← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

282

ရုံးပိတ်ရက်မဟုတ်သော သာမန်မွန်းလွဲပိုင်းအချိန်တစ်ခုဖြစ်သော်လည်း ဒုတိယထပ်ရှိ ဘားအတွင်း၌ ဟာလာဟင်းလင်း ဖြစ်မနေချေ။ ကောင်တာဘားခုံရှည်နှင့် ဘေးနားရှိ ဆိုဖာကုလားထိုင်များပေါ်တွင် လူတစ်စု ထိုင်နေကြဆဲဖြစ်သည်။ ဟဲယဲ့တည်းခိုခန်းသို့ လာရောက်တည်းခိုကြသော ဧည့်သည်များသည် ဟိုတယ်မှပေးစွမ်းထားသည့် ထူးခြားဆန်းသစ်သော ဝန်ဆောင်မှုတိုင်းကို သဘာဝကျကျပင် ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခံစားကြည့်ချင်ကြ၏။ ထို့ကြောင့် ရှောင်ယင်းမှာ ဟိုတယ်၏တရားဝင်အကောင့်ပေါ်တွင် KMမဂ္ဂဇင်း၌ ဖော်ပြခံရသည့်အကြောင်း ဆောင်းပါးတင်ပေးလိုက်သည်ကိုမြင်တွေ့ပြီးနောက် ဧည့်သည်များသည် ဒုတိယထပ်ရှိ ဘားဆီသို့ အလုအယက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

အခန်းဘိုကင်လုပ်ပြီး တည်းခိုသည့် ဧည့်သည်တိုင်းသည် ဟိုတယ်ဘက်မှ အခမဲ့လက်ဆောင်ပေးသော မုန့်တစ်ဗူးစီကိုလက်ခံရရှိကြသည်။ သူတို့အားလုံး ထိုမုန့်များကို မြည်းစမ်းကြည့်ပြီးကြပြီဖြစ်ရာ ဟဲယဲ့တည်းခိုခန်း၏ မုန့်များသည် တကယ့်ကိုအရသာထူးကဲလှပြီး မုန့်တစ်ခုချင်းစီကို သေသေချာချာ လက်ရာမြောက်စွာ ပြုလုပ်ထားကာ ထူးခြားသည့် အရသာရှိလှပေ၏။ ဧည့်သည်အများစုမှာ မိမိတို့မိသားစုများအတွက် အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးရန် မုန့်လက်ဆောင်ဗူးများကိုပါ အပိုဝယ်ယူထားခဲ့ကြသည်။ ယုံမြစ်ဝှမ်းဒေသ၏ မြို့သစ်နယ်မြေမှာ အတန်ငယ် ခြောက်ကပ်လှသဖြင့် ဧည့်သည်များသည် အစားအသောက်ရှာဖွေရန်အတွက်အဝေးကြီးသို့ သွားရောက်ရန် စိတ်ကူးမရှိကြချေ။ ထို့ကြောင့် သူတို့သည် ဟဲယဲ့တည်းခိုခန်း၌ပင် ညစာကို ကြိုတင်မှာယူထားခဲ့ကြသည်။ သူတို့အနေဖြင့် မုန့်ရော ညစာကိုပါ တစ်ပါတည်းသုံးဆောင်ကြမည်ဖြစ်သဖြင့် စိတ်အာရုံများမှာ ဒုတိယထပ်ရှိ ဘားဆီသို့ ရောက်ရှိသွားခဲ့ကြခြင်းဖြစ်ပေ၏။

မဂ္ဂဇင်းထဲတွင် ဖော်ပြထားသည့်အတိုင်းပင် အရက်ဖျော်စပ်ရောင်းချသူများ၏ အံ့မခန်းလှသောလက်ရာများမှာ ဧည့်သည်များ၏ မျှော်လင့်ချက်ကို အမှန်တကယ်ပင် အလဟသက်မဖြစ်စေခဲ့ချေ။ ဧည့်သည်များ ကောင်တာတွင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် အရက်ဖျော်စပ်ရောင်းချသူများသည် သူတို့အလိုချင်ဆုံးသော ဖျော်ရည်များကို အလိုက်တသိ ဖျော်စပ်ပေးကြတော့သည်။ အရက်မသောက်တတ်သူများသည် ပန်းပွင့်နှင့် သစ်သီးဝိုင်ခွက်များကို ကိုင်ဆောင်ထားကြပြီး ဝါရင့်အသောက်သမားကြီးများမှာမူ ပြင်းထန်သောအရက်ပြင်းများကို အားရပါးရမော့ချနေကြ၏။ လူတိုင်းသည် မိမိတို့ဘာသာအရက်ကမ္ဘာထဲတွင်စီးမျောနေကြသဖြင့် အသစ်ရောက်ရှိလာသူများကို အာရုံစိုက်မနေကြချေ။

"ဝါး ဒီမှာ လူတော်တော်များသားပဲ"

ဖေဖုန်း အံ့ဩတကြီးရေရွတ်လိုက်မိသည်။ ဘားအများစုသည် မနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် လူဦးရေအလွန်နည်းပါးလှသဖြင့် ညနက်ပိုင်းမှသာ ဖွင့်လှစ်ရန် ရွေးချယ်လေ့ရှိကြသော်လည်း ဟဲယဲ့တည်းခိုခန်းမှာမူ ဤစည်းမျဉ်းကို ချိုးဖျက်ကာ ဘားတစ်ခုကို ကော်ဖီဆိုင်တစ်ခုကဲ့သို့ စည်ကားသက်ဝင်စေခဲ့၏။ ဝိုင်မြည်းစမ်းပညာရှင် ယီကျွေ့နှင့် အထွေထွေအတွင်းရေးမှူးချုပ် ဆန်မီတို့သည် အခြားသူများကို ဂရုမစိုက်အားတော့ချေ။ သူတို့နှစ်ဦးသည် ကောင်တာဘားဆီသို့ အပြေးအလွှား သွားရောက်ကာ KMမဂ္ဂဇင်းထဲတွင် ပါဝင်သော အရက်ဖျော်စပ်ရောင်းချသူကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုက်ကြသည်။ ထိုအရက်ဖျော်စပ်ရောင်းချသူမှာ အလွန်ပင် သာမန်ရှိလှပြီး စိတ်အားထက်သန်မှုလည်းရှိမနေချေ။ ကြည့်ရသည်မှာ ထူးထူးခြားခြားကျွမ်းကျင်မှုမျိုး ရှိပုံမရပေ။ သို့ဆိုလျှင် သူလူတိုင်းစိတ်ထဲမှ အတွေးကို ဘယ်လိုများ ခန့်မှန်းလိုက်တာလဲ။

တုကန်းသည် မျက်ခုံးပင့်ကာ သူတို့နှစ်ဦးကို ပျင်းရိပျင်းတွဲဖြင့်လှမ်းကြည့်လိုက်သည်။ ဆန်မီသည် တုကန်းမျက်လုံးထဲမှ ဖျတ်ကနဲလက်သွားသော အရောင်အဝါကို မသိမသာသတိပြုမိလိုက်သော်လည်း တုကန်းမှာမူ တစ်ကိုယ်လုံး အရိုးမရှိသကဲ့သို့ ချက်ချင်းပင် ခေါင်းငုံ့လိုက်တော့၏။ သူသည် နောက်သို့လက်လှမ်းကာ ဖန်ခွက်တစ်ခုကိုယူလိုက်ပြီး အရက်များကို စတင်ဖျော်စပ်တော့သည်။ သူ့လှုပ်ရှားမှုများသည် အလွန်ပင်ပေါ့ဆလှရာ အရက်ပုလင်း အနည်းငယ်ကို ကောက်ယူပြီး အတူတူရောမွှေကာ ဖန်ခွက်ထဲသို့ လောင်းထည့်ပြီး ရှေ့သို့ တွန်းပို့ပေးလိုက်ခြင်းမျှသာဖြစ်သည်။ ဆန်မီသည် စိတ်ထဲတွင်အနည်းငယ် ဇဝေဇဝါဖြစ်နေမိသော်လည်း ဤနေရာသို့ရောက်ရှိနေပြီဖြစ်ရာ ဝိုင်ခွက်ကို ကောက်ကိုင်ပြီး တစ်ငုံမြည်းစမ်းလိုက်တော့၏။

တရုတ်နိုင်ငံ ဝိုင်ကုန်စည်ပြပွဲကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့်အားလျော်စွာ ဆန်မီသည် နှစ်စဉ်နှစ်တိုင်းပြပွဲကြီးများကို စီစဉ်ကျင်းပပေးရန် ကူညီဆောင်ရွက်ပေးရသူဖြစ်သည်။ ဤလုပ်ငန်းနယ်ပယ်အတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသဖြင့် သူမသည် ပြည်တွင်းပြည်ပဝိုင်အမျိုးမျိုး၊ အရက်ပါဝင်မှုနည်းသောဝိုင်နှင့် ဝိုင်ပြင်းများ၊ ရိုးရာဝိုင်နှင့် ခေတ်ပေါ်ဝိုင်အမျိုးမျိုးကို မြည်းစမ်းဖူးခဲ့၏။ သူသည် ဤလုပ်ငန်းထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သည်နှင့်အမျှ ဝိုင်မြည်းစမ်းခြင်းကို အနုပညာတစ်ခုထက် အလုပ်တစ်ခုကဲ့သို့ ပိုမို သဘောထားလာမိခဲ့ရသည်။ နှစ်ပတ်လည် ဝိုင်ကုန်စည်ပြပွဲကြီးတွင် သူသည် ဝိုင်အမျိုးမျိုးကို အမှတ်ပေးရလေ့ရှိသည်။ သူသည် ဝိုင်တစ်ခွက်၏ အရသာ၊ အနံ့၊ ချက်လုပ်ပုံနည်းစနစ် စသည်တို့ကို အခြေခံ၍ ဘက်မလိုက်ဘဲ အမှန်အတိုင်းအကဲဖြတ်ရလေ့ရှိ၏။ သို့မဟုတ်လျှင်လည်း ညစာစားပွဲများတွင် လူမှုရေးအရ ဆက်ဆံရန်အတွက်သာ ဝိုင်ကိုမဖြစ်မနေသောက်သုံးခဲ့ရသည်။ သူ့အနေဖြင့် ဝိုင်မြည်းစမ်းခြင်း၏ စစ်မှန်သောပျော်ရွှင်မှုကို တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့ရပြီဟု ထင်မှတ်ထားခဲ့သော်လည်း တုကန်း လှမ်းပေးလိုက်သော ဤဝိုင်တစ်ခွက်မှာမူ သူ့စိတ်ထဲမှ ဝိုင်အပေါ်ထားရှိသည့် သေးငယ်လှသော ချစ်ခြင်းမေတ္တာကို ပြန်လည်နိုးထလာစေခဲ့သည်။

တုကန်း ဖျော်စပ်ပေးလိုက်သော ဖျော်ရည်မှာ အနည်းငယ်နောက်ကျိနေပြီး ကြည်လင်မနေချေ။ သို့သော်လည်း ထိုနောက်ကျိမှုနှင့် ရိုးရှင်းမှုမှာပင် ဆန်မီကို သူ့ဘဝတွင် ပထမဆုံးအကြိမ် အရက်သောက်ဖူးခဲ့သည့်အချိန်ဆီသို့ စိတ်ကူးဖြင့် ခေါ်ဆောင်သွားခဲ့တော့သည်။ ထိုအဖြစ်အပျက်မှာ တရုတ်နှစ်သစ်ကူးကာလမိသားစုစုံစုံလင်လင်ဖြင့် ညစာစားပွဲတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ထိုအချိန်မှာ သူသည် ကလေးငယ်တစ်ဦးမျှသာရှိသေးရာ လူကြီးများသတိမထားမိခိုက်တွင် ဖခင်ဖြစ်သူ၏ အက်ကွဲနေသောခွက်ထဲမှ ကိုယ်တိုင်ချက်လုပ်ထားသည့် ဝိုင်များကို ဇွန်းဖြင့်ခိုးယူမြည်းစမ်းခဲ့ဖူးသည်။ သူသည် အရက်၏စပ်ရှရှအရသာကြောင့် အပြင်းအထန်ချောင်းဆိုးမိခဲ့သဖြင့် ထမင်းစားပွဲရှိ လူကြီးများ၏ အာရုံစိုက်မှုကိုခံခဲ့ရသည်။ လူကြီးများမှာ သူ့ကိုဝိုင်းဝန်းရယ်မောပြီး စနောက်နေကြစဉ် ပြတင်းပေါက်အပြင်ဘက်၌မူ ဗြောက်အိုးဖောက်သံများ ဟိန်းထွက်နေခဲ့၏။ ဆန်မီသည် ဤပုံရိပ်ကို စိတ်ထဲတွင် အချိန်အကြာကြီး မှတ်မိနေခဲ့ရခြင်းဖြစ်သည်။ ဆန်မီသည် မိမိအတိတ်အမှတ်တရများထဲတွင် နစ်မြောနေမိရင်း တစ်ငုံပြီးတစ်ငုံ ဆက်တိုက်သောက်နေမိတော့သည်။ ပါးစပ်ထဲမှ ဝိုင်အရသာမှာ သူ့ကလေးဘဝမှ မှတ်မိနေခဲ့သည့်အတိုင်း စပ်ရှရှနှင့်ချိုမြိန်လှသဖြင့် ဝိုင်ခွက်ကို အောက်သို့ ပြန်ချရန် လုံးဝအလိုမရှိတော့ချေ။

ဝိုင်မြည်းစမ်းပညာရှင် ယီကျွေ့လက်ခံရရှိလိုက်သော ဝိုင်မှာမူ ရွှေရောင်အဆင်းများတောက်ပနေပြီး ရွှေမှုန်များ ဖြန်းပက်ထားသည့်အလား အရည်မှာ ထူးခြားစွာ လှပလွန်းနေခဲ့သည်။ သူသည် စိတ်မထိန်းနိုင်ဘဲ ဖုန်းကိုထုတ်ယူကာ သေသေချာချာဓာတ်ပုံရိုက်ကူးလိုက်တော့၏။ ဤဝိုင်အရသာမှာ သူ ယခင်ကမြည်းစမ်းဖူးသမျှ ဝိုင်အမျိုးမျိုးနှင့် လုံးဝမတူညီဘဲ တကယ့်ကို ထူးခြားဆန်းပြားလှပေသည်။ ယီကျွေ့တစ်ယောက် ထိုဝိုင်ကိုဖော်ပြရန်အတွက် မည်သည့်အမွှန်းတင်စကားလုံးများကိုသုံးရမည်နည်းဟု စဉ်းစားနေဆဲတွင်ပင် သူ့နောက်ရှိတန်းစီနေသော လူတန်းကြီးမှာ ပိုမိုရှည်လျားလာသည်ကို မြင်တွေ့လိုက်ရသဖြင့် တုကန်းသည် အမြန်နှုန်းဖြင့် ထိုနေရာမှ ချက်ချင်းလစ်ထွက်သွားခဲ့တော့သည်။ အရက်ဖျော်စပ်ရောင်းချသူ၏ လက်ထောက်ဖြစ်သူမှာ ဤကဲ့သို့သော အခြေအနေမျိုးကို အမြဲတမ်းကြုံတွေ့ဖူးပြီး နေသားတကျရှိနေဟန်ဖြင့် အခြေအနေကို ထိန်းသိမ်းရန် အလျင်အမြန် ရှေ့သို့တိုးလာခဲ့၏။

"တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဆရာတုက အခုပင်ပန်းသွားလို့ ခဏလောက် အနားယူဖို့သွားပါပြီ"

လူတန်းထဲမှ မောင်းထုတ်ခံလိုက်ရသကဲ့သို့ဖြစ်သွားသော ဖေဖုန်းသည် ရယ်လည်းရယ်ချင် စိတ်လည်းတိုသွားရတော့သည်။ ဘာဖြစ်သွားတာလဲ။ ဘာဖြစ်လို့ သူ့အလှည့်ကျမှ အရက်ကုန်သွားရတာလဲ။ စောစောကတည်းက နေရာရထားကြသော လူများမှာမူ ရယ်မောလိုက်ကြသည်။

"ကြည့်ရတာ ခင်ဗျား သေချာပေါက် စောင့်ရတော့မယ်ထင်တယ်"

သူတို့ကိုယ်တိုင်လည်း လူအုပ်စုနှစ်စု၊ သုံးစုခန့်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးမှသာ ဆရာတု၏ကော့တေးဖျော်ရည်ကို သောက်သုံးခဲ့ရခြင်း ဖြစ်ပေသည်။ အရက်သောက်ရသည်ကို နှစ်သက်ကြသူများ၏သဘာဝတွင် အနည်းငယ် ရိုးရှင်းပွင့်လင်းပြီး ရဲတင်းသော အမူအရာများရှိကြစမြဲဖြစ်သဖြင့် သူတို့သည် တုကန်း၏ ရုတ်တရက် ထွက်ခွာသွားမှုအပေါ် ဘာမှအပြစ်မမြင်ကြချေ။ တုကန်း၏ လွတ်လပ်ပေါ့ပါးသော ဟန်ပန်မှာပင် သူတို့စရိုက်နှင့် ကွက်တိကျနေခဲ့သည်။ ဖေဖုန်းနှမြောတသစွာဖြင့် သက်ပြင်းချလိုက်မိ၏။

"ကြည့်ရတာ ငါလာတာ အချိန်မတော် ဖြစ်သွားပြီထင်တယ်"

အရက်ဖျော်စပ်ရောင်းချသူ၏ လက်ထောက်မှာလည်း ဧည့်သည်ကို ဒီအတိုင်းရပ်ခိုင်းထားရန် အစီအစဉ်မရှိချေ။ သူ ပြောလိုက်သည်။

"ဆရာတုက အခုလောလောဆယ် ကိုယ်တိုင်ဖျော်စပ်မပေးနိုင်တော့ပေမယ့် ဆရာတုကိုယ်တိုင် ချက်လုပ်ထားတဲ့ ဝိုင်အချို့တော့ရှိပါတယ်၊ အကယ်၍ လူကြီးမင်းတို့ စိတ်ဝင်စားရင် တစ်ခွက်လောက်ဝယ်ယူပြီး မြည်းစမ်းကြည့်နိုင်ပါတယ်"

"ဒါဆိုလည်း တစ်ခွက်လောက်သောက်ကြတာပေါ့"

ဖေဖုန်းနှင့် ယွဲ့ချန်မြို့မှ နာမည်ကြီး စားဖိုမှူးကြီးဟိုင်ဝေတို့သည် တစ်ဦးကိုတစ်ဦးလှမ်းကြည့်လိုက်ကြသည်။ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ အနည်းဆုံးတော့ အရသာကိုမြည်းစမ်းကြည့်ရပေမည်။ ဆန်မီနှင့် ယီကျွေ့တို့သည်လည်း အရှုံးမပေးလိုဘဲ လက်မြှောက်ကာ အော်လိုက်ကြသည်။

"ကျွန်တော်တို့ကိုလည်း တစ်ခွက်စီပေးပါဦး"

"တစ်ခွက်ကို ယွမ် (၅၀၀) ပါ၊ တစ်ခွက်မှာ (၁၅၀)မီလီလီတာ ပါဝင်ပါတယ်၊ လူကြီးမင်းတို့အားလုံး အတူတူလာကြတာလား တစ်ကယ်လို့ အတူတူဆိုရင်တော့ ပုလင်းလိုက်ဝယ်ယူတာက ပိုအဆင်ပြေပါလိမ့်မယ်"

လက်ထောက်မှာ လူဦးရေကို တွက်ချက်ပြီးနောက် အကြံပြုလိုက်သည်။

"(၇၅၀) မီလီလီတာ ပါဝင်တဲ့ တစ်ပုဒ်ကိုတော့ ယွမ် (၂၀၀၀)ပဲကျသင့်ပါတယ်"

သိုလှောင်ခန်းထဲတွင် ဆရာတုကိုယ်တိုင်ချက်လုပ်ထားသော ဝိုင်များသည် အချိန်ကာလတစ်ခုအထိ သက်တမ်းရှိနေပြီဖြစ်သည်။ တုကန်းသည် အချိန်အကြာကြီးအလုပ်မလုပ်လိုသဖြင့် ဝိုင်များကို သူ့လက်ထောက်ထံသို့သာ လွှဲပြောင်းပေးအပ်ထားလေ့ရှိ၏။ သူသည် စိတ်အခြေအနေကောင်းမွန်သည့် အချိန်မျိုးတွင်မှသာ ဘားသို့လာရောက်ပြီး ကော့တေးသောက်ရန် ကံထူးသူ ဧည့်သည်များကို ကိုယ်တိုင်ရွေးချယ်ပေးလေ့ရှိခြင်းဖြစ်သည်။ မည်သူမျှ ကန့်ကွက်ခြင်းမရှိသဖြင့် သူတို့သည် ဝိုင်တစ်ပုလင်း မှာယူလိုက်ကြသည်။ ယီကျွေ့နှင့် ဆန်မီတို့သည် ဆရာတုကိုယ်တိုင် ဖျော်စပ်ပေးသော ကော့တေးနှင့် အဆင်သင့်ချက်လုပ်ထားသော ဝိုင်တို့၏ ကွဲပြားခြားနားမှုကို အထူးတလည် နှိုင်းယှဉ်ကြည့်ရန်အတွက် ဖန်ခွက်အပိုတစ်ခွက်စီကိုပါ ထပ်မံ ယူဆောင်ထားလိုက်ကြ၏။ အဆင်သင့်ချက်လုပ်ထားသော ဝိုင်သည်လည်း မထင်မှတ်ရလောက်အောင် အရသာအလွန်ကောင်းမွန်လှပြီး စျေးကွက်ထဲတွင် ထိပ်တန်းအဆင့်ရှိသော ဝိုင်တစ်ခွက်ဖြစ်ပေသည်။ သို့သော်လည်း KM အစားအသောက် မဂ္ဂဇင်း၏ အယ်ဒီတာပြောကြားခဲ့ဖူးသည့်အတိုင်း ဆရာတုကိုယ်တိုင် သီးသန့်ဖျော်စပ်ပေးသောဝိုင်သည် လူတို့၏စိတ်အလိုဆန္ဒများကို တိုက်ရိုက် ဖြည့်ဆည်းပေးနိုင်စွမ်းရှိသဖြင့် အဆင်သင့်ဝိုင်ထက် ပိုမိုထူးခြားဆန်းပြားလှပေသည်။ ဘားတံခါးကြီးမှာ ထပ်မံပွင့်ဟလာခဲ့ပြီး အရက်ဖျော်စပ်ရောင်းချသူ၏ လက်ထောက်သည် အသစ်ရောက်ရှိလာသော ဧည့်သည်လှိုင်းလုံးအသစ်ကို စိတ်ရှည်လက်ရှည်ရှင်းပြနေခဲ့သည်။

"ဆရာတုက အခုအနားယူနေပါတယ်၊ သူ ချက်လုပ်ထားတဲ့ ဝိုင်တွေကိုတော့ ဝယ်ယူရရှိနိုင်ပါတယ်၊ ဒါမှမဟုတ် အခြားဖျော်ရည်တွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါတယ်"

"ဒါဆိုလည်း ငါတို့တွေ ဒီနေရာအထိ ရောက်လာပြီဆိုမှတော့ ဆရာတုရဲ့ဝိုင်တစ်ပုလင်းလောက် ဝယ်ကြတာပေါ့"

တူညီသော အဖြေစကားမျိုးဖြစ်သော်လည်း အခြားသူတစ်ဦး၏ပါးစပ်မှထွက်ပေါ်လာသည်ကို ကြားရသည့်အခါ ပိုမိုစိတ်ဝင်စားစရာကောင်းနေခဲ့သည်။ ယီကျွေ့သည် စိတ်မထိန်းနိုင်ဘဲ ခေါင်းမော့၍ ထိုဧည့်သည်များကိုလှမ်းကြည့်မိပြီး အားလုံးမှာ သူနှင့်သိကျွမ်းနေသည့် လူဟောင်းများဖြစ်နေကြသဖြင့် အံ့အားသင့်သွားရတော့၏။

"ရှောင်လု၊ မီကော နဲ့ တာ့ကျင်၊ မင်းတို့အားလုံး ဘာဖြစ်လို့ ဒီကိုရောက်နေကြတာလဲ"

ယီကျွေ အံ့ဩတကြီးအော်ဟစ်လိုက်မိသည်။ သူသည် ၎င်းတို့အနက်မှ သုံးဦးကို ချက်ချင်းမှတ်မိလိုက်သော်လည်း သူတို့ဘေးနားရှိ အခြားခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့်မှာမူ ရေးရေးမျှသာ ရင်းနှီးသကဲ့သို့ရှိနေခဲ့၏။ ဝိုင်ဝယ်ယူရန်ပြင်ဆင်နေကြသော လူစုကြီးသည်လည်း အံ့ဩတကြီးဖြင့် လှည့်ကြည့်လာကြသည်။

"ယီကျွေ့လား၊ တိုက်ဆိုင်လိုက်တာ"

ရှောင်လု၊ မီကောနှင့် တာ့ကျင်တို့သည် အင်တာနက်တစ်ခွင်တွင် ဖော်လိုဝါ ဆယ်သန်းကျော်စီရှိကြပြီး ဗီဒီယိုအမြောက်အမြားကို ဖန်တီးထားကြသော နာမည်ကျော်အစားအသောက် ဘလော့ဂါများ ဖြစ်ကြပေသည်။ ယီကျွေ့သည် သူတို့ဘေးမှလူများကို မမှတ်မိပါသော်လည်း လက်ထဲတွင်ကိုင်ဆောင်ထားကြသော ဖုန်းများနှင့် ရိုက်ကူးရေးပစ္စည်းကိရိယာများကို ကြည့်ရုံမျှဖြင့် သူတို့သည်လည်း အစားအသောက် ဘလော့ဂါများဖြစ်ကြလိမ့်မည်ဟု ခန့်မှန်းမိလိုက်၏။ ယီကျွေ့နှင့် ပိုမိုရင်းနှီးသော မီကောကမေးမြန်းလိုက်သည်။

"မင်းက ဘာဖြစ်လို့ ဒီကိုအစောကြီး ရောက်နေရတာလဲ"

ဝိုင်မြည်းစမ်းပညာရှင်ယီကျွေ့ အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။

"ငါက KMမဂ္ဂဇင်းထဲမှာ ဟဲယဲ့တည်းခိုခန်းရဲ့ ဝိုင်တွေအကြောင်း အကြံပြုထားတာကို မြင်လို့လေ၊ မင်းတို့လည်းသိတဲ့အတိုင်း ငါကဝိုင်ဝါသနာအိုးဆိုတော့ ဒီကိုလေယာဉ်နဲ့ တန်းပြေးလာခဲ့တာပေါ့၊ ဒါနဲ့ မင်းတို့ကျတော့ရော ဘာပွဲရှိလို့လဲ၊ ဘာဖြစ်လို့ အုပ်စုလိုက်ကြီး လာခဲ့ကြတာလဲ"

မီကော ခေါင်းကိုကုတ်ရင်းပြောလိုက်သည်။

"မင်း မသိသေးဘူးလား၊ Michelinရဲ့ တရားဝင်ဝဘ်ဆိုက်ပေါ်မှာ သတင်းအချက်အလက်တွေ အခုတင်ပဲအသစ်အပ်ဒိတ်လုပ်လိုက်ပြီလေ၊ ဟဲယဲ့တည်းခိုခန်းက ကြယ်သုံးပွင့်အဆင့်ရှိတဲ့စားသောက်ဆိုင်အဖြစ် သတ်မှတ်ခြင်းခံလိုက်ရလို့ အစားအသောက်ဘလော့ဂါတွေ အားလုံးကလာပြီး စစ်ဆေးကြည့်ရှုဖို့ ထွက်လာခဲ့ကြတာပေါ့"

ဝိုင်မြည်းစမ်းပညာရှင်ယီကျွေ့သည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။ Michelin အဆင့်သတ်မှတ်ချက်များသည် တရုတ်နိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ညွှန်းဆိုပြသထားသော စားသောက်ဆိုင်အရေအတွက်မှာလည်း သဘာဝကျကျတိုးပွားလာခဲ့၏။ သို့သော်လည်း Michelin သည် ၎င်းတို့၏ကြယ်ပွင့်သတ်မှတ်မှုစနစ်တွင် အမြဲတမ်း အလွန်တရာစေ့စပ်သေချာပြီး ဂရုတစိုက်ရှိလှပေသည်။ ကြယ်တစ်ပွင့်နှင့် ကြယ်နှစ်ပွင့်အဆင့်ရှိ စားသောက်ဆိုင်များကို အလွယ်တကူ မြင်တွေ့နိုင်သော်လည်း ကြယ်သုံးပွင့်အဆင့်ရှိ စားသောက်ဆိုင်မှာမူ တကယ့်ကို ရှားပါးလွန်းလှပေသည်။ ဒါတင်မကသေးဘဲ ကြယ်သုံးပွင့်အဆင့်ရှိ စားသောက်ဆိုင်အများစုသည် အမှန်တကယ်တွင် ကြယ်နှစ်ပွင့်အဆင့်မှ နှစ်ပေါင်းများစွာ အပတ်တကုတ်ကြိုးပမ်းပြီးမှသာ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ဟဲယဲ့တည်းခိုခန်းသည် အဘယ်ကြောင့်စတင်သတ်မှတ်ကတည်းက ကြယ်သုံးပွင့်အဆင့်အဖြစ် ချက်ချင်းသတ်မှတ်ခြင်းခံလိုက်ရတာပါသနည်း။

All Chapters