အခန်း ၂၈၅
Vol. 29 Ch. 285
285
ဟိုင်ဝေသည် တစ်ကိုယ်လုံးတွင် ချွေးစေးများရွှဲရွှဲစိုလျက် Holographic ရုပ်ရှင်ရုံထဲမှ တွားသွားကာထွက်လာခဲ့ရရှာသည်။ ရုပ်ရှင်ပြသနေစဉ်အတွင်း သူသည် ထိုခြောက်ခြားဖွယ်ရာများကို ဆက်မတောင့်ခံနိုင်တော့ဘဲ အလွန်အမင်း ကြောက်လန့်တကြားဖြင့် မျက်ရည်၊ နှပ်ချေးများပါထွက်ကျသည်အထိ ငိုယိုမိခဲ့၏။ ရုပ်ရှင်၏ နောက်ဆုံးပိတ်ဒုတိယပိုင်းသို့ ရောက်သောအခါ၌မူ သူသည်ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကိုအုပ်ကာ မျက်လုံးများကိုပါ တင်းကြပ်စွာ မှိတ်ထားခဲ့တော့သည်။ အမှန်စင်စစ် Holographicရုပ်ရှင်များ၏ရည်ရွယ်ချက်မှာ ပရိသတ်များအား စိတ်လှုပ်ရှားဖွယ်ရာနှင့် ဆန်းသစ်သောခံစားမှုများကို ပေးစွမ်းရန်သာဖြစ်ပြီး လူကို အသက်ထွက်မတတ် ခြောက်လှန့်ရန်မဟုတ်ပေ။ ဟိုင်ဝေတစ်ယောက် ဆက်မတောင့်ခံနိုင်တော့ကြောင်း ထင်ရှားစွာပြသလိုက်ပြီးနောက်တွင်မူ သူ့မျက်စိရှေ့မှောက်က ထိတ်လန့်ဖွယ်ပုံရိပ်များအားလုံး အလိုလိုကွယ်ပျောက်သွားခဲ့သည်။
ဟိုင်ဝေသည် ရုပ်ရှင်ရုံထဲမှထွက်လာချိန်တွင် မျက်နှာတစ်ခုလုံးဖြူဖျော့နေခဲ့သည်။ ရုပ်ရှင်ရုံထဲသို့မဝင်မီက အလွန် သတ္တိကောင်းလှပါသည်ဆိုသော မီကောကိုပြန်လည်ကြည့်ရှုလိုက်ရာ ယခုအချိန်တွင်မူ မီကောသည်လည်း မျက်နှာတွင် သွေးမရှိသကဲ့သို့ပြာနှမ်းနေပြီး ခြေလှမ်းအနည်းငယ်လှမ်းလိုက်တိုင်း တစ်ကိုယ်လုံး တုန်ရီနေခဲ့၏။ သရဲရုပ်ရှင်ဝါသနာအိုးကြီးဖြစ်သူ မီကောသည် ယခုတစ်ကြိမ်တွင်မူ လုံးဝ အညံ့ခံကာ အထင်ကြီးလေးစားသွားခဲ့ရလေပြီ။ ဟဲယဲ့တည်းခိုခန်းရှိ Holographic ရုပ်ရှင်ရုံသည် Holographic နည်းပညာအပေါ် ထားရှိခဲ့သော သူ့အမြင်စောင်းမှုများကို အပိုင်းပိုင်းအစစ ရိုက်ခွဲပစ်လိုက်သည်။ ထိုပရိုဂျက်တာစက်ဝိုင်းလေးများသည် အရည်အသွေးနိမ့်လှသော အာကာသပုံရိပ်ယောင် အကျိုးသက်ရောက်မှုများကိုသာဖန်တီးနိုင်လိမ့်မည်ဟု သူထင်မှတ်ထားခဲ့ခြင်းဖြစ်၏။ သို့သော်လည်း ဟဲယဲ့တည်းခိုခန်း၏ Holographic စနစ်မှာမူ လက်တွေ့ကမ္ဘာနှင့် ထပ်တူကျလွန်းသော ကမ္ဘာတစ်ခုကို အပြည့်အဝတည်ဆောက်ပြသွားခဲ့ခြင်းဖြစ်သည်။
သူသည် ဟိုင်ဝေထက်စာလျှင် အချိန်ပိုကြာကြာအောင့်အီးသည်းခံနိုင်ခဲ့သည်။ နောက်ပိုင်းတွင်မူ သူသည် Holographic ပရိုဂျက်တာ အလင်းတန်းများ၏ လမ်းညွှန်မှုအောက်တွင် ရဲတိုက်ကြီးထဲသို့မမျှော်လင့်ဘဲ ရောက်ရှိလာကြသည့် အခြားသော လူအုပ်စုကြီးနှင့် ပြန်လည် ဆုံတွေ့ခွင့်ရရှိခဲ့သည်။ ဆိုလိုသည်မှာ သူသည် အခြားသောရုပ်ရှင်ကြည့် ပရိသတ်များနှင့် အောင်မြင်စွာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်၏။ ထိုအချိန်ကျမှသာ ဟဲယဲ့တည်းခိုခန်း၏ Holographic ပရိုဂျက်တာစနစ်မှာ မည်မျှအထိ ထက်မြက်ဉာဏ်ကောင်းလှကြောင်း သူ သဘောပေါက်သွားတော့သည်။ Holographic ရုပ်ရှင်ရုံသည် အမှောင်ထုကိုအသုံးပြု၍ ပရိသတ်၏ အမြင်အာရုံကို ပိတ်ပင်လိုက်ပြီးနောက် မတူညီသော အလင်းတန်းများကို အသုံးပြုကာ အခန်းတွင်း နေရာလွတ်ကို သီးခြား နယ်မြေအသီးသီးအဖြစ် ခွဲခြားပစ်လိုက်သည်။ ထို့နောက်တွင် အလင်းစက်များနှင့် ပုံရိပ်များကို အသုံးပြု၍ ပရိသတ်၏ခြေလှမ်းများကို လမ်းညွှန်ပေးခဲ့သည်။ ဤနည်းလမ်းကြောင့် နေရာလွတ်တစ်ခုတည်းတွင် အတူတူရှိနေကြသည့် ပရိသတ်များမှာ မိမိကိုယ်ကို တစ်နေရာတည်းတွင်တင် 'သရဲတစ္ဆေ' များကဲ့သို့ တစ်ယောက်တည်း ခြေဦးတည့်ရာ လျှောက်လည်နေမိသည်ဟု ထင်မှတ်သွားစေကာ အချင်းချင်းရှာမတွေ့နိုင်အောင် ဖန်တီးထားခြင်းဖြစ်သည်။
မီကောအတွက် အံ့ဩစရာအကောင်းဆုံးအရာမှာ ဟဲယဲ့တည်းခိုခန်း ဟိုလိုဂရပ်ဖစ်ရုပ်ရှင်ရုံ၏ အလင်းရောင် အထူးပြုလုပ်ချက်များတွင် ဒြပ်ထုအလေးချိန်နှင့် အပူချိန်တို့ပါဝင်နေခြင်းပင် ဖြစ်သည်။ ရုပ်ရှင်ပြသနေစဉ်အတွင်း သူသည် ရုပ်ရှင်ထဲမှ 'သရဲတစ္ဆေ' များ၏ ထိတွေ့မှုကို အကြိမ်ပေါင်းများစွာ ခံစားလိုက်ရပြီး လူသားမဟုတ်သော အေးစိမ့်လှသည့် အပူချိန်နှင့် ၎င်းတို့ 'ဝိညာဉ်'များ၏ ဒြပ်ထုအလေးချိန်တို့ကို ပြတ်ပြတ်သားသားအာရုံရခဲ့၏။ သူ့လည်ပင်းပေါ်သို့ အေးစိမ့်လှသော လေအေးများ ဖြတ်သန်းသွားခြင်း၊ သူ့အဝတ်စများနှင့် လက်မောင်းများကို လှမ်း၍ဆွဲငင်ခံရသည့် ခံစားချက်များ ထိုအရာအားလုံးမှာ တကယ့်ကိုလက်တွေ့ကျလွန်းလှသည်။ သို့သော်လည်း ရုပ်ရှင်ပြီးဆုံးသွား၍ အခန်းတွင်းရှိမီးများ ပြန်လည် လင်းထိန်လာချိန်တွင်မူ Holographic ရုပ်ရှင်ရုံကြီးမှာ မူလအခြေအနေအတိုင်း ပြန်လည်ဖြစ်တည်နေသည်ကို သူမြင်တွေ့လိုက်ရသည်။ အခန်းထောင့်တွင် စက်ဝိုင်းပုံပရိုဂျက်တာလေးတစ်ခုသာရှိနေသည့် ဗလာကျင်းနေသော အခန်းအလွတ်တစ်ခုသာဖြစ်၏။
ရုပ်ရှင်ရုံထဲမှ ထွက်ခွာလာကြသော ဘလော့ဂါများမှာ သိသိသာသာပင် စိတ်တည်ငြိမ်မှုမရှိကြသေးချေ။ သူတို့ထဲမှ လူအချို့မှာ ခြေပစ်လက်ပစ်အင်အားချည့်နဲ့နေကြသဖြင့် ရုပ်ရှင်ရုံတံခါးဝတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကြပြီး လမ်းပင် မလျှောက်နိုင်ကြတော့ချေ။ သူတို့မျက်နှာများမှာ နွမ်းလျဖြူဖျော့နေကြပြီး ဤအခြေအနေအားလုံးကို မီကော၏ ကင်မရာမှမှတ်တမ်းတင် ရိုက်ကူးထားခဲ့လေသည်။ ဖေဖုန်းမှာမူ စိတ်လှုပ်ရှားရင်ခုန်စရာများကို ရှာဖွေရသည်ကို ဝါသနာပါသူတစ်ဦး ဖြစ်သည်။ သူသည် အတော်အတန် ထိတ်လန့် ခြောက်ခြားသွားခဲ့သော်လည်း အလျင်အမြန်ပင်ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ချက်ချင်းပင် လက်ညှိုးထောင်ကာ အကြံပြုလိုက်တော့၏။
"မနက်ဖြန် ငါတို့ နောက်တစ်ခေါက်ထပ်ကြည့်ရအောင်"
စားဖိုမှူးကြီးဟိုင်ဝေမှာမူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ သူ့လက်ဖဝါးနှစ်ဖက်လုံးမှာ ကြောက်လန့်လွန်းသဖြင့် တုန်ရီနေခဲ့ပြီး သူပြန်ရောက်သည့်အခါ ဒယ်အိုးကိုပင် သေချာမြှောက်နိုင်ပါ့မလားဟု စိုးရိမ်ပူပန်နေခဲ့ရ၏။ ထိုသို့သော အခြေအနေတွင် ဖေဖုန်းမှ နောက်တစ်ခေါက်ထပ်ကြည့်ချင်သေးသည်ဟု ပြောဆိုလာခြင်းမှာ တကယ့်ကို ခြောက်ခြားဖွယ်ရာ ကောင်းလှပေသည်။ လူတိုင်း သူ့ကို သဘောမတူသည့်အကြည့်များဖြင့် ကြည့်ရှုနေကြသည်ကို မြင်လိုက်ရသဖြင့် ဖေဖုန်းက အလျင်အမြန်ပင် ရှင်းလင်းချက် ပေးလိုက်ရသည်။
"ဟေ့ ငါတို့မနက်ဖြန် မနက်ကျရင် တခြားရုပ်ရှင် သွားကြည့်လို့ရတာပဲ၊ ငါ ဟဲယဲ့တည်းခိုခန်းရဲ့ ဝဘ်ဆိုက်ပေါ်က ရုပ်ရှင်ပြသမယ့် အစီအစဉ်ဇယားကို စစ်ကြည့်ပြီးပြီ၊ မနက်ဖြန် မနက်ပိုင်းမှာ သဘာဝရှုခင်းရုပ်ရှင်တွေနဲ့ ကာတွန်းရုပ်ရှင်တွေ ပြသဖို့ရှိတယ်၊ ငါတို့ စိတ်ပေါ့ပါးသွားစေမယ့် အရာတစ်ခုခုကို ရွေးချယ်ကြတာပေါ့ "
ဟဲယဲ့တည်းခိုခန်းသည် ပြသမှုတစ်ခုချင်းစီ၏ ရုပ်ရှင်ကြည့်ပရိသတ်အရေအတွက်ကို တွက်ချက်ခြင်းအားဖြင့် သူတို့ဧည့်သည်များ မည်သည့်အရာကို ပိုမိုနှစ်သက်ကြသည်ကို အလျင်အမြန်ပင် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ ပရိသတ်အများစုမှာ စိတ်အပန်းပြေစေပြီး အေးချမ်းလှသော ရုပ်ရှင်များကိုသာ ပိုမိုနှစ်သက်ကြသဖြင့် တည်းခိုခန်းသည် သဘာဝရှုခင်းပြရုပ်ရှင်များပြသသည့် အကြိမ်အရေအတွက်ကို တိုးမြှင့်ပေးခဲ့၏။ ၎င်းသည် သရဲရုပ်ရှင်မဟုတ်ကြောင်း သဘောပေါက်သွားပြီးနောက်တွင်မူ စားဖိုမှူးကြီးဟိုင်ဝေသည်တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ထောက်ခံလိုက်တော့သည်။ သရဲရုပ်ရှင်ကြည့်ရှုစဉ်အတွင်း အချိန်အများစုတွင် သူသည် ခေါင်းငုံ့ကာ မျက်လုံးမှိတ်ထားခဲ့ရသော်လည်း Holographicရုပ်ရှင်ရုံ၏ အထူးပြုလုပ်ချက်ကိုမူ သူအသိအမှတ်ပြုလေးစားမိသည်မှာ အမှန်ပင် ဖြစ်၏။ အသည်းငယ်လှသော ဟိုင်ဝေပင်လျှင် Holographic ရုပ်ရှင်ရုံကို နောက်တစ်ကြိမ် ထပ်မံစူးစမ်းရန် သဘောတူလိုက်သည်ကို မြင်ရသဖြင့် ထိုလူအုပ်စုကြီးသည် နောက်နေ့ မနက်ပိုင်းတွင် တည်းခိုခန်း၏ သဘာဝရှုခင်းဗီဒီယိုကို ကြည့်ရှုရန်နှင့် Michelinအဆင့်သတ်မှတ်ချက် လမ်းညွှန်တွင်လည်းအကြံပြုထားသည့် အစားအစာတစ်ခု ဖြစ်သော တည်းခိုခန်း၏ဆန်ပြုတ်ကို မြည်းစမ်းရန် ဆုံးဖြတ်လိုက်ကြတော့၏။
စောစောစီးစီး အိပ်ရာမှထကြပြီးနောက် ထိုလူအုပ်စုသည် မနက်စာသုံးဆောင်ရန်အတွက် ဘူဖေးစားသောက်ခန်းမဆီသို့ လျှောက်လှမ်းခဲ့ကြသည်။ ဟဲယဲ့တည်းခိုခန်း၏ စားသောက်ဆိုင်သည် အများပြည်သူသို့ ဖွင့်လှစ်ထားခြင်း ဖြစ်သဖြင့် တည်းခိုခန်းတွင် အခန်းကြိုတင်မမှာယူနိုင်ခဲ့ကြသော ဧည့်သည် အမြောက်အမြားသည် တည်းခိုခန်း၏ မနက်စာကို မြည်းစမ်းကြည့်နိုင်ရန်အတွက်သာ ဝေးလံလှသောခရီးကို လာရောက်ကြခြင်းဖြစ်သည်။ အထူးသဖြင့် တည်းခိုခန်းသည် Michelinထံမှ ကြယ်သုံးပွင့် အဆင့်သတ်မှတ်ချက်ကိုရရှိပြီးနောက်တွင်မူ လာရောက်စားသုံးသူ ဧည့်သည်အရေအတွက်မှာ ပိုမို၍ပင် များပြားလာခဲ့၏။ ဟဲယဲ့တည်းခိုခန်းသည်လည်း ကြိုတင်ခန့်မှန်းထားသည့် လူစီးဆင်းမှုနှုန်းကို ထည့်သွင်းစဉ်းစားထားပြီးဖြစ်ကာ ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။ ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် စားပွဲရှည်ကြီး၏ ရှေ့မှောက်တွင် ဆန်ပြုတ်အိုးတန်းကြီးကိုချထားပေးခဲ့ပြီး အနည်းဆုံး ဆန်ပြုတ်အမျိုးအစားတူညီသော အိုးသုံးလုံးစီကို အသင့်ပြင်ထားပေးသဖြင့် လူစီးဆင်းမှုနှုန်း ပိုမိုများပြားလာပါစေ ဧည့်သည်များသည် Michelin အဆင့်သတ်မှတ်ချက် လမ်းညွှန်တွင် ညွှန်းဆိုထားသည့် ဆန်ပြုတ်ကိုမြည်းစမ်းနိုင်ရန်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေစရာ မလိုတော့ချေ။
"ဟူး ဆန်ပြုတ် ရပြီ၊ နည်းနည်းတော့ ပူတယ်နော်"
တာ့ကျင်သည် လင်ဗန်းအကြီးကြီးတစ်ခုကိုကိုင်ဆောင်ထားပြီး တစ်ခေါက်တည်းနှင့် ဆန်ပြုတ်ခြောက်ခွက်ကို အပြည့် ထည့်ယူလာခဲ့သည်။ မီကောသည် အားနာနာဖြင့်ပင် ထိုလင်ဗန်းထဲမှ ဆန်ပြုတ်တစ်ခွက်ကို ချက်ချင်း လှမ်းယူလိုက်ပြီး စတင်စားသုံးတော့၏။ ဆန်ပြုတ်သည် အိုးထဲမှ အသစ်စက်စက်ခပ်ယူလာခြင်းဖြစ်သဖြင့် တကယ့်ကို အလွန်ပူလှသည်။ မီကောသည် ထိုအပူရှိန်ကြောင့် လန့်သွားခဲ့ရသော်လည်း ၎င်း၏အရသာမှာ အလွန်အမင်း ကောင်းမွန်လွန်းလှသဖြင့် စားနေသည်ကို မရပ်တန့်နိုင်ဘဲ ဆက်လက် စားသုံးနေမိတော့သည်။
မီကော၏ စိတ်မရှည်ဘဲအလောတကြီး စားသောက်နေမှုနှင့် နှိုင်းယှဉ်ပါလျှင် စားဖိုမှူးကြီးဟိုင်ဝေသည် အလွန်ပင် ယဉ်ကျေးသိမ်မွေ့စွာ စားသောက်နေခဲ့ပြီး ဖြည်းဖြည်းချင်း ဝါးစားရင်း ဆန်ပြုတ်အရသာကိုခံစားကာ ၎င်းကို မည်သို့ ချက်ပြုတ်ပြင်ဆင်ထားကြောင်း စဉ်းစားတွေးတောနေခဲ့သည်။ ဆန်ပြုတ်ထဲတွင် အသုံးပြုထားသည့် ပါဝင်ပစ္စည်းများမှာ အလွန်ပင် လတ်ဆတ်လှပြီး ချက်ပြုတ်သည့် အချိန်ကာလမှာလည်း ကွက်တိဖြစ်လှ၏။ ဤဆန်ပြုတ်ကို ချက်ပြုတ်ခဲ့သည့် စားဖိုမှူးသည် မနေ့ညက ပင်လယ်စာများကို ချက်ပြုတ်ခဲ့သည့် စားဖိုမှူးထက်ပင် လက်ရာပိုမို ထက်မြက်ကျွမ်းကျင်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။ ဟိုင်ဝေသည် စိတ်ထဲ၌လည်း ဇဝေဇဝါဖြစ်နေမိသည်။
ထိုစားဖိုမှူး၏ မီးအပူရှိန်ကိုထိန်းချုပ်နိုင်စွမ်းမှာ ဤမျှလောက်အထိ ထူးထူးခြားခြားပြောင်မြောက်လှပါက အဘယ်ကြောင့် မနေ့ညက ပင်လယ်စာ ချက်ပြုတ်မှုတွင် ဤစွမ်းရည်ကိုထုတ်မပြခဲ့ရသနည်း။
ဟိုင်ဝေသည် သူ့စားသောက်မှုနှုန်းကို နှေးကွေးလိုက်ပြီး အလုတ်တိုင်းကို သေချာမြည်းစမ်းကြည့်လိုက်ရာ ဟဲယဲ့တည်းခိုခန်းတွင် ဆန်ပြုတ်ချက်သည့် စားဖိုမှူးနှင့် ပင်လယ်စာချက်သည့် စားဖိုမှူးမှာ တစ်ဦးတည်းမဟုတ်နိုင်ကြောင်း ပိုမိုသေချာသွားတော့သည်။ ဟိုင်ဝေသည် ဤအရာသည် အလွန်သာမန်ဆန်လှသောကိစ္စတစ်ခု ဖြစ်ကြောင်းကိုလည်း အလျင်အမြန်ပင် သဘောပေါက်သွားခဲ့၏။ အကြောင်းမူစားဖိုမှူးတိုင်းတွင် မိမိတို့ကိုယ်ပိုင် အထူးပြုလက်ရာဟင်းလျာများရှိကြစမြဲမဟုတ်ပါလား။ ဟဲယဲ့တည်းခိုခန်းသည် တကယ့်ကို အံ့မခန်းလေးစားဖွယ် ကောင်းလှပေသည်။ ဤမျှလောက်အထိ ထိပ်တန်းစားဖိုမှူး အမြောက်အမြားကို ဟိုတယ်တစ်ခုတည်းတွင် အတူတူအလုပ်လုပ်နိုင်ရန် ဖိတ်ခေါ်နိုင်ခဲ့၏။ နာမည်ကျော် စားဖိုမှူးကြီးများတွင် ၎င်းတို့ကိုယ်ပိုင် မာနများရှိကြပြီး အခြားသော နာမည်ကျော်စားဖိုမှူးများနှင့် စားသောက်ဆိုင် တစ်ခုတည်းတွင် အတူတူယှဉ်ပြိုင်အလုပ်လုပ်ရန် လုံးဝအလိုမရှိကြကြောင်းမှာ လူတိုင်းသိရှိထားကြသည့် အချက် ဖြစ်ပေသည်။ အားရပါးရစားသောက်ပြီးကြသောအခါ ထိုလူအုပ်စုသည် ဘူဖေးစားသောက်ဆိုင်ထဲမှ ထွက်ခွာခဲ့ကြသည်။ ဟိုင်ဝေသည် သူ့ဗိုက်ကိုပွတ်သပ်ရင်း စိုးရိမ်စိတ်ရှိသေးဟန်ဖြင့် ပြောလိုက်၏။
"တော်သေးတာပေါ့ ငါတို့ ဒီနေ့သဘာဝရှုခင်းရုပ်ရှင်ကြည့်လိုက်လို့၊ တစ်ကယ်လို့ သရဲရုပ်ရှင်သာကြည့်ခဲ့ရင် ငါအော်ဟစ်နေရင်းနဲ့ စောစောကစားထားတာတွေ အကုန်လုံးအန်ထွက်ကုန်မှာ သေချာတယ်"
မနက်စာမှာ အလွန်အမင်းအရသာရှိလွန်းလှသဖြင့် စားဖိုမှူးကြီးဟိုင်ဝေပင်လျှင် ဗိုက်ကွဲမတတ် စားသုံးမိခဲ့သည်။ Holographic ရုပ်ရှင်ရုံတွင် သဘာဝရှုခင်းပြရုပ်ရှင်များကို လာရောက်ကြည့်ရှုသူအရေအတွက်မှာ သရဲရုပ်ရှင်ထက် သိသိသာသာပင် ပိုမိုများပြားလှ၏။ စောစောစီးစီး မနက်ပိုင်းအချိန်တွင်ပင် Holographic ရုပ်ရှင်ရုံထဲ၌ လူပေါင်း ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့် ရှိနေခဲ့ပြီဖြစ်သည်။ သဘာဝရှုခင်းပြရုပ်ရှင်များကို ကြည့်ရှုခြင်းမှာ သိသိသာသာပင် စိတ်အပန်းပိုပြေစေကာ လူတိုင်းသည် ဝန်ထမ်းများ၏ လမ်းညွှန်မှုအောက်တွင် မိမိတို့နေရာများ၌ အသီးသီး ထိုင်ချလိုက်ကြသည်။
ရုပ်ရှင်စတင်ပြသလာခဲ့ပြီဖြစ်သည်။ Holographic ရုပ်ရှင်ရုံအတွင်းရှိ မီးများမှာ တဖြည်းဖြည်းနှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ မှောင်မိုက်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ နံရံများနှင့် မျက်နှာကြက်များမှာ တဖြည်းဖြည်းနှင့် ဖောက်ထွင်းမြင်နိုင်လောက်အောင် လင်းထိန်လာခဲ့ကာ နေရာလွတ်တစ်ခုလုံး ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသကဲ့သို့ ရှိနေခဲ့၏။ ဟိုင်ဝေသည် မိမိကိုယ်ကို အချိန်နှင့် ဟင်းလင်းပြင် နယ်နိမိတ်များကို ဖြတ်ကျော်သွားခဲ့ပြီး လက်တွေ့ကမ္ဘာနှင့် လုံးဝကွဲပြားခြားနားလှသော ကမ္ဘာသစ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မိမိကိုယ်ကို အဆုံးအစမရှိ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးတစ်ခုထဲတွင်ထိုင်နေသည်ကို တွေ့လိုက်ရပြီး လေထုထဲတွင် လတ်ဆတ်လှသော မြက်ပင်ရနံ့များလွင့်ပျံနေကာ သူ့ခေါင်းပေါ်တွင်မူ နွေးထွေးတောက်ပလှသော နေရောင်ခြည်ဖြာကျနေခဲ့သည်။
သူ့မျက်စိရှေ့မှောက်တွင် မြက်ခင်းပြင်ကြီးမှာ တောက်ပသော အစိမ်းရောင်ရှိနေခဲ့ပြီး မြက်ပင်၏တစ်ရွက်ချင်းစီတိုင်းက သက်ရှိတို့၏ရှင်သန်ခြင်း စွမ်းအင်များဖြင့် တလက်လက် တောက်ပနေခဲ့သည်။ ညင်သာသော လေပြေကလေးများ တိုက်ခတ်သွားခဲ့ရာ မြက်ပင်ထိပ်ဖျားများမှာ ဟန်ချက်ညီစွာ ယိမ်းနွဲ့သွားကြပြီး အခြားကမ္ဘာမှ လာရောက်ကြသော ဤဧည့်သည်တော်များကို ကြိုဆိုနေကြသကဲ့သို့ရှိနေခဲ့၏။ သူ့အမြင်အာရုံတစ်ခုလုံးကို အဆုံးအစမရှိသော စိမ်းလန်းစိုပြည်မှုများ ဖုံးလွှမ်းသွားခဲ့ပြီး နေရောင်ခြည်အောက်တွင် နူးညံ့အေးချမ်းစွာ တည်ရှိနေသည့် ဝေးလံလှသော တောင်ကုန်းကလေးများကိုလည်း လှမ်းမြင်တွေ့နိုင်ခဲ့သည်။ ကောင်းကင်ယံကြီးမှာ ကြည်လင်နေခဲ့ပြီး ဖြူဖွေးလှသော တိမ်တိုက်အချို့မှာ ပျင်းရိပျင်းတွဲဖြင့် လွင့်မျောနေကြကာ ဤကျေးလက် ရှုခင်းပန်းချီကားချပ်ကြီးပေါ်သို့ ကဗျာဆန်ဆန် အလှတရားတစ်ခုကို ထပ်လောင်း ဖြည့်ဆည်းပေးနေခဲ့သည်။
အံ့ဩစရာ ပိုကောင်းလှသည့် အချက်မှာ သူသည် လှုပ်ရှားသွားလာလိုက်သည့်အခါတွင် ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်ပေါ်၌ မထင်မရှားခြေရာကလေးများ ထင်ကျန်ရစ်ခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းမှာ တကယ့် မြက်ခင်းပြင်အစစ်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ရှိနေခဲ့၏။ ဟိုင်ဝေသည် သူ့လက်မောင်းကို ညင်သာစွာဆန့်ထုတ်လိုက်ပြီး သူ့လက်ညှိုးထိပ်ဖျားလေးကို အပေါ်သို့ ထောင်လိုက်သည်။ အလင်းနှင့် အရိပ်တစ်ခုဖြတ်ခနဲ လက်သွားခဲ့ပြီးနောက် အလင်းနှင့် အရိပ်များဖြင့် ရက်လုပ်ထားသည့် လိပ်ပြာလေးတစ်ကောင်သည် သူ့လက်ညှိုးထိပ်ဖျားပေါ်သို့ အသာအယာ လာရောက်နားခိုလိုက်တော့သည်။ ၎င်း၏အတောင်ပံများပေါ်မှ ပန်းပွင့်ပုံစံ အစက်အပြောက်များမှာ အလွန်ပင် သိမ်မွေ့လှပပြီး သက်ရှိထင်ရှားရှိနေသည့်အလား ပေါ်လွင်နေခဲ့ရာ သဘာဝတရားကြီး၏ အကောင်းဆုံးသော အနုပညာ လက်ရာမွန်တစ်ခုကဲ့သို့ ရှိနေခဲ့သည်။
ဟိုင်ဝေသည် သူ့ထွက်သက်ဝင်သက်ကို နှေးကွေးလိုက်ရာ ထိုလိပ်ပြာလေးသည်လည်း သူ့အသက်ရှူနှုန်းနှင့်အညီ ၎င်း၏အတောင်ပံများကို ပြိုင်တူခတ်ပြလာခဲ့သည်။ ဟိုင်ဝေ ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အသက်ရှူနှုန်းကို မြန်ဆန်လိုက်ရာ လိပ်ပြာလေး၏ အတောင်ပံများသည်လည်း သူ့စည်းချက်အတိုင်း ပိုမို၍ပင် မြန်ဆန်စွာခတ်ပြလာခဲ့တော့၏။ ၎င်းမှာ တကယ့်ကိုသက်ရှိထင်ရှားရှိနေသည့်အတိုင်း အလွန်လက်တွေ့ကျလှပေသည်။ ဤသဘာဝရှုခင်းပြ ရုပ်ရှင်သည် လိပ်ပြာ၏ဇာတ်ကြောင်းကို ပုံဖော်ထားခြင်းဖြစ်ပြီး ရှုခင်းများမှာ အဆက်မပြတ်ပြောင်းလဲနေခဲ့ကာ ရုပ်ရှင်ကြည့် ပရိသတ်များကို ဤရှင်သန်ခြင်း စွမ်းအင်များပြည့်နှက်နေသည့် ကမ္ဘာကြီးထဲသို့ နစ်ဝင်သွားစေခဲ့သည်။
လိပ်ပြာချိုင့်ဝှမ်းထဲတွင် ထောင်သောင်းမကသော လိပ်ပြာမျိုးစုံတို့သည် ပန်းခင်းများအကြားတွင် ပျံသန်းဝဲပျံနေကြပြီး ၎င်းတို့၏ အရောင်အသွေးနှင့် ပုံသဏ္ဌာန်များမှာ စူးရှတောက်ပလွန်းလှသဖြင့် ရုပ်ရှင်ကြည့် ပရိသတ်များကို ဝန်းရံထားခဲ့ကြသည်။ ပရိသတ်များသည် သူတို့လက်များကို ဆန့်ထုတ်ကာ မိမိတို့ အနှစ်သက်ဆုံးလိပ်ပြာလေးများကို ရွေးချယ်နိုင်ပြီး အလှပဆုံးသော လိပ်ပြာလေးကို မိမိတို့လက်ဖဝါးပေါ်သို့ လာရောက်နားခိုစေနိုင်ခဲ့ကြ၏။ သူတို့သည် တကယ့်ကို လိပ်ပြာပင်လယ်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။ လိပ်ပြာလေးများ၏ အမြင်အာရုံမှတစ်ဆင့် သူတို့သည် ချိုင့်ဝှမ်းအတွင်းရှိ လှပလှသော ရှုခင်းတိုင်းကို ခံစားသိရှိနိုင်ခဲ့ကြပြီး သစ်ရွက်များကို ဖြတ်သန်းကျဆင်းလာသော နေရောင်ခြည်ကို ခံစားရင်း၊ စမ်းချောင်းလေး၏ ညင်သာသော ရေစီးသံကို နားထောင်ကာ ပန်းရနံ့များ ပြည့်နှက်နေသော လေထုကို ရှူရှိုက်နိုင်ကြ၏။ အစစ်အမှန်နှင့် ပုံရိပ်ယောင်တို့သည် တစ်ခုနှင့်တစ်ခု ရောယှက်နေခဲ့ပြီး ဟိုင်ဝေ၏အာရုံငါးပါးလုံးကို လှုံ့ဆော်ပေးနေခဲ့သဖြင့် သူသည် လက်တွေ့ဘဝနှင့် ပုံရိပ်ယောင်အကြား ခွဲခြားရန် အလွန်ပင်ခက်ခဲနေခဲ့ရတော့သည်။
သဘာဝရှုခင်းပြရုပ်ရှင်ပြီးဆုံးသွားခဲ့ပြီးနောက် ကြမ်းပြင်ပေါ်တွင်ထိုင်နေကြသော ပရိသတ်များမှာ ထိုအံ့မခန်း အလှတရားကြီးအောက်တွင် အာရုံနစ်မြုပ်နေကြဆဲဖြစ်သည်။ ဖေဖုန်းနှင့် အခြားသူများမှာမူ ချက်ချင်းပင်မပြန်တော့ရန် ဆုံးဖြတ်လိုက်ကြပြီး သူတို့သည် နောက်ထပ်ပြသမည့် ကာတွန်းရုပ်ရှင်ကိုပါ ဆက်လက်ကြည့်ရှုလိုကြ၏။ လူအမြောက်အမြားသည်လည်း တူညီသော အတွေးမျိုးရှိနေကြဆဲ ဖြစ်ပြီး ကာတွန်းရုပ်ရှင်စတင်ပြသလာ၍ မျက်နှာပြင်ပေါ်တွင် ပုံရိပ်များ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဖေဖုန်း အံ့ဩတကြီးဖြင့်အော်ဟစ်လိုက်တော့သည်။
"ငါ့ ဇနီးလေး"
သူ အိပ်မက်မက်ခဲ့ရသော ဇနီးလေး (2D Anime မိန်းကလေး) မှာ အသက်ဝင်ပြီး ထွက်လာခဲ့ပြီဖြစ်သည်။