်သို့လာရောက်စစ်ဆေးစဉ် သူတို့ကိုအဓိကထား၍ ဧည့်ခံကျွေးမွေးခဲ့ရသူဖြစ်ပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့သည် တစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်သွားခဲ့ကြပြီး အဆက်အသွယ်လုပ်ရန် အချက်အလက်များကိုပါ လဲလှယ်ထားခဲ့ကြရာ ဟဲယဲ့တည်းခိုခန်းသည် အစားအသောက်မဂ္ဂဇင်းတစ်ခုတွင် အမွှန်းတင်ဖော်ပြခံလိုက်ရသည်ဟူသောသတင်းကို သူမအရင်ဆုံး လက်ခံရရှိခဲ့ခြင်းဖြစ်၏။ ရှောင်ယင်းသည် ဘေးမှအတင်းတိုးကပ်ကြည့်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။
"ဝါး ဒါက KMအစားအသောက် မဂ္ဂဇင်းပဲ၊ ဒီမဂ္ဂဇင်းက တော်တော့်ကို နာမည်ကြီးတာ"
ရှောင်ယင်းသည် သူမဖုန်းထဲတွင် သက်ဆိုင်ရာသတင်းအချက်အလက်များကို အလျင်အမြန်ရှာဖွေကြည့်ရှုလိုက်ရာ ဤသည်မှာ ယခုနှစ်အတွင်း အဆိုပါမဂ္ဂဇင်းအနေဖြင့် နိုင်ငံရပ်ခြား စားသောက်ဆိုင်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ညွှန်းဆိုအကြံပြုပေးခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ KM မဂ္ဂဇင်းသည် အစားအသောက်လောကတွင် လူတိုင်းသိရှိကြသည့် နာမည်တစ်ခုဖြစ်ပြီး အစားအသောက်ယဉ်ကျေးမှုအပေါ် နက်နဲပြီး ထူးခြားလှသောအမြင်များ၊ ကြွယ်ဝစုံလင်လှသော အကြောင်းအရာများကြောင့် အထူးပင် ကျော်ကြားလှပေသည်။ မဂ္ဂဇင်းထုတ်ဝေမှုအပိုင်းတိုင်းကို သေသေချာချာ စေ့စပ်စွာ စီစဉ်ထားလေ့ရှိရာ ရိုးရာအစားအစာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမှစ၍ ခေတ်ပေါ်ဟင်းလျာများဖန်တီးမှုအထိ၊ လမ်းဘေးအစားအစာများ၏ မူရင်းအရသာစစ်စစ်များမှစ၍ Michelinအဆင့်ရှိ စားသောက်ဆိုင်ကြီးများ၏ အနုပညာဆန်လှသော ဟင်းလျာများအထိ ပါဝင်ပေသည်။ KM မဂ္ဂဇင်းသည် အစားအသောက်များ၏ နောက်ကွယ်မှ ဇာတ်လမ်းများနှင့် ယဉ်ကျေးမှု အနှစ်ချုပ်များကို အမြဲတမ်းမိမိရရ ဖမ်းဆုပ်တင်ပြနိုင်လေ့ရှိသည်။
အစားအသောက် ဓာတ်ပုံရိုက်ကူးမှုအပိုင်းတွင် အလွန်တရာကျွမ်းကျင်သည့်အပြင် KM မဂ္ဂဇင်းသည် ဓာတ်ပုံဝါသနာရှင် အမြောက်အမြား၏ အသည်းစွဲလည်းဖြစ်ပေသည်။ မဂ္ဂဇင်းထဲမှ ဓာတ်ပုံများသည် အစားအသောက်များ၏ဆွဲဆောင်မှုရှိလှသော အရောင်အသွေးနှင့် ဟင်းပွဲအစစ်အမှန်များကိုသာ ရိုက်ကူးထားရုံသာမက မှန်ဘီလူးမှတစ်ဆင့် အစားအသောက်၏ပုံရိပ်နှင့် ခံစားချက်များကိုပါ ကြည့်သူထံသို့ စီးဆင်းသွားစေနိုင်၏။ ဓာတ်ပုံပညာကို လေ့လာလိုက်စားလိုကြသော လူငယ်အများအပြားမှာ ရိုက်ကူးရေးနည်းပညာများကို လေ့လာရန်အတွက် ဤမဂ္ဂဇင်းကိုပင် အသုံးပြုကြရသည်။ အစားအသောက် လုပ်ငန်းနယ်ပယ်အတွက်မူ စိတ်ကူးစိတ်သန်းသစ်များ ရှာဖွေနေကြသည့် စားဖိုမှူးများဖြစ်စေ၊ အစားအသောက်ကမ္ဘာကို စူးစမ်းလေ့လာချင်စိတ်ပြင်းပြနေကြသည့် စာဖတ်သူများဖြစ်စေ၊ သို့မဟုတ် ဗီဒီယိုရိုက်ကူးရန်အတွက် အချက်အလက်များရှာဖွေနေကြသည့် ဖန်တီးရှင်များဖြစ်စေ KMမဂ္ဂဇင်းသည် အမြင်အာရုံရော အရသာအာရုံကိုပါ တစ်ပြိုင်နက် ပြည့်စုံစေမည့် အနုပညာဗဟိုချက်မတစ်ခုဖြစ်နေခဲ့သည်။
စုဟယ်လက်ထဲတွင် မဂ္ဂဇင်းစာအုပ်မရှိသေးပါသော်လည်း လျိုနနရိုက်ကူးပြီး ပို့ပေးလာသော ဓာတ်ပုံများကိုကြည့်ရုံမျှဖြင့် KM မဂ္ဂဇင်း အယ်ဒီတာများ၏ ကျွမ်းကျင်လှသော လက်ရာကို အထင်အရှားမြင်တွေ့နိုင်ပေသည်။ စိုပြည်တောက်ပလှသော အရောင်အသွေးများနှင့် ဘက်မလိုက်ဘဲ အမှန်အတိုင်းသုံးသပ်ထားသော ဝေဖန်ချက်များကြောင့် စုဟယ်သည် ဟဲယဲ့တည်းခိုခန်း၏စားသောက်ကုန် ဝန်ဆောင်မှုကို ကွဲပြားခြားနားသော ရှုထောင့်တစ်ခုမှ ပြန်လည်ဆန်းစစ်ကြည့်ရှုမိတော့၏။ အစပိုင်းတွင် တင်ဒါအစည်းအဝေးပွဲကြောင့် အနည်းငယ်စိတ်ပျက်အားလျော့နေခဲ့သော ရှောင်ယင်းသည် ဤမဂ္ဂဇင်းကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ စိတ်ခွန်အားများ ချက်ချင်းပြန်လည်ပြည့်ဝလာခဲ့ရသည်။ ရွှေစစ်လျှင် ဆေးစိမ်စရာမလိုဘဲ အချိန်တန်လျှင် တောက်ပလာစမြဲဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့ရပြီဖြစ်ကာ ဟဲယဲ့တည်းခိုခန်းသည် တကယ့်ကို အစားအသောက်မဂ္ဂဇင်းကြီးတွင် ဖော်ပြခံလိုက်ရပြီ မဟုတ်ပါလား။ တင်ဒါအစည်းအဝေးပွဲဆိုသည်မှာ ရံဖန်ရံခါကြုံတွေ့ရတတ်သည့် သေးငယ်လှသော အဖုအထစ်တစ်ခုမျှသာဖြစ်တော့သည်။
"ပြန်ရောက်ရင် တည်းခိုခန်းရဲ့ တရားဝင်အကောင့်မှာ ကြော်ငြာတွေပိုပြီး တင်ရမယ်၊ နောက်တစ်ခါ ဘယ်သူမှ အလှောင်အပြောင်မခံတော့ဘူး"
ရှောင်ယင်းသည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည်လည်း ကျားဖန်၏ရှင်းလင်းတင်ပြချက် အစီရင်ခံစာကိုဖတ်ရှုခဲ့ဖူးသဖြင့် ကျားဖန်သည် မည်သူ့ကို သရော်လှောင်ပြောင်နေခဲ့ခြင်းဖြစ်ကြောင်း သဘာဝကျကျ သိရှိနေခဲ့ပေသည်။ သူမအမြင်တွင်မူ ကျားဖန်သည် မနာလို ဝန်တိုဖြစ်နေခြင်းမျှသာရှိ၏။ အကယ်၍ ဟိုင်ဖန်ဟိုတယ်သာ ဆံပင်ပေါက်ဆေးများနှင့် အသားဖြူဆပ်ပြာများကိုရောင်းချပြီး ငွေကြေးအမြောက်အမြား ရှာဖွေနိုင်မည်ဆိုပါက ကျားဖန်အနေဖြင့် ထိုသို့စီးပွားရေးဖြစ်မည့်အခွင့်အရေးကို လက်လွှတ်ပယ်ဖျက်ပစ်လိမ့်မည်ဟု သူမလုံးဝမယုံကြည်ချေ။ ဒါတင်မကသေးဘဲ ဟိုတယ်များတွက် ပစ္စည်းမရောင်းရဘူးဟု မည်သူစည်းမျဉ်းသတ်မှတ်ထားပါသနည်း။
သို့သော်လည်း အားလုံးက KM မဂ္ဂဇင်း၏ဖော်ပြချက်ကို မထင်မှတ်ဘဲ ရရှိလိုက်သည့် ပျော်ရွှင်စရာတစ်ခုအဖြစ်သာ သဘောထားကြပေသည်။ အဘယ်ကြောင့်ဆိုသော် KMမဂ္ဂဇင်းသည် နိုင်ငံခြားဘာသာစကားဖြင့်ထုတ်ဝေသည့်မဂ္ဂဇင်းဖြစ်သဖြင့် ဖတ်ရှုသူဦးရေမှာ အကန့်အသတ်ရှိနေသောကြောင့်ဖြစ်၏။ ရှောင်ယင်းသည် ဟဲယဲ့တည်းခိုခန်း KMမဂ္ဂဇင်းတွင် ဖော်ပြခံရသည်ဟူသော သတင်းကောင်းကို လူမှုကွန်ရက် ပလက်ဖောင်း အသီးသီးပေါ်တွင် လိုက်လံတင်ပေးခဲ့ပြီး KM အစားအသောက်မဂ္ဂဇင်း၏ မူရင်းဆောင်းပါးကိုပါ ပူးတွဲဖော်ပြပေးခဲ့သည်။ သို့သော်လည်း ပြန်လည်မျှဝေသူ အရေအတွက်၊ လိုက်ခ်ပေးသူ အရေအတွက်နှင့် အခြားသော အချက်အလက်များမှာ ပုံမှန်မျှသာရှိနေခဲ့သဖြင့် ရှောင်ယင်းသည်လည်း ထိုကိစ္စကို အကြီးအကျယ်ချဲ့ထွင်ပြီး ကြော်ငြာမည့် အစီအစဉ်ကို လက်လျှော့လိုက်တော့သည်။ အဆိုပါ အကန့်အသတ်ရှိလှသော မျှဝေမှုများနှင့် လိုက်ခ်များကြားထဲတွင်မူ ထူးခြားလှသော ကြည့်ရှုသူအနည်းငယ်မှာ မှတ်တမ်းအမှတ်အသားများချန်ထားခဲ့ကြပြီး ဟဲယဲ့တည်းခိုခန်းသို့ လာရောက်ရန်အတွက် လက်မှတ်များကိုပါ ချက်ချင်းဝယ်ယူလိုက်ကြတော့၏။
ဝိုင်မြည်းစမ်းပညာရှင်ယီကျွေ့သည် လူသိနည်းသော နယ်ပယ်တစ်ခုမှ ဘလော့ဂါတစ်ဦးဖြစ်ပြီး အွန်လိုင်းပေါ်တွင် အလွန်တရာရှားပါးလှသော ဝိုင်မြည်းစမ်း ကျွမ်းကျင်ပညာရှင်တစ်ဦးလည်းဖြစ်ပေရာ လူအများအပြားမှာ သူ့ကို သိပ်ပြီးမသိကြချေ။ သို့သော်လည်း ဝိုင်ယဉ်ကျေးမှုကို စိတ်ဝင်စားကြသူ မည်သူမဆို ဝိုင်မြည်းစမ်းပညာရှင်ယီကျွေ့အကြောင်းကို သေချာပေါက်သိရှိကြပေသည်။ သူသည် ဟဲယဲ့တည်းခိုခန်းကို စိတ်ဝင်စားလာရခြင်းမှာ သူ့မိတ်ဆွေဖြစ်သူ ဖေဖုန်းကလပ်သို့ သွားရောက်ရန်စီစဉ်နေခဲ့ခြင်းကြောင့်ဖြစ်သည်။ ဖေဖုန်းသည် ယွဲ့ချန်မြို့တွင် အလွန်တရာကျော်ကြားလှသော မုန့်ဖုတ်ဆရာတစ်ဦးဖြစ်ပြီး ဆိုင်ခွဲအမြောက်အမြားရှိသည့် မုန့်တိုက်ကြီးများကို ပိုင်ဆိုင်ထားသူဖြစ်ပေ၏။ သူ့ဆိုင်များသည် အဆင့်မြင့် မုန့်ဖုတ်ကုန်ပစ္စည်းများကို အဓိကထား၍ ရောင်းချလေ့ရှိပြီး သူကိုယ်တိုင်လည်း နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခဲ့ဖူးသူ ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း သူသည် မိမိမုန့်တိုက်များ၏ နာမည်ဂုဏ်သတင်းကို ပိုမိုကျယ်ပြန့်လာစေရန်အတွက် အစဉ်တစိုက် ကြိုးပမ်းနေခဲ့သူဖြစ်၏။ မကြာသေးခင်ကမှ သူသည် အချို့သော နိုင်ငံခြား မဂ္ဂဇင်းများ၏အာရုံစိုက်မှုကိုခံခဲ့ရသဖြင့် ၎င်းဂုဏ်သတင်းများကို အသုံးပြုကာ အစားအသောက်လောကအတွင်းသို့ဝင်ရောက်ရန် မူလကရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲ အခုတလော အစားအသောက်လောက၏အာရုံစိုက်မှု ဗဟိုချက်မတစ်ခုလုံးမှာ KM မဂ္ဂဇင်းကြောင့် ဟဲယဲ့တည်းခိုခန်းဆီသို့ ရုတ်တရက် ပြောင်းလဲသွားခဲ့ရသဖြင့် ဖေဖုန်းတစ်ယောက် စိတ်မအေးနိုင်ဖြစ်သွားရခြင်းဖြစ်သည်။
ဖေဖုန်းသည် ဟဲယဲ့တည်းခိုခန်းဆိုသည်မှာ အမှန်တကယ် ဘာလဲဆိုသည်ကို စူးစမ်းချင်စိတ်ပြင်းပြလာခဲ့ရသည်။ ယုံမြစ်ဝှမ်းဒေသဆိုသည်မှာ ယွဲ့ချန်မြို့နှင့်ဆိုလျှင် မိုင်ပေါင်းသိန်းသန်းချီ ဝေးကွာလှသကဲ့သို့ ဖြစ်နေပြီး သူကိုယ်တိုင်လည်း ပုံမှန်အားဖြင့် အင်တာနက်သုံးလေ့မရှိသဖြင့် ဤတည်းခိုခန်းအကြောင်းကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ပေ၏။ သူ့အတွေးများကို သူ့မိတ်ဆွေအားပြောပြလိုက်သည့်အခါ ဝိုင်မြည်းစမ်းပညာရှင် ယီကျွေ့သည်လည်း KM မဂ္ဂဇင်းကို ရှာဖွေကြည့်ရှုလိုက်ပြီး ဟဲယဲ့တည်းခိုခန်းအပေါ် အလွန်တရာချီးမွမ်းထားသော ဝေဖန်ချက်များကို မြင်တွေ့သွားခဲ့ရသည်။
KM မဂ္ဂဇင်း၏ အယ်ဒီတာတစ်ဦးမှာ ဟဲယဲ့တည်းခိုခန်း၏အရက်များကို ကမ္ဘာပေါ်တွင် သူမြည်းစမ်းဖူးသမျှ အကောင်းဆုံးဖြစ်ပြီး ၎င်းနှင့်နှိုင်းယှဉ်နိုင်မည့်အရာ လုံးဝမရှိကြောင်း အကြီးအကျယ် ချီးကျူးထားခဲ့သည်။ ထို့အပြင် တည်းခိုခန်း၏အရက်ဖျော်စပ်ရောင်းချသူများသည် လူတို့စိတ်ကို ဖတ်ရှုနိုင်စွမ်းရှိကြပြီး လူတစ်ဦးချင်းစီအတွက် အကောင်းဆုံး ယမကာများကို ဖန်တီးပေးနိုင်စွမ်းရှိကြသည်ဟုဆိုထား၏။ ဤကဲ့သို့ ထူးခြားလှသော ကိုယ်ပိုင်စိတ်ကြိုက်ဖန်တီးပေးမှုစနစ်မှာ ဝိုင်မြည်းစမ်းပညာရှင် ယီကျွေ့၏စူးစမ်းလိုစိတ်ကို ဆွပေးလိုက်သကဲ့သို့ဖြစ်သွားခဲ့ပြီး သူသည် ထိုသတင်းကို သူ့မိတ်ဆွေများထံသို့ ချက်ချင်းမျှဝေလိုက်တော့သည်။ သတင်းများ တစ်ဆင့်စကား တစ်ဆင့်နား ပျံ့နှံ့သွားသည်နှင့်အမျှ ဟဲယဲ့တည်းခိုခန်းသို့ လာရောက်ကြမည့် လူစုကြီးမှာ ပိုမိုကြီးမားလာခဲ့တော့၏။ ယခုအခါတွင်မူ ထိုလူစုထဲ၌ နာမည်ကျော် မုန့်ဖုတ်ဆရာဖေဖုန်းနှင့် ဝိုင်မြည်းစမ်းပညာရှင်ယီကျွေ့တို့သာမက တရုတ်နိုင်ငံ ဝိုင်ကုန်စည်ပြပွဲကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဆန်မီနှင့် ကွမ်တုံးဒေသမှ နာမည်ကြီး စားဖိုမှူးကြီးဖြစ်သူ ဟိုင်ဝေတို့ပါ ပါဝင်လာခဲ့ကြပြီဖြစ်သည်။
ဤလူများအားလုံးမှာ ငွေကြေးအလွန်တရာ ချမ်းသာကြွယ်ဝသူများ ဖြစ်ကြပြီး ဟဲယဲ့တည်းခိုခန်း၏ President Suite များတွင် ငှားရမ်းနိုင်မည့်ရက်စွဲများ ကျန်ရှိနေသေးသည်ကို မြင်တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် အခန်းကို ဘိုကင်လုပ်လိုက်ကြပြီး ယုံမြစ်ဝှမ်းဒေသဆီသို့ လေယာဉ်ဖြင့် ပျံသန်းလာခဲ့ကြတော့သည်။ သူတို့သည် လေယာဉ်ပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဟိုတယ်သို့ တိုက်ရိုက်ဦးတည်လာခဲ့ကြပြီး ဝိုင်မြည်းစမ်းပညာရှင်ယီကျွေ့နှင့် တရုတ်နိုင်ငံ ဝိုင်ကုန်စည်ပြပွဲကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်ဆန်မီ တို့မှ ပြင်းပြသောတိုက်တွန်းအကြံပြုချက်အရ ဟိုတယ်၏ဒုတိယထပ်တွင်ရှိသောဘားကို သူတို့ပထမဆုံးသော လည်ပတ်မည့် မှတ်တိုင်အဖြစ် ရွေးချယ်လိုက်ကြတော့သည်။