ရက်စက်သော အကြီးဆုံး စီနီယာ အစ်ကို ပြန်လာပြီ
Vol. 1 Ch. 8
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ကျန်းချန်သည် နဝမတောင်ထိပ်၏ ဂိတ်တံခါးဝဆီ၌ ပြန်လည်၍ ပေါ်ထွက် လာခဲ့လေသည်။
သူသည် အမှောင်ထုပမာ နက်မှောင်လှသော ဝတ်စုံနက်ကြီးကို ဝတ်ထားဆဲဖြစ်ပြီး နှုတ်ခမ်းဖျား၌မူ ပြုံးသယောင်ယောင် မပြုံးသယောင် ခပ်နောက်နောက် အပြုံးဆိုးတစ်ခုကို ချိတ်ဆွဲထားလျက် သူ၏ အကြည့် များကိုမူ ထိုနေရာတွင် ဖြတ်သန်းသွားလာနေကြသော အမျိုးသမီးတပည့်ငယ်များအပေါ်၌ ရဲတင်းစွာ ဝှေ့ယမ်း စိုက်ကြည့်နေခဲ့၏။
ကျန်းချန်၏ အနောက်၌ သူ၏ အလိုတော်ပါး တပည့် အောက်လက်ငယ်သား နှစ်ဦးက ခေါင်းတညိတ်ညိတ် ကိုယ်ကို အသာအယာ ကိုင်းညွတ်လျက် မျက်နှာလိုမျက်နှာရ ပြုရင်း ထပ်ချပ်မကွာ လိုက်ပါ လာကြသည်။
“အကြီးဆုံး စီနီယာ အစ်ကိုကြီးကတော့ တကယ့်ကို အကြီးဆုံး စီနီယာ အစ်ကိုကြီးပါပဲဗျာ၊ ကျန်းလျန်ယွဲ့ ရေချိုးနေတာကို တမင်ချောင်းကြည့်ခဲ့တာတောင်မှ ဘာပြင်းပြင်းထန်ထန် ပြစ်ဒဏ်မျှ မခံရဘဲ ဒီအတိုင်း အေးဆေး ထွက်လာနိုင်တယ်လေ”
“မင်း စကားပြောတာကို ဆင်ခြင်စမ်း၊ အဲဒါက ချောင်းကြည့်တာ ဟုတ်လို့လား၊ ကျန်းလျန်ယွဲ့က အကြီးဆုံး စီနီယာ အစ်ကိုကြီးကို တမင်သက်သက် မြှူဆွယ်ဖြားယောင်းခဲ့တာ ရှင်းနေတာပဲကို၊ အစ်ကိုကြီးဘက်က မလွှဲ မရှောင်သာဘဲ လိုက်လျောပေးခဲ့ရတာ”
“အာ၊ ကျွန်တော့်ပါးစပ်ကလည်း လွန်လှချေရဲ့၊ အကြီးဆုံး စီနီယာအစ်ကိုကြီးရယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော်က စကားပြောတာ အဆင်မပြေဘဲ အပြောအဆို ကြမ်းတမ်းတတ်မှန်း အစ်ကိုကြီးလဲ အသိပဲဥစ္စာ”
“ဒါနဲ့ စကားမစပ် အကြီးဆုံး စီနီယာ အစ်ကိုကြီးက တကယ့်ကို အံ့မခန်းပဲဗျ၊ မူလအမြုတေ ဖျက်ဆီးခံလိုက် ရတာတောင်မှပဲ လဝက်လောက်အတွင်းမှာတင် အစ်ကိုကြီးက မူလအမြုတေအဆင့်ဆီကို ပြန် ရောက်လာခဲ့တာပဲ၊ ဒီလိုမျိုး ကျင့်ကြံခြင်း ပါရမီထူးမျိုးကတော့ တကယ့်ကို လူပေါင်းတစ်သောင်းမှာ တစ်ယောက်ပေါ်ဖို့တောင် ခဲယဉ်း လှပါတယ်ဗျာ”
“လူပေါင်း တစ်သောင်းမှာ တစ်ယောက် ဟုတ်လား၊ အစ်ကိုကြီးရဲ့ အရှိန်အဝါကတော့ မဟာဧကရာဇ်တစ်ပါးရဲ့ အငွေ့အသက်မျိုး ရှိနေတာ ရှင်းနေတာပဲ”
“ငါ အဲ့ဒါကို မသိဘူးလို့ ထင်နေတာလား၊ စကားပြောတာကို နည်းနည်းလောက် လျှော့စမ်းပါကွာ၊ အကြီးဆုံး စီနီယာ အစ်ကိုကြီးက လူသိမခံဘဲ အေးအေးဆေးဆေး နေချင်တာကို၊ မင်းက ဒီလိုမျိုး တတွတ်တွတ် ပြောနေမှတော့ လောကကြီးတစ်ခုလုံး သိသွားတော့မှာပေါ့”
“အာ၊ ထားပါတော့၊ အကြီးဆုံး စီနီယာအစ်ကိုကြီးအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ ကြည်ညိုလေးစားစိတ်တွေကို မထိန်းနိုင်မသိမ်းနိုင် ဖြစ်သွားလို့ပါ”
ထိုတပည့်ငယ်နှစ်ဦးသည် မျက်နှာလိုမျက်နှာရ ဖားယားသောစကားများကို တစ်ခွန်းပြီးတစ်ခွန်း အပြိုင်အဆိုင် ဆိုနေကြဆဲဖြစ်ပြီး ကျန်းချန်ကမူ ၎င်းတို့ကို အရသာခံနားထောင်ရင်း သူတို့၏ ချီးမွမ်းခန်းဖွင့်သံများထဲ၌ လုံးဝဥဿုံ နစ်မြောနေဟန် ပြုမူနေခဲ့သည်။
သူသည် လျှံပတ်နေသော ကြွားလိုစိတ်များကြောင့် ဤသို့ ပြုမူနေခြင်း မဟုတ်ချေ။ ဤကောင်လေး နှစ်ယောက်သည် စကားအပြောအဆို တတ်ရုံတင်မကဘဲ ဇာတ်သဘင်ကြီးများ၌ပင် ဝင်ရောက် ကပြ ဖျော်ဖြေနိုင် လောက်သည့်အထိ အကွက်စုံလှသည်ဟု စိတ်ထဲမှ တီးတိုးတွေးတော နေမိခြင်းသာ ဖြစ်၏။
“အကြီးဆုံး စီနီယာ အစ်ကိုကြီး၊ ဂျူနီယာညီလေး မိုက်မဲမိပါတယ်၊ ကျွန်တော်တို့တွေ ဘာဖြစ်လို့ ဒီဂိတ်တံခါးဝမှာ မတ်တတ်ရပ်နေကြတာလဲဟင်”
ညာဘက်မှ တပည့်ငယ်က ရုတ်ချည်းဆိုသလို လှမ်း၍ မေးမြန်းလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းချန်သည် သူ့အား ချက်ချင်းပင် အထင်သေးအမြင်သေးသည့် မျက်နှာ အမူအရာ တစ်ခုဖြင့် စောင်းငဲ့ကြည့်လိုက်မိ၏။
သူ ဤနေရာ၌ လာရောက်ရပ်နေခြင်းမှာ နဝမတောင်ထိပ်ရှိ လူတိုင်းအနေဖြင့် မိမိတို့၏ အကြီးဆုံး စီနီယာ အစ်ကိုကြီး ကျန်းချန်တစ်ယောက် အောင်ပွဲခံလျက် တကျော့ပြန် ရောက်ရှိလာခဲ့ပြီဆိုသည်ကို မျက်ဝါးထင်ထင် မြင်တွေ့စေရန်အတွက်သာ ဖြစ်သည်။
ကျန်းချန် ရည်ရွယ်ထားသည့်အတိုင်းပင် ဤသို့ ပြုမူခြင်းဖြင့် သူ၏ ဗီလိန်ပုံရိပ်ကို ပိုမို၍ စနစ်တကျ ခိုင်မာအောင် တည်ဆောက်နိုင်ပေလိမည်။
နဝမတောင်ထိပ်သို့ ဝင်ထွက်သွားလာနေကြသော ဂိုဏ်းသား တပည့်အပေါင်းတို့သည် သူ့ကို လှမ်း၍ မြင်တွေ့ လိုက်ရသည့်အခါ၌ အားလုံးမှာ အံ့အားသင့်လျက် တစ်ခဏမျှ မှင်သက်အေးခဲသွားကြပြီး ၎င်းတို့၏ မျက်ဝန်း အစုံ၌လည်း ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်ပေါ်ပေါက်လာခဲ့တော့သည်။
ကျန်းချန်တစ်ယောက် မည်သူမျှ မထင်မှတ်ထားလောက်အောင် မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် မူလအမြုတေ အဆင့်ဆီသို့ တကျော့ပြန် ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်းမှာ လူတိုင်း၏ တွေးဆမျှော်လင့်ချက်များကို လုံးဝဥဿုံ ကျော်လွန်သွားခဲ့သည်။
ထိုသို့ အံ့အားသင့်မှင်သက်သွားခဲ့ကြပြီးနောက် တပည့်များသည် အံကြိတ်ကာ ရှေ့သို့ တစ်လှမ်းချင်း တိုးကပ် လာခဲ့ကြပြီး ကိုယ်ကို အသာညွတ်လျက် ဆက်သလိုက်ကြ၏။
“အကြီးဆုံး စီနီယာ အစ်ကိုကြီးကို ဂါရဝပြုပါတယ်”
ကျန်းချန်ဘက်မှ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည့် အခါကျမှသာ ထိုတပည့်များသည် ခြေလှမ်း အမြန်နှုန်း မြှင့်လျက် သုတ်ခြေတင် ထွက်ခွာဝံ့ကြပြီး ဘေးကင်းရာသို့ ရောက်မှသာ ရင်ထဲမှ သက်ပြင်းအရှည်ကြီးကို လွတ်လပ်စွာ ချနိုင်ကြတော့သည်။
လွန်ခဲ့သော ဖြစ်ရပ်ဆိုးကြီးမှာ ၎င်းတို့၏ စိတ်အာရုံထဲ၌ ယနေ့တိုင် လတ်လတ်ဆတ်ဆတ် ထင်ကျန်နေဆဲ ဖြစ်ပေသည်။
ဒုတိယ စီနီယာ အစ်ကိုကြီးသည် အကြီးဆုံး စီနီယာအစ်ကိုကြီးအား စနစ်တကျ ဂါရဝမပြုမိရုံလေးဖြင့် ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိအောင် ရိုက်နှက်ခြင်းခံခဲ့ရပြီး ယနေ့ထက်ထိတိုင်အောင် အိပ်ရာထဲ၌ လဲလျောင်းနေရဆဲ မဟုတ်ပါလား။
“တောက်၊ နောက်ဆိုရင်တော့ ငါတို့တွေ နေရထိုင်ရတာ တကယ်ကို ခက်ခဲတော့မှာပဲ”
ထိုနေရာမှ ထွက်ခွာသွားရင်း တပည့်များသည် ရင်ထဲ၌ မကျေမနပ်ဖြင့် ကျိန်ဆဲ မြည်တွန်နေကြတော့သည်။
“ဟေ့... မင်း၊ ဘာကို အူကြောင်ကြောင်နဲ့ စိုက်ကြည့်နေတာလဲ၊ မင်းကို ပြောနေတာ၊ ဒီဘက်ကို လာခဲ့စမ်း”
ကျန်းချန်သည် ဖြတ်သန်းသွားလာနေသော တပည့်များထဲမှ တစ်ဦးကို ရုတ်ချည်း လက်ညှိုးထိုးပြလျက် အော်ဟစ် လိုက်တော့သည်။
သူ လက်ညှိုးထိုးလိုက်သော တပည့်ငယ်မှာ ဂိုဏ်းသို့ အသစ်ဝင်ရောက်ခါစ တပည့်သစ်လေးတစ်ဦး ဖြစ်ပြီး၊ ကိုယ်ခန္ဓာ ပိန်လှီကာ ရုပ်ရည်သွင်ပြင်မှာ နုနယ် သိမ်မွေ့လှပေသည်။
ပထမဦးစွာ ထိုတပည့်ငယ်သည် ကျန်းချန် တမင်ပစ်မှတ်ထား၍ ပြောဆိုနေခြင်း ဟုတ်မဟုတ် သေချာစေရန် မိမိ၏ နှာခေါင်းကို ကိုယ်တိုင် ပြန်လည် လက်ညှိုးထိုးပြကာ အကဲခတ်လိုက်မိ၏။
ထို့နောက်တွင်မှ ထိုတပည့်ငယ်သည် မဝံ့မရဲဖြင့် ရှေ့သို့ တုန်တုန်ရီရီ တိုးကပ်လာခဲ့ပြီး ကိုယ်ကိုညွတ်ကာ ဆိုလိုက်သည်။
“အကြီးဆုံးစီနီယာအစ်ကိုကြီး၊ ကျွန်တော့်ကို ဘာများ ပြောချင်လို့ပါလဲခင်ဗျာ”
“မင်း ခုနက စိတ်ထဲကနေ ငါ့ကို တိတ်တဆိတ် ကျိန်ဆဲနေတယ် မဟုတ်လား”
ကျန်းချန်သည် သူ၏ မျက်ဝန်းအစုံကို ပင့်မြှောက်ကျဉ်းမြောင်းလိုက်ရင်း မေးမြန်းလိုက်၏။
“ဘယ်လိုလုပ်ပြီး ... အဲဒါ ဘယ်လိုမှ မဖြစ်နိုင်တာပါဗျာ”
ထိုတပည့်သစ်လေးမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး သူ၏ စကားပြောသံကိုပါ ကမန်းကတန်း ပြောင်းလဲလျက် အသည်းအသန် ငြင်းဆိုတော့သည်။
“ကျွန်တော့်မှာ အဲ့ဒီလို အတွေးဆိုးတွေ စိုးစဉ်းမျှ မရှိပါဘူးဗျာ၊ ကျွန်တော့်စိတ်ထဲမှာတော့ အကြီးဆုံး စီနီယာ အစ်ကိုကြီးက တကယ့်ကို ကြင်နာသနားတတ်ပြီး စည်းကမ်းသေဝပ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးလို့ပဲ မြင်မိတာပါ၊ အစ်ကိုကြီး အပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ ကြည်ညိုလေးစားစိတ်တွေဆိုရင်လဲ အဟုန်ပြင်းစွာ စီးဆင်းနေတဲ့ မြစ်ကြီး တစ်စင်းလိုပဲ ဘယ်လိုမှ တားဆီးလို့ မရနိုင်တော့ပါဘူးဗျာ၊ အကြီးဆုံး စီနီယာ အစ်ကိုကြီးကို မြင်တွေ့ရတဲ့ အချိန်တိုင်းမှာလည်း ကျွန်တော်က အမြဲတမ်း...”
ဤနေရာသို့ ရောက်ရှိလာသည့် အခါတွင်မူ ထိုတပည့်သစ်လေး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်း သွားခဲ့ရပြီး နှုတ်ခမ်းဖျားမှပင် တရှုံ့ရှုံ့နှင့် ရှိုက်ငိုသံသဲ့သဲ့ ထွက်ပေါ်လာခဲ့ရှာသည်။
“ငိုနေတာလား”
ကျန်းချန်သည် မျက်တောင်တစ်ချက် ခတ်လိုက်မိရင်း ဖိအားပေးသည့် လေသံဖြင့် ထပ်မံ၍ မေးမြန်း လိုက်တော့သည်။
“ဒါကတော့ ကျွန်တော်က ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီးကို အမြဲတမ်း သတိရမိလို့ပါ၊ ကျွန်တော့်အတွက်တော့ အကြီးဆုံး စီနီယာအစ်ကိုကြီးဟာ အစ်ကိုတစ်ယောက်လိုရော ဖခင်တစ်ယောက်လိုပါ အားကိုးထိုက်တဲ့သူပါ၊ သွေးမတော် သားမစပ်ပေမဲ့လဲ အစ်ကိုကြီးက ကျွန်တော့်အတွက်တော့ မိသားစုဝင်တွေထက်တောင် ပိုပြီး ရင်းနှီး နွေးထွေး လှပါတယ်ဗျာ”
ထိုတပည့်သစ်လေးသည် သူ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီးနောက် နောက်ဆုံးတွင်မူ ထိန်းမနိုင် သိမ်းမရဘဲ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးပါတော့သည်။
ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အခါ ကျန်းချန်တစ်ယောက် လုံးဝဥဿုံ ကြောင်အမ်းကာ ဆွံ့အသွားခဲ့ရ၏။ ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးတော မျှော်လင့် မထားခဲ့ဖူးချေ။
ယခုတစ်သုတ် ဝင်ရောက်လာကြသော နဝမတောင်ထိပ်၏ တပည့်သစ်များမှာ ဤမျှလောက်အထိ စကား အပြောအဆို တတ်ကြလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သလို သူတို့၏ ငိုကွက်ဆန်းကြီးမှာလည်း တကယ့်ကို သဘာဝကျကျ ရင်ထဲကလာဟန် ပေါက်နေခဲ့သည် မဟုတ်ပါလား။
လက်ချောင်းများကြားမှတစ်ဆင့် ထိုတပည့်သစ်လေးသည် ကျန်းချန်၏ မျက်နှာအမူအရာကို ခိုး၍ အကဲခတ် လိုက်မိပြီး ရင်ထဲမှနေ၍ သက်ပြင်းအရှည်ကြီးတစ်ချက်ကို စိတ်သက်သာရာရစွာ ချလိုက်မိတော့သည်။
ဒုတိယစီနီယာအစ်ကိုကြီး ရိုက်နှက်ခြင်းခံခဲ့ရသည်ဟူသော သတင်းကို ကြားသိရသည့်နေ့ကတည်းက သူသည် အရေးကြုံလာပါက အသက်ဘေးမှ လွတ်မြောက်နိုင်ရန်အတွက် ယခုပြောခဲ့သော စကားလုံးများကို နေ့စဉ် ရက်ဆက် အသည်းအသန် လေ့ကျင့် မှတ်သားထားခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းချန်၏ မျက်နှာအမူအရာကို ကြည့်ရသလောက်ဆိုလျှင် သူ ယနေ့အတွက် ဤစမ်းသပ်ချက်ကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီဟု ဆိုရပေလိမ့်မည်။
*လူယုတ်မာတွေကတော့ တစ်နေ့မဟုတ်တစ်နေ့ ဝဋ်လည်ကြမှာပဲ၊ မကြာခင်မှာ မင်းလဲ ကျင့်စဉ်တွေ ဖျက်ဆီးခံရပြီး ဂိုဏ်းကနေ ဧကန်မုချ မောင်းထုတ်ခံရဦးမှာပါ*
ထိုတပည့်သစ်လေးသည် စိတ်ထဲမှနေ၍လည်း တိတ်တဆိတ် ထပ်မံကျိန်ဆဲလိုက်မိသေးသည်။
“မင်း ရဲတင်းလှချေလား”
ကျန်းချန်သည် ရုတ်ချည်းဆိုသလို ဒေါသမာန်ဟုန် ပေါက်ကွဲထွက်လာခဲ့သည်။
“ငါ့ကိုမြင်တာနဲ့ မင်းရဲ့ သေသွားတဲ့ အဖေကို သတိရတယ် ဟုတ်လား၊ ငါ့ကို သေသွားတဲ့လူနဲ့ နှိုင်းပြီး သေပါစေလို့ တမင်ကျိန်ဆဲနေတာပေါ့လေ၊ ဟေ့ကောင်တွေ၊ သူ့ကို ဝိုင်းရိုက်ကြစမ်း”
[ပိုင်ရှင်၏ ပြုမူဆောင်ရွက်ချက်များသည် ဗီလိန်ဇာတ်ကောင် စရိုက်သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသောကြောင့် ဆေးလုံး ဖော်စပ်ခြင်းဆိုင်ရာ အတွေ့အကြုံရမှတ် +၁၀%]
ထိုတပည့်သစ်လေးမှာ လုံးဝဥဿုံ ကြောင်အမ်းဆွံ့အသွားခဲ့ရရှာသည်။
ဤကဲ့သို့သောအချက်ကပင် သူ ရိုက်နှက်ခံရဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက် ဖြစ်သွားနိုင်တာလား။
သူ့ဘက်ကနေ မဆိုင်းမတွ ပြန်လည်ရှင်းလင်းချက်ပေးရန် ကြိုးပမ်းချင်သော်လည်း ကျန်းချန်၏ အလိုတော်ပါး တပည့် ငယ်သားနှစ်ဦးမှာမူ အမိန့်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့၏ အင်္ကျီလက်များကို ပင့်တင်လိုက်ကြပြီး ရှေ့သို့ ဝုန်းခနဲ ပြေးဝင်လာကြကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတပည့်သစ်လေးအား နှာခေါင်းသွေးယိုလျက် မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမည်းသွားသည်အထိ အားရပါးရ ထိုးကြိတ် ကန်ကျောက် လိုက်ကြတော့သည်။
“ဟားဟား၊ လစ်လိုက်တော့”
ကျန်းချန်သည် သူ၏လက်ကို ခပ်ရမ်းရမ်း ဝှေ့ယမ်းပြလိုက်ရင်း ဗီလိန်တို့၏ ထုံးစံအတိုင်းဖြစ်သော ဟားတိုက် ရယ်သံကြီးဖြင့် ရယ်မောလိုက်လေတော့သည်။
ထိုတပည့်သစ်လေးသည် လွတ်ငြိမ်းချမ်းသာခွင့် ရရှိလိုက်သည့်အလား မဆိုင်းမတွဘဲ ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် အလူးအလဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့တော့သည်။
“အကြီးဆုံး စီနီယာ အစ်ကိုကြီးကတော့ တကယ့်ကို အံ့မခန်းပါပဲ၊ အဲ့ဒီတပည့်သစ် စိတ်သဘောထား မမှန်ဘူး ဆိုတာကို ချက်ချင်းကြီးကို အကဲခတ်မိတယ်”
အရပ် ခပ်မြင့်မြင့်နှင့် တပည့်ငယ်က မျက်နှာလိုမျက်နှာရဖြင့် သူ၏ လက်မကို ထောင်ပြလိုက်မိ၏။
အခြားသောတပည့်တစ်ဦးကလည်း ထိုစကားကို ထောက်ခံရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်ဝန်းအစုံမှာ ရုတ်ချည်းဆိုသလို ကျုံ့ဝင်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဝေးကွာလှသော တောင်ထိပ်၏ ဂိတ်တံခါးဝဆီမှနေ၍ တိမ်လွှာရောင်စဥ် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး မိမိ၏ ဆံနွယ်နက်များကို အပေါ်သို့ စနစ်တကျ ထုံးဖွဲ့ထားသည့် မိန်းမပျိုလေးတစ်ဦးသည် ဆီးနှင်းခဲပမာ အေးစက်ခက်ထန်နေသော အနှိုင်းမဲ့လှပသည့် မျက်နှာပြင်ဖြင့် သူတို့ရှိရာဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာနေသောကြောင့် ဖြစ်ပေသည်။
ထိုမိန်းမပျိုလေး၏ လှုပ်ရှားမှုတစ်ချက်ချင်းစီတိုင်းမှာ တင့်တယ်လှပြီး သူမ၏ သွယ်လျသော ခြေတံအစုံကလည်း ဆွဲဆောင်မှု ရှိလှသည့် ကိုယ်ဟန်အချိုးအစားကို ပိုမိုပေါ်လွင်စေရာ လူ့လောကကမ္ဘာမှ မဟုတ်ဘဲ နတ်မိမယ် တစ်ပါးအလား ထင်မှတ်ရလောက်အောင်ပင် လှပလွန်းနေခဲ့သည်။
“ကျန်းလျန်ယွဲ့...”
ကျန်းချန်၏ မျက်ဝန်းအစုံမှာလည်း ကျုံ့ဝင်သွားခဲ့ရ၏။
ကျန်းလျန်ယွဲ့ကို မြင်တွေ့လိုက်ရသည့်အတွက် သူ စိုးစဉ်းမျှ အံ့အားသင့်မနေခဲ့ပါ။ မည်သို့ပင် ဆိုစေကာမူ ဤနေရာမှာ တောင်ထိပ်၏ ပင်မဂိတ်တံခါးဝ ဖြစ်နေသဖြင့် မည်သူမဆို ပေါ်ထွက်လာနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း သူ စိတ်ထဲမှ ဇဝေဇဝါ ဖြစ်မိသည်ကား အခြားအချက်ပင်။
ကျန်းလျန်ယွဲ့ဟူသည်မှာ ပုံမှန်အားဖြင့်လည်း မောက်မာအေးစက်သော စရိုက်အမူအရာ ရှိတတ်သော်လည်း ယခုကဲ့သို့ အစွန်းရောက်လှအောင် အေးစက်ခက်ထန်နေသည့် အသွင်မျိုးကိုမူ သူ ဘယ်သောအခါမျှ မမြင်တွေ့ ခဲ့ဖူးချေ။
သူမ၏ ကိုယ်ရောင်ကိုယ်ဝါထံမှ ဖြာထွက်နေသော အေးစက်လှသည့် အငွေ့အသက်များမှာ နှစ်ပေါင်းသောင်းချီ၍ ခဲနေသော ရေခဲပြင်ကြီးတစ်ခုအလား ပြင်းထန်လှပေရာ သူမကို တစ်ချက်မျှ လှမ်း၍ ကြည့်လိုက်ရုံမျှဖြင့်ပင် ရေခဲတိုက်တစ်ခုထဲသို့ အစိမ်းလိုက် ကျဆင်းသွားသကဲ့သို့ ချမ်းစိမ့်တုန်ရီဖွယ် ခံစားချက်မျိုးကို ဖြစ်ပေါ် စေပေသည်။
“အကြီးဆုံး စီနီယာ အစ်ကိုကြီး၊ ကျန်းလျန်ယွဲ့ရဲ့ အရှိန်အဝါကို ကြည့်ရတာတော့၊ သူမ ဒီဘက်ကို လာတာ စေတနာကောင်းနဲ့တော့ မဟုတ်လောက်ဘူးဗျ”
တပည့်ငယ်က သတိပေးစကား ဆိုလိုက်သည်။
ကျန်းချန်လည်း ထိုနည်းတူစွာပင် တွေးတောမိလိုက်ပြီး ဤနေရာမှ ချက်ချင်းပင် လှည့်ထွက်သွားရန် ပြင်ဆင် လိုက်တော့သည်။
သူမ၏ ကိုယ်ပိုင်ပစ္စည်းအချို့မှာ မိမိ၏ လက်ထဲ၌ ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်းကို သူ မေ့လျော့မနေခဲ့ချေ။
အကယ်၍ ကျန်းလျန်ယွဲ့သည် ထိုပစ္စည်းများကို ပြန်လည်တောင်းခံရန်အတွက် ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်ခဲ့မည် ဆိုပါက သူ ၎င်းတို့ကို ပြန်ပေးသင့်သလား သို့မဟုတ် မပေးဘဲ နေသင့်သလား။
အကယ်၍ သူက ဤနေရာ၌ အလျှော့ပေးကာ ပစ္စည်းများကို ပြန်လည်ပေးအပ်လိုက်မည်ဆိုလျှင် လူအများ၏ စူးစိုက် ကြည့်ရှုမှု အောက်ဝယ် သူ၏ ဗီလိန်ဆိုသည့် ဂုဏ်သိက္ခာနှင့် အရှိန်အဝါကြီးမှာ လုံးဝဥဿုံ ပျက်စီး ဆုံးရှုံး သွားပေလိမ့်မည်။
သို့သော်လည်း ပစ္စည်းများကို မပေးဘဲ တင်းခံနေရန်ကျပြန်တော့လည်း သူ ငြင်းဆန်နိုင်စွမ်း ရှိပုံမရချေ။
ကျန်းချန် မူလအမြုတေအဆင့်ဆီသို့ တကျော့ပြန် ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ လက်ရှိကျင့်စဉ်မှာ ကနဦး အမြုတေအဆင့်မျှသာ ရှိသေးရာ လူသားအမြုတေအဆင့်ကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီးဖြစ်သော ကျန်းလျန်ယွဲ့ကိုမူ မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
ကျန်းလျန်ယွဲ့၏အပေါ်သို့ ဂရုမစိုက်သော အကြည့်တစ်ချက်ကိုသာ လွှင့်ပျံစေခဲ့ပြီးနောက် ကျန်းချန်သည် ခြေလှမ်းများကို ချက်ချင်းလှည့်လျက် မိမိ၏ တောင်ခါးပန်း စံအိမ်ရှိရာဆီသို့ ဦးတည်ထွက်ခွာရန် ပြင်လိုက် တော့သည်။
ဤမြင်ကွင်းကို လှမ်း၍မြင်တွေ့လိုက်ရသည့်အခါ ကျန်းလျန်ယွဲ့၏ မျက်ဝန်းအစုံဝယ် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ရုတ်ချည်း ဖြတ်သန်းသွားခဲ့ရပြီး သူမ၏ မျက်နှာထက်ရှိ ဆီးနှင်းခဲပမာ အေးစက်မှုများမှာလည်း တစ်ခဏချင်းအတွင်း အရည်ပျော် ပျောက်ကွယ်သွားခဲ့ရရှာသည်။
ယနေ့တွင် သူမသည် အခြားသော တောင်ထိပ်တစ်ခု၌ ကိစ္စရပ်များကို သွားရောက်စီမံဆောင်ရွက်နေခဲ့ခြင်း ဖြစ်သော်လည်း ကျန်းချန်တစ်ယောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး နဝမတောင်ထိပ်၏ ဂိတ်တံခါး ဝဆီ၌ ပေါ်ထွက်လာခဲ့ပြီဟူသော သတင်းကို ကြားသိလိုက်ရသည်နှင့်တစ်ပြိုင်နက် အရာအားလုံးကို ပစ်ပယ်လျက် ဤနေရာဆီသို့ အလောတကြီး ပြေးလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
သူမ ဤသို့ ရောက်ရှိလာခဲ့ရသည့် ရည်ရွယ်ချက်မှာ မိမိ၏ အကြီးဆုံး စီနီယာ အစ်ကိုကြီးအား အနီးကပ် တစ်ချက်မျှ ထပ်မံ ကြည့်ရှုခွင့်ရရန်နှင့် သူနှင့် အတူတကွ စကားအချို့ကို ကောင်းမွန်စွာ ပြောဆိုခွင့်ရရှိရန် အတွက်သာ ဖြစ်သည်။
သို့သော် ကျန်းချန်၏ အေးစက်လွန်းလှသော တုံ့ပြန်မှုနှင့် လှည့်ထွက်သွားသည့် ပြတ်သားလှသော ခြေလှမ်း များကမူ သူမ၏ စိတ်နှလုံးကို ဆွဲဆုတ်လိုက်သကဲ့သို့ ပြင်းထန်စွာ နာကျင်စေခဲ့ရာ သူမ ရင်ထဲ၌ ပြောဆိုချင်နေသည့် စကားလုံးများကိုပင် နှုတ်ဖျားမှ ထုတ်ဖော်ရန် အင်အားမဲ့သွားခဲ့ရရှာတော့သည်။
ယခုလက်ရှိ အခြေအနေ၌ မိမိ၏ အကြီးဆုံး စီနီယာ အစ်ကိုကြီးသည် သူမအား လုံးဝဥဿုံ ရွံရှာ မုန်းတီးနေမည်ဆိုသည်ကို သူမ သိနေပါသည်။
အကယ်၍ တစ်ယောက်ယောက်ကို အပြစ်တင်ရမည် ဆိုပါက၊ ထိုသူမှာ အခြားသူ မဟုတ်ဘဲ အတိတ်ဘဝများစွာ၌ သူ့အပေါ်တွင် အနက်ရှိုင်းဆုံးသော ဝေဒနာဒဏ်ရာများကို ရက်ရက်စက်စက် ပေးအပ်ခဲ့မိသော မိမိကိုယ်ကိုယ်သာ ဖြစ်ပေလိမ့်မည်။
ဤရက်ပိုင်းအတွင်း၌ ကျန်းလျန်ယွဲ့အနေဖြင့် အကြီးဆုံး စီနီယာအစ်ကိုကြီး၏ ရှေ့မှောက်သို့ သွားရောက်ကာ မိမိအနေဖြင့် အတိတ်ဘဝမှတ်ဉာဏ်များနှင့် အမှန်တရားအားလုံးကို သိရှိနားလည်သွားခဲ့ပြီ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံရန် အကြိမ်ကြံဖန်ဖန် တွေးတောမိခဲ့ဖူးသည်။
သို့သော် အဆုံးသတ်တွင်မူ ထိုအတွေးကို သူမ ပြတ်သားစွာပင် ပြန်လည် ရုပ်သိမ်းပစ်လိုက်တော့၏။
*ဒီဘဝမှာတော့ အကြီးဆုံး စီနီယာအစ်ကိုကြီးကို သူ အလိုရှိတဲ့အတိုင်း လွတ်လပ်အေးချမ်းစွာပဲ ရှင်သန်ခွင့် ပြုလိုက်ပါတော့မယ်၊ ဘယ်သူ တစ်ဦးတစ်ယောက်ကမျှ၊ ဘယ်လိုအကြောင်းအရာမျိုးကမျှ သူ့ရဲ့စိတ်ကို ထပ်ပြီး မနှောင့်ယှက် မဖျက်ဆီးစေရဘူး*
ကျန်းလျန်ယွဲ့သည် မိမိ၏ နှလုံးသားဝယ် တိုးညှင်းစွာ ရေရွတ်ဆုတောင်းမိလိုက်ရှာသည်။
သူမသည် ညင်သာစွာ သက်ပြင်းတစ်ချက်ချရင်း စိတ်လျှော့ကာ ဤနေရာမှ ပြန်လည်ထွက်ခွာရန် ပြင်လိုက် စဉ်မှာပင်။
“တူကြီးကျန်း၊ ဒီလောက်အထိ အလောတကြီး ထွက်ခွာသွားဖို့ မလိုသေးပါဘူး”
လှောင်ပြောင်သရော်ခြင်းများ အပြည့်အဝ ဖုံးလွှမ်းနေသည့် အသံကြီးတစ်သံသည် လေထုထဲ၌ ပေါ်ပေါက် လာခဲ့တော့သည်။
ထိုအသံ ထွက်ပေါ်လာရာဆီသို့ ကြည့်လိုက်ရာ ကျန်းလျန်ယွဲ့၏ လှပလှသော မျက်ဝန်းအစုံဝယ် အလွန်အမင်း အေးစက် ခက်ထန်လှသော လူသတ်ငွေ့ အလင်းတန်းတစ်ခုသည် ရုတ်ချည်းဆိုသလို ဝုန်းခနဲ ပေါက်ကွဲ ထွက်ပေါ် လာခဲ့လေပြီ။
အတိုင်းအဆမဲ့ ပြင်းထန်လှသော လူသတ်လိုစိတ်များသည် သူမ၏ ဦးနှောက်နှင့် အသိစိတ်အာရုံတစ်ခုလုံးကို တစ်ခဏချင်း အတွင်း လွှမ်းမိုးသွားခဲ့ပြီး ထိုမှတစ်ဆင့် သူမ၏ တစ်ကိုယ်လုံးသို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့ သက်ရောက်သွားခဲ့ရာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒေါသကြောင့် ထိန်းမနိုင်သိမ်းမရဘဲ တုန်ယင် လာတော့သည်။