← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295 - final

အခန်း ၂၉၅

Vol. 30 Ch. 295 - final

295

အတားအဆီးများကြားမှ အတင်းအဓမ္မ ရုန်းကန်လှုပ်ရှားနေခဲ့သော်လည်း ကျားဖန်သည် သူအသည်းအသန်လိုအပ်နေသည့် ကူညီမှုမျိုးကို ဘယ်သောအခါမျှ ရရှိမလာခဲ့တော့ပေ။ သူသည် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် သို့မဟုတ် ပြစ်ဒဏ်ပေါ့လျော့သက်သာခွင့် ရရှိနိုင်ရန်အတွက် အဆက်အသွယ် လမ်းကြောင်းများကို ရှာဖွေရင်း ဖုန်းများကို ခြောက်ခြားစွာခေါ်ဆိုနေခဲ့သော်လည်း ထိုအဆက်အသွယ်များ အားလုံးမှာ ကွယ်ပျောက်ကုန်ကြပြီဖြစ်ပြီး အများစုမှာ သူ့ဖုန်းနံပါတ်ကိုပါ ဘလော့လုပ်ထားကြလေပြီ။ သူ အားကိုးအားထားပြုခဲ့သော နျိုကောမှာမူ သူ့ဖုန်းကိုဘလော့မလုပ်ထားသော်လည်း မက်ဆေ့ခ်ျတစ်စောင်ကိုသာ ချန်ထားခဲ့ပြီး ဖုန်းချသွားခဲ့သည်။

"မင်း ငါ့ကိုပါဆွဲချဖျက်ဆီးလိုက်တာပဲ"

ရဲအရာရှိများရောက်ရှိလာသည့် အချိန်၌ပင် ကျားဖန်သည် ဖုန်းကိုင်ထားဆဲဖြစ်သော်လည်း အရာအားလုံးမှာ အချည်းနှီးဖြစ်သွားခဲ့ရပြီ။ သူ အပြစ်ပုံချရန်ကြံစည်ထားခဲ့သည့် သူ့လက်ထောက်ဖြစ်သူမှာမူ အခြားသော အစုရှယ်ယာရှင်များ၏နောက်ကွယ်တွင်ရပ်တန့်နေခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များဝင်လာရန်အတွက် တံခါးကို ကိုယ်တိုင်ဖွင့်လှစ်ပေးထားခဲ့ပြီးဖြစ်သည်။ တရားဝင် ကြေညာချက်ကိုလည်း အချိန်တိုအတွင်း ချက်ချင်းပင်ထုတ်ပြန်ခဲ့ပြီး အဆိုပါကိစ္စအား ဆက်လက်၍ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထား၏။ ဟဲယဲ့တည်းခိုခန်းသည်လည်း ထိုကဲ့သို့သောတရားဝင် ကြေညာချက်အရှိန်အဟုန်ကြောင့် အကျိုးကျေးဇူးများစွာရရှိခဲ့ပြီး လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကာ တည်းခိုခန်း၏အမှတ်တံဆိပ် လူသိများမှု အဆင့်အတန်းကို သန်း (၁၀၀)ရရှိရန်ဟူသော ပန်းတိုင်ကို အလွယ်တကူပင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

အကယ်၍ ဟဲယဲ့တည်းခိုခန်းအနေဖြင့် ၎င်းတို့၏ နှစ်ပတ်လည်အရောင်းပန်းတိုင်ဖြစ်သော သန်း (၂၀) ကိုသာ ပြည့်မီအောင် စွမ်းဆောင်နိုင်မည်ဆိုပါက လုပ်ငန်းအဆင့်အတန်းနှစ်ဆင့်အထိ တိုးမြှင့်ခြင်းခံရမည်ဖြစ်သည်။ ၎င်းအပြင် စုံစမ်းစစ်ဆေးမှုရလဒ်များ အပြည့်အစုံထွက်ပေါ်လာသည့်အချိန်တွင်လည်း ဟဲယဲ့တည်းခိုခန်းသည် နောက်ထပ်လူစီးဆင်းမှုအသစ်တစ်ခုကို ဆွဲဆောင်နိုင်ဦးမည်မှာ မြင်သာထင်သာ ရှိလှပေ၏။ စုဟယ်သည် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးညီလာခံကြီးကို မည်သူ နောက်ဆုံး၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသွားမည်ဆိုသည့် ကိစ္စအပေါ်တွင်မူ သိပ်ပြီးစိတ်ဝင်စားခြင်းမရှိတော့ပေ။ သူမနှင့် ကျန်းရှန့်နန် နှစ်ဦးစလုံးခံစားမိသည်မှာ ဤအချိန်ကာလအတွင်း ဟဲယဲ့တည်းခိုခန်း၏အခြေအနေမှာ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်နေသည်ဟူ၍ဖြစ်သည်။ အကယ်၍ ဟဲယဲ့တည်းခိုခန်းသာ ထိုကျင်းပခွင့် အခွင့်အရေးကို အမှန်တကယ်ရရှိသွားခဲ့မည်ဆိုပါက လက်ရှိတွင် တည်းခိုခန်းမှရရှိထားသော ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသာစီးရမှုကြီးမှာပြိုလဲသွားနိုင်ပြီး လူအများစုမှာ ဟဲယဲ့တည်းခိုခန်းသည် ဤညီလာခံကြီးကျင်းပခွင့်ကို ရယူနိုင်ရန်အတွက် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် တရားဝင်အမည်အရင်းသတင်းပေးတိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု အမျိုးမျိုးတွေးတောထင်ကြေးပေးလာကြပေလိမ့်မည်။

ဤသည်မှာ ဟဲယဲ့တည်းခိုခန်း အခက်အခဲများစွာကြားမှရရှိထားသော အမှတ်တံဆိပ် ပုံရိပ်ကောင်းကို သေချာပေါက် အရိပ်မည်းကျရောက်စေမည် ဖြစ်သည်။ စုဟယ် ခန့်မှန်းခဲ့သည့်အတိုင်းပင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ညီလာခံကြီးကျင်းပခွင့်မှာ အချို့သော သဘာဝရှုခင်းအလှအပနယ်မြေဒေသတစ်ခုလက်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေညာချက်ထွက်ပေါ်လာခဲ့ရာ ထိုလာဘ်လာဘကြီးကို မက်မောစွာ မျှော်လင့်စောင့်စားနေခဲ့ကြသည့် ဟိုတယ်များအားလုံးကို စိတ်ပျက်အားငယ်သွားစေခဲ့၏။ တရားဝင် အကြောင်းပြချက်မှာလည်း အလွန်ပင် ခိုင်လုံလှပေသည်။ အဆိုပါရှုခင်းသာနယ်မြေသည် အမျိုးသားအဆင့်ဆန်းသစ်တီထွင်မှုရှိသော ရှုခင်းသာနယ်မြေအဖြစ် သတ်မှတ်ပေးရန် လတ်တလောတွင် လျှောက်ထားထားခြင်းဖြစ်ပြီး ယဉ်ကျေးမှုခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် စံနမူနာပြလောက်သော အရေးပါသည့် အဓိပ္ပာယ်များရှိနေသဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးညီလာခံကြီးတွင် ဆွေးနွေးတိုင်ပင်ရန်အတွက် အလွန်ပြည့်စုံကောင်းမွန်သော ခေါင်းစဉ်တစ်ခုဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။

အဆိုပါ ရှုခင်းသာနယ်မြေသည် အနည်းငယ်မျှ ဝေးကွာလှသော်လည်း ပတ်ဝန်းကျင်ရှုခင်းများမှာမူ အလွန်အမင်း လှပဆန်းပြားလှသည်။ ထိုနေရာရှိ တည်းခိုနေထိုင်ရေး အဆောက်အအုံများမှာ အခြေခံအဆင့်မျှသာရှိသော်လည်း နယ်မြေဒေသမှာမူ ကျယ်ဝန်းလှပြီး တောင်တန်းများနှင့် ရေပြင်ကျယ်များဝန်းရံလျက် အံ့ဩမှင်တက်လောက်စရာမြင်ကွင်းများကို ပိုင်ဆိုင်ထား၏။ အစည်းအဝေးခန်းမများမှာ သေးငယ်လှသော်လည်း ၎င်းမှာ နိုင်ငံပိုင်နေရာတစ်ခုဖြစ်သည့်အပြင် သဘာဝရှုခင်းများမှာလည်း အလွန်ပင် သာယာလှပပေသည်။ သို့ဖြစ်ရာ ထိုကိစ္စရပ်မှာ လူတိုင်းအတွက် ကျေနပ်စရာကောင်းသော အခြေအနေတစ်ခုဖြင့် အေးချမ်းစွာပြီးဆုံးသွားခဲ့လေသည်။

ဟဲယဲ့တည်းခိုခန်းသည် အစကတည်းက ကြီးမားသော မျှော်လင့်ချက်များထားရှိခဲ့ခြင်းမရှိသဖြင့် သဘာဝကျကျပင် မည်သည့် စိတ်ပျက်မှုမျိုးမျှမရှိခဲ့ချေ။ ထို့နောက်တွင်မူ စုဟယ်သည် သူမစွမ်းအင်အားလုံးကို နိုင်ငံခြားခရီးသွားဧည့်သည်အုပ်စုများကို ဧည့်ခံကျင်းပမည့်ကိစ္စရပ်ပေါ်သို့သာ အာရုံစိုက်လိုက်တော့သည်။ လိုင်နာနှင့် အခြားသူများသည် လျိုနန ထံသို့ ဆက်သွယ်လာခဲ့ကြပြီး ဟဲယဲ့တည်းခိုခန်းသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားဧည့်သည်အုပ်စုများကို စနစ်တကျစည်းရုံးစီစဉ်ပေးကြလိမ့်မည်ဖြစ်၏။ ဤသည်မှာ ဟဲယဲ့တည်းခိုခန်း၏ နိုင်ငံတကာ အဆင့်အတန်းနှင့် ကျော်ကြားမှုကိုမြှင့်တင်နိုင်ရန်အတွက် အလွန်ကောင်းမွန်လှသော အခွင့်အရေးကြီးတစ်ခုပင်ဖြစ်သည်။

စုဟယ်သည် သဘာဝကျကျပင် အခြားသောအရာများကို တွေးတောနေရန် အချိန်မရှိတော့ပေ။ ဤနိုင်ငံခြားခရီးသွားဧည့်သည်အုပ်စု၏ အဖွဲ့ဝင်အများစုမှာ လိုင်နာ၊ လီလီယန် ၊ ရှ ၊ ရစ်ချက်နှင့် အခြားသူများ၏မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များသာဖြစ်ကြသည်။ ပြီးခဲ့သည့်အကြိမ်တွင် သူတို့သည် ဆံပင်ပေါက်ဆေးများကို ပြန်လည်ယူဆောင်သွားခဲ့ကြရာ ၎င်း၏ရလဒ်များမှာ အလွန်ပင် အံ့အားသင့်စရာကောင်းလောက်အောင် ထိရောက်မှုရှိခဲ့၏။ အထူးသဖြင့် ရစ်ချက်အတွက်မူ ဆံပင်များပြန်လည်ပေါက်လာပြီးနောက်တွင် အသက် ဆယ်နှစ်ခန့် ပိုမိုနုပျိုသွားသည့် ပုံစံမျိုးအထိပေါက်ဖွားလာခဲ့ရသည်။

ထိုကဲ့သို့သော အံ့မခန်းထိရောက်မှုကြီးက ရစ်ချက်နှင့်အတူ သုတေသနအဖွဲ့အစည်းတွင် အတူတကွအလုပ်လုပ်ကြသည့် လုပ်ဖော်ကိုင်ဖက်များကို မငြိမ်မသက်ဖြစ်သွားစေခဲ့ရသည်။ အမျိုးသားများလည်း မိမိတို့ရုပ်ပိုင်းဆိုင်ရာ ပုံရိပ်ကို ဂရုစိုက်ရန် လိုအပ်သည်မဟုတ်ပါလော။ သူတို့အားလုံးသည် ရစ်ချက်၏ ဆံပင်ပေါက်ဆေးရရှိရာ ဇာစ်မြစ်ကို အသည်းအသန်လိုက်လံစုံစမ်းခဲ့ကြပြီး အစပိုင်းတွင် ထိုအရာမှာတရုတ်နိုင်ငံမှ ဖြစ်ကြောင်းကြားသိလိုက်ရသောအခါ အနည်းငယ်မျှ စိတ်ပျက်သွားခဲ့ကြသေးသည်။ သို့သော်လည်း ဟဲယဲ့တည်းခိုခန်းတွင် အံ့ဩစရာကောင်းလှသော အစားအစာများရှိပြီး Michelin ကြယ်သုံးပွင့်အဆင့်အထိပင် ချီးမြှင့်ခြင်းခံထားရကြောင်း လိုင်နာပြောပြသည်ကိုကြားလိုက်ရသည့် အခါတွင်မူ သူတို့သည် ဆက်လက်ငြိမ်သက်မနေနိုင်ကြတော့ဘဲ အဖွဲ့လိုက် ချက်ချင်း သွားရောက်နိုင်ရန်အတွက် အသည်းအသန် တောင်းဆိုခဲ့ကြတော့၏။

ဟဲယဲ့တည်းခိုခန်းမှာ ယဉ်ကျေးမှုဆိုင်ရာညီလာခံအတွက် ကြိုတင်ဖယ်ရှားပေးထားခဲ့သော အခန်းများကို ယခုအခါတွင်မူ ဤကြီးမားလှသော နိုင်ငံခြားခရီးသွားဧည့်သည်အုပ်စုကြီးကို နေရာချထားပေးရန်အတွက် အသုံးချလိုက်တော့သည်။ ထိုခရီးသွားဧည့်သည်အုပ်စုကြီးမှာ အလွန်ပင် ကြီးမားလှသဖြင့် ယုံမြစ်ဒေသနိုင်ငံခြားရေးရာဌာန၏ အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်ခဲ့ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းမေးမြန်းရန်အတွက် ချက်ချင်းပင်ဖုန်းခေါ်ဆိုလာခဲ့သည်။ ထိုကြီးမားလှသော ခရီးသွားဧည့်သည်အုပ်စုကြီးမှာ အမှန်တကယ်ပင် အဖွဲ့လိုက်ခရီးသွားလာခြင်းဖြစ်ကြောင်း သိရှိသွားပြီးသည့် နောက်မှသာ သူတို့၏ပြည်ဝင်ခွင့် လျှောက်ထားလွှာကို အတည်ပြုပေးခဲ့ကြလေ၏။

စုဟယ်သည်လည်း ကတ်ဇာတ်ကောင်များအားလုံးနှင့်အတူ ကြုံတောင့်ကြုံခဲလှသော စုပေါင်းအစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့သည်။ ပုံမှန်အားဖြင့် ကတ်ဇာတ်ကောင်များသည် မိမိတို့ကိုယ်ပိုင်အလုပ်များဖြင့် အလုပ်ရှုပ်နေကြလေ့ရှိပြီး မိမိတို့စတူဒီယိုများထဲတွင် အချင်းချင်း အပြန်အလှန်ဆက်သွယ်မှု သိပ်မရှိကြချေ။

ဟုန်လျန်သည် မီးဖိုချောင်ထဲတွင် လက်ဖက်ရည်နှင့် တွဲဖက်စားသုံးမည့် မုန့်ပွဲအသစ်များကို တီထွင်ဖန်တီးရန် အလုပ်ရှုပ်နေပြီး မစ္စကျိမှာမူ ကောင်းချီးပေးခြင်း အခမ်းအနားများနှင့် စိုက်ပျိုးရေးခြံအလုပ်များအတွက် အချိန်ဇယားများပြည့်နှက်လျက်ရှိနေကာ ဝက်သစ်ချပင်မှာမူ နောက်ဖေးဥယျာဉ်ထဲတွင်သာ ပုန်းအောင်းနေပြီး ဘယ်မှမရွေ့လျားချင်ဘဲ ရှိနေသည်။ အေးအေးဆေးဆေးနှင့် လူအများကြား မနေတတ်သော ချန်းသည် ရေကူးနည်းပြအဖြစ် သူ့အလုပ်ကို အလွန်ပင် မြတ်နိုးလှ၏။ သူသည် မည်သည့် မျက်ရည်မျှစီးကျစရာမလိုဘဲ မည်သည့် အကျဉ်းထောင်ထဲတွင်မှ ပိတ်လှောင်ခံရခြင်းမရှိဘဲ အစားအစာများကို ရှာဖွေကျွေးမွေးနိုင်မည့် မိမိစွမ်းရည်များကို အသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ထိုအခွင့်အရေးကို အလွန်တရာတန်ဖိုးထားလှပေသည်။ သူသည် နေ့စဉ် အလုပ်လုပ်ရာတွင် စွမ်းအင်များ အပြည့်အဝရှိနေတတ်ပြီး ဧည့်သည်တစ်စုပြီးတစ်စုကို သင်ကြားပြသပေးပြီးသည့် နောက်တွင်ပင် ရေထဲ၌ ကြီးမားသောစွမ်းအင်များဖြင့် ဆယ်ပတ်ခန့်ကို ဆက်လက်၍ အေးအေးဆေးဆေးကူးခတ်နိုင်ဆဲဖြစ်သည်။

တရားမဝင် ဝင်ရောက်လာသူတစ်ဦး ဖြစ်နေသော ရေဘဝဲမိစ္ဆာသည် အလွန်အမင်းကြိုးစားအားထုတ်၍ အလုပ်လုပ်ကိုင်ရှာသည်။ သူသည် အနှိပ်ဝန်ဆောင်မှုပေးသည့် အချိန်များတွင် တစ်ခါမျှပျင်းရိနေခြင်းမရှိဘဲ မိမိလက်များ၊ ခြေထောက်များနှင့် ရေဘဝဲလက်တံများကိုပါ အစွမ်းကုန်အသုံးပြုပြီး လုပ်ငန်းထဲသို့နှစ်မြှုပ်ထားတတ်၏။ ထို့ကြောင့်ပင် သူသည် ဟဲယဲ့တည်းခိုခန်း၏ အလှအပနှင့် ခန္ဓာကိုယ်ထိန်းသိမ်းရေးစင်တာတွင် အမှတ်အသားတစ်ခုကဲ့သို့ဖြစ်သော အကောင်းဆုံး အနှိပ်ပညာရှင်တစ်ဦးအဖြစ် လူအများ၏အသိအမှတ်ပြုခြင်းကို လျင်မြန်စွာရရှိခဲ့လေသည်။ ယခုအခါတွင်မူ သူသည် အနှိပ်သင်တန်းဆရာအဖြစ် ရာထူးတိုးမြှင့်ခြင်းခံထားရပြီး သင်တန်းသားများကိုပင် စတင်လေ့ကျင့်သင်ကြားပေးနေပြီ ဖြစ်သည်။ လူတိုင်းမှာ သူ့ကို ဆရာကျန်းဟုလေးစားသမှုဖြင့် ခေါ်ဆိုကြသည်။

ရေဘဝဲမိစ္ဆာ၏ လက်တံများကို အများရှေ့တွင် ထုတ်ဖော်ပြသ၍မရနိုင်သော်လည်း သူ့အနှိပ်စွမ်းရည်မှာမူ အနည်းငယ်မျှ လိုအပ်ချက်ရှိမနေပေ။ သူသည် ဧည့်သည်များကို စိတ်အာရုံ အပြည့်အဝနှစ်မြှုပ်သွားအောင် စွမ်းဆောင်နိုင်သဖြင့် သူ့ဝန်ဆောင်မှုမပါဘဲ မနေနိုင်လောက်အောင်အထိဖြစ်စေသည်။ ယခုကဲ့သို့ ညနေပိုင်းအလုပ်အရှုပ်ဆုံးအချိန်များတွင်မူ ရေဘဝဲမိစ္ဆာထံမှ အနှိပ်ဝန်ဆောင်မှုရရှိနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းယူထားကြရပေ၏။ ရေဘဝဲမိစ္ဆာသည် စနစ်မှ သတ်မှတ်ထားခဲ့သော ကန့်သတ်ချက် အခြေအနေများကို လုံးဝမေ့လျော့သွားခဲ့ပြီဖြစ်သည်။ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရရန်အတွက် ဧည့်သည်များထံမှ ကောင်းမွန်သော ပြန်လည်သုံးသပ်ချက် (၁၀၀,၀၀၀)ရရှိရမည်ဟူသော ကတိကဝတ်ကိုလည်း အဝေးကြီးတွင် ကျန်ရစ်ခဲ့ချေပြီ။ အမြဲတမ်းဝန်ထမ်းနှင့် စာချုပ်ချုပ်ဆိုထားသော ဝန်ထမ်းအကြားတွင် မည်သည့် ထူးခြားသော ကွာခြားချက်မျှရှိမနေတော့ပါချေ။ သူသည် ဟဲယဲ့တည်းခိုခန်း၏ဘဝအပေါ်တွင် အလွန်အမင်း စိတ်ကျေနပ်မှုရှိနေသည်။ မည်သည့်တိုက်ခိုက်သတ်ပုတ်ရမည့် အန္တရာယ်မျိုးမှမရှိသည့်အပြင် ထိုနေရာရှိ လူတိုင်းက သူ့ကို "ဆရာ"ဟု ခေါ်ဆိုကြသေးသည်။

ယွမ်ဒန်းချူးသည် လတ်တလောတွင် သုတေသန လမ်းကြောင်းအသစ်တစ်ခုကို စတင်တည်‌ဆောက်နေခဲ့သည်။ သူသည် ဆံပင်ပေါက်ဆေးထုတ်လုပ်သည့် လုပ်ငန်းစဉ်များကို လျိုနန၊ လီရှီး နှင့် ကျိုးရှို့တို့ထံသို့ လွှဲပြောင်းပေးအပ်ထားခဲ့ပြီဖြစ်၏။ သူသည် ရှောင်ရှီးထံမှ စိတ်ကူးစိတ်သန်းများကိုရရှိခဲ့ပြီး လူသားတို့၏ခန္ဓာကိုယ်ထဲမှ စိုထိုင်းဆ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိုထိုင်းဆစုပ်ကပ်ခွာတစ်ခုကို သုတေသနပြုတီထွင်နေခဲ့သည်။ လျိုနနနှင့် အခြားသောလူများမှာလည်း ၎င်းကိုစိတ်လှုပ်ရှားစွာဖြင့် အပြည့်အဝသဘောတူညီကြပြီး စိုထိုင်းဆကို ဖယ်ရှားခြင်းသည် တရုတ်လူမျိုးများအတွက် တစ်သက်တာလုံး ရင်ဆိုင်ရမည့်ပြဿနာတစ်ခု ဖြစ်ကြောင်းဆိုကြ၏။ ခန္ဓာကိုယ်တွင်း စိုထိုင်းဆအလွန်အမင်း များပြားလာပါက ခန္ဓာကိုယ်တွင် အဆီပြန်ခြင်းနှင့် ဖောရောင်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အဝလွန်ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပေသည်။ ထို့ကြောင့် နောင်လာမည့် ဈေးကွက်မှာ အလွန်တရာကြီးမားကျယ်ပြန့်လှပေ၏။

ရှောင်ရှီးသည် ယွမ်ဒန်းချူး၏ သုတေသနလုပ်ငန်းများအတွက် သူ၏နေမင်းစစ်မှန်သောမီးတောက်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ထည့်ဝင်ပံ့ပိုးပေးရန်ဆန္ဒရှိခဲ့သည်။ အကြောင်းမှာ ယွမ်ဒန်းချူး စိုထိုင်းဆစုပ်ကပ်ခွာ ထုတ်ကုန်ပစ္စည်းများပေါ်တွင် ရှောင်ရှီး၏ပုံတူရုပ်ပုံလွှာကို ရိုက်နှိပ်ပေးမည်ဟု ကတိပြုထားခဲ့ပြီး ၎င်းမှာခြေသုံးချောင်းပါရှိသော ရုပ်ပုံမျိုးပင်ဖြစ်နေသောကြောင့်ဖြစ်၏။ လတ်တလောတွင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား လုပ်ငန်းလောကကြီးကျဆင်းနေခဲ့ခြင်းနှင့်အတူ တိရစ္ဆာန်သရုပ်ဆောင်များအတွက်ရရှိနိုင်မည့် ဇာတ်ကောင်နေရာများမှာလည်း အကန့်အသတ်ရှိနေခဲ့ရာ ရှောင်ရှီးသည် သူ့ကျော်ကြားမှု အရှိန်အဟုန် မှေးမှိန်သွားမည့် အခြေအနေကို လုံးဝလက်မခံလိုဘဲ ပြောင်းလဲမှုများနှင့် လူအများ၏အသိအမှတ်ပြုမှုကို ထပ်မံရရှိနိုင်မည့်နည်းလမ်းအသစ်များကို တက်ကြွစွာ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

ရှောင်ရှီး မနာလိုဆုံးနှင့် အားကျရဆုံးသောလူမှာမူ သေချာပေါက် ဝေဖုန်းယီ ပင်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုများကြောင့် ဝေရန်ဖုန်းယီ၏ ကျော်ကြားမှုမှာ နေ့စဉ်နှင့်အမျှ တိုးတက်မြင့်မားလာနေခဲ့ပြီး ဝေမိသားစု၏တပည့်ဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့၏။ ဝေဖုန်းယီသည်လည်း သင်ကြားရေးလမ်းညွှန်စာအုပ်များနှင့် လက်ရေးလှလေ့ကျင့်ရေးစာအုပ်များကိုပါ စတင်ပြုစုပျိုးထောင်နေခဲ့ပြီဖြစ်သည်။ အကယ်၍ ၎င်းတို့ကို အောင်မြင်စွာထုတ်ဝေနိုင်ခဲ့မည်ဆိုပါက ဝေဖုန်းယီသည် သင်ကြားရေးလောက၏ထူးချွန်သူများဖြစ်ကြသော ရွှီကျိရှင်းနှင့် ဝမ်ဟောက်ရှုံတို့ကဲ့သို့သော်လည်းကောင်း သို့မဟုတ် လက်ရေးလှလောက၏ ထိပ်သီးများဖြစ်ကြသော ထျန်းရင်းကျန်းနှင့် ဖန်ကျုံးဟွာတို့ကဲ့သို့သော်လည်းကောင်း ကျော်ကြားလှသော လူတစ်ဦးဖြစ်လာနိုင်ပေသည်။

အချို့သောလူများသည် ကျော်ကြားမှုကို ငတ်မွတ်တောင်းတနေကြသော်လည်း အချို့မှာမူ ထိုအရာများအပေါ်တွင် လုံးဝစိတ်ဝင်စားခြင်းမရှိကြချေ။ ရက်ကန်းအလုပ်ရုံရှိနေခြင်းနှင့်အတူ မီနာခံစားရသည်မှာ ကမ္ဘာပေါ်တွင် ထိုနေရာထက် ပိုမိုကောင်းမွန်သော နေရာမျိုးမရှိနိုင်တော့ဟူ၍ဖြစ်သည်။ ဤနေရာတွင် ကုန်ကြမ်းပစ္စည်းများကို အဆုံးအစမရှိ ထောက်ပံ့ပေးထားသည့်အပြင် သူမသည် လူအများ၏လေးစားသမှုကိုလည်း ရရှိထားသေး၏။ သူမ သင်တန်းပို့ချပေးသည့်အချိန်တိုင်းတွင် အောက်ခြေ၌ ထိုင်နေကြသော ရက်ကန်းပညာရပ်ကို စတင်လေ့လာခါစ လူငယ်လေးများ၏ ထက်သန်စူးစိုက်နေသောမျက်ဝန်းများကို မြင်တွေ့ရသည့်အခါတိုင်း သူမသည် အလုပ်လုပ်ရန်အတွက် စိတ်အားထက်သန်မှုများ တဖန်ပြန်လည် မွေးဖွားလာရစမြဲ ဖြစ်သည်။ ရက်ကန်းပညာရပ်အပေါ်တွင် ပိုမိုနက်ရှိုင်းသော စိတ်ဝင်စားမှုရှိကြသည့် သုံးစွဲသူဧည့်သည်များသည် ကိုယ်ပိုင်ဂရုချက်တစ်ခုကို ဖန်တီးခဲ့ကြပြီး ထိုနေရာတွင် ဇာပန်းထိုးခြင်း၊ ပိုးစာပင်စိုက်ပျိုးပြီး ပိုးကောင်မွေးမြူခြင်းနှင့် အခြားသောရက်ကန်းဆိုင်ရာ အကြောင်းအရာများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးလေ့ရှိကြသည်။ မီနာသည်လည်း ဤကဲ့သို့သော ရက်ကန်းပညာရှင်များအတွက် အဆင့်မြင့်သင်တန်းတစ်ခုကို အပတ်စဉ်ပို့ချပေးရန်အတွက် ဆုံးဖြတ်လိုက်လေ၏။

တုကန်မှာမူ မိမိကိုယ်တိုင်အရက်ချက်လုပ်သည့် လုပ်ငန်းစဉ်ထဲတွင်သာ အာရုံစိုက်နေခဲ့ပြီး နေ့စဉ်နှင့်အမျှ အရက်ချက်နည်းဖော်မြူလာအသစ်များကိုသာ တွေးတောနေခဲ့ကာ အခြားသောအရာအားလုံးကိုမူ လုံးဝဂရုမစိုက်ဘဲ ထားရှိခဲ့သည်။ လတ်တလောတွင် သူသည် အော်ဒါများကို လက်ခံခြင်းမရှိသလောက်ပင် နည်းပါးသွားခဲ့ပြီ ဖြစ်၏။ သို့သော်လည်း သူချက်လုပ်ထားသော ပြောင်းဖူးအရက်မှာမူ ယခုအခါတွင် ဟဲယဲ့တည်းခိုခန်း၌မဖြစ်မနေ မှာယူသုံးဆောင်ရမည့် အရာအသစ်တစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။ ဒုတိယထပ်ရှိတည်းခိုခန်း၏ တည်ခင်းဧည့်ခံပွဲခန်းမတွင် ဧည့်သည်များကို ဖိတ်ကြားဧည့်ခံကြသော လူကြီးမင်းများသည် တုကန်၏ ပြောင်းဖူးအရက်တစ်ပုလင်းကို သေချာပေါက်မှာယူလေ့ရှိကြသည်။ ယခုအခါတွင်မူ အချို့သောဝိုင်ချက်လုပ်ရေးလုပ်ငန်းစုကြီးများမှာပင် တုကန်၏ ပြောင်းဖူးအရက်ကို သီးသန့် အမှတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ သူ့ထံသို့လာရောက် ကမ်းလှမ်းနေကြပြီဖြစ်၏။ ကတ်ဇာတ်ကောင်များ အားလုံးစုံစုံလင်လင် ရောက်ရှိလာကြသည်ကို မြင်တွေ့လိုက်ရသောအခါ စုဟယ်သည် စိတ်ထဲတွင် ယုံကြည်ချက်များအပြည့်အဝရှိလာခဲ့ရသည်။

"နိုင်ငံခြားခရီးသွားဧည့်သည်အုပ်စုက မကြာခင် ရောက်လာတော့မှာ၊ ဒီတစ်ခေါက်ရောက်လာမယ့် ဧည့်သည်အများစုက တရုတ်စကားကိုမပြောတတ်ကြဘူး ဒါပေမဲ့ ကျွန်မတို့အနေနဲ့ သူတို့အတွက်ပိုကောင်းပြီး ပိုထူးခြား ထင်ရှားတဲ့ ဝန်ဆောင်မှုမျိုးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်၊ ပြီးတော့ ကျွန်မတို့အနေနဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးညီလာခံကြီးကို လက်ခံကျင်းပခွင့်မရခဲ့ဘူးဆိုပေမယ့် ကျွန်မတို့ရဲ့ အမည်နာမကိုတော့ လူသိရှင်ကြားကျော်ကြားအောင် စွမ်းဆောင်နိုင်ခဲ့ပြီးပါပြီ၊ စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း သူတို့ရဲ့နှစ်ပတ်လည် အစည်းအဝေးပွဲတွေကို ကျွန်မတို့တည်းခိုခန်းမှာ ကျင်းပနိုင်မလားဆိုပြီး လာရောက်စုံစမ်းမေးမြန်းနေကြပါပြီ၊ အခုအချိန်က ကျွန်မတို့ရဲ့ဂုဏ်သတင်းကို ပိုပြီးတည်ဆောက်ဖို့အတွက် အကောင်းဆုံးအချိန်အခါပဲ ဖြစ်ပါတယ်၊ အားလုံးပဲ ဆက်ပြီး ကြိုးစားပေးကြပါဦး"

စုဟယ် လူတိုင်းကိုစိတ်အားထက်သန်စွာဖြင့် တိုက်တွန်းအားပေးလိုက်လေသည်။ အနာဂတ်၏စီမံကိန်းမြေပုံအသစ်ကြီးတစ်ခုမှာ လူတိုင်းရှေ့မှောက်တွင် ဖြည်းညှင်းစွာဖြင့် စတင်အကောင်အထည်ပေါ်လာနေခဲ့ပြီ ဖြစ်တော့သည်။

............ပြီးပါပြီ ............

စာရေးသူ၏ စကားလက်ဆောင်

အစပိုင်းတုန်းကတော့ ပထမတွဲအပိုင်းနဲ့တင် ဒီဇာတ်လမ်းကို အဆုံးသတ်ဖို့ စီစဉ်ထားခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော်ရဲ့ ချစ်လှစွာသော စာဖတ်ပရိသတ်တွေရဲ့ အားပေးစကားတွေကြောင့်သာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး နောက်ထပ် စာလုံးရေ (၂၂၀,၀၀၀) အထိ ထပ်မံဖြည့်စွက်ရေးသားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဒုတိယအကြိမ်မြောက် သက်ရှိထင်ရှားဖြစ်တည်ခွင့်ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိရုံမှတစ်ပါး အခြားမရှိပါဘူး။

ဒီဇာတ်လမ်းလေးကတော့ ဒီနေရာမှာတင် တကယ့်ကိုပြီးပြည့်စုံစွာ အဆုံးသတ်သွားခဲ့ပါပြီ။ ဟဲယဲ့တည်းခိုခန်းရဲ့ ကျော်ကြားမှု အရှိန်အဟုန်က တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် ကြီးမားလာဦးမှာဖြစ်ပြီး၊ စုဟယ်အနေနဲ့ ကတ်ပြားဇာတ်ကောင်တွေကို ဦးဆောင်ပြီး ပိုမိုပြင်းထန်လှတဲ့ ကြယ်ပွင့်အဆင့်အထိ လျှောက်လှမ်းနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဘယ်သူသိနိုင်မလဲ၊ တစ်နေ့နေ့မှာ ကျွန်တော်ကိုယ်တိုင် ဟဲယဲ့တည်းခိုခန်းမှာ တကယ်သွားပြီးတည်းခိုနေထိုင်နေမိမလားဆိုတာကိုပေါ့ ဟီးဟီး

All Chapters