← Chapters

ဒါဆို စီနီယာအစ်ကို စိတ်ပျော်လာအောင် လျန့်ယွဲ့ သူ့ကို သတ်လိုက်ရမလား

Vol. 1 Ch. 14

ဒါဆို စီနီယာအစ်ကို စိတ်ပျော်လာအောင် လျန့်ယွဲ့ သူ့ကို သတ်လိုက်ရမလား

Vol. 1 Ch. 14

ကျိုးယန်ဂိုဏ်း စည်းကမ်း ထိန်းသိမ်းရေးခန်းမ၏ မဟာအကြီးအကဲဖြစ်သူ လီဖာတု။

သူ၏ ရုပ်သွင်မှာ အလွန်အမင်း တည်ကြည်ခက်ထန်လှပြီး ခပ်ပြုံးပြုံး နေလေ့မရှိသလို အပိုစကားများကိုလည်း မည်သည့်အခါမျှ ပြောဆိုလေ့မရှိချေ။ ထို့ပြင် စိုးစဉ်းမျှ ဒေါသပုံဖော်ခြင်း မရှိသည့်တိုင်အောင် ကြည့်ရုံမျှဖြင့်တင် လူအများကို အလိုအလျောက် ထိတ်လန့်သွားစေနိုင်သည့် ကြီးမားသော အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသူ ဖြစ်၏။

သူ၏ ကောင်းကင်ဘုံ မူလအဆင့် အထွတ်အထိပ် ကျင့်စဉ်စွမ်းရည်ဖြင့်ဆိုလျှင် အထက်ပိုင်း အဆင့်လေးဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ခြေလှမ်းတစ်လှမ်းမျှသာ လိုအပ်တော့သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စည်းကမ်း ထိန်းသိမ်းရေးခန်းမဟူသည်မှာ ကျိုးယန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် တိုက်ရိုက် ကွပ်ကဲ အုပ်ချုပ်သည့် နေရာတစ်ခုဖြစ်ပြီး သီးသန့် ခန်းမသခင် ဟူ၍ သတ်မှတ်ထားခြင်း မရှိချေ။ ထို့ကြောင့် ဂိုဏ်းအတွင်းရှိ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်ကြီးငယ်ရှိသမျှ အားလုံးကို မဟာအကြီးအကဲ လီဖာတုတစ်ဦးတည်းကသာ အလုံးစုံ တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရမြဲ ဖြစ်၏။

ယနေ့၌ လီဖာတုသည် ရှေးဟောင်း ဓားတစ်လက်ကို ကျောပိုးထားလျက် နဝမတောင်ထိပ်၏ တောင်ခြေရင်းဆီသို့ အရှိန်အဟုန်ဖြင့် ဗြုန်းခနဲ ရောက်ရှိလာခဲ့တော့သည်။

သူ့ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်၌ နဝမတောင်ထိပ်ရှိ တပည့်များ အားလုံး ဝမ်းသာသွားကြသည်။

မာဝူသည် ကျိုးယန်ဂိုဏ်း ဆေးလုံးတောင်ထိပ်၏ တရားဝင် အကြီးအကဲတစ်ဦး ဖြစ်ခဲ့သည့်အတွက်ကြောင့် သူ၏ မာမိသားစုကြီး တစ်ခုလုံးသည်လည်း ကျိုးယန်ဂိုဏ်းကြီး၏ တရားဝင် အမှတ်တံဆိပ် ခတ်နှိပ်ခြင်းကို ခံထားရပြီး ဂိုဏ်းတစ်ခုလုံး၏ အကာအကွယ်ပေးမှုအောက်တွင် ရှိနေခဲ့ကြသူများ မဟုတ်ပါလား။

ယခုအခါတွင်မူ မာမိသားစုကြီးတစ်ခုလုံး သွေးအေးရက်စက်စွာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး မာဝူကိုယ်တိုင်လည်း မေ့မြောနေဆဲဖြစ်ရာ စည်းကမ်း ထိန်းသိမ်းရေး ခန်းမအနေဖြင့် ဤကိစ္စကို လက်ပိုက်ကြည့်နေတော့မည် မဟုတ်သည်မှာ သဘာဝကျလှပေသည်။

နဝမတောင်ထိပ်ရှိ တပည့်များအနေဖြင့် အထူးတလည် တွေးတောနေရန်ပင် မလိုပါချေ။ မဟာအကြီးအကဲ လီဖာတုကိုယ်တိုင် ယနေ့တွင် လူကိုယ်တိုင် တကူးတက လာရောက်ခဲ့ခြင်းမှာ သေချာပေါက် ကျန်းချန်ကို ဖမ်းဆီး စစ်ဆေး မေးမြန်းရန်အတွက် ဖြစ်ကြောင်း ကောင်းစွာ ရိပ်မိထားကြသည်။

အကယ်၍ ဤပြစ်မှုကြီးအတွက် စွပ်စွဲချက်များက ခိုင်မာသွားခဲ့မည်ဆိုပါက ကျန်းချန်၏ နောက်ကွယ်ဝယ် အင်အား ကြီးမားလှသော ကျန်းမိသားစုကြီး ရှိနေခဲ့လျှင်ပင် သူသည် ပြင်းထန်လှသော ပြစ်ဒဏ်ပေးခြင်းကို ရှောင်လွှဲ နိုင်လိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ သူ၏ ကျင့်စဉ်စွမ်းရည်များကို အပြီးအပိုင် ဖျက်ဆီးပစ်ကာ ကျိုးယန်ဂိုဏ်း အတွင်းမှနေ၍ နှင်ထုတ်ခြင်း ခံရပေလိမ့်မည်။

အဆိုးရွားဆုံး ဖြစ်ရပ်မျိုးတွင်မူ ဂိုဏ်း၏ တရားဥပဒေ စည်းကမ်းများအရ သူ့ကို ဤနေရာတင် ကွပ်မျက်ပစ်ရန် အထိပင် ဖြစ်နိုင်ခြေ ရှိနေခဲ့သည် မဟုတ်ပါလား။

ကျန်းမိသားစုက အင်အားကြီးမားလှသည်ဆိုသော်လည်း ၎င်းတို့အနေဖြင့်လည်း စိတ်အလိုကျ မဆင်မခြင် ရမ်းကားရဲကြလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ဥပဒေများဟူသည်မှာလည်း အလှပြရန် သက်သက် ထုတ်ပြန်ထားခြင်းမျိုး မဟုတ်သောကြောင့် ဖြစ်၏။

မာမိသားစုလေးဟူသည်မှာ အင်ပါယာတော်ဝင်မင်းဆက်၏ မျက်စိထဲဝယ် အရေးမပါလှသော မိသားစုငယ်လေး တစ်ခုမျှသာ ဖြစ်နိုင်ပြီး ၎င်းတို့ မျိုးဖြုတ်သုတ်သင်ခံရသည့် ကိစ္စကို တော်ဝင်မင်းဆက်ဘက်က မျက်စိမှိတ် နားပိတ် ထားပေးနိုင်ခြေ ရှိပေသည်။

သို့သော် အကယ်၍ ကျန်းမိသားစုဘက်က အထက်ပိုင်းဒေသမှနေ၍ မဆင်မခြင် ထွက်ခွာလာခဲ့ပြီး မဟာ အလယ်ပိုင်း ဒေသရှိ ထိပ်တန်းဂိုဏ်းကြီးများကို တိုက်ရိုက် လာရောက်စိန်ခေါ် တိုက်ခိုက်ခဲ့မည်ဆိုပါက တော်ဝင် ဥပဒေအရ ဤလုပ်ရပ်မှာ တစ်မိသားစုလုံး၊ တစ်မျိုးနွယ်စုလုံးကို မျိုးဖြုတ်ကွပ်မျက်ရမည့် ကြီးမားလှသော ရာဇဝတ်မှုကြီး ဖြစ်ပေလိမည်။

“ငါ ဒီနေ့တော့ ဂိုဏ်းကို သန့်စင်ပြီး ကျိုးယန်ဂိုဏ်းရဲ့ စည်းကမ်းတွေကို ထိန်းသိမ်းပြမယ်”

လီဖာတုသည် တည်ကြည်ခက်ထန်လှသော မျက်နှာပေးကြီးဖြင့် တောင်ခါးပန်းဆီသို့ မော့ကြည့်လိုက်မိရင်း သူ၏ မျက်ဝန်းအစုံဝယ် အေးစက်လှသော သန္နိဋ္ဌာန်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် နဝမတောင်ထိပ်ပေါ်သို့ ခြေချဝင်ရောက်လာခဲ့သည့် အခါ၌ တောင်ထိပ်သခင် ရှောင်ဟုန်ယီထံသို့ သွားရောက် တွေ့ဆုံခြင်း မပြုဘဲ တောင်တန်းများအကြား တည်ရှိသော သစ်သားအဆောင်လေးဆီသို့သာ တန်းတန်းမတ်မတ် ဦးတည် လျှောက်လာခဲ့တော့၏။

သူသည် သူ၏ ကောင်းကင် အမြုတေအဆင့် အထွတ်အထိပ် ကျင့်စဉ်စွမ်းရည်များမှနေ၍ ပြင်းထန်လှသော ဖိအားအရှိန်အဝါများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ပြီး ကျန်းချန်အား စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အစွမ်းကုန် နှိမ်နင်းကာ အစွမ်းပြရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ၏ မျက်စိရှေ့မှ မြင်ကွင်းက သူ့အား ဆွံ့အသွားစေခဲ့ပြီး သူ၏ အမူအရာမှာ သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။

သစ်သားအဆောင်လေး၏ အရှေ့ရှိ မြေကွက်လပ်ကျယ်ကြီးတွင် ကျန်းချန်သည် သစ်သား ကုလားထိုင်ကြီးပေါ်ဝယ် အလွန်အမင်း သက်တောင့်သက်သာရှိလှသော ပုံစံဖြင့် လှဲလျောင်းနေခဲ့ပြီး ကျန်းလျန်ယွဲ့ကမူ သူ၏ ဘေးနားတွင် အနီးကပ် ရှိနေခဲ့သည်။

“လျန်ယွဲ့၊ စီနီယာအစ်ကို ရေဆာပြီဟေ့”

“လျန်ယွဲ့၊ ဒီနားကိုလာပြီး စီနီယာ အစ်ကိုရဲ့ ပုခုံးကို နည်းနည်းလောက် နှိပ်ပေးစမ်းပါဦး”

“လျန်ယွဲ့၊ စောစောတုန်းက ငါ ထုတ်ဖော်လိုက်တဲ့ ဓားချီစွမ်းအင်က အထင်ကြီးစရာ ကောင်းတယ် မဟုတ်လား”

“လျန်ယွဲ့၊ နောင်အနာဂတ်ကျရင် ဘယ်ကောင်မဆို အစ်ကိုကြီးကိုလာပြီး စိန်ခေါ်ရဲတယ်ဆိုရင် မင်းကပဲ ငါ့ကိုယ်စား ဝင်ပြီး ရိုက်နှက်ပေးရမယ်၊ နားလည်လား”

ကျန်းချန် စကားတစ်ခွန်း ပြောလိုက်တိုင်း ကျန်းလျန်ယွဲ့သည် မျက်နှာတစ်ခုလုံး အပြုံးပန်းများ ဝေဆာလျက် အလွန်အမင်း ပျော်ရွှင်ချမ်းမြေ့နေသည့် အမူအရာလေးဖြင့် ဟိုဟိုဒီဒီ ပျာယာခတ်ကာ လုပ်ကိုင်ပေးနေခဲ့ရှာ၏။

တစ်ခါတစ်ရံတွင်မူ သူမသည် လက်ခုပ်လေးတီးကာ အားပေးတတ်ပြီး တစ်ခါတစ်ရံတွင်လည်း ခေါင်းကို တတွတ်တွတ် ညိတ်ရင်း အလေးအနက် နားထောင်တတ်ကာ လွန်စွာမှပင် ရိုသေ၍ အလိုက်သိလွန်းလှပေသည်။

ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသူ မည်သူမဆို ကျန်းချန်တစ်ယောက် အစေခံအမျိုးသမီးငယ် အသစ် တစ်ယောက်ကို ထပ်မံခေါ်ယူ သိမ်းပိုက်ထားလိုက်သည်ဟုသာ ထင်မိကြပေလိမ့်မည်။

“မင်းတို့ ရဲတင်းလှချည်လား”

မဟာအကြီးအကဲ လီဖာတုသည် မှင်သက်နေရာမှနေ၍ သတိပြန်လည်ဝင်လာခဲ့သည့် အခါ၌ ဒေါသမီးလျှံများ ဝုန်းခနဲ ပေါက်ကွဲလျက် အဆမတန် အမျက်ဒေါသထွက်သွားခဲ့ရတော့သည်။

ကျန်းလျန်ယွဲ့ဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။

သူမသည် ဧကရီတစ်ပါး ဖြစ်လာနိုင်မည့် အနှိုင်းမဲ့ပါရမီရှင်၊ တစ်ဂိုဏ်းလုံး၏ အသည်းစွဲ ရတနာနှင့် နဝမ တောင်ထိပ်ရော ကျိုးယန်ဂိုဏ်းကြီးတစ်ခုလုံးအတွက်ပါ တစ်ဦးတည်းသော မျှော်လင့်ချက် မဟုတ်ပါလား။

ကျန်းလျန်ယွဲ့ စိတ်ဖောက်ပြန်ပြီး သူမ၏ တာအို နှလုံးသား မတည်မငြိမ် ဖြစ်နေကြောင်း ကျိုးယန်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများအားလုံး ကောင်းစွာ သိရှိထားကြပြီး ဖြစ်သည်။

ကျန်းချန်သည် နဝမတောင်ထိပ်၏ အကြီးဆုံး စီနီယာ အစ်ကို ဖြစ်ပါလျက်နှင့် သူမကို စောင့်ရှောက်ပေးရန် ပျက်ကွက်ခဲ့ရုံ သာမက ယခုကဲ့သို့ သူမ စိတ်မမှန်ဘဲ အားနည်းနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူလျက် သူမအား အစေခံတစ်ဦးကဲ့သို့ ခိုင်းနှိုင်းစောင့်ကြပ်ခိုင်းနေ၏။

ဤသည်မှာ လုံးဝ သည်းမခံနိုင်စရာပင်။

“ကျန်းချန်၊ ဂိုဏ်းရဲ့ အမှိုက်သရိုက်ကောင်၊ မင်းမှာ အသိတရား မရှိဘူးလားကွ”

လီဖာတုသည် မိုးခြိမ်းသံကဲ့သို့သော လေသံဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

*အသိတရား ဟုတ်လား*

ဤစကားလုံးကို ကြားလိုက်ရသည့်အခါ ကျန်းချန် လှောင်ရယ်လိုက်မိသည်။ အတိတ်ဘဝ ကိုးခုစလုံး၏ သံသရာဖြစ်စဉ်များ တစ်လျှောက်တွင် သူ၏ ဖြူစင်လှသော အသိတရားများကို မြေမှုန့်ပမာ ရက်ရက်စက်စက် နင်းချေဖျက်ဆီးပစ်ခဲ့ကြသူများမှာ ယခု ဥပဒေထိန်းသိမ်းသူ အယောင်ဆောင်ထားကြသည့် လီဖာတုတို့ကဲ့သို့သော ‘တရားမျှတမှုကို ကာကွယ်သူများ’ ဆိုသည့် လူစုကြီး မဟုတ်ပါလား။

ယခုကျမှ သူ့ကိုလာပြီး အသိတရားအကြောင်း လာရောက်တရားချနေကြသည် ဟုတ်လား။ ထိုသို့ဆိုလျှင် အတိတ်တုန်းက သူတို့အားလုံး ဘယ်အရပ်ဆီသို့ ရောက်နေခဲ့ကြသလဲ။

“မဟာအကြီးအကဲလီ၊ ကျုပ်ရဲ့ သစ်သားအဆောင်လေးဆီကို ဒီလို အလောတကြီးနဲ့ ဘာကိစ္စများ လာရောက် ခဲ့တာလဲ”

ကျန်းချန်က ဘာမှမသိနားမလည်သည့်ပုံစံ ဖမ်းကာ မေးမြန်းလိုက်သည်။

“မင်းက ဂျူနီယာညီမငယ်တွေကို နှောင့်ယှက်ပြီး ဂျူနီယာညီအစ်ကိုတွေကို ရိုက်နှက်နှိပ်စက်ခဲ့တယ်၊ အခု မာမိသားစုဝင် လေးဆယ်ကျော်စလုံးကို ဘယ်သူမှ မကျန်အောင် သုတ်သင်ခဲ့တယ်၊ ပြီးတော့ အခုလဲ ငါတို့ဂိုဏ်းရဲ့ အဖိုးတန် ပါရမီရှင်လေးကို စိတ်ကြိုက် ခြယ်လှယ်လှည့်ဖြားနေပြန်ပြီ၊ ဒီလို ယုတ်မာတဲ့ လုပ်ရပ်မျိုးကို ကျိုးယန်ဂိုဏ်းကြီး စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ သမိုင်းတစ်လျှောက်မှာ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး မကြားဖူးခဲ့ဘူး၊ ဒီလို များပြားတဲ့ ပြစ်မှုတွေအတွက် ငါ ဒီနေ့မှာ မင်းကို စည်းကမ်းအတိုင်း လက်ရဖမ်းဆီး စစ်ဆေးမယ်”

လီဖာတု၏ မျက်ဝန်းအစုံမှာ ဒေါသကြောင့် ပြူးကျယ်နီမြန်းနေခဲ့ချေပြီ။

“ဪ၊ ဒါဆိုရင်လဲ ဖမ်းချင်ရင် လာပြီး ဖမ်းလိုက်လေ”

“မင်းက ယခုထိ ငြင်းခုန်ရဲသေးတယ်လား၊ ငါ မင်းကို ကောင်းကောင်းကြီး ... ဘာ”

လီဖာတု ကြောင်အမ်းသွားလေသည်။

သူ၏ ကြိုတင်မျှော်လင့်ချက်များအရဆိုလျှင် ကျန်းချန်သည် မိမိကိုယ်မိမိ အပြစ်မရှိကြောင်း အသည်းအသန် အကြောင်းပြချက်များဖြင့် ကာကွယ်ပြောဆိုရမည် မဟုတ်ပါလား။ သို့မဟုတ်ပါကလည်း သူ၏ နောက်ခံ အင်အားကြီး ဖြစ်သော ကျန်းမိသားစု၏ အရှိန်အဝါကို ထုတ်သုံးလျက် ခြိမ်းခြောက် စိန်ခေါ်ရပေမည်။

အဘယ်ကြောင့် သူက ဖမ်းချင်လျှင် လာဖမ်းပါဟု ရိုးရိုးရှင်းရှင်း ပြောနေရသနည်း။

ဤသည်မှာ သူ ကြိုတင်ပြင်ဆင်လာခဲ့သော ဇာတ်ညွှန်းများနှင့် လုံးဝဥဿုံ လွဲချော်နေခဲ့ချေပြီ။

သူ မှင်တက်နေချိန်တွင် ကျန်းချန်က ဘေးနားရှိ ကျန်းလျန်ယွဲ့ထံသို့ လှည့်၍ ပြောလိုက်သည်ကို မြင်လိုက်ရသည်။

“ဂျူနီယာညီမ၊ ဒီလိုမျိုး မတရား စွပ်စွဲခံရတာက စီနီယာအစ်ကိုကို အရမ်း စိတ်ညစ်သွားစေတယ်”

“စီနီယာ အစ်ကိုက စိတ်အခြေအနေ မကောင်းမှတော့ လျန့်ယွဲ့က …”

သူမ၏ အပြုံးက ပျောက်ကွယ်သွားပြီး နှင်းခဲကျောက်စိမ်း ဝိညာဉ်ဓားမြတ်သည် သူမ၏ လက်ထဲ၌ ပေါ်ပေါက် လာခဲ့သည်။

သူမသည် မဟာအကြီးအကဲ လီဖာတုအား တည့်တည့်မတ်မတ် စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးတွင် အေးစက်မှုနှင့် ပြည့်နှက်နေ၏။

“ဒါဆို စီနီယာ အစ်ကို စိတ်ပျော်သွားအောင် လျန်ယွဲ့က သူ့ကို သတ်လိုက်ရမလား”

ထိုစကားလုံးများ သူမ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မဟာအကြီးအကဲ လီဖာတု၏ မျက်နှာအမူအရာကြီးမှာ ချက်ချင်းပင် ကျောက်ခဲပမာ အေးခဲတောင့်တင်းသွားခဲ့ရတော့သည်။

စည်းကမ်း ထိန်းသိမ်းရေး ခန်းမ၏ မဟာ အကြီးအကဲ ဖြစ်သောသူသည် ကျန်းချန်၏ စိတ်ပျော်ရွှင်မှုအတွက် အသုံးချခံ ဖြစ်လာလေပြီလား။

ထို့အပြင် ထိုစကားများက ကျန်းလျန်ယွဲ့၏ ပါးစပ်မှ တကယ်ကြီး ထွက်လာခဲ့သည်တဲ့လား။

လီဖာတု ချက်ချင်း သဘောပေါက်သွားသည်။

ကျန်းလျန်ယွဲ့၏ ရူးသွပ်မှုက သူ နားလည်ထားသည်ထက် ပို၍ ကျော်လွန်နေပုံရသည်။ သို့သော် ပြဿနာမှာ …

ကျန်းလျန်ယွဲ့က ရူးသွပ်နေလျှင်တောင်မှ အဘယ်ကြောင့် ကျန်းချန်ကို အလွန် နာခံနေရသနည်း။

ကျန်းချန် ကိုယ်တိုင်တောင်မှ ထိုမေးခွန်းအတွက် အဖြေ မရှိချေ။

အစက သူသည်လည်း ပဟေဠိ ဖြစ်ခဲ့ရသည်။ သို့သော် ရက်ပေါင်းများစွာ အတူ ဖြတ်သန်းပြီးနောက် ကျန်းလျန်ယွဲ့က သူ့အမိန့်အားလုံးကို တကယ် နာခံကြောင်း သိလိုက်ရသည်။

အဖြေရှာမရနိုင်တော့သည့်အဆုံး သူသည် ၎င်းအား ဝဋ်ကြွေးဟုသာ သတ်မှတ်လိုက်တော့သည်။

သူ စိတ်ပျော်ရွှင်စေရန် အကြီးအကဲသို သတ်မည်ဟု ကျန်းလျန်ယွဲ့၏ တောင်းဆိုချက်အပေါ် ကျန်းချန် ပြုံးသာ ပြုံးနေလိုက်သည်။

သူသည် သဘောတူခွင့်ပြုခြင်း မရှိခဲ့သော်လည်း သူ၏ နက်ရှိုင်းလှသော မျက်ဝန်းအစုံမှ အဓိပ္ပာယ်ပြည့်ဝလှသည့် စိုက်ကြည့်မှုကြီးကမူ ရှင်းလင်းပြတ်သားစွာ ဖော်ပြနေခဲ့သည်မှာ …

*လုပ်လိုက်စမ်းပါ၊ သူ့ကို သတ်ပစ်လိုက်*

မည်သည့် တွန့်ဆုတ်မှုမျိုးမျှ မရှိဘဲ ကျန်းလျန်ယွဲ့သည် သူမ၏ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် အရှေ့သို့ တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့တော့သည်။ သူမ၏ ခန္ဓာကိုယ်ထက်မှနေ၍ လွန်စွာမှ အေးစက်လှသော နှင်းခဲ ဓားချီစွမ်းအင်များမှာ ရုတ်ချည်းပင် ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၎င်းမှာ ယခင်နေ့ရက်များကထက် အဆပေါင်းများစွာ ပိုမို၍ သိပ်သည်းလွန်းလှပေသည်။

*နေပါဦး၊ လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင် သူမရဲ့ ခန္ဓာကိုယ်တွင်းက တော်ဝင် အဆီအနှစ်ကို ကိုယ်တိုင် ဖောက်ခွဲ ဖျက်ဆီးပြီး သေကြောင်းကြံစည်ခဲ့တာ မဟုတ်ဘူးလား၊ ဒီလောက် ရက်နည်းနည်းလေးနဲ့ သူမက လူသား အမြုတေ အဆင့်ကနေ မြေကမ္ဘာ အမြုတေအဆင့်အထိ အဆင့် ချိုးဖျက်နိုင်သွားတာလား*

ဤသည်ကို မြင်သော် ကျန်းချန်၏ မျက်လုံးအိမ် ကျဉ်းမြောင်သွားသည်။ သူသည် စိတ်ထဲမှ အံ့ဩမိနေ၏။

သူမ၏ ကျင့်ကြံခြင်း အရှိန်သည် ယုံနိုင်စရာ မရှိပေ။

၎င်းအား သာမန် ပင်ကိုယ်ပါရမီ ထူးချွန်မှု သို့မဟုတ် ဧကရီ တစ်ပါး၏ အရှိန်အဝါဟူသော စကားလုံးများဖြင့်ပင် ခိုင်းနှိုင်း ဖော်ပြရန် လုံးဝ မလုံလောက်နိုင်တော့ချေ။

သို့သော် ကျန်းချန်တစ်ယောက် စိုးစဉ်းမျှ မသိရှိထားခဲ့သည့် အချက်တစ်ချက်မှာ လောကတွင် ဆိုရိုးစကားတစ်ခု ရှိသည်။ ယင်းမှာ မိစ္ဆာလမ်းစဉ် သို့မဟုတ် အမှောင်ဘက်ခြမ်းသို့ ကူးပြောင်းသွားခဲ့သော ဇာတ်ကောင်များသည် နဂိုထက် အဆပေါင်းများစွာ ပိုမို၍ စွမ်းအား ထက်မြက်လာတတ်ကြပြီး တရားသောလမ်းစဉ် သို့မဟုတ် အလင်းဘက်သို့ ပြန်လည် ကူးပြောင်းသွားသည့် အခါ၌မူ ၎င်းတို့၏ စွမ်းရည်များမှာ သုံးပုံတစ်ပုံခန့်အထိ သိသိသာသာ ပြန်လည် အားနည်း သွားတတ်ကြစမြဲ ဖြစ်ပေသည်။

(Note: ဗွီဒီယိုဂိမ်းထဲကလို ဇာတ်ကောင်တွေက ဗီလိန်ဘက်ကို ပြောင်းလိုက်တဲ့အခါ ပိုသန်မာသွားသလိုမျိုးပါ။)

အတိတ်ဘဝ ကိုးခုစလုံး၏ သံသရာဖြစ်စဉ်များကို ပြန်လည်သိမြင်ခွင့် ရရှိခဲ့ပြီးသည့်နောက်တွင် ကျန်းလျန်ယွဲ့ သည်လည်း ကျန်းချန်ကဲ့သို့ပင် သူမ၏ အတိတ်ဘဝ ကိုးခုလုံးကို ကိုယ်တိုင် ပြန်လည်စောင့်ကြည့်လေ့လာခွင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူမ၏ ရင်ထဲဝယ် နှစ်ပေါင်းထောင်ချီ၍ စုဆောင်းရရှိခဲ့သော ဓားလမ်းစဉ်နှင့် ပတ်သက်သည့် အသိဉာဏ်အလင်းပွင့်မှုများနှင့် ကြီးမားလှသော ကျင့်စဉ်အခြေခံအုတ်မြစ်ကြီးများက အပြည့်အဝ တည်ရှိနေခဲ့ကြချေပြီ။

ဤကဲ့သို့သော အရင်းအမြစ်ကြီးများအပြင် သူမ၏ အဆက်မပြတ် ကျင့်ကြံအားထုတ်မှုတို့ပါ ပေါင်းစပ်လိုက်သည့် အခါ သူမအနေဖြင့် ယခုကဲ့သို့ မယုံနိုင်လောက်အောင်အထိ ကျင့်စဉ်အဆင့်များကို တရိပ်ရိပ် ဖြတ်ကျော် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

ထို့အပြင် အစမှအဆုံးတိုင်အောင် သူမ၌ ပန်းတိုင် တစ်ခုတည်းသာ ရှိပေသည်။

ပို၍ သန်မာလာအောင် ပြုလုပ်ပြီး ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးရန်ပင်တည်း။ သို့မှသာ သူမသည် ကျန်းချန်၏ ရန်သူတိုင်းကို သတ်နိုင်မည် ဖြစ်သည်။

…

မဟာအကြီးအကဲ လီဖာတုဘက်သို့ ပြန်လည်လှည့်ကြည့်ရမည်ဆိုလျှင်မူ...။

ကျန်းလျန်ယွဲ့၏ ခန္ဓာကိုယ်ထက်မှ ပေါက်ကွဲထွက်ပေါ်လာသော ကျင့်စဉ်အဆင့်အတန်းကို အာရုံခံမိလိုက်သည့် အခိုက်အတန့်၌ သူကိုယ်တိုင်လည်း အလွန် ထိတ်လန့်အံ့အားသင့်သွားခဲ့ရပြန်သည်။

ထို့နောက် ဝမ်းမြောက်ဝမ်းသာဖြစ်မိသည့် စိတ်လှုပ်ရှားမှုကြီးကလည်း ချက်ချင်းပင် လှိုက်တက်လာခဲ့၏။

*ဧကရီ တစ်ပါး ဖြစ်လာနိုင်မယ့် အရှိန်အဝါ ပါရမီဆိုတာ တကယ့်ကို သူမတူတာပဲ၊ သူမသာ အောင်အောင်မြင်မြင်နဲ့ ကြီးပြင်းလာမယ်ဆိုရင် ကျိုးယန်ဂိုဏ်းအတွက် ကြီးမားလှတဲ့ ကံကောင်းခြင်း မင်္ဂလာတစ်ပါး သေချာပေါက် ဖြစ်လာလိမ့်မယ်*

လီဖာတုသည် မိမိဘာသာ ရင်ထဲဝယ် စိတ်လှုပ်ရှားစွာ တွေးတောလိုက်မိတော့သည်။

သူ၏ စိတ်ကူးယဉ် တွေးတောမှုများ မဆုံးသေးမီအချိန်မှာပင် နှင်းခဲကျောက်စိမ်း ဝိညာဉ်ဓားမှာ သူ၏ လည်ချောင်း ဆီသို့ ဖျတ်ခနဲ ရောက်ရှိလာခဲ့ချေပြီ။

လီဖာတုသည် ဘေးဘက်သို့ လျင်မြန်စွာပင် တိမ်းရှောင်လိုက်မိရင်း သူ၏ ဓားကျင့်စဉ် ဗီဇအတိုင်း ကျောပိုး ထားသော ရှေးဟောင်းဓားကြီးကို အလိုအလျောက် ဆွဲထုတ်၍ ခုခံရန် ကြံစည်လိုက်မိသော်လည်း နောက်တစ်စက္ကန့်၌မူ သူ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သည်။

သူသည် ကျန်းလျန်ယွဲ့ကို ထိခိုက်အောင် မလုပ်ချင်ပါ။

ကျန်းလျန်ယွဲ့သည် ယခုအခါ မြေကမ္ဘာ မူလအမြုတေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူကိုယ်တိုင်မှာမူ ဓားလမ်းစဉ်ကို တစ်သက်လုံး ဖိကျင့်လာခဲ့သည့် ကောင်းကင် အမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦး မဟုတ်ပါလား။

ထို့ကြောင့် ကျန်းလျန်ယွဲ့အနေဖြင့် သူ့ကို အနာတရဖြစ်အောင် ထိခိုက်စေချင်သည်ဆိုပါက ယခင် တစ်ခေါက် ကကဲ့သို့ သူမ၏ ခန္ဓာကိုယ်တွင်းရှိ တော်ဝင် အဆီအနှစ်ကို ထပ်မံ၍ အသက်နှင့်လဲကာ ဖောက်ခွဲပစ်မှသာ ဖြစ်နိုင်ခြေ ရှိပေလိမ့်မည်။

သို့သော် အကယ်၍ ထိုသို့သော အဖြစ်ဆိုးကြီး ထပ်မံ ဖြစ်ပွားခဲ့ပါက ကျိုးယန်ဂိုဏ်းတစ်ခုလုံးအတွက် ကြီးမား လှသော ဘေးဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ရပေတော့မည်။

အကျပ်ရိုက်သွားခဲ့ရရှာသော မဟာအကြီးအကဲ လီဖာတုသည် အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး သူ၏ ရင်ဘတ်ကို မတ်မတ်ဆန့်လိုက်မိရင်း ကောင်းကင်ယံဆီသို့ လှမ်း၍ အော်ဟစ်လိုက်ရတော့သည်။

“နဝမတောင်ထိပ်သခင်၊ မင်းရဲ့တပည့်မလေး ဒီလို ရမ်းကားဆိုးသွမ်းနေတာကို တကယ်ပဲ ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာလား”

သူ၏ ဟိန်းထွက်လှသော အော်ဟစ်သံကြီးကြောင့် ဘေးပတ်ဝန်းကျင် တောင်တန်းများရှိ မရေမတွက်နိုင်သော ငှက်ငယ်လေးများမှာ ထိတ်လန့်တကြားဖြင့် ပျံသန်းထွက်ပြေးကုန်ကြ၏။

နောက်တစ်စက္ကန့်၌မူ နီရဲတောက်ပြောင်လှသော ဝတ်စုံကို ဆင်မြန်းထားသည့် လှပ ကျော့ရှင်းလှသော ပုံရိပ်တစ်ခုသည် ကောင်းကင်ယံထက်မှနေ၍ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။ တကယ်ပင် ရှောင်ဟုန်ယီ ပေါ်လာခဲ့လေပြီ။

“ထွက်သွား”

သူမ၏ လေသံမှာ အေးစက်ပြီး သူမ၏ အရှိန်အဟုန်နှင့် ထိုးတက်လာသော အရှိန်အဝါကြောင့် ကောင်းကင်နှင့် မြေကမ္ဘာကြီး တစ်ခုလုံးပင် ရုတ်ချည်းဆိုသလို အရောင်အသွေး ပြောင်းလဲလျက် သုန်မှုန် မှောင်မိုက် သွားခဲ့ရပေတော့သည်။

“ကျန်းချန်၊ မင်းက ဂိုဏ်းအတွက် တကယ့်ကို အရှက်ရစရာပဲ၊ နဝမတောင်ထိပ်ရဲ့ တပည့်ရင်းအဖြစ် နေရာပေး ထားခံရဖို့ လုံးဝ မထိုက်တန်ဘူး၊ အခုချက်ချင်း နဝမတောင်ထိပ်ကနေ ထွက်ခွာပြီး ငါနဲ့အတူ စည်းကမ်း ထိန်းသိမ်းရေး ခန်းမကိုလိုက်ပြီးတော့ မင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကို ခံယူစမ်း”

လီဖာတုသည် ဤသည်မှာ သဘာဝကျလှသည်ဟု ယူဆကာ ဦးခေါင်းကို ညိတ်ရင်း ဆင့်ဆိုလိုက်၏။

“ငါ နင့်ကို ပြောနေတာ”

ရှောင်ဟုန်ယီ၏ လှပသော မျက်လုံးများက အေးစက်နေ၏။

သူမ ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူမ၏ လက်ဝယ်ထံသို့ နဂါးကြေးခွံများပမာ အစီအရီရှိလှသော နီရဲ တောက်ပြောင်သည့် မီးလျှံကြာပွတ် တစ်ချောင်း ပေါ်လာပြီး ၎င်းထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် တောက်လောင်မှု အရှိန်အဝါများကြောင့် ဘေးပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း တရိပ်ရိပ် ထိုးတက် သွားခဲ့သည်။

“ငါ့ကိုလား”

သူ့နှာခေါင်းကို သူ ပြန်လက်ညှိုးထိုးရင်း လီဖာတု ထပ်မံ၍ ကြောင်အသွားလေသည်။

“နင်က ငါ့နဝမတောင်ထိပ်ကို ဘာသက်သေမှမရှိဘဲ လူဖမ်းဖို့ လာရဲတယ်ပေါ့လေ၊ နင် အသက် သုံးကြိမ် ရှူစာအတွင်း ထွက်မသွားရင် ဒီနေရာမှာ နင့်အလောင်း နေခဲ့ရလိမ့်မယ်”

“…”

All Chapters