အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃) သမီး တကယ် လုပ်နိုင်ပါ့မလား
ကျိုးချန်ယဲ့သည် ပြုံးလျက် ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် ပိုက်ကွန်အိတ်ထဲမှ မုန့်များကို တစ်ခုချင်းစီ ထုတ်ယူကာ သပ်သပ်ရပ်ရပ် ခင်းကျင်းလိုက်လေ၏။ အခန်းတစ်ခုလုံးမှာလည်း အခိုးအငွေ့များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားခဲ့လေတော့သည်။
"ဒီနေ့မနက် တောင်ပိုင်းကလာတဲ့ ဈေးသည်တစ်ယောက် ဆိုင်ဖွင့်ထားတာနဲ့ တွေ့တာနဲ့ စိတ်ဝင်စားစရာ ကောင်းတာနဲ့ပဲ အများကြီး ဝယ်ခဲ့လိုက်တာ... အားလုံးပဲ ကွမ်းတုံး မနက်ခင်းလက်ဖက်ရည်ရဲ့ အရသာ ကို မြည်းစမ်းကြည့်ဖို့ အခွင့်ကောင်းပဲလေ..."
ထျန်ရှောင်ယာသည် အနားသို့ တိုးကပ်လာပြီး ကပ်စတက်ပေါက်စီလေး တစ်လုံးကို ယူကာ အသာ အယာ ညှစ်ကြည့်လိုက်လေ၏။ ၎င်းမှာ နူးညံ့ပျော့ပြောင်းနေခဲ့ပေသည်။
"ဒီပေါက်စီလေးက တကယ့်ကို သေသပ်လှပတာပဲ... ကြည့်ရတာ အရမ်းကို စားချင်စရာကောင်း တယ်..."
ကျိုးချန်ယဲ့က ပြုံးလျက် အားလုံးအတွက် လက်ဖက်ရည် အသစ်တစ်အိုးကို ငှဲ့ပေးလိုက်လေသည်။
"လက်ဖက်ရည် အဆင်သင့် ဖြစ်ပြီ... သောက်ရင်း စားရင်းနဲ့ အရသာခံကြတာပေါ့..."
"ဒီအီကြာကွေးတွေက တကယ်ကို မွှေးတာပဲ... တစ်ကိုက်ကိုက်လိုက်တာနဲ့ ပါးစပ်ထဲမှာ ဆီနံ့လေးက သင်းနေတာပဲ..."
အမေထျန်သည် အီကြာကွေး တစ်ခုကို ယူကာ အားပါးတရ စားနေသော်လည်း သူမ၏ လေသံထဲတွင်မူ အနည်းငယ် နှမြောတသဖြစ်ဟန် ပါဝင်နေလေသည်။
"နည်းနည်းလေး သေးတယ်နော်... နှစ်ကိုက် သုံးကိုက်နဲ့တင် ကုန်သွားပြီ..."
"ကွမ်းတုံးက အရာတွေက သေသပ်လှပတာကို အဓိကထားတာ... ဒါပေမဲ့ ကျွန်မကတော့ အရှေ့မြောက် ပိုင်းက အရာတွေလောက်တော့ လက်တွေ့မကျဘူးလို့ ထင်တာပဲ..." ဟု အမေကျိုးက ဝင်ပြောလိုက် လေသည်။
"အရသာရှိလိုက်တာ... အရမ်းကို အရသာရှိတာပဲ..."
ကျိုးချန်ရှော့မှာ စားရသောက်ရသည်ကို အလွန်ပင် စိတ်အားထက်သန်နေသဖြင့် အခြားသူများ ပြော ဆိုနေသည်ကိုပင် သတိမထားမိတော့ချေ။
သူသည် ဒုတိယအစ်ကို၏ အိမ်သို့ ရောက်ရှိလာကတည်းက အလွန်အမင်း ပျော်ရွှင်ရမည်ဟု ခံစား နေရလေသည်။
သူ၏ဘေးတွင် ထိုင်နေသော ကျိုးချန်ယွီမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် အားပါးတရ စားနေပြီး စကား ပင် တစ်ခွန်းမှ မပြောနိုင်တော့ဘဲ ဤမနက်စာကို အလွန်ပင် သဘောကျနေပုံရလေသည်။
မနက်စာ စားသောက်ပြီးနောက် အဖေကျိုးနှင့် အမေကျိုးတို့သည် ပီကင်းသို့ လာရောက်ရသည့် အဓိက အကြောင်းရင်းကို နောက်ဆုံးတွင် သတိရသွားကြလေတော့သည်။
အဖေကျိုးသည် သူ၏ချွေးမဖြစ်သူ ထျန်ရှောင်ယာကို ကြည့်လိုက်ပြီး မေးမြန်းလိုက်လေသည်။
"ရှောင်ယာ... သမီးရဲ့ အထည်ချုပ်လုပ်ငန်း အခြေအနေ ဘယ်လိုရှိလဲ..."
ထျန်ရှောင်ယာမှာ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ သူ၏ယောက္ခမက အဘယ်ကြောင့် ဤ အကြောင်းကို ရုတ်တရက် မေးမြန်းရသနည်းဆိုသည်ကို သူမ မသိသော်လည်း ရိုးသားစွာပင် ပြန်လည် ဖြေလိုက်လေသည်...။
"အဖေ... အခုထိတော့ အဆင်ပြေပြေ လည်ပတ်နေပါတယ်... သမီးက အန်တီကြီးတွေနဲ့ ပေါင်းပြီး အဝတ်အထည်တွေ ချုပ်နေတာပါ... အရောင်းပိုင်းကိုတော့ သမီးရဲ့ တတိယအစ်ကိုနဲ့ မရီးတို့ကို လွှဲပေး ထားပါတယ်..."
ဘေးမှ နားထောင်နေသော အမေကျိုးသည် သူမ၏ ယောင်္ကျားဖြစ်သူကို အားမလိုအားမရဖြင့် ကြည့် လိုက်လေ၏။ ဤလူကြီးမှာ သူ၏ ကိုယ်ပိုင်ချွေးမနှင့်ပင် လွန်စွာ စည်းကမ်းကြီးနေဆဲ ဖြစ်လေသည်။
သူမသည် အဖေကျိုးကို လျစ်လျူရှုလိုက်ပြီး ထျန်ရှောင်ယာ၏ လက်ကို တိုက်ရိုက် ဆုပ်ကိုင်ကာ နွေး ထွေးစွာ ပြောလိုက်လေသည်။
"ရှောင်ယာ... အမေ အမှန်အတိုင်း ပြောပြမယ်..."
"အခုအချိန်မှာ စက်ရုံက နွေရာသီဝတ်စုံတွေ ထုတ်လုပ်ဖို့အတွက် အရမ်းကို အလုပ်များနေတာ... အဖေ နဲ့အမေက အလုပ်ကိစ္စနဲ့ ခရီးထွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့မှ သမီးတို့ဆီကို လာကြည့်ခွင့်ရ တာ..."
ထျန်ရှောင်ယာက ပြုံးလိုက်ပြီး အလျင်အမြန်ပင် ပြောလိုက်လေသည်။
"အဖေနဲ့ အမေ လာလည်ဖို့ကို သမီးတို့အားလုံးက မျှော်လင့်နေကြတာပါ..."
အမေကျိုးက ခေါင်းငြိမ့်လိုက်ပြီး တိုက်ရိုက်ပင် ပြောလာခဲ့လေသည်။
"အမေတို့ ဒီကို လာတာက အကြောင်းရင်း နှစ်ခုရှိတယ်... ပထမတစ်ခုက သမီးတို့ကို လာကြည့်တာ ဖြစ်ပြီးတော့ ဒုတိယတစ်ခုကတော့ သမီးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်မလားဆိုတာကို သိချင်လို့ပဲ..."
ဘေးမှ နားထောင်နေသော ကျိုးချန်ယဲ့သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိလေ၏။ သူ၏ မျက်လုံး များထဲတွင် အရာအားလုံးကို သိရှိနားလည်သည့် အရိပ်အယောင်များဖြင့် တောက်ပနေခဲ့တော့သည်။
"ပူးပေါင်းဆောင်ရွက်ဖို့ ဟုတ်လား..."
ထျန်ရှောင်ယာမှာ ခေတ္တမျှ မှင်တက်သွားပြီး ကျိုးချန်ယဲ့ဆီသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိလေ သည်။
ကျိုးချန်ယဲ့သည် သူ၏ဇနီးသည်၏ အကြည့်ကို သိရှိလိုက်ပြီး စိတ်ချစေသည့် အပြုံးတစ်ခုကို ချက်ချင်း ဖော်ပြလိုက်ကာ အသာအယာ ခေါင်းငြိမ့်ပြလိုက်လေ၏။
ထျန်ရှောင်ယာ၏ ရုတ်တရက် စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး ပိုမို၍ စိတ်အေး သွားခဲ့လေသည်။
"ချိုးဟုန်... ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးလဲ..."
ဘေးမှ နားထောင်နေသော အမေထျန်ကလည်း စပ်စုချင်စိတ်ဖြင့် ဝင်မေးလိုက်လေ၏။
ထျန်ရှောင်ယာသည်လည်း အမေကျိုးကို ကြည့်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်လေသည်။
"အမေ... အမေပြောတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ဘယ်လိုမျိုးလဲဟင်..."
အမေကျိုးက သက်ပြင်းချလိုက်ပြီး သူမ၏ မျက်နှာတွင် စိတ်မသက်မသာ ဖြစ်နေသည့် အရိပ်အယောင် များ ပေါ်ပေါက်လာခဲ့လေသည်။
"အမှန်အတိုင်း ပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ စက်ရုံရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေက သိပ်ပြီး မကောင်းလှဘူး..."
"ဒီနှစ် နွေရာသီဝတ်စုံ ထုတ်လုပ်မှုက စက်ရုံအတွက် ယခုနှစ်အတွင်း အကြီးမားဆုံး စီမံကိန်းပဲ... ဈေး ကွက်ထဲမှာ အခြေခိုင်နိုင်မလားဆိုတာက ဒီအခြေအနေပေါ်မှာပဲ မူတည်နေတာ..."
အဖေကျိုးကလည်း ဝင်ပြောလိုက်ပြီး သူ၏ လေသံမှာ ပိုမို လေးနက်လာခဲ့လေသည်။
"စက်ရုံရဲ့ ဒီဇိုင်းတွေက အရင်ကထက် နည်းနည်း ခေတ်နောက်ကျနေပြီး အခုခေတ် လူတွေရဲ့ အကြိုက် ကို မလိုက်နိုင်တော့ဘူး... ဝတ်စုံစတိုင်က ဟောင်းသွားပြီဆိုရင် ရောင်းလို့မထွက်တော့ဘူးလေ..."
"စက်ရုံမှာ အကြာကြီး ဆွေးနွေးပြီးတဲ့နောက်ကျတော့ အမေတို့ သီးသန့်ပဲ လုပ်နေလို့ မရတော့ဘူးဆိုတာ ဆုံးဖြတ်လိုက်ကြတယ်... အပြင်က ဗဟုသုတနဲ့ အမြော်အမြင်ရှိတဲ့သူတွေကို ရှာဖွေပြီး အကူအညီ ရယူဖို့ လိုအပ်လာပြီလေ..."
ထို့နောက် အမေကျိုးသည် ထျန်ရှောင်ယာကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် လေးနက်မှု များဖြင့် ပြည့်နှက်နေခဲ့လေသည်။
"အဖေနဲ့ အမေတို့ ဆွေးနွေးကြတဲ့အခါမှာ သမီးကိုပဲ အရင်ဆုံး သတိရမိကြတာ..."
"သမီးက ကျွမ်းကျင်ပြီး စေ့စပ်သေချာတယ်... သမီး ဖန်တီးတဲ့ အရာတွေက စတိုင်ကျပြီး ဘယ်တော့မှ ခေတ်မနောက်ကျဘူး..."
"အမေတို့ ပီကင်းကို အခုလာတာက စက်ရုံနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိမရှိနဲ့ စတိုင်လ်အသစ်တွေ ဖော်ထုတ်ပေးဖို့ ၊ ဒီဇိုင်းတွေကို ပြင်ဆင်ပေးဖို့ ကူညီနိုင်မလားဆိုတာကို လာမေးတာပါ..."
အမေကျိုး၏ ချီးမွမ်းမှုကို ခံလိုက်ရသောအခါ ထျန်ရှောင်ယာ၏ မျက်နှာမှာ ပထမဆုံး နီမြန်းသွားပြီး နောက် အနည်းငယ် ပျာယာခတ်သွားခဲ့လေ၏။ သူမ၏ လက်ချောင်းများမှာ သူမဝတ်ထားသော အင်္ကျီ အနားသတ်ကို မသိစိတ်ဖြင့် ဆုပ်ကိုင်ထားမိပြီး သူမ၏ အသံမှာ ပိုမို တိုးညှင်းသွားခဲ့လေသည်။
"အမေ... အမေက သမီးကို အထင်ကြီးလွန်းနေပါပြီ..."
သူမသည် ခေါင်းငုံ့လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။
"သမီးမှာ အဲ့လောက် ကြီးမားတဲ့ အရည်အချင်းမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲဟင်..."
အမေကျိုးမှာ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။
"အဲ့လို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သမီး ချုပ်ပေးလိုက်တဲ့ အဝတ်တွေက စတိုင်ကျပြီး သေသပ်လှပ လွန်းနေတာပဲ... မိသားစုဝင်းထဲက လူတိုင်းက မြင်ရတဲ့အခါ အရမ်းကို အားကျနေကြတာလေ..."
ထျန်ရှောင်ယာသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး အမှန်အတိုင်း ပြောပြလိုက်လေသည်။
"တကယ်တော့... တကယ်တော့ အဲ့ဒီ ဒီဇိုင်းတွေက သမီးရဲ့ ကိုယ်ပိုင် စိတ်ကူးတွေ မဟုတ်ပါဘူး..."
ဤစကားကို ကြားလိုက်သောအခါ ရှိနေကြသူ အားလုံးမှာ မှင်တက်သွားခဲ့ကြလေတော့သည်။
အမေထျန်က သူမ၏ သမီးမှာ ရှက်နေပြီး ဝန်ခံရန် ဝန်လေးနေသည်ဟု ထင်မှတ်သဖြင့် အခြေအနေကို အမြန်ပင် ထိန်းသိမ်းလိုက်လေသည်။
"ဒီကလေးမလေးကတော့... ဘာတွေ လျှောက်ပြောနေတာလဲ..."
"သမီး လျှောက်ပြောနေတာ မဟုတ်ပါဘူး..."
ထျန်ရှောင်ယာက သူမ၏ မျက်လုံးများကို ပင့်ကြည့်လိုက်ရာ သူမ၏ အကြည့်မှာ ကျိုးချန်ယဲ့ထံသို့ အသာအယာ ကျရောက်သွားခဲ့လေသည်။ ထိုအကြည့်ထဲတွင် မှီခိုအားထားမှုနှင့် ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုတို့ ပါဝင်နေလျက်ရှိပေသည်။
"တကယ်ပါ... အာယဲ့ကပဲ ကနဦး နမူနာတွေနဲ့ နောက်ပိုင်း ပုံကြမ်းတွေကို ထုတ်ပေးခဲ့တာပါ..."
"သမီးက သူညွှန်ကြားတဲ့အတိုင်း အသေးစိတ်အချက်အလက် အချို့ကိုပဲ ပြောင်းလဲခဲ့တာပါ..."
သူမ ပြောဆိုရင်း အသံမှာ တဖြည်းဖြည်း တိုးသွားခဲ့လေသည်။
"တကယ်လို့ သမီးသာ စက်ရုံနဲ့ ပူးပေါင်းပြီး စတိုင်အသစ်တွေ ဖော်ထုတ်ဖို့နဲ့ ဒီဇိုင်းပြင်ဖို့ သီးသန့် လုပ်ရ မယ်ဆိုရင်... သမီး ကောင်းကောင်း မလုပ်နိုင်ဘဲ စက်ရုံရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို နှောင့်နှေးသွားစေ မှာကို စိုးရိမ်မိပါတယ်..."
ကျိုးချန်ယဲ့သည် တိတ်ဆိတ်စွာ နားထောင်နေခဲ့လေ၏။ သူမ၏ ယုံကြည်မှု ကင်းမဲ့နေသည်ကို မြင်ရ သောအခါ သူ၏ မျက်ခုံးများမှာ အနည်းငယ် ပြေလျော့သွားခဲ့လေသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ ဇနီးသည်၏ လက်ကို အသာအယာ ဆုပ်ကိုင်ထားလိုက်လေသည်။
သူ၏ လက်ဖဝါးမှာ နွေးထွေးနေပြီး ဆုပ်ကိုင်ထားမှုမှာ ခိုင်မာလှသဖြင့် ထျန်ရှောင်ယာ၏ ထိတ်လန့်နေ သော စိတ်နှလုံးကို ချက်ချင်းပင် အနည်းငယ် တည်ငြိမ်သွားစေခဲ့လေသည်။
"အသည်းယားစရာ ဇနီးလေးရယ်... ဘာတွေ လျှောက်ပြောနေတာလဲ..."
ကျိုးချန်ယဲ့၏ အသံမှာ မကျယ်လောင်သော်လည်း အလွန်ပင် ရှင်းလင်းလှလေသည်။
"အဲ့ဒီ ဒီဇိုင်းတွေက မင်းရဲ့ ကိုယ်ပိုင် မဟုတ်ဘူးလို့ ဘယ်သူက ပြောလဲ..."
ထျန်ရှောင်ယာက သူ့ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ဝေခွဲမရဖြစ်မှုများဖြင့် ပြည့်နှက် နေခဲ့လေသည်။
"ဟုတ်တယ်လေ... ရှင်ကပဲ ကနဦး နမူနာတွေနဲ့ ဒီဇိုင်းပုံစံတွေကို ထုတ်ပေးခဲ့တာ မဟုတ်လား..."
"ဟုတ်တယ်... ကိုယ်ပဲ အရင်ဆုံး ထုတ်ပေးခဲ့တာလေ..."
ကျိုးချန်ယဲ့က သူမအား စိတ်ရှည်စွာ ရှင်းပြလိုက်ရာ သူ၏ လေသံမှာ ကလေးတစ်ဦးကို ချော့မြှူနေ သကဲ့သို့ နူးညံ့လှလေသည်။
"ဒါပေမဲ့ နောက်ပိုင်း ဒီဇိုင်းတွေကိုတော့ မင်းကိုယ်တိုင်ပဲ ရှာဖွေဖော်ထုတ်ခဲ့တာလေ..."
"ကိုယ်က ကူညီခဲ့တယ်ဆိုရင်တောင် အကြံဉာဏ် အချို့ ပေးခဲ့တာပဲ ရှိတာပါ..."
"စက္ကူပေါ်က မျဉ်းကြောင်းတွေကို လူတစ်ယောက် ဝတ်ဆင်နိုင်တဲ့ လှပတဲ့ အဝတ်အထည်တွေ ဖြစ်လာ အောင် ပြောင်းလဲဖို့ဆိုတာ စေ့စပ်သေချာတဲ့ လက်မှုပညာ၊ အပ်ချက်တစ်ချက်ချင်းစီ၊ အရာတစ်ခုချင်းစီ အပေါ်မှာ မူတည်နေတာလေ..."
သူက ခေတ္တမျှ ရပ်နားလိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ တစ်လုံးချင်းစီ လေးနက်စွာ ပြောလိုက်လေသည်...။
"ကိုယ်က မင်းကို နည်းနည်းပါးပါး လမ်းညွှန်ပေးခဲ့တာပဲ ရှိတာပါ... မင်းကပဲ ဒီအရာတွေကို အသက် ဝင်လာအောင် ဖန်တီးခဲ့တာလေ... မင်းမရှိဘူးဆိုရင် ဒီစိတ်ကူးတွေက စက္ကူပေါ်က မျဉ်းကြောင်းတွေပဲ ဖြစ်နေမှာပေါ့..."
အမေကျိုးနှင့် အဖေကျိုးတို့က ဘေးမှ နားထောင်နေကြပြီး နှစ်ဦးစလုံး၏ မျက်နှာတွင် သိရှိနားလည် သည့် နူးညံ့သော အပြုံးများ ပေါ်ပေါက်နေခဲ့ကြလေသည်။
ထျန်ရှောင်ယာမှာမူ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်လေသည်။
"ဒါပေမဲ့... ဒါပေမဲ့ ကျွန်မက အဲ့ဒီလို စက်ရုံကြီးအတွက် တစ်ခါမှ ဒီဇိုင်းမဆွဲဖူးဘူးလေ... တကယ်လို့ ကောင်းကောင်း မလုပ်နိုင်ဘဲ ရောင်းလို့ မထွက်ခဲ့ရင် အဖေနဲ့ အမေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာ မဟုတ်လား..."
"ဘယ်သူကများ စက်ရုံအတွက် ဒီဇိုင်းဆွဲရမယ်ဆိုတာကို မွေးကတည်းက သိနေမှာလဲ..."
ကျိုးချန်ယဲ့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူမ၏ ပါးပြင်ကို သူ၏ လက်ချောင်းလေးဖြင့် အသာအယာ ပွတ်သပ်လိုက်လေသည်။
"အဲ့ဒီတုန်းက ဈေးသွားရောင်းဖို့တောင် မင်းက စိုးရိမ်နေခဲ့တာလေ... ဒါပေမဲ့ အခုတော့ မင်းက အရည်အချင်းရှိတဲ့ သူဌေးမလေး ဖြစ်နေပြီ မဟုတ်ဘူးလား..."
သူ၏ နူးညံ့သော်လည်း ခိုင်မာသော မျက်လုံးများကို ကြည့်ရင်း ထျန်ရှောင်ယာသည် သူမ၏ စိုးရိမ် ပူပန်မှုများ တဖြည်းဖြည်း ပြေလျော့သွားသည်ကို ခံစားလိုက်ရလေ၏။
သူမသည် ရှိုက်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်လေသည်။
"တကယ်ပဲ... ကျွန်မ တကယ် လုပ်နိုင်ပါ့မလား..."
ကျိုးချန်ယဲ့က သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ရာ သူ၏ အကြည့်မှာ နူးညံ့သော်လည်း ခိုင်မာ လှလေသည်။
"သေချာပေါက် လုပ်နိုင်တာပေါ့..."
အခန်း (၁၁၄) ဤဒီဇိုင်းသည် အကောင်းဆုံးပင် ဖြစ်လေသည်
ဤအခြေအနေကို မြင်လိုက်ရသောအခါ အမေကျိုးသည် အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်လိုက်ပြီး သူမ၏ လေသံမှာ ပိုမို လေးနက်လာခဲ့လေသည်...။
"ရှောင်ယာရယ်... အားနာမနေပါနဲ့... အမေတို့က သမီးရဲ့ ဉာဏ်ကောင်းမှုနဲ့ လက်ရာ သေသပ်မှုကို တန်ဖိုးထားတာပါ..."
"ဒီတစ်ခါတော့ စက်ရုံကို ကူညီဖို့ အမေ့ကို ကတိပေးလိုက်ပါ... ဒါက သမီးအတွက်လည်း အကျိုးရှိ စေမှာပါ..."
ထျန်ရှောင်ယာသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျိုးချန်ယဲ့ကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ မရှိတော့ဘဲ ပိုမို ယုံကြည်မှုရှိလာသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့လေသည်။ သူမသည် အသာအယာ ခေါင်းငြိမ့်လိုက်ပြီး...၊
"ဒါဆိုရင်... သမီး စမ်းကြည့်ပါ့မယ်..."
ထျန်ရှောင်ယာက "ဒါဆိုရင် သမီး စမ်းကြည့်ပါ့မယ်" ဟု တိုးညှင်းစွာ ပြောလိုက်သည်နှင့် အမေကျိုး၏ မျက်နှာတွင် ပြုံးပန်းများ ချက်ချင်း ဝေဆာသွားခဲ့လေသည်။ သူမသည် ရှေ့သို့ တိုးကာ ထျန်ရှောင်ယာ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အသာအယာ ပုတ်ပေးလိုက်လေသည်...။
"လိမ္မာလိုက်တဲ့ သမီးလေး... တကယ်ကို လိမ္မာတဲ့ သမီးလေးပါပဲ... သမီးက အခုလို ပြောလိုက်တော့မှပဲ အမေလည်း စိတ်အေးသွားရတော့တယ်..."
အဖေကျိုးသည်လည်း ခေါင်းငြိမ့်၍ ထောက်ခံလိုက်ပြီး သူ၏ မျက်နှာတွင် တွေ့ရခဲသော စိတ်အေးသွား သည့် အပြုံးမျိုး ပေါ်လွင်နေခဲ့လေတော့သည်...။
"ကျိုးချန်ယဲ့မှာ အမြင်ရှိတယ်... သူ လက်ထပ်ထားတဲ့ ဇနီးက အမြော်အမြင်ရှိပြီး အရည်အချင်းလည်း ရှိတာပဲ..."
"စက်ရုံက ကိစ္စတွေအတွက်တော့ စိတ်မပူပါနဲ့... အဖေတို့က ရှောင်ယာ့ကို ဘာမှ အခက်အခဲ မဖြစ်စေ ရပါဘူး..."
လူကြီးနှစ်ဦး၏ ချီးမွမ်းစကားများကြောင့် ထျန်ရှောင်ယာ၏ ပါးပြင်များမှာ နီမြန်းသွားခဲ့ပြီး သူမ အနည်း ငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့လေသည်။ သူမသည် အားကိုးရဆုံးသော အားကိုးရာတစ်ခုကို ရှာတွေ့ သွားသည့်အလား ကျိုးချန်ယဲ့၏ အနားသို့ တိတ်တဆိတ် တိုးကပ်သွားခဲ့လေသည်။
ကျိုးချန်ယဲ့က သူမကို ငုံ့ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်နေခဲ့ပြီး သူမ၏ လက်ကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေးခဲ့လေသည်...။
"အဖေနဲ့ အမေ... စက်ရုံမှာ အချိန်ကလည်း နည်းသလို အလုပ်တွေလည်း များနေတယ်ဆိုတာ သား သိပါတယ်..."
သူသည် သူ၏ မိဘများကို ကြည့်လိုက်ပြီး သူ၏ အသံမှာ နူးညံ့သော်လည်း ရှင်းလင်းလှပေသည်...။
"ဒါပေမဲ့... ရှောင်ယာ့ကို အရောင်းပမာဏ ပြည့်မီဖို့ ဒါမှမဟုတ် အချိန်သတ်မှတ်ချက်တွေနဲ့ ဖိအားမပေး စေချင်ဘူး... သူ့ကို နမူနာဝတ်စုံ ပထမအသုတ်ကို စိတ်အေးလက်အေး ချုပ်လုပ်ခွင့် ပေးလိုက်ပါ... သူ အသားကျသွားပြီဆိုမှ ကျန်တာတွေကို ဆက်ပြောကြတာပေါ့..."
အမေကျိုးက ချက်ချင်းပင် သဘောတူလိုက်လေသည်...။
"ကောင်းပြီ... ကောင်ပြီ... သားပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့... အမေတို့က ရှောင်ယာ့ သဘော အတိုင်းပဲ... သမီးကို ဘယ်လိုမှ အလျင်စလို မလုပ်ခိုင်းပါဘူး..."
ထျန်ရှောင်ယာကလည်း တိုးညှင်းစွာ ပြောလိုက်လေသည်...။
"သမီး... သမီးလည်း လက်နှေးမှာ မဟုတ်ပါဘူး... သေသေသပ်သပ် ဖြစ်အောင် လုပ်ပါ့မယ်..."
ကျိုးချန်ယဲ့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူ၏ ဇနီးသည်၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေး လိုက်ကာ နူးညံ့သော လေသံဖြင့် ပြောလိုက်လေသည်...။
"မင်းက လုပ်သမျှ အရာတိုင်းကို အလေးအနက် ထားတတ်တယ်ဆိုတာ ကိုယ် သိတာပေါ့..."
အဖေကျိုးသည် ထရပ်လိုက်ပြီး လည်ချောင်းကို တစ်ချက် ရှင်းလိုက်လေသည်...။
"အဖေ စာတိုက်ကို သွားပြီး စက်ရုံကို ဖုန်းဆက်လိုက်ဦးမယ်... ရှောင်ယာလည်း စိတ်အေးလက်အေးနဲ့ ဒီဇိုင်းပုံစံတွေ ဆွဲနိုင်အောင် ကိစ္စတွေကို အမြန်ဆုံး စီစဉ်လိုက်တာ ပိုကောင်းမယ်..."
ထျန်ရှောင်ယာက အလျင်အမြန် မော့ကြည့်လိုက်ပြီး...၊
"အဖေ... သမီးကြောင့်နဲ့ အဖေ ဒုက္ခများသွားမှာလားဟင်..."
"ဘာဒုက္ခမှ မဟုတ်ပါဘူးကွယ်..."
အဖေကျိုးက လက်ယမ်းပြလိုက်ပြီး သူ၏ လေသံမှာ အလွန်ပင် ယုံကြည်မှုရှိနေခဲ့လေသည်...။
"သမီးမှာ တကယ့် အရည်အချင်းရှိတာပဲ... ဒါက စက်ရုံက တကယ် လိုချင်နေတဲ့ အရာလေ... အဖေက စက်ရုံအတွက် တကယ့် လူတော်တစ်ယောက်ကို ပို့ပေးလိုက်တာပဲလေ..."
ထိုသို့ပြောပြီးနောက် အဖေကျိုးသည် ဖုန်းဆက်ရန်အတွက် အိမ်ထဲမှ ထွက်သွားခဲ့လေတော့သည်...။
စက်ရုံဘက်မှ ကိစ္စအဝဝကို အဖေကျိုးအား လွှဲအပ်လိုက်ပြီးနောက် ထျန်ရှောင်ယာသည် သူမ၏ အခန်း ထဲတွင် အဝတ်အထည် ပုံစံများကို စတင် လေ့လာနေခဲ့လေတော့သည်...။
သူမကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် မိသားစုဝင်များက ကျောက်ခဲလေးကို ခေါ်ဆောင်ကာ ဒုတိယအစ်ကို၏ မုန့်ဆိုင်သို့ သွားရောက်ခဲ့ကြလေသည်...။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏ တတိယအစ်ကိုနှင့် မရီးတို့သည်လည်း ထိုနေရာတွင် ဆိုင်ဖွင့်ထားသဖြင့် ဈေးကွက်အခြေအနေကိုပါ ကြိုတင် လေ့လာရန် ဆုံးဖြတ်ခဲ့ကြလေသည်...။
ထို့ကြောင့် အိမ်တွင် ကျိုးချန်ယဲ့နှင့် ထျန်ရှောင်ယာတို့ ဇနီးမောင်နှံ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေတော့ သည်...။
ထျန်ရှောင်ယာသည် သူမ၏ အခန်းတံခါးကို ပိတ်ထားပြီး လက်ထဲတွင် ကလောင်တံကို ကိုင်ထားသော် လည်း စာရွက်ပေါ်တွင် ရေးခြစ်ရန် တွန့်ဆုတ်နေခဲ့လေသည်...။
ယခင်ကဆိုလျှင် ကျိုးချန်ယဲ့က သူမအား အကြံဉာဏ် အကြမ်းထည်တစ်ခုကို အရင်ပေးလေ့ရှိပြီး သူမ က ထိုအပေါ်တွင် မူတည်၍ ပြောင်းလဲမှုများ ပြုလုပ်လေ့ရှိပေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူမ ကိုယ်တိုင် စမ်းသပ်ကြည့်ချင်နေမိခြင်းဖြစ်လေသည်...။
သို့ရာတွင် သူမကိုယ်တိုင် စဉ်းစားရန် ကြိုးစားလိုက်သောအခါ သူမ၏ စိတ်ထဲတွင် ဘာမှ မရှိသကဲ့သို့ ဗလာဖြစ်သွားခဲ့လေသည်။ သူမ စိတ်ပူလာလေလေ ပို၍ ဇဝေဇဝါ ဖြစ်လာလေလေ ဖြစ်ပြီး နှာခေါင်း ထိပ်တွင်ပင် ချွေးများ စို့လာခဲ့လေသည်...။
ကျိုးချန်ယဲ့သည် ရေနွေးနွေးလေး တစ်ဖန်ခွက်ကို ယူဆောင်လာခဲ့ရာ သူမမှာ မျက်မှောင်ကြုတ်လျက် ကလောင်တံကို ကိုက်ကာ စိတ်ညစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်...။
သူသည် သူမကို အနှောင့်အယှက် မပေးဘဲ ရေဖန်ခွက်ကို သူမ၏ ဘေးတွင် တင်လိုက်ပြီး သူမ၏ အနား တွင် တိတ်တဆိတ် ထိုင်နေလိုက်လေသည်...။
ထျန်ရှောင်ယာသည် သူ၏ အကြည့်ကို သတိပြုမိသွားပြီး ပို၍ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့လေ သည်။
"ကျွန်မက တုံးအလွန်းနေတာလား... အကြာကြီး စဉ်းစားနေတာတောင် ဘာစိတ်ကူးမှ ထွက်မလာဘူး..."
"မတုံးပါဘူး..."
ကျိုးချန်ယဲ့သည် စားပွဲပေါ်ရှိ ခဲတံကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်တွင် ရိုးရှင်းသော လည်ပင်းပုံစံ လေးတစ်ခုကို အသာအယာ ရေးဆွဲလိုက်လေသည်...။
"မင်း စဉ်းစားလို့ မရတာ မဟုတ်ပါဘူး... စဉ်းစားနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တာပါ..."
သူသည် ကလောင်တံကို သူမ၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး...၊
"သာမန်လူတွေ ဝတ်လိုက်ရင် သက်သောင့်သက်သာရှိပြီး ကြည့်ကောင်းမယ့်၊ မင်းကိုယ်တိုင်လည်း သဘောကျတဲ့ အဝတ်အစားမျိုးကိုသာ ဆွဲကြည့်လိုက်ပါ... စက်ရုံအတွက် လုပ်ပေးနေတာလို့ မတွေး ပါနဲ့... မင်းကိုယ်တိုင်အတွက်၊ အမေ့အတွက် ဒါမှမဟုတ် အိမ်နီးချင်း အန်တီကြီးတွေအတွက် ချုပ်ပေး နေတယ်လို့ပဲ တွေးလိုက်ပါ..."
ထျန်ရှောင်ယာသည် ကလောင်တံကို ကိုင်လျက် စာရွက်ပေါ်မှ မျဉ်းကြောင်းလေးကို ကြည့်နေရင်း သူမ ၏ စိတ်နှလုံးထဲမှ ပိတ်ဆို့နေသည်များမှာ ရုတ်တရက် ပွင့်ထွက်သွားခဲ့လေသည်...။
သူမသည် ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး ကလောင်တံထိပ်နှင့် စာရွက်ကို ထိတွေ့ကာ ညင်သာစွာ စတင် ရေးဆွဲလိုက်လေတော့သည်...။
အစပိုင်းတွင် သူမမှာ တွန့်ဆုတ်နေသဖြင့် မျဉ်းကြောင်းများမှာ ကောက်ကွေးနေခဲ့သော်လည်း ရေးဆွဲရင်း နှင့် သူမ၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများကို မေ့လျော့သွားခဲ့လေသည်။ သူမ၏ မျက်စိရှေ့တွင်မူ သူမ အကျွမ်းကျင်ဆုံးနှင့် အသိဆုံးဖြစ်သော အထည်အလိပ်များ၊ မျဉ်းကြောင်းများ၊ ခါးပုံစံနှင့် လည်ပင်း ပုံစံများသာ ရှိနေခဲ့လေတော့သည်...။
ကျိုးချန်ယဲ့သည် သူမ၏ ဘေးတွင် တိတ်တဆိတ် ထိုင်နေပြီး သူမ တွန့်ဆုတ်နေသည့် အခါတိုင်းတွင် အကြံဉာဏ် အချို့ကို တိုးညှင်းစွာ ပေးလေ့ရှိပေသည်...။
"ဒီနေရာမှာ နည်းနည်းလေး ကျဉ်းလိုက်ရင် ခါးပုံစံကို ပိုပြီး ပေါ်လွင်စေလိမ့်မယ်ထင်တယ်..."
"လက်စကကို နည်းနည်း တိုလိုက်ရင် နွေရာသီမှာ ဝတ်ရတာ ပိုပြီး အဆင်ပြေလိမ့်မယ်..."
"အိတ်ပုံစံလေးက တကယ့်ကို နေရာကျတာပဲ...မင်းက အရာရာကို စေ့စေ့စပ်စပ် စဉ်းစားထားတာပဲ..."
…………
ထျန်ရှောင်ယာသည် ဆွဲလေလေ ပို၍ ကျွမ်းကျင်လာလေလေ ဖြစ်ပြီး သူမ၏ မျက်နှာတွင်လည်း အပြုံး တစ်ခု ပေါ်ပေါက်လာကာ မျက်လုံးများမှာလည်း တောက်ပလာခဲ့လေတော့သည်...။
သူမ ကလောင်တံကို ချလိုက်သည့် အချိန်တွင်မူ ပြတင်းပေါက် အပြင်ဘက်၌ မှောင်စပြုနေပြီ ဖြစ်လေ သည်...။
ရိုးရှင်းသော ရှပ်အင်္ကျီ ဂါဝန် ဒီဇိုင်းတစ်ခု ဖြစ်သော်လည်း သန့်ရှင်းသေသပ်ကာ နူးညံ့ပျော့ပြောင်းသည့် အသွင်ကို ဆောင်နေခဲ့လေသည်။ ထိုဒီဇိုင်းမှာ တောက်တောက်ပပ မရှိသော်လည်း သက်သောင့်သက် သာရှိမှုနှင့် ဆန်းသစ်မှုကိုမူ ဖော်ပြနေလျက်ရှိပေသည်...။
ထျန်ရှောင်ယာသည် သူမကိုယ်တိုင် ပြန်ကြည့်ရင်း ဝေခွဲမရဖြစ်နေဆဲပင်...၊
"ဒါက... အဆင်ပြေပါ့မလားဟင်... ရိုးလွန်းနေသလား မသိဘူး..."
ကျိုးချန်ယဲ့က ဒီဇိုင်းပုံကြမ်းကို ကောက်ယူကြည့်လိုက်ရာ သူ၏ အကြည့်မှာ ထိုပုံပေါ်သို့ ကျရောက်သွား ခဲ့ပြီး သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း နူးညံ့လာခဲ့လေသည်…။
သူသည် ထျန်ရှောင်ယာကို ကြည့်လိုက်ပြီး သူ၏ လေသံမှာ အလွန်ပင် နူးညံ့သိမ်မွေ့နေခဲ့ပေသည်။
"ရှောင်ယာ... ဒီ ဒီဇိုင်းက အကောင်းဆုံး ဒီဇိုင်းပါပဲ..."
"ဒါက ကိုယ်ပေးတဲ့ စိတ်ကူး မဟုတ်ဘူး... မင်းကိုယ်တိုင်ပဲ တစ်ချက်ချင်းစီ စဉ်းစားပြီး ဆွဲထားတာ လေ..."
ထျန်ရှောင်ယာသည် ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ ယုံကြည်မှုအပြည့်ရှိသော နူးညံ့သည့် အကြည့်နှင့် ဆုံတွေ့လိုက်ရလေသည်...။
ထိုအချိန်တွင် သူမ၏ စိတ်နှလုံးကို ဖိစီးထားသော ဝန်ထုပ်ဝန်ပိုးကြီးမှာ လုံးဝ ကင်းစင်သွားခဲ့လေ တော့သည်...။
သူမသည် အသာအယာ ပြုံးလိုက်ရာ သူမ၏ မျက်လုံးများမှာ လခြမ်းကွေးလေးများအလား ဖြစ်သွားခဲ့ ပြီး နောက်ဆုံးတွင် မိမိကိုယ်ကိုယ် ယုံကြည်ရဲသွားသည့် အလင်းရောင်လေးများ လွှမ်းခြုံနေခဲ့လေ သည်...။
"အင်း..."
ရက်အနည်းငယ် ကြာပြီးနောက်...၊
အဖေကျိုးနှင့် အမေကျိုးတို့သည် စက်ရုံမှ ကိစ္စများကို စိတ်ပူနေကြပြီး ထျန်ရှောင်ယာ ကိုယ်တိုင် ရေးဆွဲ ချုပ်လုပ်ထားသော ဒီဇိုင်းများနှင့် နမူနာဝတ်စုံများကို အမြန်ဆုံး ယူဆောင်သွားချင်နေကြသဖြင့် ပီကင်း တွင် ဆက်မနေတော့ဘဲ အိမ်ပြန်ရန် ရထားလက်မှတ် ဝယ်လိုက်ကြလေတော့သည်...။
မထွက်ခွာမီ တစ်ညတွင် ကျိုးချန်ယဲ့သည် လူကြီးများအတွက် နို့မှုန့်ဗူးများနှင့် သိုလှောင်ရလွယ်ကူသော သစ်သီးအချို့ကို သူ၏ စနစ်နေရာလွတ်ထဲမှ တိတ်တဆိတ် ထုတ်ယူလိုက်လေသည်...။
ထျန်ရှောင်ယာသည်လည်း တစ်ညလုံး မအိပ်ဘဲ အဖေကျိုးနှင့် အမေကျိုးအတွက် အဝတ်အစား နှစ်စုံကို အမြန် ချုပ်လုပ်လိုက်လေသည်...။
သူမသည် အမေကျိုးအတွက် ပွပွချောင်ချောင်နှင့် သက်သောင့်သက်သာရှိသော အကွက်စိတ် ရှပ် အင်္ကျီနှင့် ဘောင်းဘီရှည်ကို ချုပ်ပေးလိုက်သည်။ ထိုအထည်မှာ နူးညံ့ပြီး လေဝင်လေထွက် ကောင်းသ ဖြင့် ဝတ်ရသည်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်...။
အဖေကျိုးအတွက်မူ အပြင်သွားလျှင် ဝတ်ရန် ခိုင်ခံ့သေသပ်သော ကျုံးရှန်းဝတ်စုံကို ချုပ်ပေးလိုက်လေ သည်။ အပ်ချက်တစ်ခုချင်းစီမှာ သေသပ်လှပလှပြီး သူမ၏ စေ့စပ်သေချာသော လက်ရာများဖြင့် ပြည့်နှက်လျက်ရှိနေခဲ့လေသည်။
"အဖေနဲ့ အမေ... ဒီအဝတ်အစား နှစ်စုံကို ယူသွားပါဦး... သမီးက အဖေတို့ အမေတို့ရဲ့ ကိုယ်တိုင်း အတိုင်း သေသေချာချာ ချုပ်ထားတာမို့လို့ ဝတ်ရတာ သက်သောင့်သက်သာ ရှိမှာပါ..."
ထျန်ရှောင်ယာသည် အဝတ်အစားများကို ပေးလိုက်ချိန်တွင် လူကြီးများ သဘောမကျမှာကို စိုးရိမ်နေ သည့်အလား သူမ၏ နားရွက်ဖျားလေးများမှာ နီမြန်းနေခဲ့ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်...။
အမေကျိုးက အဝတ်အစားများကို ယူလိုက်ပြီး ပြုံးလျက် ကိုင်ကြည့်လိုက်လေသည်...။
"အို... သမီးလေးရယ်... သမီးက တကယ်ကို လက်ရာကောင်းတာပဲ..."
"အမေ ဒါကို နေ့တိုင်း ဝတ်မှာပါ... ဘယ်သူပဲ မေးမေး ဒါက ငါ့သမီးလေး ရှောင်ယာ ချုပ်ပေးထားတာလို့ ဂုဏ်ယူပြီး ပြောအုန်းမှာ..."
အဖေကျိုးသည်လည်း အဝတ်အစားများကို ကိုင်ထားရင်း သူ၏ အမြဲတမ်း တည်ကြည်သော မျက်နှာ တွင် ဖုံးကွယ်မရသော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့ကာ ခေါင်းကို အဖန်ဖန် ငြိမ့်လိုက်လေသည်...။
"ကောင်းတယ်... ကောင်းတယ်... ရှောင်ယာက တကယ်ကို စိတ်ထားတတ်တာပဲ... အဖေ သေချာပေါက် ဝတ်ပါ့မယ်..."