အခန်း (၃၆၉-၃၇၀)
Vol. 37 Ch. 369-370
အခန်း (၃၆၉) အတားအဆီးများ တည်ဆောက်ခြင်း
လုံယုသည် ကင်းစင်အတွင်းရှိ အခန်းငယ်လေးထဲသို့ ဝင်သွားကာ ပြောလိုက်လေသည်။
"ကပ္ပတိန်လီ… ကပ္ပတိန်ဝူယဲ့ဟောင်... မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာ အုပ်ကြီး ချဉ်းကပ် လာနေတယ်…"
သူ၏စကားဆုံးသွားသည်နှင့် လီထျန်ယုနှင့် ဝူယဲ့ဟောင်တို့က သူ့ကို တစ်ပြိုင်နက်တည်း လှမ်း ကြည့်လိုက်ကြလေသည်။
"မင်း ဘာပြောလိုက်တာလဲ… မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာအုပ်ကြီး ချဉ်းကပ်လာနေတယ် ဟုတ်လား…"
မယုံကြည်နိုင်သော လေသံဖြင့် ဝူယဲ့ဟောင်က မေးလိုက်သည်။
လုံယုက ခေါင်းညိတ်ကာ ရှင်းပြလိုက်လေသည်။
"လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က သဲတွေထဲကနေ ထွက်လာတဲ့ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင် မာအုပ်ကြီးကို ငါတို့ တွေ့ခဲ့တယ်… သူတို့က အခု တံတိုင်းဆီကို တက်လာနေကြပြီ…ရန်ရန်နဲ့ တခြားသူ တွေက သူတို့ကို တားဆီးဖို့ မီးတံတိုင်းတစ်ခု တည်ဆောက်နေကြတယ်… ဒါပေမဲ့ သူတို့ အရမ်းနီးကပ် မလာခင် သုတ်သင်ရှင်းလင်းပစ်ဖို့ အစီအစဉ်တစ်ခု ငါတို့ လိုအပ်နေတယ်...”
သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လီထျန်ယုမှာ စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ဆံပင်တိုတိုကို ဆွဲဖွလိုက်လေသည်။
သူက စားပွဲကို လက်သီးဖြင့် ထုကာ ကျိန်ဆဲလိုက်လေသည်။
"ကျစ်... သောက်ကျိုးနည်းပဲ… မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးတွေကိုတောင် ရှင်းလို့ မပြီးသေးဘူး၊ အခု မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေ ထပ်လာပြန်ပြီ...”
စိတ်ငြိမ်သွားစေရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ သူက ပြော လိုက်လေသည်။
"ငါတို့စခန်းက တောင်တွေနဲ့ နီးတယ်… ဒီသဲကန္တာရ ပိုးတောင်မာတွေက ဘယ်ကနေများ ရောက်လာ တာလဲ… ဒီကမ္ဘာကြီးကတော့ ရူးသွပ်စရာပဲ… ငါတို့ ဒီလိုအခြေအနေနဲ့ ဘယ်လိုလုပ် အသက်ရှင်သန် ရမလဲ...”
လီထျန်ယု၏ စကားကို ကြားသောအခါ ဝူယဲ့ဟောင် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ မပြောဘဲ တိတ်ဆိတ်နေခဲ့လေသည်။
သူတို့၏ ညှိုးငယ်နေသော မျက်နှာထားများကို မြင်သော် လုံယုက ပြောလိုက်လေသည်။
"ဒီ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေက သဲမုန်တိုင်းနဲ့အတူ ပါလာတာ ဖြစ်နိုင်တယ်…"
သူက လီထျန်ယုဘက်သို့ လှည့်ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒီကမ္ဘာကြီး ဘယ်လောက်တောင် ရူးသွပ်စရာကောင်းနေပြီလဲ ဆိုတာကို နောက်မှပဲ မင်း ဆက်ပြီး မေးခွန်းထုတ်တော့… အခုလောလောဆယ်တော့ ဒီအခြေအနေကနေ အသက်ရှင်နိုင်ဖို့ကိုပဲ အရင် အာရုံစိုက်ကြရအောင်...”
ဝူယဲ့ဟောင်က သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။
"ကပ္ပတိန်လုံ ပြောတာ မှန်တယ်...”
ချဉ်းကပ်လာသော ခြိမ်းခြောက်မှုကို မည်သို့ကိုင်တွယ်ရမည်ကို သူတို့ စဉ်းစားနေကြစဉ်မှာပင်၊ ဝူယဲ့ဟောင်၏ ဂြိုဟ်တုဖုန်း မြည်လာခဲ့လေသည်။ မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ ဖုန်းကို ဖြေကြားလိုက်လေသည်။
"ဝူယဲ့ဟောင် ပြောနေပါတယ်...”
ခဏအကြာတွင် ရွှီချီဖန်၏ အသံ ထွက်ပေါ်လာလေသည်။
"ကပ္ပတိန်ဝူယဲ့ဟောင်... မင်းတို့ဘက်က အခြေအနေ ဘယ်လိုရှိလဲ...”
ပြန်မဖြေမီ ဝူယဲ့ဟောင်က လုံယုနှင့် လီထျန်ယုတို့ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး
"မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီး ထက်ဝက်ကျော်ကို သတ်နိုင်ခဲ့ပြီး တံတိုင်းကို ထိန်းချုပ်ထားနိုင်ပါပြီ… ဒါပေမဲ့ ကပ္ပတိန်လုံက နောက်ထပ် သတင်းဆိုးတစ်ခု ယူလာပါတယ်… အခု ကျွန်တော်တို့ စကားပြော နေတဲ့အချိန်မှာပဲ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာအုပ်ကြီး ချဉ်းကပ်လာနေပါတယ်...”
"မစ္စယောင်နဲ့ တခြားသူတွေက မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေကို တားဆီးဖို့ မီးတံတိုင်း တစ်ခု တည်ဆောက်နေကြပါတယ်… ဒါပေမဲ့ သူတို့ တံတိုင်းဆီ မရောက်လာခင် ချက်ချင်း မျိုးဖြုတ် သုတ်သင်ဖို့ ဗျူဟာတစ်ခု ကျွန်တော်တို့ လိုအပ်နေပါတယ်… တကယ်လို့ ဒီ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေသာ စခန်းကို ဖောက်ထွင်းဝင်ရောက်လာခဲ့မယ်ဆိုရင် အကျိုးဆက်က ကြောက်ခမန်း လိလိ ဖြစ်သွားပါလိမ့်မယ်...”
ရွှီချီဖန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။
"ဒီ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေကို ရှင်းဖို့ မင်းတို့မှာ အစီအစဉ် ရှိလား…"
"လောလောဆယ်တော့ သူတို့ကို မီးရှို့ဖို့ ကျွန်တော် စဉ်းစားထားပါတယ်…" ဟု ဝူယဲ့ဟောင်က ပြန်ဖြေ လိုက်လေသည်။
ရွှီချီဖန် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။
"ငါတို့ဆီမှာ ဓာတ်ဆီ ကုန်သွားပြီ၊ ဒါပေမဲ့ အီသနော တချို့ ကျန်နေသေးတယ်… မင်းတို့ဆီကို ငါ ပို့လိုက်မယ်… အဲဒါက မီးလောင်လွယ်တာမို့လို့ သတိထားပြီး သုံးကြ…"
ဤသတင်းကောင်းကြောင့် ဝူယဲ့ဟောင်၏ မျက်လုံးများ အရောင်လက်သွားခဲ့လေသည်။ ထို့နောက် သူက ပြောလိုက်လေသည်။
"နားလည်ပါပြီ တပ်မှူး…"
သူ စကားပြောပြီးသွားသည်နှင့် တံခါးဖွင့်သံတစ်ခုနှင့်အတူ အခြားအသံတစ်သံ ဂြိုဟ်တုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာခဲ့လေသည်။
"တပ်မှူး… မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာ အများကြီးက မြေကြီးထဲကနေ ရုတ်တရက် ထွက် လာကြပါတယ်… သူတို့က ဆင်းရဲသားရပ်ကွက် တစ်ခုလုံးကို သိမ်းပိုက်လိုက်ကြပြီး အခု မြေအောက် ခိုလှုံရေးစခန်းတွေဆီကို သွားနေကြပါပြီ...”
ထိုအစီရင်ခံတင်ပြမှုကို ကြားလိုက်ရသဖြင့် ဝူယဲ့ဟောင်၏ မျက်နှာထား မည်းမှောင်သွားတော့သည်။
ခဏအကြာတွင် ရွှီချီဖန်၏ အရေးတကြီးလေသံ ထွက်ပေါ်လာခဲ့လေသည်။
"အချက်ပေးဥဩဆွဲပြီး ရွှေ့ပြောင်းရေးကို အမြန်လုပ်ကြ… အသက်ရှင်ကျန်ရစ်သူတွေကို ကာကွယ်ဖို့ စစ်သည်တွေကို အခု ချက်ချင်း စေလွှတ်လိုက်… မြန်မြန်လုပ်ကြ…."
"ဟုတ်ကဲ့ပါ တပ်မှူး…"
အမိန့်ပေးပြီးနောက် ရွှီချီဖန်က အလျင်စလိုပြောလိုက်လေသည်။
"ကပ္ပတိန်ဝူယဲ့ဟောင်... သတင်းထူးတာရှိရင် ငါ့ကို အကြောင်းကြား…"
ဝူယဲ့ဟောင်၏ အဖြေကိုမစောင့်တော့ဘဲ ရွှီချီဖန် ဖုန်းချသွားလေသည်။ ဝူယဲ့ဟောင်သည် ဂြိုဟ်တုဖုန်း ကို သိမ်းလိုက်ပြီး လုံယုနှင့် လီထျန်ယုတို့ဘက်သို့ လှည့်လိုက်သည်။
သူက လက်သီးကိုဆုပ်ကာ ပြောလိုက်လေသည်။
"မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေ စခန်းထဲကို စိမ့်ဝင်လာကြပြီ… သူတို့က မြေကြီးထဲက နေ ထွက်လာပြီး ဆင်းရဲသားရပ်ကွက် တစ်ခုလုံးကို သိမ်းပိုက်လိုက်ကြပြီတဲ့… တပ်မှူးရွှီက ရွှေ့ပြောင်း ရေးကို အရှိန်မြှင့်လုပ်ဆောင်နေရင်းနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကာကွယ်ဖို့ စစ်သည်တွေကို စေ လွှတ်လိုက်ပြီ…"
ဤသတင်းဆိုးကို ကြားသောအခါ လီထျန်ယုက တိုးတိုးလေး ကျိတ်ဆဲလိုက်ပြီး၊ လုံယု၏ မျက်နှာ ထားမှာ မည်းမှောင်သွားတော့သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လုံယုက ပြောလိုက်လေသည်။
"ငါ ရန်ရန့်ကို သွားကူညီလိုက်ဦးမယ်… မင်းတို့နှစ်ယောက် တတ်နိုင်သမျှ လုပ်စရာရှိတာ လုပ်ကြ…"
ထိုစကားများကို ချန်ထားခဲ့ပြီး လုံယု အလျင်စလို ထွက်ခွာသွားလေတော့သည်။
သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့ချိန်တွင် လီထျန်ယုက ဝူယဲ့ဟောင်ဘက်သို့ လှည့်ကာ ပြောလိုက်လေ သည်။
"ကပ္ပတိန်လုံက ဒီတံတိုင်းကို စောင့်ကြပ်နေတာဆိုတော့ ဒီနေရာက ခဏတော့ တောင့်ခံနိုင်လောက်ပါ တယ်"
သူ တစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီး ထပ်ပြောလိုက်လေသည်။
"ငါ အရှေ့ဘက် အပြင်ဘက်တံတိုင်းဆီ သွားမယ်… ကပ္ပတိန်ဝူယဲ့ဟောင်... မင်းက မြောက်ဘက် အပြင် ဘက်တံတိုင်းကို သွားသင့်တယ်… အဲဒီ ဧရိယာတွေလည်း တိုက်ခိုက်ခံရမှာကို ငါ စိုးရိမ်မိတယ်...”
မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများနှင့် မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာများသည် အနောက် ဘက်နှင့် တောင်ဘက် အပြင်ဘက်တံတိုင်းများကိုသာ အာရုံစိုက်တိုက်ခိုက်မည် မဟုတ်ကြောင်း နား လည်ထားသဖြင့် ဝူယဲ့ဟောင် သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ...”
ဧရိယာများကို ခွဲဝေပြီးနောက်၊ သူတို့နှစ်ဦးသည် သက်ဆိုင်ရာ နေရာအသီးသီးဆီသို့ အပြေးအလွှား ထွက်ခွာသွားခဲ့ကြလေသည်။
တစ်ချိန်တည်းမှာပင် ယောင်ရန်နှင့် အခြားသူများသည် အတားအဆီးများကို အဆုံးသတ် တည်ဆောက် ပြီးစီးသွားခဲ့ကြလေသည်။ နောက်ဆုံး အတားအဆီးကို ဓာတ်ဆီလောင်းပြီးသွားသောအခါ လေစွမ်း အားရှင်က လေကို ထိန်းချုပ်ကာ တံတိုင်းထိပ်သို့ ပြန်လည်ခုန်တက်လိုက်လေသည်။
သူ တံတိုင်းပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လာချိန်တွင် ယောင်ရန် မျက်လုံးကိုမှေးကာ အဝေးသို့ လှမ်း ကြည့်လိုက်လေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
"ဒီသဲမုန်တိုင်းက အမြင်အာရုံကို ပိတ်ဆို့ထားတော့ ရှင်းရှင်းလင်းလင်း မြင်ရဖို့က မဖြစ်နိုင်သလောက် ပဲ...”
အနီးနားရှိ စစ်သည်တစ်ဦးက သူမ၏ စကားကို ကြားသွားပြီး ပြောလိုက်လေသည်။
"ကျွန်တော်တို့ရဲ့ ကပ္ပတိန်မှာ အာရုံငါးပါးကို မြှင့်တင်နိုင်တဲ့ စွမ်းအင် ရှိပါတယ်… ဒီလိုအခြေအနေမျိုး မှာတောင် သူက အဝေးကြီးကို မြင်နိုင်စွမ်း ရှိလောက်ပါတယ်"
၎င်းကို ကြားသော် ယောင်ရန်၏ မျက်လုံးများ အရောင်လက်သွားခဲ့လေသည်။ သူမက စစ်သည်ဘက် သို့ လှည့်ကာ မေးလိုက်လေသည်။
"မင်းတို့ရဲ့ ကပ္ပတိန်က ဘယ်သူလဲ…"
"ကပ္ပတိန် လီကျန့်ပါ...” စစ်သည်က ပြန်ဖြေလိုက်လေသည်။
ရင်းနှီးနေသော နာမည်ကို ကြားလိုက်ရသောအခါ ယောင်ရန်က ရေရွတ်လိုက်လေသည်။
"သူက လုံယုရဲ့ အထူးတပ်ဖွဲ့က ရဲဘော်တစ်ယောက် မဟုတ်ဘူးလား…"
သူမ၏ စကားကို ကြားသောအခါ စစ်သည်က အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်လေသည်။
"သခင်မလေးက ကပ္ပတိန်လုံကို သိလို့လား…"
ယောင်ရန် ခေါင်းညိတ်ပြလိုက်လေသည်။
"အာယုက ငါ့ရဲ့ စေ့စပ်ထားတဲ့သူလေ...”
စစ်သည်မှာ ခဏမျှ အံ့ဩမှင်တက်သွားသော်လည်း ထို့နောက် တောက်ပစွာ ပြုံးလိုက်ပြီး ပြောလိုက် လေသည်။
"ဒါဆို ခင်ဗျားက ကျွန်တော်တို့ရဲ့ မရီးပေါ့… စောစောက မမှတ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်…"
ယောင်ရန် ခေါင်းခါပြလိုက်ပြီး မေးလိုက်လေသည်။
"ရပါတယ်… လီကျန့်က ဘယ်မှာလဲ...”
အခန်း (၃၇၀) ဆုံးဖြတ်ချက်နှင့် ပြတ်သားမှု
စစ်သည်က အနီးနားရှိ ကင်းစင်တစ်ခုဆီသို့ လက်ညှိုးထိုးပြကာ ယောင်ရန်၏ အမေးကို ဖြေလိုက် လေသည်။
"ကပ္ပတိန်လီက အဲဒီမှာ တာဝန်ကျနေတာပါ...”
"ကောင်းပြီ… သူ့ဆီ ငါ သွားလိုက်မယ်… မင်းတို့ ဒီမှာပဲနေပြီး မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးတွေကို တတ်နိုင်သမျှ များများသတ်နိုင်ဖို့ အာရုံစိုက်ထား… မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေ မ ရောက်လာခင် သူတို့အားလုံးကို အပြတ်ရှင်းထားနိုင်အောင် ကြိုးစားကြ...” ဟု ညွှန်ကြားရင်း သူမသည် ကင်းစင်ဆီသို့ အပြေးသွားလိုက်လေသည်။
"ဟုတ်ကဲ့ပါ မရီး...”
စစ်သည်က ပြန်ဖြေရင်း ကင်းစင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသော သူမ၏ ကျောပြင်ကို ကြည့် နေလိုက်လေသည်။
ယောင်ရန် ကင်းစင်ထိပ်ရှိ အခန်းငယ်လေးထဲသို့ ရောက်သောအခါ၊ လီကျန့်က မျိုးရိုးဗီဇပြောင်း ဧရာမ ငှက်ကြီးများကို စနိုက်ပါဖြင့် တိကျသေချာစွာ ပစ်ခတ်နေသည်ကို တွေ့လိုက်ရလေသည်။
သူမ စကားမပြောနိုင်မီမှာပင် လီကျန့်က သူမဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"သခင်မလေးယောင်... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ...”
"ရှင့်အကူအညီ လိုလို့ပါ...” ယောင်ရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
လီကျန့်သည် သူ၏ စနိုက်ပါရိုင်ဖယ်ကို အောက်ချလိုက်ပြီး မေးလိုက်လေသည်။
"ဘာများ အကူအညီပေးရမလဲ...”
ယောင်ရန်သည် ရှေ့သို့ တိုးသွားကာ ပြတင်းပေါက်ငယ်အနီးရှိ သူ၏ဘေးတွင် ရပ်လိုက်လေသည်။ အောက်ဘက် မြေပြင်ဆီသို့ လက်ညှိုးထိုးပြကာ သူမက မေးလိုက်လေသည်။
"ဒီနေရာကနေ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေကို မြင်ရလား...”
လီကျန့် အောက်ဘက်သို့ တစ်ချက်ငုံ့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလေသည်။
"မြင်ရပါတယ်...”
"သူတို့က အတားအဆီးတွေနဲ့ ဘယ်လောက် ဝေးသေးလဲ...”
သူမ ထပ်မေးလိုက်လေသည်။
လီကျန့် စက္ကန့်အနည်းငယ်မျှ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။
"မီတာ ငါးဆယ်လောက် ဝေးပါသေးတယ်… သူတို့ရဲ့ လက်ရှိသွားနေတဲ့နှုန်းအရဆိုရင် အတားအဆီး တွေဆီကို နောက်ထပ် တစ်မိနစ်နဲ့ ဆယ်စက္ကန့်လောက်ဆို ရောက်လာပါလိမ့်မယ်...”
"ကျေးဇူးပါပဲ...”
ယောင်ရန် ထိုသို့ပြောပြီးနောက် အလျင်စလို ထွက်ခွာသွားခဲ့လေသည်။
သူမ လှေကားမှ ပြေးဆင်းသွားသည်ကို ကြည့်ရင်း လီကျန့် ခဏမျှ ရပ်တန့်သွားသော်လည်း၊ ထို့နောက် မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများကို သုတ်သင်ရှင်းလင်းသည့် သူ၏အလုပ်ကိုသာ ဆက်လုပ်နေ လိုက်တော့သည်။
ကင်းစင်ထဲမှ ထွက်လာသည်နှင့် ယောင်ရန်က အခြားသူများကို အလျင်စလို ပြောလိုက်လေသည်။
"အတားအဆီးတွေကို မီးရှို့ဖို့ ပြင်ထားကြ...”
သူမ၏ အမိန့်နှင့်အတူ မီးစွမ်းအားရှင် နှစ်ဦးနှင့် ဝူယဲ့ဟောင်၏ လက်အောက်ငယ်သားများက ကိုယ်စီ နေရာယူလိုက်ကြပေသည်။
တံတိုင်းထိပ်တွင် ရပ်နေလျက် ယောင်ရန်သည် အောက်ဘက်သို့ စိုက်ကြည့်ကာ အချိန်ကို တိတ်တ ဆိတ် ရေတွက်နေခဲ့ပေသည်။ လေးဆယ်အထိ ရေတွက်ပြီးသောအခါ သူမ လက်ကိုမြှောက်ကာ အမိန့်ပေးလိုက်လေတော့သည်။
"အခု မီးရှို့လိုက်တော့…"
ချက်ချင်းပင် မီးလုံးလေးလုံးက အောက်ဘက်ရှိ အတားအဆီးများဆီသို့ ပစ်ခတ်သွားလေတော့သည်။ မီးလုံးများ ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် မီးတောက်များ ပြင်းထန်စွာ တောက်လောင်လာ တော့သည်။
"ဝုန်း…"
ဝူယဲ့ဟောင်၏ လက်အောက်ငယ်သားသည် အတားအဆီးများကို နီးကပ်စွာ တည်ဆောက်ထားခဲ့ရာ၊ တစ်ခုကို မီးစွဲသွားသည်နှင့် အခြားတစ်ခုဆီသို့ လျင်မြန်စွာ ကူးစက်သွားတော့သည်။
အချိန်တိုအတွင်းမှာပင် လာနေသော မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာများနှင့် တံတိုင်းကြားတွင် တောက်လောင်နေသော မီးတံတိုင်းတစ်ခု ထွက်ပေါ်လာလေတော့သည်။
ပိုးတောင်မာများ မီးတောက်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို တံတိုင်းပေါ်မှနေ၍ ယောင်ရန် စောင့်ကြည့်နေမိလေသည်။ မျက်လုံးများကို မှေးကာ သူမသည် ၎င်းတို့၏ အပြုအမူကို သေချာစွာ အကဲခတ်နေမိလေသည်။
ခဏအကြာတွင် သူမ ရုတ်တရက် အော်ပြောလိုက်လေသည်။
"အခြေအနေ မကောင်းဘူး… မီးက သူတို့ကို မသတ်နိုင်ဘူး… အားလုံးပဲ... တိုက်ပွဲအတွက် ပြင်ထား ကြ…"
သူမ စကားပြောလိုက်ချိန်မှာပင် လုံယုသည် စစ်သည်တစ်စုနှင့်အတူ ပြန်ရောက်လာခဲ့လေသည်။ အောက်ဘက်ရှိ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူက အမိန့်ပေးလိုက်လေသည်။
"အောက်ကို ပစ်ချလိုက်ကြ...”
သူ၏အမိန့်ကို လိုက်နာလျက် စစ်သည်များသည် သယ်ဆောင်လာသော အိတ်များကို အလျင်အမြန် ဖွင့်လိုက်ကြပြီး အရည်များထည့်ထားသည့် ဖန်ပုလင်းငယ်များကို ထုတ်ယူလိုက်ကြသည်။ ထို့နောက် တံတိုင်းပေါ်မှနေ၍ အောက်ဘက်ရှိ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာများထံသို့ ထိုပုလင်းများ ကို တစ်လုံးပြီးတစ်လုံး ပစ်ချလိုက်ကြလေတော့သည်။
"ခွမ်း... ခွမ်း... ခွမ်း... "
ရိုက်ခတ်မှုကြောင့် ဖန်ပုလင်းများ ကွဲအက်သွားသည်နှင့်အမျှ အကြည်ရောင် အရည်များ မြေပြင်ပေါ်သို့ ဖိတ်စင်ကျသွားခဲ့လေသည်။ ခဏအတွင်းမှာပင် မီးတောက်များမှာ ပိုမိုမြင့်တက်လာပြီး ပြင်းထန်စွာ တောက်လောင်လာလေတော့သည်။
လေထုထဲရှိ အနံ့ကို ရှူရှိုက်ကြည့်လိုက်ပြီးနောက် ယောင်ရန်၏ မျက်လုံးများတွင် နားလည်သဘော ပေါက်မှုများ အရောင်လက်သွားခဲ့လေသည်။ သူမက လုံယုဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"အဲဒါ အီသနောလား...”
လုံယုက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်လေသည်။
"ဟုတ်တယ်...”
အောက်ဘက်သို့ ပြန်ကြည့်လိုက်သောအခါ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာအချို့မှာ မီးတောက်များထဲတွင် သေဆုံးနေကြပြီဖြစ်ကြောင်း ယောင်ရန် သတိပြုမိသွားခဲ့လေသည်။ ဤ မြင်ကွင်းကြောင့် သူမ၏ မျက်လုံးများ တောက်ပသွားတော့သည်။
"သူတို့ကို သတ်ဖို့ ပိုပြင်းထန်တဲ့မီး လိုအပ်တယ်" ဟု သူမက ကြေညာလိုက်လေသည်။
၎င်းကို ကြားသော် မီးစွမ်းအားရှင်များသည် မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာများထံသို့ မီးလုံး များကို ထပ်မံပစ်ခတ်ခဲ့ကြလေသည်။ သူတို့၏ တိုက်ခိုက်မှုများက အချို့ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း၊ မယုံနိုင်လောက်အောင် များပြားလှသော ရန်သူ့အရေအတွက်က သူတို့ အင်အားမမျှသေးကြောင်းကို ရှင်းလင်းစွာ ပြသနေလျက်ရှိလေသည်။
အောက်ဘက်ရှိ မြင်ကွင်းကို အကဲခတ်ကြည့်ရင်း လုံယုက ပြောလိုက်လေသည်။
"လေက အရမ်းပြင်းတယ်… မီးက မကြာခင် ငြိမ်းသွားလိမ့်မယ်"
သူ ထိုသို့ပြောလိုက်ချိန်တွင် ယောင်ရန် အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်လေသည်။ သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားသေတ္တာကြီး ငါးလုံး မြေပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့လေသည်။
"မြန်မြန်... ငါ့ကို လာကူညီကြ…" ဟု သူမက ပြောလိုက်လေသည်။
အခြားသူများ ချဉ်းကပ်လာပြီးကြည့်လိုက်ရာ သေတ္တာများထဲတွင် C4 ဖောက်ခွဲရေးပစ္စည်းများ အပြည့် ထည့်ထားသည်ကို မြင်လိုက်ရလေသည်။ ထိုမြင်ကွင်းကြောင့် သူတို့ အံ့ဩမှင်တက်သွားကြသော် လည်း လုံယုကမူ အချိန်မဖြုန်းချေ။ ဗုံးအချို့ကို ဆွဲယူလိုက်ပြီး သူ၏ လေစွမ်းအင်ကို အသုံးပြု၍ ပျံသန်းကာ အောက်သို့ စတင်ပစ်ချလေတော့သည်။
သူ လုပ်ဆောင်နေသည်ကို ယောင်ရန် စောင့်ကြည့်နေရင်း ရွှီရွှမ်းကို ရှာကြည့်သော်လည်း မတွေ့ရပေ။ ဝူယဲ့ဟောင်ဘက်သို့ လှည့်ကာ သူမကမေးလိုက်လေသည်။
"ရှင် ဒရုန်း တွေကို မောင်းတတ်လား...”
ဝူယဲ့ဟောင်က ခေါင်းညိတ်ပြလိုက်လေသည်။
"ရပါတယ်...”
"ကောင်းပြီ...”
ထို့နောက် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ဒရုန်း အစင်းနှစ်ဆယ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်လေသည်။
"ဒီဗုံးတွေကို ဒရုန်းတွေပေါ် တင်ဖို့ ကျွန်မကို ကူညီကြ…"
သူမ ဘာလုပ်ချင်သည်ကို သဘောပေါက်သွားသဖြင့် ဝူယဲ့ဟောင်နှင့် သူ၏အဖွဲ့သည် ဖောက်ခွဲရေး ပစ္စည်းများကို ဒရုန်းများပေါ်သို့ အလျင်စလို တင်ဆောင်လိုက်ကြလေသည်။ တင်ဆောင်ပြီးသွားသည် နှင့် တစ်ယောက်ချင်းစီက ဒရုန်းကို ထိန်းချုပ်ကာ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာများ အပေါ် သို့ C4 ဗုံးများ ပစ်ချကြပြီး နောက်တစ်လုံး ထပ်ယူရန် ပြန်လှည့်လာကြလေသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
ပေါက်ကွဲမှုက ထိုဧရိယာဆီသို့ ပိုမိုများပြားသော မျိုးရိုးဗီဇပြောင်း သတ္တဝါများကို ဆွဲဆောင်လာသော် လည်း၊ ဤစနစ်တကျ ပူးပေါင်းလုပ်ဆောင်မှုကြောင့် မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာ အရေ အတွက်မှာ လျင်မြန်စွာ လျော့ကျသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် လီကျန့်နှင့် သူ၏အဖွဲ့သည် နောက်ဆုံးကျန်ရှိနေသော မျိုးရိုးဗီဇပြောင်း ဧရာမ ငှက်ကြီးများကို သတ်ဖြတ်ပြီးစီးသွားသဖြင့် ယောင်ရန်၏ အဖွဲ့နှင့် ဝင်ရောက်ပူးပေါင်းကာ မျိုးရိုးဗီဇ ပြောင်း သဲကန္တာရ ပိုးတောင်မာများကို စတင်တိုက်ခိုက်ကြလေတော့သည်။
အနောက်ဘက် အပြင်ဘက်တံတိုင်းရှိ အခြေအနေမှာ တဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်လာပြီဖြစ်သော် လည်း၊ အခြားဧရိယာများတွင်မူ ထိုသို့ မဟုတ်ခဲ့ပေ။
မျိုးရိုးဗီဇပြောင်း ဧရာမငှက်ကြီးများနှင့် မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာများ၏ ပူးပေါင်းတိုက် ခိုက်မှုက ထိခိုက်ကျဆုံးမှုများကို ဆိုးရွားစွာ မြင့်တက်သွားစေခဲ့ပေသည်။ အသက်ရှင်ကျန်ရစ်သူများ မြေအောက်ခိုလှုံရေးစခန်းသို့ ရောက်ရှိချိန်တွင် ခြောက်ဆယ်ရာခိုင်နှုန်းအောက်သာ အသက်ရှင်လျက် ကျန်ရှိလေတော့သည်။
နောက်ဆုံး ဘတ်စ်ကား မြေအောက်ခိုလှုံရေးစခန်းထဲသို့ ဝင်ရောက်သွားသောအခါ ရွှီချီဖန်က သူ၏ အမိန့်ကို ထုတ်ပြန်လိုက်လေသည်။
"ဥဩဆွဲပြီး ဂိတ်တံခါးတွေကို ပိတ်လိုက်ကြ…"
စစ်သည်များက အလေးပြုကာ ပြန်ဖြေလိုက်ကြလေသည်။
"ဟုတ်ကဲ့ပါ တပ်မှူး…"
အမိန့်ကို ရရှိသည်နှင့် စစ်သည်တစ်ဦးက ရှေ့တန်းမှ တိုက်ပွဲဝင်နေသူများ ဆုတ်ခွာရန် အချက်ပြသည့် အနေဖြင့် ဥဩကို အလျင်အမြန် ဖွင့်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် အခြားသူများက ဂိတ်တံခါး များကို စတင်ပိတ်ဆို့ကြပြီး အပြင်ဘက်တွင် ကျန်ရှိနေသေးသူများကို ကူညီပေးရန် ပြင်ဆင်ကြ လေတော့သည်။
"ဝီ... ဝီ... ဝီ..."
နောက်တစ်စက္ကန့်တွင် စူးရှကာ အရေးပေါ်ဖြစ်ကြောင်း ညွှန်ပြနေသော ဥဩသံက စခန်းတစ်ခုလုံး၌ ပဲ့တင်ထပ်သွားတော့သည်။ ၎င်းကို ကြားသောအခါ အနောက်ဘက် အပြင်ဘက်တံတိုင်းရှိ စစ်သည် များသည် တင်းမာသော အကြည့်များကို အချင်းချင်း ဖလှယ်လိုက်ကြလေသည်။
သူတို့၏ တုံ့ပြန်မှုများကို သတိပြုမိသွားသဖြင့် ယောင်ရန်က လုံယုဘက်သို့ လှည့်ကာမေးလိုက်လေ သည်။
"အာယု၊ ဒီအချက်ပြသံက ဘာကိုဆိုလိုတာလဲဆိုတာ ရှင် သိလား...”
"ငါတို့ အမြန်ဆုံး ဆုတ်ခွာရမယ်လို့ ဆိုလိုတာပဲ...” ဟု သူက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်လေ သည်။
လုံယု၏ စကားကို ကြားသော် ယောင်ရန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လေသည်။ သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"ငါတို့ ဆုတ်ခွာလို့ မရဘူး… တကယ်လို့ မျိုးရိုးဗီဇပြောင်း သဲကန္တာရ ပိုးတောင်မာတွေသာ စခန်းကို ဖောက်ထွင်းဝင်ရောက်လာရင် မြေအောက်ခိုလှုံရေးစခန်းက လူတွေ လွတ်မြောက်နိုင်မှာ မဟုတ်တော့ ဘူး… ပြီးတော့ ငါတို့အားလုံး ဝိုင်းထားခံရလိမ့်မယ်"
လုံယုက ခေါင်းညိတ်ပြလိုက်လေသည်။
"ငါသိတယ်… ဒါပေမဲ့ ဒီမှာ ဆက်နေဖို့က အရမ်း အန္တရာယ်များတယ်လေ...”