← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

287

ရှောင်ရွှီသည် မယုံကြည်နိုင်လောက်သည့်အမူအရာဖြင့် မျက်လုံးအစုံပြူးကျယ်လျက်ကြည့်ကာ မေးလိုက်သည်။

"ဘယ်လိုဖြစ်လို့လဲ၊ အဖေပဲ ဒီတစ်ခေါက်အကောင်းဆုံးဟိုတယ်မှာ တည်းမှာဆို၊ ဟဲယဲ့တည်းခိုခန်းက Michelinအဆင့်သတ်မှတ်ချက်လည်း ရထားတယ်၊ ပြီးတော့ ကစားစရာပျော်စရာတွေလည်း အများကြီးရှိတယ်လေ၊ အင်တာနက်ပေါ်မှာလည်း ဒီလောက်တောင်နာမည်ကြီးနေတာကို အဖေက ဘာလို့အဲဒီမှာမတည်းတာလဲ"

စကားပြောနေရင်းဖြင့် ရှောင်ရွှီ၏စိတ်ထဲတွင် သံသယအချို့စတင်ဝင်ရောက်လာခဲ့သည်။ သူ့ဖခင်မှာ ကြွားဝါနေခြင်းများလော။ သူတည်းခိုမည့် ဟိုတယ်မှာ အမှန်တကယ်ပင် ယုံမြစ်၏ အကောင်းဆုံးဟိုတယ် ဟုတ်ရဲ့လား။ သို့မဟုတ် အဆင့်အတန်းပြရုံသက်သက်ပင်လား။ သားဖြစ်သူရှောင်ရွှီ၏အကြည့်များကို ရိပ်မိလိုက်သဖြင့် မစ္စတာရွှီသည် ပျာပျာသလဲဖြင့် အလျင်အမြန် အလေးအနက်ရှင်းပြရတော့သည်။

"ဟိုင်ဖန်းဟိုတယ်က ကြယ်ခြောက်ပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီး၊ တကယ့်ကို အရမ်းကောင်းပါတယ်ဆို"

သို့သော်လည်း ရှောင်ရွှီမှာမူ ထိုအရာကို စိတ်မဝင်စားပေ။ သူသည် ချမ်းသာကြွယ်ဝသောမိသားစုမှ ပေါက်ဖွားလာပြီး သက်တောင့်သက်သာရှိသောဘဝကို ဖြတ်သန်းနေရသူဖြစ်သည်။ သူသည် ပြည်တွင်းပြည်ပနေရာအနှံ့အပြားသို့ခရီးသွားဖူးပြီး နိုင်ငံခြားရှိ အလွန်အမင်အဆင့်မြင့်လှသော ဟိုတယ်ကြီးများတွင်ပင် တည်းခိုဖူးခဲ့သော်လည်း ထိုဟိုတယ်များထဲမှ တစ်ခုမျှ ဟဲယဲ့တည်းခိုခန်းကဲ့သို့ စိတ်ဝင်စားစရာမကောင်းခဲ့ကြပေ။ ရှောင်ရွှီသည် ဟဲယဲ့တည်းခိုခန်း၏ ထူးခြားချက်များကို သူ့ဖခင်မစ္စတာရွှီအား တစ်ခုချင်းစီ စိတ်အားထက်သန်စွာ စတင်မိတ်ဆက်ပေးတော့သည်။ သားဖြစ်သူ၏ ပြောစကားများကြောင့် စိတ်ဝင်စားသွားရသဖြင့် မစ္စတာရွှီသည် ချက်ချင်းပင် သူ့လက်ကိုင်ဖုန်းကိုထုတ်ယူကာ အင်တာနက်တွင် ရှာဖွေကြည့်ရှုလိုက်ရာ အမှန်တကယ်ပင် အွန်လိုင်းပေါ်၌ ဟဲယဲ့တည်းခိုခန်းအကြောင်း ဆွေးနွေးပြောဆိုနေကြသည်မှာ ရေတွက်၍ပင်မရနိုင်အောင် များပြားလှပေသည်။ မစ္စတာရွှီသည် ဟဲယဲ့တည်းခိုခန်း၏မီနီပရိုဂရမ်ထဲသို့ပါ ဝင်ရောက်စစ်ဆေးကြည့်လိုက်ရာ အခန်းအားလုံးမှာကြိုတင်မှာယူမှု ပြည့်နှက်နေခဲ့ပြီဖြစ်၏။

"ဒါက တော်တော်လေးကိုလူကြိုက်များလွန်းလို့ ဖြစ်ရမယ်၊ ကြည့်စမ်း သူတို့ရဲ့ အခန်းတွေအကုန်လုံး ဘိုကင်ပြည့်နေပြီ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကို လာမယ့်လူတွေကလည်း အများကြီးပဲလေ၊ အဲဒါကြောင့်မလို့ပဲ ငါတို့ကိုဟိုင်ဖန်းဟိုတယ်မှာ စီစဉ်ပေးထားတာဖြစ်လိမ့်မယ်"

အွန်လိုင်းပေါ်တွင် ဆွေးနွေးနေကြသည်ကိုမြင်တွေ့လိုက်ရပြီးနောက် မစ္စတာရွှီကိုယ်တိုင်လည်း စိတ်ထဲတွင် အနည်းငယ် နှမြောတသဖြစ်သွားမိသည်။ မျက်စိလျင်လှသော ရှောင်ရွှီသည် မီနီပရိုဂရမ်ပေါ်ရှိရက်စွဲများ၏ ဒုတိယပိုင်းကိုမတူညီသော အရောင်တစ်မျိုးဖြင့် မှတ်သားထားသည်ကို ချက်ချင်းပင် သတိပြုမိသွားခဲ့၏။

"အဖေ ဒီအပတ်အတွက်အခန်းတွေကို ကြိုတင်မမှာရသေးဘူး ထင်တယ်နော်"

မစ္စတာရွှီသည် ဖုန်းမျက်နှာပြင်နားသို့ တိုးကပ်ကြည့်ရှုလိုက်ပြီးပြောသည်။

"အော် ဟုတ်သားပဲ၊ ဒီအပတ်က အဖေတို့ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲတက်ရမယ့် အပတ်ပဲ"

ရှောင်ရွှီသည် တစ်စုံတစ်ခုကိုပြောရန် ပြင်လိုက်သော်လည်း ဖခင်ဖြစ်သူမှာ အစည်းအဝေးအတွက် တည်းခိုရမည့် ဟိုတယ်အကြောင်း အကြောင်းကြားစာ လက်ခံရရှိထားပြီးဖြစ်သည်ဟူသော အချက်ကိုပြန်လည်သတိရသွားကာ ချက်ချင်းပင် စိတ်ဓာတ်ကျသွားပြီး ညှိုးငယ်သွားတော့သည်။ တစ်ခဏချင်းမှာပင် သူ့ဖခင်နှင့်အတူ မရှိချင်တော့သကဲ့သို့ဖြစ်သွားရရှာ၏။

"ဟူး ရှောင်ရွှီလေးရယ်၊ သားက အဖေနဲ့ မကစားတော့ဘူးလား"

မစ္စတာရွှီ၏ရင်ထဲမှ မကျေနပ်မှုနှင့် စိတ်ပျက်အားငယ်မှုတို့မှာ အပြင်သို့ပင် လျှံကျလုမတတ်ဖြစ်သွားရသည်။ သားဖြစ်သူမှာ မိမိအနားသို့ ဤမျှလောက် နီးနီးကပ်ကပ်ရှိနေပေးသည်မှာ အလွန်ပင်ရှားပါးလှသည့် ကိစ္စမဟုတ်ပါလော။ အဘယ်ကြောင့် ဤမျှပျော်ရွှင်စရာကောင်းသော အချိန်လေးမှာ တိုတောင်းလွန်းရသနည်း။ မစ္စတာရွှီသည် သားဖြစ်သူ၏စိတ်ကို ပြန်လည်ရယူလိုသဖြင့် အလျင်အမြန်ပင် ဆွဲဆောင်လိုက်တော့သည်။

"နေဦး နေဦး၊ အဖေ့မှာ နည်းလမ်းရှိပါတယ်၊ အဖေ သားကိုဟဲယဲ့တည်းခိုခန်းဆီ ခေါ်သွားပေးနိုင်မယ့် နည်းလမ်းမျိုး ရှိကောင်းရှိနိုင်မှာပါ"

မစ္စတာရွှီသည် အဆက်အသွယ်များကို အရင်ဆုံးရှာဖွေကြည့်ရန် အကြံရလိုက်သည်။ တကယ်လို့ အဆင်မပြေခဲ့ရင်တောင်မှ နေ့ဘက်၌ ဟိုင်ဖန်းဟိုတယ်တွင် အစည်းအဝေးတက်ပြီး ညဘက်ကျလျှင်တော့ သားဖြစ်သူ သွားချင်လွန်း၍ တမ်းတနေသည့် ဟဲယဲ့တည်းခိုခန်းဆီကို ခေါ်သွားပေးမည်ဟု စိတ်ကူးလိုက်သည်။ မိဘအများစုသည် သူတို့ကလေးများကို ရေကူးသင်တန်းနှင့် လက်ရေးလှရေးနည်းသင်တန်းများ တက်ရောက်စေရန်အတွက် ဟဲယဲ့တည်းခိုခန်းတွင်အခန်းများကို အတူတကွ မျှဝေငှားရမ်းကာထားရှိကြကြောင်း အွန်လိုင်းပေါ်တွင် သူဖတ်ရှုဖူး၏။ မိဘအများအပြားမှာ ဟဲယဲ့တည်းခိုခန်းကို ယုံကြည်စိတ်ချကြသည်ဟူသောအချက်မှာ ထိုတည်းခိုခန်းသည် ဘေးကင်းလုံခြုံမှုရှိကြောင်း သက်သေပြနေပေသည်။ ရှောင်ရွှီသည်လည်း ယခုအခါ အရွယ်ရောက်လာပြီး ကိုယ်တိုင်လမ်းလျှောက်တက်ပြီဖြစ်ရာ ရှောင်ရွှီကို တည်းခိုခန်းတွင်တစ်ယောက်တည်း ထားခဲ့လျှင်ပင် သူလက်ခံနိုင်ပေသည်။ သို့သော်လည်း သားဖြစ်သူနှင့် ဟိုတယ်တစ်ခုတည်းတွင် အတူတူတည်းခိုနိုင်လျှင်မူ အကောင်းဆုံးဖြစ်ပြီး သို့မှသာ အတူတူအချိန်ဖြုန်းနိုင်မည့် အခွင့်အရေး ပိုမိုရရှိမည်ဖြစ်၏။ မစ္စတာရွှီသည် ရှောင်ရွှီနှင့်အတူ အချိန်ပိုမို ကုန်ဆုံးချင်မိသည်မှာ အမှန်ပင်။ မစ္စတာရွှီသည် ပြည်နယ်အဆင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲသို့ ဖိတ်ကြားခြင်းခံရသည့် ထူးချွန်ထက်မြက်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သဖြင့် အဆက်အသွယ်အချို့ရှိပေသည်။ သူသည် သူ့လက်ကိုင်ဖုန်းကိုထုတ်ကာ ဖုန်းခေါ်လိုက်တော့၏။

"မစ္စတာဝူ ကျွန်တော်ပါ၊ ကျွန်တော် မေးကြည့်ချင်လို့၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲ ကျင်းပမယ့်နေရာက အတည်ပြုပြီးပြီမဟုတ်လား၊ ဘာဖြစ်လို့ ဟိုင်ဖန်းဟိုတယ်မှာကျင်းပရတာလဲ၊ ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးအရ ဟဲယဲ့တည်းခိုခန်းကို ပိုသဘောကျတယ်၊ အဲဒါက ယုံမြစ်မှာ အကျော်ကြားဆုံးဟိုတယ်လေ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကို ဒီလိုစံပြဟိုတယ်မျိုးမှာ ကျင်းပသင့်တာ မဟုတ်ဘူးလား"

ဖုန်း၏အခြားတစ်ဖက်မှ မစ္စတာဝူသည်လည်း မစ္စတာရွှီ၏အမြင်ကို ထောက်ခံကာ တူညီသောသဘောထားကိုဖော်ပြလာခဲ့သည်။

"အော် ကျွန်တော်လည်း အဲဒီလိုပဲတွေးနေတာ၊ ကျွန်တော်လည်း ဟဲယဲ့တည်းခိုခန်းရဲ့ဆံပင်ပေါက်ဆေးကို စမ်းသုံးကြည့်ချင်နေတာကြာပြီ၊ ကျွန်တော့်သမီးပြောပြတာကတော့ သူ အဲဒီဆေးကိုရဖို့အတွက် တစ်လလောက်ကြိုးစားနေတာတောင် အခုထိမရဘူးတဲ့၊ ယုံမြစ်က တာဝန်ရှိသူတွေ ဘာတွေတွေးပြီး အလုပ်လုပ်နေကြလဲမသိပါဘူး"

"ဟဲယဲ့တည်းခိုခန်းက ဈေးကြီးလွန်းလို့လား ဒါမှမဟုတ် လူကြိုက်များလွန်းလို့ပဲ ဒီယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲမှာ ဝင်မပြိုင်တာလားမသိဘူး"

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့် မစ္စတာရွှီသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲဟူသည် တန်ဖိုးရှိလှသောအခွင့်အရေးတစ်ခုဖြစ်ကြောင်း ကောင်းစွာသိရှိထားရာ ဟဲယဲ့တည်းခိုခန်းမှ အဘယ်ကြောင့် ပါဝင်ခြင်းမရှိသနည်းဟူသောအချက်ကို သူနားမလည်နိုင်အောင်ဖြစ်နေရသည်။ မစ္စတာဝူသည် သိသာထင်ရှားစွာပင် မစ္စတာရွှီထက်သတင်းအချက်အလက် ပိုမိုစုံလင်သူဖြစ်ပေ၏။

"ဘာလို့ ဝင်မပြိုင်ရမှာလဲ၊ ဟဲယဲ့တည်းခိုခန်းကလည်း အဲဒီအချိန်တုန်းက ဝင်ပြိုင်ခဲ့သေးတယ်၊ ပြီးတော့ သူ့ဈေးနှုန်းက ဟိုင်ဖန်းဟိုတယ်ထက် အများကြီးပိုသက်သာသေးတယ်၊ ဒါပေမဲ့ အကဲဖြတ်အဖွဲ့ထဲက ခေတ်ဟောင်းအယူအဆရှိတဲ့ ပညာရှင်အိုကြီးတွေက ဟဲယဲ့တည်းခိုခန်းကို ခေတ်ဆန်လွန်းတယ်လို့ ထင်မြင်ကြပြီး မဲမပေးခဲ့ကြဘူးလေ၊ အဲဒီအစားပိုပြီးတော့ ရိုးရာပုံစံဆန်တဲ့ကြယ်ခြောက်ပွင့်အဆင့်ဟိုတယ်ကိုပဲ ရွေးချယ်လိုက်ကြတာ"

မစ္စတာရွှီသည် အံ့ဩလွန်းသဖြင့် မေးစေ့ပင်ပြုတ်ကျလုမတတ်ဖြစ်သွားရကာ ရေရွတ်မိသည်။

"ဒီလိုခေတ်နောက်ကျနေတဲ့ ပညာရှင်တွေ ဘယ်ကနေရောက်လာကြတာလဲ၊ သူတို့က အင်တာနက်ဆယ်လီဆိုတဲ့ စကားလုံးကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အသုံးအနှုန်းလို့ တကယ်ပဲထင်နေကြတာလား၊ ဘုရားရေ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ရေပန်းစားလာခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွားနေရာတွေအကုန်လုံးက အင်တာနက်ကြောင့် နာမည်ကြီးလာခဲ့ကြတာမဟုတ်ဘူးလား၊ အသားကင်ပွဲတွေ၊ အစပ်ဟော့ပေါ့တွေကြောင့် နေရာတော်တော်များများက မနာလိုဖြစ်နေကြရတာကို ဒီပညာရှင်တွေကတော့ အင်တာနက်ဆိုတဲ့စကားလုံးကို မကောင်းတဲ့စကားလုံးလို့ ထင်နေကြတုန်းပဲ"

မစ္စတာရွှီသည် ခေါင်းကိုခါယမ်းလိုက်မိသည်။ ဟဲယဲ့တည်းခိုခန်းသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲအတွက် ပါဝင်ခြင်းမရှိခဲ့ဟု သူထင်မှတ်ထားခဲ့သော်လည်း ဟဲယဲ့တည်းခိုခန်းမှာ လေလံပွဲတွင်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ ဒါတကယ်ကို မယုံကြည်နိုင်စရာကောင်းလွန်းလှသည်။ မစ္စတာဝူလည်း သူ့မကျေနပ်ချက်များကို ဆက်လက်ရင်ဖွင့်လိုဟန်ဖြင့်ပြော၏။

"ဟုတ်ပ ကျွန်တော်လည်း တကယ်ကို နားမလည်နိုင်တော့ဘူး၊ ဒါနဲ့ ခင်ဗျား ပေကျင်းက ဥက္ကဋ္ဌချီကိုသိတယ်မလား၊ ကောလာဟလတွေအရတော့ ဥက္ကဋ္ဌချီက ယုံမြစ်ရဲ့နယ်မြေသစ်က မြေကွက်ကို သိမ်းပိုက်ရယူနိုင်ခဲ့တာ ဟဲယဲ့တည်းခိုခန်းမှာ တစ်ညတည်းခိုခဲ့ပြီး တည်းခိုခန်းရဲ့ကံကောင်းခြင်း အခမ်းအနားမှာ ပါဝင်ခွင့်ရခဲ့လို့ဖြစ်မယ်တဲ့"

စီးပွားရေးလောကမှ လူသားများသည် သဘာဝအတိုင်းပင် အနည်းငယ်အယူသည်းတတ်ကြပေသည်။ ဟဲယဲ့တည်းခိုခန်းတွင် တည်းခိုရန်အတွက် မူလကစိတ်ပါဝင်စားမှုထက်ဝက်မျှသာရှိခဲ့သော မစ္စတာရွှီသည် ယခုအခါတွင်မူ စိတ်အားထက်သန်မှုအပြည့်အဝဖြစ်ပေါ်လာခဲ့တော့၏။

"ခင်ဗျားဆီမှာ ပွဲစီစဉ်သူတွေရဲ့ဆက်သွယ်ရမယ့် အချက်အလက်တွေရှိလား၊ ကျွန်တော်တို့တွေ ပူးတွဲအဆိုပြုလွှာတစ်ခုလောက် တင်ကြရအောင်"

ဥက္ကဋ္ဌချီကိုယ်တိုင် တက်ရောက်ခဲ့သည့် ကံကောင်းခြင်းအခမ်းအနားမျိုးကို သူအဘယ်ကြောင့် လက်လွှတ်ခံပါမည်နည်း။ သူသည်လည်း ဥက္ကဋ္ဌချီ၏ ကံကောင်းခြင်းလာဘ်လာဘများကို ခံစားမျှဝေလိုသည် မဟုတ်ပါလား။ မစ္စတာဝူလည်း သဘောတူညီစွာဖြင့် ဆိုသည်။

"ဟုတ်တယ် ဟုတ်တယ်၊ အခုလေးတင်ပဲ အဘိုးချင်က ကျွန်တော့်ဆီဖုန်းဆက်ပြီး ပြောပြသေးတယ်၊ သူကလည်း ဟဲယဲ့တည်းခိုခန်းက အရမ်းထူးချွန်ပြီး ဟိုတယ်လောကအတွက် စံနမူနာပုံစံသစ်တစ်ခုကို လမ်းဖောက်ပေးလိုက်တယ်လို့ထင်နေတာ၊ လူတွေက ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေကို သူတို့ခရီးသွားစဉ်အတွင်း ခေတ္တအနားယူရာ နေရာတွေ၊ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့အခါ ဒါမှမဟုတ် လည်ပတ်တဲ့အခါ တည်းခိုနေထိုင်မှုလိုအပ်ချက်တွေကို ဖြေရှင်းပေးတဲ့ နေရာတွေအဖြစ်ပဲမြင်လေ့ရှိကြတာ၊ ဒါပေမဲ့ ဟဲယဲ့တည်းခိုခန်းကတော့ ခရီးသွားလာရေး ပုံစံသစ်တစ်ခုကို ဖန်တီးပေးလိုက်တယ်၊ အဲဒါကတော့ ဟိုတယ်ကိုယ်တိုင်ကိုက ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်စရာနေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်တာပဲ၊ ဒီပုံစံသစ်ထွက်ပေါ်လာတာက ဟိုတယ်လောကအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်တွေကို သယ်ဆောင်လာပေးရုံတင်မကဘဲ ခရီးသွားတွေအတွက်လည်း ပိုမိုကြွယ်ဝပြီး စုံလင်လှတဲ့ ခရီးသွားရွေးချယ်ခွင့်တွေကို ပေးစွမ်းနိုင်ခဲ့တယ်၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲမှာ ဟဲယဲ့တည်းခိုခန်းရဲ့ ဆန်းသစ်တီထွင်မှုပုံစံက အငြင်းပွားဖွယ်မရှိဆွေးနွေးမျှဝေဖို့ ထိုက်တန်တဲ့အကြောင်းအရာတစ်ခု ဖြစ်သလို ဟိုတယ်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အတွေးအမြင်အသစ်တွေနဲ့ စိတ်ကူးစိတ်သန်းတွေကို ပေးစွမ်းနိုင်မှာသေချာတယ်"

ထိုစကားကိုကြားလိုက်ရသောအခါ မစ္စတာရွှီသည် အားရပါးရဖြင့်ချီးကျူးအော်ဟစ်လိုက်မိသည်။

"အဘိုးချင်ပီသပါပေတယ်၊ သူကတကယ့်ကို အမြော်အမြင်ရှိပြီး ပညာတတ်တစ်ယောက်ပဲ၊ ကျွန်တော်ထင်တာကတော့ ဒီအကြောင်းပြချက်က တကယ့်ကို ခိုင်လုံလွန်းတယ်၊ ကျွန်တော်လည်း ဟဲယဲ့တည်းခိုခန်းရဲ့ ဆန်းသစ်တဲ့ ပုံစံအသစ်အကြောင်းကို လေ့လာချင်မိသား"

မစ္စတာဝူ ပျာပျာသလဲဖြင့် အလျင်အမြန် ပြောလိုက်သည်။

"အိုး ဒုက္ခပါပဲ၊ ကျွန်တော့်ဖုန်းပေါက်ကွဲတော့မယ်၊ ကျိုးကောက ကျွန်တော်တည်းမယ့်ဟိုတယ်အကြောင်း မက်ဆေ့ခ်ျပို့ထားပြီးတော့ အခုကျွန်တော့်ဆီ ဖုန်းဆက်နေပြီ၊ ကျွန်တော် ဖုန်းချလိုက်ဦးမယ်နော်"

"ကောင်းပါပြီ ကောင်းပါပြီ၊ အခုလို ကူညီပေးတဲ့အတွက် မစ္စတာဝူ တကယ်ကို ပင်ပန်းသွားပါပြီ၊ တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကိုအကြောင်းကြားလိုက်ပါဦး"

မစ္စတာရွှီသည် ဖုန်းချလိုက်လေသည်။ မစ္စတာဝူနှင့် ဆက်သွယ်ပြီးနောက်တွင် ဟိုတယ်ပြောင်းလဲချင်နေသည့် စီးပွားရေးလုပ်ငန်းရှင်မှာ တစ်ဦးတည်းမဟုတ်ကြောင်း သိလိုက်ရပေ၏။ သဘာဝအတိုင်းပင် သူသည် မစ္စတာဝူ၏သတင်းကောင်းကိုသာ ထိုင်စောင့်နေ၍မဖြစ်ချေ။ လူအများစုပေါင်းလုပ်ဆောင်လျှင် အလုပ်တွင်ကျယ်သည် မဟုတ်ပါလော။ ထို့ကြောင့် မစ္စတာရွှီသည် သူ့ဖုန်းအဆက်အသွယ် စာရင်းများကို အောက်သို့ဆွဲချကာ ရှာဖွေကြည့်ရှုလိုက်သည်။ သူသည်လည်း သူတို့နှင့်အတူ သဘောထားအမြင်ချင်းတူညီမည့်သူ အနည်းငယ်ကို ထပ်မံ ရှာဖွေချင်မိတော့သည်။

All Chapters