← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

292

မိမိအပေါင်းအဖော်များ ဖမ်းဆီးခြင်း ခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားကတည်းက ချန်ယုံသည် အပြစ်လျော့ပေါ့စေရန် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ပြသနိုင်ရေးအတွက် မိမိသိထားသမျှ အရာအားလုံးကို ပြောလိုက်တော့သည်။

"ကျွန်တော်နဲ့ ကျောက်တာ့က စရံငွေ ယွမ် (၁၀၀၀) လက်ခံရရှိထားတာပါ၊ တကယ်လို့ ဟဲယဲ့တည်းခိုခန်းမှာ မတော်တဆမှုဖြစ်ပွားအောင် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ရင် နောက်ဆုံးကျန်တဲ့ငွေအဖြစ် နောက်ထပ် ယွမ် (၂၀၀၀)ကိုရမှာပါ"

ချန်ယုံသည် အလွန်တရာစိုးရိမ်ပူပန်နေပုံရနေသည်။

"အဲဒီ နောက်ဆုံးကျန်တဲ့ငွေနဲ့ လိမ်လည်ရယူထားတဲ့ ငွေတွေအားလုံးပေါင်းရင် စုစုပေါင်း ယွမ် (၃၀၀၀) ရှိပါတယ်၊ ရဲအရာရှိ ကျွန်တော်တို့ တကယ်ပဲ ထောင်ကျတော့မှာလား"

ရဲအရာရှိသည် သူ့နှုတ်ခမ်းတွင်မဲ့ပြုံးတစ်ချက် ဆင်မြန်းထားလျက် ချန်ယုံ့မေးခွန်းကို တိုက်ရိုက်ပြန်လည်ဖြေကြားခြင်းမပြုဘဲ မှတ်တမ်းကိုသာ ဂရုတစိုက်ရေးမှတ်နေသည်။

"မင်းတို့ကို ဘယ်သူငွေပေးတာလဲ"

"အဲဒါက အမှောင်ပိုင်းထဲက အာ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ပါဘူး"

ချန်ယုံသည် တစ်ခုခုမှားယွင်းသွားပြီဖြစ်ကြောင်း ရုတ်ချည်းသတိပြုမိလိုက်သဖြင့် သူ့စကားကို ချက်ချင်း ပြောင်းလဲလိုက်တော့သည်။ သူသည် ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုရှိသည်ဆိုကာ ထပ်မံ ဖမ်းဆီးခြင်းမခံချင်ပေ။

"အကျိုးဆောင်ပါ အကျိုးဆောင်တစ်ယောက်ပါ၊ ကျွန်တော်တို့ဆီမှာ ဝီချက်ဂရုတစ်ခုရှိပါတယ်၊ ကျွန်တော် အဲဒီအကျိုးဆောင်ကို အဲဒီဂရုထဲမှာ ရှာတွေ့ခဲ့တာပါ၊ အဲဒီအကျိုးဆောင်ရဲ့အပေါ်မှာ နောက်ထပ်လူတွေရှိနေသေးတယ်ဆိုတာကိုတော့ ကျွန်တော် ရဲရဲကြီး အာမခံရဲပါတယ်"

ချန်ယုံသည် မည်သည့်နောင်တတရားမျှမရှိဘဲ သူ့အား ဤအလုပ်နှင့်မိတ်ဆက်ပေးခဲ့သည့် အကျိုးဆောင်ကို ချက်ချင်းပင် သစ္စာဖောက်ကာဖွင့်ချလိုက်တော့သည်။

"ကောင်းပြီ၊ ကျန်တဲ့အကြောင်းအရာတွေကိုတော့ စခန်းကိုလိုက်ခဲ့ပြီးမှ ဆက်ပြောကြတာပေါ့"

ရဲအရာရှိသည် ခန္ဓာကိုယ်တွင်တပ်ဆင်ထားသည့်ကင်မရာကို သိမ်းဆည်းလိုက်ပြီး ချန်ယုံအား အပြင်သို့ခေါ်ဆောင်သွားခဲ့သည်။ ချန်ယုံသည် သူ ဖြေကြားနိုင်သမျှ အရာအားလုံးကိုဖြေဆိုပြီးသွားပြီဖြစ်သဖြင့် နောက်ထပ်အဆင့်မှာမူ ဆက်လက်စုံစမ်းစစ်ဆေးရန်သာဖြစ်ပေ၏။ ချန်ယုံပြောသည်မှာ မှန်ကန်ပေသည်။ သူတို့သည် တစ်ဦးလျှင် ယွမ် (၃၀၀၀)မျှသာ တောင်းခံခဲ့ခြင်းဖြစ်သဖြင့် ပမာဏမှာ များပြားလှသည်မဟုတ်ပေ။ သို့သော်လည်း ထိုကိုယ်စားလှယ်သည် လူတစ်ယောက်ထက်မက အများအပြားကို ငှားရမ်းခဲ့ခြင်းဖြစ်၏။ ထိုအထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များသာမက ဗီဒီယိုရိုက်ကူးမည့်သူ၊ ဘေးမှနေ ဝိုင်းဝန်းအားပေးမည့်သူနှင့် ကင်းစောင့်မည့်သူများပါ ပါဝင်နေသည်။ စုစုပေါင်း လူ (၁၀) ဦးခန့်ရှိနေသဖြင့် ဤအရာကို ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုဟု သတ်မှတ်နိုင်၏။

ဂိုဏ်းအဖွဲ့အစည်းတစ်ခုပါဝင်ပတ်သက်လာသည်နှင့်အမျှ ကိစ္စရပ်၏သဘာဝမှာ ပြောင်းလဲသွားခဲ့ရချေပြီ။ လက်ရှိအချိန်တွင် ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းများကို နှိမ်နင်းသည့် အထူးလှုပ်ရှားမှုများ ပြုလုပ်နေချိန်ဖြစ်သဖြင့် ထိုအုပ်စုငယ်လေးမှာ အမှန်စင်စစ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်နေနိုင်ပေသည်။ မည်သူမျှထိခိုက်ဒဏ်ရာရရှိခြင်းမရှိသဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ဆေးသေတ္တာများကို သိမ်းဆည်းကာထွက်ခွာရန် ပြင်ဆင်ကြတော့၏။ ထိုဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံးသည် စုဟယ် ပုဂ္ဂလိကဆေးရုံများမှ ကြိုတင်၍ ငှားရမ်းထားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များနှင့် နှိုင်းယှဉ်ပါက ပုဂ္ဂလိကဆေးရုံများရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများသည် လွတ်လပ်မှုပိုရှိကြသည်။ စုဟယ်မှ ရက်ရောသောလစာကို ကမ်းလှမ်းခဲ့ပြီးနောက်တွင်မူ ပုဂ္ဂလိကဆေးရုံသည် အခင်းဖြစ်ပွားရာနေရာ၌ ပံ့ပိုးကူညီမှု ပေးနိုင်ရန်အတွက် လူနာတင်ယာဉ်နှစ်စီးနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းဆယ်ဂဏန်းခန့်ကို ချက်ချင်းပင်စေလွှတ်ပေးခဲ့ခြင်းဖြစ်၏။ စုဟယ်သည် ရဲအရာရှိ ထွက်ခွာသွားသည်ကိုကြည့်ရှုရင်း ကျေးဇူးတင်စကားပြောကြားလိုက်သည်။

"ရဲအရာရှိကြီး ပင်ပန်းသွားပါပြီ"

ချန်ယုံအား အစောင့်အကြပ်ဖြင့်ခေါ်ဆောင်သွားသည့် ရဲအရာရှိသည် သူ့ရဲဦးထုပ်အနားသတ်ကို ပြင်ဆင်လိုက်ရင်း စုဟယ်ကို အသိအမှတ်ပြုစကားဆိုသည်။

"မင်း ဒီနေ့လုပ်ဆောင်ခဲ့တာ တော်တော်လေး မှန်ကန်ပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ စိတ်လိုက်မာန်ပါမလုပ်ဆောင်ရဘူး၊ သဲလွန်စတွေကို အချိန်နဲ့တပြေးညီ သတင်းပို့ရမယ်၊ နောက်ထပ်ထူးခြားမှုတွေရှိလာရင် ငါမင်းကိုပြန်ပြီးဆက်သွယ်လိုက်ပါမယ်"

ယနေ့ညတွင် စုဟယ်အနေဖြင့် ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကြိုတင်ခေါ်ဆိုနိုင်ခဲ့ခြင်းမှာ ပိုင်ဖေးဖေး ပေးအပ်ခဲ့သည့် သတင်းအချက်အလက်များကြောင့် သေသေချာချာ ကျေးဇူးတင်ထိုက်ပေသည်။ ပိုင်ဖေးဖေးသည် ကျားဖန်အနေဖြင့် ယနေ့ညတွင် ဟဲယဲ့တည်းခိုခန်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုကို ထပ်မံပြုလုပ်လိမ့်မည်ဖြစ်ကြောင်း ကြိုတင်သိရှိခဲ့ရပြီးနောက် ထိုသတင်းအချက်အလက်ကို စုဟယ်ထံသို့ ရောင်းချခဲ့ခြင်းဖြစ်၏။ အကယ်၍ ပိုင်ဖေးဖေးကဲ့သို့ သတင်းပေါက်ကြားမှုမျိုးမရှိခဲ့လျှင်ပင် ဟဲယဲ့တည်းခိုခန်းအနေဖြင့် မလွဲမသွေ ဒုက္ခရောက်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ထိုသတင်းကြောင့် စုဟယ်သည် သာမန်ထက်ပိုမိုကြီးမားသော ဇာတ်စင်တစ်ခုကို တည်ဆောက်ကာ ပြဇာတ်ကောင်းတစ်ခုကပြရန် အခွင့်အရေးကိုဆုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ဇာတ်လမ်းကြီးမှာ တရားဝင်စတင်ရန် အချိန်ကျရောက်လာခဲ့ပြီဖြစ်၏။

ဘေးနားတွင် စောင့်ဆိုင်းနေသည့် ရှောင်ယင်းသည် Holographic ရုပ်ရှင်ရုံဆီမှ စောင့်ကြည့်ကင်မရာမှတ်တမ်းများကိုရယူထားပြီးဖြစ်သလို အပြည့်အစုံပါဝင်သည့် ဗီဒီယိုဖိုင်ကိုလည်း ဟဲယဲ့တည်းခိုခန်း၏ တရားဝင် အကောင့်ပေါ်သို့ တင်လိုက်ပြီ ဖြစ်သည်။ မှန်ပေသည်။ သာမန်မျှသာဟုထင်ရသည့် Holographic ရုပ်ရှင်ရုံတွင် အမှန်စင်စစ် (၃၆၀)ဒီဂရီ အပြည့်အဝစောင့်ကြည့်နိုင်သည့် စနစ် ပါရှိနေပြီး ထောင့်စွန်းတိုင်းတွင်ဖြစ်ပျက်သမျှ အရာအားလုံးကို မှတ်တမ်းတင်နိုင်စွမ်းရှိသည်။

"ဟဲယဲ့တည်းခိုခန်း - ချစ်ခင်ရပါသော လူကြီးမင်းများနှင့် မိတ်ဖက်များရှင်၊ ဒီနေ့ ဟဲယဲ့တည်းခိုခန်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ Holographic ရုပ်ရှင်ရုံမှ ဖြစ်စဉ်သည် လူအများ၏ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကိုရရှိခဲ့ပြီး ဟဲယဲ့တည်းခိုခန်းတွင် အမျိုးသားနှစ်ဦး ပါဝင်ပတ်သက်ခဲ့ပါတယ်။ ရုပ်ရှင်ရုံအတွင်း၌ သတိလစ်မူးလဲဟန်ဆောင်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါပြီ၊ ကျွန်မတို့ဘက်ကလည်း လူနာတင်ယာဉ်နဲ့ ရဲတပ်ဖွဲ့ကို ချက်ချင်းခေါ်ဆိုခဲ့ပါတယ်၊ သူတို့နဲ့အတူ သူတို့အပေါင်းအဖော်များကိုပါ စုံစမ်းစစ်ဆေးရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါပြီ၊ Holographic ရုပ်ရှင်ရုံအတွင်း၌ မည်သူမျှထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါ၊ လူကြီးမင်းတို့၏အလေးထားမှုအတွက် ကျေးဇူးတင်ရှိပါသည်"

ရှောင်ယင်း လွှင့်တင်လိုက်သည့်စောင့်ကြည့်ကင်မရာ ဗီဒီယိုမှတ်တမ်းတွင် မတော်တဆမှုဖြစ်ပွားအောင် ဟန်ဆောင်ရန် ကြံစည်ခဲ့ကြသည့် အမျိုးသားနှစ်ဦး၏ သွားလာလှုပ်ရှားမှုများကို ရှင်းလင်းစွာမှတ်တမ်းတင်ထားမိသည်။ ရုပ်ရှင်ရုံအပြင်ဘက်တွင် စောင့်ဆိုင်းနေစဉ်အတွင်း ထိုသူနှစ်ဦးသည် ပတ်ဝန်းကျင်ကိုပျာပျာသလဲ လှည့်ပတ်ကြည့်ရှုရင်း မသင်္ကာဖွယ်ရာ ပြုမူနေကြပြီး အနည်းငယ်မျှသော အသံဗလံကြောင့်ပင် ထိတ်လန့်တုန်လှုပ်နေကြ၏။ ရုပ်ရှင်ရုံအတွင်းသို့ ဝင်ရောက်သွားသည့်အခါတွင်မူ သူတို့သည် ချက်ချင်းပင်ကြောက်ရွံ့ဟန် ဆောင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း "သရဲ"ထွက်ပေါ်လာသည့်အခါတွင်မူ သူတို့သည်မှင်တက်သွားကြပြီး ကြမ်းပြင်ပေါ်တွင် ကုပ်ကုပ်လေးထိုင်ကာ မျက်လုံးများကိုမှိတ်လျက် ခေါင်းကိုလက်ဖြင့်အုပ်ထားရင်း ထိုနေရာတွင်ပင် တစ်နာရီကျော်မျှ အချိန်ကုန်လွန်စေခဲ့ကြ၏။ နောက်ဆုံးတွင် သူတို့ခြေထောက်များ ထုံကျင်လာခဲ့ပြီး ရုပ်ရှင်ရုံအတွင်းမှ ယိမ်းထိုးလျက် ထွက်လာကာ သတိလစ်ပြီး တုန်ခါဟန် ဆောင်ခဲ့ကြခြင်းဖြစ်သည်။

လူနာတင်ယာဉ်ရောက်ရှိလာပုံနှင့် ရဲတပ်ဖွဲ့၏တုံ့ပြန်ဆောင်ရွက်မှု အားလုံးကို တိကျစွာမှတ်တမ်းတင်ထားမိပေသည်။ ထိုအမျိုးသားနှစ်ဦးမှာ အလွန်အမင်း အဖြစ်သည်းလွန်းလှသဖြင့် ရယ်စရာပင်ကောင်းနေတော့၏။ သူတို့သည် ရုပ်ရှင်စတင်ပြီး ငါးမိနစ်အတွင်းမှာပင် ကြောက်ရွံ့သွားခဲ့ကြပြီး ကျန်ရှိသည့်အချိန်တစ်ခုလုံးတွင် ပိတ်ကားကိုမော့မကြည့်ဝံ့ဘဲ မျက်လုံးများကို တင်းကျပ်စွာမှိတ်ထားခဲ့ကြသည်။ ဗီဒီယိုဖိုင်တွင် ထိုအမျိုးသားနှစ်ဦး ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေးထိုင်နေသောပုံစံဖြစ်နေသည်ကို ပြသနေရုံတင်မကဘဲ ဘယ်ဘက်အပေါ်ထောင့်တွင်လည်း သူတို့ခန္ဓာကိုယ်အပူချိန်နှင့် နှလုံးခုန်နှုန်းတို့ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးထားသေးသည်။ Holographicရုပ်ရှင်ရုံ၏ ပရိုဂျက်တာများတွင် ဗီဒီယိုမှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်ခြင်းစနစ် တစ်ပါတည်း တပ်ဆင်ထားပြီးဖြစ်သဖြင့် ထိုအရာကြောင့်ပင် Holographic ရုပ်ရှင်များသည် အလွန်အမင်း လက်တွေ့ဆန်နေခြင်းဖြစ်၏။

ဤဗီဒီယိုမှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်ခြင်းစနစ်သည် ရုပ်ရှင်ပိတ်ကားအား ကြည့်ရှုသူ၏လှုပ်ရှားမှုများနောက်သို့လိုက်ပါစေနိုင်ပြီး အလင်းနှင့် အရိပ်များကို ညှိနှိုင်းပေးခြင်းအားဖြင့် ကြည့်ရှုသူပရိသတ်များအား ပိုမိုစီးမျောခံစားရစေကာ ရုပ်ပုံရိပ်များနှင့် အပြန်အလှန် တုံ့ပြန်မှုကိုပြုလုပ်နိုင်စေသည်။ သဘာဝရှုခင်းရုပ်ရှင်များထဲရှိ လိပ်ပြာလေးများသည် ကြည့်ရှုသူ၏ လက်ချောင်းများပေါ်သို့ တိကျစွာလာရောက်နားခိုရခြင်း အကြောင်းရင်းမှာလည်း ဤစနစ်ကြောင့်ပင်ဖြစ်၏။ သည်းထိတ်ရင်ဖို ရုပ်ရှင်များနှင့် ပတ်သက်လာလျှင်မူ ထိုဗီဒီယိုမှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်ခြင်းစနစ်သည် အခြားသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်ပေးသည်။ ၎င်းသည် ကြည့်ရှုသူများ အလွန်အမင်း စိတ်လှုပ်ရှားမှုကို မဖြစ်ပေါ်စေရန်အတွက် ကြည့်ရှုသူ၏ နှလုံးခုန်နှုန်းနှင့် ခန္ဓာကိုယ်အပူချိန်တို့ကို အစဉ်မပြတ် စောင့်ကြည့်နေခြင်းဖြစ်သည်။ ကြည့်ရှုသူ၏နှလုံးခုန်နှုန်းနှင့် ခန္ဓာကိုယ်အပူချိန်တို့သည် စိုးရိမ်ရသည့် အတိုင်းအတာတစ်ခုအထိမြင့်တက်လာသည်နှင့်အမျှ Holographic ရုပ်ရှင်ရုံ၏ ရုပ်ထွက်ပုံရိပ်ကို ချက်ချင်းညှိနှိုင်းပေးမည်ဖြစ်ပြီး လက်တွေ့ဆန်မှု အဆင့်အတန်းကို ရုတ်ချည်းလျှော့ချပေးမည်ဖြစ်သည်။

ဥပမာအားဖြင့် ချန်ယုံနှင့် ကျောက်တာ့တို့ ထောင့်တစ်နေရာတွင်ကုပ်ကုပ်လေး ထိုင်နေသည့်အချိန်တွင် ရုပ်ရှင်ရုံသည် သူတို့ဘေးနားရှိ ကြောက်မက်ဖွယ်ရာ အခန်းကဏ္ဍများကို ပြသခြင်းမှ ရပ်တန့်ပေးခဲ့သည်။ ဤအကြောင်းရင်းကြောင့်ပင် သည်းထိတ်ရင်ဖိုဂိမ်းဘလော့ဂါရှောင်ပုသည် မြင်ကွင်းများကို ပိုမိုလက်တွေ့ဆန်စွာမြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး သူ့ခြေထောက်များကို လာရောက်ဆွဲကိုင်ထားသကဲ့သို့ ခံစားခဲ့ရသော်လည်း အာခုန်းမှာမူ မည်သည့်အရာမျှမခံစားခဲ့ရခြင်းဖြစ်၏။ ဟဲယဲ့တည်းခိုခန်းသည် "ရဲရင့်သူတို့ စိန်ခေါ်ပွဲ" တိုင်းအတွက် "ရဲရင့်သော စစ်သည်တော်များ" ကို ရွေးချယ်ရာတွင်လည်း ဤစနစ်ကို အသုံးပြုခြင်းဖြစ်သည်။ နှလုံးခုန်နှုန်းတုန်ခါမှု အနည်းဆုံးနှင့် မျက်လုံးမှိတ်သည့် အကြိမ်အရေအတွက် အနည်းဆုံးဖြစ်သည့် ကြည့်ရှုသူပရိသတ်သည် ဤဂုဏ်ထူးဆောင်ဆုကို လက်ခံရရှိခြင်းဖြစ်၏။ ဟဲယဲ့တည်းခိုခန်းကနေ ထွက်ခွာသွားခဲ့ကြသည့် ရှောင်ပုနှင့် အာခုန်းတို့သည်လည်း ဤကိစ္စရပ်ကို အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။ Weibo ပေါ်ရှိ ဟဲယဲ့တည်းခိုခန်း၏ ရှင်းလင်းချက် ပို့စ်ကိုမြင်တွေ့ရပြီးနောက်တွင်မူ သူတို့သည် ဗီဒီယိုဖိုင်ကို အမြန်ဆုံး နှိပ်၍ကြည့်ရှုလိုက်ကြတော့၏။ စောင့်ကြည့်ကင်မရာဗီဒီယိုတစ်ခုလုံးကို ကြည့်ရှုပြီးနောက်တွင်မူ အာခုန်းသည် ရယ်လည်းရယ်ချင် စိတ်လည်းတိုဖြစ်သွားရပြီး ပြောလိုက်သည်။

"ငါ သိသားပဲ၊ အဲဒါကြောင့် လူနာတင်ယာဉ်က ဒီလောက်တောင် မြန်မြန်ဆန်ဆန် ရောက်လာတာကိုး၊ အမှန်တော့ တစ်စုံတစ်ယောက်က ငါ့ကို လိမ်လည်ဖို့ ကြိုးစားနေခဲ့တာပဲ"

ရှောင်ပုသည် အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့သည်။ သူတို့အနေဖြင့် ဗီဒီယိုတစ်ခုလုံးကို အပြည့်အစုံ မှတ်တမ်းမတင်နိုင်ခဲ့သော်လည်း သူတို့ကင်မရာဖြင့် အချို့သောအခန်းကဏ္ဍများကိုမူ ဖမ်းယူထားနိုင်ခဲ့ဆဲဖြစ်၏။ သူသည် ဤမတော်တဆမှုအဖြစ် ဟန်ဆောင်သည့် ရယ်စရာကောင်းသော အခန်းကဏ္ဍတိုလေးကို ဗီဒီယိုအကြောင်းအရာအဖြစ် အသုံးပြုရန် စီစဉ်လိုက်ပြီး ဤအရာသည် ကြည့်ရှုသူ အရေအတွက် အများအပြားကို မလွဲမသွေ ဆွဲဆောင်နိုင်လိမ့်မည်ဟု သူသေချာပေါက် ယုံကြည်နေသည်။ အင်တာနက် အသုံးပြုသူများသည်လည်း ဟဲယဲ့တည်းခိုခန်း၏ ရှင်းလင်းချက် ဗီဒီယိုအောက်တွင် မှတ်ချက်များစွာ ပေးခဲ့ကြသည်။

ဝမ် ဝမ် ဝမ် ဝမ် ဝမ် : "ဒါက တော်တော်လေးကို ရယ်ရတာပဲ၊ ဒီငတုံးနှစ်ယောက်က သူတို့ရဲ့ သရုပ်ဆောင်မှုကို နည်းနည်းလောက် လက်တွေ့ပိုဆန်အောင် မလုပ်နိုင်ကြဘူးလား၊ သူတို့ တုန်ခါနေတာကြီးက တကယ့်ကို ဟာသပဲ၊ ငါ့တူလေး ကျောင်းမသွားချင်လို့ နေမကောင်းချင်ယောင်ဆောင်တာလောက်တောင် လက်တွေ့မဆန်ဘူး၊ ငါ့စိတ်ထဲမှာတော့ ဒါ ဒီနှစ်ရဲ့ထိပ်တန်း ဟာသအဆန်ဆုံး ဟာသသတင်းဆယ်ခုထဲက တစ်ခုအဖြစ်စာရင်းသွင်းလို့ရတယ်"

ပါကျောင်း : "ဟဲယဲ့တည်းခိုခန်းက ထူးခြားတဲ့ အရာတစ်ခုခုရှိနေတယ်ဆိုတာ ငါသိပြီးသားပါ၊ Holographic ရုပ်ရှင်ရုံရဲ့စနစ်က တကယ့်ကို အဆင့်မြင့်လွန်းလှတယ်၊ ကြည့်ရှုသူရဲ့ခံစားချက်ပေါ် မူတည်ပြီး ပုံရိပ်တွေကို ညှိနှိုင်းပေးနိုင်တာကြောင့် ငါလည်း သွားပြီး စမ်းကြည့်ချင်စိတ်ကိုမထိန်းနိုင်တော့ဘူး"

ရွှန်မီ : "ငါ ရဲရင့်သူ စိန်ခေါ်ပွဲရဲ့ ဆုလာဘ်ဖြစ်တဲ့ မုန့်သရေစာ လက်ဆောင်ကို မျှော်လင့်နေတာကြာပါပြီ၊ ငါက အမြဲတမ်း ရဲရင့်သူ စိန်ခေါ်ပွဲကို ကျပန်းရွေးချယ်တာလို့ ထင်နေခဲ့တာ၊ အလွန်ဆုံးရှိမှ ဝန်ထမ်းတွေက စင်ပေါ်တက်လာပြီး ဘယ်သူက အတည်ငြိမ်ဆုံးဖြစ်နေလဲဆိုတာကိုကြည့်ပြီး ရွေးတာလို့ပဲ တွေးခဲ့တာ၊ ငါက စိန်ခေါ်ပွဲမတိုင်ခင် ငါ့မျက်နှာပေါ်မှာ ဖောင်ဒေးရှင်းသုံးပေါင်လောက်တောင်လိမ်းဖို့ ပြင်ဆင်ထားသေးတယ်၊ အဲဒီလက်ဆောင်သေတ္တာထဲမှာ အပိုင်းအစလေးတစ်ခုလောက် ရနိုင်မလားလို့ပေါ့၊ ဒါပေမဲ့ ဗီဒီယိုစောင့်ကြည့်ကင်မရာရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ အဲဒါက ကြည့်ရှုသူပရိသတ်တစ်ဦးချင်းစီရဲ့ မျက်လုံးဖွင့်တဲ့အချိန်နဲ့ သူတို့ရဲ့ နှလုံးခုန်နှုန်းကိုပါ အချိန်နဲ့တပြေးညီ မှတ်တမ်းတင်နိုင်တာပဲ၊ ကြည့်ရတာတော့ အဲဒီမုန့်သရေစာလက်ဆောင်က ငါနဲ့ ဘာမှမဆိုင်တော့ဘူးထင်တယ်"

ရှောင်ရန် : "ဟဲယဲ့တည်းခိုခန်းက လုံခြုံရေးအစီအမံတွေကို တော်တော်လေး ကောင်းမွန်အောင်လုပ်ဆောင်ထားတယ်ဆိုတာ ငါထောက်ခံပါတယ်၊ တစ်ကယ်လို့ သူတို့အနေနဲ့ အခန်းတွေ ပိုပြီးတိုးချဲ့ပေးနိုင်ရင် ပိုကောင်းလိမ့်မယ်၊ ငါ့မိသားစုကိုခေါ်ပြီး ဆရာကျိပိုင်ရဲ့ ဖျော်ဖြေပွဲကို နောက်တစ်ကြိမ် ထပ်ပြီးသွားနားထောင်ချင်လို့ပါ”

All Chapters