အခန်း ၂၈၃
Vol. 29 Ch. 283
283
"တကယ်ကြီးလား၊ Michelin အဆင့် သတ်မှတ်ချက် ဟုတ်လို့လား"
"ငါ Michelin ဝဘ်ဆိုက်ကိုဝင်စစ်ပြီးပြီ၊ ဟဲယဲ့တည်းခိုခန်းက တကယ်ကြီး ကြယ်သုံးပွင့်အဆင့် အညွှန်းခံထားရတာ"
"တန်လိုက်တာ တကယ်ကိုတန်လိုက်တာ၊ ဒီခရီးစဉ်က တကယ့်ကိုတန်ဖိုးရှိလွန်းတယ်၊ ဒီလောက်အရသာရှိတဲ့ မုန့်တွေက စားလို့အရမ်းကောင်းကတည်းက ဒါ ရိုးရိုးရှင်းရှင်းမဟုတ်မှန်း ငါသိနေသားပဲ"
မီကောသည် သူ့အသံပမာဏကိုမထိန်းချုပ်နိုင်ခဲ့သဖြင့် ဘားထဲရှိ လူအများအပြားသည် ဟဲယဲ့တည်းခိုခန်း Michelin ကြယ်သုံးပွင့်အဆင့်ရရှိသွားသည့် သတင်းကိုကြားသွားကြပြီး အားလုံး စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းပြောဆိုနေကြတော့သည်။ အမှန်တော့ ဟဲယဲ့တည်းခိုခန်းသည် များပြားလှစွာသော အဆင့်မြင့် Michelinကြယ်သုံးပွင့်အဆင့် စားသောက်ဆိုင်များထဲတွင် သုံးစွဲရသည့်ငွေကြေးထက် ပိုမိုလွန်ကဲသောအရည်အသွေးကို ပေးစွမ်းနိုင်ပေ၏။ အခြားသော Michelinကြယ်သုံးပွင့်အဆင့် စားသောက်ဆိုင်များတွင် လူတစ်ဦးလျှင် ပုံမှန်အားဖြင့် ယွမ် (၆၀၀) ခန့် ကျသင့်လေ့ရှိသော်လည်း ဟဲယဲ့တည်းခိုခန်းတွင်မူ အရသာရှိလှသော မုန့်တစ်ဗူးအခမဲ့လက်ဆောင်ပါဝင်သည့် တစ်ညတာတည်းခိုခကို ယွမ် (၄၀၀)မျှသာရှိသော ဈေးနှုန်းအနိမ့်ဆုံးဖြင့် ရရှိနိုင်သည်။ စားသောက်ခန်းမမှာလည်း ဈေးမကြီးလှချေ။ လူနှစ်ဦးအတွက် ပင်လယ်စာဟင်းလျာတစ်မျိုး သို့မဟုတ် နှစ်မျိုးခန့် မှာယူလျှင်ပင် တစ်ဦးလျှင် ယွမ် (၂၀၀)အောက်ဖြင့် အလွယ်တကူ သုံးဆောင်နိုင်သဖြင့် တကယ့်ကိုတွက်ချေကိုက်လှပေ၏။
ဝိုင်မြည်းစမ်းပညာရှင်ယီကျွေ့နှင့် အခြားသူများသည်လည်း သူတို့စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ကြချေ။ သူတို့သည် မူလက KMမဂ္ဂဇင်း၌ အကြံပြုထားသော ဆိုင်များကိုလာရောက်လေ့လာရန်သာ စိတ်ကူးရှိခဲ့ကြသော်လည်း ဟိုတယ်သို့ရောက်ရှိပြီးနောက် ဤဟိုတယ်ကြီး Michelinကြယ်သုံးပွင့်အဆင့်သို့ တိုးမြှင့်ခံရသည့် အခိုက်အတန့်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ဤခံစားချက်မှာ မိမိတို့ တက်ရောက်ခဲ့သည့် ကျောင်းတော်ကြီးမှာ သာမန်တက္ကသိုလ်တစ်ခုအဆင့်မှသည် ထိပ်တန်းအမျိုးသားအဆင့် (၉၈၅) တက္ကသိုလ်အဖြစ်သို့ တိုးမြှင့်ခံလိုက်ရသကဲ့သို့ဖြစ်ရာ အလွန်တန်ဖိုးရှိသော အခွင့်အရေးကို အလကားရလိုက်သည့်အလား ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။ မီကောသည် ယီကျွေ့လက်ထဲမှ ဝိုင်ကို အတော်လေး အားကျနေမိသည်။ Michelin စားသောက်ဆိုင်အကဲဖြတ်အဖွဲ့မှာ ဟဲယဲ့တည်းခိုခန်း၏ဝိုင်များကို အလွန်မြင့်မားသော အဆင့်သတ်မှတ်ချက်များ ပေးထားခဲ့သည်မဟုတ်ပါလား။
"ဘယ်လိုလဲ၊ အရသာရှိရဲ့လား"
ဝိုင်မြည်းစမ်းပညာရှင် ယီကျွေ့ လက်မထောင်ပြလိုက်ရင်း ပြောလိုက်သည်။
"တကယ့်ကို ကောင်းတယ်၊ ငါ့အထင်တော့ ဒီဝိုင်တစ်မျိုးတည်းနဲ့တင် Michelinကြယ်သုံးပွင့်အဆင့်နဲ့ ထိုက်တန်တယ်"
"ကောင်းပြီ ဒါဆို ငါတို့တွေ ဒီမှာပဲဆက်စောင့်ကြတာပေါ့၊ ဒီနေ့တော့ ဆရာတုရဲ့ ကော့တေးကိုရအောင်သောက်မယ်လို့ ဆုံးဖြတ်ထားတယ်"
မီကောမှာ တုကန်းပေါ်လာမည့်အချိန်ကို လူတန်းစီစောင့်ဆိုင်းရန် အလွန် စိတ်အားထက်သန်နေဟန်ဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ရင်းပြောလိုက်သည်။ ကွမ်တုန်း စားဖိုမှူးကြီးဟိုင်ဝေသည် မူလက ဟဲယဲ့ဟိုတယ်သို့ ဟိုတယ်စားသောက်ဆိုင်၏ လည်ပတ်ပုံများကို လာရောက်လေ့လာစောင့်ကြည့်ရန် ရောက်ရှိလာခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ သူသည်လည်း ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ချေ။ သူတို့နှစ်ဦး အနည်းငယ် ပိုမို၍ စကားစမြည်ပြောဆိုချင်နေကြစဉ် ဘေးစားပွဲမှ အာမေဍိတ်သံတစ်ခုကို ကြားလိုက်ရသည်။
"ဟိုတယ်က Michelinကြယ်သုံးပွင့်အဆင့်ရရှိသွားတာကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဟိုတယ်ရဲ့ Holographicရုပ်ရှင်ရုံကို အချိန်ဇယားထက်စောပြီး လူတိုင်းအတွက် ဖွင့်လှစ်ပေးတော့မယ်တဲ့၊ ဟိုတယ်ဧည့်သည်တွေ အားလုံးက Codeကို စကန်ဖတ်ပြီး ဝင်ရောက်ကြည့်ရှုဖို့ ကြိုတင်ဘိုကင် လုပ်နိုင်ပါတယ်တဲ့"
Holographic ရုပ်ရှင်ရုံဆိုတာ ဘာလဲ။ ဘယ်နေရာမှာ ရှိတာလဲ။
"ပဉ္စမထပ်က လှုပ်ရှားမှုအခန်းမှာလေ၊ ရုပ်ရှင်ပြသမယ့် အချိန်ဇယားလည်း ထွက်လာပြီ၊ ညနေ (၅) နာရီမှာ ရှုခင်းအလှအပရုပ်ရှင်၊ ည (၇) နာရီမှာ အချစ်ရုပ်ရှင်၊ ပြီးတော့ ည (၉) နာရီမှာ သရဲရုပ်ရှင်တဲ့၊ ဒါတင်မကဘူးနော် ကြော်ငြာစာသားထဲမှာ ဖော်ပြထားတာကတော့ Holographic ရုပ်ရှင်ရုံက တကယ့်ကို လက်တွေ့ဘဝနဲ့ ထပ်တူကျတဲ့ အတုအယောင်ကမ္ဘာတစ်ခုကို ဖန်တီးဖို့အတွက် အဆင့်အမြင့်ဆုံး Holographicပရိုဂျက်တာနည်းပညာကို သုံးထားတာတဲ့"
"ဒါ စိတ်ဝင်စားစရာကောင်းမယ့်ပုံပဲ၊ ငါ ဒီအရက်ခွက်ကို အကုန်သောက်ပြီးရင် သွားကြည့်ကြတာပေါ့"
ဖေဖုန်းသည် ဘေးစားပွဲမှစကားဝိုင်းကို ကြားဖြတ်ကြားလိုက်ရသဖြင့် သူ့ဖုန်းကိုဖွင့်ကာ ဟဲယဲ့တည်းခိုခန်း၏ Weiboအကောင့်ကို လှန်လှောကြည့်ရှုလိုက်တော့သည်။ ဟဲယဲ့တည်းခိုခန်း၏ ဝေဘိုအကောင့်မှာ လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေပြီး ပို့စ်အမြောက်အမြားကို ဆက်တိုက်တင်ထားခဲ့၏။ ပထမဦးစွာ Michelin၏ တရားဝင်ဝဘ်ဆိုက်မှ သတင်းအချက်အလက်များကို အလျင်အမြန် ပြန်လည်မျှဝေထားပြီး ၎င်းနောက်တွင် ဟိုတယ်၏အစားအသောက်များကို မိတ်ဆက်ပေးသည့် ပို့စ်အချို့ကို တင်ထားခဲ့သည်။ နောက်ဆုံးတင်ထားသော Weiboပို့စ်မှာမူ Holographic ရုပ်ရှင်ရုံကို အချိန်စော၍ ဖွင့်လှစ်မည့်အကြောင်း ကြေညာချက်ပင်ဖြစ်ပေသည်။ မီကော အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားရင်း ပြောလိုက်၏။
"ဒါ တကယ့်ကိုကံဆိုးတာပဲ၊ ငါတို့တွေက အလောတကြီးလာခဲ့ကြတာဆိုတော့ အခန်းတောင်ဘိုကင်မလုပ်ရသေးဘူး၊ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရမှာ မဟုတ်တော့ဘူးထင်တယ်"
ဘလော့ဂါများဖြစ်ကြသည့်အားလျော်စွာ သူတို့သည် သဘာဝကျကျပင် ဟိုတယ်၏ပုံရိပ်များကို တတ်နိုင်သမျှ ဓာတ်ပုံအများကြီးရိုက်ကူးချင်ကြပေသည်။ အထူးသဖြင့် ယနေ့အစီအစဉ်သည် ဟဲယဲ့တည်းခိုခန်း၌ ဖြစ်ပွားနေခြင်းဖြစ်၏။ Holographic ရုပ်ရှင်ရုံ စတင်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် သူတို့သည် ထူးဆန်းဆန်းပြားသည့် အရာသစ်ကို ပထမဆုံးမြည်းစမ်းကြည့်ချင်ကြပြီး အခြားသူများ တစ်ခါမျှမရိုက်ကူးဖူးသေးသော ရုပ်သံမှတ်တမ်းများကို ရိုက်ကူးချင်ကြပေသည်။ စဉ်းစားကြည့်ရုံမျှဖြင့်ပင် အလွန်စိတ်လှုပ်ရှားစရာကောင်းလှသည်။
"ဒီည မင်းတို့ ငါတို့အခန်းမှာပဲလာစုပြီး အတူတူညအိပ်ကြပါလား၊ President Suite ကို ဘိုကင်လုပ်ထားတာဆိုတော့ အခန်းကတော်တော်ကြီးတယ်၊ အိပ်ခန်းတွေ မလောက်ရင်တောင် President Suiteရဲ့ ဧည့်ခန်းထဲမှာအိပ်လို့ရတာပဲ"
ဖေဖုန်း သူ့အဖော်များနှင့်တိုင်ပင်ပြီးနောက် မီကောနှင့် အခြားသူများကို ဖိတ်ခေါ်လိုက်သည်။
"ဝါး ဒါက တကယ့်ကိုအဆင့်မြင့်လွန်းတယ်၊ အခန်းထဲမှာ ဧည့်ခန်းတောင်ပါတယ်ပေါ့၊ ငါတို့တွေ မင်းတို့ကြောင့် တကယ့်ကို အမြင်ကျယ်သွားရပြီ၊ တကယ်ကို ကျေးဇူးတင်တယ်ကွာ၊ ဒါပေမယ့် ငါတို့တွေက အခုဝိုင်သောက်ဖို့ တန်းစီနေကြတာ၊ ပြီးတော့ နောက်ကျ အစားအသောက်ဗီဒီယိုအချို့လည်း ရိုက်ဖို့စီစဉ်ထားသေးတယ်၊ ဒါဆို ငါတို့တွေ ည (၉)နာရီကျမှ အဲဒီသရဲကားကို အတူတူကြည့်ဖို့ဆုံကြမလား"
ရှောင်လု၊ မီကော နှင့် တာ့ကျင်တို့ အနည်းငယ်အားနာဟန်ဖြင့် ပြောလိုက်ကြသည်။ သူတို့အုပ်စုတွင် သူတို့သုံးဦးအပြင် အခြားသောဘလော့ဂါ အနည်းငယ်ပါ ပါဝင်သဖြင့် လူဦးရေ အတန်ငယ် များပြားလှ၏။ လူတိုင်းတွင် ရိုက်ကူးရမည့် ဗီဒီယိုခေါင်းစဉ်မတူညီကြသဖြင့် လူတိုင်းအတွက် အချိန်အနည်းငယ်လိုအပ်ပေသည်။ လူခွဲပြီး လှုပ်ရှားခြင်းမှာ ပိုမို၍လွတ်လပ်မှုရှိစေသဖြင့် မည်သူမျှကန့်ကွက်ခြင်းမရှိဘဲ ည (၉) နာရီတွင် Holographic ရုပ်ရှင်ရုံဝင်ပေါက်၌ဆုံရန် ဆုံးဖြတ်လိုက်ကြတော့၏။ ရုတ်ချည်းပင် ဟဲယဲ့တည်းခိုခန်း၏ နေရာအနှံ့အပြားတွင် ကင်မရာများ ကိုင်ဆောင်ထားကြသော ဘလော့ဂါများကို မြင်တွေ့နေရသဖြင့် ဟိုတယ်ဘက်မှ ကြော်ငြာခများစွာ အကုန်အကျခံပြီး ဖိတ်ခေါ်ထားသည့်အလား ထင်မှတ်ရပေသည်။
သို့သော်လည်း လက်တွေ့တွင်မူ စုဟယ်သည် တစ်ပြားတစ်ချပ်မျှ ငွေကြေးအကုန်အကျမခံခဲ့ရချေ။ တင်ဒါအောင်ပွဲအခမ်းအနားတွင် ရှုံးနိမ့်ခဲ့ပြီးနောက် စစ်မြေပြင်တွင် နိုင်ခြင်း၊ ရှုံးခြင်းဟူသည်မှာ သာမန်အရာတစ်ခု ဖြစ်သည်ကို သိရှိထားသော်လည်း ကျားဖန်ကို ရှုံးနိမ့်ခဲ့ရခြင်းမှာ စုဟယ်ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေခဲ့၏။ သူမသည် စိတ်ကိုတင်းကာ ဟိုတယ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရန်အတွက်သာ စိတ်အာရုံ အပြည့်အဝမြှုပ်နှံထားခဲ့သည်။ ချန်းနှင့် ရေဘဝဲမိစ္ဆာတို့သည် စနစ်ချို့ယွင်းချက်ကြောင့် ဂိမ်းစနစ်မှာ သူမကို နစ်နာကြေးအဖြစ် ဂိမ်းစတိုးဆိုင်ထဲတွင် အသုံးပြုနိုင်သည့် အခမဲ့ကူပွန်အပိုတစ်ခုကို ပေးအပ်ခဲ့၏။ ကူပွန်ကိုရရှိပြီးနောက် စုဟယ်သည် ဂိမ်းစတိုးဆိုင်ကို အကြိမ်ကြိမ် ပြန်လည်ဖွင့်လှစ်ကြည့်ရှုခဲ့ပြီးနောက် နောက်ဆုံးတွင် အလွန်တန်ဖိုးကြီးပုံရပြီး တည်းခိုခန်းအတွက် အလွန်သင့်လျော်လှသော ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာ ၎င်းမှာ Holographic ရုပ်ရှင်ရုံပင်ဖြစ်သည်။
ယခုအခါ ဈေးကွက်ထဲတွင် ' Holographic ရုပ်ရှင်ရုံ' ဟူသော အမည်ကို အသုံးပြု၍ 4D၊ သို့မဟုတ် 5D၊ 6D နှင့် 7D ရုပ်ရှင်ရုံများအထိ ဖွင့်လှစ်ထားကြပြီး တစ်ခုထက်တစ်ခု ပိုမို၍လူအာရုံစိုက်စေမည့် ကြော်ငြာလှည့်ကွက်များကို သုံးထားကြသည်။ ထိုရုပ်ရှင်ရုံများသည် ပရိသတ်၏အာရုံခံစားမှုကို မြှင့်တင်ရန်အတွက် လှုပ်ရှားမှုရှိသော ထိုင်ခုံများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို အသုံးပြုကြ၏။ ဥပမာအားဖြင့် ရုပ်ရှင်ရုံထိုင်ခုံများတွင် ရုပ်ရှင်ဇာတ်ကွက်အရ သက်ဆိုင်ရာ တုန်ခါမှု၊ လှုပ်ခါမှု၊ မြင့်တက်မှုနှင့် နိမ့်ဆင်းမှုများကို ဖြစ်ပေါ်စေနိုင်သော တုန်ခါမှုစနစ်များကို တပ်ဆင်ထားကြသည်။ ရုပ်ရှင်ရုံအတွင်း၌ ရုပ်ရှင်ထဲမှ ပတ်ဝန်းကျင်အတိုင်း တုပနိုင်ရန် လေ၊ မိုး၊ နှင်း၊ မီးခိုး၊ လျှပ်စီးနှင့် အနံ့အသက်များကဲ့သို့သော အမျိုးမျိုးသော အထူးပြုလုပ်ချက်ကိရိယာများကို အသုံးပြုကြ၏။ ဥပမာအားဖြင့် ရုပ်ရှင်ဇာတ်ဝင်ခန်းတွင် မိုးရွာနေပါက ပရိသတ်၏ခေါင်းပေါ်မှ ရေသေနတ်အသေးစားလေးတစ်ခု ထွက်လာပြီး ရေဖျန်းပေးခြင်းမျိုးဖြစ်သည်။
7D ရုပ်ရှင်များမှာလည်း အလားတူပင်ဖြစ်ပြီး ၎င်းတို့သည် အခြေခံကျကျ ကွဲပြားခြားနားမှုမရှိဘဲ အထူးပြုလုပ်ချက် အမျိုးအစားအသစ်အချို့ကိုသာ ထပ်မံဖြည့်စွက်ထားခြင်းဖြစ်သည်။ သို့သော်လည်း ဂိမ်းစတိုးဆိုင်ထဲမှ Holographic ရုပ်ရှင်ရုံမှာမူ ထိုမျှလောက် မရိုးရှင်းချေ။ ၎င်းသည် လူများကို ကိုယ်တိုင်ကိုယ်ကျ ထိုကမ္ဘာထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနိုင်ရန်အတွက် အမြင့်မားဆုံးသော နည်းပညာအဆင့်ဖြင့် လက်တွေ့ဘဝကို တုပဖန်တီးထားခြင်း ဖြစ်သည်။ Holographic ရုပ်ရှင်ရုံ၏ အမည်မှာ အလွန်အမင်းစိတ်ကူးယဉ်ဆန်လွန်းခြင်း သို့မဟုတ် လှည့်ဖြားထားခြင်းမျိုးရှိမနေသဖြင့် စုဟယ်သည် အခမဲ့ကူပွန်ကို အသုံးပြု၍ ထိုပရောဂျက်ကို လဲလှယ်ယူလိုက်ပြီး (၅)ထပ်ရှိ လှုပ်ရှားမှုအခန်းတွင် တပ်ဆင်လိုက်တော့၏။ Holographic ရုပ်ရှင်ရုံ၏ ကိရိယာတန်ဆာပလာများတွင် ဘောလုံးအသေးစားအနည်းငယ်နှင့် ဆော့ဖ်ဝဲလ် တစ်ခုသာပါဝင်သည်။
ထိုဘောလုံးလေးများကို လှုပ်ရှားမှုအခန်း၏ ထောင့်စွန်းများတွင် ချထားပြီး ဆော့ဖ်ဝဲလ်ကို ထည့်သွင်းကာပြသလိုသောရုပ်ရှင်ကို ရွေးချယ်လိုက်ရုံမျှသာဖြစ်သည်။ စုဟယ်သည် ၎င်းကို အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ခဲ့ရာ ဟိုလိုဂရပ်ဖစ်ရုပ်ရှင်ရုံကို လည်ပတ်ရသည်မှာ အလွန်လွယ်ကူပြီး မထင်မှတ်ရလောက်အောင် အကျိုးသက်ရောက်မှု ကောင်းမွန်လှသည်ကို တွေ့ရှိခဲ့ရသဖြင့် ဧည့်သည်များအတွက် အချိန်စော၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ ဟဲယဲ့တည်းခိုခန်းသည် Michelin ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် သတ်မှတ်ခံရခြင်းမှာ အလွန် ကြီးမားသော ဝမ်းမြောက်စရာကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ စုဟယ်သည် အခြေအနေကို လျိုနနထံသို့ မေးမြန်းကြည့်ခဲ့သည်။ အမှန်တော့ လိုင်နာ သည် ဟဲယဲ့တည်းခိုခန်းကို ကြယ်နှစ်ပွင့်အဆင့်သာပေးခဲ့ခြင်းဖြစ်သော်လည်း လိုင်နာတွင်မြင့်မားသော လုပ်ပိုင်ခွင့်အာဏာရှိနေခြင်းကြောင့် ဖြစ်နိုင်သလို သို့မဟုတ်လည်း နောက်ပိုင်းတွင် ဟိုတယ်သို့ လျှို့ဝှက်လာရောက်စစ်ဆေးခဲ့ကြသော Michelinဝန်ထမ်းအချို့မှာ မြင့်မားသော အမှတ်များပေးခဲ့ကြခြင်းကြောင့်ဖြစ်နိုင်ရာ ဟဲယဲ့တည်းခိုခန်းသည် ကံကောင်းထောက်မစွာဖြင့် ကြယ်သုံးပွင့်အဆင့်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
ယခုအခါတွင်မူ ဟိုင်ဖန်ဟိုတယ်သည် ဟဲယဲ့တည်းခိုခန်းကို ပေါ်ပေါ်ထင်ထင် ပုတ်ခတ်ဝေဖန်နိုင်ခြင်းမရှိတော့ချေ။ ဒါဝမ်းသာစရာ နှစ်ထပ်ကွမ်းဖြစ်သဖြင့် သေချာပေါက် အောင်ပွဲခံရပေမည်။ မီကောတို့ အဖွဲ့နှင့်ဝိုင်မြည်းစမ်းပညာရှင် ယီကျွေ့တို့အဖွဲ့သည် ချိန်းဆိုထားသည့် အချိန်အတိုင်း Holographic ရုပ်ရှင်ရုံ၏ဝင်ပေါက်တွင် ဆုံဆည်းမိကြသည်။
"မင်း ဟိုတယ်အပေါ် ဘယ်လိုထင်လဲ"
ဝိုင်မြည်းစမ်းပညာရှင်ယီကျွေ့မှာ ဖောင်းကားနေသော သူ့ဗိုက်ကို ပွတ်သပ်ရင်း မေးမြန်းလိုက်သည်။
"Michelinရဲ့ အဆင့်သတ်မှတ်ချက်က တကယ့်ကို ထိုက်တန်ပါတယ်၊ ကြယ်သုံးပွင့်ဆိုတာ လုံးဝကိုမှန်ကန်တယ်၊ ငါ တကယ်ကို လေးစားသွားရပြီ၊ ငါ့ရဲ့ ကြည့်ရှုသူတွေကိုလည်း ဒီနေရာကို သေချာပေါက်လာဖို့ အပူတပြင်းညွှန်းဆိုပေးထားပြီးပြီ"
မီကော အံ့ဩတကြီးရေရွတ်လိုက်သည်။ ပင်လယ်စာအကြောင်းပြောရလျှင် ကွမ်တုန်း စားဖိုမှူးကြီးဟိုင်ဝေလည်း စကားအချို့ဆိုချင်နေခဲ့၏။
"ကုန်ကြမ်းတွေက တကယ့်ကို အရေးကြီးတာ၊ ပင်လယ်စာတွေ လတ်ဆတ်တယ်ဆိုတာ မဆန်းပေမယ့် ဟင်းလျာတိုင်းမှာ ဒီလောက်အထိ လတ်ဆတ်ပြီးပြည့်စုံနေတဲ့ ပင်လယ်စာမျိုးကိုရှာတွေ့ဖို့ဆိုတာကျ တကယ့်ကို ရှားပါးတယ်၊ ဒီလိုမျိုး အရည်အသွေး ထိန်းချုပ်မှုအဆင့်ကို ရရှိဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူဘူး"
သူတို့အုပ်စုသည် တူညီသောငါးပေါင်းဟင်းလျာကို သီးခြားစီမှာယူခဲ့ကြသော်လည်း ပန်းကန်တိုင်းသည် တူညီစွာလတ်ဆတ်နေပြီး အရွယ်အစားမှာလည်း အတူတူနီးပါးဖြစ်နေခဲ့သည်။ ဟိုင်ဝေ အလွန်အထင်ကြီးလေးစားသွားရင်း ပြောလိုက်၏။
"ဒီက စားဖိုမှူးတွေရဲ့ချက်ပြုတ်မှု နည်းစနစ်တွေက တိုးတက်ဖို့လိုအပ်နေသေးတယ်လို့ဆိုနိုင်ပေမယ့် ပင်လယ်စာ ရွေးချယ်မှုအပိုင်းမှာတော့ ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး၊ ငါ့အထင်တော့ ပင်လယ်ထဲကငါးတွေပဲ ပင်လယ်စာအကြောင်းကို ဒီလောက်အထိ ကောင်းကောင်းနားလည်နိုင်လိမ့်မယ်၊ ဒါပေမယ့် ကုန်ကြမ်းရွေးချယ်တတ်တာကလည်း ချက်ပြုတ်မှုအရည်အချင်းရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"
မီကော၊ တာ့ကျင်နှင့် အခြားသူများသည်လည်း ဟဲယဲ့တည်းခိုခန်း၏ ပင်လယ်စာအရသာအောက်တွင် လုံးဝ ကျရှုံးသွားခဲ့ကြရသဖြင့် လှိုက်လှိုက်လှဲလှဲပင် သဘောတူညီလိုက်ကြသည်။ သူတို့ကင်မရာများထဲတွင်လည်း ရိုက်ကူးထားသော မှတ်တမ်းများ ပြည့်လျှံနေခဲ့ပြီဖြစ်၏။ နှစ်ဖက်စလုံးသည် ဟဲယဲ့တည်းခိုခန်းအပေါ် စိတ်ကျေနပ်မှုရှိကြသဖြင့် ဆက်သွယ်ပြောဆိုရသည်မှာ ပိုမိုအဆင်ပြေချောမွေ့သွားပြီး မူလကသိပ်မရင်းနှီးကြသော အုပ်စုနှစ်စုသည် တဖြည်းဖြည်းနှင့် ရင်းနှီးပွင့်လင်းသွားကြတော့သည်။ စားဖိုမှူးကြီးဟိုင်ဝေမှာ သူ၏ငြင်းဆန်လိုသော စိတ်ခံစားမှုကို ထုတ်ဖော်ပြသလိုက်သည်။
"ငါတို့တွေ တကယ်ကြီး သရဲရုပ်ရှင် ကြည့်ရမှာလား၊ ငါက အသက်ကြီးပြီဆိုတော့ နှလုံးရောဂါရမှာကြောက်တယ်"
"ဟားဟား ဘာကြောက်စရာရှိလဲ ဆရာကြီးရဲ့၊ စိတ်မပူပါနဲ့ ငါ ဒီလို Holographic ရုပ်ရှင်ရုံတွေကို အရင်က သွားဖူးပါတယ်၊ အဲဒါတွေက ကြောက်စရာကောင်းတယ်ဆိုတာ ထိုင်ခုံတွေက ရုတ်တရက် လှုပ်ခါသွားတာမျိုးပဲရှိတာ၊ အားလုံးက အတုအယောင်တွေပါ နှစ်ချက် သုံးချက်လောက်လှုပ်ခါပြီးရင် အဆင်ပြေသွားမှာပါ"
မီကော အတွေ့အကြုံရင့်ကျက်စွာဖြင့် ရယ်မောရင်း ပြောလိုက်တော့သည်။