← Chapters

ညတွင်းချင်း ကြက်တစ်ကောင်၊ ခွေးတစ်ကောင်တောင် မကျန်ဘူး

Vol. 1 Ch. 12

ညတွင်းချင်း ကြက်တစ်ကောင်၊ ခွေးတစ်ကောင်တောင် မကျန်ဘူး

Vol. 1 Ch. 12

အဆုံးသတ်တွင် ကျန်းလျန်ယွဲ့သည် ကျန်းချန်၏ မောင်းထုတ်ခြင်းကိုသာ ခံလိုက်ရသည်။ သူက သူမအပေါ် တစ်စုံတစ်ရာ မပြုမူချင်၍တော့ မဟုတ်ပါချေ၊ သို့သော်လည်း ရင်ဆိုင်ရမည့် စွန့်စားရမှု အန္တရာယ်က အလွန်အမင်း ကြီးမားလွန်းနေသောကြောင့် ဖြစ်၏။

ကျန်းလျန်ယွဲ့၏ ရူးသွပ်မှုက တစ်ခါတစ်ရံမှသာ ထဖောက်တတ်သည့် စိတ်ဝေဒနာမျိုးလား သို့မဟုတ် ရေရှည် စွဲကပ်သွားမည့် အရူးကွက်မျိုးလား ဆိုသည်ကို မည်သူက သိနိုင်မည်နည်း...

အကယ်၍ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အချိန်တွင် သူမ၏ အသိစိတ်များ ဗြုန်းခနဲ ပြန်လည် ကြည်လင်သွားခဲ့မည်ဆိုပါက သူ၏ ဘဝလေးမှာ ဤနေရာတင် အစိမ်းလိုက် အဆုံးသတ်သွားရမည် မဟုတ်ပါလား။

*ဒါပေမဲ့ ဘာလို့ သူက အကြောင်းပြချက်မရှိ ရူးသွားတာလဲ၊ မူရင်း ဇာတ်ကြောင်းမှာ ဒါကို မပြောထားပါဘူး၊ မဟုတ်မှလွဲရော ဒါက သူ ဝဋ်လည်တာလား*

ကျန်းချန်သည် သူတပါး ဘေးဒုက္ခရောက်သည်ကို ဝမ်းသာမိသည့် စိတ်မျိုးဖြင့် တိတ်တဆိတ် တွေးတော လိုက်မိသည်။

အတိတ်ဘဝ ကိုးခုစလုံး၏ သံသရာဖြစ်စဉ်များကို ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် သူသည် မိမိ၏ ဂျူနီယာ ညီအစ်ကို မောင်နှမများ အားလုံးက သူ့အပေါ် အထင်လွဲမှားခြင်းများနှင့် အေးစက်စက် ဆက်ဆံခဲ့ကြခြင်းများသည် ၎င်းတို့၏ စိတ်ရင်းအမှန်ကြောင့် မဟုတ်ဘဲ ဤကမ္ဘာလောကကြီး၏ စွမ်းအင်များနှင့် ဇာတ်လိုက် လင်းဖုန်း၏ ကံကြမ္မာ အရှိန်အဝါတို့၏ လွှမ်းမိုးခြယ်လှယ်မှုကြောင့်သာ ဖြစ်ရမည်ဟု မိမိကိုယ်ကိုယ် အမြဲတစေ ပြန်လည် သတိပေးလျက် ဖြေသိမ့်နေခဲ့မိပေတော့သည်။

ထိုသို့ ဖြစ်ခဲ့လျှင်ပင် သူ၏ ရင်ထဲဝယ် မကျေနပ်ချက်များနှင့် နာကျည်းမှုများကိုမူ မအောင့်နိုင်ဘဲ ခံစားမိနေဆဲ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အနှစ်တစ်ထောင်နီးပါး ကာလပတ်လုံး ကြုံတွေ့ခဲ့ရသည့် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော အေးစက်စက် အကြည့်များနှင့် စွပ်စွဲပြစ်တင်မှုဆိုးများက မီးတောင်ရှင်ကြီးတစ်ခုကိုပင် အေးခဲ သွားစေနိုင်သည် မဟုတ်ပါလား။

သစ်သားဆောင်လေးအတွင်းသို့ ပြန်လည်ရောက်ရှိသွားသည့်အခါ၌ ကျန်းချန် စိတ်အာရုံတစ်ခု လှုပ်ရှားလိုက်သည် နှင့်တစ်ပြိုင်နက် အနီရင့်ရောင် သွေးဓားတစ်စင်းသည် သူ၏ မူလအမြုတေအတွင်းမှနေ၍ ဝုန်းခနဲ ထွက်ပေါ် လာခဲ့ပြီး လေထုထဲ၌ ဝဲပျံနေတော့သည်။

ထိုဓားသည် အရှည် သုံးကျန်းကျော်ခန့် ရှိပြီး ဓားသွားတစ်ခုလုံးမှာလည်း လတ်ဆတ်သော သွေးစိမ်းရှင်ရှင်များ ခဲပျစ်တည်ဆောက်ထားသည့်အလား သွေးရောင်တောက်လျက် နီရဲနေခဲ့၏။ ဓားရိုးထက်တွင် ပြင်းထန်ပြီး ခန့်ညား ထည်ဝါလှသော မီးလျှံ နဂါးနှစ်ကောင်က ရစ်ပတ်တွယ်ကပ်ထားကြပေသည်။ ဤသည်ကား သူ ယခုလေးတင် စနစ်ထံမှတစ်ဆင့် ရရှိပိုင်ဆိုင်ခဲ့သော အဆင့်မြင့် စိတ်ဝိညာဉ်လက်နက်ဖြစ်သည့် မီးလျှံသွေးနဂါးဓားပင်တည်း။

ခရမ်းရောင်နန်းတော်ကို ဖွင့်ထားနိုင်ပြီး မူလအမြုတေကို စုစည်းတည်ဆောက်နိုင်ခဲ့ကြသော ကျင့်ကြံသူများသည် စိတ်ဝိညာဉ် လက်နက်များကို ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းထားနိုင်ကြပြီး တစ်နှစ်ပတ်လုံး စိတ်ဝိညာဉ် စွမ်းအင်များဖြင့် မပြတ်မကွက် မွေးမြူသန့်စင်နိုင်ကြပေသည်။

ဤကမ္ဘာလောကကြီးတွင် သာမန် စိတ်ဝိညာဉ်လက်နက်များကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ သတ်မှတ် ပိုင်းခြားထားကြပြီး ၎င်းတို့၏ အထက်တွင်မူ ထူးကဲအဆင့်နှင့် နတ်ဘုရားအဆင့် ဟူ၍ အဆင့်များ ထပ်မံရှိနေသေးသည်။

မဟာ အလယ်ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းကြီးတစ်ခု ဖြစ်သော ကျိုရန်ဂိုဏ်းကြီးတွင်ပင် ဂိုဏ်း၏ အသက် သွေးကြော အဖိုးတန်ရတနာအဖြစ် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် လက်နက်တစ်မျိုးသာ ပိုင်ဆိုင်ထားနိုင်ခဲ့သည်။

မူလအမြုတေအဆင့်ရှိ ကျင့်ကြံသူအများစုမှာမူ ယေဘုယျအားဖြင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ် လက်နက်မျိုးကိုသာ ပိုင်ဆိုင်နိုင်ကြလေသည်။ ကျန်းချန်သည် သူ၏ မူလအမြုတေ မဖျက်ဆီးခံရမီ အချိန်တုန်းက သူ၏ ခရမ်းရောင်နန်းတော်အတွင်း၌ အဆင့်မြင့် စိတ်ဝိညာဉ် ဓားတစ်လက်ကိုသာ ကောင်းစွာ သန့်စင်နိုင်ခဲ့သည်။

မူလအမြုတေ ပျက်စီးသွားချိန်၌ ထိုအဆင့်မြင့် စိတ်ဝိညာဉ်ဓားသည်လည်း ၎င်းနှင့်အတူ တစ်ပါးတည်း ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။ ထူးကဲအဆင့် စိတ်ဝိညာဉ်လက်နက်များ ဆိုသည်မှာ အများအားဖြင့် အထက်ပိုင်း အဆင့် လေးဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသော အင်အားကြီး ကျင့်ကြံသူများ၏ လက်ထဲတွင်သာ ရှိတတ်ကြပေသည်။ တောင်ထိပ်သခင် ရှောင်ဟုန်ယီတွင်မူ အလွန်အမင်း စွမ်းအားထက်မြက်လှသော နီရဲသည့် နှင်တံတစ်ချောင်း ရှိပြီး ၎င်းမှာလည်း တကယ့်ကို အစွမ်းထက်လှသည့် ရတနာတစ်ခုပင် ဖြစ်၏။

ဤမီးလျှံသွေးနဂါးဓားကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည့် အခါ၌ ကျန်းချန်အနေဖြင့် ဓားသွား အတွင်း၌ ကိန်းအောင်းနေသော စွမ်းအင်များမှာ လွန်စွာမှပင် ကြမ်းတမ်းရက်စက်လွန်းလှသည်ကို ချက်ချင်း အာရုံခံမိလိုက်သည်။ အကယ်၍သာ အောက်ပိုင်း အဆင့်လေးဆင့်ရှိ သာမန်ကျင့်ကြံသူ တစ်ဦးဦးက ဤဓားကို လာရောက် ထိတွေ့မိခဲ့မည်ဆိုပါက ၎င်းတို့၏ အသိစိတ်အာရုံများနှင့် စိတ်ဝိညာဉ်များမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုဓား၏ ဝါးမြိုခြင်းကို ခံလိုက်ရပေလိမ့်မည်။ သူကိုယ်တိုင်ပင်လျှင် ဤဓားကို အချိန်အကြာကြီး လက်ဝယ် ကိုင်ဆောင်ထားမည်ဆိုပါက ထိုကဲ့သို့သော ဘေးအန္တရာယ်ဆိုးမျိုးနှင့် ထပ်တူကြုံတွေ့ရနိုင်ခြေ ရှိပေသည်။

ကျန်းချန်၏ မျက်ဝန်းအစုံမှာ အနည်းငယ်မျှ ကျဉ်းမြောင်းသွားခဲ့ပြီး ဓားအား မူလအမြုတေ အတွင်းသို့ ပြန်လည် ထည့်သွင်းလျက် မပြတ်မကွက် ဆက်လက်မွေးမြူနေရင်း ရင်ထဲ၌ နက်ရှိုင်းစွာ တွေးတောခြင်းထဲသို့ ကျရောက် သွားခဲ့ရလေတော့သည်။

မာဝူ။

သူ့ကို ဆန့်ကျင်ခဲ့သည် ဤလူသည် သေကို သေရပေမည်။

သို့သော် သူ့ကို ရိုးရိုးရှင်းရှင်း သတ်ဖြတ်ပစ်မည်ဆိုပါက ကျန်းချန်၏ ရင်ထဲဝယ် နှစ်ပေါင်းများစွာ ကိန်းအောင်း လာခဲ့သည့် နက်ရှိုင်းလှသော အမုန်းတရားနှင့် ရန်ငြိုးကြီးကို ပြေပျောက်စေနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဤကိစ္စကို အခြားသော နည်းလမ်းတစ်မျိုးဖြင့် ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။

…

ကျိုရန်ဂိုဏ်း၏ တောင်ဘက် မိုင်ပေါင်း တစ်ရာခန့်အကွာတွင်မူ ချင်းရှီမြို့တော်ဟု ခေါ်တွင်သော မြို့ကြီးတစ်မြို့ ရှိပေသည်။

ယနေ့ည သန်းခေါင်ယံအချိန်၌ ဝတ်စားဆင်ယင်ပုံချင်း မတူညီကြဘဲ ထွားကျိုင်းသန်မာလှသော လူရုပ်ကြမ်းကြီး ဆယ့်တစ်ယောက်ကျော်ခန့်သည် မှောင်မိုက်လှသော ညဉ့်အမှောင်ထုကို အကာအကွယ်ယူလျက် မြို့တော် အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့ကြ၏။

ထိုလူစုသည် လမ်းကြားလေးများအတိုင်း သတိကြီးစွာဖြင့် စစ်ကြောင်းဖြန့် လှုပ်ရှားလာခဲ့ကြပြီး နောက်ဆုံးတွင်မူ ကြီးမားထည်ဝါလှသော အိမ်တော်ကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြတော့သည်။

ဤနေရာကား မာမိသားစု အိမ်တော်ကြီးပင် ဖြစ်ချေတော့သည်။ ထိုအိမ်တော်ကြီးအတွင်း၌ မာဝူ၏ မိသားစုဝင်များ နှင့်အတူ ၎င်းတို့၏ မိဘများ၊ ဇနီးမယားများနှင့် သားသမီး မြေးမြစ်များပါ စုံလင်စွာ နေထိုင်ကြပေသည်။

“သခင်လေးက မာမိသားစုရဲ့ အိမ်မွေးကြက်နဲ့ ခွေးတစ်ကောင်တောင် ချမ်းသာမပေးဖို့ အမိန့်ပေးခဲ့တယ်”

“ကျန်းမိသားစုရဲ့ လုပ်ထုံးလုပ်နည်းတွေက ဘယ်တုန်းကမဆို အမြဲတမ်း သတိကြီးကြီးထားပြီး စနစ်တကျ ရှိတာ၊ ဒီလောက်အထိ ကြီးမားတဲ့ လုပ်ရပ်ကို မဆင်မခြင် မလုပ်ဆောင်ခင် မိသားစုခေါင်းဆောင်ဆီကနေ အရင်ဆုံး သဘောထား ခွင့်ပြုချက် တောင်းခံသင့်တာ မဟုတ်ဘူးလား”

“မင်းကို လုပ်စရာရှိတာ လုပ်ဖို့ပဲ အမိန့်ပေးထားတာကွ၊ စကားတွေ အပိုလျှောက်ပြောမနေနဲ့၊ မိသားစု ခေါင်းဆောင် ကိုယ်တိုင် ငါတို့ကို သခင်လေးရဲ့ သီးသန့်အစေခံတွေအဖြစ် ခန့်အပ်ထားတာမို့လို့ သခင်လေးရဲ့ အမိန့်က ငါတို့အတွက် အရာအားလုံးထပ် အမြင့်ဆုံးပဲ”

“ကျွန်တော် စကားလွန်သွားမိပါတယ်”

ထိုသို့ ပြောဆိုပြီးသည် နှင့်တစ်ပြိုင်နက် ထိုလူစုသည် မာမိသားစု အိမ်တော်ဝန်း အတွင်းသို့ ဝုန်းခနဲ ခုန်ဆင်း ဝင်ရောက် သွားခဲ့ကြလေတော့သည်။

ချက်ချင်းဆိုသလိုပင် မာမိသားစု၏ မီးရောင်များ လင်းလာပြီး လေထုထဲ၌ အော်သံများဖြင့် ပြည့်နှက်လာလေသည်။

ချင်းရှီမြို့တော်၏ မြို့စောင့်တပ်မှူးက သူ၏ စစ်သည်များနှင့် ရောက်လာချိန်တွင် အချိန်ကား နာရီဝက်ပင် ကျော်သွားလေပြီ။

အားလုံးရှေ့မှ မြင်ကွင်းက သူတို့ကို ထိတ်လန့်အံ့အားသင့်သွားစေခဲ့သည်။

ခြေလက်များနှင့် ခန္ဓာကိုယ် အပိုင်းအစများက နေရာအနှံ့ ပျံ့ကြဲနေ၏။ မာမိသားစု၏ မိသားစုဝင် လေးဆယ် ကျော်လုံး သွေးအိုင်ထဲ၌ လဲနေလေသည်။

အမျိုးသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများပင် ချွင်းချက်မရှိချေ။ တကယ်ကို ကြက်တစ်ကောင်နှင့် ခွေးတစ်ကောင်မျှပင် မကျန်ရစ်ချေ။

“အသက်ဓာတ် စွမ်းအင်တွေ ကျန်နေသေးတယ်၊ ဒါ မူလ အမြုတေအဆင့် ကျင့်ကြံသူရဲ့ လက်ချက်ပဲ”

“အားလုံးက မူလအမြုတေအဆင့်တွေချည်းပဲ ဖြစ်နိုင်တယ်၊ မဟုတ်ရင် ဒီလောက် မြန်မှာ မဟုတ်ဘူး၊ ပြီးတော့ ခုခံတဲ့ အရိပ်အယောင် လုံးဝ မရှိဘူး”

“ဒီလူတွေက သေချာ လေ့ကျင့်ထားတဲ့သူတွေပဲ သာမန် ကျင့်ကြံသူတွေနဲ့ မတူဘဲ တပ်တစ်တပ်နဲ့ တူနေတယ်”

“ဘုရားရေ၊ မာမိသားစုက ဘယ်လိုမျိုး အင်အားကြီးသူနဲ့ ရန်ငြိုးဖွဲ့မိလို့ ဒီလို ဆိုးဝါးတဲ့ မျိုးသုဉ်း သုတ်သင်မှုနဲ့ ကြုံတွေ့ရတာလဲ”

“ဒီကိစ္စကို မြို့တော်သခင်ဆီ ချက်ချင်း သတင်းပို့စမ်း၊ ပြီးတော့ ကျိုးယန်ဂိုဏ်းဆီကိုလဲ သတင်းအရောက်ပို့ဖို့ လူတစ်ယောက်ကို အမြန်ဆုံး လွှတ်လိုက်”

…

နောက်တစ်နေ့တွင် ကျိုးယန်ဂိုဏ်းအတွင်း၌ မာဝူသည် ဆေးဖော်စပ်ခန်း၌ ဆေးလုံးများ သန့်စင်လျက် ရှိသည်။

“ဝုန်း”

ရင်ထဲမှ စိတ်အာရုံများ လွင့်ပါးနေသဖြင့် သူ ယနေ့ တတိယမြောက် ဖော်စပ်နေသော ဆေးလုံးအိုးကြီးမှာလည်း ပေါက်ကွဲလျက် အဖတ်မတင်ဘဲ ဆုံးရှုံးပျက်စီးသွားခဲ့ရပြန်သည်။

“မဖော်စပ်တော့ဘူးကွာ၊ ဆက်မလုပ်တော့ဘူး”

မာဝူသည် အလွန်အမင်း စိတ်တိုဒေါသထွက်နေသည့် အမူအရာကြီးဖြင့် ညိုမှောင်လှသော မျက်နှာပေးဖြင့် ဆေးဖော်စပ်ခန်း အတွင်းမှနေ၍ ခြေလှမ်းကြမ်းကြမ်းဖြင့် ထွက်လာခဲ့တော့သည်။

ဤသည်ကို မြင်လိုက်ရသည့်အခါ ဆေးဖော်စပ်ရေး တပည့်ငယ်များ အားလုံးမှာ ထိတ်လန့်လွန်းသဖြင့် ၎င်းတို့၏ ဦးခေါင်းများကို အောက်သို့ ငုံ့ထားကြရရှာပြီး အသံမထွက်ရဲကြပေ။

မာဝူတစ်ယောက် ယခုကဲ့သို့ စိတ်ဓာတ်များ အဆမတန် ဗြောင်းဆန်နေရသည့် အဓိကအကြောင်းအရင်းမှာ မနေ့က ကြုံတွေ့ခဲ့ရသည့် သေဘေးမှ လွတ်မြောက်ခဲ့သော တုန်လှုပ်မှုများအပြင် သူ၏ ရင်ထဲ၌ အလွန်အမင်း ဆိုးဝါးလှသော ကံကြမ္မာဆိုး နိမိတ်တစ်ခုက နက်ရှိုင်းစွာ ပေါ်ပေါက်နေခဲ့သောကြောင့် ဖြစ်ပေသည်။

မူလအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦးပီပီ မာဝူအနေဖြင့် ဤကဲ့သို့သော ဆန်းကြယ်လှသည့် စိတ်အာရုံ ခံစားမှုမျိုး ပေါ်ပေါက်လာပါက ကမ္ဘာလောကတွင် သေချာပေါက် တစ်စုံတစ်ရာ ကြီးမားသော ဘေးဆိုးတစ်ခု ဖြစ်ပျက်နေပြီ ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသော်လည်း လက်ရှိအချိန်၌ အဘယ်အရာ ဖြစ်ပျက်နေသည် ကိုမူ အဖြေရှာမရနိုင်သေးချေ။

“နဝမတောင်ထိပ်ဘက်က ဘာသတင်းများ ကြားမိသေးလဲ”

သူသည် ဆေးဖော်စပ်ရေး တပည့်ငယ်တစ်ဦးအား ခပ်အေးအေး လေသံဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။

“အကြီးအကဲကို သတင်းပို့ပါတယ်၊ ကျွန်တော်မျိုး နဝမတောင်ထိပ်ဆီ ဆေးလုံးတွေ သွားရောက် ပို့ဆောင်ပေးရင်းနဲ့ အခြေအနေကို တိတ်တဆိတ် စုံစမ်းကြည့်ခဲ့ပါတယ်၊ အခုလက်ရှိမှာတော့ ကျန်းချန်ကို ဝမတောင်ထိပ်သခင်က နံရံကို မျက်နှာမူပြီး သူလုပ်ခဲ့တဲ့ အမှားတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ဖို့အတွက်ပဲ အပြစ်ပေးထားတယ်လို့ ကြားသိရပါတယ်”

ထိုဆေးဖော်စပ်ရေး တပည့်က ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည့်အခါ မာဝူက မျက်ခုံးကို တွန့်လိုက်မိရင်း ရေရွတ်လိုက်သည်။

“နံရံကို မျက်နှာမူပြီး အမှားဆင်ခြင်ခိုင်းရုံတယ် ဟုတ်လား”

ဤကဲ့သို့သော အပြစ်ပေးမှုမျိုးက အပြစ်မပေးသည်နှင့် ဘာများ ကွာခြားမှု ရှိပါမည်နည်း။

သူ၏ အမြင်အရဆိုလျှင် အနည်းဆုံး ထိုကျန်းချန်၏ တပည့်ရင်းဟူသော ရာထူးအဆင့်အတန်းကို အပြီးအပိုင် ရုပ်သိမ်းပစ်သင့်သည် မဟုတ်ပါလား။ အထူးသဖြင့် ထိုကျန်းချန် ကျူးလွန်ခဲ့သည့် လုပ်ရပ်များကို ထောက်ရှု ရမည်ဆိုပါက...။

*ဟမ်*

*မနေ့က ကျန်းချန် ဘာလုပ်ခဲ့လို့လဲ*

အချိန်အတော်ကြာအောင် စဉ်းစားခန်း ဖွင့်ကြည့်ပြီးသည့်တိုင်အောင် မာဝူအနေဖြင့် ကျန်းချန်၏အပေါ်၌ ပြစ်ဒဏ် ကြီးကြီးမားမား ပေးနိုင်လောက်မည့် သင့်တော်သော အပြစ်ရှာကွက် သို့မဟုတ် စွပ်စွဲချက်တစ်ခုကိုမျှ ရှာဖွေ၍ မရနိုင်ခဲ့ချေ။

ဘာပဲဖြစ်ဖြစ်... လွန်ခဲ့သောနေ့က သူနှင့် ကျန်းချန်အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခမှာ သာမန် နှုတ်လှန်ထိုး စကားများ ရန်ဖြစ်ကြခြင်းမျှသာ ရှိခဲ့ပြီး သူ့ကို သတ်ဖြတ်ရန်အထိ ဇွတ်မှိတ်ကြံစည်ကာ ဂိုဏ်းကြီးတစ်ခုလုံးကို ကပ်ဘေးအောက်သို့ ဆွဲခေါ်သွားခဲ့သည့် တကယ့်တရားခံအစစ်မှာမူ ကျန်းလျန်ယွဲ့သာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ရုတ်တရက် သူ့မျက်လုံးများ လင်းလက်သွားသည်။

“ဟုတ်တယ်၊ မြှောက်ပင့်သွေးထိုးမှု၊ ကျန်းလျန့်ယွဲ့ စိတ်ဖောက်ပြန်သွားတာကို ကျန်းချန်က သိနေလို့ သူ့ကို သွေးထိုးခဲ့လို့ ဒီလို ကပ်ဆိုးကြီး ဖြစ်လုနီးပါး ဖြစ်ခဲ့တာ၊ သူ့စိတ်နှလုံးသားက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်”

“ဆရာ၊ ဘာလို့ နဝမတောင်ထိပ်ရဲ့ အကြီးဆုံး စီနီယာအစ်ကိုကို ဒီလောက် ရန်လိုနေရတာလဲ”

တပည့်ငယ်က မေးလိုက်သည်။

“သူ့ကို ရန်လိုတယ် ဟုတ်လား၊ မာဝူဆိုတဲ့ငါက ငါ့လုပ်ရပ်တွေကို ဖြောင့်ဖြောင့်မတ်မတ်ပဲ လုပ်ခဲ့တာ၊ ငါ လုံးဝ ဘယ်သူ့ကိုမဆို ပစ်မှတ်မထားခဲ့ဘူး”

မာဝူက အထင်သေးကဲ့ရဲ့လှသော မျက်နှာပေးဖြင့် အလေးအနက် ပြောလိုက်သည်။

“မင်းက ငါ့ရဲ့တပည့်တစ်ယောက် ဖြစ်တဲ့အတွက် ဂိုဏ်းကြီးတစ်ခုလုံးရဲ့ အကျိုးစီးပွားနဲ့ ငါတို့ ဆေးလုံးတောင်ထိပ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို အတူတကွ မျှဝေခံစားတတ်ရမယ်။ ထိုကျန်းချန်ဆိုတဲ့ကောင်က စရိုက်လက္ခဏာ အရမ်း ယုတ်မာပြီး သူ ကျူးလွန်ခဲ့ဖူးတဲ့ မကောင်းမှုဒုစရိုက်တွေကလဲ မှတ်တမ်းတင်လို့တောင် ကုန်နိုင်မှာ မဟုတ်ဘူး၊ အကယ်၍ ဒီလိုလူယုတ်မာမျိုးကို ဂိုဏ်းအတွင်းမှာ ဆက်ပြီး နေရာပေးထားမယ်ဆိုရင် ဒါ ငါတို့ရဲ့ တရားသော လမ်းစဉ်အတွက်ရော၊ ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံး အတွက်ပါ ကြီးမားလှတဲ့ အရှက်ရစရာ သိက္ခာချမှုကြီး ဖြစ်လာလိမ့်မယ်”

“ကျွန်တော် ဒါကို မှတ်ထားပါ့မယ်”

တပည့် ခေါင်းတဆတ်ဆတ်ညိတ်၍ ပြောလိုက်သည်။

“ထူးဆန်းတယ်၊ ဘာပဲဖြစ်ဖြစ် ကျန်းမိသားစုဆိုတာ နှစ်ပေါင်းထောင်ချီ၍ အခြေခိုင်ခဲ့တဲ့ အင်အားကြီး မိသားစုကြီး ဖြစ်ပြီး ကျန်းမိသားစုရဲ့ မိသားစု ခေါင်းဆောင်ဆိုရင်လဲ အရပ်မျက်နှာအနှံ့မှာ ဩဇာညောင်းတဲ့သူပဲ၊ ဘာလို့ ဒီလို အရှိန်အဝါ ကြီးမားတဲ့ မိသားစုကနေ ကျန်းချန်လိုမျိုး လူယုတ်မာ မျိုးဖျက်ကောင်တစ်ယောက် ထွက်ပေါ် လာခဲ့ရတာလဲ၊ အိမ်မိုးတန်းက မဖြောင့်ရင် အောက်က ထောက်တဲ့တိုင်ကလည်း ယိုင်နဲ့နေမှာပဲ မဟုတ်လား၊ ငါ့အထင်တော့ ကျန်းမိသားစုကြီးတစ်ခုလုံးလည်း ကောင်းမှာ မဟုတ်ဘူး”

မာဝူသည် မိမိဘာသာ ရင်ထဲမှ မကျေနပ်ချက်များကို တတွတ်တွတ် ရေရွတ်လျက် ကျိန်ဆဲနေခဲ့မိပေတော့သည်။

“ကျန်းမိသားစုက အရမ်း အင်အားကြီးတာလား”

တပည့်ငယ်က ထပ်မေးလာသည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ၌ မာဝူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပိုမိုလေးနက် တည်ကြည်သွားခဲ့ရသည်။

“အင်အားကြီးရုံတင် မကဘူး၊ အရမ်းကို အင်အားကြီးမားလွန်းတာ၊ ဂိုဏ်းက ကျန်းချန်ရဲ့ မကောင်း မှုလုပ်ရပ်တွေကို မသိဘူးလို့ မင်း ထင်နေတာလား၊ စည်းကမ်းထိန်းသိမ်းရေး ခန်းမကကော မသိဘဲ နေမလား၊ သူတို့တွေ ဒီလို မြင်လျက်နဲ့ မျက်စိမှိတ် နားပိတ်နေကြတာက တောင်ထိပ်သခင် ရှောင်ဟုန်ယီရဲ့ ဘက်လိုက် အကာအကွယ် ပေးမှုကြောင့်တင်မကဘဲ ကျန်းမိသားစုရဲ့ နောက်ခံအင်အားကြီးကိုပါ စိုးရိမ်နေကြရလို့ပဲ”

ကျိုးယန်ဂိုဏ်းသည် မဟာအလယ်ပိုင်းဒေသအတွင်း၌ အဆင့်အတန်း အမြင့်မားဆုံးဖြစ်သော ထိပ်တန်းဂိုဏ်းကြီး တစ်ခုဖြစ်ပြီး ၎င်းတို့နှင့် အဆင့်တူ ဂိုဏ်းအချို့မှလွဲ၍ ကျန်ရှိသော နယ်ပယ်များတွင်မူ အင်ပါယာ တော်ဝင်မင်းဆက် တစ်ခုတည်းကသာ ၎င်းတို့ထက် သာလွန်နိုင်စွမ်း ရှိပေသည်။

သို့သော် ကျိုးယန်ဂိုဏ်းသည် ကျန်းမိသားစု၏ အင်အားကို အမြဲတစေ ကြောက်ရွံ့နေရဆဲ ဖြစ်၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျန်းမိသားစု၏ တကယ့်အင်အားအမှန်မှာ ကျိုးယန်ဂိုဏ်းပင် အရာရာကို သတိ ကြီးစွာဖြင့် မဆင်မခြင် မလုပ်ဆောင်ရဲလောက်အောင်အထိ ထိတ်လန့်စရာကောင်းလှသည် မဟုတ်ပါလား။

ထိုအချက်ကို တွေးတောမိလိုက်သည့်အခါ တပည့်ငယ်လေးမှာ လွန်စွာမှပင် ထိတ်လန့်သွားခဲ့ရပြီး အသက်ကို ပြင်းပြင်း ရှူလိုက်မိရင်း နောင်အနာဂတ်တွင်မူ ၎င်း၏ ဘဝလေး အဖတ်တင်စေရန်အတွက် ကျန်းချန်နှင့် ပတ်သက် သမျှ အရာအားလုံးကို ဘယ်လိုနည်းဖြင့်မဆို အဝေးဆုံးမှနေ၍ ရှောင်ကွင်းသွားရမည်ဟု ရင်ထဲ၌ ပြတ်သားစွာ ဆုံးဖြတ်လိုက်တော့သည်။

မိမိ၏ တပည့်ငယ် ဤမျှအထိ ကြောက်လန့်တုန်လှုပ်နေသည်ကို မြင်လိုက်ရသောကြောင့် မာဝူက မျက်မှောင်ကြုတ်ကာ ဆူပူလေသည်။

“မင်းက ဘာဖြစ်လို့ ဒီလောက် သူရဲဘော ကြောင်နေရတာလဲကွ၊ ကျန်းမိသားစုက အင်အားကြီးတော့ရော ဘာဖြစ်လဲ။ ကျန်းချန် ကျိုးယန်ဂိုဏ်းကို ဝင်ပြီးကတည်းက သူက ကျိုးယန်ဂိုဏ်းရဲ့ တပည့် ဖြစ်လာခဲ့ပြီးသား၊ ငါ သူ့ကို ပေါ်တင် ရန်လိုမှန်း လူတိုင်း သိပင်မယ့် ငါ အခုထိ ဘေးကင်းနေတုန်းပဲ မဟုတ်လား၊ သူ့ကို အခါတစ်ရာလောက် သတ္တိပေးရင်တောင် သူ ငါ့ကို ထိရဲပါ့မလား၊ ဂိုဏ်းစည်းကမ်းက အလှပြဖို့သက်သက်ပဲ မဟုတ်ဘူးကွ”

သူ ပြောပြီးသည်နှင့်တစ်ပြိုင်နက်။

“အကြီးအကဲမာ”

စည်းကမ်းထိန်းသိမ်းရေးခန်းမမှ စိတ်ဝိညာဉ်ဓားတစ်လက်ကို ကျောပိုးထားသော အကြီးအကဲတစ်ဦးသည် အဆမတန် ပျာယာခတ်လှသော ခြေလှမ်းများဖြင့် နေရာသို့ ဗြုန်းခနဲ ရောက်ရှိလာခဲ့ပြီး တုန်ရီသော လေသံဖြင့် ပြောလာသည်။

“ကပ်ဘေးတစ်ခု ဖြစ်ခဲ့တယ်၊ မင်းရဲ့ မာမိသားစုက လူအယောက် လေးဆယ်ကျော်လုံးလုံး ညတွင်းချင်း သုတ်သင်ခံလိုက်ရပြီ၊ လူတစ်ယောက်တောင် မကျန်ဘူး”

“ဘာ”

မာဝူ ထိတ်လန့်ကာ ထခုန်မိသွားသည်။

*မာမိသားစု သုတ်သင်ခံလိုက်ရပြီ ဟုတ်လား*

“ဖွီး”

စက္ကန့်ပိုင်းအတွင်း သူသည် ကမ္ဘာလောကကြီးတစ်ခုလုံး ချက်ချင်း မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရင်ဘတ်ထဲမှ ဆို့နင့်တက်လာသော သွေးစိမ်းရှင်ရှင်များကို ပါးစပ်အပြည့် အန်ထုတ်ပစ်လိုက်မိရင်း နေရာ၌တင် သတိလစ် သွားလေတော့သည်။

ဤသည်ကို မြင်သောအခါ သူ့ဘေးနားမှ တပည့်ငယ်သည် မျက်နှာ ဖြူရော်သွားပြီး ထိန်းချုပ်မရအောင် တုန်ယင် လာလေသည်။

All Chapters