အခန်း ၂၉၀
Vol. 29 Ch. 290
290
စုဟယ်၏ဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည်။ ၎င်းသည် သူမမှတ်သားထားဖူးသည့်ဖုန်းနံပါတ်စိမ်းတစ်ခုဖြစ်ပေသည်။
"ဟဲလို"
စုဟယ်သည် အနည်းငယ်ဝေခွဲမရဖြစ်သွားရသည်။ ဟဲယဲ့တည်းခိုခန်းမှာ စားသောက်ဆိုင်ဖွင့်လှစ်ပြီးကတည်းက စုဟယ်တစ်ယောက် အပြင်မှအစားအသောက်ပါဆယ်မှာယူစားသောက်ခြင်းမျိုး မရှိခဲ့ဖူးချေ။ သို့ဆိုလျှင် ဤမျှစိမ်းသက်လှသော နံပါတ်ဖြင့် သူမထံသို့ မည်သူကဖုန်းခေါ်ဆိုရသနည်း။ စုဟယ်သည် ဇဝေဇဝါဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဖုန်းကိုကိုင်လိုက်သည်။ ထိုအခါ ဖုန်းအထဲမှ အေးစက်စက်နှင့် ခက်ထန်မာကျောသော အသံတစ်သံထွက်ပေါ်လာခဲ့သည်။
"ငါ ပိုင်ဖေးဖေးပါ"
ပိုင်ဖေးဖေး ဖြစ်နေပါလား။ ဒါ တကယ်ကို အံ့ဩစရာကောင်းလှပေသည်။ စုဟယ်တစ်ယောက် ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။ သူမသည် ပိုင်ဖေးဖေးနှင့် အကြိမ်အနည်းငယ်မျှသာဆုံတွေ့ဖူးခြင်းဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ဟိုတယ်လောကထဲတွင် လုပ်ကိုင်နေကြသူများဖြစ်ကြသော်လည်း ဆုံတွေ့ခဲ့ရသည့် အကြိမ်အနည်းငယ်စလုံးမှာမူ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်။ ပိုင်ဖေးဖေးသည် စုဟယ်အား ကံကောင်းပြီး ရုတ်တရက်ချမ်းသာလာသည့်သူဌေးဟုသာ သတ်မှတ်ထားပြီး သူမနှင့် မည်သည့်အခါမျှပတ်သက်ဆက်နွှယ်ခြင်းမရှိချေ။ သူတို့နောက်ဆုံး ဆုံတွေ့ခဲ့ကြသည်မှာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲ၏ တင်ဒါအောင်မြင်မှုလုပ်ငန်းစဉ်အတွင်း၌ ဖြစ်သည်။ ထိုစဉ်က ဟဲယဲ့တည်းခိုခန်းနှင့် ဖိလစ်ဟိုတယ်နှစ်ခုစလုံးပယ်ချခြင်းခံခဲ့ရသော်လည်း ပိုင်ဖေးဖေးသည် စုဟယ်အပေါ် စာနာနားလည်ပေးရန် အနည်းငယ်မျှပင်ဆန္ဒမရှိခဲ့သဖြင့် သူတို့နှစ်ဦး စကားပင်မပြောဖြစ်ခဲ့ကြချေ။ ပိုင်ဖေးဖေး ဖုန်းဆက်လာခြင်းမှာ စုဟယ်နှင့် မည်သည့် "ဆက်ဆံရေး နွေးထွေးစေမည့် သံတမန်ရေးရာ"ကိုမှ လုပ်ဆောင်ရန် မဟုတ်ပေ။ သူမသည် အပြန်အလှန် နှုတ်ဆက်စကားများဖြင့် အချိန်ကုန်မခံချင်ဘဲ တိုက်ရိုက်ပင် အဓိက အကြောင်းအရာသို့ ဝင်လိုက်တော့သည်။
"ဟဲယဲ့တည်းခိုခန်းကို သိက္ခာချဖို့ ကောလာဟလတွေဝယ်ပြီး တိုက်ခိုက်နေတာ ကျားဖန့်ကလုပ်နေတာ၊ ငါ့ဆီမှာ သူတင်ဒါစိစစ်ရေးလူကြီးတွေကို လာဘ်ထိုးခဲ့တဲ့ သက်သေအထောက်အထားတွေရှိတယ်၊ ငါတို့တွေ ပူးပေါင်းကြရအောင်"
"ကောင်းပြီလေ၊ ကျွန်မ ဘာလုပ်ပေးဖို့လိုမလဲ"
ထိုသတင်းကိုကြားလိုက်ရသဖြင့် မှင်တက်သွားသော စုဟယ်သည် သတိအမြန်ပြန်ဝင်လာပြီး ပထမဆုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်တော့သည်။ ပိုင်ဖေးဖေး ဘာဖြစ်လို့ ဟဲယဲ့တည်းခိုခန်းကို ဒီသတင်းတွေ လာပြောပြီး ပူးပေါင်းချင်ရတာလဲဆိုသည်ကို သူမ မသိရသော်လည်း ပိုင်ဖေးဖေးသည်လည်း ဟိုင်ဖန်ဟိုတယ်ကို မုန်းတီးနေသည်မှာ ထင်ရှားလှပေ၏။ ထိုအချက်တွင် သူတို့အကျိုးစီးပွားချင်းတူညီနေကြသဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ပေသည်။ ကျန်းရှန့်နန်နှင့် စုဟယ်တို့သည် တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤအရာသည် လက်လွတ်မခံသင့်သော အခွင့်အရေးတစ်ခုဖြစ်ကြောင်း နှစ်ဦးစလုံးခံစားလိုက်ကြရသည်။
Holographicရုပ်ရှင်ရုံ၏ သတ်မှတ်ထားသောတံခါးဝတွင် လူအုပ်ကြီးသည် ဒီရေလှိုင်းများကဲ့သို့ တိုးဝှေ့ကာ ရပ်တန့်နေကြသည်။ ဗီဒီယိုဖန်တီးသူ ဘလော့ဂါအမြောက်အမြားသည် "ရဲရင့်သူတို့ စိန်ခေါ်ပွဲ"တွင် ပါဝင်ဆင်နွှဲရန် အုပ်စုလိုက်ရောက်ရှိလာကြပြီး အချို့သော သတ္တိရှိသည့် ပရိသတ်များလည်း စာရင်းပေးသွင်းထားကြ၏။ Holographic သည်းထိတ်ရင်ဖိုရုပ်ရှင် မပြသရသေးမီအချိန်ဖြစ်သဖြင့် လူတိုင်း ဓာတ်ပုံရိုက်ခြင်း၊ လာရောက်လည်ပတ်ကြောင်း အွန်လိုင်းပေါ်တွင် မှတ်တမ်းတင်ခြင်းနှင့် မိတ်ဆွေသစ်များဖွဲ့ခြင်းတို့ဖြင့် တံခါးဝတွင်စုရုံးနေကြသည်။
"ကျွန်တော်တို့ရဲ့ Holographic သည်းထိတ်ရင်ဖိုရုပ်ရှင် စတင်ပြသတော့မှာ ဖြစ်ပါတယ်၊ ရဲရင့်သူတို့ စိန်ခေါ်သူများအနေနဲ့ QR code ကို စကန်ဖတ်ပြီး စိန်ခေါ်မှု သဘောတူညီချက်ဖောင်ကို ဖြည့်စွက်ကာ အလှည့်ကျစီတန်းပြီး ဝင်ရောက်ပေးကြပါ"
ယူနီဖောင်းဝတ်ဝန်ထမ်းတစ်ဦးမှာ ရုပ်ရှင်ရုံ၏တံခါးကို ဖွင့်လှစ်လိုက်ပြီး စိန်ခေါ်သူများကို အထဲသို့လမ်းညွှန်ခေါ်ဆောင်သွားခဲ့သည်။ ဘလော့ဂါများဖြစ်ကြသည့် အာခုန်းနှင့်ရှောင်ပုတို့လည်း သူတို့ဖုန်းများကို ထုတ်ယူကာ QR code ကို စကန်ဖတ်လိုက်ကြ၏။ သူတို့သည် စိတ်လှုပ်ရှား စွန့်စားရမှုများကို ရှာဖွေရသည်ကို နှစ်သက်ကြသည့် သည်းထိတ်ရင်ဖို ဂိမ်းတင်ဆက်သူများဖြစ်ကြသည်။ မကြာသေးမီက မည်သည့် သည်းထိတ်ရင်ဖို ဂိမ်းအသစ်မျှထွက်ရှိမလာသေးသဖြင့် သူတို့နှစ်ဦးသည် ဟဲယဲ့တည်းခိုခန်းမှ အိမ်ရှင်အဖြစ် ကျင်းပသည့် ရဲရင့်သူတို့စိန်ခေါ်ပွဲတွင် ပါဝင်ရန် အတူတူ ရောက်ရှိလာကြခြင်းဖြစ်သည်။
"ငါတို့က သိရှိသဘောတူကြောင်းဖောင် ကို ဖြည့်စွက်ဖို့ လိုအပ်တာလား"
ရှောင်ပုသည် ကုဒ်ကိုစကန်ဖတ်လိုက်ပြီးနောက် မျက်နှာအမူအရာခွဲခြားခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးခြင်းများကိုပါ ပြုလုပ်ရန်လိုအပ်ကြောင်း တွေ့ရှိသွားသဖြင့် အနည်းငယ် ရှုပ်ထွေးသည်ဟုခံစားလိုက်ရသည်။ အာခုန်းမှာမူ ထိုအခြေအနေကို အပြည့်အဝနားလည်ပေးနိုင်ပေ၏။
"သည်းထိတ်ရင်ဖိုစိန်ခေါ်ပွဲမှာ ပါဝင်တဲ့လူက ဒီလောက်များနေတာကို ဟိုတယ်ဘက်ကလည်း လူတိုင်းကို တာဝန်ကင်းလွတ်ခွင့်သဘောတူညီချက်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းရတာ သဘာဝကျပါတယ်၊ ဒါမှမဟုတ်ရင် တစ်ခုခုတကယ်ဖြစ်လာတဲ့အခါ တာဝန်ခွဲဝေမှုအပိုင်းက ရှင်းရှင်းလင်းလင်းမရှိပဲ ဒုက္ခရောက်ကုန်လိမ့်မယ်"
ရှောင်ပုသည် သည်းထိတ်ရင်ဖိုဂိမ်းများကို ကစားနေစဉ်အတွင်း အချို့သော သဘောတူညီချက်ဖောင်များတွင် လက်မှတ်ရေးထိုးဖူးသော်လည်း ယခုတစ်ကြိမ် သိရှိသဘောတူကြောင်း ဖောင်တွင်မူ နာမည်အရင်းဖြင့် အတည်ပြုရန်လိုအပ်သဖြင့် မိမိ၏ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ချိုးဖောက်ခံရသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း သူသည် ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ထိုကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမနေတော့ဘဲ ရှောင်ပုသည် စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူရင်း လက်မှတ်ရေးထိုးလိုက်တော့၏။ သို့သော် သူ့မျက်လုံးထောင့်မှကြည့်လိုက်မိသည့်အခါ အချို့သော လူများသည် နာမည်အရင်းဖြင့် အတည်ပြုရသည့်အပေါ် အမှန်တကယ်ပင် မကျေမနပ်ဖြစ်နေကြသည်ကို သတိပြုမိလိုက်သည်။
"အရင်တုန်းက ဘာဖြစ်လို့လက်မှတ်မထိုးခိုင်းခဲ့တာလဲ"
ဘေ့စ်ဘောဦးထုပ်ဆောင်းထားပြီး နှာခေါင်းစည်းတပ်ထားသည့် ပရိသတ်တစ်ဦးမှာ မေးမြန်းလိုက်သည်။ ဝန်ထမ်းဖြစ်သူမှာ တည်ငြိမ်စွာပြုံးလိုက်၏။ သူသည် သေချာပေါက် လေ့ကျင့်မှု ခံယူထားပုံရပေသည်။
"ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို မြှင့်တင်နေတာဖြစ်ပါတယ်၊ ကြည့်ရှုသူတွေရဲ့ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့က စိန်ခေါ်မှု သဘောတူညီချက်ကို မိတ်ဆက်ထားတာပါ၊ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးရင် ဟိုတယ်ဘက်ကနေ လူတိုင်းအတွက် အာမခံဝယ်ယူပေးမှာဖြစ်ပါတယ် "
ဘေးမှ ခိုးနားထောင်နေသည့် ရှောင်ပုသည် နာမည်အရင်းဖြင့် ဘာကြောင့် အတည်ပြုခိုင်းရသလဲဆိုသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ ၎င်းသည် လူတိုင်းအတွက် အာမခံထားရှိပေးရန်ဖြစ်ပေ၏။ သူထိုအချက်ကို လက်ခံနိုင်သော်လည်း မေးခွန်းထုတ်ခဲ့သည့် ဘေ့စ်ဘောဦးထုပ်နှင့်လူမှာမူ သူ့အငြင်းပွားမှုများ မအောင်မြင်ခဲ့ပြီးနောက် စိန်ခေါ်ပွဲကို စွန့်လွှတ်လိုက်တော့သည်။ ရှောင်ပုသည် ဇဝေဇဝါ ဖြစ်သွားရ၏။ သူတို့သည် ဟဲယဲ့တည်းခိုခန်းအထိ အဝေးကြီးကနေလာခဲ့ကြတာကို ဘာဖြစ်လို့ နာမည်အရင်း အတည်ပြုခိုင်းရုံသက်သက်နဲ့ စိန်ခေါ်ပွဲကို စွန့်လွှတ်လိုက်ရတာလဲ။
အနည်းငယ်မျှ စဉ်းစားမရဖြစ်နေသော်လည်း ရှောင်ပုနှင့် အာခုန်းတို့သည် ရုပ်ရှင်ရုံထဲသို့ဝင်ရောက်ကာ ရုပ်ရှင်ကို စတင်ကြည့်ရှုကြတော့သည်။
မီးများ အားလုံးမှိတ်သွားသည့် ထိုအခိုက်အတန့်တွင် Holographic ရုပ်ရှင်ရုံသည် သိသိသာသာ ကြီးမားသော ပြောင်းလဲမှုတစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ ရှောင်ပုနှင့် အာခုန်းတို့ ကြိုတင်ပြင်ဆင်ထားခဲ့ကြသော်လည်း သရဲတစ္ဆေ၏ တိတ်တဆိတ်ထွက်ပေါ်လာမှုမှာ သူတို့ကို အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားစေခဲ့၏။ သူတို့သည် မိမိကိုယ်ကိုယ် အေးအေးဆေးဆေးဖြစ်အောင် ထိန်းချုပ်ကာ ဤအရာအားလုံးမှာ အတုအယောင်များသာဖြစ်သည်ဟု စိတ်ထဲမှ ပြန်လည်နှစ်သိမ့်နေကြသော်လည်း Holographicထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်တွင်မူ ချမ်းစိမ့်လှသော အငွေ့အသက်များက သူတို့ဆီသို့ရိုက်ခတ်လာပြီး ရုံအတွင်းရှိ မှောင်မည်းသောပတ်ဝန်းကျင်နှင့် ထူးဆန်းကြောက်မတ်ဖွယ်ရာအလှဆင်ထားမှုများက သူတို့နှလုံးခုန်နှုန်းကို မြန်ဆန်လာစေခဲ့သည်။
နံရံများပေါ်တွင် ချိတ်ဆွဲထားသည့် ရှေးဟောင်းပုံတူပန်းချီကားချပ်များသည် သူတို့ကိုစောင့်ကြည့်နေသကဲ့သို့ ခံစားရစေသည်။ ရှောင်ပုမည်သည့်နေရာသို့မဆိုသွားပါစေ နံရံပေါ်ရှိ ပန်းချီကားများသည် သူ့ကိုစူးစိုက်ကြည့်နေပြီး ထူးဆန်းသောအပြုံးများကို ပြသနေကြသည်။ ရုံးထောင့်တိုင်းတွင်မသိနိုင်သော အရာများနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ ထိုအရာအားလုံးမှာ အလွန်တရာစစ်မှန်လွန်းလှသဖြင့် သူသည် ဟဲယဲ့တည်းခိုခန်းမှထွက်ခွာပြီး အခြားသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။ အထူးသဖြင့် အာခုန်းသည် သူ့မျက်စိရှေ့မှောက်တွင်တင် ရုတ်တရက်ပျောက်ကွယ်သွားသည့်အခါတွင်မူ ဤအရာအားလုံးမှာ အတုအယောင်ဖြစ်မှန်းသိနေသော်လည်း စစ်မှန်လွန်းလှသောအမြင်အာရုံခံစားချက်ကြောင့် ရှောင်ပုကျောရိုးထဲအထိ စိမ့်ခနဲချမ်းတုန်သွားရ၏။ ရုပ်ရှင် ဇာတ်ရှိန်တက်လာသည်နှင့်အမျှ ရှောင်ပုသည် တိုးတိုးတိတ်တိတ် စကားပြောသံများ သို့မဟုတ် ငိုကြွေးသံများကဲ့သို့ ထူးဆန်းသောအသံများကို စတင်ကြားလာရသဖြင့် ထိုအသံများထွက်ပေါ်လာရာနေရာကို အလိုအလျောက်လိုက်လံရှာဖွေမိတော့သည်။
ရုတ်တရက်ဆိုသလို အေးစက်လှသော လေပြင်းတစ်ခု ဖြတ်တိုက်သွားပြီး စူးရှလှသော အော်ဟစ်သံတစ်ခုနှင့်အတူ ပူးတွဲပါရှိလာသည်။ ရှောင်ပုနှလုံးသားသည် ဒုန်းခနဲခုန်တက်သွားပြီး ခြေဖျားကနေ ခေါင်းဖျားအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သရဲတစ္ဆေသည် စတင်လိုက်လံဖမ်းဆီးတော့သည်။ သို့သော် သူသည် မတော်တဆစက်ကိရိယာယန္တရားတစ်ခုကို သွားရောက်ထိမိလိုက်သည်။ သူ့နောက်ကျောဘက်ကနေ အေးစက်စိမ့်လှသော အငွေ့အသက်များသည် ပိုမိုနီးကပ်လာသော်လည်း သူ့ခြေထောက်များမှာမူ တစ်လက်မမျှရွေ့လျား၍မရဘဲ ပေါင်တစ်ထောင်ခန့်လေးလံနေသကဲ့သို့ ခံစားနေရသည်။ ရှောင်ပုသည် ဟဲယဲ့တည်းခိုခန်း၏ Holographic ရုပ်ရှင်ရုံကြမ်းပြင်သည် ညီညာပြန့်ပြူးနေသည်ကို သေသေချာချာမှတ်မိနေ၏။ သို့ဆိုလျှင် ယခုအချိန်တွင် သူ့ခြေထောက်များကို ဖမ်းဆွဲထားသည့် အရာမှာ မည်သည့်အရာနည်း။ ဘာဖြစ်လို့ ကြမ်းပြင်မှရွှံ့နွံတွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားရတာလဲ။ Holographic ရုပ်ရှင်တစ်ခုမှ ကြမ်းပြင်၏ပုံသဏ္ဌာန်ကို မည်သို့ ပြောင်းလဲပစ်နိုင်ရသနည်း။
ဤကဲ့သို့ စိမ့်တက်လာသောကြောက်ရွံ့ဖွယ်ရာအတွေးပေါင်းများစွာ ပေါ်ထွက်လာသည်နှင့်အမျှ ရှောင်ပုသည် တစ်ကိုယ်လုံး ချွေးစေးများထွက်လာခဲ့တော့သည်။ သူသည် နောက်ဆုံးတွင် ရုပ်ရှင်ကိုကြည့်ရှုပြီးစီး၍ ရုပ်ရှင်ရုံထဲမှ ထွက်ခွာလာချိန်တွင်မူ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီဖြစ်၏။ သူ့ဘေးတွင်ရပ်နေသည့် အာခုန်း၏ မျက်နှာမှာမူ ပိုမိုဖြူဖျော့နေသည်။ နောက်ဆုံးဇာတ်ဝင်ခန်းအချို့အတွင်း၌မူ အာခုန်းသည် ဆက်လက်မအောင့်အီးနိုင်တော့ဘဲ မျက်လုံးများကို စုံမှိတ်ထားခဲ့သဖြင့် အရာအားလုံးကို လက်လွတ်ဆုံးရှုံးခဲ့ရကာ စိန်ခေါ်မှုကျရှုံးခဲ့ရသူတစ်ဦးဖြစ်သွားခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ဗီဒီယိုရိုက်ကူးရေးစနစ်ကိုဖွင့်ကာ သူတို့ခံစားချက်များကို မျှဝေရန်ပြင်ဆင်နေစဉ်အတွင်းမှာပင် "ဒုန်း" ခနဲ အသံအကျယ်ကြီးတစ်ခုနှင့်အတူ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။
အသစ်စက်စက်ရုပ်ရှင်ရုံကြီး၏ ရှေ့မှောက်တွင် တစ်စုံတစ်ယောက် လဲကျသွားခဲ့ပြီဖြစ်သည်။ လဲကျသွားသည့်လူနှစ်ဦးမှာ အနည်းငယ်ဝတုတ်သော အသက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် လူငယ်တစ်ဦးဖြစ်ကြသည်။ သူတို့သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြပြီး ရုတ်တရက်ထွက်ပေါ်လာသည့် ကျယ်လောင်သောအသံကြီးသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်းနှလုံးသားကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့၏။ ထိုဝတုတ်တုတ်အမျိုးသား၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့် ရုပ်သေးရုပ်တစ်ခုကဲ့သို့ မာကျောလှသော ကြမ်းပြင်ပေါ်သို့ အသံနှင့်အတူ ပျော့ခွေကာလဲကျသွားခဲ့သည်။ သူ့မျက်နှာသည် တစ်ခဏချင်းအတွင်းမှာပင် ပြာနှမ်းသွားခဲ့ပြီး သွေးသားအားလုံး ကြောက်ရွံ့မှုကြောင့် ခမ်းခြောက်သွားသကဲ့သို့ အေးစက်မာကျောသော အရေပြားသာကျန်ရှိတော့၏။ သူ့မျက်လုံးများကို တင်းကျပ်စွာပိတ်ထားပြီး မျက်ခုံးများ တွန့်ချိုးနေကာ နှုတ်ခမ်းများ အနည်းငယ်ပွင့်ဟလျက် အသက်ရှူနှုန်း နှေးကွေးနေပြီး ရံဖန်ရံခါတွင်မူ ညည်းတွားသံသဲ့သဲ့တစ်ချက်၊ နှစ်ချက်သာ ထွက်ပေါ်နေတော့သည်။
သူ့ဘေးတွင်မူ ကြောက်ရွံ့မှုဒဏ်ကို အလားတူ ခံစားနေရသည့ လူငယ်သည် သူ့ရင်ဘတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက်ဖြစ်နေသည်။
သူ့လက်နှစ်ဖက်သည် အင်္ကျီကို တင်းကျပ်စွာဆုပ်ကိုင်ထားသဖြင့် လက်ချောင်းထိပ်လေးများပင် ဖြူဖျော့နေခဲ့ပြီဖြစ်၏။ သူတို့နှစ်ဦးစလုံး ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြသည့်ပုံစံသည် ကျောချမ်းဖွယ်ရာ အခြေအနေတစ်ခုကို ဖန်တီးနေပြီး သူတို့ခန္ဓာကိုယ်များမှာ ရံဖန်ရံခါတုန်လှုပ်ချောက်ချားစွာ တုန်ခါနေကြသည်။ ဘေးပတ်ပတ်လည်ရှိ လူများသည် ရုတ်တရက်ဖြစ်ပွားလာသည့် ထိုအခြေအနေကြောင့် ထိတ်လန့်အံ့ဩသွားကြပြီး အသက်ရှူသံများပင်လှိုက်တက်လာကြ၏။ ရှောင်ပုနှင့် အာခုန်းတို့လည်း အံ့ဩမှင်တက်သွားကြပြီး သူတို့ကင်မရာများကို ကိုင်ဆောင်ထားဆဲ အချိန်မှာပင် ကုတ်အင်္ကျီအဖြူများကို ဝတ်ဆင်ထားသည့် ဆရာဝန်အချို့ ရုတ်တရက်ရောက်ရှိလာကြကာ ထိုလူနှစ်ဦးကို ကြမ်းပြင်ပေါ်မှနေ မယူကာ လူနာတင်ယာဉ်ဆီသို့ သယ်ဆောင်သွားကြတော့သည်။ ဟဲယဲ့တည်းခိုခန်းသည် လူနာတင်ယာဉ်ကိုပါ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ထိုလူနာတင်ယာဉ်မှာ ဤမျှအထိအချိန်ကိုက် ချက်ချင်းရောက်ရှိလာရသနည်း။ အမှန်စင်စစ် မည်သည့်အရာများ ဖြစ်ပွားခဲ့ရသနည်း။