အဆင့် ချိုးဖျက်ခြင်း ဆေးလုံး၊ ပြီးပြည့်စုံသော အရည်အသွေးအဆင့် ဆေးလုံး
Vol. 1 Ch. 7
ရက်ပေါင်းဆယ်ရက်ကျော် ကုန်လွန်သွားခဲ့ပြီးနောက်။
ကျန်းချန်သည် သတိလစ်မေ့မြောနေရာမှ ပြန်လည်နိုးထလာခဲ့သည်။ သူ၏ ဒဏ်ရာဒဏ်ချက်များမှာ လုံးဝဥဿုံ သက်သာ ပျောက်ကင်းခြင်း မရှိသေးသော်လည်း အနည်းဆုံးတော့ ကိုယ်လက်လှုပ်ရှားသွားလာနိုင်စွမ်းကိုမူ ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။
သူသည် ကုတင်ဘောင်ပေါ်တွင် ဝင်ထိုင်လိုက်ရင်း ပျင်းရိငြီးငွေ့စွာဖြင့် ကိုယ်ကိုတစ်ချက် ဆန့်ထုတ်လိုက်မိသည်။
ဤဘဝတွင် သူသည် ဗီလိန်တစ်ဦး ဖြစ်နေခဲ့ရုံတင်မကဘဲ သူ၏ မူလအမြုတေမှာလည်း ယခင်အတိုင်းပင် ဖျက်ဆီးခြင်း ခံခဲ့ရဆဲ ဖြစ်သော်လည်း သူ၏ စိတ်အာရုံဝယ် ယခင်ကထက် ပိုမို၍ အတိုင်းအဆမဲ့လှစွာ ပေါ့ပါး လွတ်လပ် သွားခဲ့သည်။
သူ၏ အကြည့်များသည် အခန်းတွင်းသို့ ဝှေ့ယမ်းကြည့်ရှုလိုက်မိရာ သစ်သားစားပွဲပေါ်၌ တင်ရှိနေသော အလင်း ဖျော့ဖျော့ တောက်ပနေသည့် ဆေးလုံး ဖြူဖြူကြည်ကြည် အချို့ကို လှမ်း၍ မြင်တွေ့လိုက်ရလေသည်။ ထိုဆေးလုံး တစ်လုံးချင်းစီတိုင်းမှလည်း ဆန်းကြယ်လှသော စွမ်းအင်လှိုင်းဂယက်များ တဖျတ်ဖျတ် ထွက်ပေါ်နေခဲ့လေသည်။
အနီးကပ် သေသေချာချာ ကြည့်ရှုရန်ပင် မလိုဘဲ ကျန်းချန်သည် ဤဆေးလုံး၏ အမည်နာမကို ကောင်းစွာ သိရှိနေခဲ့ပြီ ဖြစ်သည်။
စတုတ္ထအဆင့် ဝိညာဉ်နိုးထဆေးလုံး။
၎င်း၏ အာနိသင်မှာ ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် ပြန်လည် ဖြည့်တင်းပေးနိုင်ခြင်း ဖြစ်ပြီး မူလအမြုတေ ကြေမွ ပျက်စီးသွားခဲ့ရသော ကျင့်ကြံသူများကိုပင် မူလအမြုတေအဆင့်ထဲသို့ ပြန်လည် ဝင်ရောက်နိုင်အောင် ကူညီ ပေးနိုင်စွမ်း ရှိပေသည်။
“ဆရာ...”
ကျန်းချန်၏ နှလုံးသားဝယ် ဖော်ပြရန်ခက်ခဲလှသော နာကျင်မှုလှိုင်းတစ်ချက် ဖြတ်သန်းသွားခဲ့ရသည်။ ဘဝကိုးခု တိုင်တိုင် ကာလပတ်လုံး သူ၏ မူလအမြုတေသည် ရှောင်ဟုန်ယီ၏ လက်ချက်ဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရစမြဲဖြစ်ပြီး ဘဝတိုင်း၌လည်း ရှောင်ဟုန်ယီသည် သူ သတိမလည်မီအချိန်အတွင်း ဤဝိညာဉ်နိုးထဆေးလုံးအချို့ကို သူမ ကိုယ်တိုင် တိတ်တဆိတ် လာရောက်ထားခဲ့ပေးစမြဲ ဖြစ်၏။
ကျန်းချန် အမြဲတစေ သိရှိထားခဲ့သည်မှာ မိမိ၏ ဆရာသခင်သည် မိမိအပေါ်၌ စစ်မှန်သော သံယောဇဉ် မေတ္တာတရား ထားရှိခဲ့ကြောင်းပင်။
အချစ်ကြီးသလောက် အမျက်ကြီးခဲ့ခြင်း ဖြစ်ပေသည်။
ရှောင်ဟုန်ယီတစ်ယောက် အလွန်အမင်း မျှော်လင့်ချက်မဲ့ ဝမ်းနည်းသွားခဲ့ရစဉ်က မိမိ၏ အကြီးဆုံး တပည့်သည် တကယ်ကို ပြုပြင်မရလောက်အောင် ဆိုးသွမ်းပုပ်ခတ်သွားခဲ့ပြီဟု အခိုင်အမာ ယုံကြည်သွားခဲ့ချိန်တွင် သူမ၏ တုံ့ပြန်မှုများမှာ အလွန်ပင် ပြင်းထန်လှပေသည်။
ကျန်းလျန်ယွဲ့နှင့် အခြားသော ဂျူနီယာမောင်နှမများကမူ သူ့အပေါ်တွင် အဆုံးစွန်အထိ ရွံရှာမုန်းတီးခဲ့ကြရုံမျှသာ ရှိခဲ့သော်လည်း။
ရှောင်ဟုန်ယီကမူ ထိုသို့မဟုတ်ခဲ့ချေ။ သူမသည် ကျန်းချန်၏ ကျင့်စဉ်များကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ခဲ့ပြီး ဂိုဏ်းမှပါ အပြတ်အသတ် မောင်းထုတ်ပစ်ခဲ့ခြင်း ဖြစ်၏။
သူမသည် မိမိ၏ ရှေ့မှောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်းချန်ဟူသော အမည်နာမကို ထုတ်ဖော် ပြောဆိုခြင်းကိုပင် လုံးဝ ခွင့်မပြုခဲ့ချေ။
ကျန်းချန်တစ်ယောက် ဂိုဏ်းမှ ထွက်ခွာသွားပြီးနောက်တွင်လည်း မကောင်းမှုအမျိုးမျိုးကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ကြောင်း ကြားသိရသည့်အခါ၌ သူမသည် ထိုကိစ္စကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရှင်းလင်း သုတ်သင်ပစ်ရန်အထိပင် ပြင်ဆင်ခဲ့ဖူးသည်။
ခန္ဓာပိုင်းဆိုင်ရာ နာကျင်အောင် ဒဏ်ရာပေးမှု အပိုင်းတွင်မူ ရှောင်ဟုန်ယီက ကျန်းချန်အပေါ် ပြုမူဆက်ဆံခဲ့သည့် ရက်စက်မှုများမှာ မည်သည့် ဂျူနီယာမောင်နှမများ၏ လုပ်ရပ်ထက်မဆို အဆပေါင်းများစွာ ပိုမိုဆိုးဝါး ပြင်းထန်ခဲ့ ပေသည်။
ဘဝတိုင်း၊ ဘဝတိုင်း၌ ကျန်းချန်သည် မိမိ၏ ဆရာသခင်ကိုယ်တိုင်ကြောင့် ကျင့်ကြံခြင်းဆိုင်ရာ တာအို နှလုံးသား ပျက်ပြားခဲ့ရသလို ရင်တွင်း၌လည်း နက်ရှိုင်းလှသော စိတ်ပျက်အားလျော့မှုများ စွဲထင်ကျန်ရစ်ခဲ့ရသည်။
သို့သော် ထိုသို့သော စိတ်နာကျည်းမှု အားလုံးမှာ သေဆုံးခါနီး အချိန်သို့ ရောက်ရှိလာသည့်အခါတွင်မူ မြူခိုးများ အလား လွင့်ပြယ်ပျောက်ကွယ်သွားစမြဲ ဖြစ်ပေသည်။
*ငါ့တပည့်... ငါက ဆရာကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး၊ မင်းကို ကောင်းကောင်းမွန်မွန် မသွန်သင်နိုင်ခဲ့တာ ငါ့ရဲ့ ပျက်ကွက်မှုပါ...*
အဘယ်ကြောင့်ဆိုသော် ကျန်းချန်တစ်ယောက် မျက်စိမှိတ်ခါနီး အချိန်တိုင်းတွင် ရှောင်ဟုန်ယီသည် မျက်ရည် အဝိုင်းသားဖြင့် သူ့ထံသို့ အလောတကြီး ပြေးဝင်လာတတ်ပြီး သူမ၏ အနှိုင်းမဲ့ လှပသော မျက်နှာပြင်ထက်၌ ရင်ကွဲမတတ် ပူဆွေးသောကရောက်မှုများဖြင့် ပြည့်နှက်လျက် သူ့ကို မိမိ၏ ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက် ထားလေ့ ရှိသည်ကို အမြဲတစေ မြင်တွေ့ရသောကြောင့် ဖြစ်၏။
“ဆရာ ... မငိုပါနဲ့တော့၊ နောက်ဘဝမှာလဲ ဒီတပည့်က ဆရာ့ကို ဆက်ပြီး ကယ်တင်ပေးပါဦးမယ်”
ဤအတိတ်ဖြစ်ရပ်များကို ပြန်လည်တွေးတောမိသည့်အခါ ကျန်းချန်၏ နှလုံးသားသည် ဓားနှင့်မွှန်းသကဲ့သို့ နာကျင်ခံရခက်လှပေသည်။
လူတိုင်း၏ အထင်လွဲမှားခြင်း၊ ပြစ်တင်ရှုတ်ချခြင်းကို ခံရလျက် ဇာတ်လိုက်၏ လက်ချက်ဖြင့် ဘဝကိုးခုတိုင်တိုင် အသတ်ခံခဲ့ရသည့်တိုင်အောင် သူ ကြိတ်မှိတ်အောင့်အည်း တောင့်ခံနိုင်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ရှောင်ဟုန်ယီ၏ အသက်ကို ကယ်တင်ရန်အတွက်သာ မဟုတ်ပါလား။
သူသည် ဆင်းရဲဒုက္ခ ခံစားရသည်ကို သာယာသည့် သူတစ်ဦး မဟုတ်ခဲ့ချေ။
သို့သော် မိမိ၏ ဆရာသခင် ကြေကွဲဖွယ် သေဆုံးသွားရမည်ကိုမူ သူ ဒီအတိုင်း ထိုင်မကြည့်ရက်ခဲ့ပါ။ ကိုးခု မြောက်သော ဘဝသို့ ရောက်ရှိလာသည့် အချိန်ကျမှသာ ကျန်းချန်တစ်ယောက် နောက်ဆုံး၌ သဘောပေါက် နားလည်သွားခဲ့ရတော့သည်။
သူသည် ကောင်းကင်ဘုံကြီးကို အံတု တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ချေ။
အခြားတစ်ဖက်မှ ကြည့်မည်ဆိုပါကလည်း သူ၏ ဆရာသခင်နှင့် များစွာသော ဂျူနီယာမောင်နှမများသည်လည်း ဘဝကိုးခုတိုင်တိုင် သံသရာစက်ဝန်းကြီးထဲ၌ အတူတကွ ပိတ်မိနေခဲ့ကြသည် မဟုတ်ပါလား။
တူညီသောအချက်မှာ သူတို့အားလုံးသည် ဤကမ္ဘာမြေကြီးထဲ၌သာ ပိတ်မိနေခဲ့ကြပြီး အကြိမ်ကြံဖန်ဖန် ထပ်ခါတလဲလဲ ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံရကာ အဆုံးသတ်တွင် သေဆုံးသွားခဲ့ကြရခြင်းပင် ဖြစ်၏။
ကျန်းချန်နှင့် သူတို့ကြားရှိ ကွာခြားချက်တစ်ခုတည်းမှာ ကျန်းချန်၌ အတိတ်ဘဝမှတ်ဉာဏ်များ ရှိနေပြီး၊ အခြားသူများ၌မူ မရှိကြခြင်းသာ ဖြစ်ပေသည်။
ထို့ကြောင့် ပြောင်းလဲ၍မရနိုင်သော ကံကြမ္မာဆိုးကို အတင်းအဓမ္မ အံတုတိုက်ခိုက်နေမည့်အစား သူသည် ဤဘဝကို နောက်ဆုံးသော ဘဝအဖြစ် သတ်မှတ်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်တော့သည်။
ကျန်းချန်သည် စိတ်ရောကိုယ်ပါ အတိုင်းအဆမဲ့လှစွာ ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်၏။
မိမိ၏ ဆရာသခင်နှင့် ကျန်းမိသားစုမှတစ်ပါး အခြားသော မည်သည့်အရာကိုမျှ သူ ထပ်မံ၍ ဂရုမစိုက်ချင်တော့ချေ။
သူသည် ဤဘဝ၏ အဆုံးသတ်ကိုသာ တိတ်ဆိတ်စွာ ရင်ဆိုင်ဖြတ်သန်းသွားပြီးနောက် အခြားသော ကမ္ဘာသစ် တစ်ခုဆီသို့သာ အေးအေးချမ်းချမ်း တက်လှမ်းသွားချင်မိတော့သည်။
တကယ်တမ်းတွင် သူ့၌ အခြားသော တွေးတောချင့်ချိန်စရာများလည်း ရှိနေသေးပေသည်။
အကယ်၍ သူသည် မသေမျိုးအဖြစ် အောင်မြင်စွာ တက်လှမ်းပြီးနောက် ဤကမ္ဘာမြေသို့ တစ်ကျော့ပြန် ပြန်လည် ရောက်ရှိခွင့် ရခဲ့မည်ဆိုပါက ထိုဇာတ်လိုက်ဆိုသူအား အစိမ်းလိုက် အပိုင်းပိုင်းအပြတ်အသတ် တုံးတစ်ပဲ့မကျန် ခုတ်ထစ်ကာ ခွေးစာကျွေးပစ်ရန် ဧကန်မုချ လုပ်ဆောင်ပေလိမ့်မည်။
သို့သော်လည်း ဤသို့ဖြစ်လာနိုင်ခြေမှာမူ အလွန်အမင်း နည်းပါးလွန်းလှပေသည်။
“ဟူး...”
ကျန်းချန်သည် ရင်တွင်းရှိ မောဟိုက်လှိုက်လှဲမှု အပူငွေ့များကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ရင်း မိမိ၏ စိတ်လှုပ်ရှားမှုများကို ပြန်လည်တည်ငြိမ်အောင် ထိန်းညှိလိုက်တော့သည်။
သူသည် ယခုတည်ရှိရာ ကမ္ဘာမြေမှ လွတ်မြောက်တက်လှမ်းနိုင်ရန်အတွက် မိမိ၏ ဗီလိန်ဇာတ်ရုပ်ကို အပျက်အစီးမရှိ ဆက်လက် ထိန်းသိမ်း သွားရမည်ဖြစ်ပြီး မိမိအတွက် သတ်မှတ်ထားသော ဇာတ်သိမ်းခန်းမကြီးကို မလွှဲမရှောင်သာ ရင်ဆိုင်သွားရပေလိမည်။
ဤအရာသည် သူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ဇာတ်ကြောင်း အတိုင်းသာ ပုံသေလိုက်ပါ လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။
မူလဇာတ်လမ်းအရ ဇာတ်လိုက် လင်းဖုန်း ဂိုဏ်းသို့ ဝင်ရောက်လာပြီး တပည့်အဖြစ် ခံယူမည့်အချိန်မှာ နောက်ထပ် တစ်လခန့် လိုသေးသည်။
ယခုအချိန်၌ ကျန်းချန် လုပ်ဆောင်ရန် လိုအပ်သည်မှာကား မိမိ၏ ကျင့်စဉ်အဆင့်အတန်းကို အလျင်အမြန် ပြန်လည် ကုစားရန် မိမိ၏ ဗီလိန်ပုံရိပ်ကို စနစ်တကျ ပြန်လည်တည်ဆောက်ရန်နှင့် ဇာတ်သိမ်းခန်းအထိ အသက် ရှင်သန်နိုင်ရေး သေချာစေရန်အတွက် စနစ်ထံမှ အကျိုးအမြတ်အချို့ကို ရယူသွားရန်သာ ဖြစ်ပေသည်။
စနစ်၏ ဆုလာဘ်များကို အခြေခံလျက် ပိုမိုသန်မာလာအောင် လုပ်ဆောင်ပြီး ထိုမှတစ်ဆင့် ဇာတ်လိုက်ကို ပြန်လည် နှိပ်စက်ကာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခြင်းမှာလည်း အလားအလာရှိသော မဟာဗျူဟာတစ်ခု ဖြစ်နိုင် သော်လည်း အကယ်၍ တာဝန် ကျရှုံးခဲ့မည်ဆိုပါက ကြုံတွေ့ရမည့် နောက်ဆက်တွဲ အကျိုးဆက်များကို မသိရှိ နိုင်သဖြင့် ကျန်းချန်တစ်ယောက် ထပ်မံ၍ စွန့်စားမစမ်းသပ်ဝံ့တော့ချေ။
ဘဝကိုးခုတိုင်တိုင် သံသရာလည်ခဲ့ပြီးနောက် သူ တကယ်ကို ပင်ပန်းနေလေပြီ။
အကယ်၍ ဤသံသရာစက်ဝန်းထဲသို့ တစ်ဖန် ပြန်လည်ကျဆင်းသွားပြီး စနစ်ကိုပါ ဆုံးရှုံးလိုက်ရမည်ဆိုပါက သူသည် ဤဘဝ ကံကြမ္မာဆိုးကြီးထဲ၌သာ လုံးဝဥဿုံ ပိတ်မိသွားပေလိမ့်မည်။ ၎င်းသည်ကား အဆုံးမရှိသော ဒုက္ခ ပင်လယ်ဝေဒနာ ကွင်းဆက်ကြီး ဖြစ်ပေလိမ့်မည်။
စိတ်ကူးယဉ် အတွေးပွားများနေခြင်းကို ရပ်တန့်လိုက်ပြီးနောက် ကျန်းချန်သည် စားပွဲပေါ်ရှိ ဝိညာဉ် နိုးထဆေးလုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လျက် မြိုချလိုက်တော့သည်။
ယခင်က သူသည် မြေကမ္ဘာ အမြုတေအဆင့်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ၌မူ သူ၏ အမြုတေမှာ ဖျက်ဆီးခြင်း ခံခဲ့ရပြီဖြစ်ရာ သူ၏ ကျင့်စဉ်အဆင့်မှာလဲ လေးဆင့်အထိ ထိုးဆင်း ကျဆင်းသွားခဲ့ရလေပြီ။
သူ၏ ဒန်တျန်ထဲ၌ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သော အမြုတေဟောင်းမှာကား သာမန် စိတ်ဝိညာဉ် စွမ်းအင်ပင်လယ်တစ်ခုအဆင့်သို့သာ လျော့ကျသွားခဲ့ရသည်။။
ဤအဆင့်မှာ အောက်ခြေ လေးဆင့်ထဲမှ ပင်လယ်ခွဲဖြာခြင်းအဆင့်ပင် ဖြစ်၏။
အောက်ခြေလေးဆင့် ဆိုသည်မှာ ခန္ဓာကိုယ်သန့်စင်ခြင်း၊ ဝိညာဉ်ဆင့်ခေါ်ခြင်း၊ ချီစွမ်းအင် ကျင့်ကြံခြင်းနှင့် ပင်လယ်ခွဲဖြာခြင်းတို့ ဖြစ်ကြပေသည်။
ကျင့်ကြံခြင်း လမ်းစဉ်ထဲသို့ စတင်ဝင်ရောက်နိုင်ရန်အတွက် လူတစ်ဦးသည် ပထမဦးစွာ ဆေးဘက်ဝင် အပင်မျိုးစုံကို အသုံးပြုလျက် မိမိ၏ ခန္ဓာကိုယ်ကို သန့်စင်ရမည်ဖြစ်ပြီး ထို့နောက်တွင်မှ မန္တန်ကျင့်စဉ် နည်းလမ်း များမှတစ်ဆင့် ပြင်ပရှိ စိတ်ဝိညာဉ် စွမ်းအင်များကို မိမိ၏ ကိုယ်ခန္ဓာအတွင်းသို့ ဆင့်ခေါ်သွင်းယူရမည် ဖြစ်သည်။
ထိုသို့ သွင်းယူထားသော ဝိညာဉ်စွမ်းအင်များ ပိုမိုသိပ်သည်းလာသည့် အခါတွင်မူ ၎င်းကို စွမ်းအားတစ်ရပ်အဖြစ်သို့ ပြောင်းလဲလျက် ဆန်းကြယ်လှသော မန္တန်ရတနာ အမျိုးမျိုးကို စိတ်တိုင်းကျ စီမံခန့်ခွဲ နိုင်သလို၊ တိုက်ခိုက်ရေး ဆိုင်ရာ တားမြစ်လျှို့ဝှက်ကျင့်စဉ်များကိုလည်း လေ့ကျင့် ကျင့်ကြံနိုင်မည် ဖြစ်ပေသည်။
ဤအခြေခံ အုတ်မြစ်ပေါ်တွင် ကျင့်ကြံသူများသည် မိမိတို့၏ ဒန်တျန်ကို ဝိညာဉ်စွမ်းအင်များဖြင့် အစဉ်မပြတ် ဆေးကြော သန့်စင်ပေးရန် လိုအပ်ပြီး ဝိညာဉ်အိပ်ရာကို ပင်လယ်ပြင်ကြီးတစ်ခုအလား စိုက်ပျိုး ကျင့်ကြံရင်း အောက်ခြေ လေးဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သော ပင်လယ်ခွဲဖြာခြင်းအဆင့်သို့ တက်လှမ်းရမည် ဖြစ်ပေသည်။
ပင်လယ်ခွဲဖြာခြင်းအဆင့်မှသည် မူလအမြုတေအဆင့်သို့ ဆက်လက်တက်လှမ်းနိုင်ရန်အတွက် မိမိ၏ ဒန်တျန် အတွင်း၌ အမြုတေတစ်ခု ဖြစ်တည်လာသည်အထိ ထိုစိတ်ဝိညာဉ် စွမ်းအင်ပင်လယ်ကြီးကို အဆင့်ဆင့် သန့်စင်ပြီး ဖိသိပ် ကျစ်လျစ်အောင် ပြုလုပ်ရမည် ဖြစ်၏။
မူလအမြုတေအဆင့်ကိုကား — ကနဦး အမြုတေအဆင့်၊ လူသားအမြုတေအဆင့်၊ မြေကမ္ဘာ အမြုတေအဆင့်နှင့် ကောင်းကင် အမြုတေအဆင့် ဟူ၍ အဆင့်လေးဆင့် ထပ်မံခွဲခြားထားပေသည်။
သာမန်ကျင့်ကြံသူတစ်ဦးအတွက်မူ အောက်ခြေလေးဆင့်မှနေ၍ အမြုတေတစ်ခုကို စုစည်း ဖော်စပ်နိုင်ရန်အတွက် နှစ်ပေါင်း တစ်ရာခန့်မျှပင် ပင်ပန်းကြီးစွာ ကျင့်ကြံ အားထုတ်ရတတ်သည်။ ပါရမီ ထူးချွန်ထက်မြက် လှသူများတောင်မှ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တတ်ပေသည်။
ကျန်းလျန်ယွဲ့သည် အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်မှာပင် လူသားအမြုတေအဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်ရာ သူမအား အနာဂတ်တွင် ဧကရီတစ်ပါး ဖြစ်လာနိုင်ချေရှိသည့် ပါရမီရှင်အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်၏။
ကျန်းချန်ကမူ အနှစ်နှစ်ဆယ်ကျော်တိုင်အောင် ကျင့်ကြံလာခဲ့သူဖြစ်ပြီး လူပေါင်းတစ်သောင်းတွင် တစ်ယောက် ပေါ်ရန် ခဲယဉ်းလှသော ပါရမီထူးရှင်တစ်ဦး ဖြစ်ပေသည်။
သူ၏ အမြုတေ ဖျက်ဆီးခြင်းမခံရမီအချိန်က သူ၏ ကျင့်စဉ်အဆင့်အတန်းမှာ ကျန်းလျန်ယွဲ့ထက် သာလွန် မြင့်မားခဲ့သော်လည်း ဆေးလုံးများကို မကြာခဏ အလွန်အကျွံ မှီဝဲခဲ့ခြင်းကြောင့် သူ၏ အခြေခံအုတ်မြစ်မှာ မခိုင်မာခဲ့ဘဲ အမြုတေမှာလည်း သိပ်သည်း ကျစ်လျစ်မှု မရှိခဲ့ချေ။
သို့သော် ယခုအကြိမ်၌ သူ၏ မူလအမြုတေ အဖျက်ဆီးခံလိုက်ရခြင်းကပင် သူ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို ပြန်လည်၍ အခိုင်အမာ တည်ဆောက်နိုင်ရန်အတွက် အခွင့်ကောင်းတစ်ရပ် ဖြစ်သွားခဲ့ရလေတော့သည်။
ဆေးလုံးကို မြိုချလိုက်ပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ ခန်းခြောက်လုနီးပါး ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးသည် ရုတ်ချည်းဆိုသလိုပင် ပြန်လည်နိုးထ တက်ကြွလာခဲ့ပြီး၊ မိုးခေါင်ရေရှား နေသော မြေရိုင်းထဲသို့ မိုးဦးကျ သဲသဲမဲမဲ ရွာသွန်းဖြိုးချလိုက်သကဲ့သို့ ထိုဆေးစွမ်းအင်များကို လောဘတကြီး ဝါးမြို စုပ်ယူလိုက်တော့၏။
ဆေးစွမ်းအင်များကို ကုန်စင်အောင် စုပ်ယူပြီးသွားသည့်အခါ၌ သူ၏ စိတ်ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးသည် တစ်စထက် တစ်စ ပိုမို၍ ပြည့်ဖြိုးလျှံပတ်လာခဲ့လေသည်။
ဆေးစွမ်းအင်များ သိသိသာသာ လျော့နည်းသွားသည်ကို မြင်ရသည့်အခါ၌ ကျန်းချန်သည် နောက်ထပ် ဝိညာဉ်နိုးထ ဆေးလုံး တစ်လုံးကို ထပ်မံ၍ ကောက်ယူမြိုချလိုက်ပြန်သည်။
ဆေးလုံး နှစ်လုံးစလုံး၏ အာနိသင်မှာ အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးကျန်ရှိနေသော ဆေးစွမ်းအင် အမှုန်အမွှားလေးများကိုပါ စိတ်ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးက အစွမ်းကုန် ဝါးမြိုစုပ်ယူပြီးသွားချိန်တွင် သူ၏ ဒန်တျန်အတွင်းရှိ ပင်လယ်ပြင်ကြီးသည် အတိုင်းအဆမဲ့ ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုအလား အဟုန် အပြည့်ဖြင့် ပြည့်လျှံသွားခဲ့လေပြီ။
ကျန်းချန်အနေဖြင့် ဤနေရာတင် ကျင့်ကြံခြင်းကို ရပ်တန့်ရန် ရည်ရွယ်ခဲ့သော်လည်း စနစ်ထံမှ ဆုလာဘ်အဖြစ် ရရှိထားသော ကျင့်စဉ် ချိုးဖြတ်ခြင်း ဆေးလုံးကို သတိရသွားခဲ့မိသည်။
ဤဆေးလုံးသည်လည်း စတုတ္ထအဆင့်ရှိ ဆေးဖက်ဝင် ဆေးလုံးတစ်မျိုးပင် ဖြစ်ပြီး မဖျက်ဆီးဘဲနှင့် အသစ် မတည်ဆောက်နိုင်ဟူသော သဘောတရားလမ်းစဉ်ကို ဖော်ဆောင်ထားခြင်း ဖြစ်ပေသည်။ ထို့ပြင် ၎င်းသည် အောက်ခြေ လေးဆင့်ရှိ ကျင့်ကြံသူများအတွက် မိမိတို့၏ မူလအမြုတေကို ပြန်လည် စုစည်းဖော်စပ်နိုင်ရန် မရှိမဖြစ် လိုအပ်သော အရေးကြီးဆုံး ဆေးလုံးတစ်လုံးလည်း ဖြစ်၏။
ဤကမ္ဘာမြေရှိ ဆေးလုံးများကိုမူ အဆင့်ကိုးဆင့် ခွဲခြားထားပြီး ပထမအဆင့်မှာ အနိမ့်ဆုံး ဖြစ်ကာ ကိုးခုမြောက် အဆင့်မှာ အမြင့်ဆုံး ဖြစ်ပေသည်။ အဆင့်တစ်ခုချင်းစီကိုလည်း အနိမ့်၊ အလယ်၊ အမြင့်နှင့် ပြီးပြည့်စုံသောအဆင့် ဟူ၍ အရည်အသွေးအလိုက် ထပ်မံ ခွဲခြားထားသေးသည်။
၎င်းတို့ထက် သာလွန်မြင့်မားသော ထူးကဲမွန်မြတ်သောအဆင့်နှင့် နတ်ဘုရားအဆင့် ဆေးလုံးများလည်း ရှိသေးသည်ဟု ကောလာဟလများ ရှိခဲ့ဖူးသော်လည်း ထိုကဲ့သို့သော ဆေးလုံးမျိုးကိုမူ ဤကမ္ဘာမြေ၌ မတွေ့မြင် ရသည်မှာ နှစ်ပေါင်း တစ်ထောင်ခန့်ပင် ရှိခဲ့လေပြီ။
စနစ်က သူ့အား ဆုလာဘ်အဖြစ် ပေးအပ်ထားသော ကျင့်စဉ် ချိုးဖြတ်ခြင်း ဆေးလုံးမှာမူ ပြီးပြည့်စုံသော အရည်အသွေးအဆင့်၌ ရှိနေပေသည်။
၎င်းကို ပြီးပြည့်စုံသောအဆင့်ဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ ၎င်း၌ မည်သည့် ဆေးအနှစ် အဆိပ်အတောက်မျှ စိုးစဉ်းမျှ ပါဝင်ခြင်း မရှိဘဲ ဆေးအာနိသင် ပိုမိုပြင်းထန် ထက်မြက်ရုံတင်မကဘဲ မည်သည့် ဘေးထွက်ဆိုးကျိုး မျှလည်း လုံးဝမရှိသောကြောင့် ဖြစ်ပေသည်။
ခေတ္တမျှ တွေးတောချင့်ချိန်ပြီးနောက်တွင် ကျန်းချန်သည် ထိုကျင့်စဉ် ချိုးဖြတ်ခြင်း ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်ကာ မြိုချလိုက်တော့သည်။
လက်ရှိအချိန်၌ သူ၏ အင်အားမှာ အလွန်အမင်း အားနည်းလွန်းနေသေး၏။ အကယ်၍သာ သူသည် အောက်ခြေ လေးဆင့်မျှသာရှိသော ကျင့်ကြံခြင်း အဆင့်အတန်းကို အခြားသော ဂိုဏ်းသားတပည့်များ၏ ရှေ့မှောက်ဝယ် ထုတ်ဖော်ပြသမိပါက သူတစ်ပါးကို ဖိနှိပ်ဟန့်တားနိုင်စွမ်းသော အရှိန်အဝါမျိုး စိုးစဉ်းမျှ ရှိတော့မည် မဟုတ်ချေ။
မူလဇာတ်လမ်းထဲမှ ကျန်းချန်သည်လည်း ဤအချက်ကို ကောင်းစွာသိရှိထားခဲ့၍ပင် သူ၏ မူလအမြုတေ ဖျက်ဆီးခံလိုက်ရပြီးနောက် တစ်လကျော်တိုင်အောင် အဆောင်အပြင်သို့မထွက်ဘဲ တိတ်တဆိတ် အောင်းနေခဲ့ခြင်း ဖြစ်၏။ ထို့နောက် လင်းဖုန်း ဂိုဏ်းသို့ဝင်ရောက်၍ တပည့်ခံမည့် နေ့ရက်မတိုင်မီ ညဉ့်ဦးယံ အချိန်ကျမှသာ မူလအမြုတေအဆင့်သို့ တကျော့ပြန် ရောက်ရှိနေသော အသွင်ဖြင့် လူအများရှေ့မှောက်သို့ တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းချန်သည် ဤကဲ့သို့ တစ်လကျော်သော အချိန်ကာလကို အကြောင်းမဲ့ သက်သက်မဲ့ မဖြုန်းတီးချင်တော့ချေ။ သူသည် မိမိ၏ ဗီလိန်ပုံရိပ်ကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းချင် နေသေးသည်။
သူ၏ ဤလုပ်ရပ်ကြောင့် မူလဇာတ်ကြောင်း အကွက်အကွင်းအချို့ ပြောင်းလဲသွားနိုင်သော်လည်း ထိုအရာက သိပ်ပြီး အရေးမကြီးလှပါ။
ဘာပဲဖြစ်ဖြစ် သူ၏ စနစ်သတ်မှတ်ချက် တာဝန်မှာ မိမိ၏ ဗီလိန်ဇာတ်ရုပ်ကို အပြည့်အဝ ထိန်းသိမ်းရင်းနှင့်သာ ဇာတ်သိမ်းခန်း၌ အသေခံရန်ဖြစ်ပြီး ဇာတ်ကြောင်းလမ်းစဉ် ပြောင်းလဲသွားခြင်းကို တားဆီးရန် မဟုတ်ပေ။
သူ မသေမျိုးအဖြစ် မတက်လှမ်းမီအချိန်အတွင်း စနစ်ထံမှနေ၍ ရနိုင်သမျှသော အကျိုးအမြတ်နှင့် ဆုလာဘ်များကို အတတ်နိုင်ဆုံး သိမ်းကျုံးယူသွားရန်သာ လိုအပ်ပေသည်။
လင်းဖုန်းတစ်ယောက် အသက်ရှင်နေသရွေ့သူသည် ဇာတ်သိမ်းခန်းကြီးသို့ ရောက်ရှိချိန်တွင် မိမိ၏တာဝန်ကို အောင်မြင်စွာ အဆုံးသတ်နိုင်မည် ဖြစ်ပြီး ထိုနေရာတင် မသေမျိုးအဖြစ်သို့ ချက်ချင်း တက်လှမ်းသွားနိုင်မည် ဖြစ်၏။
ဤအချက်မှာလည်း ကျန်းချန်တစ်ယောက် စိုးရိမ်ပူပန်မှု အနည်းဆုံးဖြစ်ရသည့် အကြောင်းရင်းပင်။
ဘာပဲဖြစ်ဖြစ် ကံကြမ္မာ သားတော် ဟူသည်မှာ ဤမျှအထိ လွယ်လွယ်ကူကူနှင့် သေဆုံးသွားမည့်သူ မဟုတ်ချေ။ သို့မဟုတ်ပါက သူသည် ဘဝကိုးခုတိုင်တိုင် သံသရာလည်ခဲ့စဉ်အတွင်း ဘဝတိုင်း၌ ဤကဲ့သို့သော တူညီလှသည့် ဇာတ်သိမ်းခန်းမျိုးဖြင့် အဆုံးသတ်သွားခဲ့မည် မဟုတ်ပါလား။