ဒီနေ့က ရှင် သေနေ့စေ့တဲ့နေ့ပဲ
Vol. 1 Ch. 9
ကျန်းချန်၏ မျက်စိရှေ့မှောက်ဝယ် ရုတ်ချည်းပေါ်ပေါက်လာသော ထိုလူ၏ ရုပ်သွင်ပြင်မှာ မြင်းတစ်ကောင်၏ မျက်နှာပမာ ရှည်မျောမျောကြီး ဖြစ်နေပေသည်။
ပိုမို၍ တိတိကျကျ ဆိုရမည်ဆိုပါက သူသည် မီးခိုးရောင်နှင့် အဖြူရောင်စပ်ထားသော ဆေးဖော်စပ်သူ ဝတ်ရုံကို ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး သေးငယ်လှသော မျက်ဝန်းအစုံ၊ ချွန်မြသော နှာခေါင်းနှင့်အတူ မြင်းမျက်နှာကဲ့သို့ သွင်ပြင်လက္ခဏာမျိုး ရှိနေခြင်းပင် ဖြစ်၏။
သူ၏ အမည်နာမနှင့်လည်း လုံးဝဥဿုံ လိုက်ဖက်လှစွာပင် သူ၏အမည်မှာ မာဝူဟု ခေါ်တွင်ပြီး ကျိုးယန်ဂိုဏ်း၏ ဆေးလုံးတောင်ထိပ်မှ အကြီးအကဲတစ်ဦး ဖြစ်ပေသည်။ (Note: မာဝူဆိုတဲ့ နာမည်ထဲက Ma (马) က မြင်းလို့ အဓိပ္ပာယ် ရပါတယ်)
ကျန်းချန် ဘဝကိုးခုတိုင်တိုင် သံသရာလည်ခဲ့စဉ်အတွင်း ဘဝတိုင်း၌ ‘ကျန်းချန်သည် ဆေးလုံးတောင်ထိပ်သို့ ဘယ်သောအခါမျှ လာရောက်ခဲ့ခြင်းမရှိပါ’ ဟုဆိုကာ အမှန်တရားကို ပြောင်းပြန်လှန်လျက် လိမ်လည် ထွက်ဆိုခဲ့ပြီး ကျန်းချန်အပေါ်၌ ‘အမျိုးသမီးများ ရေချိုးသည်ကို တမင်ချောင်းကြည့်ခဲ့သည်’ ဟူသော အပြစ်ဒဏ်ဆိုးကြီးကို မတရားသဖြင့် ပုံချခဲ့သူမှာလည်း ဤမာဝူဆိုသူပင် ဖြစ်၏။
ထို့အပြင် ဇာတ်လိုက် လင်းဖုန်းနှင့် ပူးပေါင်းလျက် ကျန်းချန်အား လျှို့ဝှက်၍ ဆေးခတ်ခဲ့ပြီး ကျန်းချန်တစ်ယောက် အသိစိတ် လွတ်ကာ သူ၏ ဂျူနီယာညီမငယ် သုံးဦးအပေါ် လက်လွန်ခြေလွန် ပြုမူမိစေရန် တမင်ဖန်တီးလျက် အခင်း ဖြစ်ပွားရာနေရာ၌ပင် လက်ပူးလက်ကျပ် ဖမ်းဆီးနိုင်အောင် စီစဉ်ခဲ့သူမှာလည်း ဤသူပင် ဖြစ်ပေသည်။
ထိုလုပ်ရပ်ကြောင့်ပင် ကျန်းချန်သည် သူ၏ ကျင့်စဉ် အဆင့်အတန်းအားလုံး ဖျက်ဆီးခြင်းခံခဲ့ရပြီး ကျိုးယန်ဂိုဏ်း မှပါ အပြီးအပိုင် မောင်းထုတ်ခြင်း ခံခဲ့ရရှာသည်။
၎င်းတင်မကသေးဘဲ ကျန်းချန်တစ်ယောက် ဂိုဏ်းမှ မောင်းထုတ်ခံရပြီးနောက်တွင်လည်း ထိုဇာတ်လိုက်နှင့်ပင် ထပ်မံပူးပေါင်းလျက် ကျန်းမိသားစု၏ ကာကွယ်စောင့်ရှောက်သူ ဘိုးဘေးကြီး ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်းကို တော်ဝင် တော်ဝင်မင်းဆက်ထံသို့ တိတ်တဆိတ် သွားရောက် သတင်းပေး တိုင်တန်းခဲ့ပြီး ကျန်းမိသားစုတစ်ခုလုံး ပျက်စီးကျဆုံးအောင် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ခဲ့သူမှာလည်း ဤမြင်းမျက်နှာနှင့် အကြီးအကဲ မာဝူပင် ဖြစ်ပေသည် တကား။
ဤလုပ်ရပ်ကြောင့်ပင် ကောင်းကင်ယံမှနေ၍ ရွှေရောင်စစ်မြင်းသည်တော် တပ်ဖွဲ့ဝင်ပေါင်း တစ်သောင်းကျော် တို့သည် ဝုန်းခနဲ ဆင်းသက်လာခဲ့ကြပြီး၊အပြစ်မဲ့လှသော ကျန်းမိသားစုဝင် အိမ်ထောင်စုဝင်ပေါင်း ၁၀၆ ဦးစလုံးကို တစ်ယောက်မကျန် ရက်ရက်စက်စက် အမြစ်ပြတ် သတ်ဖြတ်ချေမှုန်းပစ်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထိုသို့ လုပ်ဆောင်ခဲ့ရသည့် အကြောင်းအရင်းမှာကား အခြားမဟုတ် ကျန်းချန်၏ အပြုအမူများမှာ စည်းကမ်း မရှိဘဲ လမ်းလွဲနေခြင်း၊ ဆေးလုံးတောင်ထိပ်ရှိ အမျိုးသမီးတပည့်ငယ်များအပေါ်တွင်လည်း အမြဲတစေ ပေါ့ပျက်ပျက်နှင့် ရိုင်းစိုင်းစွာ စနောက်တတ်ခြင်းတို့ကြောင့် သူသည် ကျိုးယန်ဂိုဏ်း၏ အကြီးဆုံးတပည့်ကြီးအဖြစ် ဆက်လက် တည်ရှိနေရန် လုံးဝမထိုက်တန်တော့ဟု မာဝူက မိမိဘာသာ တစ်ကိုယ်ကောင်းဆန်စွာ ခံစားတွေးတော မိခဲ့သောကြောင့်သာ ဖြစ်၏။
ဤအရာက မည်မျှလောက်အထိ ရယ်စရာကောင်းပြီး မတရားလှသနည်း။ ဘဝကိုးခုတိုင်တိုင် သံသရာ လည်ခဲ့စဉ် အတွင်း ကျန်းချန်သည် မိမိအပေါ် ထားရှိသော အခြားသူများ၏ အမြင်ဆိုးများကို ပြောင်းလဲနိုင်ရန်အတွက် နည်းလမ်း မျိုးစုံဖြင့် အမြဲတစေ ကြိုးပမ်းအားထုတ်ခဲ့ဖူးသည်။ သို့သော်လည်း သူ ဘာပဲလုပ်လုပ်၊ မည်သို့ပင် ကြိုးစားပါစေ၊ ထိုအရာများက သူ၏ ကိုယ်ပေါ်ရှိ ဗီလိန် ကိုယ်ရောင်ကိုယ်ဝါကိုသာ ပိုမိုပြင်းထန်လာစေခဲ့ပြီး၊ မိမိတို့ကိုယ်ကိုယ် တရားမျှတမှုကို စောင့်ရှောက်သူများဟု ကြွေးကြော်နေကြသော လူယုတ်မာများ၏ ရန်ငြိုးဖွဲ့ မုန်းတီးမှုများကိုသာ ပိုမိုဖိတ်ခေါ်သကဲ့သို့ ဖြစ်ခဲ့ရလေသည်။
အတိတ်ဘဝ ကိုးခုစလုံး၏ ဇာတ်ကြောင်းလမ်းစဉ်များကို ပြန်လည် လှည့်ကြည့်လိုက်မည်ဆိုပါက ကျန်းချန်၏ ဘေးနားဝယ် တစ်ဖဝါးမခွာ သစ္စာရှိရှိ ရပ်တည်ပေးခဲ့ကြသူများမှာ သူ၏ သွေးရင်းဖြစ်သော ကျန်းမိသားစုဝင် များသာ ရှိခဲ့ပေသည်။
သို့သော်လည်း အဆုံးသတ်တွင် မည်သည့် မကောင်းမှုအပြစ်ကိုမျှ ကျူးလွန်ခဲ့ခြင်းမရှိသည့် နှစ်ပေါင်းထောင်ချီ၍ အခြေခိုင်ခဲ့သော ကျန်းမိသားစုကြီးတစ်ခုလုံးသည်ပင် ဗီလိန်အုပ်စုအဖြစ် မတရားသဖြင့် သမုတ်ခြင်းကို ခံခဲ့ရရှာသည်။
သူတို့ မိသားစုတစ်ခုလုံး သွေးချောင်းစီးမတတ် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံနေရသည့် အချိန်တွင် မိမိကိုယ်ကိုယ် သူတော်စင်ဟု သတ်မှတ်ထားကြသော မည်သည့် တရားမျှတသူ တစ်ဦးတစ်ယောက်ကမျှ ဤမတရားမှုကို ဆန့်ကျင်ဘက် ပြုလျက် ထုတ်ဖော် ကာကွယ်ပြောဆိုပေးခြင်း စိုးစဉ်းမျှ မရှိခဲ့ကြချေ။
ဘဝကိုးခုလုံး၏ ကြေကွဲဖွယ် မြင်ကွင်းဆိုးများသည် သူ၏ အသိအာရုံထဲ၌ လတ်လတ်ဆတ်ဆတ် ပြန်လည် ပေါ်ပေါက် လာသည်နှင့်အမျှ ကျန်းချန်သည် လက်သီးဆုပ်လိုက်မိပြီး သူ၏ မျက်လုံးတွင်လည်း အေးစက်စက် အလင်းများ ဝင်းထိန်လျက် ရှိသည်။
အကယ်၍ သူက ဗီလိန်ဖြစ်ရန် ကြမ္မာဖန်လာပါက သူ ဗီလိန်သာ ဖြစ်လိုက်ပေမည်။
အကယ်၍ ဤသို့သော ရက်စက်ယုတ်မာမှုမျိုးကိုမှ တရားမျှတမှုဟု သတ်မှတ်မည်ဆိုပါက သူကိုယ်တိုင်ပင် ထိုတရားမျှတမှုကို အမြစ်ပြတ် ချေမှုန်းလိုက်မည်။
ကျန်းချန်သည် မျက်လုံးကို အသာ မှိတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
မူလဇာတ်ကြောင်းအရ သူသည် အမှန်တကယ်ပင် ဗီလိန်တစ်ဦး ဖြစ်ခဲ့ရပြီး မာဝူမှာမူ စိုးစဉ်းမျှ အမှားအယွင်း မခံတတ်သည့် ဖြောင့်မတ်မှန်ကန်သော တရားသူကြီးတစ်ဦးအလား ပုံဖော်ခြင်း ခံခဲ့ရသည်။
ဤသို့သာဆိုလျှင် သူ၏ ဗီလိန်ဇာတ်ရုပ်ကို အပြည့်အဝ ပြန်လည်ရယူရုံသာ ရှိတော့သည်။
သို့သော် ယခုအကြိမ်တွင် မာဝူအနေဖြင့် အစစ်အမှန် ဗီလိန်တစ်ဦးဟူသည် မည်သို့သော အရသာမျိုးဖြစ်ကြောင်းကို မျက်ဝါးထင်ထင် မြင်တွေ့စေရမည် ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်ခြင်းဟူသည် မည်မျှလောက်အထိ ထိတ်လန့်ဖွယ် ကောင်းကြောင်းကိုလည်း နာကျင်စွာ သင်ခန်းစာပေးရပေလိမည်။
ကျန်းချန်သည် ဤနေရာ၌ မာဝူအပေါ် လှုပ်ရှားမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် အရူး မဟုတ်သောကြောင့်ပင်။
ဆေးလုံးတောင်ထိပ်မှ အကြီးအကဲဖြစ်သူ မာဝူ၏ ကျင့်စဉ်အဆင့်အတန်းမှာ အလွန် မမြင့်မားလှသော်လည်း သူသည် လူသားအမြုတေအဆင့်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေသည်။ အကယ်၍ ကျန်းချန်ဘက်မှ အတင်းအဓမ္မ စတင် တိုက်ခိုက်ခဲ့မည်ဆိုပါက အဆုံးသတ်တွင် သူ့အား သတ်ဖြတ်နိုင်စွမ်း ရှိခဲ့လျှင်ပင် တစ်ဦးတစ်ယောက်က အချိန်မီ ပေါ်ထွက်လာပြီး ဝင်ရောက်ဟန့်တားနှောင့်ယှက်သွားပေလိမ့်မည်။
“တူကြီး ဟုတ်လား၊ အကြီးအကဲမာ၊ ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးမနေပါနဲ့၊ ငါက နဝမတောင်ထိပ်ရဲ့ တရားဝင် တပည့်ရင်း တစ်ယောက်ဖြစ်ပြီး၊ ငါ့ရဲ့ ဆရာက ဒီတောင်ထိပ်ရဲ့ အရှင်သခင်ပဲ၊ ဆေးလုံးတောင်ထိပ်ရဲ့ သာမန် အကြီးအကဲဖြစ်တဲ့ ခင်ဗျားက ကျုပ်ကို တူကြီးလို့ ခေါ်ရဲတဲ့ အရည်အချင်းမျိုး ဘယ်ကနေ ရလာတာလဲ၊ ဘာလဲ၊ မင်းက ငါ့ရဲ့ ဆရာနဲ့ အဆင့်အတန်းချင်း တန်းတူထားပြီး ရင်ပေါင်တန်းချင်နေတာလား”
ကျန်းချန်က အေးစက်စက် လေသံဖြင့် ခပ်ဆတ်ဆတ် မေးမြန်းလိုက်သည်။
မာဝူမှာ ချက်ချင်းပင် စကားဆွံ့အသွားခဲ့ရရှာ၏။
သူသည် လူအများရှေ့တွင် အရှက်ရကာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားပြီး ဗြောင်ကျကျပင် တိုက်ရိုက် အော်ဟစ် ကြိမ်းမောင်းတော့သည်။
“ကျန်းချန်၊ ငါက ဘာပဲပြောပြော တောင်ထိပ်တစ်ခုရဲ့ အကြီးအကဲတစ်ဦးပဲ၊ မင်းက တပည့်ရင်း ဖြစ်နေရင်တောင်မှ အောက်လက်ငယ်သား ဂျူနီယာတစ်ယောက်ပဲ ရှိသေးတာ၊ ဒီလောက်အထိ ရိုင်းစိုင်းစော်ကားပြီး လူကြီးမိဘကို မလေးမစား လုပ်တာက နဝမတောင်ထိပ်တစ်ခုလုံးရဲ့ သိက္ခာကို ချရုံတင်မကဘဲ ငါတို့ရဲ့ ကျိုးယန်ဂိုဏ်းကြီး တစ်ခုလုံးကိုပါ အရှက်ရစေတာပဲ”
“မောက်မာလိုက်တဲ့ စကား၊ မာဝူ၊ ခင်ဗျားက ဆေးလုံးတောင်ထိပ်ရဲ့ သာမန်အကြီးအကဲတစ်ယောက်သာသာပဲ ရှိသေးတာ၊ မင်းကိုယ်မင်း ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ထင်နေတာလား”
ကျန်းချန်က သရော်တော်တော် လေသံဖြင့် ပြန်လည်ပက်ပက်စက်စက် ချေပလိုက်မိ၏။
“မင်း...”
မာဝူမှာ နောက်တစ်ကြိမ် ထပ်မံ၍ စကားလုံးများ ဆွံ့အကာ အကြံအိုက်သွားခဲ့ရပြန်သည်။
ကျန်းချန်သည် ဤကဲ့သို့သော လူယုတ်မာနှင့် စကားလက်ဆုံကျကာ အချိန်ကုန်မခံချင်တော့သဖြင့် နှာခေါင်း တစ်ချက် ရှုံ့လိုက်ရင်း သူ၏ ဝတ်ရုံစကို ခါထုတ်လျက် ဤနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
ထိုအခိုက်အတန့်၌ ကျန်းလျန်ယွဲ့သည် ဝေးကွာလှသော နေရာမှနေ၍ ၎င်းတို့ရှိရာဆီသို့ တစ်လှမ်းချင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့လေသည်။
ဤသည်ကို မြင်လိုက်ရသည့်အခါ မာဝူသည် ဝမ်းသာအားရဖြစ်သွားခဲ့ပြီး ချိုသာပျူငှာလှသော မျက်နှာပေးဖြင့် လှမ်း၍ ဆိုလိုက်တော့သည်။
“တူမကြီး ကျန်းလျန်ယွဲ့၊ မင်းတို့ နဝမတောင်ထိပ်ရဲ့ အကြီးဆုံး စီနီယာ အစ်ကိုကြီးက လူကြီးသူမတွေကို လုံးဝ မလေးစားတဲ့အပြင် အပြုအမူတွေကလဲ အောက်တန်းကျလှတယ်၊ ကောလာဟလတွေအရ သူက မင်းအပေါ်မှာပါ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ ကျူးလွန်ပြီး မြှူဆွယ်ဖို့အထိ ကြိုးပမ်းခဲ့ဖူးတယ်ဆိုပဲ၊ အခြေအနေက ဒီလိုဖြစ်နေမှတော့ ငါနဲ့အတူ စည်းကမ်း ထိန်းသိမ်းရေး ခန်းမဆီကို လိုက်ခဲ့၊ သူ့ရဲ့ ယုတ်မာတဲ့ အပြစ်တွေကို ထုတ်ဖော်မယ်၊ မင်းအတွက် တရားမျှတမှု ရရှိဖို့ ငါကိုယ်တိုင် အာမခံပြီး ဆောင်ရွက်ပေးမယ်”
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းချန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ညိုမှောင်သွားခဲ့ရလေသည်။
ဤကိစ္စမှာ မိမိတို့ တောင်ထိပ်အတွင်း၌ ဆရာသခင်ကိုယ်တိုင် စနစ်တကျ ပြစ်ဒဏ်ပေး ရှင်းလင်းပြီး ဖြစ်သော်လည်း အကယ်၍သာ စည်းကမ်းထိန်းသိမ်းရေးခန်းမအထိ အခြေအနေများ တကယ် ရောက်ရှိသွား ခဲ့မည်ဆိုပါက သူသည် နောက်တစ်ကြိမ် ထပ်မံ၍ ပြင်းထန်သော ပြစ်ဒဏ်များကို ရင်ဆိုင်ရနိုင်ခြေ ရှိပေသည်။
ထိုသို့ဖြစ်လာပါက မိမိ၏ ဆရာသခင်အနေဖြင့် သူ့အား ကာကွယ်စောင့်ရှောက်ရန်အတွက် နောက်ကွယ်မှ ထပ်မံ၍ အခက်အခဲများစွာဖြင့် လိုက်လံဖြေရှင်းပေးရဦးမည် ဖြစ်၏။
ဤအချက်မှာလည်း အကြီးအကဲ မာဝူဆိုသူ တွေးတောကြံစည်နေသည့် ယုတ်မာသော အကွက်အတိုင်းပင် ဖြစ်ပေသည် တကား။
လက်ရှိအချိန်၌ နဝမ တောင်ထိပ်တစ်ခုတည်းတင်မကဘဲ ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးရှိ အခြားသော တောင်ထိပ် အသီးသီးမှ လူများ အားလုံးသည်လည်း ကျန်းချန်၏ ရိုင်းစိုင်းလှသော လုပ်ရပ်များကို ကောင်းစွာ သိရှိနေကြပြီ ဖြစ်သည်။
စည်းကမ်းထိန်းသိမ်းရေးခန်းမဘက်မှ ယခုထက်ထိတိုင်အောင် ဝင်ရောက်စွက်ဖက်ခြင်း မရှိသေးရသည့် အကြောင်းရင်းမှာ ဤကိစ္စသည် နဝမတောင်ထိပ်၏ အတွင်းရေးကိစ္စမျှသာ ဖြစ်နေသေးခြင်းကြောင့် ဖြစ်ပြီး တောင်ထိပ် သခင် ရှောင်ဟုန်ယီ၏ မျက်နှာကိုလည်း အထူးငဲ့ညှာပေးနေရသောကြောင့် ဖြစ်၏။
သို့သော် အကယ်၍ ကာယကံရှင် နစ်နာသူကိုယ်တိုင်က ထိုပြစ်မှုများကို စည်းကမ်း ထိန်းသိမ်းရေးခန်းမသို့ တိုက်ရိုက် သွားရောက် တိုင်တန်းအမှုဖွင့်ခဲ့မည်ဆိုပါက သူတို့ဘက်မှ တရားဝင် ဝင်ရောက်ကိုင်တွယ်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက် ရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး စည်းမျဉ်း ဥပဒေများကို ဗြောင်ကျကျ ချိုးဖောက်ခဲ့သည့် ကျန်းချန်ကဲ့သို့သော တပည့်မျိုးအပေါ်တွင် စည်းကမ်း ထိန်းသိမ်းရေး ခန်းမဟူသည်မှာ ဘယ်သောအခါမျှ ညှာတာ ထောက်ထားလေ့ မရှိချေ။
သူ့နောက်ကွယ်၌ အင်အားကြီးမားလှသော ကျန်းမိသားစုကြီးတစ်ခုလုံး အခိုင်အမာ ရှိနေပါစေဦးတော့ ရလဒ်မှာ ထူးခြားလာမည် မဟုတ်ပေ။
ထိုအချိန်တွင် ကျန်းလျန်ယွဲ့သည် မာဝူ၏ အောင်နိုင်သူအလား ဝင့်ကြွားနေသော မျက်နှာပေးကို လုံးဝဥဿုံ လျစ်လျူရှု ထားလိုက်ပြီး ကျန်းချန် ရှေ့မှောက်ဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာခဲ့လေသည်။
သူမ၏ မျက်ဝန်းအစုံဝယ် မျက်ရည်စလေးများ လျှံပတ်တောက်ပနေခဲ့သော်လည်း နှုတ်ခမ်းဖျား၌မူ ချိုမြိန်လှသော အပြုံးနုနုလေးတစ်ခုကို ချိတ်ဆွဲထားလျက် တိုးညှင်းသိမ်မွေ့လှသော လေသံလေးဖြင့် ဆိုလိုက်တော့သည်။
“လျန်ယွဲ့ အကြီးဆုံး စီနီယာ အစ်ကိုကို ဂါရဝပြုပါတယ်”
ထိုအပြုံးသည် နှစ်ပေါင်းသောင်းချီ၍ အေးခဲနေသော ရေခဲပြင်ကြီးများကိုပင် ရုတ်ချည်း အရည်ပျော်ကျ သွားစေနိုင်သလို ညှိုးနွမ်းခြောက်သွေ့နေသော သစ်ပင်ပန်းမာန်များကိုလည်း ပြန်လည်ရှင်သန် လန်းဆန်း လာစေ နိုင်စွမ်း ရှိပေသည်။
ထိုမျှမက ၎င်းသည် လောကရှိ လှပသော ပန်းပေါင်းစုံကိုပင် မှေးမှိန်သွားစေနိုင်ပြီး တစ်ကမ္ဘာလုံးကိုလည်း သူမ၏ အလှတရား နောက်ကွယ်မှ ရိုးရှင်းသော နောက်ခံကားချပ်တစ်ခုအဖြစ်သာ ကျန်ရစ်စေခဲ့တော့၏။
ကျန်းချန် မှင်သက်အံ့အားသင့်သွားခဲ့ရသည်။
မာဝူသည်လည်း ကြောင်အမ်းကာ ဆွံ့အသွား၏။
ကျန်းချန်၏ ဘေးနားရှိ ဂျူနီယာနှစ်ဦးမှာ အံ့ဩလွန်းသဖြင့် ပါးစပ်ကြီး အဟောင်းသားဖြင့် "အို" ပုံသဏ္ဌာန် ဖြစ်သွားခဲ့ကြလေသည်။
*ဘာတွေ ဖြစ်နေတာလဲ*
မနေ့ကတင် ကျန်းလျန်ယွဲ့သည် ပင်မခန်းမအတွင်း၌ ကျန်းချန်အပေါ် အဆုံးစွန်အထိ ရွံရှာမုန်းတီးသော မျက်လုံး များဖြင့် စိုက်ကြည့်နေခဲ့သည် မဟုတ်ပါလား။
သို့သော် ယနေ့တွင်မူ သူမသည် အဘယ်ကြောင့် ဤမျှ အနှိုင်းမဲ့ လှပသော အပြုံးမျိုးဖြင့် ပြုံးပြနေရသနည်း။
ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးရှိ လူတိုင်း ကျန်းလျန်ယွဲ့နှင့် ကျန်းချန်တို့၏ ဆက်ဆံရေးမှာ အဆိုးဝါးဆုံး အခြေအနေ၌ ရှိနေသည်ဟု ကောင်းစွာ သိရှိထားကြသည်။
သို့သော် ယခုအခါတွင် အားလုံး၏ အမြင်၌ သူမ၏ သံယောဇဉ် မေတ္တာတရားများ ပြည့်နှက်နေသော မျက်ဝန်း အစုံဝယ် ကျန်းချန်တစ်ဦးတည်းအတွက်သာ နေရာအပြည့်အဝ ရှိနေသကဲ့သို့ ထင်ရလေသည်။
“ဂျူနီယာညီမ၊ ရိုသေသမှု ပြုဖို့ မလိုပါဘူး”
ပြင်းထန်လှသော ထိတ်လန့်မှုကြောင့် ကျန်းချန်သည် အလိုအလျောက်ပင် ဤသို့ ပြန်လည်တုံ့ပြန်လိုက်မိတော့၏။
သူသည် အားလုံးထဲ၌ စိတ်အရှုပ်ထွေးရဆုံးသူ ဖြစ်သည်။
ဘဝကိုးခုတိုင်တိုင် သံသရာလည်ခဲ့သည့်တိုင်အောင် နှစ်ပေါင်းတစ်ထောင်ခန့်မျှသော အချိန်ကာလပတ်လုံး ကျန်းလျန်ယွဲ့သည် သူ့အပေါ်၌ ယခုကဲ့သို့သော မျက်နှာအမူအရာမျိုး ပြုမူပြသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ထို့ကြောင့် ဤအခိုက်အတန့်တွင် မည်သို့မည်ပုံ ပြန်လည်တုံ့ပြန်ရမည်ကိုပင် သူ အကြံအိုက်သွားခဲ့ရရှာသည်။
မာဝူသည် ထိုအခြေအနေထဲမှ ပထမဦးဆုံး သတိပြန်လည်လာခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
“တူမ ကျန်းလျန်ယွဲ့၊ မင်းက အနာဂတ်မှာ ဧကရီတစ်ပါး ဖြစ်လာမယ့် အရှိန်အဝါမျိုး ရှိနေတဲ့သူပဲ၊ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတဲ့ ဒီလို အရှက်မရှိတဲ့လူနဲ့ အရမ်း အရောမဝင်နဲ့၊ မဟုတ်ရင် မင်းပါ လမ်းမှားကို ဆွဲခေါ်ခြင်း ခံရလိမ့်မယ်”
ထိုစကားကို ကြားလိုက်ရသည့်ခဏ၌ ကျန်းလျန်ယွဲ့၏ နှုတ်ခမ်းဖျားမှ အပြုံးနုနုလေးမှာ ရုတ်ချည်းဆိုသလို ပျောက်ကွယ် သွားခဲ့ရပြီး သူမ၏ ဖြူစင်ဝင်းပသော ပါးပြင်ထက်၌ ဆီးနှင်းခဲပမာ အေးစက်ခက်ထန်မှုများက ပြန်လည် စိုးမိုးလာခဲ့ပြန်သည်။
“ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတဲ့လူ ဟုတ်လား”
သူမသည် ထိုစကားလုံးများကို အံကြိတ်၍ ရေရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ကိုယ်ရောင်ကိုယ်ဝါ အရှိန်အဝါ များမှာလည်း ထိန်းမနိုင် သိမ်းမရဘဲ ပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့သည်။
မျက်ဝါးထင်ထင် မြင်တွေ့နိုင်လောက်သော အေးစက်လှသည့် ရေခဲငွေ့လှိုင်းများသည် သူမ၏ ခြေဖျားအောက်မှ နေ၍ ဝုန်းခနဲ ဖြာထွက်လာခဲ့ပြီး တစ်ကျန်း၊ နှစ်ကျန်းမှ လျင်မြန်စွာပင် ကျန်းပေါင်းများစွာအထိ ပြန့်နှံ့ ဖုံးလွှမ်းသွားခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ထိပ်ဂိတ်တံခါးဝ၏ ပတ်ဝန်းကျင် ကျန်းအနည်းငယ်အတွင်းရှိ နယ်ပယ် တစ်ခုလုံးမှာ အေးစက်လှသော ရေခဲငွေ့များဖြင့် လွှမ်းခြုံခြင်းခံလိုက်ရပြီး သစ်ပင်ပန်းမာန်များ ညှိုးနွမ်း ခြောက်သွေ့လျက် ဆီးနှင်းခဲများ အေးခဲကျဆင်းနေသည့် ဆောင်းဟေမန္တ ကမ္ဘာကြီးတစ်ခုအလား ရုတ်ချည်း ပြောင်းလဲ သွားခဲ့ရတော့၏။
ကျင့်စဉ် အထိုက်အလျောက် မြင့်မားကြသော ဂိုဏ်းသားများသည် မိမိတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက် လာနေသည့် ထိုအအေးဓာတ်ဆိုးများကို တွန်းလှန်နိုင်ရန်အတွက် ရင်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အသည်းအသန် လှည့်ပတ်အသုံးပြုကြရသည်။
ကျင့်စဉ် နိမ့်ပါးလှသူများမှာမူ ထိုပြင်းထန်လှသော အအေးဒဏ်ကြောင့် ခြေဖျားလက်ဖျားများ တုန်ရီလာခဲ့ကြပြီး ရေခဲရုပ်တုများအဖြစ်သို့ပင် လုံးဝဥဿုံ ပြောင်းလဲသွားလုနီးပါး ဖြစ်နေခဲ့ကြရရှာသည်။
သို့သော်လည်း ကျန်းလျန်ယွဲ့သည် ဂိုဏ်းတူမောင်နှမများ၏ အခြေအနေကို ဂရုစိုက်မနေခဲ့ချေ။
သူမသည် မိမိ၏ ညာဘက်လက်ဝါးကို ဖြည်းညှင်းစွာ ဖြန့်လိုက်ရာ သူမ၏ ကိုယ်တွင်းရှိ စိတ်ဝိညာဉ် သိုလှောင်ရာ ခရမ်းရောင် နန်းဆောင်သည် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ပြီး ဆန်းကြယ်လှသော ရေခဲကျောက်စိမ်း အေးမြ ဓားတစ်စင်းသည် သူမ၏ လက်ဖျားဝယ် ဝုန်းခနဲ ပေါ်ထွက်လာခဲ့လေတော့သည်။
“ဒီနေ့က ရှင့်ရဲ့ သေနေ့စေ့တဲ့နေ့ပဲ”
မာဝူ၏ မျက်နှာကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ရင်း ထွက်ပေါ်လာသော ကျန်းလျန်ယွဲ့၏ အသံမှာ အငြိုးအတေး ကြီးမားလှသော ဝိညာဉ်တစ်ခု၏ အော်ဟစ်သံအလား သွေးအေးခြောက်ခြားဖွယ် ကောင်းလှပေသည်။
မာဝူသည် လုံးဝဥဿုံ သွေးပျက်ချောက်ချားကာ ကြောင်အမ်းဆွံ့အသွားခဲ့ရလေသည်။
သူမ လူမှားပြီး ပစ်မှတ်ထားနေတာများလားဟု မာဝူတစ်ယောက် ရင်တမမဖြင့် တွေးတောမိနေတော့သည်။
အကယ်၍ သူမအနေဖြင့် တကယ်ပဲ တစ်ဦးတစ်ယောက်ကို သတ်ချင်ဖြတ်ချင်စိတ် ရှိနေခဲ့မည်ဆိုပါက ထိုလူသတ်ငွေ့များသည် ကျန်းချန် အပေါ်သို့သာ ဦးတည်ရမည် မဟုတ်ပါလား။
“တူမ ကျန်းလျန်ယွဲ့၊ မင်း ဘာဖြစ်လို့ ဒီလို ပြုမူနေရတာလဲ၊ အဲ့ဒီလူယုတ်မာက မင်းရဲ့စိတ်ကို မန္တန်တစ်ခုခုနဲ့ မြှူဆွယ် လှည့်စားထားလို့လား၊ မင်းက ငယ်ပါသေးတယ်၊ လူယုတ်မာတွေရဲ့ စကားနောက်ကို လိုက်ပြီး ကိုယ့်ရဲ့ ဂိုဏ်းတူလူကြီးတွေကို ပြန်ပြီး ရန်မမူစမ်းပါနဲ့”
မာဝူသည် နောက်သို့ အလောတကြီး ဆုတ်ခွာရင်း စိုးရိမ်တကြီးဖြင့် ဖြောင်းဖျနားချရန် ကြိုးပမ်းလိုက်တော့သည်။
သူ ရည်ညွှန်းလိုက်သော လူယုတ်မာ ဆိုသည်မှာ အခြားသူမဟုတ်ဘဲ ကျန်းချန်ကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း သံသယ ဝင်စရာပင် မလိုချေ။
သို့သော် သူ၏ ထိုစကားလုံးများကပင် ကျန်းလျန်ယွဲ့၏ ရင်တွင်းရှိ လူသတ်စိတ်အဟုန်ကို အဆပေါင်းများစွာ ပိုမို ပြင်းထန် တောက်လောင်လာစေခဲ့မှန်း သူ မသိလိုက်ပေ။
“ဝှစ်”
အေးစက်လှသော လေပြင်းများ ရုတ်ချည်း ထုထည်ကြီးမားစွာ တိုက်ခတ်လာခဲ့ပြီး ကျန်းလျန်ယွဲ့၏ နုနယ် သိမ်မွေ့လှသော ကိုယ်ဟန်သဏ္ဌာန်မှာ ထိုအေးစက်လှသည့် လေလှိုင်းများကြားဝယ် တစ်ခဏချင်းအတွင်း ပျောက်ကွယ် သွားခဲ့ရတော့သည်။
သူမ ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ မာဝူ၏ နောက်ကျောဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သူမ၏ လက်ထဲမှ ရေခဲ ကျောက်စိမ်း အေးမြဓားသည် လေထုထဲ၌ ဝင်္ကပါအလား ဝှေ့ယမ်းသွားခဲ့ပြီး အလွန်အမင်း လှပသော်လည်း သေမင်းတမန် စွမ်းအားများ ပြည့်နှက်နေသော ရေခဲဓားချီ အလင်းတန်းများစွာသည် မာဝူ၏ အသက်အန္တရာယ် ဖြစ်စေနိုင်သော သေကွင်းသေကွက် အချက်အခြာနေရာများဆီသို့ တည့်တည့်မတ်မတ် ဦးတည်လျက် ဝုန်းခနဲ ပစ်လွှတ်ခြင်း ခံလိုက်ရတော့သည်။
ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်များကို ရင်ထဲမှ အာရုံခံမိလိုက်သည်နှင့်တစ်ပြိုင်နက် မာဝူသည် လျင်မြန်စွာပင် ကိုယ်ကို လှည့်လိုက်မိ၏။
ထိုဓားချီ အလင်းတန်းများသည် မိမိ၏ မျက်မှောက်ဆီသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ၌ သူသည် အသံနိမ့်ဖြင့် အော်ဟစ်လိုက်ရင်း ဒွာရ ခုနစ်ပေါက်မှနေ၍ ဆေးဖော်စပ်သူတို့၏ ဝိညာဉ်မီးလျှံများကို ပေါက်ကွဲ ထွက်ပေါ်လာစေခဲ့ကာ ၎င်းတို့ကို မီးမြွေအသွင်များအဖြစ် စုစည်းလျက် ထိုအေးစက်လှသော ရေခဲ ဓားကျီများကို အရည်ပျော်ကျသွားစေရန် အသည်းအသန် ခုခံတိုက်ခိုက်တော့သည်။
သို့သော် သူသည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့သလို ကျန်းလျန်ယွဲ့၏ အစွမ်းအစကိုလည်း အလွန်အမင်း အထင်သေးမိသွားခဲ့သည်။
တစ်ဦးက ဆေးလုံးတောင်ထိပ်၏ သာမန် အကြီးအကဲတစ်ဦးမျှသာ ဖြစ်ပြီး အခြားတစ်ဦးကမူ ဧကရီတစ်ပါး၏ အရှိန်အဝါမျိုးကို မွေးရာပါ ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
သူတို့နှစ်ဦးစလုံးသည် ကျင့်စဉ်အရ အဆင့်ချည်း တူညီနေကြသော်လည်း ၎င်းတို့၏ တကယ့် လက်တွေ့ တိုက်ခိုက်ရေး စွမ်းရည်မှာမူ အဆင့်အတန်းချင်း ကွာခြားလွန်းလှသည်။
ထိုအေးစက်လှသော ရေခဲဓားချီများသည် မီးမြွေများကို မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်းအပြတ်အသတ် ဖြတ်တောက် ချေမှုန်းပစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကိုပါ မိမိတို့၏အဟုန်ထဲသို့ သိမ်းကျုံး ဆွဲသွင်းလျက် လေထုကို ဖြတ်သန်းကာ ရှေ့သို့ ဆက်လက်၍ ဒုန်းစိုင်းပြေးဝင်သွားခဲ့တော့၏။
အရာအားလုံးမှာ မြန်ဆန်လွန်းလှသဖြင့် မာဝူဘက်မှ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ရန်အတွက် အချိန်စိုးစဉ်းမျှ မရရှိခဲ့ချေ။
သူ ဘယ်တုန်းကမှ ထည့်မတွေးထားခဲ့မိပါ။
တစ်ကွက်တည်းဖြင့် ဆေးလုံးတောင်ထိပ်၏ အကြီးအကဲဖြစ်သော သူသည် ကျန်းလျန်ယွဲ့၏ လက်ချက်ဖြင့် ဤနေရာတင် အစိမ်းလိုက် အသက်ပျောက်ရပေတော့မည်။
ထိုသို့ အသက်နှင့်သေခြင်းတရား ရုန်းကန်နေရသည့် အခိုက်အတန့်၌။
“တော်လောက်ပြီ”
နီရဲတောက်ပလှသော လင်းလက်သည့် အလင်းတန်းတစ်ခုသည် နဝမတောင်ထိပ်၏ အထက် ကောင်းကင်ယံ တိမ်တိုက်များ ကြားမှနေ၍ ဝုန်းခနဲ ဆင်းသက်လာခဲ့ပြီး မာဝူ၏ ရှေ့မှောက်ဆီသို့ ကာကွယ်ပိတ်ဆို့လျက် ကျဆင်းလာခဲ့လေတော့သည်။