← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

291

ထောင့်ချိုးတစ်ခုမှ ဝုန်းဒိုင်းကြဲပြေးဝင်လာကြသည့် ဆရာဝန်များနှင့် သူတို့၏လျင်မြန်လွန်းလှသော ကယ်ဆယ်ရေးလှုပ်ရှားမှုများကြောင့် အော်ဟစ်အော်မြည်နေကြသည့် ပရိသတ်များမှာ မှင်တက်မိသွားကြရသည်။ လူတစ်ယောက် သတိလစ်မူးလဲသွားခြင်းသည် ကြီးလေးသောကိစ္စရပ်တစ်ခုဖြစ်သော်လည်း ယခုအခြေအနေမှာမူ အလွန်အမင်း ရယ်စရာကောင်းလွန်းနေပေ၏။ ကြမ်းပြင်ပေါ်ရှိလူနှစ်ဦးမှာ မသိမသာမျှသာ တုန်ခါနေရသေးသော်ငြား ဆရာဝန်များမှာ ရုတ်ချည်းဆိုသလိုရောက်ရှိလာပြီး သူတို့အား ထမ်းစင်များပေါ်သို့ အမြန်မတင်သွားကြသဖြင့် တစ်ခန်းလုံးရှိအဖြစ်အပျက်တစ်ခုလုံးမှာ ပြဇာတ်ကပြနေသည့် လူပြက်လုပ်ရပ်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။ သည်းထိတ်ရင်ဖိုရုပ်ရှင်၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များထဲတွင် နစ်မြုပ်နေဆဲဖြစ်သည့် အာခုန်းပင်လျှင် သူ့ကြောက်ရွံ့မှုများထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး အမှန်စင်စစ် မည်သည့်အရာများဖြစ်ပျက်နေသနည်းဟု စတင်တွေးတောမိတော့သည်။

အာခုန်းသည် ထိုဆူဆူညံညံဖြစ်ပျက်နေသည့်နေရာသို့ သွားရောက်ကာ အကဲခတ်ကြည့်ရှုချင်သော်လည်း သူ့ထက် လက်ဦးမှုယူကာ ပိုမိုမြန်ဆန်လှသော လူတစ်ယောက်ရှိနေခဲ့သည်။ ထိုလူသည် လေအဟုန်ဖြင့် ရှေ့သို့ပြေးတက်သွားသော်လည်း လူနာတင်ယာဉ်၏ အပြင်ဘက်တွင်ရှိနေသည့် ဆရာဝန်များ၏တားဆီးခြင်းကို ခံလိုက်ရ၏။ ထိုလူသည် အာခုန်း၏ ဘေးနားကနေ သာမန်မျှသာဖြတ်သန်းသွားခဲ့ခြင်းဖြစ်သော်လည်း သူ့အင်္ကျီကော်လာတွင်ညှပ်ထားသည့် ကင်မရာအသေးစားလေးတစ်လုံးကို အာခုန်း သတိပြုမိလိုက်သည်။ ဂိမ်းကစားပြသူ ဘလော့ဂါတစ်ဦး၏ မျက်စိအမြင်ကိုမူ လျှော့မတွက်သင့်ပေ။ သူ့ကော်လာပေါ်ရှိလှုပ်ရှားမှုမှတ်တမ်းတင် ကင်မရာ သည် သူကိုင်ဆောင်ထားသည့် ကင်မရာအမျိုးအစားနှင့် တစ်ပုံစံတည်းဖြစ်နေသည်ကို အာခုန်း သေသေချာချာမြင်တွေ့လိုက်ရသည်။

"ဒီရက်ပိုင်း ဘလော့ဂါတွေက ဒီလောက်တောင် အလုပ်များနေကြတာလား"

အာခုန်းသည် မိမိခေါင်းကိုကုတ်လိုက်ရင်း ဤလူသည် ဗီဒီယိုရိုက်ကူးရန်အတွက် မှတ်တမ်းတင်နေသည့် ဘလော့ဂါတစ်ဦးဖြစ်လိမ့်မည်ဟု တွေးတောလိုက်မိသည်။ ထိုနေရာတွင် ကျန်ရစ်ခဲ့ကြသည့် ကြည့်ရှုသူပရိသတ်များမှာမူ ရှေ့ဆက်ရမလို နောက်ဆုတ်ရမလိုဖြင့် ဗျာများနေကြရ၏။ အကယ်၍ သူတို့စိတ်လှုပ်ရှားစရာ အခြေအနေကိုကြည့်ရှုရန် ရှေ့သို့တိုးသွားမည်ဆိုပါကလည်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှာ လူနာတင်ယာဉ်ကို ဝိုင်းရံပိတ်ဆို့ထားကြပြီဖြစ်သည်။ သို့သော် အကယ်၍ သူတို့ထွက်ခွာသွားမည်ဆိုလျှင်လည်း ထိုကဲ့သို့စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်ကြီး ဖြစ်ပွားပြီးနောက် မည်သို့ဆက်လုပ်ရမည်ကို ဝေခွဲမရဖြစ်နေကြသည်။ မကြာမီအချိန်အတွင်းမှာပင် အာခုန်းနှင့် ရှောင်ပုတို့အနေဖြင့် ဆက်လက်စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့သောကြောင့်ဖြစ်သည်။ ဟဲယဲ့တည်းခိုခန်း၏ ဝန်ထမ်းများနှင့် ရဲအရာရှိများသည် အပြန်အလှန် စကားအနည်းငယ် ပြောဆိုပြီးနောက် သူတို့သည် ပတ်ဝန်းကျင်တည်ငြိမ်မှုရှိစေရန်အတွက် ချက်ချင်းပင် ရှေ့သို့ထွက်လာကာ အမိန့်ပေးလိုက်ကြ၏။

"လူကြီးမင်းတို့အနေနဲ့ စနစ်တကျနဲ့ ထွက်ခွာပေးကြပါ၊ ကျွန်တော်တို့ ဒီနေ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ကို ဟဲယဲ့တည်းခိုခန်းရဲ့ တရားဝင်လူမှုကွန်ရက်အကောင့်မှာ တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါ"

စိတ်ထဲတွင် သံသယပေါင်းများစွာဖြင့် လဲကျသွားခဲ့သည့် ပရိသတ်၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများနှင့်အတူ ရှောင်ပုနှင့် အာခုန်းတို့သည်လည်း စိတ်မကောင်းခြင်းများစွာဖြင့် ရုပ်ရှင်ရုံဝင်းအတွင်းမှ မလွှဲမရှောင်သာဘဲ ထွက်ခွာခဲ့ကြရတော့သည်။ အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာပေးရန် တောင်းဆိုခြင်းခံခဲ့ရသည့် ကြည့်ရှုသူများမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြသော်လည်း လူနာတင်ယာဉ်အတွင်း၌ လဲလျောင်းနေကြသည့် ဝတုတ်တုတ်အမျိုးသားနှင့် လူငယ်လေးတို့မှာမူ ထိုသူများထက်ပိုမို၍ စိုးရိမ်ထိတ်လန့်နေကြ၏။

ဘာတွေဖြစ်ကုန်တာလဲ။

'သူတို့ ဘယ်လိုဖြစ်ပြီး လူနာတင်ယာဉ်ပေါ်ရောက်လာရတာလဲ မဟုတ်သေးဘူး နေပါဦး၊ လူနာတင်ယာဉ်က ဘာဖြစ်လို့ ဒီလောက်တောင်မြန်မြန်ဆန်ဆန် ရောက်လာရတာလဲ၊ သူတို့အပေါင်းအဖော်တွေရော ဘယ်ရောက်ကုန်ပြီလဲ"

လူငယ်လေးသည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမှာ သူ့အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး နှလုံးခုန်နှုန်းတိုင်းတာသည့် စက်ကိရိယာကို တပ်ဆင်နေသည်ကို ခံစားလိုက်ရသည်။ သူသည် တိတ်တဆိတ် မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ မထင်မှတ်ဘဲ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦး၏ အကြည့်နှင့် တိုက်ရိုက် တိုးသွားခဲ့တော့၏။ လူငယ်လေးမှာမူ လုံးဝကြက်သေသွားခဲ့ရချေပြီ။ အခြားတစ်ဖက်ရှိ ဝတုတ်တုတ်အမျိုးသားမှာမူ လူငယ်လေးထက်စာလျှင် အတွေ့အကြုံပိုမိုများပြားပုံရပေသည်။ သူ့ခန္ဓာကိုယ်မှာမူ ဆက်လက်၍ တုန်ခါနေဆဲဖြစ်၏။ ကျဉ်းမြောင်းလှသော ထမ်းစင်ပေါ်တွင် ဝတုတ်တုတ်အမျိုးသား၏ လက်မောင်းများသည် စတင်ကာတုန်ရီလာခဲ့သည်။ ပထမတွင် မသိမသာမျှသာဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ပိုမိုပြင်းထန်လာခဲ့သည်။

သူ့ဦးခေါင်းကို နောက်သို့စောင်းထားပြီး မျက်လုံးများကို မှိတ်ထားကာ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ခါနေလျက် ပါးစပ်ထောင့်မှ တံတွေးများ စီးကျနေခဲ့သည်။ အတက်ရောဂါကဲ့သို့ တုန်ခါမှုများ ပြင်းထန်လာသည်နှင့်အမျှ ဝတုတ်တုတ်အမျိုးသား၏ ခန္ဓာကိုယ်သည် ဘယ်ညာသို့ ထိန်းချုပ်မရဘဲ စတင်ကာ ယိမ်းထိုးလာခဲ့၏။ သူသည် လက်နှစ်ဖက်စလုံးဖြင့် ထမ်းစင်၏လက်ရန်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရံဖန်ရံခါတွင်မူ အော်ဟစ်ညည်းညူသံများကို ထုတ်လွှတ်နေသည်။ ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်ပေါ်တွင် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက် သူ့ကိုတွန်းလှုပ်နေခြင်းဖြစ်ပေသည်။ ဝတုတ်တုတ်အမျိုးသားသည် မည်သို့မျှမတုံ့ပြန်ဘဲ ဆက်လက်၍သာ တုန်ခါနေခဲ့၏။ ယခုတစ်ကြိမ်တွင်မူ သူသည် ခန္ဓာကိုယ်အထက်ပိုင်းကိုသာ လှုပ်ရှားရုံတင်မကဘဲ ခြေထောက်များကိုပါ ကန်ကျောက်ရန် စတင်လိုက်တော့သည်။

"ဟင်း ဟေ့ မလှုပ်နဲ့တော့ ချန်ယုံ ချန်ယုံ"

ချန်ယုံသည် ထိုသူကိုဂရုမစိုက်ဘဲ သူ့ညည်းတွားသံများကို ပိုမိုကျယ်လောင်အောင် လုပ်ဆောင်နေခဲ့သည်။

"ငါတို့က ရဲအရာရှိတွေပါ၊ ချန်ယုံ ကျေးဇူးပြုပြီး ငါတို့ရဲ့လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်ပေးပါ"

ချန်ယုံ့မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားခဲ့သည်။ ထမ်းစင်ရှေ့တွင် ရပ်နေသည့်သူမှာ အမှန်စင်စစ် ရဲအရာရှိတစ်ဦးဖြစ်နေသည်ကို သူမြင်တွေ့လိုက်ရ၏။ ရဲအရာရှိနှင့် အကြည့်ချင်းဆုံသွားပြီးနောက်တွင်မူ ချန်ယုံသည် စိတ်ထဲမှ အခြေအနေမကောင်းတော့ကြောင်း တွေးတောလိုက်မိပြီး ချက်ချင်းပင် မျက်လုံးများကိုပြန်မှိတ်ကာ ဆက်လက်တုန်ခါပြနေတော့သည်။ ဘေးတွင်ရပ်နေကြသည့် ရဲအရာရှိများမှာမူ စိတ်ပျက်လက်ပျက်ဖြစ်သွားကြရသည်။

"ချန်ယုံ ဟန်ဆောင်မနေနဲ့တော့၊ မင်းရဲ့ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းနဲ့ တက်ကြွမှုလက္ခဏာတွေ အားလုံးကပုံမှန်ပဲ၊ ဒါ့အပြင် ဘယ်လိုလူနာက ဒီလောက်တောင် စည်းချက်ကျကျတက်နေလို့လဲ၊ ညာဘက်လက်ကို သုံးကြိမ်ခါပြီးတိုင်း ခေါင်းကို တစ်ချက်စောင်း စောင်းသွားတာ မင်းကဒစ္စကိုကနေတာလား"

ရဲအရာရှိမှ အမှန်တရားကို ကွင်းကွင်းကွက်ကွက်ဖော်ထုတ်လိုက်တော့သည်။ ထမ်းစင်၏ဘေးတွင်ရှိနေသော ဆရာဝန်မှာလည်း ဆက်ပြောကြားခဲ့၏။

"အတက်ရောဂါ ဒါမှမဟုတ် ဝက်ရူးပြန်ရောဂါလက္ခဏာဆိုတာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ရုတ်တရက်ခေတ္တချို့ယွင်းသွားတာဖြစ်လို့ ကြွက်သားတွေ ကျုံ့ဆန့်တာနဲ့ သတိလစ်မူးလဲတာတွေကို ဖြစ်စေနိုင်ပါတယ်၊ ရောဂါလက္ခဏာစတင်ဖြစ်ပွားချိန်မှာ လူနာက ရုတ်တရက်သတိလစ်သွားတတ်ပြီး ပြင်ပကလှုံ့ဆော်မှုတွေကို တုံ့ပြန်နိုင်စွမ်း မရှိတော့ပါဘူး"

သို့သော် ချန်ယုံမှာမူ ရဲများ သူ့ကိုခေါ်နေသည်ကို အတိုင်းသားကြားနေရပေသည်။

"လူနာရဲ့ ကြွက်သားတွေက ဆန္ဒအရမဟုတ်ဘဲ တုန်ယင်တာ ဒါမှမဟုတ် ကျုံ့ဆန့်တာမျိုး ဖြစ်တတ်ပါတယ်"

ချန်ယုံ၏ တုန်ခါမှုမှာမူ သေချာပေါက် မိမိအလိုအလျောက် လုပ်ဆောင်နေခြင်းဖြစ်ပြီး သူ့လှုပ်ရှားမှုမှာ စည်းချက်ကျလွန်းနေပေသည်။

"လူနာရဲ့ကြွက်သားတွေက ရုတ်တရက်ဆန်ဆန် ခပ်ပြင်းပြင်းကျုံ့သွားတတ်ပြီး နာကျင်မှုတွေပါ ပူးတွဲပါရှိတတ်ပါတယ်"

ချန်ယုံသည် သူ့ကြွက်သားများတုန်ခါမှုကို မထိန်းချုပ်နိုင်ခြင်းမဟုတ်ပေ။ သူသည် အဆစ်အမြစ်များကိုသာ လှုပ်ရှားနေခြင်းဖြစ်ပြီး နက်ရှိုင်းသော ကြွက်သားများကို တုန်ခါအောင်မလုပ်ဆောင်နိုင်ချေ။ သူ့ဘေးနားရှိ ဆရာဝန် ထပ်လောင်း၍ပြောကြားခဲ့သည်။

"လူနာက ဆီးဝမ်းမထိန်းနိုင်ခြင်းတွေလည်း ဖြစ်ပွားတတ်ပြီး ဆီးအိမ်နဲ့အူလမ်းကြောင်းကို မထိန်းချုပ်နိုင်တော့ပါဘူး"

ချန်ယုံတစ်ယောက် ဆွံ့အသွားခဲ့ရသည်။ မိမိကိုယ်မိမိအပြည့်အဝ သတိရှိနေသည့် အခြေအနေတွင် ဤမျှလောက်များပြားလှသော လူများ၏ ရှေ့မှောက်၌ ဆီးဝမ်းမထိန်းနိုင်သကဲ့သို့ လုပ်ဆောင်ရန်မှာ အလွန်အမင်း သိက္ခာကျလွန်းလှပေ၏။ ချန်ယုံမျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရသည်။ သူသည် ထိုကဲ့သို့ သေချာပေါက်မလုပ်ဆောင်နိုင်တော့ချေ။ သူသည် ဆက်မခါတော့ဘဲ ထမ်းစင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေလိုက်တော့သည်။ ရဲအရာရှိမှာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ထတော့၊ မင်းရဲ့အပေါင်းအဖော် ကျောက်တာ့ကတော့ အားလုံးဖြောင့်ချက်ပေးပြီးသွားပြီ၊ အမှန်အတိုင်း ဝန်ခံမယ်ဆိုရင် မင်းအပေါ် ညှာတာပေးမှာဖြစ်သလို အချုပ်ထဲမှာ ရက်အနည်းငယ်လောက်ပဲ နားနားနေနေ နေရမှာပါ"

ချန်ယုံသည် ဆက်ငြိမ်မနေနိုင်တော့ဘဲ ထမ်းစင်ပေါ်ကနေ ဝုန်းခနဲထထိုင်လိုက်တော့သည်။

"ကျွန်တော်က ဘယ်နှရက်တောင် အချုပ်ကျမှာလဲ၊ ဘာဖြစ်လို့ ကျွန်တော့်ကို ရက်နည်းနည်း အချုပ်ချရမှာလဲ၊ ဒါက အရပ်ဘက်အငြင်းပွားမှုတစ်ခုဘဲမလား"

ရဲအရာရှိ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

"မင်းက ဥပဒေကိုတော်တော်လေးနှံ့နှံ့စပ်စပ် နားလည်ထားပုံရတယ် ဟုတ်လား၊ ဒါက အရပ်ဘက် အငြင်းပွားမှုတစ်ခုဆိုတာကိုပါ မင်းက သိနေတာပေါ့"

ချန်ယုံတစ်ယောက် လုံးဝကို လက်လျော့သွားခဲ့ရတော့သည်။ သူသည် လူနာတင်ယာဉ်ရောက်ရှိလာကတည်းက တစ်ခုခုမှားယွင်းနေပြီဟု ခံစားလိုက်ရသော်လည်း သူသည် ငွေကို လက်ခံရရှိထားပြီးသားဖြစ်သလို အခြေအနေမှာလည်း ဤအဆင့်အထိ ရောက်ရှိနေပြီဖြစ်သဖြင့် ဟန်ဆောင်မှုကို ဆက်လက်လုပ်ဆောင်ရန်သာ ရွေးချယ်စရာရှိခဲ့၏။ သူသည် မူလက လူနာတင်ယာဉ်မှာ သူ့ကိုဆေးရုံသို့ခေါ်ဆောင်သွားသည့် လမ်းခရီးတွင် တိတ်တဆိတ် ထွက်ပြေးရန် အစီအစဉ်ရှိခဲ့သော်လည်း ယခုအချိန်တွင် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ အမှန်စင်စစ် ဘာတွေ ဖြစ်ပျက်နေရသနည်း။

အခြေအနေများမှာ ထိုအဆင့်အထိ ရောက်ရှိသွားပြီဖြစ်သဖြင့် ချန်ယုံသည် ဆက်လက်၍ ဟန်ဆောင်ရန်မဝံ့ရဲတော့ဘဲဖျားနေသည့် ကြက်တစ်ကောင်ကဲ့သို့ ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေး ထိုင်နေလိုက်တော့သည်။

"ကျွန်တော်တို့က အစတည်းက လူတွေကို လိမ်လည်လှည့်ဖြားဖို့ကြံစည်ခဲ့ကြတာ မဟုတ်ပါဘူး၊ မူလအစီအစဉ်ကတော့ သက်ကြီးရွယ်အိုတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို အထဲအတူတူ လွှတ်ပြီး ကျွန်တော်နဲ့ကျောက်တာ့ကတော့ အပြင်ဘက်ကနေ အခြေအနေအရလိုက်လျောညီထွေလုပ်ဆောင်ဖို့ပါ၊ ဒါပေမဲ့ ဒီနေ့ ဟဲယဲ့တည်းခိုခန်းရဲ့ Holographic ရုပ်ရှင်ရုံက သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ဝင်ရောက်ကြည့်ရှုဖို့အတွက် စိန်ခေါ်မှုသဘောတူညီချက် ဖောင်မှာ လက်မှတ်ထိုးရမယ်လို့ ဘယ်သူသိမှာလဲ၊ အဲဒီအဘိုးကြီးနဲ့ ကလေးက အသက်ကန့်သတ်ချက်ကိုကျော်လွန်နေသလို၊ နာမည်အရင်းအတည်ပြုချက်လုပ်ဖို့ကိုလည်း ငြင်းဆန်ခဲ့ကြတာကြောင့် ကျွန်တော်နဲ့ ကျောက်တာ့ကပဲ ဒီနေရာမှာဝင်ပြီး အစားထိုးလုပ်ဆောင်ခဲ့ရတာပါ"

ချန်ယုံ တိုးတိုးတိတ်တိတ် ညည်းတွားရင်း ပြောပြလိုက်သည်။

"ဒီလူတွေက မင်းရဲ့အပေါင်းအဖော်တွေလား"

ရဲအရာရှိ သူ့ဖုန်းထဲရှိဓာတ်ပုံအချို့ကို ချန်ယုံအား ပြသလိုက်သည်။ အကယ်၍ အာ့ခုန်းသာ ဤနေရာတွင်ရှိနေမည်ဆိုပါက ဓာတ်ပုံထဲရှိ နာမည်အရင်းအတည်ပြုချက် ဖောင်ဖြည့်ရန် ငြင်းဆန်ခဲ့သည့် ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော ပရိသတ်နှင့် သူ့ဘေးနားမှ ပခုံးချင်းထိကာဖြတ်သန်းသွားခဲ့သည့် ပခုံးပေါ်တွင်ကင်မရာညှပ်ထားသောလူကို သေချာပေါက်မှတ်မိလိမ့်မည်ဖြစ်၏။ ချန်ယုံသည် ရဲတပ်ဖွဲ့ဝင်များလက်ထဲတွင် သူ့အပေါင်းအဖော်များဓာတ်ပုံများအထိ ရှိနေသည်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ ငြင်းဆန်လိုသည့် စိတ်ဆန္ဒများ အားလုံး လုံးဝကင်းမဲ့သွားခဲ့ရပြီး အရာအားလုံးကို အသေးစိတ်ဖြောင့်ချက်ပေး ဝန်ခံလိုက်တော့သည်။

All Chapters