← Chapters

ရူးနေတာ ကျွန်မ မဟုတ်ဘူး၊ ဒီလောကကြီး

Vol. 1 Ch. 10

ရူးနေတာ ကျွန်မ မဟုတ်ဘူး၊ ဒီလောကကြီး

Vol. 1 Ch. 10

တောင်ထိပ်သခင် ရှောင်ဟုန်ယီ လုံးဝ ဆွံ့အသွားခဲ့ရသည်။

တကယ်တမ်းတွင် မာဝူတစ်ယောက် နဝမတောင်ထိပ်၏ ဂိတ်တံခါးဝဆီသို့ စတင်ခြေချလာခဲ့သည့် အချိန် ကတည်းက သူမသည် မိမိ၏ နတ်ဘုရားအာရုံဖြင့် အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်အကဲခတ်နေခဲ့ခြင်း ဖြစ်ပေသည်။

ဂိုဏ်းအတွင်းရှိ ဂိုဏ်းသားတပည့်များနှင့် အကြီးအကဲ အများအပြားမှာ မိမိ၏ တပည့်ကြီး ကျန်းချန်အပေါ် အဆုံးစွန် အထိ အထင်သေး ရွံရှာနေကြကြောင်းကို သူမ ကောင်းစွာ သိရှိထားသဖြင့် ကျန်းချန်တစ်ယောက် ဒေါသစိတ်ကို မထိန်းချုပ်နိုင်ဘဲ တစ်စုံတစ်ရာ ပြုမူမိသွားမည်ကို စိုးရိမ်ပူပန်နေခဲ့မိခြင်း ဖြစ်၏။

သို့သော်လည်း ရလဒ်ကမူ လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့သူမှာ ကျန်းချန် မဟုတ်ခဲ့ချေ။

၎င်းမှာကား ကျန်းလျန်ယွဲ့ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

သူမဘက်မှ ကွက်တိ တစ်ကွက်တည်းသာ ထုတ်ဖော်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း ထိုဓားချီ အလင်းတန်း တစ်ခုချင်းစီတိုင်းမှာ မာဝူ၏ သေကွင်းသေကွက် နေရာများကိုသာ တည့်တည့်မတ်မတ် ပစ်မှတ်ထားခဲ့ခြင်းဖြစ်ရာ စိုးစဉ်းမျှ ညှာတာထောက်ထားခြင်းမရှိဘဲ အသက်ကို အစိမ်းလိုက် နှုတ်ယူရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပေသည်။

ဤနေရာမှာ ကျိုးယန်ဂိုဏ်းကြီး၏ နယ်မြေအတွင်းရှိ နဝမတောင်ထိပ်၏ တံခါးဝ တည့်တည့်ကြီး ဖြစ်နေ၏။

ကျန်းလျန်ယွဲ့နှင့် မာဝူတို့အကြား၌ ကြီးမားလှသော ရန်ငြိုးရန်စမျိုး ရှိနေလျှင်တောင်မှ ဤနေရာ၌ သူတို့ မတိုက်ခိုက်သင့်ပေ။

မာဝူသည် တောင်ထိပ်တစ်ခု၏ အကြီးအကဲတစ်ဦး ဖြစ်နေပြီး အကယ်၍သာ သူ ဤနေရာ၌ အသက်ပျောက် သွားခဲ့မည်ဆိုပါက ကျန်းလျန်ယွဲ့အနေဖြင့် အနာဂတ်တွင် ဧကရီတစ်ပါး ဖြစ်လာနိုင်ချေရှိသည့် ပါရမီရှင် ဖြစ်နေလျှင်တောင်မှ ဂိုဏ်း၏ ပြင်းထန်လှသော စည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်များမှ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ပါရမီရှင်တစ်ဦး၏ တန်ဖိုးမှာ ဂိုဏ်းအတွက် အရေးကြီးသည်ဆိုသော်လည်း ဂိုဏ်း၏ စည်းမျဉ်း ဥပဒေများ ဟူသည်မှာကား ဂိုဏ်းတစ်ခုလုံး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အခြေခံအုတ်မြစ်ကြီး ဖြစ်နေသောကြောင့် ဖြစ်ပေသည်။ ၎င်းတို့ကို မည်သူမျှ ပေါ့ပေါ့ဆဆ ကျူးလွန်ဖောက်ဖျက်၍ မရနိုင်ပါချေ။

ရှောင်ဟုန်ယီသည် သူမ၏ ဝတ်ရုံစကို ခါထုတ်ကာ ဝှေ့ယမ်းလိုက်ရာ ထိုသေမင်းတမန် ရေခဲဓားချီ အလင်းတန်းများစွာမှာ လေထုထဲ၌ပင် အလိုအလျောက် ပျောက်ကွယ် အေးငြိမ်း သွားခဲ့ရတော့သည်။ ထို့နောက်တွင်မှ သူမသည် ဤနေရာ၌ ရှိနေကြသော လူအားလုံးကိုယ်စား ရင်ထဲမှ မေးခွန်းကို ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

“လျန်ယွဲ့... မင်း ရူးသွားပြီလား”

“ရူးသွားပြီ ဟုတ်လား”

ကျန်းလျန်ယွဲ့သည် သူမ၏ ဆရာသခင် ရောက်ရှိလာခြင်းအပေါ် အံ့အားသင့်ခြင်းမရှိဘဲ သူမ၏ မျက်နှာအမူအရာမှာ တစ်ခဏချင်းအတွင်း ဂရုမစိုက်ဟန်မှသည် ထိန်းမနိုင်သိမ်းမရဘဲ စိတ်လှုပ်ရှား ပေါက်ကွဲ သွားသည့် အသွင်သို့ ကူးပြောင်းသွားခဲ့ကာ၊ တကယ့် အရူးတစ်ယောက်အလား အော်ဟစ် ပေါက်ကွဲ လိုက်တော့သည်။

“ရူးနေတာက ကျွန်မမဟုတ်ဘူး၊ ဒီလောကကြီးတစ်ခုလုံးက ရူးနေတာ”

“...”

ရှောင်ဟုန်ယီမှာ ဆွံ့အသွားခဲ့၏။

ရူးပြီ။ သူမ တကယ့်ကို ရူးသွားချေပြီ။

ကျန်းချန်လည်းပဲ ကြောင်အမ်းသွားခဲ့ရသည်။

ပထမဦးစွာ ကြားလိုက်ရသည့်အခါ ဤစကားလုံးများသည် အမှန်တကယ်ပင် အရူးတစ်ယောက်၏ စိတ်ကူး ပေါက်ရာ ရေရွတ်သံမျိုးနှင့် တူလှပေသည်။

သို့သော် အဘယ်ကြောင့်နည်း။

သူ့အနေဖြင့် သူ၏ ပဉ္စမမြောက် ဂျူနီယာညီမငယ်သည် မိမိ၏ ချောင်းကြည့်ခြင်းခံရရုံလေးဖြင့် အသိစိတ်များ ပျက်ပြားသွားပြီး ယခုကဲ့သို့ အရူးအသွင် ပြောင်းလဲသွားရလောက်အောင်အထိ စိတ်ဓာတ်နုနယ်ပျော့ညံ့သူတစ်ဦး ဖြစ်လိမ့်မည်ဟု လုံးဝမယုံကြည်ပါချေ။

“ဖယ်စမ်း”

ကျန်းလျန်ယွဲ့၏ အသံမှာ အဆုံးစွန်အထိ အေးစက်ခက်ထန်သော အသွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး သူမသည် ရှောင်ဟုန်ယီ၏ မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်လျက် ဆိုလိုက်သည်။

ထိုရိုးရှင်းလှသော စကားလုံးနှစ်ခွန်းကပင် ရှောင်ဟုန်ယီ၏ နှလုံးသားကို ဆတ်ခနဲ တုန်ရီသွားစေခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူမသည် ထိုစကားလုံးများထဲမှ ခြိမ်းခြောက်မှုများကို ကြားလိုက်ရရုံတင်မကဘဲ ပြင်းထန်လှသော လူသတ်ငွေ့များကိုပါ အာရုံခံမိလိုက်သောကြောင့် ဖြစ်ပေသည်။

၎င်းသည် မမှားနိုင်သော သွေးအေးလှသည့် လူသတ်စိတ်ပင် ဖြစ်၏။

“ငါ မဖယ်ပေးရင် ငါ့ကိုပါ တိုက်ခိုက်ဖို့ မင်း ရည်ရွယ်ထားတာလား”

ရှောင်ဟုန်ယီတစ်ယောက် မယုံနိုင် ဖြစ်နေသည်။

သူမ၏ အဖြေကား လက်ထဲမှ ရေခဲကျောက်စိမ်းအေးမြဓားပင် ဖြစ်ပေသည်။

ထိုအေးစက်လှသော ဓားမြတ်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ အအေးဓာတ် အဆီအနှစ် အားလုံးကို အငန်းမရ စုပ်ယူလျက် ပြာလဲ့လဲ့ ရေခဲပန်းပွင့်ခိုင်များစွာကို ဝေဆာစွာ ပွင့်လန်းလာစေခဲ့၏။

ထိုရေခဲ ပန်းပွင့်ဖတ်လေးများသည် ဓားသွားထက်မှနေ၍ တဖွဲဖွဲ ကြွေလွင့်ကျလာခဲ့ကြပြီး မြေပြင်ပေါ်သို့ သက်ဆင်း လျက် ကျန်းလျန်ယွဲ့၏ ခြေဖျားအောက်ဝယ် တစ်ခုချင်းစီ စုစည်းမိသွားကြသည်။

၎င်းတို့သည် အဆက်မပြတ် ဆန့်ထွက်ပွားများလာကြပြီး တစ်ခုနှင့်တစ်ခု ထပ်တူကျလျက် အရှိန်အဟုန်ဖြင့် ပွင့်လန်း လာခဲ့ကြရာ အဆုံးသတ်တွင်မူ ၎င်းတို့အားလုံး ပေါင်းစည်းသွားခဲ့ကြပြီး ကျန်းလျန်ယွဲ့၏ ခန္ဓာကိုယ်အား အထက်သို့ ပင့်တင်ပေးလိုက်သည့် ဧရာမ ပြာလဲ့လဲ့ ရေခဲပန်းပွင့်ကြီး တစ်ပွင့်အသွင်သို့ ပြောင်းလဲ ဖွဲ့စည်း သွားခဲ့တော့သည်။

ထိုရေခဲပန်းပွင့်ကြီး၏ ထိပ်ဖျားထက်ဝယ် မတ်တတ်ရပ်နေသော ကျန်းလျန်ယွဲ့၏ လှပလှသော မျက်ဝန်းအစုံမှာ အသိစိတ် ကင်းမဲ့လျက် ဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီး ၎င်းတို့၏ အတွင်း၌မူ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ကြယ်တာရာအလင်းတန်းများ တဖျတ်ဖျတ် လင်းလက်တောက်ပနေသကဲ့သို့ ထင်မှတ်ရပေသည်။

ဆန်းကြယ် နက်ရှိုင်းလှပြီး အတိုင်းအဆမဲ့ ခန့်ညားထည်ဝါလှသော ကိုယ်ရောင်ကိုယ်ဝါ အရှိန်အဝါကြီး တစ်ခု သည်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းမှနေ၍ ဝုန်းခနဲ ထွက်ပေါ်လာခဲ့လေပြီ။

ထိုအရှိန်အဝါကြီး၏ ဖိအားပေးလွှမ်းမိုးမှုအောက်ဝယ် ပတ်ဝန်းကျင်ရှိ ကမ္ဘာမြေလောကကြီးတစ်ခုလုံးသည်ပင် တစ်ခဏအတွင်း ရုတ်ချည်း ပြောင်းလဲသွားခဲ့ရတော့၏။

စိမ်းလန်းစိုပြည်လှသော မြက်ခင်းပြင်နှင့် သစ်ပင်ပန်းမာန်များသည် ကိုယ်ကိုညွတ်လျက် ဝပ်စင်း ဂါဝရပြု လာကြပြီး ရှေးဟောင်း သစ်ပင်ကြီးများ၏ သစ်ကိုင်းသစ်ခက်များသည်လည်း လေမတိုက်ဘဲ အလိုအလျောက် ယိမ်းနွဲ့ လှုပ်ခါ လာခဲ့ကြကာ ဆီးနှင်းခဲများနှင့် ရေခဲပြင်ကြီးများမှာမူ တစ်ပြိုင်နက်တည်း အရည်ပျော်ကျ ပျောက်ကွယ် သွားခဲ့ရပြီး ကမ္ဘာမြေပြင်ကြီးတစ်ခုလုံးသည်ပင် ပြင်းထန်စွာ တုန်ခါလာခဲ့ရလေတော့သည်။

ကျင့်စဉ် နိမ့်ပါးသော ဂိုဏ်းသားများမှာမူ ထိုမဟာအရှိန်အဝါကြီး၏ ရိုက်ခတ်မှုအောက်ဝယ် ၎င်းတို့၏ စိတ်အာရုံ များနှင့် အသိစိတ်များပါ လုံးဝဥဿုံ လွှမ်းမိုးခြင်း ခံလိုက်ရရှာတော့သည်။

၎င်းတို့သည် ပြာလဲ့လဲ့ ရေခဲပန်းပွင့်ကြီး၏ ထိပ်ဖျားထက်တွင် မတ်တတ်ရပ်နေသော ကျန်းလျန်ယွဲ့ကို လှမ်း၍ ကြည့်မိရုံမျှဖြင့်ပင် သူမ၏ ခြေဖျားအောက်ဝယ် ဒူးထောက်လျက် ဝပ်စင်းကိုးကွယ်လိုစိတ်များ ရင်ထဲ၌ ထိန်းမနိုင် သိမ်းမရဘဲ တဖွားဖွား ပေါ်ပေါက်လာခဲ့ကြရ၏။

ကျန်းချန်လည်းပဲ ထူးဆန်းသော ခံစားချက်တစ်ခုကို ပြင်းထန်စွာ ရရှိလိုက်မိသည်။ ဤအခိုက်အတန့်၌ ရှိနေသော ကျန်းလျန်ယွဲ့သည် တစ်ကမ္ဘာလုံးကို အထက်စီးမှနေ၍ ငုံ့မိုးကြည့်ရှုနေသည့် မဟာဧကရီတစ်ပါးနှင့် လုံးဝ တူညီနေပြီး သူမ၏ ခြေဖျားအောက်ရှိ ပြာလဲ့လဲ့ ရေခဲပန်းပွင့်ကြီးမှာမူ ထိုဧကရီတစ်ပါး၏ ဘုန်းကျက်သရေဆောင် ရာဇပလ္လင်ကြီးတစ်ခုအလား ထည်ဝါလွန်းနေခဲ့သည် မဟုတ်ပါလား။

“မင်း တကယ် ရူးသွားပြီလား၊ မင်းကိုယ်ထဲက တော်ဝင် အဆီအနှစ်တွေကို အတင်းအဓမ္မ ဖွင့်ပြီး အသက်နဲ့လဲပြီး ဖျက်ဆီးပစ်ဖို့အထိ ကြံစည်နေတာလား၊ အဲဒီအရာက မင်း အနာဂတ်မှာ ဧကရီတစ်ပါး ဖြစ်လာဖို့အတွက် အခြေခံ အကျဆုံးဖြစ်တဲ့ လမ်းစဉ်ရဲ့ အုတ်မြစ်ကြီးပဲဥစ္စာ”

ရှောင်ဟုန်ယီသည် ထိုမြင်ကွင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး သူမ၏ လှပသော မျက်နှာပြင် တစ်ခုလုံးသည်ပင် သွေးဆုတ် ဖြူလျော်သွားခဲ့ရရှာတော့သည်။

အတိအကျ ဆိုရမည်ဆိုပါက ကျန်းချန်နှင့် ကျန်းလျန်ယွဲ့တို့အကြားရှိ ကျင့်ကြံခြင်း ပါရမီ ကွာဟချက်မှာ အလွန်အမင်း သေးငယ်လှပေသည်။

ထိုအချက်အတွက် အထင်ရှားဆုံးသော သက်သေပြချက်မှာကား ၎င်းတို့နှစ်ဦး၏ ကျင့်စဉ် ကွာခြားမှု အလွန် နည်းပါးခြင်းပင် ဖြစ်၏။

ကျန်းချန် သူ၏ မူလအမြုတေ ဖျက်ဆီးမခံရမီ အချိန်တုန်းကဆိုလျှင် သူ၏ ကျင့်စဉ်အဆင့်မှာ ကျန်းလျန်ယွဲ့ ထက်ပင် တစ်ဆင့်မျှ သာလွန်မြင့်မားနေခဲ့သေးသည် မဟုတ်ပါလား။

သို့သော် ယခုကဲ့သို့ ကျန်းလျန်ယွဲ့အနေဖြင့် မဟာဧကရီတစ်ပါး၏ အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသနိုင်ရသည့် အဓိက အကြောင်းအရင်းမှာ သူမ၏ ပါရမီထူးကြောင့် မဟုတ်ဘဲ သူမသည် မွေးရာပါကတည်းက ခန္ဓာကိုယ် အတွင်း၌ ဆန်းကြယ်လှသော မွေးရာပါ တော်ဝင် အဆီအနှစ်များကို ပိုင်ဆိုင်ထားခဲ့သောကြောင့်သာ ဖြစ်ပေသည်။

ထိုအဆီအနှစ်များကို တစ်ကြိမ်မျှ ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် မဟာဧကရာဇ်တို့၏ တော်ဝင် အရှိန်အဝါ အငွေ့အသက်များကို ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိပေသည်။

အကယ်၍ ကျန်းလျန်ယွဲ့သည် ထိုတော်ဝင် အဆီအနှစ်များကို အတင်း ပေါက်ကွဲစေလျက် အသက်နှင့်လဲကာ ဖျက်ဆီး ပစ်ခဲ့မည်ဆိုပါက ကျင့်စဉ်မြင့်မားလှသော ရှောင်ဟုန်ယီအနေဖြင့် ထိုဒဏ်ကို တောင့်ခံနိုင်စွမ်း ရှိဦးမည် ဆိုသော်လည်း ကြားညပ်နေသော မာဝူမှာမူ ထိုမဟာဧကရာဇ်တို့၏ တော်ဝင် အရှိန်အဝါအောက်ဝယ် အပိုင်းပိုင်း အပြတ်အသတ် ကြေမွလျက် ပထမဦးဆုံး သေဆုံးသွားမည့်သူ ဖြစ်လာပေလိမ့်မည်။

နဝမတောင်ထိပ်ရှိ ကျင့်စဉ် နိမ့်ပါးလှသော ကျိုးယန်ဂိုဏ်းသားများ အားလုံးသည်လည်း ထိုစွမ်းအားလှိုင်းများ အောက်ဝယ် ဝိညာဉ်အစုံ လုံးဝဥဿုံ ပျက်စီးကြေမွလျက် မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ပျောက် သွားကြပေလိမ့်မည်။

မူလအမြုတေအဆင့်ရှိ ကျင့်ကြံသူများပင်လျှင် အကယ်၍ ၎င်းတို့၌ ကျန်းချန်ကဲ့သို့သော ပါရမီထူးနှင့် ခိုင်မာ လှသည့် အခြေခံအုတ်မြစ်မျိုး မရှိခဲ့ဘူးဆိုပါက ဆယ်ယောက်တွင် တစ်ယောက်ပင် အသက်ရှင်ကျန်ရစ်ရန် ခဲယဉ်း လှပေသည်။ ထို့ပြင် ဤကိစ္စရပ်ကြီး ပြီးဆုံးသွားသည့် နောက်ပိုင်းတွင် ကျန်းလျန်ယွဲ့ကိုယ်တိုင်သည်လည်း တော်ဝင် အဆီအနှစ်များ ပျက်စီးဆုံးရှုံးသွားခြင်းနှင့်အတူ သူမ၏ တာအို အုတ်မြစ်ပါ ပြိုလဲသွားခဲ့ရမည်ဖြစ်ရာ ဒုက္ခိတဘဝသို့ ရောက်ရှိသွားပေမည်။

“လျန်ယွဲ့ အခု ရပ်လိုက်၊ အချိန် ရှိသေးတယ်”

ရှောင်ဟုန်ယီ စိုးရိမ်တကြီး အော်ပြောလိုက်သည်။

ကျန်းချန်းက ဘေးမှနေ၍ အေးစက်စွာ ကြည့်နေပြီး သူ၏ အမူအရာက ဂရုမစိုက်ဟန်ပေ။

ကျိုးယန်ဂိုဏ်းလား။

ဤဂိုဏ်းကြီးတစ်ခုလုံး အစိမ်းလိုက် ပျက်စီးချေမှုန်းခံရမည်ဆိုလျှင်ပင် သူ၏ စိတ်နှလုံးဝယ် စိုးစဉ်းမျှ တုန်လှုပ်မိမည့် ခံစားချက်မျိုး မရှိပါချေ။

ဘဝကိုးခုတိုင်တိုင် သံသရာလည်ခဲ့ပြီးသည့်နောက်တွင် ဤဂိုဏ်းသည် သူ့အတွက် မိသားစုကဲ့သို့ နွေးထွေးမှုမျိုး သို့မဟုတ် သံယောဇဉ် တွယ်တာမှုမျိုးကို ဘယ်သောအခါမျှ ပေးစွမ်းနိုင်ခြင်း မရှိခဲ့တော့ချေ။

အကယ်၍ မိမိ၏ ဆရာသခင် ရှောင်ဟုန်ယီသည် ဤနေရာ၌ ရှိမနေခဲ့ဘူးဆိုပါက သို့မဟုတ် ဇာတ်လိုက် လင်းဖုန်းသည် ဂိုဏ်းသားတပည့်အဖြစ် ဝင်ရောက်ရန်အတွက် ဤနေရာသို့ ရောက်ရှိလာမည့် အစီအစဉ်မျိုးသာ မရှိခဲ့ဘူးဆိုလျှင် သူသည် ဤဘဝ၌ ဤဂိုဏ်းကြီးကို စောစီးစွာကတည်းက စွန့်ခွာခဲ့မည် ဖြစ်သည်။

ထိုကဲ့သို့သော တော်ဝင် အရှိန်အဝါအောက်၌ ကျင့်စဉ် မြင့်မားလှသော အထက်တန်းစားကျင့်ကြံသူများပင်လျှင် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက်သာ အသည်းအသန် ကြိုးပမ်းနေရသည်။

ကျန်းချန်သည် ယခုလက်ရှိတွင် မူလအမြုတေအဆင့်မျှသာ ရှိသေးသော်လည်း သူ၏ ကျန်းမိသားစုမှာ နှစ်ပေါင်း ထောင်ချီ၍ အခြေခိုင်ခဲ့သော အင်အားကြီး မိသားစုကြီးဖြစ်ရာ သူ၏ကိုယ်ပေါ်၌ တော်ဝင် အရှိန်အဝါကို အပြည့်အဝ တွန်းလှန် ခုခံနိုင်စွမ်းရှိသည့် ဆန်းကြယ်သော ရတနာပစ္စည်းတစ်ခု ကံကောင်းထောက်မစွာဖြင့် ရှိနေခဲ့ပေသည်။

ရှောင်ဟုန်ယီ တစ်ယောက်တည်းသာ ဤအကြောင်း သိထားလေသည်။

အတိတ်ဘဝ ကိုးခုစလုံး၏ သံသရာဖြစ်စဉ်များအရ သူ၏ ဂျူနီယာ ညီအစ်ကို မောင်နှမများအားလုံးသည်လည်း ဤအချက်ကို နောက်ပိုင်းကျမှသာ တဖြည်းဖြည်းချင်း သိရှိလာကြမည် ဖြစ်သော်လည်း ၎င်းမှာကား အနာဂတ်တွင်မှ ဖြစ်ပျက်လာမည့် ဇာတ်ကြောင်း တစ်ခုသာ ဖြစ်ပေသေးသည်။

ထို့ကြောင့် မိမိ၏ဆရာသခင် ရှောင်ဟုန်ယီနှင့် သူကိုယ်တိုင် ဘေးကင်းနေသရွေ့ ဤကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံး အစိမ်းလိုက် ပျက်စီးချေမှုန်းခံရမည်ဆိုလျှင်ပင် သူ ဂရုစိုက်နေမည် မဟုတ်ပါ။

တဖြည်းဖြည်းနှင့် တော်ဝင် အရှိန်အဝါကြီးမှာ ပိုမို၍ ထုထည် ထူထပ်သိပ်သည်းလာခဲ့ပြီး ကျန်းလျန်ယွဲ့၏ ကိုယ်တွင်းရှိ တော်ဝင် အဆီအနှစ်များသည်လည်း လုံးဝဥဿုံ ပေါက်ကွဲထွက်လုနီးပါး အရိပ်အယောင်များ ပြသလာခဲ့ချေပြီ။

ရှောင်ဟုန်ယီတစ်ယောက် ရင်ထဲ၌ အလွန်အမင်း စိုးရိမ်ပူပန်လွန်းလှသဖြင့် သူမ၏ အသိစိတ်အာရုံများပါ ဂယောက်ဂယက် ဖြစ်ကာ ရှုပ်ထွေးကုန်တော့သည်။ ကျန်းလျန်ယွဲ့အနေဖြင့် ရပ်တန့်မည့် အမူအရာ မရှိကြောင်း မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အခါ၌ သူမသည် မိမိကိုယ်ကိုယ်သာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ် လိုက်မိတော့သည်။

*ငါက တကယ်ကို အသုံးမကျတဲ့ ဆရာ တစ်ယောက်ပဲ*

ကျန်းချန်ကလည်း မိမိ၏အမှားကို ပြုပြင်ပြောင်းလဲရန် ငြင်းဆန်နေပြီး တရားသောလမ်းစဉ်မှ တဖြည်းဖြည်း သွေဖယ် နေခဲ့ပြီ ဖြစ်သည်။

ယခုတစ်ခါ ပါရမီအရှိဆုံးနှင့် အနာဂတ် အလားအလာ အကောင်းဆုံးဖြစ်သော တပည့်မလေး ကျန်းလျန်ယွဲ့ ကလည်း အဘယ်ကြောင့်ဟူသော အကြောင်းအရင်းကိုပင် မသိရဘဲ ရုတ်ချည်းဆိုသလို အရူးအသွင် ပြောင်းလဲ သွားခဲ့ရပြီး ယခုအခါ၌ လူတစ်ယောက်ကို အသေသတ်နိုင်ရန်အတွက် မိမိ၏ တော်ဝင် အဆီအနှစ်များကိုပါ အသက် နှင့်လဲ၍ ဖျက်ဆီးပစ်ရန် ဒုက္ခိတဘဝ ရောက်သွားရန်အထိပါ ဝန်မလေးဘဲ ဇွတ်မှိတ်လုပ်ဆောင်နေခဲ့ပြီ မဟုတ် ပါလား။

ရင်ထဲ၌ အစွမ်းကုန် အားကိုးရာမဲ့ပြီး အင်အားချည့်နဲ့လှသော ခံစားချက်မျိုးကြီး ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့ရ၏။

ရှောင်ဟုန်ယီသည် မြေပြင်ပေါ်မှနေ၍ လေထုထဲသို့ ဖြည်းညှင်းစွာ ပျံသန်းတက်လှမ်းလိုက်ပြီး ကျန်းလျန်ယွဲ့ရှိရာ ပြာလဲ့လဲ့ ရေခဲပန်းပွင့်ကြီးဆီသို့ တည့်တည့်မတ်မတ် ဦးတည်လျက် ပြေးဝင်သွားခဲ့လေတော့သည်။

သူမ၏ မျက်ဝန်းအစုံဝယ် မျက်ရည်စများ လျှံပတ်ဝိုင်းစက်လာခဲ့ပြီးနောက် တုန်ရီသော လေသံဖြင့် ပြောလိုက်သည်။

“လျန်ယွဲ့၊ မင်း ဘာတွေနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာကို ငါ မသိပါဘူး၊ ဒါပေမဲ့ မင်းကိုယ်တိုင် ဒုက္ခိတဘဝ ရောက်သွား မှာကိုရော၊ ငါတို့ရဲ့ ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံး သွေးပင်လယ်ဝေသွားမှာကိုရော ငါ ဒီအတိုင်း လက်ပိုက်ကြည့် မနေနိုင်ဘူး၊ အခု ငါ့ရဲ့ ကိုယ်ပေါ်က ကာကွယ်ရေး အားလုံးကို ရုပ်သိမ်းလိုက်ပြီ၊ အကယ်၍ မင်းက ဒီလမ်းကိုပဲ ဇွတ်ဆက်လျှောက်မယ်ဆိုရင်တော့ မင်းရဲ့ ဆရာသခင်ကိုပဲ အရင်ဆုံး သွားခွင့်ပြုလိုက်ပါတော့”

သူမ၏ စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ထိုပြင်းထန်လှသော တော်ဝင် အရှိန်အဝါကြီးမှာ တစ်ခဏမျှ တန့်ခနဲ တုန့်ဆိုင်းသွားခဲ့ရရှာသည်။ သို့သော် ၎င်းမှာ မျက်စိတစ်မှိတ်စာ အချိန်မျှသာ ဖြစ်ပြီး နောက်တစ်ခဏ၌မူ ယခင်အတိုင်း ပုံမှန်အတိုင်း ပြန်လည် အရှိန်ပြင်းလာခဲ့ပြန်၏။

အတိအကျ ဆိုရလျှင် ကျန်းလျန်ယွဲ့သည် သူမ၏ ပြတ်သားသော အဖြေကို ပေးအပ်လိုက်ခြင်းပင်။

သူမအနေဖြင့် မိမိ၏ ဆရာသခင်ကို သတ်ဖြတ်မိရုံမျှဖြင့်တင် ဤကလဲ့စားချေခြင်းကို လုံးဝရပ်တန့်သွားမည် မဟုတ်ပါချေ။

ယခုလက်ရှိ အခြေအနေ၌ သူမ အလိုရှိနေသည်မှာ မာဝူတစ်ယောက်တည်း၏ အသက်တင်မကတော့ဘဲ ဤယုတ်မာလှသော ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးကို အလောင်းကောင် တောင်ပို့ကြီးများနှင့် သွေးချောင်းစီး ပင်လယ်ကြီး အဖြစ်သို့ပါ ပြောင်းလဲပစ်ရန်အတွက်ပင် ဖြစ်ချေတော့သည်။

ထိုကဲ့သို့သော အတိုင်းအဆမဲ့ ပြင်းထန်လှသည့် လူသတ်လိုစိတ်ကို အာရုံခံမိလိုက်သောကြောင့် ရှောင်ဟုန်ယီသည် မိမိ၏ ကာကွယ်ရေးများကိုပါ အပြီးအပိုင် ရုပ်သိမ်းလျက် မိမိ၏ အသက်ခန္ဓာဖြင့် ထိုတပည့်မလေးအား နောက်ဆုံး အချိန်အထိ တားဆီးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

“ဝုန်း”

တော်ဝင် အရှိန်အဝါ ဖိအားလှိုင်းကြီးမှာ ဟိန်းခနဲ မြည်ဟည်းလျက် တုန်ခါသွားခဲ့ပြီး ဂိုဏ်းကြီးတစ်ခုလုံး အန္တရာယ် ကြီးမားစွာ ကြုံတွေ့နေရပြီ ဖြစ်ကြောင်း အာရုံခံမိလိုက်သည့်အလား ကျိုးယန်ဂိုဏ်း၏ ပင်မတောင်ထိပ် (ဆီမှနေ၍ အရေးပေါ် သတိပေးခေါင်းလောင်းသံကြီးသည် ရုတ်ချည်းဆိုသလို ကျယ်လောင်စူးရှစွာ ဟိန်းထွက် ပေါ်ပေါက် လာခဲ့တော့သည်။

ပင်မတောင်ထိပ်၏ ကောင်းကင်ယံဆီမှနေ၍ ဆန်းကြယ်လှသော စွမ်းအင်အလင်းတန်းပေါင်းများစွာသည် ကန့်လန့်ဖြတ် ထွက်ပေါ်လာခဲ့ကြပြီး ၎င်းတို့ရှိရာ နဝမတောင်ထိပ်ဆီသို့ အလောတကြီး ဒုန်းစိုင်းပျံသန်း လာကြချေပြီ။

ဤသည်ကို မြင်တွေ့လိုက်ရသည့်အခါ ရှောင်ဟုန်ယီသည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ဦးခေါင်းကို မတတ် နိုင်သလို ခါယမ်းမိလိုက်တော့၏။

*အသုံးမဝင်တော့ဘူး*

ကျိုးယန်ဂိုဏ်း၏ ဘိုးဘေးကြီးကိုယ်တိုင် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာလျှင်တောင်မှ ကျန်းလျန်ယွဲ့ကသာ သူမ၏ တော်ဝင် အဆီအနှစ်ကို အသက်နှင့်လဲ၍ ပေါက်ကွဲဖျက်ဆီးပစ်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားခဲ့မည် ဆိုပါက သူလည်းပဲ တောင်ထိပ်အနည်းငယ်မျှကိုသာ ဘေးမသီရန်မခအောင် မနည်း ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်၏။

ယနေ့တွင် ကြီးမားသော ကပ်ဘေးဆိုးကြီးသည် ကျန်းယန်ဂိုဏ်းကြီးတစ်ခုလုံး၏ အထက်သို့ ကံကြမ္မာအဖြစ် အမှန်တကယ် ကျရောက်လာခဲ့ချေပြီ။

*ဆရာသခင်တစ်ယောက်အနေနဲ့ ငါ တကယ့်ကို ကျရှုံးခဲ့ရတာပါပဲလား*

ရှောင်ဟုန်ယီသည် ကံကြမ္မာကို အပြီးအပိုင် အရှုံးပေးလိုက်သည့်အလား အဆုံးစွန်သော မျှော်လင့်ချက်မဲ့ခြင်း များနှင့်အတူ သူမ၏ မျက်ဝန်းအစုံကို စိတ်ပျက်လက်ပျက် မှိတ်ချလိုက်မိတော့သည်။

ထိုကဲ့သို့ တော်ဝင် အရှိန်အဝါမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါစေလျက် သေခြင်းတရား၏ အငွေ့အသက်ဆိုးများက ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးကို ဝါးမြိုဖုံးလွှမ်းလုနီးပါး ဖြစ်နေသည့် ထိတ်လန့်ဖွယ်ရာ အခိုက်အတန့်၌ …

“ကျန်းလျန်ယွဲ့၊ အရူး၊ အခုချက်ချင်း ရပ်လိုက်စမ်း”

ကျန်းချန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မင်း ကျိုးယန်ဂိုဏ်းကို ဖျက်ဆီးမယ်ဆိုရင် ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ သေချာကြည့်စမ်း”

“မင်းအရှေ့မှာ မင်းဆရာ ရပ်နေတာလေ”

“ဆရာ သေလို့မရဘူး၊ အနည်းဆုံးတော့ ငါ့အရှေ့မှာ သေလို့ မရဘူး၊ မင်း သူ့ကို သတ်ရင် ငါ မင်းကို ကမ္ဘာဆုံးအထိ လိုက်ပြီး မင်းကိုပါ သူနဲ့အတူ မြေမြှုပ်နိုင်အောင် လုပ်ပစ်မယ်”

“အဲ့ဒီတော့ အခုချက်ချင်း ရပ်လိုက်စမ်း”

သူ တကယ်ကို ပျာယာခတ်နေပြီ ဖြစ်သည်။

သူသည် ရှောင်ဟုန်ယီ သေဆုံးပုံကို တစ်ကြိမ်မက မြင်ဖူးသော်လည်း ၎င်းက အမြဲတမ်း သူ သေပြီးမှ ဖြစ်သည်။

လင်းဖုန်းသည် ကံကြမ္မာ သားတော်၊ ဤလောက၏ အလိုလိုက်ထားသူ ဖြစ်သည်။

သူသည် ရှောင်ဟုန်ယီကို သတ်ခဲ့ပြိး ကျန်းချန်က သူမကို ကိုးကြိမ် ကယ်ရန် ကြိုးစားသော်လည်း အမြဲ ကျဆုံးမှုနှင့် အဆုံးသတ်ခဲ့ရသည်။

ယခုတစ်ကြိမ်၌ သူသည် နောက်ဆုံး၌ မျှော်လင့်ချက် အလင်းရောင်ဖျော့ဖျော့လေးကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရရှိနေပြီ ဖြစ်ရာ မိမိ၏ ဆရာသခင် ရှောင်ဟုန်ယီသည် သူ၏ မျက်စိရှေ့မှောက်ကြီး၌တင် ယခုကဲ့သို့ အသက်ပျောက် သွားမည့် အဖြစ်ဆိုးမျိုးကို သူ ဘယ်လိုနည်းနဲ့မှ လက်ပိုက်ကြည့်မနေနိုင်ပါ။

သူ့အနေဖြင့် ဤကဲ့သို့သောအရာမျိုး ဖြစ်ပျက်လာမှာကို လုံးဝ ခွင့်မပြုနိုင်ပေ။

ထိုဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရသည့်အခါ ရှောင်ဟုန်ယီသည် ခြေလှမ်းများကို ရပ်တန့်လျက် နောက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်မိလိုက်ပြီး ကျန်းချန်၏အပေါ်သို့ ကြင်နာဂရုဏာသက်လှသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့် လိုက်မိသည်။

သူမ၏ တပည့်သည် တရားသောလမ်းစဉ်မှ တဖြည်းဖြည်း သွေဖယ်လမ်းလွဲနေခဲ့ပြီ ဖြစ်သော်လည်း ယခုကဲ့သို့သော သေရေးရှင်ရေး အရေးကြုံအခိုက်အတန့်၌မူ မိမိ၏ အသက်အန္တရာယ်အတွက် တကယ့်ကို ရင်ထဲမှ လှိုက်လှိုက် လှဲလှဲ စိုးရိမ်ပူပန်ပေးနေခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း နှမြောစရာကောင်းလှသည်ကား...။

ကျန်းလျန်ယွဲ့က ကျန်းချန်၏ ဆူပူအော်ဟစ်သံများကို ဘယ်လိုနည်းဖြင့် နားထောင်လိမ့်မည်နည်း။

*ဟင်...*

ထိုအတွေးလေး သူမ၏ အသိအာရုံထဲ၌ ဖြတ်သန်းသွားရုံမျှသာ ရှိသေးသော်လည်း ရှောင်ဟုန်ယီသည် ရုတ်တရက် မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်၏ အော်ဟစ်သံအောက်၌ တော်ဝင် အရှိန်အဝါသည် တဖြည်းဖြည်း ကောင်းကင်နှင့် မြေကမ္ဘာထဲသို့ လွင့်ပြယ်သွားခဲ့သောကြောင့်ပင်တည်း။

All Chapters