← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

288

ရုံးခန်းကျယ်ကြီးအတွင်း၌ လေထုမှာ အေးစက်ပြီး မွန်းကြပ်နေသည်။ ကျားဖန့်လက်ထောက်မှာ ဘာကြောင့်များ ထိုကဲ့သို့အလုပ်ကြီး မိမိပခုံးပေါ်သို့ ထပ်မံကျရောက်လာရပြန်သနည်းဟု တွေးတောကာ စိတ်ပျက်အားငယ်နေရှာသည်။ ကျားဖန်၏ဖြူဆုတ်နေသော မျက်နှာသေကြီးကို တချက်လှမ်းကြည့်ပြီးနောက် လက်ထောက်ဖြစ်သူသည် ကျားဖန့် မိမိအားသတိမပြုမိပါစေရန် ဆုတောင်းရင်း ခေါင်းကိုသာတတ်နိုင်သမျှ ငုံ့ထားမိတော့၏။ ကျားဖန်သည် အံကြိတ်ကာ သူ့လေသံကိုတတ်နိုင်သမျှ လျှော့ချရန် ကြိုးစားနေသော်လည်း လေသံထဲတွင် ပါဝင်နေသော ခက်ထန်ရက်စက်မှုတို့မှာ သိသာထင်ရှားလှပေသည်။

"နျိုကော ကျွန်တော်တို့ကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးဖို့အတွက် အစ်ကို့ရဲ့အကူအညီက လိုအပ်နေတုန်းပဲ၊ အစ်ကိုလည်းသိတဲ့အတိုင်း အင်တာနက်ပေါ်က အရာတော်တော်များများက ယုံကြည်လို့မရဘူးလေ ဟုတ်တယ်မလား၊ ကိန်းဂဏန်းအချက်အလက်တွေ အကုန်လုံးက အတုတွေချည်းပဲ၊ ပြီးတော့ အဲဒီစျေးကွက်မြှင့်တင်ရေး လှုပ်ရှားမှုတွေအကုန်လုံးကလည်း ပိုက်ဆံပေးပြီး ဝယ်လို့ရတာတွေပဲ"

ဖုန်း၏အခြားတစ်ဖက်မှ နျိုကော သည်လည်း အလွန်ပင်စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ သူသည် ကျားဖန်အတွက် လူချင်းမိတ်ဆက်ပေးပြီး အကဲဖြတ်ဒိုင်များနှင့်အတူ ထမင်းတစ်နပ် အတူစားပေးခဲ့ရုံမျှသာရှိသေး၏။ ယခုအခါတွင်မူ အဘယ်ကြောင့် ထိုပြဿနာအရှုပ်အထွေးများကို လိုက်လံရှင်းလင်းပေးရန် တောင်းဆိုခံနေရသနည်း။ အကျိုးအမြတ်နှင့် ပတ်သက်၍မူ သူသည် ထမင်းစားပွဲ၌ အနည်းငယ်မျှသော လက်ဆောင်ကို ရရှိခဲ့သည်မှာအမှန်ပင်။ သို့သော် ထိုအရာမှာ လုပ်ငန်းခွင်အတွင်းရှိ လျှို့ဝှက်စည်းကမ်းတစ်ခုသာဖြစ်ပြီး လူတိုင်းလည်း ဤနည်းအတိုင်းသာ လုပ်ဆောင်ကြသလို ယခင်ကလည်း မည်သည့်ပြဿနာမျှမရှိခဲ့ဖူးပေ။ မူလက လေလံပွဲအစည်းအဝေးပြီးဆုံးသွားပြီးနောက် ကိစ္စရပ်များအားလုံး အတည်ဖြစ်သွားပြီဖြစ်ရာ အရာရာ ပြီးပြတ်သွားပြီဟု သူထင်မှတ်ထားခဲ့သည်။ ထို့ပြင် သူသည် ကျားဖန့်ထံမှ အပိုဆုကြေးငွေကိုပင် လက်ခံရရှိထားသေးသည်။ သို့သော် ကိစ္စရပ်များမှာ ယခုကဲ့သို့ ရှုပ်ထွေးလိမ့်မည်ဟု မည်သူ မျှော်လင့်ထားပါမည်နည်း။

ယခုအခါ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြမည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားလာရေးပညာရှင်အားလုံးမှာ ပြုစားခံနေကြသကဲ့သို့ဖြစ်နေပြီး ဟဲယဲ့တည်းခိုခန်းတွင်သာ တည်းခိုရန် အတင်းအကျပ်တောင်းဆိုနေကြသည်။ သူတို့သည် ပူးတွဲအဆိုပြုလွှာတစ်ခုကိုပင်ပြုလုပ်ခဲ့ကြရာ ယခုအခါ ထိုကိစ္စက သူ့ထံသို့ပင်ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီဖြစ်၏။ တကယ်လို့ သူသာ ဒီပြဿနာကို သေချာမဖြေရှင်းဘဲ ကိစ္စများပိုပြီးကြီးထွားလာမည်ဆိုလျှင် သူ့အတွက်လည်း ကောင်းကျိုးရှိလာမည်မဟုတ်ပေ။ ထိုစီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားလာရေး ပညာရှင်များမှာ ဟဲယဲ့တည်းခိုခန်းသည် ဟိုတယ်လောကအတွက် စံနမူနာပုံစံသစ်တစ်ခုကို လမ်းဖောက်ပေးခဲ့ပြီး တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကိုပါ အပြတ်အသတ် ဦးဆောင်နေခြင်းဖြစ်ကြောင်း၊ တည်းခိုခန်းတစ်ခုအနေဖြင့် Michelinထံမှ ကြယ်သုံးပွင့်အဆင့် သတ်မှတ်ချက်ကို ပထမဆုံးအကြိမ်ရရှိခဲ့ခြင်းမှာ အလွန်ပင်ရှားပါးလှကြောင်း တတွတ်တွတ်ပြောဆိုနေကြသည်။ အတိုချုပ်ပြောရလျှင်မူ သူတို့သည် အင်တာနက်ပေါ်တွင် ကြားသမျှ အရာအားလုံးကို အကြွင်းမဲ့ ယုံကြည်နေကြခြင်းဖြစ်၏။

သူ့အမြင်အရမူ ကြယ်ပွင့်အဆင့် သတ်မှတ်ချက်ပင်မရှိသော ဟိုတယ်တစ်ခုမှာ Michelinအဆင့်သတ်မှတ်ချက်ရရှိသွားခြင်းသည် ဘာအရေးကြီးသနည်း။ ဟိုင်ဖန်းဟိုတယ်သည်လည်း Black Diamondအဆင့်သတ်မှတ်ချက် ရရှိထားသည်မဟုတ်ပါလော။ ဟဲယဲ့တည်းခိုခန်းမှာ ပုံစံသစ်တစ်ခုကို လမ်းဖောက်ခဲ့လျှင် ဟိုင်ဖန်းဟိုတယ်မှာလည်း ကြယ်ခြောက်ပွင့်အဆင့်ရှိ ဟိုတယ်ကြီးဖြစ်သည်။ ရမှတ်မှာ (၂) မှတ် (၂) မှတ်ချင်းတူညီနေသည်ဖြစ်ရာ သရေကျနေသည်ဟု မဆိုနိုင်ဘူးလော။ အဓိကမှာ ကျားဖန့်လုပ်ဆောင်ပုံနည်းလမ်းများမှာ အားနည်းလွန်းခြင်းကြောင့်ဖြစ်သည်။ နှစ်ဖက်စလုံး၏ အင်အားမှာ အကြမ်းဖျင်းအားဖြင့် တူညီနေသော်လည်း လက်ရှိတွင် ဟဲယဲ့တည်းခိုခန်းမှာ အွန်လိုင်းပေါ်၌ ပိုမိုကျော်ကြားနေခြင်းသာဖြစ်၏။ ထိုအခြေအနေကို သူဘာတတ်နိုင်ပါမည်နည်း။ နျိုကောသည် ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် ကိစ္စရပ်များကို အလွန်ပင်စိတ်ပျက်မိပြီး ၎င်းထဲသို့ ထပ်မံ၍မပတ်သက်ချင်တော့ပေ။

"မင်း အမြန်ဆုံးအင်တာနက်ပေါ်မှာ ကိန်းဂဏန်းအချက်အလက်အချို့ကို ပိုက်ဆံပေးဝယ်လိုက်၊ သတင်းအစီရင်ခံစာတွေထုတ်ခိုင်းပြီး Weibo ရဲ့ ရေပန်းအစားဆုံး အကြောင်းအရာ စာရင်းထဲဝင်အောင်လုပ်၊ နောက်ကျရင် ငါ အဲဒီလင့်ခ်တွေကို လုပ်ငန်းရှင်တွေဆီ ပို့ပေးပြီး ဟိုင်ဖန်းဟိုတယ်ကလည်း အင်တာနက်ပေါ်မှာ တော်တော်လေး နာမည်ကြီးတယ်လို့ ပြောပြလို့ရတာပေါ့၊ ဒါဆိုရင် သူတို့လည်းဟိုတယ်ပြောင်းဖို့အတွက် ဆူဆူပူပူလုပ်ကြတော့မှာမဟုတ်ဘူး"

နျိုကောသည် မိမိဘက်မှလုပ်ဆောင်ပေးနိုင်သမျှကို အစွမ်းကုန်လုပ်ဆောင်ပေးခဲ့ပြီးပြီဟုခံစားမိကာ ကျားဖန့်အား အလွန်ကောင်းမွန်လှသော အကြံဉာဏ်ကြီးတစ်ခုကို ပေးလိုက်ခြင်းဖြစ်သည်။ ကျားဖန့်လက်ဖမိုးပေါ်ရှိ သွေးကြောများမှာ ထောင်တက်လာပြီး သူ့လက်သည်းများမှာ လက်ဖဝါးထဲသို့ နစ်ဝင်လုမတတ် ဆုပ်ကိုင်ထားမိသည်။

'နျိုကော ခင်ဗျားပြောသလောက် အဲဒီအရာက တကယ်ပဲလွယ်ကူနေလို့လား'

ကိန်းဂဏန်းအချက်အလက်များနှင့် ရေပန်းစားခေါင်းစဉ်များကို ပိုက်ဆံပေး၍ဝယ်ယူနိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဒေတာများကို ဝယ်ယူခြင်းမှာ ငွေကုန်ကြေးကျများလှပေသည်။ လူအများအပြား သတိပြုမိလာစေရန်နှင့် ဟိုင်ဖန်းဟိုတယ်ကိုရေပန်းစားခေါင်းစဉ်စာရင်းထဲ ဝင်ရောက်သွားစေရန်အတွက် အနည်းဆုံးယွမ်ဆယ်သန်းချီ၍ကုန်ကျမည်ဖြစ်၏။ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲတစ်ခုအတွက် သူတို့ကအမြတ်အစွန်း မရရှိရုံတင်မကဘဲ မိမိအိတ်ကတ်ထဲမှ ထိုမျှကြီးမားသော ငွေပမာဏကို စိုက်ထုတ်ပေးရမည်မှာ ဖြစ်နိုင်ပါမည်လော။ လူတိုင်းမှာ ဟိုင်ဖန်းဟိုတယ်၏စျေးနှုန်းမှာ မြင့်မားလွန်းသည်ဟု ပြောဆိုနေကြသော်လည်း ဤမျှများပြားလှသော ပညာရှင်များကို လာဘ်ထိုးရန်အတွက် ငွေကြေးမည်မျှ ကုန်ကျခဲ့သည်ကိုမူ သူတို့ထည့်သွင်းမစဉ်းစားကြပေ။

နျိုကောသည်လည်း ဝေစုတစ်ခုကိုယူဦးမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက်ရှိ အမျိုးမျိုးသောလူများမှာလည်း အလွယ်တကူ ကျော်ဖြတ်၍ရမည့်သူများမဟုတ်ကြချေ။ အရာအားလုံးကို ခြုံငုံတွက်ချက်ကြည့်လျှင် ဟိုင်ဖန်းဟိုတယ်သည် အဆက်အသွယ်များကို လာဘ်ထိုးရန်အတွက်တင် ယွမ်တစ်သိန်းကျော်ကုန်ကျခဲ့ပြီးဖြစ်သည်။ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကို တက်ရောက်ခြင်းမှာ အမှန်တကယ်ပင် ငွေအမြောက်အမြား မရရှိနိုင်ချေ။ ယခုအခါ သူတို့မှာ စျေးကွက်မြှင့်တင်ရေးအတွက် သူ့ကိုငွေပိုမို သုံးစွဲစေချင်နေကြပြန်သည်။ တကယ်လို့ စျေးကွက်မြှင့်တင်ရေးမှာ ရလဒ်တစ်ခုခုထွက်ပေါ်လာမည်ဆိုလျှင်တော့ တစ်မျိုးဖြစ်ပေသိ ဟဲယဲ့တည်းခိုခန်းမှာ ဘယ်လိုမျိုးမယုံကြည်နိုင်စရာကောင်းသည့် ကံကောင်းခြင်းမျိုးရှိနေ၍ ရေပန်းစားခေါင်းစဉ်စာရင်းထဲ ဒီလောက်အကြိမ်အများကြီးဝင်ရောက်နိုင်ခဲ့သည်ကို သူလုံးဝစဉ်းစားမရနိုင်အောင် ဖြစ်နေရသည်။

တစ်မိနစ်တွင် ဆံပင်ပေါက်ဆေးဖြစ်လိုက် နောက်တစ်မိနစ်တွင် ရေကူးကန်ဘေးက ရှောင်ချန်း၏အလှအပဖြစ်လိုက် ထို့နောက်တွင် Michelin၏ ကြယ်သုံးပွင့်အဆင့် သတ်မှတ်ချက် ဖြစ်လိုက်နှင့် ဟဲယဲ့တည်းခိုခန်းသည် Weiboပေါ်ရှိ ရေပန်းစားခေါင်းစဉ်အားလုံးကို ထိန်းချုပ်နေသကဲ့သို့ပင်။ ထူးဆန်းလှသော ခေါင်းစီးသတင်းတစ်ခုခုကိုနှိပ်လိုက်တိုင်း ဟဲယဲ့တည်းခိုခန်းဆီသို့သာ လမ်းညွှန်ပြသနေတော့သည်။ ထို့ပြင် ဟဲယဲ့တည်းခိုခန်းကို မြှင့်တင်ပေးရန်အတွက် အပြေးအလွှားကြော်ငြာပေးနေကြသည့် ဘလော့ဂါပေါင်းတစ်ဆယ်၊ နှစ်ဆယ်ခန့် ရှိနေပြီး ယခုအခါ သူတို့သည်ရဲရင့်သူတို့၏ စိန်ခေါ်ပွဲကိုပါ စတင်ကျင်းပနေကြပြီဖြစ်၏။ သူ့လက်ထောက်ပြောပြချက်အရ လူပေါင်းတစ်ထောင်ကျော်ပင် စာရင်းပေးသွင်းထားကြပြီဟုဆိုသည်။ ဒါတကယ့်ကို စိတ်ပျက်ဒေါသထွက်စရာကောင်းလွန်းလှပေသည်။ ဟိုင်ဖန်းဟိုတယ်သည်လည်း ယခင်ကဘလော့ဂါများကို ငှားရမ်းခဲ့ဖူး၏။ သူတို့သည် နာမည်ကြီး ဟိုတယ်အကဲဖြတ်ဘလော့ဂါတစ်ဦးကို ငှားရမ်းခဲ့ပြီး စိတ်ကြိုက်ဗီဒီယိုတစ်ခု ပြုလုပ်ရန်အတွက် ယွမ်တစ်သိန်းသုံးစွဲခဲ့ရသည်။ တကယ်လို့ သူဟဲယဲ့တည်းခိုခန်းကဲ့သို့ ဟိုင်ဖန်းဟိုတယ်ကို မြှင့်တင်ရန်အတွက် ဘလော့ဂါတစ်ဆယ်၊ နှစ်ဆယ်ခန့်ကို ငှားရမ်းရမည်ဆိုပါက ထိုကုန်ကျစရိတ်ကို သူမည်သို့ တတ်နိုင်ပါမည်နည်း။

သူသည် ဟိုင်ဖန်းဟိုတယ်၏ပိုင်ရှင်ဖြစ်သော်လည်း သူတစ်ဦးတည်းသော ရှယ်ယာရှင်မဟုတ်ပေ။ ကုမ္ပဏီ၏အကောင့်ထဲ၌ ငွေအမြောက်အမြားကို မကြာခဏ သိမ်းဆည်းထားလေ့ရှိသော သူ့လုပ်ရပ်ကြောင့် ရှယ်ယာရှင်အချို့မှာ အလွန်ပင် မကျေမနပ်ဖြစ်နေကြပြီဖြစ်သည်။ သူ့အမြင်အရ ထိုရှယ်ယာရှင်များသည် အတွေးအခေါ် ကျဉ်းမြောင်းလှသူများဖြစ်ကြ၏။ ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် ပုဂ္ဂိုလ်ရေးအဆက်အသွယ်များအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်မဟုတ်ပါလော။ အကယ်၍ ကျားဖန့်သာ ဆက်ဆံရေးနှင့် အဆက်အသွယ်များကိုမတည်ဆောက်ခဲ့ဘူးဆိုလျှင် ဟိုင်ဖန်းဟိုတယ်မှာ ယနေ့လိုအခြေအနေမျိုးကို ရောက်ရှိလာနိုင်ပါမည်လား။ နျိုကော၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် အားနည်းသူတစ်ဦးအဖြစ် မပေါ်လွင်စေလိုသဖြင့် ကျားဖန့်သည် သူ့ဒေါသကို အောင့်အီးမြိုသိပ်ကာပြောလိုက်သည်။

"နျိုကော အင်တာနက်ပေါ်မှာ ကိန်းဂဏန်းအချက်အလက်တွေဝယ်တာကတော့ လုပ်သင့်လုပ်ထိုက်တာပေါ့၊ ကျွန်တော် နောက်ကျရင် ကျွန်တော့်လက်ထောက်ကို အများပြည်သူသုံးအကောင့်အချို့မှာ သတင်းတွေ တင်ခိုင်းလိုက်ပါ့မယ်၊ ဒါပေမဲ့ လူထုရဲ့ သဘောထားအမြင်ထွက်ပေါ်လာဖို့က အချိန်ယူရတယ်ဆိုတာ အစ်ကိုလည်း သိတာပဲလေ၊ အခုလောလောဆယ်မှာတော့ အဓိက က ကျွန်တော်တို့နှစ်ယောက် ဒီအတားအဆီးကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စဉ်းစားဖို့ပဲ၊ ဟုတ်တယ်မလား"

နျိုကော နှာခေါင်းရှုံ့ကာအေးစက်စွာ လှောင်ရယ်လိုက်သည်။ သူ့အသံမှာ တိုးညင်းလှပြီး ဖုန်းခွက်နှင့် ဝေးကွာနေသော်လည်း ကျားဖန့်မှာမူ ထိုအသံကို သဲသဲကွဲကွဲကြားလိုက်ရပေသည်။ သူ့မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်သွားရပြီး ရင်ထဲ၌ မလိုမုန်းထားစိတ်များ ပိုမိုပြင်းထန်လာခဲ့တော့၏။

"အော် တစ်ယောက်ယောက်က ကျွန်တော့်ကိုလာရှာနေလို့ နောက်မှပဲ ထပ်ပြောကြတာပေါ့၊ ဒါနဲ ကျွန်တော့်ဇနီးပြောတာကတော့ အခုတလော ကျွန်တော့်ရဲ့သွေးတွင်းသကြားဓာတ်က ပိုပြီးတော့ မြင့်တက်လာလို့ အရက်ထပ်သောက်လို့မရတော့ဘူးတဲ့၊ ခင်ဗျား အားတဲ့တစ်ရက်ကျရင် ကျွန်တော့်အိမ်ကိုလာခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကပေးထားတဲ့ အရက်တွေကိုပြန်ယူသွားလိုက်ပါဦး၊ အဲဒါက တကယ့်ကိုတန်ဖိုးကြီးတဲ့ အရက်တွေမလို့ ခင်ဗျားတခြားလူတစ်ယောက်ယောက်ကိုပဲ ပေးလိုက်ပါ၊ အလဟဿ မဖြစ်စေနဲ့တော့"

ကျားဖန့်မျက်နှာတစ်ခုလုံး တောင့်တင်းအေးခဲသွားရသည်။ နျိုကော မိမိနှင့် မိတ်ဖက်အဖြစ်မှ လမ်းခွဲရန်ကြိုးစားနေခြင်းလော။ ပြီးခဲ့သည့်အပတ်မှ သူသည် နျိုကောအား အရက်သက်သက်သာပေးခဲ့ခြင်းမဟုတ်ပေ။ ထိုအရက်သေတ္တာ၏အောက်ခြေတွင် ထူထဲလှသော ငွေစက္ကူထုပ်ကြီးကို ဝှက်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဟိုင်ဖန်းဟိုတယ်သည် ထိုကဲ့သို့အခြေအနေမျိုးသို့ရောက်ရှိနေချိန်တွင် တကယ်လို့ နျိုကောသာ ဒီကိစ္စကိုအဖတ်ဆယ်မပေးခဲ့ပါက ကျားဖန့်တစ်ယောက် တကယ့်ကို အခြေအနေပျက်ပြီး မျက်နှာပျက်ရတော့မည်ဖြစ်သည်။ သူသည် ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲကိုပင် လက်ခံကျင်းပခွင့်မရရှိခဲ့ချေ။ သို့ဆိုလျှင် ကျားဖန့်အနေဖြင့် လောကအလယ်တွင် သူ့ဂုဏ်သိက္ခာကို မည်သို့ ဆက်လက်ထိန်းသိမ်းထားနိုင်ပါမည်နည်း။ သူ့မှာ ဘယ်လိုမျက်နှာမျိုးကျန်ရှိတော့မည်နည်း။

ကျားဖန့်သည် သူ့စိတ်အခြေအနေကို အနည်းငယ်ပြန်လည်ထိန်းချုပ်လိုက်ပြီး နျိုကောနှင့် ပညာရှင်များကို အရှက်ခွဲဖော်ကောင်လုပ်လိုသည့် စိတ်ဆန္ဒကို အောင့်အီးမြိုသိပ်လိုက်သည်။ သူ မလုပ်နိုင်ပေ။ အခြေအနေများကို ပိုမိုကြီးထွားလာစေရန် သူမတတ်နိုင်ချေ။ သူသည် လက်ဆောင်ပေးအပ်ခဲ့သည့် အကြိမ်တိုင်းကို မှတ်တမ်းစာအုပ်တွင် သေချာစွာ မှတ်တမ်းတင်ထားခဲ့သည်။ တကယ်လို့ သေရေးရှင်ရေး အခြေအနေမျိုး ရောက်ရှိလာခဲ့မည်ဆိုလျှင်တော့ သူဒီမှတ်တမ်းစာအုပ်ကိုသုံးပြီး သူတို့ကို တိုင်ကြားလိုက်ရုံသာရှိပေ၏။ သို့သော်လည်း တကယ်လို့ သူသာ ထိုသို့တကယ်လုပ်ခဲ့မည်ဆိုလျှင် သူကိုယ်တိုင်လည်း ထောင်ထဲသို့ ရောက်ရှိသွားနိုင်ပေသည်။ ကုမ္ပဏီတစ်ခုမှာ အစိုးရအရာရှိများကို တရားမဝင် အကျိုးအမြတ်များရရှိစေရန်အတွက် ငွေကြေးပေးအပ်ခြင်းသည် ဥပဒေအရ လာဘ်ပေးမှုမြောက်ပေသည်။

ငွေ ယွမ် (၃၀,၀၀၀) သို့မဟုတ် ထိုထက်ပို၍ ပေးအပ်သူ မည်သူမဆို ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံရမည် ဖြစ်သည်။ ငွေ ယွမ် (၁) သန်း သို့မဟုတ် ထိုထက်ပို၍ ပေးအပ်သော်လည်း ယွမ် (၅) သန်းထက် နည်းပါးသူ မည်သူမဆို ငါးနှစ်မှ ဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံရမည် ဖြစ်သည်။ ငွေ ယွမ် (၅) သန်း သို့မဟုတ် ထိုထက်ပို၍ ပေးအပ်သူ မည်သူမဆို ဆယ်နှစ် သို့မဟုတ် ထိုထက်ပိုသော ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည့်အပြင် ငွေဒဏ်ချမှတ်ခြင်း သို့မဟုတ် ၎င်းတို့ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း ခံရမည် ဖြစ်သည်။ ကျားဖန့်သည် တွက်ချက်နေရန်ပင်မလိုဘဲ တကယ်လို့ မိမိသာ ဖော်ထုတ်ခြင်းခံရပါက ဥပဒေ၏ အပြင်းထန်ဆုံး အပြစ်ပေးအရေးယူမှုကို သေချာပေါက် ခံရမည်ဖြစ်ကြောင်း သိရှိထားပေသည်။ ဟိုင်ဖန်းဟိုတယ်ကို တည်ဆောက်ချိန်မှစ၍ လည်ပတ်လုပ်ကိုင်ချိန်အထိ သူသည် လူပေါင်းမည်မျှကို လာဘ်ထိုးခဲ့ရသည်ကို သူကိုယ်တိုင်ပင် မသိတော့ချေ။ တကယ်လို့ အခြေအနေတွေက တကယ်ပဲ ထွက်ပေါ်လာခဲ့မယ်ဆိုရင် ကျားဖန့်၏ အကြည့်များမှာ ဖျားနာနေသော ကြက်ဆင်ပေါက်ကလေးကဲ့သို့ ဖြစ်နေသည့် သူ့လက်ထောက်ဆီသို့ ဝေ့ဝဲရောက်ရှိသွားတော့သည်။ ထောင့်စွန်းလေးတွင် ပုန်းကွယ်နေသော လက်ထောက်ဖြစ်သူသည် ကျောရိုးထဲမှ စိမ့်တက်လာသော အေးစက်မှုကို ခံစားလိုက်ရသဖြင့် တုန်လှုပ်သွားကာ ခေါင်းကို ပိုမိုငုံ့ထားမိရှာ၏။ သို့သော်လည်း အခြေအနေများမှာ ထိုအဆင့်အထိတော့ ရောက်မလာသေးပါ။ ကျားဖန့်၏ ဦးနှောက်မှာ အဖြေရှာရန်အတွက် အပြင်းအထန် လည်ပတ်နေတော့သည်။

All Chapters