← Chapters

အကြီးဆုံး စီနီယာအစ်ကိုက တကယ်တော့ ငါ့ကို ဂရုစိုက်တာပဲ

Vol. 1 Ch. 13

အကြီးဆုံး စီနီယာအစ်ကိုက တကယ်တော့ ငါ့ကို ဂရုစိုက်တာပဲ

Vol. 1 Ch. 13

[ပိုင်ရှင်၏ ပြုမူလုပ်ဆောင်ချက်များသည် ဗီလိန်ဇာတ်ကောင်၏ စရိုက်လက္ခဏာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိပါသဖြင့ ဆုလာဘ်အဖြစ် ဓားသိုင်းပညာရပ်၏ အသေးစားအောင်မြင်မှု အဆင့်အတန်းဖြစ်သော ဓားချီစွမ်းအင် ထုတ်ဖော်နိုင်စွမ်းအား ရရှိပိုင်ဆိုင်သွားပြီ ဖြစ်ပါသည်]

*ဓားချီစွမ်းအင် ထုတ်ဖော်နိုင်စွမ်း ဟုတ်လား*

သစ်သားအိမ်လေးအတွင်း၌ ကျန်းချန်သည် သူ၏ မျက်ခုံးအစုံကို ပင့်လိုက်မိသည်။

ဓားလမ်းစဉ်၏ ကျင့်ကြံမှု အဆင့်အတန်းများကို အောက်ပါအတိုင်း အဆင့်ဆင့် ပိုင်းခြားသတ်မှတ်ထားကြပေသည်။ အခြေခံအဆင့်၊ အသေးစားအောင်မြင်မှုအဆင့်၊ အကြီးစားအောင်မြင်မှုအဆင့်နှင့် အထွတ်အထိပ် ဆရာသခင် အဆင့်ဟူ၍ ဖြစ်သည်။

သာမန် ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် ဓားလမ်းစဉ်၏ အခြေခံအဆင့်သို့ စတင်ခြေချနိုင်ရန်အတွက်ပင် ဆယ်နှစ် တိုင်တိုင် ဓား၏အလိုသို့ လိုက်၍ အစေခံရမြဲ ဖြစ်ပြီး၊ နောက်ထပ် ဆယ်နှစ်တိုင်တိုင် ဓားကို သန့်စင်ရကာ၊ နောက်ထပ် ဆယ်နှစ်တိုင်တိုင် ဓားနှင့်အတူ အပတ်တကုတ် လေ့ကျင့်ကြိုးပမ်းရစမြဲ ဖြစ်သည်။ ထိုသို့ လုပ်ဆောင် ပြီးမှသာ လူနှင့်ဓား တစ်သားတည်းကျသည့် အခြေအနေသို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး ဓားနှလုံးသားကို စတင် ရရှိပိုင်ဆိုင်နိုင်ကြခြင်း ဖြစ်လေသည်။

ဓားလမ်းစဉ်ဟူသည်မှာ အမြဲတမ်း တိုက်ခိုက်ရေးစွမ်းရည် အလွန်အမင်း ပြင်းထန်လှခြင်းကြောင့် တစ်လောကလုံး၌ ကျော်ကြား လှပေသည်။ ဓားနှလုံးသားကို စတင်ရရှိသွားခဲ့ကြသော ကျင့်ကြံသူများသည် ပိုမိုပြင်းထန် ဆန်းကြယ် လှသည့် ဓားကွက်များကို ထုတ်ဖော်နိုင်စွမ်း ရှိကြရုံတင်မကဘဲ ကျင့်စဉ်အဆင့်တူချင်းအတွင်း၌လည်း သူတို့ကို ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်ဟူ၍ ရှားပါးလှပေသည်။

ထိုဓားနှလုံးသားကို အဆုံးစွန်အထိ စွဲစွဲမြဲမြဲ သန့်စင်ပြီးသည့်နောက်တွင်မူ ၎င်းသည် အသေးစား အောင်မြင်မှု အဆင့်သို့ ထပ်မံ တက်လှမ်းသွားနိုင်မည် ဖြစ်ပြီး ထိုအချိန်ကျမှသာ ဓားသွားမှနေ၍ ဓားချီစွမ်းအင်များကို သဏ္ဌာန် အမျိုးမျိုးဖြင့် လွတ်လပ်စွာ ထုတ်ဖော်နိုင်စွမ်း ရှိကြမည် ဖြစ်သည်။

ကျန်းလျန်ယွဲ့ မာဝူကို သတ်ဖြတ်ရန် ကြံစည်စဉ်တုန်းက ထုတ်လွှတ်လိုက်သည့် အေးခဲလှသော နှင်းခဲ ဓားချီ ဆိုသည်မှာ တကယ်တမ်းတွင် ဤဓားချီစွမ်းအင် ထုတ်ဖော်နိုင်စွမ်းအဆင့်ပင် ဖြစ်ချေတော့သည်။

အတိအကျ ဆိုရမည်ဆိုပါက အချိန်အလုံအလောက် ပေးနိုင်မည်ဆိုလျှင် ပါရမီ အသင့်အတင့်သာရှိသော ညံ့ဖျင်းသည့် လူတစ်ဦးပင်လျှင် ဓားလမ်းစဉ်၏ အခြေခံအဆင့်သို့ ရောက်ရှိနိုင်ပေသည်။ သို့သော်လည်း ထိုအဆင့်မှ တစ်ဆင့် အထက်သို့ ထပ်မံတက်လှမ်းနိုင်ရန်အတွက်မူ ပင်ကိုယ်ပါရမီ ထူးချွန်မှုအပြင် အဆုံးစွန်သော ဇွဲလုံ့လ ဝီရိယတို့ပါ တစ်ပြိုင်နက်တည်း လိုအပ်လှပေသည်။

အရှင်းလင်းဆုံး ဥပမာတစ်ခုကို ပြရမည်ဆိုပါက ကျိုးယန်ဂိုဏ်းကြီးအတွင်း၌ ဤကဲ့သို့ ဓားချီစွမ်းအင် ထုတ်ဖော်နိုင်စွမ်း ရှိသော ဓားကျင့်ကြံသူ ပါရမီရှင်များစွာ ရှိကြသော်လည်း ၎င်းတို့ထဲမှ အများစုမှာ အသက် တစ်ရာကျော် အရွယ်များ ဖြစ်ကြပြီး ဓားလမ်းစဉ်ကို နှစ်ပေါင်းများစွာကြာအောင် အပတ်တကုတ် လေ့လာ ဆည်းပူး ခဲ့ကြရသူများ ဖြစ်ကြသည်။ သို့သော် ကျန်းလျန်ယွဲ့မှာ အသက် ရှစ်နှစ်အရွယ်ကတည်းက ဓားကို စတင် ကိုင်ဆောင်ခဲ့ပြီး အသက် တစ်ဆယ့်ရှစ်နှစ်အရွယ်၌ ဤဓားချီစွမ်းအင်ကို ပီပီပြင်ပြင် ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်ရာ ဤသည်မှာကား သေချာပေါက် ဧကရီတစ်ပါး၏ အရှိန်အဝါပင်တည်း။

ကျန်းချန်၏ ပင်ကိုယ်ပါရမီမှာ မူလ ဇာတ်ကြောင်းအရ လူတစ်သောင်းတွင် တစ်ယောက်သာ ပေါ်ထွက် နိုင်လောက်သည့် အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။ သူသည် ဤဇာတ်လမ်း၏ အဓိက ဗီလိန်ကြီးတစ်ဦးပီပီ သဘာဝကျကျပင် အလွန်အမင်း ထူးချွန်လှသော ပင်ကိုယ်ပါရမီများနှင့် တောင့်တင်းလှသော နောက်ခံ အင်အားကြီးကို မွေးရာပါ ပိုင်ဆိုင်ထားရမြဲဖြစ်ပြီး ထိုသို့ အစွမ်းထက်နေမှသာ နောက်ပိုင်းတွင် ဇာတ်လိုက် မင်းသားက သူ့ကို အောင်နိုင်သွားသည့်အခါ၌ စာဖတ်ပရိသတ်များအတွက် ပိုမို၍ စိတ်ကျေနပ်မှုအရသာကို ပေးစွမ်း နိုင်လိမ့်မည် မဟုတ်ပါလား။

သူ၏ အတိတ်ဘဝ ကိုးခုစလုံး၏ သံသရာဖြစ်စဉ်များတစ်လျှောက်တွင် ကျန်းချန်သည် ဘဝအချို့၌ ဓားလမ်းစဉ်ကို အထွတ်အထိပ် အဆင့်အတန်းအထိ ရောက်ရှိအောင် အပတ်တကုတ် ကျင့်ကြံခဲ့ဖူးလေသည်။

သူသည် ဓားတစ်ချက်တည်းဖြင့် ကောင်းကင်အထိ မြင့်မားလှသော တောင်တန်းကြီးများကို အပိုင်းပိုင်း ပြတ်တောက်စေခဲ့ဖူးသလို နောက်ထပ် ဓားတစ်ချက်တည်းဖြင့်လည်း လှိုင်းတံပိုးထန်နေသော ပင်လယ် သမုဒ္ဒရာကြီးကိုပါ နှစ်ခြမ်းကွဲသွားစေခဲ့ဖူးသည်။

ဗီလိန်ဇာတ်ကောင်၏ ကံကြမ္မာအရှိန်အဝါ၏ ခြယ်လှယ်မှုဆိုးကြောင့် ဘဝတစ်ခုတွင်မူ သူသည် နက္ခတ်ခုနစ်ပါး ဓားနန်းဆောင်မှ ဓားအထွတ်အထိပ် ဆရာသခင်ကြီးငါးဦးတို့၏ ဝိုင်းဝန်းပိတ်ဆို့ လုပ်ကြံခြင်းကိုပင် ခံခဲ့ရဖူးသေး၏။

သို့သော်လည်း အဆုံးသတ်တွင် သူသည် တစ်ယောက်တည်းဖြင့် ထိုအင်အားကြီး ဆရာသခင်ကြီး ငါးဦးစလုံးကို တစ်ပြိုင်နက်တည်း အပြင်းအထန် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ထဲမှ အများစုကို သတ်ဖြတ်ပစ်ခဲ့လေသည်။

ထိုသမိုင်းဝင် တိုက်ပွဲကြီးကြောင့်ပင် သူ၏ ဓားကျင့်စဉ် စွမ်းရည်မှာ သာမန် ဓားအထွတ်အထိပ် ဆရာသခင်များ၏ အထက်သို့ သာလွန်ကျော်လွန်သွားခဲ့ရပြီး မဟာအလယ်ပိုင်းဒေသတစ်ခုလုံးကို ဆတ်ဆတ်တုန်အောင် မှင်သက် တုန်လှုပ်သွားစေခဲ့ကာ လူအများက သူ့အား ဓားဧကရာဇ်တစ်ဦး၏ အရှိန်အဝါမျိုး ရှိပေသည်ဟုပင် တစ်ညီတစ်ညွတ်တည်း တင်စားပြောဆိုခဲ့ကြရရှာတော့သည်။ သို့သော်လည်း ထိုသို့ ကျော်ကြားခဲ့သည့် ရလဒ်ကြောင့်...။

ထိုဂုဏ်သတင်း ကျော်စောခဲ့သည့် ဖြစ်ရပ်အပြီး မကြာမီအချိန်မှာပင် သူသည် ဇာတ်လိုက်မင်းသားနှင့်အတူ ဇာတ်လိုက် မသ်းသမီးများအဖွဲ့နှင့် ဇာတ်ပို့ အမျိုးသမီး ဇာတ်ကောင်များ ပါဝင်သော အဖွဲ့၏ စုပေါင်းဝိုင်းဝန်း တိုက်ခိုက် ချေမှုန်းခြင်းကို ခံလိုက်ရတော့သည်။

နောက်ဆုံးတွင် သူသည် မိမိ၏ အသက်ပေါင်းစပ် ဝိညာဉ်ဓားကို ကိုယ်တိုင် ပေါက်ကွဲဖျက်ဆီးပစ်လိုက်ရပြီး မိုင်ပေါင်း ထောင်ချီ ဝေးကွာလှသော အရပ်ဆီသို့ အသက်လုကာ မရှုမလှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ခြုံငုံ၍ ပြောရမည်ဆိုပါက ယခုစနစ်က ပေးအပ်လိုက်သော ဆုလာဘ်မှာ အလွန်အမင်း စွမ်းအား ထက်မြက် လှသည်ဟု ထင်မှတ်ရသော်လည်း ကျန်းချန်ကိုယ်တိုင် အတိတ်ဘဝ ကိုးခုစလုံး၌ ဓားကို အသက်နှင့်လဲ၍ ကျင့်ကြံခဲ့ဖူးခြင်းကြောင့် သူ၏ ရင်ထဲဝယ် ဓားလမ်းစဉ်နှင့် ပတ်သက်သည့် နက်ရှိုင်းလှသော ဗဟုသုတများနှင့် အသိဉာဏ် အလင်းပွင့်မှုများက အပြည့်အဝ ရှိနှင့်နေပြီးသား ဖြစ်ပေသည်။

စနစ်၏ ကူညီပံ့ပိုးမှု မရှိခဲ့လျှင်ပင် သူသည် လအနည်းငယ်ခန့်သာ အာရုံစိုက်၍ အပတ်တကုတ် လေ့ကျင့် လိုက်ရုံမျှဖြင့် ဓားသိုင်းပညာရပ်၏ အသေးစား အောင်မြင်မှုအဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ကာ ဓားချီ စွမ်းအင်များကို လွတ်လပ်စွာ ထုတ်ဖော်နိုင်စွမ်းရှိသည့် နယ်ပယ်သို့ ရောက်ရှိသွားနိုင်မည် ဖြစ်၏။

ဤဆုလာဘ်သည် အချိန်ကို အနည်းငယ် စောစီးသွားအောင် မသိမသာ တွန်းပို့ပေးခဲ့ရုံမျှသာ ဖြစ်လေသည်။

…

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့လေပြီ။

မာမိသားစုကြီးတစ်ခုလုံး အစုလိုက်အပြုံလိုက် မျိုးဖြုတ်သတ်ဖြတ်ခံလိုက်ရသည့် ကိစ္စနှင့် ထိုသတင်းကြောင့် ဆေးလုံးတောင်ထိပ်၏ အကြီးအကဲ မာဝူတစ်ယောက် အဆမတန် ဒေါသပူန်ထန်သွားခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ် တွင်းရှိ ဆေးမီးလျှံများ ဖောက်ပြန်ပေါက်ကွဲကာ သတိလစ်မေ့မြောသွားခဲ့ရသည့် သတင်းဆိုးကြီးမှာ ကျိုးယန်ဂိုဏ်း တစ်ခုလုံးရှိ လူတိုင်း၏ နှုတ်ဖျားဝယ် အဓိက ဟိုးလေးတကျော် ရေပန်းစားလျက်ရှိသော ဆွေးနွေးစရာ အကြောင်းအရာကြီး တစ်ခု ဖြစ်လာခဲ့တော့သည်။

ဤဖြစ်ရပ်ဆိုးကြီးမှာ တောမီးပမာ ကျိုးယန်ဂိုဏ်းတစ်ခုလုံးဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံ့နှံ့သွားခဲ့ရ၏။

အထူးသဖြင့် ချင်းရှီ မြို့တော်သခင်ကိုယ်တိုင် ဦးစီး၍ စုံစမ်းစစ်ဆေးထားခဲ့သော တရားဝင် စုံစမ်းစစ်ဆေးမှု ရလဒ်များကို ကြားသိလိုက်ကြရသည့် အခါ၌ ကျိုးယန်ဂိုဏ်းကြီး၏ တပည့်အားလုံးမှာ လွန်စွာမှပင် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြလေသည်။

အဘယ်ကြောင့်ဆိုသော် မာမိသားစုကြီးတစ်ခုလုံးကို သွေးအေးရက်စက်စွာဖြင့် မျိုးဖြုတ်သတ်ဖြတ်သွားခဲ့ကြသော တရားခံများ အားလုံးမှာ မူလအမြုတေအဆင့်ရှိကြသည့် ကျင့်ကြံသူများချည်း ဖြစ်နေကြပြီး၊ အရေအတွက် အားဖြင့်လည်း ဆယ့်တစ်ယောက်ကျော်ခန့်အထိ ရှိနေခဲ့ကြသောကြောင့် ဖြစ်၏။

ဤသည်မှာ ဘာကို ဆိုလိုသနည်း။

မဟာအလယ်ပိုင်းဒေသအတွင်း၌ မူလအမြုတေအဆင့်ရှိ ကျင့်ကြံသူဟူသည်မှာ သာမန်ဂိုဏ်းငယ်လေးတစ်ခု၏ အသက် သွေးကြော အခြေခံ အုတ်မြစ်ကြီးများပင် ဖြစ်ကြပေသည်။

ကျိုးယန်ဂိုဏ်းကဲ့သို့သော ထိပ်တန်းဂိုဏ်းကြီးတစ်ခုတွင်ပင်လျှင် ထိုအဆင့်ရှိသူများမှာ တပည့်ရင်းများ သို့မဟုတ် အကြီးအကဲများအဖြစ် ရာထူးနေရာ ပိုင်ဆိုင်ထားနိုင်ကြသူများ ဖြစ်ကြ၏။

သို့သော်လည်း အောက်ပိုင်းအဆင့် လေးဆင့်ရှိ သာမန်ကျင့်ကြံသူအနည်းငယ်မျှသာ ရှိသော မာမိသားစုလေးကို သုတ်သင် ရှင်းလင်းပစ်ရန်အတွက် ၎င်းတို့ဘက်မှ မူလအမြုတေအဆင့်ရှိ အင်အားကြီးသူပေါင်း ဆယ့်တစ်ယောက် ကျော်အထိ တကူးတက စေလွှတ်ခဲ့ကြသည်တဲ့လား။

ဤသည်မှာ ကြက်တစ်ကောင်ကို သတ်ရန် ဓားမကြီးကို အသုံးပြုခြင်းမျိုးတင်မကဘဲ တကယ့်ကို ပုရွက်ဆိတ် တစ်ကောင်ကို သတ်ရန်အတွက်ကိုပင် ဓားမကြီးကို ဇွတ်ခုတ်ပစ်လိုက်ခြင်းမျိုးပင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ထို့နောက် နောက်ထပ် မေးခွန်းတစ်ခု ပေါ်ပေါက်လာပြန်တော့သည်။

မဟာအလယ်ပိုင်းဒေသရှိ အင်အားကြီး ဂိုဏ်းအများစုတွင် မူလအမြုတေအဆင့်ရှိ ကျင့်ကြံသူပေါင်း ဆယ့်တစ်ယောက်ကျော်ခန့်ကို ပိုင်ဆိုင်ထားနိုင်ကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း ထိုအဆင့်ရှိ ကျင့်ကြံသူ များမှာကား ပင်ကိုယ်မာန အလွန်အမင်း ကြီးမားကြသူများ ဖြစ်ကြသဖြင့် အရေးမပါလှသော မာမိသားစုလေးကို ဝိုင်းဝန်းလုပ်ကြံ တိုက်ခိုက်ရန်အတွက် တစ်နေရာတည်း၌ စုရုံးလှုပ်ရှားကြလိမ့်မည် မဟုတ်ပါ။

တကယ့် ထိပ်တန်းမိစ္ဆာဂိုဏ်းကြီးတစ်ခုပင်လျှင် ဤမျှ နိမ့်ကျသော လုပ်ရပ်မျိုးကို ကျူးလွန်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ဘယ်သူကများ မာမိသားစုကြီးတစ်ခုလုံးကို မျိုးဖြုတ်သတ်ဖြတ်ပစ်ခဲ့တာလဲ။

လူတိုင်းက ဤအချက်ကို မတွေးတောဘဲ မနေနိုင်အောင် ဖြစ်ခဲ့ကြရသည်။

မည်မျှ စဉ်းစားပါစေ ဤရက်စက်ကြမ်းကြုတ်လှသော လက်ချက်မှာ မဟာအလယ်ပိုင်းဒေသရှိ ဒေသခံ အင်အားစု တစ်ခုခု၏ လုပ်ရပ်နှင့် စိုးစဉ်းမျှ တူမနေခဲ့ဘဲ အခြားသော ပြင်ပနယ်ပယ်မှ အင်အားကြီးတစ်ခုခုက မဟာ အလယ်ပိုင်း ဒေသအတွင်းသို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ကာ ဆိုးဝါးလှသော ဒုစရိုက်မှုကြီးကို ဗြောင်ကျကျ ကျူးလွန်သွားခဲ့ခြင်းမျိုးနှင့်သာ ပိုမို၍ တူညီနေခဲ့ပေသည် တကား။

ထိုသို့ တွေးတောမိလိုက်သည်နှင့်တစ်ပြိုင်နက် အမည်ကို ကြားလိုက်ရုံမျှဖြင့်တင် မည်သူမဆို ရင်ထိတ် တုန်လှုပ် ကာ ကြောက်လန့်သွားစေနိုင်သည့် အမည်တစ်ခုမှာ လူတိုင်း၏ စိတ်အာရုံဝယ် ဗြုန်းခနဲ ပေါ်ပေါက်လာခဲ့ တော့သည်။

၎င်းမှာ ကျန်းမိသားစုပင် ဖြစ်ချေတော့သည်။

ကျန်းချန်နှင့် မာဝူတို့အကြား ဖြစ်ပွားနေခဲ့သော ပဋိပက္ခမှာ မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့ခြင်းမျိုး မဟုတ်ဘဲ အချိန် အတော်ကြာအောင် အမြစ်တွယ်နေခဲ့ခြင်းဖြစ်ရာ ဂိုဏ်းအတွင်းရှိ လူအများအပြား ကောင်းစွာ သိရှိထားကြပြီး ဖြစ်၏။ ထို့ပြင် ကျန်းမိသားစု၏ တစ်ဦးတည်းသော အမွေခံ သခင်လေးတစ်ဦးပီပီ ကျန်းချန်အနေဖြင့် ဤမျှ ရက်စက် ကြမ်းကြုတ်လှသော သွေးချောင်းစီးပွဲကြီးကို ဖန်တီးရန်အတွက် ခိုင်လုံသော အကြောင်းပြချက်ရော၊ အကန့်အသတ် မရှိသော နောက်ခံအာဏာစွမ်းရည်ပါ အပြည့်အဝ ရှိနေသည် မဟုတ်ပါလား။

ယင်းမှာ ဖြစ်နိုင်ချေ ရှိသော်လည်း သိသာသော သက်သေ အထောက်အထား မရှိချေ။

သို့သော် အဘယ်ကြောင့်ဟူ၍ မသိရဘဲ၊ လူတိုင်း၏ စိတ်ထဲ၌ ကျန်းချန် ဟူသော အမည် ပေါ်လာသည် နှင့်တစ်ပြိုင်နက် အားလုံးကပင် မည်သည့်တွေးတောမှုမျှ ထပ်မံမပြုတော့ဘဲ ဤသွေးအေးလှသော လုပ်ရပ်ကြီး၏ နောက်ကွယ်မှ တရားခံအစစ်မှာ သေချာပေါက် သူသာလျှင် ဖြစ်ရမည်ဟု ဗီဇအတိုင်း တညီတညွတ်တည်း ကောက်ချက်ချ လိုက်ကြတော့သည်။

ဤသည်မှလွဲ၍ အခြားသော ဒုတိယမြောက် ဖြစ်နိုင်ခြေဟူ၍ လုံးဝ မရှိနိုင်ပါ။

ထိုအချိန်မှစ၍ ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးတွင်မူ ဤအကြောင်းအရာနှင့် ပတ်သက်၍ အုန်းအုန်းကျွက်ကျွက် ဆွေးနွေး ငြင်းခုံသံများဖြင့် ဖုံးလွှမ်းသွားခဲ့ရတော့သည်။

ကျန်းချန် ခြေချရာ အရပ်မျက်နှာတိုင်း၌လည်း ဂိုဏ်း၏ တပည့်အားလုံးမှာ သူ့ကို မြင်လိုက်ရုံမျှဖြင့်တင် ကပ်ဆိုးကြီး တစ်ခုနှင့် တိုးမိသည့်အလား ကြောက်လန့်တကြားဖြင့် ဝေးဝေးမှနေ၍ အလောတကြီး ရှောင်ကွင်းသွားခဲ့ ကြတော့သည်။

အကယ်၍ သူ့ကို မဖြစ်မနေ ရင်ဆိုင်တွေ့ဆုံရမည့် အခြေအနေမျိုးနှင့် ကြုံတွေ့လာခဲ့ကြမည် ဆိုပါကလည်း သူတို့အားလုံးက ကျန်းချန်၏အရှေ့၌ အလွန်အမင်း ဖားယားမြှောက်ပင့်ကာ စကားဆိုကြပြီး ရင်ထဲ၌မူ အဆိပ် အတောက် အပြင်းထန်ဆုံးသော ကျိန်ဆဲစကားလုံးများဖြင့် သူ့ကို တမြုံ့မြုံ့ ဒေါသပုံဖော်နေခဲ့ကြ၏။

ကျန်းချန်ကမူ ဤအရာများကို နည်းနည်းလေးမှ ဂရုမစိုက်ချေ။ အတိတ်ဘဝ ကိုးခုစလုံး၏ သံသရာဖြစ်စဉ်များ တစ်လျှောက်တွင်လည်း မာမိသားစုမှာ ဘဝအတော်များများ၌ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရဖူးပြီး ထိုစဉ်က သူကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း မဟုတ်လျှင်ပင် ဤပြစ်မှုကြီး၏ တရားခံအဖြစ် သူ့အပေါ်သို့သာ အမြဲတစေ ပြစ်တင် ပုံချခြင်း ခံခဲ့ရဖူးသည်။

ဤအကြောင်းအရင်းကြောင့်လည်း သူနှင့် မာဝူတို့အကြားရှိ ရန်ငြိုးမှာ သေခြင်းရှင်ခြင်းအထိ ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ဤသည်ကား ဗီလိန်ဇာတ်ကောင်၏ ကံကြမ္မာအရှိန်အဝါပင်။

ထိုဗီလိန်အရှိန်အဝါ၏ လွှမ်းမိုးခြယ်လှယ်မှုအောက်တွင်မူ ဖြစ်ပျက်သမျှ မကောင်းမှုကိစ္စရပ်တိုင်းမှာ ကျန်းချန် ကိုယ်တိုင် ကျူးလွန်ခဲ့သည်ဖြစ်စေ၊ မကျူးလွန်ခဲ့သည်ဖြစ်စေ သေချာပေါက် သူ့ခေါင်းပေါ်သို့သာ အပြစ်ပုံကျ လာစမြဲ ဖြစ်၏။ သူ ဘာပဲလုပ်လုပ် လူအများအလယ်ရှိ သူ၏ ရေပန်းစားမှုနှင့် နာမည်ကောင်းရှိမှု အဆင့်အတန်း မှာလည်း တရိပ်ရိပ် စဉ်ဆက်မပြတ် ကျဆင်းသွားရမြဲသာ ဖြစ်ပေသည်။

အနှစ်တစ်ထောင်နီးပါး ကာလပတ်လုံး ကြာမြင့်ခဲ့သော အတိတ်ဘဝ ကိုးခုစလုံးတွင် ကျန်းချန်တစ်ယောက် မိမိ မကျူးလွန်ခဲ့သော ပြစ်မှုများအတွက် မတရား စွပ်စွဲခံရခြင်းများနှင့် အထင်လွဲမှားခြင်းများကို အကြိမ်ပေါင်း မည်မျှ လောက်အထိ ကြုံတွေ့ခဲ့ရသည်ကိုပင် သူကိုယ်တိုင် ရေတွက်နိုင်ခြင်း မရှိတော့ပါချေ။

သို့သော် ဤဘဝတွင်မူ လူအများ၏ ကျိန်ဆဲသံများနှင့် ကြောက်လန့်တကြား ဖြစ်နေကြသည့် မြင်ကွင်းများကို ရင်ဆိုင်ရသည့်အခါ၌ သူသည် အံ့ဩစရာကောင်းလောက်အောင်ပင် ရင်ထဲ၌ လွန်စွာမှ နေသာထိုင်သာရှိကာ သက်တောင့်သက်သာ ခံစားနေရတော့၏။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက်တွင် ဤကြီးမားလှသော သွေးချောင်းစီး လူသတ်ပွဲကြီးကို သူကိုယ်တိုင် တကယ်ပဲ နောက်ကွယ်ကနေ စီမံဖန်တီးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ဤနေရာ၌ မည်သည့် မတရား အထင်လွဲ မှားမှုမျိုးမျှ စိုးစဉ်းမျှ မရှိတော့ပါချေ။

မူလဝတ္ထုဇာတ်ကြောင်းထဲတွင်မူ ဗီလိန်ကြီးဖြစ်သော တပည့်ရင်း ကျန်းချန်သည် မာမိသားစုအပေါ် တကယ်ပဲ လက်ရဲဇာတ်ရဲ ပြုမူလုပ်ဆောင်ခဲ့ဖူးပေသည်။ သို့သော်လည်း ထိုဖြစ်ရပ်မှာ ဇာတ်လိုက်မင်းသား လင်းဖုန်း တစ်ယောက် ကျိုးယန်ဂိုဏ်းကြီးအတွင်းသို့ တပည့်အဖြစ် စတင်ဝင်ရောက်လာပြီးသည့် နောက်ပိုင်းမှသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျန်းချန်ကလည်း မာမိသားစုကြီးတစ်ခုလုံးကို မျိုးဖြုတ်သုတ်သင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ လူအနည်းငယ်ကိုသာ သတ်ဖြတ်ခဲ့ဖူးခြင်း ဖြစ်၏။

နောက်တစ်နေ့၌။

ကျန်းချန်သည် သစ်သားအိမ်လေး၏ အရှေ့၌ သူ၏ ဓားသိုင်းပညာရပ်ကို အာရုံစိုက်၍ လေ့ကျင့်နေခဲ့ပြီး ကျန်းလျန်ယွဲ့ကမူ သူ၏ ဘေးနားတွင် ဆောင့်ကြောင့်လေး ထိုင်လျက် သူမ၏ လက်နှစ်ဖက်ဖြင့် ပါးပြင်လေးကို ထောက်ထားရင်း သူ့ကို ကြည့်ကာ တစ်ခစ်ခစ် ပြုံးရယ်နေခဲသည်။

“ဂျူနီယာ ညီမငါး၊ မင်းမှာ တခြား လုပ်စရာတွေ မရှိဘူးလား”

ကျန်းချန် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ယခုတလော ကျန်းလျန်ယွဲ့သည် နေ့စဉ် နံနက်ခင်း၏ ပထမဆုံးသော နေရောင်ခြည် ဖြာကျလာချိန်ကတည်းက ဤသစ်သားအိမ်လေး၏ အရှေ့သို့ ရောက်ရှိလာတတ်ပြီး တစ်နေကုန်လုံး နေထိုင်ကာ ညဉ့်နက်မှသာ စိတ်ကျေနပ်စွာဖြင့် ပြန်လည် ထွက်ခွာသွားတတ်ပေသည်။

ထိုအချိန်တောအတွင်း၌လည်း သူမသည် ဘာမှမလုပ်ဘဲ ကျန်းချန်၏ လှုပ်ရှားမှုတိုင်းကိုသာ ထိုင်ကြည့်ရင်း အရူးအမူး ပြုံးနေခဲ့သည်။

အကယ်၍ ကျန်းချန်က သူမအား လှမ်း၍ စကားပြောလာခဲ့မည်ဆိုပါက... သူမသည် ပိုမို၍ ညှို့ယူ ဖမ်းစား နိုင်လောက်သော အပြုံးနုနုလေးများဖြင့် တုံ့ပြန်တတ်ပြီး အကယ်၍ သူက စကားမဆိုပါကလည်း သူမသည် စိုးစဉ်းမျှ မလှုပ်ရှားဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေတတ်ပေသည်။

“ကျွန်မအတွက်တော့ နေ့တိုင်း နေ့တိုင်း ဒီလိုမျိုး စီနီယာ အစ်ကိုကို မြင်တွေ့နေရတာကပဲ အရေးကြီးဆုံး အရာပါ”

ထိုစကားကို ပြောပြီးနောက် ကျန်းလျန်ယွဲ့၏ မျက်နှာထက်ဝယ် သင်းပျံ့လှပလှသော အပြုံးပန်းလေးတစ်ခုမှာ ဆန်းကြယ်စွာ ဖူးပွင့်သွားခဲ့ရပြန်၏။

“မင်း ထပ်ပြီး မကျင့်ကြံတော့ဘူး”

ကျန်းချန်က ထပ်မေးလိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျန်းလျန်ယွဲ့က ခေါင်းခါ၍ ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်မက ညတိုင်း ညတိုင်း သိပ်ကို အာရုံစိုက်ပြီး အပတ်တကုတ် ကျင့်ကြံနေတာပါနော်”

သူမ၏ မျက်နှာထက်ဝယ် ‘ကျွန်မကို ချီးမွမ်းပေးပါဦး’ ဟူသော မျှော်လင့်ချက် မျက်နှာပေးလေး ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည့်အခါ ကျန်းချန်တစ်ယောက် လုံးဝ ဆွံ့အသွားခဲ့ရပြန်၏။

နေ့ဘက်တွင်မူ ဤနေရာ၌ အချိန်ပြည့် လာရောက်စောင့်ကြည့်နေပြီး ညဘက်ရောက်မှသာ အဆောင်သို့ ပြန်၍ ကျင့်စဉ်များကို ဖိကျင့်နေသည်တဲ့လား။

ဤသည်မှာ မကြာသေးမီ ကာလပတ်လုံးအတွင်း၌ ကျန်းလျန်ယွဲ့တစ်ယောက် စိုးစဉ်းမျှ အနားယူခြင်း မရှိခဲ့ကြောင်းကို အထင်အရှား ဖော်ပြနေခဲ့သည် မဟုတ်ပါလား။

ကျင့်ကြံသူများသည် သာမန်လူသားများကဲ့သို့ အိပ်စက်ရန် မလိုအပ်ဟု ဆိုသော်ငြားလည်း စိတ်အာရုံကို ဤမျှ အချိန်ပြည့် တင်းကျပ်စွာ စွဲဆန့်ထားခြင်းမျိုးက မိမိ၏ စိတ်ဝိညာဉ် နှလုံးသားကို ကြီးမားစွာ ထိခိုက် ပျက်စီး စေနိုင်သဖြင့် ၎င်းတို့သည်လည်း ရံဖန်ရံခါတွင် တရားထိုင်ခြင်း သို့မဟုတ် စိတ်အာရုံကို လျှော့ချ ဆင်ခြင်ခြင်း များမှတစ်ဆင့် အိပ်စက် အနားယူခြင်းမျိုးကို ပြုလုပ်ကြရစမြဲ ဖြစ်၏။

လောလောဆယ်တွင် ကျန်းလျန်ယွဲ့၏ ခန္ဓာကိုယ်ထက်ဝယ် မည်သည့် ဖောက်ပြန်သည့် အရိပ်အယောင်မျိုးမျှ ထင်ထင်ရှားရှား ပေါ်ထွက်မနေသေးသော်လည်း အကယ်၍ ဤအတိုင်း ရေရှည် ဆက်လက် သွားနေခဲ့မည်ဆိုပါက သူမ၏ စိတ်ဝေဒနာမှာ ပိုမိုပြင်းထန်လာနိုင်ပြီး အဆိုးဆုံးအခြေအနေ၌မူ သူမ၏ အသိစိတ်အာရုံများ လုံးဝဥဿုံ ပျက်စီး ကွယ်ပျောက်သွားနိုင်ပေသည်။

“သွားပြန်အိပ်တော့၊ မဟုတ်ရင် ငါ မင်းရဲ့ အဝတ်အစားတွေကို အကုန်လုံး ချွတ်ပစ်ပြီး နဝမတောင်ထိပ်ရဲ့ ဂိတ်အဝင်ဝမှာ ပစ်ထားလိုက်မယ်ဆိုတာ ယုံလား”

ကျန်းချန်သည် ရက်စက်ကြမ်းကြုတ်သည့် ဗီလိန်ရုပ်ဖမ်းကာ ထပ်မံ၍ ခြိမ်းခြောက်လိုက်တော့သည်။

သူသည် စေတနာကောင်းဖြင့် သူမကို စိုးရိမ်ပေးနေခြင်းမျိုး မဟုတ်ပါ။ နေ့စဉ်နေ့တိုင်း ဤကဲ့သို့သော စိတ်မမှန်သည့် အရူးမတစ်ဦး၏ တစိမ့်စိမ့် စောင့်ကြည့်ခြင်းကို ခံနေရသည်မှာ သူ့အတွက် လွန်စွာမှပင် ရင်ထိတ်စရာ ကောင်းပြီး စိတ်အနှောင့်အယှက် ဖြစ်ရလွန်းသောကြောင့် ဖြစ်၏။

ထို့ပြင် ဤအရူးမလေးက နဂိုထက် ပိုမို၍ ရူးသွပ်သွားနိုင်သည့် အလားအလာမျိုးလည်း ရှိနေသည် မဟုတ်ပါလား။ သို့သော်လည်း သူ၏ ခြိမ်းခြောက်စကားသံ လည်ချောင်းဝမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျန်းချန် တစ်ယောက် ချက်ချင်းပင် နောင်တရသွားခဲ့မိတော့သည်။

သူ ကောင်းကောင်းသိရှိထားသော မူလဇာတ်ကြောင်းထဲမှ ကျန်းလျန်ယွဲ့၏ စရိုက်အရ သူမသည် အမြဲတမ်း ပင်ကိုယ်မာန လွန်စွာ ကြီးမားလှသူဖြစ်ရာ ယခုကဲ့သို့သော သိက္ခာချသည့် ခြိမ်းခြောက်မှုမျိုးနှင့် ကြုံတွေ့ ရသည့်အခါ၌ သေချာပေါက် ဒေါသများ ပေါက်ကွဲလျက် သူ့ကို သတ်ရန် ကြံစည်လာပေလိမ့်မည်။

အကယ်၍ ထိုသို့ ဖြစ်ပျက်လာခဲ့မည်ဆိုပါက ယခုလက်ရှိ သူ၏ မူလအမြုတေအဆင့် ကနဦးအဆင့် မျှသာရှိသော ကျင့်စဉ်အဆင့်ဖြင့် သူမ၏ လက်ချက်ကြောင့် ဤနေရာ၌တင် အဆုံးသတ်သွားရနိုင်သည်။

ထိုအချက်ကို တွေးတောမိလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်တွင်းရှိ ကျင့်စဉ် စွမ်းအင်များကို အလျှင်အမြန်ပင် လှည့်ပတ်လိုက်ရင်း ၎င်းတို့ကို သူ၏ ခြေဖဝါးအစုံထံသို့ စုစည်းစေလျက်၊ ဘေးလွတ်ရာသို့ အမြန်ဆုံး လစ်ပြေးရန်အတွက် အဆင်သင့် အနေအထား ပြင်လိုက်တော့သည်။

သို့သော် သူ၏ ခြေလှမ်းက အရှေ့သို့ တစ်လှမ်းမျှသာ လှမ်းရသေး၏။

“ဝူး… ဝူး… တကယ်တော့ အကြီးဆုံး စီနီယာ အစ်ကိုက ကျွန်မကို တကယ် ဂရုစိုက်တာပဲ”

အနည်းငယ်မျှ တုန်ယင်သွားပြီးနောက် ကျန်းလျန်ယွဲ့သည် ရုတ်ချည်းဆိုသလိုပင် သူမ၏ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ထားလိုက်မိရင်း ဝမ်းနည်းပက်လက်ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

…

ခြေလှမ်း ဒယိမ်းဒယိုင် ဖြစ်သွားပြီးနောက် ကျန်းချန် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

All Chapters