← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃) ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း (၂)

ယောင်ရန်၊ လုံယုနှင့် ရွှီရွှမ်းတို့က စစ်သည်များ အသက်ရှင်ကျန်ရစ်သူများကို စနစ်တကျ စီစဉ်နေရာချ ထားပေးနေပုံနှင့် လေတိုက်နှုန်း အပြောင်းအလဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေစဉ် ဟွာရှန့်ယန်က အသံကိုနှိမ့်ကာ မေးလိုက်လေသည်။

"အဲဒါ ယောင်ရန်လား"

မုရှီးချန်က ခေါင်းညိတ်လိုက်သည်။

"အင်း...”

နောက်ခန်းဆီသို့ လှမ်းကြည့်ရင်း ဟွာရှန့်ယန်က ထပ်မေးလိုက်လေသည်။

"သူ့ရည်းစားက ဘယ်တစ်ယောက်လဲ"

"အရပ်အရှည်ဆုံး တစ်ယောက်ပဲ...” မုရှီးချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

လုံယုအပေါ် ရောက်နေသော ဟွာရှန့်ယန်၏ အကြည့်မခွာတမ်းဖြစ်နေမှုကို သတိထားမိသွားသော မုရှီးချန်က သူ့ကို တံတောင်ဆစ်နှင့် တွတ်ကာ တိုးတိုးပြောလိုက်လေသည်။

"သူက လေစွမ်းအင်သုံးနိုင်တဲ့သူပဲ… မင်း သူ့ကို ဆက်ကြည့်နေရင် မျက်လုံးတွေ အဖောက်ခံရလိမ့် မယ်...”

ဟွာရှန့်ယန်က သူ၏ ငယ်သူငယ်ချင်းဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"မင်း သူ့နောက်ခံကို စုံစမ်းကြည့်ပြီးပြီလား"

"အင်း" မုရှီးချန်က ပြန်ဖြေလိုက်လေသည်။

"သူက ပထမတပ်မတော် အထူးတပ်ဖွဲ့တစ်ခုရဲ့ ကပ္ပတိန်ဟောင်းတစ်ယောက်ပဲ… သူက 'ဒဏ်ရာရ' လို့ဆို ပြီး အနားယူခဲ့တာ… ဒါပေမဲ့ ငါစုံစမ်းကြည့်ရသလောက်တော့ ဒဏ်ရာရတယ်ဆိုတာက ဆင်ခြေတစ်ခု သက်သက်ပဲ… တကယ်တမ်းကျတော့ သူက တကယ် ဒဏ်ရာရခဲ့တာ မဟုတ်ဘူး...”

ဤသည်ကို ကြားသော် ဟွာရှန့်ယန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူက မေးလိုက် လေသည်။

"သူက အရမ်း မသင်္ကာစရာကောင်းနေတယ်… သူ့အကြောင်း တခြားရော ဘာတွေ သိရသေးလဲ"

မုရှီးချန်က လုံယုအား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"အခြေခံအချက်အလက်တွေကလွဲရင် ငါ ဘာမှ ရှာမတွေ့ခဲ့ဘူး… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကတော့ စိတ် ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုကို ငါ ရှာတွေ့ခဲ့တယ်...”

"ဘာများလဲ...”

ဟွာရှန့်ယန်က စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

အသံကို ထပ်နှိမ့်လိုက်ပြီး မုရှီးချန်က တိုးတိုးလေး ပြောလိုက်သည်။

"ငါသိတဲ့ လူတစ်ယောက် ပြောပြတာကတော့ ရှိုတူမြို့မှာ ရာစုနှစ်ပေါင်းများစွာ မြို့တော်ကို နောက်ကွယ် ကနေ ထိန်းချုပ်လာခဲ့တဲ့ ရှေးကျတဲ့ မိသားစုတစ်စု ရှိတယ်တဲ့…တိုက်ဆိုင်စွာပဲ သူတို့ရဲ့ မျိုးရိုးနာမည်က လုံ ဖြစ်နေတယ်...”

ဟွာရှန့်ယန်၏ မျက်မှန်နောက်က မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။ ခဏမျှ အံ့ဩ မှင်တက်သွားပြီးနောက် သူက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"မင်းဆိုလိုတာက… သူက…."

ဟွာရှန့်ယန် စကားမဆုံးခင်မှာပင် မုရှီးချန်က ခေါင်းညိတ်ပြလိုက်သည်။

ထိုနှစ်ဦး အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် မုရှီးချန်က ထပ်ပြောလေသည်။

"ဒါကို အတည်ပြုဖို့ ခိုင်လုံတဲ့ သက်သေတော့ မရှိသေးဘူး… ဒါကြောင့် လောလောဆယ်တော့ ငါတို့ စောင့်ကြည့်ရမယ်… အမှန်တရားကို ဖော်ထုတ်နိုင်တာနဲ့ ငါတို့ ဘာလုပ်ရမလဲ ဆုံးဖြတ်လို့ရပြီ...”

ဟွာရှန့်ယန်သည် သိပ္ပံပညာရှင်နှင့် ဆရာဝန်တစ်ဦးဖြစ်သော်လည်း သူသည် ဟွာ အုပ်စု၏ အမွေဆက်ခံ သူလည်း ဖြစ်သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်မှုများက ပြင်ဆင်မှုမရှိသော တိုက်ပွဲများကို ရှောင်ရှား တတ်သည့် အကျင့်တစ်ခုကို သူ့တွင် စွဲမြဲစေခဲ့သည်။ တိကျသေချာသော အချက်အလက်များ မရှိသေး သည့်အတွက် လောလောဆယ် မြွေကို သွားမခြောက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု သူ သဘောတူ လိုက်လေသည်။

ခဏမျှ စဉ်းစားပြီးနောက် ဟွာရှန့်ယန် ခေါင်းညိတ်ကာ မေးလိုက်သည်။

"ဒီအကြောင်း ရူဟန်ကို မင်း ပြောပြပြီးပြီလား"

မုရှီးချန်က ခေါင်းခါပြလိုက်လေသည်။

"မပြောရသေးဘူး… ဒီတလော သူ ဘာတွေအလုပ်ရှုပ်နေလဲ ငါ သေချာမသိဘူး… ဒီရက်ပိုင်းတွေမှာ သူ့ကို မတွေ့မိဘူး...”

မုရှီးချန်၏ မကျေမနပ်ဖြစ်နေမှုကို ရိပ်မိသော ဟွာရှန့်ယန်က ပြောလိုက်လေသည်။

"သူ အလုပ်များနေတာ ဖြစ်နိုင်ပါတယ်… သူ့ကို တွေ့တဲ့အခါမှပဲ နောက်မှ ငါတို့ ပြောပြလိုက်ကြတာ ပေါ့…"

မူရှီးချန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ကောင်းပြီလေ...” ဟု ပြန်ဖြေလိုက်လေသည်။

သူတို့ စကားပြောနေစဉ်မှာပင် စစ်သည်များက အသက်ရှင်ကျန်ရစ်သူများကို စီစဉ်နေရာချထားပေးမှု ပြီးစီးသွားခဲ့လေသည်။ အမြင်အာရုံ မှုန်ဝါးပြီး လေတိုက်နှုန်း ပြင်းထန်သောကြောင့် မတော်တဆမှုများ ကို ရှောင်ရှားရန် ယာဉ်မောင်းများသည် ဖြည်းညင်းစွာ မောင်းနှင်ခဲ့ရလေသည်။

ကားသည် ဗီလာဧရိယာမှ ထွက်ခွာလာစဉ် လုံယုက တိုးတိုးလေး ပြောလိုက်လေသည်။

"လေတွေက ပိုပိုပြီး ပြင်းလာတယ်…"

၎င်းကို ကြားသောအခါ ယောင်ရန်က လက်ကို ဆုပ်ထားလိုက်ပြီး တွေးလိုက်လေသည်။

*မြေအောက်ခိုလှုံရေးစခန်းဆီသွားရမယ့် ဒီခရီးစဉ်က လွယ်ကူမှာ မဟုတ်လောက်ဘူး…*

ယာဉ်တန်းသည် သဲမုန်တိုင်းကို ရင်ဆိုင်ဖြတ်သန်းနေချိန်တွင် ဒုတိယတပ်မတော်မှ စစ်သည်များသည် ဆင်းရဲသားရပ်ကွက်မှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် အလုပ်ရှုပ်နေခဲ့ကြလေသည်။

စစ်ကားတစ်စီးပေါ်တွင် ရပ်နေသည့် လီထျန်ယုက အသံချဲ့စက် မှတစ်ဆင့် အော်ပြောလိုက်လေသည်။

"အချင်းချင်း တွန်းတိုက်နေတာတွေ ရပ်ကြပါ… ညွှန်ကြားချက်တွေကို လိုက်နာကြပါ...”

သူ အကြိမ်ကြိမ် သတိပေးနေသော်လည်း အသက်ရှင်ကျန်ရစ်သူများက ဘတ်စ်ကားများဆီသို့ ဆက် လက်ပြေးလွှားနေကြပြီး၊ အရင်ဆုံးကားပေါ်တက်နိုင်ရန် အချင်းချင်း အတင်းအလုအယက် တွန်း တိုက်နေကြလေတော့သည်။

ဖရိုဖရဲဖြစ်နေမှုကြောင့် စိတ်ပျက်သွားသော လီထျန်ယုက ကျိတ်ပြီး ဆဲရေးတိုင်းထွာလိုက်ကာ၊ သေနတ် ကို ဆွဲထုတ်ပြီး ကောင်းကင်သို့ ပစ်ဖောက်လိုက်လေတော့သည်။

"ဒိုင်း…"

ကျယ်လောင်သော သေနတ်သံသည် ထိုဧရိယာတစ်ဝိုက်တွင် ပဲ့တင်ထပ်သွားပြီး လူအုပ်ကြီးကို ထိရောက်စွာ တိတ်ဆိတ်သွားစေခဲ့ပေသည်။

လီထျန်ယု သေနတ်ကို ပြန်ချလိုက်ပြီး၊ အသံချဲ့စက်ကို ပြန်ကိုင်ကာ အံကြိတ်လျက် ပြောလိုက်လေ သည်။

"တန်းစီပြီး အမိန့်ကို လိုက်နာကြ… မဟုတ်ရင် ငါ့ရဲ့ နောက်ထပ် ကျည်ဆန်က ပြဿနာရှာတဲ့သူရဲ့ ခေါင်း ထဲကို ဝင်သွားလိမ့်မယ်...”

သူ စကားပြောပြီးသွားသည်နှင့် မကျေနပ်မှုများ ပြည့်နှက်နေသော ဒေါသတကြီး အသံတစ်သံက အော် ပြောလာခဲ့လေသည်။

"မင်းက ဘယ်သူ့ကို လာခြောက်နေတာလဲ… မင်းကို ငါတို့က ကြောက်မယ်ထင်နေလား… မင်းက သက် သက်…"

"ဒိုင်း…"

"ဘုန်း…"

သေနတ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားပြီး တစ်စက္ကန့်အကြာ၌ ထိုအမျိုးသား၏ နဖူးရှိ အပေါက်မှ သွေးများ စီးကျလာကာ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့လေ သည်။ စက္ကန့်အနည်းငယ်အကြာတွင် အသက်ရှင်ကျန်ရစ်သူများသည် သူတို့၏ ထိတ်လန့်တုန်လှုပ်မှုမှ သတိဝင်လာပြီး ကြောက်လန့်တကြား စတင်အော်ဟစ်ကြတော့လေသည်။

"အား… လူ သတ်လိုက်ပြီ…"

"စစ်သည်က တကယ်ကြီး ပစ်လိုက်တာပဲ...”

ကြောက်လန့်တကြားဖြစ်နေမှုများကို လျစ်လျူရှုကာ လီထျန်ယုက အော်လိုက်လေသည်။

"ပါးစပ်ပိတ်ထားကြ...”

သူ၏ အသံထွက်ပေါ်သွားသည်နှင့် တစ်ပြိုင်နက် အသက်ရှင်ကျန်ရစ်သူများ ချက်ချင်း တိတ်ဆိတ် သွားကြလေတော့သည်။

သူ၏ 'မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ပြခြင်း' နည်းဗျူဟာ အလုပ်ဖြစ်သွားသည်ကို မြင်သောအခါ လီထျန်ယုက အသက်ရှင်ကျန်ရစ်သူများကို စိုက်ကြည့်ကာ​ ပြောလိုက်လေသည်။

"အခု တန်းစီပြီး ဘတ်စ်ကားတွေပေါ်ကို တစ်ယောက်ချင်းစီ တက်ကြ...”

သူ၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီးနောက် မည်သည့်အသက်ရှင် ကျန်ရစ်သူမှ ပြဿနာထပ်ရှာရန် မရဲကြတော့ပေ။ သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကားပေါ်တက်သည့် လုပ်ငန်းစဉ်မှာ ပိုမိုမြန်ဆန်လာခဲ့ပေတော့သည်။

နာရီဝက်အတွင်းမှာပင် အသက်ရှင်ကျန်ရစ်သူ ထက်ဝက်ကျော်သည် ကားများပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်ပေသည်။

လေပိုမိုပြင်းထန်လာသည်ကို ရိပ်မိသော လီထျန်ယုက သူ၏ လက်အောက်ငယ်သားတစ်ဦးကို အမိန့် ပေးလိုက်လေသည်။

"ဘတ်စ်ကားတွေ ပြည့်တာနဲ့ မြေအောက်ခိုလှုံရေးစခန်းကို ထွက်ခွာဖို့ ယာဉ်မောင်းတွေကို သွားပြော လိုက်...”

"ဟုတ်ကဲ့ပါ ကပ္ပတိန်...”

စစ်သည်သည် အလေးပြုပြီးနောက် ယာဉ်မောင်းများကို အသိပေးရန် အမြန်ထွက်သွားလေသည်။

ဘတ်စ်ကားများ တစ်စီးပြီးတစ်စီး ထွက်ခွာသွားသည်ကို ကြည့်နေရင်း ကျန်ရှိနေသေးသော အသက်ရှင် ကျန်ရစ်သူများမှာ စိုးရိမ်ပူပန်လာကြသော်လည်း ပြဿနာမရှာရဲကြတော့ပေ။

နောက်ဆုံးဘတ်စ်ကား ထွက်ခွာသွားသောအခါ အသက်ရှင်ကျန်ရစ်သူတစ်ဦးက ဆက်မအောင့်ထား နိုင်တော့ဘဲ မေးလိုက်လေသည်။

"ကားတွေ ထွက်သွားကုန်ပြီ… ငါတို့ကရော ဘယ်လိုလုပ်မှာလဲ… မင်းတို့က ငါတို့ကို ဒီမှာ သေဖို့ ထားခဲ့ တော့မလို့လား…"

လီထျန်ယု သူ၏ အသံချဲ့စက်ကို မြှောက်ကာ ပြန်ဖြေလိုက်လေသည်။

"ငါ ဒီမှာ ရှိနေသေးတယ်လေ…. မင်းတို့က ဘာကို ဒီလောက်ကြောက်နေရတာလဲ...”

"ဒါပေမဲ့ သူတို့က ဘာလို့ အရင်ထွက်သွားရတာလဲ...”

ထိုအသက်ရှင်ကျန်ရစ်သူက တုန်ယင်နေသော အသံဖြင့် ဆက်မေးလိုက်လေသည်။

လီထျန်ယုက သူ့အား မထီမဲ့မြင် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"မင်းတို့အားလုံးကို တစ်ခါတည်း သယ်ဖို့ ဘတ်စ်ကား အလုံအလောက် မရှိဘူး… ဒါကြောင့် သူတို့ ဒုတိယအကြိမ် ပြန်လာခေါ်ကြလိမ့်မယ်...”

သူသည် ထိုအမျိုးသားကို ကြည့်ကာ လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ဆက်ပြောပြန်လေသည်။

"လူသိန်းနဲ့ချီပြီး ရွှေ့ပြောင်းရတာ လွယ်ကူတဲ့ကိစ္စလို့ မင်း ထင်နေလား… ပြီးရင် မင်းတို့တွေက အမြဲတမ်း ပြဿနာရှာနေကြပြီး လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေရုံပဲ ရှိတယ်… တကယ်လို့ မင်းတို့ ဒီမှာပဲ သေသွား ခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိဘူး...”

လီထျန်ယု၏ လှောင်ပြောင်နေသော မျက်နှာကို ကြည့်ကာ ထိုအသက်ရှင်ကျန်ရစ်သူမှာ နှုတ်ဆိတ်သွား တော့သည်။ ယုံကြည်မှု မရှိသော်လည်း၊ သူတို့သည် ဆင်းရဲသားရပ်ကွက်မှ အမြန်ဆုံးထွက်ခွာနိုင်ရန် အတွက် လိုက်နာကာ စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အခန်း (၃၆၄) တိုက်ခိုက်ခံရခြင်း

ထိုဖြစ်ရပ်အပြီးတွင် မည်သူကမျှ ထပ်မံညည်းညူရန် မဝံ့ရဲကြတော့ပေ။ လီထျန်ယုက စစ်ကားအမိုး ပေါ်တွင် ထိုင်နေစဉ် အသက်ရှင်ကျန်ရစ်သူများသည် စစ်သည်များနှင့်အတူ တိတ်ဆိတ်စွာ ရပ်နေကြ လေသည်။

တစ်နာရီအကြာတွင် ဘတ်စ်ကားများနှင့် စစ်ကားများပါဝင်သော ယာဉ်တန်းတစ်တန်း ရောက်ရှိလာ ခဲ့လေသည်။

၎င်းတို့သည် ဒုတိယတပ်မတော်မှ ယာဉ်များမဟုတ်သည်ကို သတိထားမိသဖြင့် လီထျန်ယုက မေးလိုက် လေသည်။

"မင်းတို့က ဘယ်တပ်ဖွဲ့ကလဲ"

စစ်သည်တစ်ဦး ရှေ့ထွက်လာကာ အလေးပြုပြီး ပြန်ဖြေလိုက်လေသည်။

"ကျွန်တော်တို့က ပထမတပ်မတော်ကပါ… ဗီလာနဲ့ လူနေရပ်ကွက်တွေကို ရွှေ့ပြောင်းပေးလို့ ပြီးသွားပြီ ဖြစ်တဲ့အတွက် တပ်မှူးရွှီက ဆင်းရဲသားရပ်ကွက် ရွှေ့ပြောင်းရေးမှာ ဒုတိယတပ်မတော်ကို ကူညီပေးဖို့ အမိန့်ပေးလိုက်လို့ပါ...”

၎င်းကိုကြားသော် လီထျန်ယု၏ မျက်နှာပေါ်တွင် နောက်ဆုံး၌ အပြုံးရေးရေးလေး တစ်ခု ပေါ်ထွက်လာ ပြီး ပြောလိုက်လေသည်။

"ကျွန်တော်တို့ကို လာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကို"

"အချင်းချင်း ကူညီဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ...”

စစ်သည်က တည်ငြိမ်စွာ ပြန်ပြောလေသည်။

လူအုပ်ကြီးဘက်သို့ ပြန်လှည့်ကာ လီထျန်ယုသည် သူ၏ အသံချဲ့စက်ကို မြှောက်၍ အမိန့်ပေးလိုက် လေသည်။

"တန်းစီပြီး ဘတ်စ်ကားတွေပေါ် တက်ကြ...”

ဤတစ်ကြိမ်တွင်တော့ အသက်ရှင်ကျန်ရစ်သူများသည် ချက်ချင်း နာခံကြကာ ဘတ်စ်ကားများရှေ့တွင် သပ်ရပ်စွာ တန်းစီကြပြီး ကားပေါ်တက်ရန် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြလေတော့သည်။

အသက်ရှင်ကျန်ရစ်သူများက ဒုတိယတပ်မတော်မှ စစ်သည်များ၏ ညွှန်ကြားချက်များကို လိုက်နာနေ ကြစဉ် ပထမတပ်မတော်မှ စစ်သည်များကမူ ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြပေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စစ်သည်တစ်ဦးက သက်ပြင်းချကာ ပြောလိုက်လေသည်။

"လူနေရပ်ကွက်တွေကို ရွှေ့ပြောင်းပေးခဲ့တုန်းက ဆူပါမားကတ် ဈေးပွဲတော်မှာ အဒေါ်ကြီးတွေကို တွန်းတိုက် တိုက်ခိုက်နေရသလိုပဲ… အခုလိုမျိုး စည်းကမ်းရှိပြီး နာခံတာမျိုးက ဘယ်မှာ ရှိလို့လဲ...”

အခြားစစ်သည်တစ်ဦးကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

"ဒီလို စည်းကမ်းရှိတာက တကယ့်ကို တစ်မူထူးခြားတာပဲ… ကပ္ပတိန်လီက ဒီလောက်များတဲ့ လူတွေကို ထိန်းချုပ်နိုင်တာ အရမ်းတော်တာပဲ"

သူတို့ စကားပြောနေကြစဉ်မှာပင် လီထျန်ယုက စစ်ကားပေါ်မှ ခုန်ဆင်းလာပြီး အမိန့်ပေးလိုက်လေ သည်။

"ကားပေါ်တက်ကြ… လူတိုင်း ကားပေါ်ရောက်တာနဲ့ ငါတို့ ထွက်မယ်...”

"ဟုတ်ကဲ့ပါ ကပ္ပတိန်...”

သူ၏အမိန့်ကို လိုက်နာလျက် စစ်သည်များသည် အသက်ရှင်ကျန်ရစ်သူများကို ကားများပေါ်သို့ ပိုမို မြန်ဆန်စွာ တက်ရောက်ရန် အလျင်စလို တိုက်တွန်းကြလေသည်။

နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ ဘတ်စ်ကားပေါ်သို့ ရောက်သွားသောအခါ စစ်သည်များသည် စစ်ကား များနှင့် ဟမ်းဗီး ကားများပေါ်သို့ အပြေးအလွှား တက်ကြလေတော့သည်။

လီထျန်ယုက ဟမ်းဗီးကားပေါ်သို့ တက်ကာ တံခါးကို ပိတ်လိုက်ရင်း အမိန့်ပေးလိုက်လေသည်။

"ထွက်မယ်…"

ထို့နောက် ယာဉ်မောင်းသည် အင်ဂျင်ကိုနှိုးကာ လီဗာကို နင်းပြီး ဆင်းရဲသားရပ်ကွက်မှ ထွက်ခွာသွားရာ အခြားယာဉ်များကလည်း နောက်မှ လိုက်ပါလာကြလေတော့သည်။

သူတို့ ဆင်းရဲသားရပ်ကွက်ဧရိယာမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အနောက်ဘက် အပြင်ဘက် တံတိုင်းဆီမှ ဥဩဆွဲသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ဝီ... ဝီ... ဝီ... "

ထိုအသံကို ကြားလိုက်ရချိန်တွင် လီထျန်ယု၏ မျက်နှာအမူအရာ လေးနက်သွားခဲ့လေသည်။ ဥဩသံ အမျိုးအစား အများအပြားရှိပြီး ဤအသံသည် သူတို့ တိုက်ခိုက်ခံနေရကြောင်း ညွှန်ပြနေခြင်းပင် ဖြစ် ချေသည်။

သူက စကားပြောစက်ကို ကောက်ကိုင်လိုက်ပြီး ညွှန်ကြားလိုက်လေသည်။

"ယာဉ်မောင်းတွေ၊ အသက်ရှင်ကျန်ရစ်သူတွေကို မြေအောက်ခိုလှုံရေးစခန်းတွေဆီ ပို့လိုက်ပါ… စစ်သည်တွေကတော့ အပြင်ဘက်တံတိုင်းဆီ ငါ့နောက်က လိုက်ခဲ့ကြ"

သူက စကားပြောစက်ကို ဒက်ရှ်ဘုတ် ပေါ်သို့ ပြန်တင်လိုက်ပြီးနောက် စစ်ကားများနှင့် ဟမ်းဗီးများမှ ယာဉ်မောင်းများက အမိန့်ကို နာခံလိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ ကပ္ပတိန်…"

စက္ကန့်အနည်းငယ်အကြာတွင် စစ်ကားများနှင့် ဟမ်းဗီးကားများသည် ယာဉ်တန်းမှ ခွဲထွက်ကာ အနောက် ဘက်တံတိုင်းဆီသို့ ဦးတည်သွားကြပြီး၊ ဘတ်စ်ကားများကမူ မြေအောက်ခိုလှုံရေးစခန်းဆီသို့ ခရီးဆက် သွားကြလေတော့သည်။

ပုံမှန်အားဖြင့် ဆင်းရဲသားရပ်ကွက်မှ အပြင်ဘက်တံတိုင်းဆီသို့ မောင်းနှင်ရန် မိနစ်အနည်းငယ်မျှသာ ကြာမြင့်မည်ဖြစ်သည်။ သို့သော် အမြင်အာရုံ မှုန်ဝါးခြင်းနှင့် လေတိုက်နှုန်း ပြင်းထန်မှုတို့ကြောင့် သူတို့ ရောက်ရှိရန် မိနစ်နှစ်ဆယ်ကျော် အချိန်ယူလိုက်ရလေသည်။

နောက်ဆုံးတွင် လီထျန်ယု ဟမ်းဗီးကားပေါ်မှ ဆင်းလာသောအခါ တံတိုင်းကို စောင့်ကြပ်နေသော စစ်သည်များသည် တိုက်ပွဲဆင်နွှဲနေကြပြီ ဖြစ်သည်။ သူတို့ကို မြင်သည်နှင့် တံတိုင်းစောင့်တပ်ဖွဲ့၏ ကပ္ပတိန်က လီထျန်ယုထံသို့ အမြန်ချဉ်းကပ်လာခဲ့လေသည်။

တံတိုင်းထိပ်သို့ လှေကားပေါ်မှ တက်သွားရင်း လီထျန်ယုက မေးလိုက်လေသည်။

"အခြေအနေ ဘယ်လိုရှိလဲ"

စစ်သည်က ပြန်ဖြေလိုက်လေသည်။

"လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်မိနစ်က မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးတွေ အုပ်စုလိုက်ကို တွေ့ခဲ့ရတယ်… လွန်ခဲ့တဲ့ဆယ်မိနစ်က သူတို့ စတင်တိုက်ခိုက်လာတယ်… ကျွန်တော်တို့ သူတို့ကို ပြန်လည်တိုက်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် သဲမုန်တိုင်းက ကျွန်တော်တို့ကို အဟန့်အတား ဖြစ်နေစေပါတယ်"

"ထိခိုက်ကျဆုံးမှု ရှိလား...” လီထျန်ယုက မေးလိုက်လေသည်။

စစ်သည်က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

"စစ်သည် သုံးယောက် ကျဆုံးသွားပါပြီ… ကျန်တဲ့ စစ်သည် ထက်ဝက်ကျော်ကလည်း ဒဏ်ရာအနည်းနဲ့ အများ ရထားကြပြီး ကျန်တဲ့သူတွေက ဆက်လက်တိုက်ပွဲဝင်နေဆဲပါ… ကျွန်တော်တို့ဆီမှာ ခဲယမ်းမီး ကျောက်တွေ အကန့်အသတ်ရှိနေပြီး အနီးကပ်တိုက်ခိုက်ဖို့ကလည်း ခက်ခဲနေပါတယ်...”

ထိုအစီရင်ခံတင်ပြမှုကို ကြားပြီးနောက် ဤတိုက်ပွဲသည် ခက်ခဲလိမ့်မည်ကို လီထျန်ယု သိလိုက်လေ သည်။ သူသည် တံတိုင်းအစွန်းသို့ လျှောက်သွားကာ ထိုဧရိယာကို အလျင်အမြန် အကဲခတ်ကြည့်လိုက် လေသည်။

တံတိုင်းအထက်တွင် ပျံဝဲနေကြပြီး စစ်သည်များကို တိုက်ခိုက်ရန် ရံဖန်ရံခါ ထိုးဆင်းလာတတ်သည့် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို သူ စောင့်ကြည့်နေလိုက်လေသည်။ အခြေအနေအရပ်ရပ်ကို ခြုံငုံကြည့်ပြီးနောက် သူ၏ မေးရိုးများ တင်းမာသွားခဲ့လေတော့သည်။

လီထျန်ယု မျက်လုံးများကို မှေးကာ တွေးမိလိုက်လေသည်။

*ဒီ မျိုးရိုးဗီဇပြောင်း ငှက်တွေက ဉာဏ်ရည်ပါ ဖွံ့ဖြိုးလာတာပဲ… သူတို့က ဘယ်အချိန် တိုက်ခိုက်ရမယ်၊ ဘယ်အချိန် ဆုတ်ခွာရမယ်ဆိုတာကိုတောင် သိနေကြတယ်*

သူ အတွေးနက်နေစဉ်မှာပင် ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရလေသည်။ လှည့်ကြည့်လိုက် သောအခါ ဝူယဲ့ဟောင် ရောက်လာသည်ကို တွေ့လိုက်ရသည်။

"ကပ္ပတိန်လီ… အခြေအနေ ဘယ်လိုရှိလဲ...” ဝူယဲ့ဟောင်က မေးလိုက်လေသည်။

လီထျန်ယုက အထက်ရှိ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို လက်ညှိုးထိုးပြကာ ပြောလိုက်လေ သည်။

"အခြေအနေ ဆိုးတယ်။ မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးတွေက ဉာဏ်ကောင်းကြတယ်… ကျွန်တော်တို့ က အဝေးပစ်တိုက်ခိုက်မှုတွေပဲ လုပ်နိုင်ဖို့ ကန့်သတ်ခံထားရတယ်"

မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများက ကျည်ဆန်များကို လျင်မြန်ပေါ့ပါးစွာ ရှောင်တိမ်းနေကြပြီး စစ်သည်များကို ၎င်းတို့၏ ခြေသည်းများ သို့မဟုတ် နှုတ်သီးများဖြင့် တိုက်ခိုက်ရန် အခွင့်အရေးများကို ဆုပ်ကိုင်နေသည်ကို ကြည့်ကာ ဝူယဲ့ဟောင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ခဏမျှ အကဲခတ်စောင့်ကြည့်ပြီးနောက် သူသည် အိတ်ကပ်ထဲမှ ဂြိုဟ်တုဖုန်းကို ထုတ်ကာ ဖုန်းခေါ်ဆို လိုက်သည်။ လိုင်းထဲမှ အသံတစ်သံ ထွက်ပေါ်မလာမီ သူ စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းလိုက်လေ သည်။

"ဘာဖြစ်လို့လဲ ကပ္ပတိန်ဝူယဲ့ဟောင်...”

ရွှီချီဖန် က မေးလိုက်လေသည်။

ဝူယဲ့ဟောင်က ပြန်ဖြေလိုက်လေသည်။

"တပ်မှူးရွှီ... မျိုးရိုးဗီဇပြောင်း ဧရာမငှက်အုပ်ကြီးက အနောက်ဘက် အပြင်ဘက်တံတိုင်းကို တိုက်ခိုက် နေပါတယ်… ကျွန်တော်တို့ အကူအညီ လိုအပ်နေပါတယ်"

အစည်းအဝေးခန်းအတွင်းရှိ ရှည်လျားသောစားပွဲကြီးတွင် ထိုင်နေသော ရွှီချီဖန်၏ မျက်နှာသည် ထို အစီရင်ခံတင်ပြမှုကြောင့် ညှိုးမည်းသွားလေသည်။

သူက ဂြိုဟ်တုဖုန်းကို ဆုပ်ကိုင်ထားရင်း ညွှန်ကြားလိုက်လေသည်။

"ငါ စစ်ကူကို ချက်ချင်း စီစဉ်ပေးမယ်… ငှက်တွေ တံတိုင်းကို ကျော်မလာနိုင်အောင် သေချာထိန်းထားပြီး ဘေးကင်းအောင်လည်း ဂရုစိုက်ကြ"

"ဟုတ်ကဲ့ပါ တပ်မှူး...”

ဖုန်းမချမီ ဝူယဲ့ဟောင်က ပြန်ဖြေလိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ရွှီချီဖန်က စားပွဲရှည်တွင် ထိုင်နေကြသော အရာရှိကြီးများကို ကြည့်ကာ​ မေးလိုက်လေသည်။

"မျိုးရိုးဗီဇပြောင်း ဧရာမငှက်အုပ်ကြီးက အနောက်ဘက် အပြင်ဘက်တံတိုင်းကို တိုက်ခိုက်နေတယ်… မင်းတို့ထဲက ဘယ်သူများ ကပ္ပတိန်ဝူယဲ့ဟောင်ကို သွားကူညီပေးချင်လဲ…"

သူ၏အမေးကြောင့် အသက်ကြီးသောအရာရှိများမှာ ခေါင်းငုံ့သွားကြလေသည်။ ဤသည်ကိုမြင်သော်

ရွှီချီဖန်၏ မျက်နှာထားက ပို၍ အေးစက်လာသည်။ သူတို့ကို အပြစ်တင်ကြိမ်းမောင်းတော့မည့် အချိန် မှာပင် တစ်စုံတစ်ယောက်က လက်မြှောက်လာခဲ့လေသည်။

"တပ်မှူး... ကျွန်တော် သွားပါမယ်...”

အသံလာရာဆီသို့ လှည့်ကာ ထိုလူငယ်ကိုကြည့်ရင်း ရွှီချီဖန်က မေးလိုက်လေသည်။

"လီကျန့် ... မင်း သေချာရဲ့လား"

လီကျန့်က ရွှီချီဖန်၏ မျက်လုံးများကို ပြန်မကြည့်မီ အခြားသူများကို ခဏမျှ ဝေ့ကြည့်လိုက်သည်။ သူက ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

"သေချာပါတယ်"

သူ၏ တည်ငြိမ်သော်လည်း ပြတ်သားနေသော အမူအရာကို မြင်တော့ ရွှီချီဖန်က ပြောလိုက်လေသည်။

"ကောင်းပြီ။ အနောက်ဘက် အပြင်ဘက်တံတိုင်းကို မင်းနဲ့ ကပ္ပတိန်ဝူယဲ့ဟောင်ဆီ ငါ ယုံယုံကြည်ကြည်

အပ်လိုက်မယ်" ဟု ပြောလိုက်လေသည်။

လီကျန့် မတ်တတ်ရပ်ကာ အလေးပြုပြီး ပြန်ဖြေလေသည်။

"ဟုတ်ကဲ့ပါ တပ်မှူး...”

တာဝန်ကို လက်ခံပြီးနောက် လီကျန့်သည် သူ၏အဖွဲ့ကို စုစည်းရန် အစည်းအဝေးခန်းထဲမှ ထွက်ခွာ သွားခဲ့လေသည်။ သူနှင့် သူ၏ လက်အောက်ငယ်သားများက အနောက်ဘက် အပြင်ဘက်တံတိုင်းဆီသို့ သွားရန် ပြင်ဆင်နေကြစဉ်၊ ယောင်ရန်နှင့် အခြားသူများ မြေအောက်ခိုလှုံရေးစခန်းသို့ သွားရာလမ်းတွင် မထင်မှတ်ထားသော ကိစ္စတစ်ခု ဖြစ်ပျက်လာခဲ့လေတော့သည်။

All Chapters