အခန်း ၂၈၄
Vol. 29 Ch. 284
284
သို့သော်လည်း မီကော၏အတွေ့အကြုံရင့်ကျက်မှုကြီးမှာ စတင်ကတည်းကပင် လုံးဝအသုံးမဝင်ဖြစ်သွားခဲ့ရပေသည်။ အကြောင်းမှာမူ Holographic ရုပ်ရှင်ရုံတွင် ထိုင်ခုံဟူ၍ လုံးဝရှိမနေသောကြောင့်ဖြစ်၏။ လူအများစုသည် သရဲရုပ်ရှင်များနှင့် ပတ်သက်လာလျှင် စိတ်ထဲ၌ တစ်မျိုးတစ်ဖုံစိုးရိမ်တုံ့ဆိုင်းမှု ရှိကြဆဲဖြစ်သည့်အပြင် ည (၉) နာရီအချိန်တွင် ပြသခြင်းဖြစ်သဖြင့် အလွန်အမင်း ခြောက်ခြားဖွယ်ကောင်းသည်ဟု ယူဆကြသောကြောင့် ဤသရဲရုပ်ရှင်ကို လာရောက်ကြည့်ရှုသူ အလွန်နည်းပါးလှသည်။ ထို့ပြင် ရုပ်ရှင်ရုံထဲသို့ မဝင်ရောက်မီ လက်မှတ်ရေးထိုးရသည့် တာဝန်ယူမှုဆိုင်ရာကတိခံဝန်ချက်စာချုပ်မှာလည်း လူတစ်စုကိုတွန့်ဆုတ်သွားစေခဲ့သည်။ သို့ဖြစ်ရာ ယခုအချိန်တွင်မူ ဤဆယ်ဂဏန်းမျှရှိသော ဘလော့ဂါအုပ်စုကြီးသည် လာရောက်ကြည့်ရှုသည့် ပရိသတ်အားလုံး၏ တစ်ဝက်ခန့်ဖြစ်နေခဲ့ပြီး အားလုံးမှာလည်း အချင်းချင်းသိကျွမ်းနေကြသူများဖြစ်သဖြင့် လူတိုင်း စိတ်အေးလက်အေးပိုရှိနေခဲ့ကြသည်။
Holographic ရုပ်ရှင်ရုံကြီးမှာ အလွန်ပင် ဟာလာဟင်းလင်းဖြစ်နေခဲ့သည်။ ရုပ်ရှင်ကြည့်မည့်လူ အယောက် (၃၀) ခန့်ကို ဝန်ထမ်းမှ အခန်းတွင်းသို့ခေါ်ဆောင်လာပြီးနောက် လူတိုင်းမှာ ဘာလုပ်ရမှန်းမသိဘဲ အခန်းအနှံ့ပြန့်ကျဲ၍ မတ်တတ်ရပ်နေခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် Holographic ရုပ်ရှင်ရုံဟု အမည်တပ်ထားသော အရာမှာ မီးများလင်းထိန်နေသည့် ဗလာကျင်းနေသော အခန်းအလွတ်တစ်ခုသာဖြစ်ပြီး အခြားမည်သည့်အရာမျှရှိမနေသောကြောင့်ဖြစ်ပေသည်။ စားဖိုမှူးကြီးဟိုင်ဝေသည် သူ့ကနဦးရပ်နေခဲ့သောနေရာမှနေ၍ မနေနိုင်မထိုင်နိုင် ဘေးသို့ထွက်လာခဲ့၏။ သူသည် နံရံဆီသို့ လျှောက်သွားပြီး နံရံမျက်နှာပြင်ကို သူ့လက်ချောင်းဖြင့် ညင်သာစွာ ပွတ်သပ်ကြည့်လိုက်ရင်း တစ်ခန်းလုံးကို သူ့အကြည့်များဖြင့် ဝေ့ဝဲကာ ထောင့်စေ့အောင် သေချာစွာ စောင့်ကြည့်လေ့လာနေခဲ့သည်။ သူသည် ဖုံးထားသောစက်ကိရိယာများ သို့မဟုတ် ထောင်ချောက်များရှိနေမလားဆိုပြီး ရှာဖွေနေခြင်းဖြစ်၏။ သို့သော်လည်း နံရံများနှင့် ကြမ်းပြင်များမှာ ထူးထူးခြားခြားရိုးရှင်းလွန်းနေပြီး သူ့အိမ်မှအခန်းများအတိုင်း ရှုပ်ထွေးသော အလှဆင်မှုများ သို့မဟုတ် ဝှက်ထားသော ခလုတ်များ လုံးဝရှိမနေသည်ကို တွေ့လိုက်ရသည်။
သူသည် ကြမ်းပြင်ပေါ်တွင်ထိုင်ကြည့်ပြီး ကြမ်းခင်းများကိုပင် လက်ဖြင့် ခေါက်ကြည့်ကာ မြည်ဟီးလာသည့် အသံသို့လည်းကောင်း၊ ခိုင်မာတောင့်တင်းသည့် ပဲ့တင်သံကိုလည်းကောင်း နားထောင်ပြီး ကြမ်းပြင်၏ ခိုင်ခံ့မှုနှင့် ဘေးကင်းမှုကို အတည်ပြုခဲ့သေးသည်။ ထိုအခါမှသာ ဟိုင်ဝေ၏တွန့်ကွေးနေသော မျက်ခုံးတန်းများမှာ အနည်းငယ်ပြေလျော့သွားတော့၏။ ဤအခန်းသည် တကယ့်ကို ထောင်ချောက်များ လုံးဝရှိမနေသည့် သာမန်အခန်းတစ်ခန်းသာဖြစ်ပုံရပေသည်။ သူသည် မိမိကိုယ်ကိုစိတ်လျှော့လိုက်၏။ မီကောမှာ စားဖိုမှူးကြီးဟိုင်ဝေ၏သတိကြီးစွာဖြင့် လှုပ်ရှားနေမှုများကိုသတိပြုမိသွားပြီး နေရာအနှံ့ ထောင့်စွန်းများတွင်ချထားသော ဘောလုံးပုံသဏ္ဌာန် ကိရိယာလေးများကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ဆရာကြီးဟိုင်ဝေ ဟိုမှာကြည့်လိုက်ပါဦး၊ ဟိုဘက်ထောင့်တွေမှာ စက်ဝိုင်းပုံ ပရိုဂျက်တာလေးတွေရှိနေတာပဲ၊ ဒီ Holographic ရုပ်ရှင်ရုံက သေချာပေါက် အလင်းနဲ့အရိပ် အထူးပြုလုပ်ချက်အချို့ပဲဖြစ်မှာပါ၊ စိတ်မပူပါနဲ့"
မီကောမှာ ဟိုင်ဝေကို စိတ်အေးသွားအောင် အားပေးစကားဆိုလိုက်သည်။ သတ်မှတ်ထားသည့်အချိန်သို့ ရောက်ရှိလာသောအခါ အခန်းတွင်းရှိ မီးများအားလုံး ရုတ်ချည်းငြိမ်းသွားခဲ့ပြီး ပြတင်းပေါက်မရှိသော ထိုအခန်းတစ်ခုလုံးကို နက်မှောင်လှသော အမှောင်ထုကြီးအောက်သို့ နစ်မြုပ်သွားစေခဲ့၏။ ဟိုင်ဝေသည် သတိလက်လွတ်ပင် မီကော၏အနားသို့ ပိုမိုတိုးကပ်သွားမိသည်။ ထိုအမှောင်ထုကြီးထဲတွင် ဟိုင်ဝေသည် သူ့ကျောပြင်ပေါ်၌ တဖြည်းဖြည်းနှင့် ပိုမိုအေးစိမ့်လာသည့် အအေးဓာတ်ကို ခံစားလိုက်ရ၏။ သို့သော်လည်း သူသည် စောစောကတင် ဤအခန်းကို သေချာစူးစမ်းလေ့လာထားခဲ့သည် မဟုတ်ပါလား။ အခန်းထဲတွင် အခြားစက်ကိရိယာများ သို့မဟုတ် အသုံးအဆောင်များမရှိသလို လေမှုတ်စက်ကိုလည်း သူမမြင်ခဲ့ချေ။ သို့ဖြစ်ရာ ဤအေးစိမ့်လှသော လေအေးမှာ ဘယ်မှတိုက်ခတ်လာရသနည်း။ ဟိုင်ဝေသည် တစ်ကိုယ်လုံးတုန်ရီသွားပြီး အနည်းငယ်စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
"ဝူး"
သူ့မျက်စိရှေ့မှောက်တွင် အရိပ်ဖြူတစ်ခု ဖြတ်ခနဲလက်သွားပြီး လေထုထဲ၌ သရဲတစ္ဆေအရိပ်သဏ္ဌာန်တစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ ဟိုင်ဝေ၏အာရုံကို ဖမ်းစားလိုက်တော့သည်။ ဤသရဲတစ္ဆေအရိပ်သဏ္ဌာန်သည် တစ်ဖြည်းဖြည်းနှင့် ပိုမိုနီးကပ်လာခဲ့သဖြင့် ဟိုင်ဝေသည် သတိမထားမိဘဲ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်မိသွား၏။ သူသည် ထိုသို့ခြေလှမ်းဆုတ်မိခြင်းကြောင့် မီကောနှင့် ဝေးကွာသွားရသည်ကို မိမိကိုယ်ကိုယ် သတိမပြုမိခဲ့ချေ။ ဝိုးတိုးဝါးတား ပုံရိပ်ယောင်သရဲမသည် သူမ၏ကြေကွဲဖွယ်ရာ အတိတ်ဇာတ်ကြောင်းကို ရွတ်ဆိုပြနေခဲ့သည်။ သူမ၏ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးတစ်စုံမှာ ဟိုင်ဝေကို စူးစိုက်ကြည့်နေရင်း သူမအတွက် ကလဲ့စားချေပေးရန် တောင်းပန်တိုးလျှိုးနေခဲ့သည်။
ဟိုင်ဝေ ခေါင်းညိတ်လိုက်သည့် အခိုက်အတန့်တွင်ပင် ထိုသရဲမသည် ရက်စက်ယုတ်မာလှသော အပြုံးတစ်ခုကို ပြသလိုက်ပြီး သူ့မျက်စိရှေ့မှောက်တွင်တင် ပျောက်ကွယ်သွားခဲ့တော့သည်။ ထို့နောက်တွင် ဟိုင်ဝေသည် ပျက်စီးယိုယွင်းနေသော ရဲတိုက်အိုကြီးတစ်ခုထဲသို့ ရောက်ရှိသွားခဲ့၏။ သူသည် ဤမျှလောက်အထိ လက်တွေ့ဘဝနှင့် ထပ်တူကျလွန်းလှသော အပြန်အလှန် သက်ရောက်မှုကို မီကောနှင့် အတူတူမျှဝေခံစားရန် ဘေးသို့ လှည့်ပြောလိုက်မည့်အချိန်တွင်ပင် မီကောတစ်ယောက် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း အံ့ဩတကြီးသိလိုက်ရသည်။ သူသည် ဘေးပတ်ဝန်းကျင်သို့ လက်လှမ်းကြည့်လိုက်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဟာလာဟင်းလင်းဖြစ်နေခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်၏ အရိပ်ကိုမျှပင် လှမ်း၍မထိတွေ့နိုင်ခဲ့ချေ။ ဤအရာသည် အမှန်စင်စစ်အတုအယောင် သရဲတစ္ဆေ၏ လက်ချက်ပင်ဖြစ်ပေသည်။ သရဲမမှာ သူမစကားများကို ပြောဆိုနေစဉ်အတွင်း ပရိုဂျက်တာ အလင်းတန်းသည် အထက်အောက် လှုပ်ခါသွားခဲ့ပြီး Holographic ရုပ်ရှင်ရုံ၏ပရိသတ်များကို သူတို့ကိုယ်တိုင် သတိမထားမိဘဲ သူတို့၏ရပ်တည်ရာ နေရာများကို ပြောင်းလဲသွားစေရန် လမ်းညွှန်ပေးခဲ့ခြင်းဖြစ်၏။
ဟိုင်ဝေသည် အနည်းငယ် ကြောက်လန့်တကြားဖြင့် တိုးတိုးလေး လှမ်းခေါ်လိုက်သော်လည်း မီကောထံမှ မည်သည့် တုံ့ပြန်သံမျှပြန်မကြားရချေ။ ထိုအစား သူကြားလိုက်ရသည်မှာ ရေစက်များ တတောက်တောက်ကျနေသည့် အသံပင်ဖြစ်သည်။ သူသည် မိမိကိုယ်ကို မှောင်မိုက်နေသောစင်္ကြံလမ်းတစ်ခုထဲတွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရပြီး နံရံများပေါ်မှစိုထိုင်းနေသော ရေကွက်များနှင့် ကွာကျနေသော အဖတ်များမှာ ပတ်ဝန်းကျင်ကို ပိုမို၍ ခြောက်ခြားဖွယ် ကောင်းနေစေ၏။ Holographicပုံရိပ်များမှာ တကယ့်ကို လက်တွေ့ကျလွန်းလှသဖြင့် ဟိုင်ဝေသည် လေထုထဲမှ ဆွေးမြည့်မှိုနံ့လိုလို အနံ့အသက်ဆိုးကိုပင် အတိုင်းသား ရရှိနေသကဲ့သို့ ခံစားရသည်။ သူ့အာရုံခံစားမှုအားလုံးသည် နိုးကြားလာခဲ့ပြီး အလွန်အမင်းတင်းကြပ်လှသော စိုးရိမ်စိတ်ကြောင့် သူ့လက်ဖဝါးများတွင် သတိလက်လွတ်ပင် ချွေးစေးများ ပြန်လာခဲ့ရ၏။
သူ့ခြေဖဝါးအောက်တွင် အလင်းစက်ကလေးတစ်ခုပေါ်လာပြီး ကျောက်တုံးလမ်းလေးကို လင်းထိန်သွားစေသည်။ ရုတ်ချည်းပင် သူ့နောက်ကွယ်မှ တံခါးချပ်ကြီးသည် အက်ကွဲသံကြီးဖြင့် ပွင့်ထွက်သွားပြီး သူ့အမြင်အာရုံထဲသို့ ဖြူဖျော့လွန်းလှသော မျက်နှာတစ်ခုပေါ်ထွက်လာခဲ့ရာ ၎င်း၏မျက်ဆန်များမရှိသော မျက်လုံးအစုံမှာ ဟိုင်ဝေကိုစူးစိုက်ကြည့်နေခဲ့၏။ သူသည် ထိုခြောက်ခြားဖွယ် မျက်နှာကြီးကို ရှောင်ရှားရန်အတွက် မသိစိတ်အတိုင်း အရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သော်လည်း ထိုမျက်နှာကြီးမှာ ပိုမို၍နီးကပ်လာခဲ့ပြီး ဟိုင်ဝေသည် ၎င်း၏အေးစိမ့်လှသော အအေးဓာတ်မှာ သူ့ပါးပြင်ကို လာရောက်ဖိကပ်ထားသကဲ့သို့ပင် ခံစားလိုက်ရသည်။ ဟိုင်ဝေသည် ထိုခြောက်ခြားဖွယ်မျက်နှာကြီး ဘာတွေပြောနေသည်ကို အာရုံမစိုက်နိုင်တော့ချေ။ Holographic ရုပ်ရှင်ရုံ၏ အထူးပြုလုပ်ချက်စနစ်မှာ အလုပ်လုပ်လာခဲ့ပြီး မသဲကွဲလှသော တိုးတိုးတိတ်တိတ် ညည်းတွားသံများနှင့်အတူ အေးစိမ့်လှသော လေပြင်းများဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။
ဟိုင်ဝေ၏နှလုံးသားမှာ ဗုံတီးနေသည့်အလား တဒုန်းဒုန်းတုန်ခါနေခဲ့ပြီး ပြင်းထန်လှသော သူ့နှလုံးခုန်နှုန်းသံများမှာ အခြားမည်သည့် အသံကိုမှမကြားရတော့အောင် ဖုံးလွှမ်းသွားခဲ့သည်။ သူသည် ဆက်မတောင့်ခံနိုင်တော့ဘဲ သူ့ခြေဖဝါးအောက်မှ တောက်ပနေသော အလင်းစက်ကလေးများညွှန်ပြရာ လမ်းအတိုင်း ဝုန်းခနဲ လှည့်၍ထွက်ပြေးတော့၏။ ရုပ်ရှင်ထဲမှ သရဲတစ္ဆေအရိပ်သဏ္ဌာန်များသည် စင်္ကြံလမ်းတစ်လျှောက် လွင့်မျောလာကြပြီး တစ်ခါတစ်ရံတွင် ဟိုင်ဝေ၏ဘယ်ဘက်အနားသို့ ရောက်ရှိလာတတ်ကာ တစ်ခါတစ်ရံတွင်မူ သူ့ညာဘက်မှ အမှောင်ရိပ်များထဲသို့ ရုတ်တရက် ပျောက်ကွယ်သွားတတ်သည်။ Holographic ရုပ်ရှင်ရုံ၏စနစ်မှ ထိုအသံများကို သူ့နားရွက်အနား နားကပ်လျက်ပြောနေသကဲ့သို့ ခံစားရစေပြီး သိမ်မွေ့လှသော ခြေသံများနှင့် ထွက်သက်ဝင်သက်တိုင်းကို ပြတ်ပြတ်သားသားကြားနေရစေသည်။ ဟိုင်ဝေသည် သူ့အာရုံကြောများ အစွမ်းကုန် တင်းကြပ်နေခဲ့ပြီး ရုတ်ချည်းပေါ်လာတတ်သော ထိတ်လန့်စရာများကြောင့် သူ့နှလုံးသားမှာ ရူးမတတ်ခုန်ပေါက်နေခဲ့ရသည်။ သူသည် အကြိမ်ပေါင်းများစွာ အော်ဟစ်ခဲ့သော်လည်း သူ့အော်ဟစ်သံများ အားလုံးမှာဝါးမြိုခံလိုက်ရသကဲ့သို့ရှိနေခဲ့၏။ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကိုပြန်လည်မတုံ့ပြန်ခဲ့ချေ။ သူ ခံစားနေရသည်မှာ သူ့ခြေဖဝါးအောက်မှ လမ်းကလေးသည် အလွန်အမင်း ရှည်လျားလွန်းနေသည်ဟူ၍သာဖြစ်သည်။
သူ ပို၍ ပြေးလေလေ၊ ပို၍ ထိတ်လန့်တုန်လှုပ်လာလေလေဖြစ်၏။ ဤ Holographic ရုပ်ရှင်ရုံသည် အလွန် ကျယ်ဝန်းလှသော်လည်း သူမည်မျှပင် ကြိုးစားပမ်းစားပြေးပါစေ ထွက်ပေါက် ရှာမရနိုင်လောက်အောင်အထိတော့ ကြီးမားကျယ်ပြန့်မနေသင့်ချေ။ သူ တကယ်ပဲ ခြောက်ခြားဖွယ်ရှေးဟောင်း ရဲတိုက်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားခဲ့ပြီလား။ ဟိုင်ဝေကို ပိုမိုထိတ်လန့် ကြောက်ရွံ့သွားစေသည့်အရာမှာ ထိုခြောက်ခြားဖွယ် မျက်နှာကြီးမှာ သူ့နောက်သို့တဖြည်းဖြည်းနှင့် မှီကပ်လာခြင်းပင်ဖြစ်သည်။ သူ့နောက်မှဆွဲငင်ခံလိုက်ရသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက် သူ့ကို တကယ်ကြီး လှမ်းဆွဲနေခဲ့ခြင်းဖြစ်ပေတော့၏။