ကျွန်မတင် သေသင့်တာ မဟုတ်ဘူး၊ ရှင်လဲ သေသင့်တယ်
Vol. 1 Ch. 6
ဒသမမြောက်သော ဘဝသည် ရုတ်ချည်းဆိုသလိုပင် အဆုံးသတ်သွားခဲ့လေပြီ။
သူမ အသိစိတ်ပြန်ဝင်လာသည့်အခါတွင်မူ ကျန်းလျန်ယွဲ့သည် မိမိ၏ ကိုယ်ပိုင်အဆောင်ခန်းအတွင်း၌သာ ရှိနေဆဲ ဖြစ်ပြီး ပြင်ပတွင်မူ ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူမသည် ပြတင်းပေါက်ဘေးတွင် မတ်တတ်ရပ်လျက် ကောင်းကင်ယံကို ငေးမှိုင်စွာ စူးစိုက်ကြည့်နေမိ၏။
နှစ်ပေါင်းတစ်ထောင်ခန့်မျှ ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများအားလုံးသည် သူမ၏ အသိဉာဏ်အာရုံထဲ၌ ကွင်းကွင်း ကွက်ကွက် ထင်ကျန်နေဆဲဖြစ်ရာ သူမ၏ စိတ်နှလုံးဝယ် နက်ရှိုင်းလှသော နောင်တတရားများနှင့် အပြစ်ရှိစိတ် များသာ ကြီးစိုးကျန်ရစ်ခဲ့တော့သည်။
ရုတ်ချည်းဆိုသလိုပင် သူမသည် စားပွဲပေါ်မှ ဓားကို ဆွဲထုတ်လိုက်ပြီး မိမိ၏ လည်ပင်းဆီသို့ အားပြုကာ တေ့လိုက်ရင်း မိမိ၏ အသက်ဇာတ်ခုံကို ဤနေရာတင် အဆုံးသတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ဓားကို အားစိုက်လိုက်တော့သည်။
သူမ၌ ထိုမှတ်ဉာဏ်များ မရှိသော်လည်း သူမသည်လည်း အခြားသော ဂျူနီယာညီငယ်၊ ညီမငယ်များကဲ့သို့ပင် မိမိ၏ အကြီးဆုံး စီနီယာ အစ်ကိုအား နှစ်ပေါင်းနီးပါး တစ်ထောင်ခန့်မျှ တကယ်ကို ညှဉ်းပန်းနှိပ်စက်ခဲ့မိသည် မဟုတ်ပါလား။
ဤသို့သော အပြစ်တရားကို သူမ၏ အသက်ဖြင့်သာ ဆေးကြောသန့်စင်နိုင်ပေလိမ့်မည်။
သို့သော်လည်း သူမ၏ နုနယ်သော လက်ချောင်းလေးများ လှုပ်ရှားလိုက်ရုံနှင့် ရုတ်ချည်းဆိုသလိုပင် အလင်းတန်း တစ်ခု ဝုန်းခနဲ ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး သူမ၏ လက်ထဲမှ ဓားကို အဝေးသို့ ရိုက်လွှတ်ပစ်လိုက်တော့သည်။
“ဟူး...။”
နက်ရှိုင်းလှသော သက်ပြင်းချသံကြီးတစ်သံ ပဲ့တင်ထွက်ပေါ်လာခဲ့ပြီး တောင်ထိပ်သခင် ရှောင်ဟုန်ယီသည် သူမ၏ ဘေးနား၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
“မင်း ဘာဖြစ်လို့ ဒီလောက်အထိ အစွန်းရောက်အောင် လုပ်ရတာလဲ၊ မင်းက အနာဂတ်မှာ ဧကရီတစ်ပါး ဖြစ်လာမယ့် ကံကြမ္မာ ပါရမီရှင်ပဲလေ၊ သူတစ်ပါးရဲ့ အမှားတစ်ခုကြောင့်နဲ့ မင်းရဲ့ အဖိုးတန်တဲ့အသက်ကို ဒီလောက်အထိ နိမ့်ကျသွားအောင် ဘာလို့ အဆုံးစီရင်ရတာလဲ”
ရှောင်ဟုန်ယီက ဆိုလိုက်သည်။
“အကြီးဆုံး စီနီယာအစ်ကိုက ကျွန်မရဲ့ ခန္ဓာကိုယ်ကို မြင်သွားခဲ့လို့ ကျွန်မက ကိုယ့်အသက်ကိုယ် သတ်သေဖို့ ကြိုးစားနေတာလို့ ရှင် ထင်နေတာလား”
ကျန်းလျန်ယွဲ့သည် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာအမူအရာဖြင့် အေးစက်ခက်ထန်စွာ ပြန်လည် ချေပ လိုက်တော့သည်။
“အဲ့ဒီကိစ္စကြောင့် မဟုတ်ဘူးလား”
ရှောင်ဟုန်ယီ တစ်ယောက် ကြောင်အမ်းသွားခဲ့ရသည်။
“ဟက်...”
ကျန်းလျန်ယွဲ့သည် အေးစက်စွာ တစ်ချက် လှောင်ရယ်လိုက်ပြီးနောက် ရုတ်ချည်း မတ်တတ်ထရပ်လျက် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ကျွန်မပဲ သေသင့်တာ မဟုတ်ဘူး၊ ရှင်လဲ သေသင့်တာပဲ၊ ရှင့်ကိုယ်ရှင် ဆရာသခင်လို့ ခေါ်နေပြီးတော့ ကိုယ့်တပည့် အကြောင်းကိုတောင် ရှင် နားမလည်ဘူး”
“မင်း ရဲတင်းလှချေလား”
ရှောင်ဟုန်ယီ အလွန်အမင်း ဒေါသထွက်သွားခဲ့ရသည်။
သူမအနေဖြင့် ဤအရာအားလုံးမှာ ဘာကိုဆိုလိုမှန်း နားမလည်နိုင်သော်လည်း ကျန်းလျန်ယွဲ့သည် သူမအပေါ် ထားရှိသည့် ရိုသေလေးစားမှုအားလုံးကို အကြွင်းမဲ့ ပျက်စီးသွားသည်ကိုမူ အထင်အရှား ခံစားမိနေပေသည်။
“ဆရာသခင်၊ ကျေးဇူးပြုပြီး ထွက်သွားပေးပါ၊ ဒီနေရာက သေထိုက်တဲ့လူ နှစ်ယောက် အတူတူရှိနေဖို့ မသင့်တော်ဘူး”
ကျန်းလျန်ယွဲ့၏ အသံမှာ ယခင်အတိုင်းပင် အေးစက်စက်နှင့် ဂရုမစိုက်ဟန် ဖြစ်နေဆဲပင်။
ရှောင်ဟုန်ယီ ကြောင်အမ်း သွားခဲ့ရပြန်သည်။ သူမအနေဖြင့် ချက်ချင်းပင် လှည့်ထွက်သွားချင်သော်လည်း ကျန်းလျန်ယွဲ့ တစ်ယောက် စိတ်လိုက်မာန်ပါ တစ်စုံတစ်ခု လုပ်မိသွားမည်ကို စိုးရိမ်မိသဖြင့် သက်ပြင်းတစ်ချက် ချကာ ဆိုလိုက်မိ၏။
“မင်းမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲဆိုတာ ငါ မသိပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာကတော့ ထွက်ပြေး တိမ်းရှောင်တဲ့ နည်းလမ်းသက်သက်ပဲ၊ အဲလိုလုပ်ရင် မင်းရဲ့ရန်သူတွေက လှောင်ရယ်ကြလိမ့်မယ်၊ မင်းကို ချစ်တဲ့လူတွေပဲ ငိုကြွေးပြီး ကျန်ရစ်ခဲ့ရမှာ”
ဤစကားလုံးများသည် နောက်ဆုံး၌ ကျန်းလျန်ယွဲ့၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
သူမ၏ အသိစိတ်အာရုံထဲတွင်မူ အသံနှစ်သံသည် ရုတ်ချည်း တိုးဝှေ့ပေါ်ပေါက်လာခဲ့၏။
ပထမတစ်သံမှာကား ကျန်းချန် သေခါနီးအချိန်၌ လင်းဖုန်းအား “သူတို့ကိုတော့ ချမ်းသာပေးပါ...” ဟု တောင်းပန်ခဲ့သော နောက်ဆုံးဆန္ဒ အသံဖြစ်ပေသည်။
ဒုတိယတစ်သံမှာမူ မိမိ၏ တာအိုလမ်းစဉ်ကို သက်သေပြရန်အတွက် ရက်ရက်စက်စက် သတ်ဖြတ်နေသော လင်းဖုန်း၏ သရော်လှောင်ရယ်သံကြီး ဖြစ်ပေသည်။
သူမအနေဖြင့် မိမိ၏ အကြီးဆုံးစီနီယာအစ်ကိုကြီးကို ထပ်မံ၍ စိတ်ပျက်ဝမ်းနည်းအောင် မလုပ်ချင်တော့ချေ။
ဖြစ်နိုင်သည်မှာ ဤဘဝတွင်မူ အကြီးဆုံး စီနီယာအစ်ကိုသည် သူတို့၏ ကံကြမ္မာဆိုးများကို စိုးစဉ်းမျှ ဂရုစိုက်တော့မည် မဟုတ်သော်လည်း၊သူမကိုယ်တိုင် ဤကဲ့သို့ သတ်သေသွားသည်ကို မြင်တွေ့ရလျှင်မူ ဧကန်မုချ အလိုရှိမည် မဟုတ်ပေ။
ထို့အပြင် သူမသည် ထိုလင်းဖုန်းဆိုသူကိုလည်း ဒီအတိုင်း သက်တောင့်သက်သာ လွှတ်ပေးထားရန် အစီအစဉ် မရှိချေ။
ဘဝကိုးခုတိုင်တိုင် သံသရာလည်ခဲ့စဉ်အတွင်း အကယ်၍ လင်းဖုန်းသည် အကြီးဆုံးစီနီယာအစ်ကိုကို ကိုးကြိမ် တိုင်တိုင် သတ်ဖြတ်ခဲ့မည်ဆိုပါက သူမက သူ့ကို အကြိမ်ပေါင်းတစ်ထောင်၊ အကြိမ်ပေါင်း တစ်သောင်း ပြန်လည် သတ်ဖြတ်ပစ်မည် ဖြစ်ပေသည်။
သူက ကံကြမ္မာ သားတော် ဖြစ်နေလျင်တောင်မှ သူမအနေဖြင့် အစွမ်းကုန် စိန်ခေါ်တိုက်ခိုက်ကြည့်ချင်မိသည်။
ဤသို့ လုပ်ဆောင်နိုင်မှသာ သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ထက်ရှိ အပြစ်တရားများကို စစ်မှန်စွာ ဆေးကြော သန့်စင်နိုင်ပေလိမ့်မည်။
ဤအတွေးနှင့်အတူ ကျန်းလျန်ယွဲ့သည် နေရာမှ ထရပ်ကာ အပြင်သို့ ဦးတည်ထွက်ခွာရန် ပြင်လိုက်တော့သည်။
“မင်း ဘယ်ကို သွားမလို့လဲ”
ရှောင်ဟုန်ယီက ကမန်းကတန်း လှမ်းမေးလိုက်လေသည်။
ကျန်းလျန်ယွဲ့သည် ခြေလှမ်းများကို ခေတ္တရပ်တန့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ ဆီးနှင်းခဲပမာ အေးစက် ခက်ထန်လျက် သွယ်ဝိုက်သောနည်းဖြင့် ပြန်ဖြေလိုက်သည်။
“ရှင်က ကျွန်မထက် ပိုတော်ပါသေးတယ်၊ ကျွန်မတို့တွေ ကံကြမ္မာချင်း တူညီနေပင်မယ့် အနည်းဆုံးတော့ ရှင်က အကြီးဆုံး စီနီယာအစ်ကို အပေါ် တကယ်ကို စိတ်ရင်းနဲ့ ဂရုစိုက်ပေးခဲ့တာပဲ”
ထိုစကားကို ဆိုပြီးနောက်တွင်မူ သူမသည် မျက်စိရှေ့မှနေ၍ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။
ရှောင်ဟုန်ယီတစ်ယောက်မှာမူ လုံးဝဥဿုံ ဆွံ့အမှင်သက်လျက် ကျန်ရစ်ခဲ့ရော့သည်။
အချိန်အတန်ကြာမှသာ သူမအနေဖြင့် ကျန်းချန်အပေါ် မိမိဘက်က တမင်မျက်နှာသာပေးပြီး ကာကွယ်ပေးခဲ့ မိခြင်းကပဲ ကျန်းလျန်ယွဲ့၏ နှလုံးသားကို နာကျင်အေးခဲသွားစေခဲ့တာ ဖြစ်နိုင်သည်ဟုသာ အနီးစပ်ဆုံး ခန့်မှန်း တွေးတော မိတော့သည်။
သို့သော်လည်း သူမအနေဖြင့် မည်သို့ လုပ်ဆောင်နိုင်ဦးမည်နည်း။
ဘာပဲဖြစ်ဖြစ် သူသည် သူမ၏ အကြီးဆုံး တပည့် ဖြစ်နေသည် မဟုတ်ပါလား။ အကယ်၍ သူသည် တကယ်ကို ပြုပြင်မရလောက်အောင် ဆိုးသွမ်းပုပ်ခတ်မနေခဲ့ဘူးဆိုလျှင် သူ၏ ကျင့်စဉ်များကို ဖျက်ဆီးပြီး ဂိုဏ်းကနေ မောင်းထုတ်ပစ်ဖို့အထိ ဆရာတစ်ယောက်အနေဖြင့် သူမ တကယ်ကို မလုပ်ရက်နိုင်ခဲ့ချေ။
“ဟူး...”
ထပ်မံ၍ သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ရှောင်ဟုန်ယီသည်လည်း ထိုနေရာမှ လှည့်ထွက် သွားခဲ့လေတော့သည်။
….
နဝမတောင်ထိပ်၏ တောင်ခါးပန်းဆီ၌ မိုးကောင်းကင်သို့ ထိုးထွက်နေသည့် ရှေးဟောင်းသစ်ပင်ကြီးများ၏ ဝန်းရံမှု အလယ်ဝယ် သစ်သား စံအိမ်လေးတစ်ခု တည်ရှိနေပေသည်။
ဤနေရာကား ကျန်းချန် နေထိုင်ရာ အရပ်ပင် ဖြစ်၏။
မူလကမူ နဝမတောင်ထိပ်၏ အကြီးဆုံး စီနီယာအစ်ကို တစ်ဦးအနေဖြင့် သူ၏ သီးသန့် အဆောင်သည် ပင်မ ခန်းမကြီး၏ ညာဘက်ခြမ်း၌ တည်ရှိရမည် ဖြစ်ပြီး ထိုနေရာမှာ စိတ်ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံး ကောင်းမွန်ဆုံး နေရာ ဖြစ်ပေသည်။
သို့သော်လည်း လွန်ခဲ့သော အချိန်အတော်ကြာစဉ်ကတည်းက ကျန်းချန်သည် ဤတောင်ခါးပန်းဆီသို့ မိမိ အလိုအလျောက် တစ်ကိုယ်တည်း ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်၏။
ထိုစဉ်က လူအများစုက ကျန်းချန်သည် မိမိကိုယ်ကိုယ် အကြီးဆုံး စီနီယာအစ်ကို တစ်ယောက်အဖြစ် မထိုက်တန် တော့ဟု ခံစားရသဖြင့် မိမိ၏ အဆင့်အတန်းကို ကိုယ်တိုင်လျှော့ချကာ တိမ်းရှောင်သွားခြင်းဖြစ်သည်ဟု အမျိုးမျိုး ခန့်မှန်းပြောဆိုခဲ့ကြဖူးသည်။
သို့သော် ယခုအခါတွင်မူ ကျန်းလျန်ယွဲ့တစ်ယောက် အမှန်တရားကို အကြွင်းမဲ့ နားလည်သွားခဲ့ရလေပြီ။
အကြောင်းအရင်းမှာကား ကျန်းချန်သည် မိမိ၏ ဂျူနီယာမောင်နှမများနှင့် တတ်နိုင်သမျှ ဝေးဝေးတွင် နေထိုင်ကာ တစ်ကိုယ်တည်း အေးအေးချမ်းချမ်း တိတ်ဆိတ်စွာ ဘဝကို ဖြတ်သန်းချင်ခဲ့သောကြောင့်သာ ဖြစ်ပေသည်။
တောက်ပလှသော လမင်းကြီး၏ ငွေရောင်အလင်းတန်းများသည် မြေပြင်ထက်သို့ ဖြာကျလျက် ရှိနေစဉ် ကျန်းလျန်ယွဲ့သည် သစ်သားအိမ်လေး၏ ရှေ့မှောက်ဝယ် တစ်ကိုယ်တည်း ငြိမ်သက်စွာ မတ်တတ်ရပ်နေမိ၏။ ဤအခိုက်အတန့်၌ ကျန်းချန်တစ်ယောက် သတိလစ်မေ့မြောနေဆဲ ဖြစ်ကြောင်းကို သူမ ကောင်းစွာ သိရှိ ထားပေသည်။
ဘဝကိုးခုတိုင်တိုင် နှစ်ပေါင်းတစ်ထောင်ခန့်မျှ သံသရာလည်ခဲ့ပြီးနောက်တွင် သူမသည် ဇာတ်ကြောင်း အကွက် အကွင်း အများစုကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီဖြစ်ရာ ယခုအကြိမ် မူလအမြုတေ ပျက်စီးသွားသည့် ပြစ်ဒဏ်ကြောင့် ကျန်းချန်တစ်ယောက် အိပ်ရာထဲ၌ ဆယ်ရက်မက လဲလျောင်းနေရဦးမည်ကို ကြိုတင် တွေးဆ မိနေခြင်း ဖြစ်၏။
“ကျွီ”
သူမသည် သစ်သားတံခါးချပ်ကို အသာအယာ တွန်းဖွင့်လိုက်ရာ မှောင်အတိကျနေသော အခန်းတွင်း၌ ဟိုမှဒီမှ လှုပ်ခတ်နေသည့် ဆီမီးအချို့၏ အလင်းဖျော့ဖျော့ကိုသာ မြင်တွေ့လိုက်ရသည်။
ထိုသစ်သားအိမ်လေး၏ အနက်ရှိုင်းဆုံး အခန်းတွင်းဆီ၌မူ...
ကျန်းချန်သည် အနက်ရောင် ဝတ်စုံကို ဆင်ယင်ထားဆဲဖြစ်ပြီး ကုတင်ထက်တွင် လက်ခြေများကို ဆန့်တန်းလျက် လဲလျောင်းနေကာ သူ၏ ထွက်သက် ဝင်သက်မှာမူ ခပ်မှန်မှန်မျှသာ လှုပ်ခတ်နေရှာသည်။
ကျန်းလျန်ယွဲ့သည် ကုတင်အနီးသို့ တရွေ့ရွေ့ ချဉ်းကပ်လာရင်း ရုတ်ချည်းပင် နှာခေါင်းထဲ၌ စူးခနဲ ဖြစ်သွားကာ ဝမ်းနည်းစိတ်တို့ အလုံးအရင်းဖြင့် တိုးဝှေ့တက်လာခဲ့ရသည်။
မိမိ၏ အကြီးဆုံး စီနီယာအစ်ကို ယခုကဲ့သို့ သတိလစ်မေ့မြောလျက် အိပ်ရာထဲ လဲနေရခြင်းမှာ သူမ၏ မိုက်မဲမှု အပြစ်ကြောင့်ပင် မဟုတ်ပါလား။
ဤဘဝတွင်မူ ကျန်းချန်အနေဖြင့် တမင်ချောင်းကြည့်မိသည့် လုပ်ရပ်ကို အမှန်တကယ် ကျူးလွန်ခဲ့သော်လည်း ယခုအချိန်၌ အရာအားလုံးကို သိမြင်သွားခဲ့ပြီဖြစ်သော ကျန်းလျန်ယွဲ့အတွက်မူ ထိုအရာက ပြဿနာတစ်ခု မဟုတ်တော့ချေ။
ဘဝကိုးခုတိုင်တိုင် သံသရာလည်ခဲ့ခြင်းနှင့် နှစ်ပေါင်းတစ်ထောင်ခန့်မျှသော အချိန်ကာလ။
အတိတ်ကို ပြန်လည်လှည့်ကြည့်လိုက်မည်ဆိုပါက သူမအပေါ် အကြင်နာဆုံးဖြစ်ခဲ့ပြီး သူ၏ ကနဦးသံယောဇဉ် မေတ္တာတရားမှာ နှစ်ပေါင်းတစ်ထောင်တိုင်အောင် ပြောင်းလဲခြင်းမရှိဘဲ တည်ရှိနေခဲ့သူမှာ မျက်စိရှေ့မှ အကြီးဆုံး စီနီယာ အစ်ကိုမှတစ်ပါး အခြားသူမရှိခဲ့ချေ။
ကျန်းချန်အတွက်မူ သူမသည် ဂရုစိုက်ပေးရမည့် စီနီယာအစ်ကို တစ်ယောက်၏ ဂျူနီယာညီမလေးတစ်ဦးမျှသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ဘေးမှစောင့်ကြည့်ခဲ့ရသည့် သံယောဇဉ်သည်ကား ‘ကျန်းချန်’ ဟူသော အမည်နာမကို သူမ၏ ရင်တွင်းရိုးတွင်းခြင်ဆီအထိ နက်ရှိုင်းစွာ ထွင်းထုပစ်လိုက်ပြီဖြစ်ရာ ဘဝဆက်ဆက် သေတပန်သက်ဆုံးတိုင် ဘယ်သောအခါမှ မေ့လျော့နိုင်တော့မည်မဟုတ်ချေ။
ကျန်းလျန်ယွဲ့သည် မိမိကိုယ်ကိုယ် အကြီးဆုံး စီနီယာအစ်ကို၏ ဘေးနား၌ ဆက်လက်၍ ရပ်တည် နေထိုင်ပိုင်ခွင့် မရှိတော့ကြောင်း ကောင်းစွာနားလည်ထားပေသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ မိုက်မဲမှုနှင့် အမှားအမှန်ကို ခွဲခြားမသိမြင်နိုင်မှုတို့ကြောင့် အကြိမ်ကြံဖန်ဖန် မိမိ၏ အကြီးဆုံး စီနီယာအစ်ကို၏ နှလုံးသားကို နာကျင်အောင် ဒဏ်ရာပေးခဲ့မိသောကြောင့် ဖြစ်၏။
သို့သော်လည်း အကယ်၍ ကျန်းချန်သာ အလိုရှိမည်ဆိုပါက သူမအနေဖြင့် သူ့အတွက် မိမိ ပိုင်ဆိုင်သမျှ အရာအားလုံးကို ပေးဆပ်စွန့်လွှတ်ရန် အဆင်သင့်ပင် ဖြစ်ပေသည်။
သူမသည် ကိုယ်ကိုအသာအယာ ကိုင်းညွတ်လိုက်ရာ ကျန်းချန်၏ ပါးပြင်မှာ သူမနှင့် အနီးကပ်ဆုံး အနေအထားသို့ ရောက်ရှိလာခဲ့သည်။
ကျန်းလျန်ယွဲ့သည် သူမ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ၏မျက်နှာထက်သို့ ဝဲကျနေသော ဆံပင်တစ်ချောင်းကို အသာအယာ သပ်တင်ပေးရင်း တီးတိုးရေရွတ်လိုက်မိသည်။
“အကြီးဆုံး စီနီယာအစ်ကို၊ ကျွန်မ တောင်းပန်ပါတယ်၊ လျန်ယွဲ့ တကယ်ကို မှားခဲ့ပါတယ်”
ထိုသို့ ပြောဆိုပြီးနောက်တွင် သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်စက်များသည် တားဆီး၍မရဘဲ တသွင်သွင် စီးကျ လာခဲ့ပြီး ကျန်းချန်၏ ပါးပြင်ထက်သို့ တပေါက်ပေါက် ကြွေလွင့်ကျဆင်းသွားခဲ့တော့သည်။
နှစ်ပေါင်းတစ်ထောင်ခန့်မျှသော ကာလပတ်လုံး ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုး မြင်ကွင်းများသည် သူမ၏ အသိအာရုံထဲ၌ တစ်ဖန် ပြန်လည်ရစ်ပတ်ပေါ်ပေါက်လာခဲ့ပြန်ရာ သူမ၏ တရှုံ့ရှုံ့ ရှိုက်ငိုသံလေးသည် ညဉ့်နက် သန်းခေါင်ယံအချိန်မှသည် အရုဏ်တက်ချိန်အထိ ရောက်ရှိလာပြီး နံနက်ခင်း နေဝန်းနီကြီး ပေါ်ထွက် လာသည်အထိ တိတ်ဆိတ်ခြင်းမရှိဘဲ ဆက်လက်ပဲ့တင်နေခဲ့လေသည်။
ကျန်းလျန်ယွဲ့သည် နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ငိုကြွေးခဲ့ရပြီးဖြစ်၍ သူမ၏ မျက်ရည်များအားလုံး ခန်းခြောက် ကုန်ပြီဟု ထင်မှတ်ခဲ့ဖူးသည်။
သို့သော်လည်း ယခုအခါတွင်မူ သူမ ကောင်းစွာ သဘောပေါက်သွားခဲ့ရလေပြီ။
သူမ၏ မျက်ရည်များမှာ လုံးဝဥဿုံ ခန်းခြောက်သွားခြင်း မရှိသေးချေ။
ကျန်းချန်တစ်ယောက် ခါးစည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခဝေဒနာများကို တွေးတောမိသည့် အကြိမ်တိုင်း သူမ၏ နှလုံးသားသည် ဓားနှင့်မွှန်းသကဲ့သို့ နာကျင်ခံရခက်လှပြီး အသက်ရှူရန်ပင် ခက်ခဲလှပေသည်။
သူမသည် ကျန်းချန်၏ ညာဘက်လက်ကလေးကို သူမ၏ လက်ဖဝါးနုနုနှစ်ဖက်ဖြင့် အသာအယာ ဆုပ်ကိုင်လိုက်ပြီး သူ၏ လက်ဖဝါးပြင်ကို မိမိ၏ ပါးပြင်သို့ ညင်သာစွာ ကပ်ထားလိုက်မိ၏။
ကျန်းချန်၏ ကိုယ်ငွေ့နွေးနွေးကို ခံစားနေရင်း ကျန်းလျန်ယွဲ့သည် ထပ်မံ၍ ရေရွတ်လိုက်သည်။
“အကြီးဆုံး စီနီယာအစ်ကို၊ လျန်ယွဲ့ကို ဘယ်တော့မှ ပစ်မထားခဲ့ပါနဲ့နော်၊ လျန်ယွဲ့ ရှင့်အပေါ် ကျူးလွန်ခဲ့မိတဲ့ အပြစ်တွေအားလုံးကို အစား ပြန်ပေးဆပ်ပါ့မယ်၊ နောက်ပြီး ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ ရှင့်ကို ထပ်ပြီး နာကျင်အောင် လုပ်ခွင့်ပေးမှာ မဟုတ်တော့ဘူး”
“တကယ်လို့ ကောင်းကင်ဘုံကြီးက ရှင့်ကို လက်မခံဘူးဆိုရင် ကျွန်မ ကောင်းကင်ဘုံကိုပဲ ဓားနဲ့ အံတု တိုက်ခိုက် ပစ်မယ်”
“တကယ်လို့ မိခင်ကမ္ဘာမြေကြီးက ရှင့်ကို လက်မခံဘူးဆိုရင်လည်း ကျွန်မ ဓားကိုဝှေ့ယမ်းပြီး ဒီမြေကမ္ဘာကြီးကိုပဲ အပိုင်းပိုင်း အပြတ်အသတ် ခွဲပစ်လိုက်မယ်”
“ကောင်းကင်ဘုံက မသေမျိုးအပေါင်းနဲ့ အရပ်မျက်နှာအသီးသီးက မဟာဧကရာဇ်တွေအားလုံးကို ဆန့်ကျင်ရမယ် ဆိုရင်တောင် အကြီးဆုံး စီနီယာအစ်ကိုရဲ့ စကားတစ်ခွန်းတည်းအတွက်နဲ့ ကျွန်မရဲ့ ဝိညာဉ်ပဲ ပျက်စီး ပျောက်ကွယ် သွားရင်တောင်မှ ရှင့်အတွက် အဲဒီမသေမျိုးတွေကို သတ်ဖြတ်ပြီး ဧကရာဇ်တွေကို ချေမှုန်းဖျက်ဆီးပစ်ပါ့မယ်”
“ကျွန်မ တောင်းဆိုချင်တာကတော့...”
“ငါက ဗီလိန်ပဲ... မင်းတို့အားလုံး သေရမယ်...”
ကျန်းချန်၏ အိပ်မက်ယောင်၍ တီးတိုးရေရွတ်လိုက်သော စကားသံသည် ကျန်းလျန်ယွဲ့၏ တိုးညှင်းလှသော ရေရွတ်သံလေးကို ရုတ်ချည်း ဖြတ်တောက်သွားခဲ့လေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းလျန်ယွဲ့သည် ညင်သာစွာ ပြုံးလိုက်မိပြီး ဆိုလိုက်၏။
“ကောင်းပါပြီ၊ အကြီးဆုံးစီနီယာအစ်ကိုက ကျွန်မကို ဘဝကိုးခုတိုင်တိုင် ကာကွယ်ပေးခဲ့ပြီးပြီပဲ၊ ဒီတစ်ကြိမ်တော့ ကျွန်မ အလှည့်ပေါ့၊ စီနီယာအစ်ကိုက ဗီလိန်ဖြစ်ချင်တယ်ဆိုမှတော့ ကျွန်မလဲ စီနီယာအစ်ကိုကြီးနဲ့အတူ ပူးပေါင်းပြီး သူတို့အားလုံးကို အမြစ်ပြတ် သတ်ဖြတ်ပစ်ရုံပေါ့”
နှစ်ပေါင်းတစ်ထောင်ခန့်မျှသော မိမိကိုယ်ကိုယ် အပြစ်တင်စိတ်နှင့် ဘဝကိုးခုတိုင်တိုင် တနုံ့နုံ့ခံစားခဲ့ရသော နောင်တ တရားများ။
ဤအခိုက်အတန့်တွင်မူ သူမသည် အမျိုးမျိုးသော အဆိုးမြင်စိတ်များနှင့် စိတ်ဒဏ်ရာများ၏ ဖိစီးနှိပ်စက်မှု အောက်ဝယ် စိတ္တဇဆန်ဆန် အစိမ်းလိုက် ကြေမွပျက်စီးသွားခဲ့ရလေပြီ။
အကယ်၍ ရှောင်ဟုန်ယီသာ အချိန်မီ ရောက်ရှိမလာခဲ့ပါက သူမအနေဖြင့် မိမိ၏အသက်ကို ဓားနှင့် ဤနေရာတင် အဆုံးစီရင်ပြီးလောက်ပြီ ဖြစ်ပေသည်။
မူလက အေးစက်ခက်ထန်သော စရိုက်သဘာဝ ရှိသော်လည်း အတိတ်က ကျန်းလျန်ယွဲ့ဟူသည်မှာ ဘယ်သော အခါမျှ ရက်စက်ကြမ်းကြုတ်တတ်သူ သို့မဟုတ် သွေးအေးတတ်သူတစ်ဦး လုံးဝမဟုတ်ခဲ့ချေ။
သူမကိုယ်တိုင်ပင် သတိမပြုမိလိုက်ဘဲ သူမသည် အမှန်တကယ်ပင် စိတ်ရူးသွပ်သွားခဲ့ရပြီဖြစ်ကာ အမှောင်ဘက် ခြမ်းသို့ လုံးဝဥဿုံ ကူးပြောင်းသက်ဆင်းသွားခဲ့လေပြီ။