← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

289

"ဆီဟောင်း ဟုတ်လား"

စုဟယ်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်မိသွားတော့သည်။

"ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ ကောလာဟလကနေ ကူးစက်လာရတာလဲ၊ ငါတို့ဟိုတယ်က ဟော့ပေါ့လည်း ရောင်းတာမဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဆီဟောင်းတွေကို ပြန်လည်အသုံးပြုဖို့ သိမ်းဆည်းရမှာလဲ"

ရှောင်ယင်းလည်း အလွန်ပင်ဒေါသထွက်နေရသည်။ ဒါဘာမှမသိဘဲ ကောင်းကင်ပေါ်မှ အိုးကြီးပြုတ်ကျလာသလိုမျိုး ခံစားရစေသည်။ ဒီနေ့တွင် ရှောင်ယင်းတစ်ယောက် အင်တာနက်ပေါ်ရှိ ဟဲယဲ့တည်းခိုခန်း၏တရားဝင်အကောင့်ကို စီမံခန့်ခွဲနေစဉ်အတွင်း သူမအား tagတွဲခေါ်ယူထားသည့် အကြောင်းကြားစာအမြောက်အမြားကို လက်ခံရရှိခဲ့၏။ အစပိုင်းတွင်မူ သူမ ဟဲယဲ့တည်းခိုခန်း၏ပရိသတ်များမှာ ခင်ခင်မင်မင် လာရောက်နှုတ်ဆက်ကြခြင်းသာဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ၎င်းကိုနှိပ်၍ကြည့်လိုက်သည့်အခါတွင်မူ tagတွဲထားသည့် အကြိမ်ရေ ငါးဆယ်၊ ခြောက်ဆယ်ခန့်သည် ဗီဒီယိုတစ်ခုတည်းဆီသို့သာ ဦးတည်ညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။ ထိုဗီဒီယိုသည် ဟဲယဲ့တည်းခိုခန်း၏စားသောက်ဆိုင်တွင် ဆီဟောင်းများ အသုံးပြုနေပါသည်ဟူ၍ 'ဖွင့်ချ'ထားခြင်းဖြစ်သည်။

ထိုဗီဒီယိုကို ဟဲယဲ့တည်းခိုခန်း၏ အပြင်ဘက် အများပြည်သူဆိုင်ရာ နေရာရှိစောင့်ကြည့်ကင်မရာမှ ရိုက်ကူးထားခြင်းဖြစ်ပြီး ဟိုတယ်မီးဖိုချောင်ဝန်ထမ်းများမှာ အစားအသောက် စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းနေသည့် ပုံရိပ်များကိုပြသထားသည်။ အမှန်စင်စစ် စားသောက်ဆိုင်များ၏ ဆီညစ်ညမ်းမှု စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ တင်းကျပ်သော စံနှုန်းများရှိပေ၏။ စားသောက်ဆိုင်များမှ ထွက်ရှိလာသော ဆီညစ်ညမ်းမှုအားလုံးကို ဗဟိုချက်တစ်ခုတည်းတွင် စနစ်တကျသန့်စင်ရမည်ဖြစ်ပြီး ပုံမှန်စုဆောင်းကာ တစ်ပြေးညီ သယ်ယူပို့ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့ကို မြို့ပြ၏ရေဆိုးမြောင်းပိုက်လိုင်းများထဲသို့ တိုက်ရိုက် စွန့်ပစ်၍မရချေ။ သို့မဟုတ်ပါက ထိုဆီညစ်ညမ်းမှုများကြောင့် မြေအောက်မြောင်းပိုက်များ ပိတ်ဆို့ကာ မြွေ၊ ကင်းမှီး‌ကောက်နှင့် ပုရွက်ဆိတ်များကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ မြို့ပြဒေသများတွင်မူ များသောအားဖြင့် စားသောက်ဆိုင်များမှထွက်ရှိသည့် အဆီနှင့် အနှစ်များကို စွန့်ပစ်ရန် သီးသန့်ရေဆိုးမြောင်းပိုက်များ ရှိတတ်ကြသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် အမှိုက်စွန့်ပစ်ခ အခကြေးငွေကို ပေးဆောင်ရပြီးနောက် ၎င်းကို ရပ်ကွက်ရုံးမှ တာဝန်ယူဖြေရှင်းပေးလေ့ရှိသည်။

သို့သော် ဟဲယဲ့တည်းခိုခန်းသည် ခရိုင်အသစ်ထဲ၌ တည်ရှိနေပြီး ဘေးပတ်ပတ်လည်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ပန်းခြံများသာ ဝိုင်းရံထားသဖြင့် စားသောက်ဆိုင်များ၏ အဆီဖမ်းကန်များအတွက် ဗဟိုချုပ်ကိုင်မှုရှိသော ရေမြောင်းစနစ်မရှိချေ။ ထို့ကြောင့် နိုင်ငံတော်စံနှုန်းများနှင့် မြို့ပြစည်းကမ်းချက်များအရ ဟဲယဲ့တည်းခိုခန်းသည် မိမိဘာသာမီးခိုးငွေ့စုပ်စနစ်နှင့် ဆီ-ရေခွဲစက်ကိုတပ်ဆင်ထားခဲ့သည်။ ချက်ပြုတ်ရာမှ ထွက်လာသော မီးခိုးငွေ့များကို လေထုထဲသို့မထုတ်မီ မီးခိုးငွေ့သန့်စင်စက်ဖြင့် အရင်ဆုံး သန့်စင်ရမည်ဖြစ်၏။ ချက်ပြုတ်ခြင်းမှကျန်ရှိသော အဆီအနှစ်များနှင့် အစားအသောက်စွန့်ပစ်ပစ္စည်းများကိုလည်း ဆီ-ရေခွဲစက်ဖြင့် သန့်စင်ပေးရန် လိုအပ်သည်။ ထိုခွဲစက်သည် ရေနှင့်ဆီကို သီးခြားစီခွဲထုတ်ပေးပြီး ခဲနေသော စွန့်ပစ်ပစ္စည်းများနှင့် ဆီများကို သိမ်းဆည်းထားကာ ဆီများဖယ်ရှားပြီးနောက် ကျန်ရှိသောရေဆိုးများကိုသာ မြို့ပြရေဆိုးမြောင်းထဲသို့ စွန့်ပစ်ခြင်းဖြစ်သည်။ ထိုကျန်ရှိနေသော အဆီများကို အဆီဖမ်းကန်ထဲ၌ အချိန်အကန့်အသတ်မရှိ ဒီအတိုင်း ပစ်ထား၍မရချေ။ ၎င်းတို့ကို ပုံမှန်ဆယ်ယူပြီး အမှိုက်ပုံးထဲသို့ ထည့်ကာ အမှိုက်ပုံမြေနေရာသို့ ပို့ဆောင်စွန့်ပစ်ရမည်ဖြစ်သည်။

ယခု အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေပြီး ဟဲယဲ့တည်းခိုခန်းမှာ ဆီဟောင်းများ အသုံးပြုနေပါသည်ဟူ၍ ကောလာဟလဖြန့်ဝေနေသည့် ဗီဒီယိုများမှာ ဟဲယဲ့တည်းခိုခန်းမီးဖိုချောင်ဝန်ထမ်းများက အဆီဖမ်းကန်ထဲမှ ခဲနေသော စွန့်ပစ်ပစ္စည်းများနှင့် အဆီများကို ဆယ်ယူနေသည့် ဗီဒီယိုအတိုအစလေးများသာဖြစ်သည်။ ထိုဗီဒီယိုအတိုအစကိုလှုံ့ဆော်မှုဖြစ်စေမည့် စာသားများ၊ အသံဖိုင်များနှင့် ပူးတွဲကာ အွန်လိုင်းပေါ်၌ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနေကြခြင်းဖြစ်၏။ ထိုဗီဒီယိုထဲ၌ အဖြူရောင်စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသည့် မီးဖိုချောင်ဝန်ထမ်းနှစ်ဦးသည် ပိုက်ကွန်အကြီးစားတစ်ခုကို အသုံးပြု၍ ဆီအလွှာများကို ဆယ်ယူနေသည်ကို မြင်တွေ့ရသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်မူ ထိုအရာက အမှန်တကယ်ပင် ဖမ်းဆီးရိုက်မိထားသကဲ့သို့ ထင်ရပေသည်။ ထိုဗီဒီယိုမှာ အလွန်ပင် အဓိပ္ပာယ်မရှိ ဒေါသထွက်စရာကောင်းလှသော်လည်း လူများရင်ထဲ၌ ဆီဟောင်းနှင့်ပတ်သက်၍ စိုးရိမ်စိတ်များ ရှိနေဆဲဖြစ်ရာ ထိုအရာမှာ အစားအသောက်ဘေးကင်းလုံခြုံမှုအပေါ် လူအများ၏စိုးရိမ်ပူပန်မှုနှင့် သံသယစိတ်များကို ထိမှန်သွားစေပြီး ဗီဒီယိုမှာ အလွန်လျင်မြန်စွာပျံ့နှံ့သွားခဲ့တော့သည်။

ရှောင်ယင်းသည် ဟဲယဲ့တည်းခိုခန်း၏ တရားဝင်အကောင့်ပေါ်တွင် ဗီဒီယိုအပြည့်အစုံကို ချက်ချင်းတင်ပေးခဲ့ပြီး ၎င်းဆီဟောင်း ဆယ်ယူနေပါသည်ဆိုသော ဗီဒီယိုမှာ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းကိုသာ ဖြတ်ညှပ်ကပ်လုပ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သော်လည်း လူအများစုမှာမူ ရှင်းလင်းချက်ထက် ကောလာဟလများကိုသာ ပိုမိုအာရုံစိုက်နေကြသည်မှာ သိသာလှပေသည်။ ပို၍ရေပန်းစားလာပြီး ပျံ့နှံ့နေသောကောလာဟလဗီဒီယိုများကိုကြည့်ရင်း စုဟယ် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

"ရဲစခန်းကိုပဲ ဖုန်းဆက်လိုက်ကြရအောင်"

ကျန်းရှန့်နန်လည်းသဘောတူညီခဲ့သည်။

"ဒီဗီဒီယိုက ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားတာက ကွယ်ရာကနေ တစ်ယောက်ယောက်က တမင်လှုံ့ဆော်နေတာ သိသာလွန်းတယ်၊ ဒါ့အပြင် သူကအများပြည်သူဆိုင်ရာနေရာရဲ့ စောင့်ကြည့်ကင်မရာ ဗီဒီယိုဖိုင်ကိုပါ ရရှိထားတာဆိုတော့ သူ့နောက်ကွယ်မှာ တော်တော်လေး အင်အားကြီးတဲ့ အရှိန်အဝါရှိနေတယ်လို့ အဓိပ္ပာယ်ရတယ်၊ ရှောင်ယင်း မင်းဘက်က ရှင်းလင်းချက်ဗီဒီယိုတွေကို ဆက်ပြီးတော့ ထုတ်လွှင့်နေလိုက်၊ ငါလည်း ရှေ့နေနဲ့ ချက်ချင်း အဆက်အသွယ်လုပ်ပြီး စျေးကွက်ကြီးကြပ်ကွပ်ကဲရေးဌာနကို လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်မယ်"

ကျန်းရှန့်နန်တာဝန်များကို ခွဲဝေချထားပေးလိုက်သည်။ ရုံးခန်းအတွင်းရှိ လူတိုင်း ထွက်ခွာသွားပြီးနောက်တွင်မူ ကျန်းရှန့်နန်၏မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ တည်ငြိမ်နေဆဲပင်။ သူ စုဟယ်အား မိမိအတွေးကို ခန့်မှန်းပြောပြလိုက်သည်။

"သူဌေး၊ ကျွန်မအထင်တော့ ကျွန်မတို့ ရန်သူလုပ်မိတာ တစ်ဖွဲ့တည်းမဟုတ်လောက်ဘူးထင်တယ်၊ လီကျိရှုး ဆွဲထုတ်ပေးထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုကြည့်လိုက်ပါဦး၊ ဒီကောလာဟလဗီဒီယိုတွေက မနက် (၈)နာရီကစပြီး အကြီးအကျယ် ပျံ့နှံ့လာတာ၊ ပြီးတော့ လူတွေက ပိုက်ဆံပေးပြီး ရေပန်းစားစာရင်းရဲ့ ထိပ်ဆုံးကိုရောက်အောင် တွန်းပို့နေကြတာ၊ မနက် (၁၀) နာရီကျော်ပြီးတဲ့နောက်မှာတော့ ဒီရေပန်းစားမှုရဲ့ ရင်းမြစ်က အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့တယ်၊ အဲဒါကြောင့် လူအမျိုးမျိုးက ဒီရေပန်းစားမှုကိုမြှင့်တင်ဖို့ ကြိုးစားနေကြပုံပဲ"

ကျန်းရှန့်နန် ပြောလိုက်သည်။

"ဒါတင်မကသေးဘူး၊ လီကျိရှုးက ဝဘ်ဆိုက်ကနေ ဒေတာတွေရှာဖွေစိစစ်ရင်း ပြဿနာအသစ်တွေကို ရှာဖွေတွေ့ရှိခဲ့သေးတယ်၊ ဟိုတယ်ရဲ့ အစားအသောက်တွေမှာ ဆီဟောင်းသုံးထားပါတယ်ဆိုတဲ့ ကောလာဟလတွေ ဖြန့်နေတဲ့အပြင် ဟိုတယ်ရဲ့အသားဖြူဆပ်ပြာနဲ့ ဆံပင်ပေါက်ဆေး တွေကိုပါ ရည်ရွယ်ချက်ရှိရှိ ကောလာဟလတွေစပြီး ဖြန့်နေကြပြီ"

ကျန်းရှန့်နန်သည် ဗီဒီယိုအချို့ကိုရှာဖွေပြသလိုက်ရာ ထိုဗီဒီယိုများအားလုံးမှာ မျက်နှာကို ဝါးထားခြင်းဖြင့် စတင်ထားသည်။ မျက်နှာကို ဝါးထားသော်လည်း မျက်နှာတစ်ခုလုံးတွင် အနီစက် အဖုအပိမ့်များဖုံးလွှမ်းနေသည်ကို မြင်တွေ့နိုင်ပေ၏။ ဗီဒီယိုနောက်ခံအသံဖိုင်တွင်မူ ဟဲယဲ့တည်းခိုခန်း၏အသားဖြူဆပ်ပြာကြောင့် ဝက်ခြံများထွက်လာရခြင်းဖြစ်သည်ဟု စွပ်စွဲပြစ်တင်နေသည့် အသံတစ်ခုပါဝင်နေသည်။ နောက်ထပ် ဗီဒီယိုတစ်ခုတွင်မူ ဂျာကင်အင်္ကျီအဖြူကို ဝတ်ဆင်ထားသည့် ပညာရှင်တစ်ဦးမှာ ဆံပင်ပေါက်ဆေးသည် ကင်ဆာဖြစ်ပွားနိုင်ခြေ အန္တရာယ်ရှိသည်ဟုဆိုကာ အမျိုးမျိုးသော လှည့်စားသည့် နည်းဗျူဟာများကို အသုံးပြု၍ စွပ်စွဲပြောဆိုနေပြန်၏။ စုဟယ်သည် ကျန်းရှန့်နန်၏ခန့်မှန်းချက်ကို သဘောတူညီခဲ့သည်။ ထိုကိစ္စ၏နောက်ကွယ်တွင် ကြိုးကိုင်သူတစ်ဦး သေချာပေါက်ရှိနေရမည်ဖြစ်ပြီး ကောလာဟလများ အရှိန်ရလာပြီးနောက်တွင်မူ အခြားသောသွေးထိုးလှုံ့ဆော်သူများပါ လာရောက်ပူးပေါင်းကြခြင်းဖြစ်ပေလိမ့်မည်။

ဟဲယဲ့တည်းခိုခန်း၏ မကြာသေးမီက အရှိန်အဟုန်မှာ အံ့မခန်းဖွယ်ရာ ကောင်းလှသဖြင့် ၎င်းသည် ယုံကျန်းမြစ်တွင် အငြင်းပွားဖွယ်ရာမရှိပထမဆုံးအဆင့်ရှိသော ဟိုတယ်တစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုနိုင်သည်။ စနစ်၏ အကြောင်းကြားချက်အရ ဟဲယဲ့တည်းခိုခန်း၏ ကုန်အမှတ်တံဆိပ် သတိပြုမိမှုအဆင့်မှာ "ကျော်ကြားသော" အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး လူဦးရေ သန်း (၅၀)ကျော်လွန်ကာ သန်း (၇၀)ဆီသို့ ဦးတည်နေပြီဖြစ်သည်။ သို့သော်လည်း "ကျော်ကြားသော" အဆင့်သို့ ရောက်ရှိရန်အတွက် နှစ်စဉ် ထုတ်ကုန်ရောင်းချမှုမှ ဝင်ငွေယွမ်သန်း (၂၀) ကျော်ရရှိရန် လိုအပ်ပေ၏။ ယွမ်ဒန်းချူး၏ ဓာတ်ခွဲခန်းသည် ထုတ်လုပ်မှု ပမာဏတိုးမြှင့်ရန်အတွက် အပြင်းအထန် ကြိုးစားအားထုတ်နေကြသဖြင့် နောက်ထပ်တစ်လအတွင်းမှာ ဟဲယဲ့တည်းခိုခန်း၏ထုတ်ကုန်ရောင်းချမှု ဝင်ငွေသည် ယွမ်သန်း (၂၀)သို့ အောင်မြင်စွာ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ ယွမ်ဒန်းချူး၏ ဓာတ်ခွဲခန်းမှ ထွက်ရှိသမျှ ထုတ်ကုန်အားလုံးကို ဟဲယဲ့တည်းခိုခန်း၏ မီနီပရိုဂရမ်ပေါ်တွင် ဝယ်ယူရရှိနိုင်ပေသည်။ မီနီပရိုဂရမ်ကို ဖွင့်ကြည့်လိုက်ရုံမျှဖြင့် နေ့စဉ်ရောင်းအားကို အလွယ်တကူခန့်မှန်းတွက်ချက်နိုင်၏။ ကွန်ပျူတာ အသုံးပြုတတ်သူ မည်သူမဆို ဟဲယဲ့တည်းခိုခန်းသည် ထုတ်ကုန်များ ရောင်းချရုံတင်မကဘဲ အလွန်ကြီးမားသော အမြတ်အစွန်းများကိုရရှိနေကြောင်းမြင်တွေ့နိုင်ပေသည်။

ထို့ကြောင့် ဟဲယဲ့တည်းခိုခန်းသည် ပြိုင်ဘက်များ၏ မျက်စိထဲတွင် ဆူးငြောင့်ခလုတ်တစ်ခုဖြစ်လာခဲ့ခြင်းမှာ မထူးဆန်းတော့ချေ။ အဆုံးသတ်တွင်မူ ဒုက္ခရောက်နေသူတစ်ဦးကို ထပ်ဆင့်နှိပ်စက်ခြင်းမှာ အချိန်အများကြီးပေးရန်မလိုသလိုပေ။

သူတို့သည်လည်း ထိုဖြစ်ရပ်၏အဓိက စီစဉ်သူ သို့မဟုတ် စတင်လှုံ့ဆော်သူများမဟုတ်ကြသဖြင့် သူတို့၏ဥပဒေကြောင်းအရ တာဝန်ရှိမှုမှာ အကန့်အသတ်သာရှိပေသည်။ ထို့ကြောင့် လူအများအပြားသည် ဟဲယဲ့တည်းခိုခန်းတစ်ခန်းလုံး မီးမောင်းထိုးပြခြင်းခံနေရချိန်တွင် ဝိုင်းဝန်း၍ နှိပ်ကွပ်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ကျန်းရှန့်နန်အနေဖြင့် ဗီဒီယို၏ရေပန်းစားမှုကို လူတစ်စုထက်မကဘဲ ဝိုင်းဝန်းမြှင့်တင်ပေးနေကြသည်ဟု သံသယဝင်ခြင်းမှာ နားလည်နိုင်သော်လည်း အမှန်တကယ်စတင်လှုံ့ဆော်ခဲ့သူမှာ မည်သူနည်း။ ဟဲယဲ့တည်းခိုခန်းသည် မကြာသေးမီက မည်သည့်ပြဿနာကြီးကြီးမားမားမျှ မကြုံတွေ့ခဲ့ရဖူးသည် မဟုတ်ပါလော။

ဟဲယဲ့တည်းခိုခန်းသည် အခုတလော အွန်လိုင်းပေါ်တွင် သတင်းခေါင်းစီးပိုင်းတွေမှာ ခဏခဏပါဝင်နေလွန်း၍ အချို့သော ပြိုင်ဘက်များမှ မနာလိုဖြစ်ပြီး မခံမရပ်နိုင်ဖြစ်သွားကြတာလား။ အဲဒါကြောင့် သူတို့ ကောလာဟလတွေ ဖြန့်ဖို့အတွက် ဒီလောက်အထိ စွန့်စားမှုကြီးကြီးမားမား လုပ်ရဲကြတာလား။ သေချာစွာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ကျန်းရှန့်နန်နှင့် စုဟယ်နှစ်ဦးစလုံးသည် ဤဖြစ်နိုင်ခြေကို ပယ်ချလိုက်ကြသည်။ ကောလာဟလဆိုသည်မှာ ကောလာဟလသာဖြစ်ပြီး အဆုံးသတ်တွင်မူ အမှန်တရားမှာ ပေါ်လွင်လာကာ ရှင်းလင်းသွားမည်သာဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်မှ ဟဲယဲ့တည်းခိုခန်းကိုမကြိုက်သောကြောင့် ပုပ်ခတ်စော်ကားချင်ရုံသက်သက်ဆိုလျှင် ဤမျှအထိ အလောတကြီး လုပ်ဆောင်နေရန် မလိုအပ်ပေ။ သူတို့သည် လစဉ်လတိုင်းဆိုးဝါးသော ရေပန်းစားခေါင်းစဉ်အချို့ကို ပိုက်ဆံပေးဝယ်ပြီး တဖြည်းဖြည်းချင်းပုပ်ခတ်စော်ကားသွားရုံသာ ရှိသည်။

ယခုကဲ့သို့ ပြင်းထန်လှသော အနုတ်လက္ခဏာဆောင်သည့် ကိစ္စရပ်များ ရုတ်တရက် လှိုင်းထလာခြင်းမှာ လိပ်စာများကို လွယ်ကူစွာခြေရာခံမိသွားစေနိုင်ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူနိုင်စေမည်ဖြစ်ရာ စွန့်စားရမှုမှာမြင့်မားလွန်းလှပေသည်။ အမှန်စင်စစ် အကယ်၍ လစဉ်လတိုင်းဆိုးဝါးသော ရေပန်းစားခေါင်းစဉ်များကိုဝယ်ယူပြီး အွန်လိုင်း trollအကောင့်အမြောက်အမြားကို အသုံးပြုကာ အကောင့်တစ်ခုချင်းစီ၏ ကောလာဟလမျှဝေမှုနှုန်းကို အကြိမ် (၅၀၀) အောက်တွင်သာ ထိန်းသိမ်းထားမည်ဆိုပါလျှင် ခြင်ကောင်အနည်းငယ် ဝိုင်းကိုက်ရုံဖြင့်ပင် လူတစ်ယောက်ကို သေစေနိုင်သည်မဟုတ်ပါလော။ ထိုနည်းလမ်းမှာ သိသိသာသာပင်ပို၍ အန္တရာယ်ကင်းပြီး အလုပ်ဖြစ်စေပေလိမ့်မည်။ ယခုကဲ့သို့ အနုတ်လက္ခဏာဆောင်သောသတင်းများ ရုတ်တရက် ထိုးတက်လာခြင်းနှင့် ၎င်း၏လျင်မြန်လှသောနှုန်းထားအရ ကောလာဟလများပျံ့နှံ့သွားခြင်းနှင့် ၎င်းကိုပြန်လည်ရှင်းလင်းခြင်းကြားရှိ အချိန်ကွာဟချက်ကို အသုံးချရန်ကြိုးစားနေခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

"ဒါပေမဲ့ ပြဿနာက အခုတလော ဘာကိစ္စကြီးကြီးမားမားမှ မရှိခဲ့ဘူးလေ"

ဒါကတော့ ကျန်းရှန့်နန်နှင့် စုဟယ်တို့ နှစ်ဦးစလုံး စဉ်းစား၍မရနိုင်သော အချက်ပင် ဖြစ်သည်။ မကြာသေးမီက ယုံကျန်းမြစ်တွင် မည်သည့်အဓိက နှီးနှောဖလှယ်ပွဲကြီးမျှ ကျင်းပမည့် သတင်းကိုလည်း သူတို့မကြားမိခဲ့ကြချေ။

All Chapters