အခန်း ၂၉၃
Vol. 30 Ch. 293
293
အင်တာနက်အသုံးပြုသူများသည် အရည်အချင်းမရှိသော လူလိမ်နှစ်ဦး၏ မတော်တဆမှုဟန်ဆောင်ခဲ့သည့် ဖြစ်ရပ်ဆိုးကြီးကို ဝိုင်းဝန်းရယ်မောနေကြဆဲ အချိန်မှာပင် ဟဲယဲ့တည်းခိုခန်း၏ တရားဝင်အကောင့်မှာ အကြောင်းအရာအသစ်တစ်ခုကို ထပ်မံ၍ လွှင့်တင်လိုက်ပြန်သည်။
"ဟဲယဲ့တည်းခိုခန်း - ချစ်ခင်ရပါသော လူကြီးမင်းများနှင့် မိတ်ဖက်များရှင်၊ ကျွန်မတို့ တည်းခိုခန်းအနေနဲ့ ဆီဟောင်းတွေကို ပြန်လည်အသုံးပြုနေပါတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ ဒီစွပ်စွဲချက်တွေဟာ လုံးဝ လုပ်ကြံဖန်တီးထားတဲ့ မနာလိုစိတ်အခြေခံကောလာဟလတွေဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါပြီ၊ ဒါ့အပြင် ကျွန်မတို့ရဲ့ နည်းပညာဝန်ထမ်းတွေက ကောလာဟလဖြန့်ဝေသူတွေ အသုံးပြုခဲ့တဲ့ IP လိပ်စာကို စစ်ဆေးအတည်ပြုခဲ့ရာမှာ အဲဒီ IP ဟာ ဟိုင်ဖန်းဟိုတယ်နဲ့ ဆက်နွှယ်နေတာကို တွေ့ရှိခဲ့ရပါတယ်၊ ကျွန်မတို့တည်းခိုခန်းရဲ့ တရားဝင်ရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် ဥပဒေကြောင်းအရ တရားစွဲဆိုဖို့ ကျွန်မတို့ရဲ့ ရှေ့နေအဖွဲ့ကို တရားဝင် အပ်နှံထားပြီးဖြစ်သလို ရဲတပ်ဖွဲ့ထံကိုလည်း အကြောင်းကြား တိုင်ကြားထားပြီးဖြစ်ပါတယ်၊ ဒီကိစ္စအတွက် တာဝန်ရှိသူတွေကို ဥပဒေအရ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာပါ၊ ဟဲယဲ့တည်းခိုခန်းဟာ ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း အခြေခံမူကို အမြဲတမ်း လိုက်နာစောင့်ထိန်းပါတယ်၊ အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ သုံးစွဲသူတွေရဲ့ ကျန်းမာရေးအတွက် တင်းကျပ်တဲ့ စံနှုန်းတွေ၊ ထိန်းချုပ်မှု လုပ်ထုံးလုပ်နည်းတွေရှိထားပြီးဖြစ်လို့ လူမှုအဖွဲ့အစည်းအလွှာစုံနဲ့ မီဒီယာတွေအနေနဲ့ ကျွန်မတို့ရဲ့မီးဖိုချောင်နဲ့ ပါဝင်ပစ္စည်းတွေရဲ့ရင်းမြစ်ကို လာရောက်စောင့်ကြည့်စစ်ဆေးဖို့ကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါတယ်"
ခုနတင်ကမှ တဟားဟားရယ်မောနေကြသည့် အင်တာနက်အသုံးပြုသူများသည် ရုတ်ချည်းမှင်တက်သွားကြသည်။ သူတို့သည် ယနေ့နံနက်ပိုင်းမှ ဖြစ်ပွားခဲ့သောကိစ္စရပ်ကို ပြန်လည်အမှတ်ရသွားကြ၏။ ဟဲယဲ့တည်းခိုခန်း၏ပရိသတ်များပီပီ သူတို့သည် ထိုအဓိပ္ပာယ်မရှိသော ကောလာဟလကို သဘာဝကျကျပင် လုံးဝမယုံကြည်ခဲ့ကြပေ။ ဟဲယဲ့တည်းခိုခန်းဘက်မှ ဆီဟောင်းများ အသုံးမပြုကြောင်း ရှင်းလင်းချက် ထုတ်ပြန်ပြီးနောက်တွင်မူ အင်တာနက်အသုံးပြုသူများသည် ဤကိစ္စကို ချက်ချင်းပင် မေ့မေ့ပျောက်ပျောက် ထားလိုက်ကြသည်။ သို့သော် ညနေပိုင်းအချိန်သို့ရောက်သောအခါ ဤမျှလောက် မြန်ဆန်လှသော အဆက်အစပ်နောက်ဆက်တွဲကြီး ထွက်ပေါ်လာလိမ့်မည်ဟု သူတို့လုံးဝ မျှော်လင့်မထားခဲ့ကြချေ။ အမှန်စင်စစ်တော့ တစ်စုံတစ်ယောက်မှာ တမင်တကာသရုပ်ပျက်အောင် သိက္ခာချပြီး ကောလာဟလများဖြန့်ဝေနေခဲ့ခြင်းဖြစ်နေသည် မဟုတ်ပါလော။
ထာဝရနှင်းဆီ : "ဝါး ဒါ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပဲ၊ ဒါကမှ တကယ့် စီးပွားရေးလောကရဲ့စစ်ပွဲအစစ်အမှန်လား၊ ကောလာဟလတွေ ဖြန့်ဖို့အတွက် အွန်လိုင်းတိုက်ခိုက်ရေးသမားတွေကို ငှားရမ်းတာမျိုးလေ၊ ဒါ ဖျော်ဖြေရေးလောက ကကိစ္စတွေထက် အများကြီး ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပြီ"
ဝေအိုက်ယီ : "တကယ်ပဲ ဒီလိုနည်းလမ်းတွေက ပြိုင်ဘက်တွေရဲ့အပုပ်နံ့တွေကို လိုက်ဝယ်ပြီး ဖျော်ဖြေရေးလောကထဲမှာ ခေတ်ရေစီးကြောင်းဖြစ်အောင် ဖန်တီးပုံဖော်တာနဲ့ သိပ်မထူးခြားလှဘူး၊ တကယ့် စီးပွားရေးစစ်ပွဲက ဒီလောက်အထိ ပွင့်လင်းလွန်းတာပဲ၊ မတော်တဆမှုဖြစ်ပွားအောင် ဟန်ဆောင်ဖို့လာခဲ့တဲ့ အဲဒီလူနှစ်ယောက်ကလည်း ဟိုင်ဖန်းဟိုတယ်က ငှားရမ်းထားတဲ့သူတွေဖြစ်နိုင်တယ်လို့ သံသယဝင်တာ သဘာဝကျပါတယ်"
လုရန် : "သေချာပေါက် ဟိုင်ဖန်းဟိုတယ်ရဲ့လက်ချက်ပဲ၊ ဖြစ်စဉ်နှစ်ခုစလုံးက အချိန်ကာလချင်းတအားနီးကပ်လွန်းတယ်၊ ဟိုင်ဖန်းဟိုတယ်က ဒီမနက်မှာတင် ဟဲယဲ့တည်းခိုခန်းက ကောလာဟလတွေကို မြန်မြန်ဆန်ဆန် ရှင်းလင်းလိုက်တာမြင်တော့ ရလဒ်သိပ်သိပ်မရှိဘူးထင်ပြီး ချက်ချင်းပဲ အခင်းဖြစ်ပွားအောင် ဟန်ဆောင်ဖို့ လူတွေကို ထပ်ငှားလိုက်တာနေမှာ၊ နည်းနည်းလောက် တွေးကြည့်စမ်းပါ၊ တစ်ကယ်လို့ သူတို့သာ မတော်တဆမှုဖြစ်ဟန်ဆောင်တာ အောင်မြင်သွားခဲ့ရင် ဟဲယဲ့တည်းခိုခန်းရဲ့ Holographic ရုပ်ရှင်ရုံက သေချာပေါက် လုပ်ငန်းရပ်နားရလိမ့်မယ်၊ ဟိုတယ်လည်း စစ်ဆေးမှုတွေကို အဆက်မပြတ် ရင်ဆိုင်ရပြီး ပြုပြင်မွမ်းမံဖို့အတွက် လုပ်ငန်းခေတ္တပိတ်သိမ်းရတဲ့အထိ တောင်ဖြစ်သွားနိုင်တယ်၊ ဒါက ဟိုတယ်ရဲ့စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိစေမှာ၊ တကယ့်ကို ယုတ်မာကောက်ကျစ်လွန်းတာပဲ"
စုဟယ်သည် မတော်တဆမှုဖန်တီးခြင်းကို ကျားဖန်ကြိုးကိုင်ခြယ်လှယ်ခဲ့ခြင်း ဖြစ်ကြောင်း ပိုင်ဖေးဖေးထံမှသိရှိထားသော်လည်း လတ်တလောတွင်မူ ခိုင်လုံသော သက်သေအထောက်အထား မရှိသေးပေ။ ရဲတပ်ဖွဲ့သည် ချန်ယုံနှင့် ကျောက်တာ့တို့ကိုသာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူကိုမူ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်၏။ အကယ်၍ သူမအနေဖြင့် ဟိုင်ဖန်းဟိုတယ်တွင် တာဝန်ရှိသည်ဟု တိုက်ရိုက်စွပ်စွဲပြောဆိုလိုက်ပါက ပြိုင်ဘက်များဘက်မှ ဥပဒေကြောင်းအရ ပြန်လည်ခုခံပိုင်ခွင့်ကို အခွင့်ကောင်းပေးလိုက်သလို ဖြစ်သွားနိုင်သည်။
ယခုအခါတွင်မူ ဟဲယဲ့တည်းခိုခန်းသည် လီကျိရှုးစုံစမ်းစစ်ဆေးပေးထားသည့် IP လိပ်စာကို ထုတ်ပြန်ပေးလိုက်ပြီဖြစ်ရာ ထိုခိုင်မာလှသော သက်သေအထောက်အထားကြောင့် ဟိုင်ဖန်းဟိုတယ်အနေဖြင့် ဆီဟောင်းဖြစ်စဉ်ကို ထပ်မံ၍ ငြင်းဆန်နိုင်စွမ်းမရှိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျားဖန်အနေဖြင့် အပြစ်ဖို့ခံရန်အတွက် ယာယီအလုပ်သမား အနည်းငယ်ကိုတော့ ရှေ့တန်းတင် တွန်းထုတ်ရတော့မည် ဖြစ်သည်။
အင်တာနက်အသုံးပြုသူများသည် တွေးတောချိတ်ဆက်နိုင်စွမ်း အလွန်မြင့်မားလှသည့် ရှာလော့ဟုမ်း များကဲ့သို့ပင်ဖြစ်ကြသည်။ အကြောင်းအရာတစ်ခုကို ရှင်းလင်းပေးလိုက်ရုံဖြင့် သူတို့သည် ဒုတိယမြောက်အကြောင်းအရာ၏ အမှန်တရားကို မိမိတို့ဘာသာသဘာဝကျကျပင် အလိုအလျောက် ပုံဖော်တွေးတောမိသွားကြ၏။ စုဟယ် ခန့်မှန်းခဲ့သည့်အတိုင်းပင် အင်တာနက်အသုံးပြုသူများသည် ဖြစ်စဉ်နှစ်ခုကို ချက်ချင်းပင် ဆက်စပ်တွေးတောလိုက်ကြပြီး ဟိုင်ဖန်းဟိုတယ်သည် မတော်တဆမှု ဖန်တီးသည့်ဖြစ်စဉ်တွင်လည်း ပါဝင်ပတ်သက်နေကြောင်း ချက်ချင်းသိရှိသွားကြတော့သည်။ အင်တာနက်အသုံးပြုသူအများအပြားသည် ဟဲယဲ့တည်းခိုခန်းဘက်မှ ကာကွယ်ရပ်တည်ပေးရန်အတွက် ဟိုင်ဖန်းဟိုတယ်၏ တရားဝင်အကောင့်ဆီသို့ သွားရောက်ကြတော့၏။
လျန်အာ့တာ : "ဟိုင်ဖန်းဟိုတယ်ရဲ့ အပြုအမူက လုပ်ငန်းလောကရဲ့အဖျက်အဆီး သက်သက်ပဲ၊ မင်းတို့က မင်းတို့ရဲ့ဂူကို ကိုယ်ပြန်တူးနေကြတာ၊ စောင့်သာကြည့်လိုက်စမ်းပါ၊ တရားမျှတမှုက မင်းတို့ကိုထိုက်တန်တဲ့ အပြစ်ပေးမှုပေးပါလိမ့်မယ်"
ဝူချန်ကော် (မျိုးချစ်ဗားရှင်း) : "ဟိုင်ဖန်းဟိုတယ် မင်းတို့ရဲ့လုပ်ရပ်တွေက ပြည်သူတွေကို ဒေါသထွက်စေခဲ့ပြီ၊ ငါတို့အင်တာနက်အသုံးပြုသူအများစုကတော့ ငြိမ်ခံနေမှာမဟုတ်ဘူး၊ ကောလာဟလတွေဖြန့်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေရှိလာလိမ့်မယ်ဆိုတာကို မင်းတို့သိထားရမယ်၊ ငါ အခုချက်ချင်းပဲ မင်းတို့ကို ဆဲဖို့အတွက် လိုက်ဖ်လွှင့်တော့မယ်"
ယွီယွန်းဖေး : "ကျွန်မကတော့ ဟဲယဲ့တည်းခိုခန်းကို လူသိရှင်ကြား ထောက်ခံပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့ ဟိုင်ဖန်းဟိုတယ်ကို အရေးယူမှုတွေပြုလုပ်ဖို့ မျှော်လင့်ပါတယ်"
သို့သော်လည်း ယွီယွမ်ဖေးအနေဖြင့် သူမအမည်အရင်းဖြင့် တိုင်ကြားမှုမပြုလုပ်နိုင်သေးမီမှာပင် ဟဲယဲ့တည်းခိုခန်းမှာ ဦးစွာလုပ်ဆောင်လိုက်လေပြီ။
"ဟဲယဲ့တည်းခိုခန်း - ဟိုင်ဖန်းဟိုတယ်က တင်ဒါခေါ်ယူရေးကျွမ်းကျင်ပညာရှင်တွေကို လာဘ်ထိုးခဲ့တယ်ဆိုတဲ့ သံသယနဲ့ပတ်သက်ပြီး ကျွန်မတို့ တရားဝင်တိုင်ကြားချက်တစ်ခုကို တင်သွင်းလိုက်ပါတယ်၊ ကျွန်မတို့ဆီမှာရှိတဲ့ သက်သေအထောက်အထားတွေအရ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ညီလာခံအတွက် တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ်အတွင်းမှာ ဟိုင်ဖန်ဟိုတယ်ဟာ တင်ဒါလုပ်ငန်းစဉ်မှာပါဝင်တဲ့ ကျွမ်းကျင်ပညာရှင်တွေကို စားသောက်ကျွေးမွေးခြင်း၊ ငွေသားပေးခြင်း၊ ဘဏ်မှတစ်ဆင့်ငွေလွှဲခြင်းနဲ့ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းတို့ကနေတစ်ဆင့်လာဘ်ထိုးခဲ့ပြီး နောက်ဆုံးမှာ တင်ဒါကိုရရှိအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်၊ ဟိုင်ဖန်းဟိုတယ်ရဲ့ ဒီလိုအပြုအမူဟာ တင်ဒါဈေးကွက်ရဲ့ တရားမျှတတဲ့ပြိုင်ဆိုင်မှု ပတ်ဝန်းကျင်ကို ပြင်းထန်စွာပျက်စီးစေခဲ့ပြီး အခြားပါဝင်တဲ့ကုမ္ပဏီတွေရဲ့ တရားဝင် ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေခဲ့သလို လုပ်ငန်းတစ်ခုလုံးရဲ့ သမာသမတ်ကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်၊ သက်ဆိုင်ရာဌာနတွေအနေနဲ့ ဒီဖြစ်စဉ်ကို သေချာထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးပေးဖို့၊ အမှန်တရားကို ဖော်ထုတ်ပေးဖို့နဲ့ ဈေးကွက်ရဲ့ တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက် ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုအပ်ပါတယ်"
(လာဘ်ပေးလာဘ်ယူစာရင်း.pdf) (စားသောက်ဧည့်ခံမှု ဓာတ်ပုံများ)
Weibo ပေါ်တွင် ဟဲယဲ့တည်းခိုခန်းတင်လိုက်သောပို့စ်သည် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင် ရုတ်ချည်းဆိုသလို ကြီးမားသောလှုပ်ခတ်မှုကိုဖြစ်ပေါ်စေခဲ့သည်။ ဟဲယဲ့တည်းခိုခန်း၏ ပရိသတ်များဖြစ်စေ၊ မတော်တဆမှုဟန်ဆောင်ရန် ပျက်ကွက်ခဲ့သည့် လူလိမ်နှစ်ဦး၏ ရယ်စရာအခန်းကိုလာရောက်ကြည့်ရှုကြသည့် လမ်းကြုံဖြတ်သန်းသွားသူများဖြစ်စေ၊ သို့မဟုတ် Weiboကို ဖွင့်လိုက်ရုံမျှဖြင့် မက်ဆေ့ခ်ျများစွာ တရစပ်ဝင်ရောက်လာသည်ကိုမြင်တွေ့ရသည့် လူများဖြစ်စေ၊ လူတိုင်းလူတိုင်းသည် ဤWeibo ပို့စ်ကြောင့် ဆွံ့အမှင်တက်သွားကြရ၏။
အမည်အရင်းကို အသုံးပြုပြီး တိုင်ကြားတဲ့သတင်းပေးပို့ချက်လား
တင်ဒါလုပ်ငန်းစဉ်အတွင်း လာဘ်ပေးလာဘ်ယူမှုလား
အဂတိလိုက်စားမှုလား
ထိုကိစ္စရပ်သည် သာမန်စီးပွားရေးပြိုင်ဆိုင်မှုထက် သေချာပေါက်ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး အခြေအနေမှာ ပိုမိုကြီးမားကျယ်ပြန့်သွားခဲ့ပြီဖြစ်သည်။ ဟဲယဲ့တည်းခိုခန်း၏ Weiboပို့စ်သည် ကြည့်ရှုသူအရေအတွက် ပိုမိုများပြားလာသော်လည်း မှတ်ချက်ပေးသည့် နေရာတွင်မူ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ မှတ်ချက်ပေးသည့်နေရာတွင် စာသားများဝင်ရောက်မလာခြင်း မဟုတ်ဘဲ ဤကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် အင်တာနက်အသုံးပြုသူများသည် တရားဝင် Weiboအကောင့်မှ ထုတ်ပြန်ထားသည့် သက်သေအထောက်အထားများအားလုံးဖတ်ရှုပြီးစီးခြင်းမရှိသေး၍ဖြစ်သည်။ အထူးသဖြင့် စာရင်းဇယားစာအုပ်များသည် အလွန်အမင်း အသေးစိတ်ကျလှပြီး သက်သေအထောက်အထားများကလည်း ငြင်းရန်မရှိအောင် အလွန်တရာခိုင်လုံလွန်းနေသောကြောင့်ဖြစ်၏။
အခြေအနေများက ဤအတိုင်းအတာအထိ ကြီးထွားလာခဲ့ခြင်းသည် အင်တာနက်အသုံးပြုသူများကိုသာမကဘဲ ဟိုင်ဖန်းဟိုတယ်၏ တရားဝင်အကောင့်ကို ကိုင်တွယ်နေသည့် ဝန်ထမ်းများကိုပါ လုံးဝအငိုက်မိသွားစေခဲ့သည်။ ကောလာဟလဖြန့်ဝေခြင်းနှင့် ပြိုင်ဘက်များ၏အပုပ်နံ့များကို ဝယ်ယူခြင်းကဲ့သို့သောအရာများကိုမူ စီးပွားရေးစစ်ပွဲကြောင့်ဟု အကြောင်းပြကာ တရားဝင်အကောင့်ပေါ်တွင် မိမိတို့ဘာသာပြန်လည်ခုခံ ကာကွယ်နိုင်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ သူတို့ဘာဆက်လုပ်ရမည်နည်း။ ဟိုင်ဖန်းဟိုတယ်၏ ဝန်ထမ်းများသည် တုန်ရင်နေသော လက်ချောင်းများဖြင့် ဥက္ကဋ္ဌရုံးခန်းသို့ ချက်ချင်းပင်ဖုန်းခေါ်ဆိုခဲ့ကြသော်လည်း ဖုန်းလိုင်းမှာ တောက်လျှောက်အလုပ်များနေပြီး မည်သူမျှပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ ကျားဖန်သည် ထိုအရာအားလုံးကို လုံးဝမသိရှိသေးပေ။
အမှန်စင်စစ် ဘာတွေဖြစ်ပျက်သွားခဲ့တာလဲ။ ဟဲယဲ့တည်းခိုခန်းသည် သက်သေအထောက်အထားများရရှိထားပြီးဖြစ်လျှင် သူ့ထံသို့လာရောက်ကာ ညှိနှိုင်းဆွေးနွေးသင့်သည်မဟုတ်ပါလော။ သူတို့သည် ဤမျှလောက် မြန်ဆန်လှသောအရှိန်အဟုန်ဖြင့် သတင်းအချက်အလက်များကို အွန်လိုင်းပေါ်သို့ မည်သို့များပေါက်ကြားအောင် လုပ်ဆောင်နိုင်ခဲ့ကြသနည်း။ ယခုအခါတွင်မူ ပြန်လည်လှည့်ပတ်ဖြေရှင်းရန်အတွက် လုံးဝ အခွင့်အလမ်းမရှိတော့ချေ။ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားရတာလဲ။ ဟဲယဲ့တည်းခိုခန်းက လူတွေ ရူးသွားကြပြီလား။ ဒါသူတို့အတွက် ဘာအကျိုးအမြတ်များရှိလို့လဲ။