← Chapters

အခွင့်အရေး တစ်ခုကို လက်လွှတ်လိုက်လို့ မရဘူး

Vol. 1 Ch. 11

အခွင့်အရေး တစ်ခုကို လက်လွှတ်လိုက်လို့ မရဘူး

Vol. 1 Ch. 11

ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးသည် မုန်တိုင်းအပြီး လေပြည်ညင်းကျသကဲ့သို့ တိတ်ဆိတ်အေးချမ်းခြင်း အသွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ရလေပြီ။ ရှောင်ဟုန်ယီနှင့် ကျန်ရှိနေကြသော အခြားသူ အားလုံးမှာလည်း လွန်ခဲ့သော စက္ကန့်ပိုင်းခန့်ကတင် သေမင်းနှင့် လက်တစ်ကမ်းအလိုအထိ ရုန်းကန်ခဲ့ရသည့် ထိတ်လန့်စရာ အခိုက်အတန့်ကြီးကို ပြန်လည်တွေးတောမိရင်း ရင်ထဲမှ အပူတပြင်း သက်ပြင်းကြီးများကို အသီးသီး ချပစ်လိုက်ကြတော့သည်။

အဘယ်ကြောင့် ကျန်းလျန်ယွဲ့တစ်ယောက် စိတ်အပြောင်းအလဲမြန်ကာ ဆုံးဖြတ်ချက်ကို ရုတ်ချည်း ရုပ်သိမ်း လိုက်ရသနည်း ဟူသော အချက်ကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ အဖြေရှာမရနိုင်ခဲ့ကြချေ။ သို့သော်လည်း တစ်ခုတည်းသော သေချာလှသည့် အချက်မှာကား...

သူမသည် မြေပြင်ပေါ်သို့ ညင်သာစွာ ပြန်လည်သက်ဆင်းလာခဲ့ပြီးနောက် အမှားတစ်ခုခုကို ကျူးလွန်မိထားသည့် ကလေးငယ် တစ်ဦးအလား၊တိုးညှင်းဖျော့တော့လှသော လေသံလေးဖြင့် ရင်တွင်းမှ ရေရွတ်လိုက်မိတော့သည်။

“ဆရာသခင်၊ သေလို့ မဖြစ်ဘူး”

ထိုစကားလေးကို ကြားလိုက်ရသည့်အခါ၌ ရှောင်ဟုန်ယီသည် စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ထဲဝယ် ဆို့နင့်တုန်လှုပ် သွားခဲ့ရရှာသည်။

သူမသည် အရှေ့သို့ လျင်မြန်စွာ ခြေလှမ်းလှည့်လိုက်ပြီး ကျန်းလျန်ယွဲ့၏ ခန္ဓာကိုယ်လေးကို မိမိ၏ ရင်ခွင် အတွင်းသို့ တင်းကျပ်စွာ ဆွဲပွေ့ထည့်လိုက်ရင်း ဝမ်းသာလွန်း၍ မျက်ရည်များ တဖျတ်ဖျတ် စီးကျလျက် ငိုရှိုက်ကာ ဆိုလိုက်တော့သည်။

“လိမ္မာလိုက်တဲ့ တပည့်လေး၊ အဲဒီလိုမျိုး စိတ်အာရုံတွေ ဝေဝါးပြီး ရူးသွပ်မသွားပါနဲ့နဲ့ဦး၊ ဆရာ ကိုယ်တိုင် မင်းရဲ့ တာအို နှလုံးသားကို ပြန်လည် တည်ငြိမ်လာအောင် အစွမ်းကုန် ကူညီပေးပါ့မယ်။ ဆရာ မင်းကို ဘယ်လို နည်းနဲ့မဆို အတတ်နိုင်ဆုံး ကယ်တင်ပေးမှာမို့လို့ စိတ်မပူနဲ့တော့နော်”

ရှောင်ဟုန်ယီ၏ နွေးထွေးလှသော ရင်ခွင်အစုံအတွင်း၌ ဖက်လဲတကင်း အထိန်းအကွပ် ခံထားရသည့်တိုင်အောင် ကျန်းလျန်ယွဲ့ဘက်မှမူ စိုးစဉ်းမျှ ပြန်လည် တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့ချေ။ သူမ၏ လှပနုနယ်လှသော မျက်ဝန်း အစုံမှာကား ရှောင်ဟုန်ယီ၏ နောက်ကျောဘက်ရှိ ကျန်းချန်၏ မျက်နှာထက်ဆီသို့သာ တည့်တည့်မတ်မတ် စိုက်ကြည့် နေခဲ့ပြီး ထိုမှတစ်ဆင့် သူမ၏ နှုတ်ခမ်းဖျားဝယ် တစ်လောကလုံးကို မှေးမှိန်သွားစေနိုင်လောက်သည့် အလွန်အမင်း တောက်ပဖူးပွင့်လှသော အပြုံးကြီးတစ်ခုကို ဆင်ယင်ပြလိုက်ပြန်တော့သည်။

ကျန်းချန် လုံးဝ မှင်တက်သွားလေသည်။

ရှောင်ဟုန်ယီကဲ့သို့ပင် သူသည် ကျန်းလျန်ယွဲ့သည် စိတ်ပိုင်းဆိုင်ရာ ကြီးမားလှသော ထိခိုက်နာကျင်မှုဒဏ် တစ်ခုခုကို ပြင်းထန်စွာ ခံစားလိုက်ရခြင်းကြောင့်သာ ယခုကဲ့သို့ စိတ်အာရုံများ ချို့ယွင်းကာ အရူးအသွင် ပြောင်းလဲ သွားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

အသိစိတ်လွတ်နေတဲ့ အရူးမတစ်ယောက်ရဲ့ အစိမ်းလိုက် စိုက်ကြည့်ခြင်းကို ခံရတဲ့ ခံစားချက်က ဘယ်လိုမျိုး ဖြစ်နေမလဲဆိုတာကို စဉ်းစားသာကြည့်ပါတော့။

ပြီးတော့ အဲဒီလိုမျိုး စိတ်မမှန်တဲ့ အရူးမတစ်ယောက်က ကိုယ့်ကို လှမ်းပြီး ပြုံးပြနေတဲ့ အချိန်မှာရော ရင်ထဲဝယ် ဘယ်လိုမျိုး ခံစားချက်ဆိုးကြီး ဝင်ရောက်လာနိုင်မလဲ။

ကောင်းကင်နဲ့ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိမ်းလိုက် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော အတိတ်တုန်းက ကိုယ့်ကို အလွန်အမင်း ရွံရှာမုန်းတီးခဲ့ဖူးတဲ့ ထိုအရူးမက ယခုအခါ ကိုယ့်ကို တည့်တည့်ကြည့်ပြီး ပြုံးပြနေရုံတင်မကဘဲ လောကကြီးတစ်ခုလုံးကို မှေးမှိန်သွားစေနိုင်လောက်တဲ့ အနှိုင်းမဲ့လှပလွန်းတဲ့ အပြုံးမျိုးနဲ့ လှမ်းပြီး ပြုံးပြ နေခဲ့တာက ကိုယ့်အတွက် မည်မျှလောက်အထိ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခံစားချက်မျိုးကို ဖြစ်ပေါ် စေလိမ့်မည်နည်း။

ဤအခိုက်အတန့်တွင် ကျန်းချန်တစ်ယောက် ကြက်သီးတဖြန်းဖြန်း ထလာသည်ကိုပင် ခံစားမိနေ၏။

ထိုအချိန်အတွင်းမှာပင် ပင်မတောင်ထိပ်ဘက်မှ လွှင့်ပျံလာခဲ့ကြသော ဆန်းကြယ်လှသည့် စွမ်းအင် အလင်းတန်း ပေါင်းများစွာမှာလည်း သူတို့ရှိရာဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တရိပ်ရိပ် နီးကပ်စွာ ရောက်ရှိလာနေခဲ့ကြပြီ ဖြစ်သည်။

တောင်ထိပ်သခင် ရှောင်ဟုန်ယီသည် သူမ၏ မျက်ခုံးအစုံကို အနည်းငယ်မျှ တွန့်ကွေးလိုက်မိရင်း ထိုလူများကို ဆီးကြိုရှင်းလင်းရန်အတွက် အရှေ့သို့ ဖြည်းညှင်းစွာ ပျံသန်းထွက်ခွာသွားခဲ့လေတော့သည်။

ကျန်းချန်အနေဖြင့် ထိုလင်းလက်တောက်ပနေသော အလင်းတန်းများ၏ ပိုင်ရှင်များမှာ အခြားသူများမဟုတ်ဘဲ ဂိုဏ်းချုပ်ကြီး နှင့်အတူ ဂိုဏ်း၏ စီနီယာ အကြီးအကဲများသာ ဖြစ်ကြောင်း ကောင်းစွာ သိရှိထားပေသည်။

လက်ရှိအချိန်၌ သူ အသည်းအသန် မျှော်လင့်တောင့်တမိနေသည့် တစ်ခုတည်းသော အရာမှာကား ထိုရောက်ရှိ လာကြမည့် စီနီယာ အကြီးအကဲများအနေဖြင့် ဤစိတ်မမှန်ဘဲ အန္တရာယ်အလွန်များလှသော ကျန်းလျန်ယွဲ့အား ဤနေရာမှနေ၍ အမြန်ဆုံး ခေါ်ဆောင်သွားကြပြီး ချုပ်နှောင်ထားပါစေဟုပင်။

မဟုတ်လျှင် အသိစိတ်လွတ်နေသည့် အရူးမတစ်ဦး၏ တစိမ့်စိမ့်စိုက်ကြည့်ခြင်းကို ခံနေရသည့် ထိုမရေရာသော ခံစားချက်ဆိုးကြီးကို သူ ဘယ်လိုနည်းနဲ့မှ ဆက်ပြီး တောင့်ခံနိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။

သို့သော် ကျန်းချန် စိတ်ပျက်သွားရသည်။

ရှောင်ဟုန်ယီဘက်မှ ထိုလူများကို မည်သို့မည်ပုံ အကြောင်းပြချက်ပေး၍ ဖျောင်းဖျ ပြောဆိုလိုက်သည်မသိ ရောက်ရှိ လာကြသော စွမ်းအင်အလင်းတန်းများသည် နဝမတောင်ထိပ်ပေါ်သို့ ခြေချခြင်းပင်မရှိဘဲ ပင်မ တောင်ထိပ်ဆီသို့ပင် အလျင်အမြန် ပြန်လည်လှည့်ပျံသွားခဲ့ကြလေတော့သည်။

ဤကဲ့သို့သော ရလဒ်ကြောင့် ကျန်းလျန်ယွဲ့ကိုယ်တိုင်ပင် အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရ၏။

သူမအနေဖြင့် ယခုအကြိမ်တွင် ဂိုဏ်းဘက်မှ သူမအား အကျဉ်းချ ချုပ်နှောင်ပစ်မည်ဟု တထစ်ချ တွေးတောထားခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍သာ အခြေအနေများက ထိုသို့ တကယ်ဖြစ်လာခဲ့မည်ဆိုပါက သူမအနေဖြင့် မိမိ၏ တော်ဝင် အဆီအနှစ်များကို နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်၍ တော်လှန်ရန်အထိပင် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ကျန်းချန်ကို နောက်တစ်ကြိမ် ထပ်မံမတွေ့မြင်ရတော့မည့် ဘဝမျိုးကို ရင်ဆိုင်ရမည့်အစား သူမအနေဖြင့် အသက် အသေခံလိုက်ရသည်ကမှ အဆပေါင်းများစွာ သာလွန်လိမ့်မည်။

အခြားသူများက သူမအား စိတ်အာရုံများပျက်ပြားကာ အရူးအသွင် ပြောင်းလဲသွားခဲ့ပြီဟု တွေးတော ထင်မြင်နေကြခြင်း အပေါ်တွင်မူ ကျန်းလျန်ယွဲ့အနေဖြင့် စိုးစဉ်းမျှ ဂရုစိုက်မနေခဲ့ချေ။

အတိတ်ဘဝ ကိုးခုစလုံး၏ ကြေကွဲဖွယ် သံသရာဖြစ်စဉ်များကို ဇာတ်ရှိန်အပြည့်ဖြင့် မျက်ဝါးထင်ထင် စောင့်ကြည့်ခဲ့ ရပြီးသည့် နောက်တွင်မူ သူမ၏ ဘဝတစ်လျှောက်လုံး၌ ယခုအချိန်ထက် ပိုမို၍ အသိစိတ် ကြည်လင် ပြတ်သားနေခဲ့သည့် အချိန်မျိုး ဘယ်တုန်းကမျှ မရှိခဲ့ဖူးဟု သူမကိုယ်သူမ အပြည့်အဝ ခံစားမိနေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် အခြားသူများ၏ အမြင်ဆိုးများမှာ သူမအတွက် အရေးမပါလှပါချေ။

ဘေးလူများသာ ဇဝေဇဝါ ဖြစ်သွားရသည်။

အတိအကျ ဆိုရမည်ဆိုပါက စိတ်ရိုင်းဝင်ကာ လူဆိုးအသွင် ပြောင်းလဲသွားခြင်းနှင့် အသိစိတ်လွတ်၍ ရူးသွပ် သွားခြင်း ဟူသည်မှာ သဘောတရားချင်း အလွန်အမင်း ဆင်တူလှပေသည်။

ဤဖြစ်စဉ်နှစ်ခုစလုံးသည် ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွန်းအား တစ်ခုခုကြောင့် စတင် လှုံ့ဆော်ခြင်း ခံရလေ့ရှိပြီး ၎င်းမှတစ်ဆင့် လူတစ်ဦး၏ ပင်ကိုယ်စရိုက်နှင့် စိတ်နေသဘောထားကို တစ်ဆစ်ချိုး အကြီးအကျယ် ပြောင်းလဲသွားစေတတ်ကာ အဆုံးစွန်အထိ သွေးအေး ရက်စက်တတ်ပြီး အခြားသူများ နားမလည် နိုင်လောက်သည့် အပြုအမူဆိုးများကိုပါ ရဲရဲဝံ့ဝံ့ ကျူးလွန်တတ်ကြခြင်း ဖြစ်ပေသည်။

မိမိ၏ စိတ်တိုင်းမကျမှု သို့မဟုတ် သဘောထားကွဲလွဲမှု အနည်းငယ်မျှ ရှိရုံဖြင့်ပင် ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးကို သွေးချောင်းစီးပစ်ရန် ဝန်မလေးခဲ့သည့် သူမ၏ လုပ်ရပ်မှာမူ စိတ်ရိုင်းဝင်သွားသည့် အရိပ်အယောင်ဖြစ်သလို တစ်ဖက်ကကြည့်လျှင်လည်း ရူးသွပ်သွားသည့် လက္ခဏာရပ်မျိုးလည်း ဖြစ်နေခဲ့သည် မဟုတ်ပါလား။

မဟုတ်လျှင်မူ ကျင့်စဉ်အဆင့်အတန်း မြင့်မားလှသော ရှောင်ဟုန်ယီအနေဖြင့် ကျန်းလျန်ယွဲ့သည် တကယ့်ကို အသိစိတ် ကြည်လင်နေသလား သို့မဟုတ် စိတ်ဖောက်ပြန်နေသလား ဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် ကောင်းစွာ အကဲခတ်မိသွားပေလိမ့်မည်။

“ဆရာသခင်... သူတို့ကို ဘာတွေ ပြောလိုက်တာလဲ”

ကျန်းချန်သည် ရင်ထဲမှ အလွန်အမင်း သိချင်စိတ်ပြင်းပြမှုကို မအောင့်နိုင်တော့ဘဲ ရှောင်ဟုန်ယီ၏ အနားသို့ တိုးကပ်လျက် တိုးတိုးလေး မေးမြန်းလိုက်မိတော့သည်။

“ငါက လျန်ယွဲ့က ငါ့ကို အန္တရာယ်ပြုချင်တဲ့စိတ် မရှိပါဘူး၊ ပြီးတော့ သူမကို ငါ့ရဲ့ဘေးနားမှာပဲ ဒီအတိုင်း ဆက်ထားပေးမှ သူမအနေနဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်မှာ ပြီးတော့ သူမရဲ့ တော်ဝင် အဆီအနှစ်တွေကို နောက်တစ်ကြိမ် ထပ်ပြီး ပေါက်ကွဲအောင် မလုပ်မိတော့မှာပါလို့ ပြောလိုက်တာ”

ရှောင်ဟုန်ယီက ပြန်ပြောလိုက်သည်။

သူမသည် ထိုသို့ပြောဆိုနေစဉ်အတွင်း ရင်ဘတ်ကို ကော့ကာ ကျောပြင်ကို မတ်မတ်ဆန့်လိုက်မိပြီး မိမိကိုယ်ကိုယ် အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်များ မျက်နှာထက်၌ သိသိသာသာ ပေါ်လွင်နေခဲ့သည်။

ဤသည်ကို မြင်လိုက်ရသည့်အခါ ကျန်းချန်မှာ အူလှိုက်သည်းလှိုက် သဘောကျသွားခဲ့ရပြီး ခပ်နောက်နောက် လေသံဖြင့် ပြန်လည်ပြောဆိုလိုက်တော့သည်။

“ဆရာသခင်၊ အဲဒီလိုမျိုး ကျောပြင်ကြီးကို အတင်းမတ်နေစရာ မလိုပါဘူး၊ ဆရာသခင်ရဲ့ ကိုယ်လုံးကိုယ်ပေါက် ကောက်ကြောင်းတွေက အမြဲတမ်း ဆွဲဆောင်မှုရှိရှိ လှပနေပြီးသားပဲဥစ္စာ”

“…”

ရှောင်ဟုန်ယီ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြန်သုန်မှုန်သွားပြီး လွန်ခဲ့သော စက္ကန့်ပိုင်းခန့်ကတင် ကျန်းချန် အပေါ် အနည်းငယ်မျှ ပြန်လည်ကောင်းမွန်လာခဲ့သော သူမ၏ အမြင်သဘောထားများမှာလည်း ဇောက်ထိုးမိုးမျှော် ချက်ချင်း ပြန်လည်ထိုးဆင်းသွားခဲ့တော့သည်။

သို့သော် သူမ မသိခဲ့သည်မှာ ကျန်းချန်အနေဖြင့် ယခုကဲ့သို့ အရှက်အကြောက်မရှိ ဗြောင်ကျကျ မြှူဆွယ် နောက်ပြောင် လိုက်ရသည့် အဓိကအကြောင်းအရင်းမှာ သူ၏ ဗီလိန်ဇာတ်ရုပ် ပင်ကိုယ်စရိုက်ကို ပိုမိုခိုင်မာအောင် သရုပ်ဆောင်ပြနေခြင်းသာ ဖြစ်ပေသည်။

အတိတ်ဘဝ ကိုးခုစလုံး၏ သံသရာ ဖြစ်စဉ်များတစ်လျှောက်တွင်မူ သူ၏ မရည်ရွယ်ပါဘဲ ပြုမူမိသော ကောင်းမှု အချို့ကြောင့် ရှောင်ဟုန်ယီအနေဖြင့် သူ့အပေါ်ထားရှိသည့် အမြင်သဘောထားများ တစ်ကြိမ်မက ပြန်လည် ကောင်းမွန် လာခဲ့ဖူးသည်မှာ အမှန်ပင်။ သို့သော်လည်း ထိုသို့ အမြင်ကောင်းလာသည့် အကြိမ်တိုင်း မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သည့် အမျိုးမျိုးသော မကောင်းမှုများနှင့် အချိန်ကိုက် တိုက်ဆိုင်မှုဆိုးများကြောင့် အကောင်း မြင်စိတ်များမှာ သဲထဲရေသွန်သကဲ့သို့ အမြဲတစေ ပြန်လည်ပျက်စီးသွားခဲ့ရမြဲ ဖြစ်သည်။

ဤကဲ့သို့သော အလှည့်အပြောင်းဆိုးများက ရှောင်ဟုန်ယီ၏ စိတ်နှလုံးကို အဆုံးစွန်အထိ နာကျင် ကြေကွဲ စေခဲ့ရရှာသည်။

နောက်ဆုံးတွင် ကျန်းချန် သေသွားခဲ့ရသည့်တိုင်အောင် သူမသည် နောင်တတရားများ ပြည့်နှက်နေဆဲဖြစ်ကာ မိမိ ကိုယ်ကိုယ်သာ အမြဲတစေ အပြစ်တင်နေခဲ့မိ၏။ ဤသည်မှာ မိမိအနေဖြင့် ဆရာသခင်တစ်ဦးပီပီ တပည့်အပေါ် ကောင်းစွာ မသွန်သင်နိုင်ခဲ့၍သာ ဖြစ်ရမည်ဟု သူမ ဇွတ်မှိတ်ယုံကြည်ထားခဲ့သောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် ယခုဘဝတွင်မူ ကျန်းချန်၏ အကွက်က အလွန်ပင် ရိုးရှင်းလှပေသည်။

ရှောင်ဟုန်ယီအား သူမ၏ ဘဝတစ်လျှောက်လုံး နောင်တတရားများနှင့် အပြစ်ရှိစိတ်များ ရင်ဝယ်ပိုက်လျက် ထာဝရ နာကျင်ခံစားသွားစေမည့်အစား သူကိုယ်တိုင်ကပဲ ဗီလိန် ယုတ်မာကောင်ဟူသော တံဆိပ်အဆိုးကြီးကို လက်ခံ ဝတ်ဆင်လိုက်ပြီး ဤသည်မှာကား မိမိ၏ ပင်ကိုယ်မွေးရာပါ စရိုက်ဆိုးသာ ဖြစ်ကြောင်း ရှောင်ဟုန်ယီ၏ ရှေ့မှောက်၌ အပီအပြင် သရုပ်ဆောင်ပြရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်၏။

ထိုသို့ဖြစ်မှသာ သူမအနေဖြင့် နောက်ပိုင်းတွင် အပြစ်ရှိစိတ် ခံစားနေရတော့မည် မဟုတ်ပါ။ ထို့ပြင် ဤအကွက်မှာလည်း မူလဇာတ်ကြောင်း လမ်းစဉ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပေသည်။

“ကိုယ့်ဆရာသခင်အပေါ် ဒီလို စကားအသုံးအနှုန်းနဲ့ ပြောဆိုရဲတယ်ပေါ့လေ၊ အခုချက်ချင်း မင်းရဲ့ အဆောင်ကို ပြန်ပြီး မင်းလုပ်ခဲ့တဲ့ အမှားတွေကို သေသေချာချာ နောင်တရရင်း သွားပြီး ဆင်ခြင်သုံးသပ်စမ်း”

ရှောင်ဟုန်ယီသည် ဒေါသတကြီးဖြင့် စိတ်ပျက်လက်ပျက် ဆူပူကြိမ်းမောင်းလိုက်တော့သည်။

“ဟုတ်ကဲ့ပါ”

ကျန်းချန်က စိတ်ဆိုးခြင်းမရှိဘဲ သူ၏ လက်နှစ်ဖက်ကို ခေါင်းနောက်သို့ ပစ်လျက် ပေါ့ပါးပျော်ရွှင်လှသော ခြေလှမ်း များဖြင့် အဆောင်ဆီသို့ ပြန်ရန် လှည့်ထွက်ခဲ့လေတော့သည်။

ကျန်းလျန်ယွဲ့သည်လည်း ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏ နောက်ကျောဆီသို့ ခြေလှမ်းစိပ်လေးများဖြင့် တိတ်တဆိတ် လိုက်ပါသွားခဲ့ပြန်၏။

ရှောင်ဟုန်ယီသည် သူမအား လှမ်း၍တားဆီးရန် ပြင်လိုက်သော်လည်း နောက်တစ်ခဏ၌မူ ထိုအတွေးကို ပြန်လည် ရုပ်သိမ်းလိုက်မိသည်။

“လျန်ယွဲ့ကို ကျန်းချန်ရဲ့နောက်ကို လိုက်ခိုင်းပြီး စောင့်ကြည့်ခိုင်းထားတာက ကောင်းပါတယ်၊ ဒါမှ ထိုကောင်လေး နောက်ထပ် လျှောက်ပြီး စကား မပတ်တပတ်တွေ မပြောရဲတော့မှာ၊ ဘာပဲဖြစ်ဖြစ် အကယ်၍ တစ်စုံတစ်ရာ ထူးခြားတာ ဖြစ်လာခဲ့ရင်လဲ ငါကိုယ်တိုင် ချက်ချင်း ဝင်ရောက်ဖြေရှင်းပေးလို့ ရတာပဲ”

ဤအစီအစဉ်မှာ မဆိုးလှသော အတွေးတစ်ခု ဖြစ်သည်ဟု သူမ ထင်မှတ်လိုက်မိ၏။

“နဝမတောင်ထိပ်သခင်ကို ကျေးဇူး အများကြီး တင်ပါတယ်”

ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေခဲ့သော မာဝူသည် ကျေးဇူးတင်ကြောင်း ဂါဝရ ပြုလိုက်သည်။

တကယ်တမ်းတွင် သူသည် ဤနေရာမှ စောစောစီးစီး ထွက်ခွာသွားချင်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သော်လည်း ကျန်းလျန်ယွဲ့ နေရာမှ မရွေ့သေးသဖြင့် စိုးစဉ်းမျှ မလှုပ်ရှားရဲဘဲ တောင့်ခံနေခဲ့ရခြင်း ဖြစ်ပေသည်။

လွန်ခဲ့သော မြင်ကွင်းဆိုးကြီးကို ပြန်လည်တွေးတောမိရုံမျှဖြင့်တင် သူ ကျောချမ်းသွားရသည်။

“အကြီးအကဲမာ ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး”

ရှောင်ဟုန်ယီသည် လက်ဟန်ပြလျက် သူ့အား ထိန်းမတ်ပေးလိုက်သည်။

ကပ်ဘေးဆိုးကြီးတစ်ခုအတွင်းမှ ကံကောင်းထောက်မစွာဖြင့် အသက်ဘေး လွတ်မြောက်လာခဲ့ရသည့် ခံစားချက် မျိုးဖြင့် မာဝူက ဆက်လက်၍ ဆိုလိုက်တော့သည်။

“နဝမတောင်ထိပ်သခင်၊ ကျွန်တော့်အမြင်အရတော့ ကျန်းလျန်ယွဲ့တစ်ယောက် စိတ်ဖောက်ပြန် သွားရတာက သေချာပေါက် အဲဒီကျန်းချန်ကြောင့်ပဲ ဖြစ်ရမယ်၊ သခင်မအနေနဲ့ ဤကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးသင့်ပြီး လိုအပ်လာရင်တော့ စည်းကမ်းထိန်းသိမ်းရေးခန်းမကိုပါ အကြောင်းကြားပြီး ကိုင်တွယ်ခိုင်းသင့်ပါတယ်...”

“တိတ်စမ်း...”

ရှောင်ဟုန်ယီက တည်ငြိမ်အေးစက်လှသော လေသံဖြင့် ကြားဖြတ်၍ ပိတ်ပင်လိုက်တော့သည်။

“နဝမတောင်ထိပ်ရဲ့ အတွင်းရေးက အကြီးအကဲမာ စိုးရိမ်စရာ မလိုပါဘူး၊ ငါ့ရဲ့ တပည့်တွေကို ဘယ်လိုမျိုး သွန်သင် ဆုံးမရမလဲဆိုတာကို ငါ ကောင်းကောင်း သိပါတယ်”

“ကျွန်တော် စကားလွန်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ သခင်မ”

မာဝူသည် နောက်တစ်ကြိမ် အလောတကြီး ဦးညွှတ်လိုက်ရပြန်သည်။

ရှောင်ဟုန်ယီ၏ မိမိတပည့်များအပေါ် အစွမ်းကုန် အကာအကွယ်ပေးတတ်သည့် အတ္တဆန်လှသော စရိုက်ကို ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးရှိ လူတိုင်း ကောင်းစွာ သိရှိထားကြပြီး ဖြစ်ပေသည်။

သို့သော် သူ အခိုင်အမာ ယုံကြည်ထားသည်မှာ တစ်နေ့နေ့ သို့မဟုတ် တစ်ချိန်ချိန်တွင်မူ ရှောင်ဟုန်ယီ ကိုယ်တိုင် ကျန်းချန်၏ ယုတ်မာကောက်ကျစ်လှသော ပင်ကိုယ်ဗီဇအမှန်ကို မျက်ဝါးထင်ထင် မြင်တွေ့သွားရမည်ဖြစ်ပြီး ထိုအချိန်ကျမှသာ သူ၏ ကျင့်စဉ်များကို အပြီးအပိုင်ဖျက်ဆီးလျက် ဂိုဏ်းမှနေ၍ မောင်းထုတ်ပစ်လိမ့်မည်ဟူ၍သာ။

*နှမြောစရာကောင်းလိုက်လေခြင်း*

ထိုသို့ တွေးတောလိုက်မိရင်း မာဝူတစ်ယောက် စိတ်ထဲမှ အကြီးအကျယ် သက်ပြင်းချမိလိုက်တော့သည်။

သူ့ကဲ့သို့ မည်သည့် ပုဂ္ဂိုလ်အစွဲမှ မရှိဘဲ ဂိုဏ်းအတွက် အမှန်တကယ် ဂရုစိုက်သည့်လူမျိုးသည် ကျိုးယန်ဂိုဏ်းအတွင်း၌ ရှားပါးလှသည်။

…

နဝမတောင်ထိပ်၏ တောင်ခါးပန်းဆီရှိ သစ်သားဆောင်လေးတစ်ခု၏ ရှေ့မှောက်ဝယ်။

လမ်းတလျှောက်လုံး၌ ကျန်းချန်သည် ကျောချမ်းသလို ခံစားလိုက်ရပြီး ယခုအခါ မိမိ၏ နေထိုင်ရာ အဆောင်သို့ ရောက်ရှိ လာခဲ့ပြီဖြစ်ရာ မတတ်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိတော့သည်။

“ဂျူနီယာ ညီမငါး၊ ဆရာသခင်က ငါ့ကို အမှားတွေ ဆင်ခြင်သုံးသပ်ဖို့အတွက် အမိန့်ပေးထားတာလေ၊ မင်းက ဒီလိုမျိုး ငါ့ရဲ့နောက်ကို အရိပ်လို တကောက်ကောက် လိုက်နေတာကြီးက နည်းနည်းတော့ မသင့်တော်ဘူးလို့ မထင်ဘူးလား”

“ဘာဖြစ်လို့ မသင့်တော်ရမှာလဲ”

ကျန်းလျန်ယွဲ့က ဘာမှမသိနားမလည်သည့်အလား ဟန်ဆောင်လျက် ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“အကြီးဆုံး စီနီယာ အစ်ကိုကလဲ လျန်ယွဲ့ကို ရူးသွားပြီလို့ ထင်နေတာ မဟုတ်ဘူးလား၊ အဲဒီတော့ ကျွန်မကို တကယ့် အရူးမတစ်ယောက်လိုပဲ သဘောထားလိုက်ပေါ့၊ ပြောရရင် အရူးမတစ်ယောက်နဲ့ အကျိုးသင့် အကြောင်းသင့် ပြောစရာ မလိုဘူးလေ*

*မင်း ရူးနေတာကပဲ အကြီးမားဆုံး ပြဿနာ ဖြစ်နေလို့ပေါ့ကွ*

ကျန်းချန်တစ်ယောက် ရင်ထဲ၌သာ စိတ်ပျက်လက်ပျက်ဖြင့် ကျိန်ဆဲရေရွတ်လိုက်မိတော့သည်။

သူ့အနေဖြင့် စိတ်အာရုံကြည်လင်နေသော သာမန်လူတစ်ယောက်၏ အပြုအမူကို ကြိုတင် ခန့်မှန်းနိုင်သော်လည်း အသိစိတ် လွတ်နေသည့် အရူးမတစ်ယောက်၏ စိတ်ကိုမူ သူ ဘယ်လိုနည်းဖြင့် ကြိုတင် သိရှိနိုင်ပါ့မည်နည်း။

အကယ်၍ ကျန်းလျန်ယွဲ့တစ်ယောက် တကယ် ရူးသွပ်သွားပြီး လက်ထဲမှ ဓားဖြင့် သူ့ကို ဇွတ်မှိတ် ခုတ်သတ်ရန် ကြံစည်လာခဲ့မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။

“မင်း အခုချက်ချင်း မထွက်သွားဘူးဆိုရင် ငါ တကယ် လက်ပါတော့မယ်ဆိုတာ ယုံလား”

ကျန်းချန်သည် သူ၏ လက်သီးကို နောက်တစ်ကြိမ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း အလွန်အမင်း ရက်စက် ကြမ်းကြုတ်သည့် ဗီလိန်ရုပ်ဖမ်းကာ ခြိမ်းခြောက်လိုက်တော့သည်။

“မယုံပါဘူး၊ အခုလက်ရှိ အကြီးဆုံး စီနီယာ အစ်ကိုရဲ့အဆင့်နဲ့ဆိုရင် ကျွန်မကို ဘယ်လိုနည်းနဲ့မှ နိုင်မှာ မဟုတ်ဘူးလေ”

“...”

ကျန်းလျန်ယွဲ့သည် သူမ၏ နှုတ်ခမ်းဖျားဝယ် ဆန်းကြယ်လှသော အပြုံးနုနုလေးတစ်ခုကို ဆင်ယင်လျက် ဦးခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြလိုက်၏။

ကျန်းချန် လုံးဝဥဿုံ စကား ဆွံ့အသွားခဲ့ရရှာသည်။

သူမ စကားက မှန်သော်လည်း ဤမျှလောက်အထိ ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုရန် လိုအပ်ပါသလား။ ဗီလိန်တွေမှာ သိက္ခာနဲ့ အရှက်အကြောက်တရား မရှိဘူးဟု သူမ ထင်နေလေသလား။

ရင်ထဲမှနေ၍ စိတ်ပျက်လက်ပျက်ဖြင့် အပြစ်တင်နေခဲ့မိသော်လည်း သူ၏ မျက်ဝန်းများကမူ ကျန်းလျန်ယွဲ့၏ မျက်ခုံးတွန့်ပုံနှင့် ပြုံးယောင်သန်းပုံ အသေးစိတ်လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်အကဲခတ်နေခဲ့သည်။

သူမ၏ မျက်ဝန်းအစုံမှာ အလွန်အမင်း ကြည်လင်တောက်ပနေဆဲဖြစ်ပြီး စကားပြောဆိုပုံမှာလည်း လုံးဝ စူးရှ ထက်မြက်နေဆဲ ဖြစ်၏။ သူ ဘယ်လိုကြည့်ကြည့် သူမသည် စိတ်မမှန်သည့် အရူးမတစ်ဦးနှင့် တူမနေခဲ့ချေ။

*ဒါဆို ဒီမိန်းမက တကယ်ပဲ ရူးမနေတာများလား၊ ငါ့ကို သတ်ပစ်ဖို့အတွက် သက်သက် အရူးကွက်နင်းပြီး ဟန်ဆောင်နေတာလား*

ကျန်းချန်သည် ရင်ထဲဝယ် တိတ်တဆိတ် သံသယဝင်ကာ တွေးတောလိုက်မိသည်။

နောက်ဆုံးတွင်မူ သူသည် ဤအချက်ကို လက်တွေ့စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်တော့၏။

“ဂျူနီယာ ညီမ၊ ဒီနေရာက လူပြတ်တယ်၊ ပြီးတော့ အခုဆိုရင် မင်းနဲ့ငါ၊ ယောက်ျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက်တည်း ရှိနေတာ ဖြစ်တဲ့အတွက် မင်းရဲ့ အစ်ကိုကြီးအနေနဲ့ မသင့်တော်တဲ့ စိတ်ကူးတွေ စပြီး ပေါ်လာနေပြီ”

ထိုသို့ပြောပြီးသည်နှင့် ကျန်းချန်သည် အရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလိုက်ရင်း သူ၏ လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်ကာ လက်ချောင်းများကို ကွေးကောက် လှုပ်ခါပြလိုက်တော့သည်။ ထို့ပြင် တပ်မက်စိတ်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းအစုံဖြင့် ကျန်းလျန်ယွဲ့၏ ခန္ဓာကိုယ်အကောက်အကြောင်းများကို အငမ်းမရ စိုက်ကြည့် လိုက်ရင်း နှာခေါင်းရှုံ့လျက် ယုတ်မာလှသော အပြုံးဆိုးကြီးတစ်ခုကို ဗြောင်ကျကျ ထုတ်ဖော်ပြသလိုက်တော့၏။

ဤသို့သော အပြုအမူကို မြင်တွေ့လိုက်သည့် မည်သည့် သာမန် အမျိုးသမီးမဆို ကြောက်လန့် ထွက်ပြေးသွားမည်ဟု သူ ယုံကြည်ထားသည်။

သို့သော် နောက်ထပ် ဖြစ်ပျက်လာခဲ့သည့် မြင်ကွင်းဆိုးကြီးကြောင့် ကျန်းချန်တစ်ယောက် ဆွံ့အလျက် ကျောက်ရုပ် ပမာ တစ်နေရာတည်း၌တင် ကြောင်အမ်းသွားခဲ့တော့သည်။

ကျန်းလျန်ယွဲ့သည် သူမ၏ ပါးပြင်အစုံဝယ် ရှက်သွေးဖြာကာ နီမြန်းသွားခဲ့ရသော်လည်း ငါးရှဉ့်တစ်ကောင်ပမာ လျင်မြန်လှသော ကိုယ်ဟန်ဖြင့် သူ၏ ရင်ခွင်အစုံအတွင်းသို့ ဝုန်းခနဲ တိုးဝင်လာခဲ့လေတော့သည်။

သူမသည် သူမ၏ ဦးခေါင်းလေးကို ကျန်းချန်၏ ကျယ်ပြန့်သော ရင်အုပ်ကြီးထဲဝယ် အတင်း မြှုပ်နှံထားလိုက်ပြီး သူမ၏ နုနယ်လှပသော လက်ကလေးနှစ်ဖက်ဖြင့်လည်း သူ့ကို နောက်တစ်ကြိမ် ထပ်မံ ဆုံးရှုံးရမည်ကို အဆုံးစွန် အထိ ကြောက်လန့်နေသည့်အလား သူ၏ ခါးကို တင်းကျပ်စွာ ဖက်တွယ်ထားခဲ့တော့၏။

နူးညံ့အိစက်လှပြီး မွှေးရနံ့များ သင်းပျံ့နေသော အနှိုင်းမဲ့ အလှပိုင်ရှင်မလေးအား မိမိ၏ ရင်ခွင်ထဲဝယ် ထွေးပွေ့ ထားရသည့် ထူးဆန်းသော သာယာမှု အရသာကိုပင် ကျန်းချန်တစ်ယောက် အပြည့်အဝ မခံစားရသေးမီ အချိန်မှာတင် သူသည် ကျန်းလျန်ယွဲ့၏ ပုခုံးစွန်းလေးများမှာ တုန်ရီနေခဲ့ပြီး သူမ၏ နှုတ်ခမ်းဖျားမှနေ၍ မကြား တကြား တိုးညှင်းလွန်းလှသော လေသံလေး ထွက်ပေါ်လာခဲ့သည်ကို ကြားလိုက်ရပြန်သည်။

“အကြီးဆုံး စီနီယာ အစ်ကိုသာ အလိုရှိမယ်ဆိုရင် လျန်ယွဲ့ဘက်က ဘာမဆို အဆင်ပြေပါတယ်”

*အမလေး*

*ကြည့်ရတာ ငါ့ရဲ့ ဂျူနီယာ ညီမငါးက တကယ် ရူးသွားတာပြီနဲ့ တူတယ်*

ကျန်းချန်သည် နောင်တအပြည့်နှင့် ဖြစ်နေသော မျက်နှာနှင့် ကောင်းကင်ကို မော့ကြည့်နေသော်လည်း သူ့လက်များက လှည့်ပတ် သွားလာနေဆဲ ဖြစ်သည်။

[ပိုင်ရှင်၏ အပြုအမူက ဗီလိန်ဇာတ်ကောင်၏ စရိုက်လက္ခဏာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါသဖြင့် အဆင့်မြင့် ဝိညာဉ်လက်နက်ဖြစ်သော မီးလျှံသွေးနဂါးဓားအား ရရှိပိုင်ဆိုင်သွားသည့်အတွက် ဂုဏ်ယူပါတယ်]

All Chapters