ဂိုဏ်း၏ မျှော်လင့်ချက်၊ ကိုးဘုံချောက်နက် ဝိညာဉ် သန္ဓေသား
Vol. 1 Ch. 15
နောက်ဆုံးတွင် လီဖာတုသည် အံကိုကြိတ်ကာ ထွက်သွားတော့သည်။
သူသည် ရှောင်ဟုန်ယီကို မယှဉ်နိုင်သဖြင့် အဘယ်ကြောင့် သူ့ကိုယ်သူ အရှက်ကွဲခံရမည်နည်း။
ကျန်းချန်က မာမိသားစုကို သတ်ဖြတ်ခဲ့သည်ဟူသော အချက်မှာ ငြင်းမရသော်လည်း သက်သေ မရှိချေ။ ဤကိစ္စကို ဂိုဏ်းချုပ်ထံ သူ သယ်သွားပါကလဲ သူ နိုင်လိမ့်မည် မဟုတ်ပါ။
သို့သော် လီဖာတုသည် ထွက်မသွားခင် မနေနိုင်ဘဲ ပြောလိုက်သည်။
“နဝမ တောင်ထိပ်သခင်၊ ကျန်းချန်က ဆုံးမလို့ မရတော့ဘူး၊ ကျုပ်တို့ဂိုဏ်းရဲ့ ဖြောင့်မတ် မှန်ကန်မှုကို ဦးစားပေးဖို့ ငါ မင်းကို တိုက်တွန်းချင်တယ်”
ထိုစကားကို ကြားသောအခါ ရှောင်ဟုန်ယီက ငြိမ်မြဲ ငြိမ်နေ၏။
သူမသည် နေရာ၌ ရပ်မြဲရပ်နေပြီး ကောင်းကင်ကြီးကို ငေးကြည့်ကာ သူမ၏ လှပသော မျက်ဝန်းတွင်း၌ ရုန်းကန်မှုများနှင့် ပြည့်နှက်နေ၏။
တကယ်တမ်းတွင် မာမိသားစု၏ မျိုးသုဉ်း သုတ်သင်ခံရမှုသည် ကျန်းချန်၏ လက်ချက်ဖြစ်ကြောင်း သူမလည်း ယုံကြည်ပါသည်။
သို့သော် သက်သေ မရှိပါဘဲနှင့် သူ၏ ဆရာသခင်ဖြစ်သော သူမသည် ကျန်းချန် ဖမ်းဆီးခေါ်ဆောင်ခံရမည့် ကိစ္စကို ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါမည်နည်း။
ယနေ့ သူမ အမှား လုပ်ကောင်း လုပ်နိုင်ခဲ့သော်လည်း နောင်အနာဂတ်တွင် သူမ အမှားကို သူမ လက်ခံနိုင်ပါသည်။
“ဟူး …”
ရှောင်ဟုန်ယီသည် သက်ပြင်းတစ်ချက်ကို လှိုက်လှိုက်လဲလဲ မှုတ်ထုတ်လိုက်မိရာ ၎င်းထံမှ ထွက်ပေါ်လာသော နက်ရှိုင်းလှသည့် ဝမ်းနည်းပူဆွေးမှု အရှိန်အဝါများကြောင့် ကြားရသူ မည်သူ့ကိုမဆို ရင်ထဲဝယ် ဆို့နင့်သွားစေ နိုင်ပေသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
ကျန်းချန်၏ နှုတ်ခမ်းမှာ အကြိမ်ပေါင်းများစွာ လှုပ်ရှားသွားခဲ့မိသော်လည်း အဆုံးသတ်တွင်မူ သူ လုပ်ဆောင် နိုင်သမျှ အရာအားလုံးမှာ သူ၏ ဆရာအရှေ့၌ ရိုသေစွာ ဦးညွှတ်လျက် တိုးညင်းလှသော လေသံဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဆိုလိုက်မိခြင်းမျှသာ ဖြစ်ပေသည်။
“မင်းကတော့... လေ...”
သူ့ကို နက်ရှိုင်းလှသော မျက်ဝန်းအစုံဖြင့် တစိမ့်စိမ့် စိုက်ကြည့်လိုက်မိပြီးသည့်နောက် ရှောင်ဟုန်ယီက ပြောလိုက်သည်။
“မင်းကိုယ်မင်း ဂရုစိုက်ပါ”
သူမ၏ ရိုးရှင်းလှသော စကားလုံးလေးအနည်းငယ်အတွင်း၌ အတိုင်းအဆမရှိလှသော စိတ်ပျက်အားငယ်မှုများနှင့် လမ်းပျောက်နေခဲ့သည့် ဝမ်းနည်းမှုများစွာက အပြည့်အဝ ဖုံးလွှမ်းနေခဲ့ရှာ၏။
ကျန်းချန်သည်လည်း သူ၏ ရင်ဘတ်ထဲမှနေ၍ အပ်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ ဆို့နင့် နာကျင် သွားခဲ့ရသော်လည်း လက်ရှိအခြေအနေအရ သူသည် အခြားဘာမျှ မတတ်နိုင်တော့သဖြင့် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်မိရင်း ခါးသီးလှသော လှောင်ပြုံးတစ်ခုကိုသာ ကျိတ်၍ ပြုံးလိုက်မိတော့သည်။
ဆရာနှင့် တပည့်တို့သည် တိတ်ဆိတ်မှုထဲသို့ အတူတကွ ကျရောက်သွားတော့သည်။
တစ်ခဏကြာသော် ရှောင်ဟုန်ယီက ပြောလိုက်သည်။
“မင်းရဲ့ ဒုတိယ ဂျူနီယာ ညီလေးရဲ့ ဒဏ်ရာက သက်သာလာပြီ၊ သူ အခု အိပ်ရာက ထပြီး လမ်းလျှောက်နိုင်နေပြီ၊ သူ့ကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်ခဲ့တဲ့လူက မင်း ဖြစ်နေတော့ သွားပြီး တောင်းပန်လိုက်ပါ၊ သူ အပြည့်အဝ ပြန်ကောင်းလာတဲ့အထိ သူ့ရဲ့ နေ့စဉ် လိုအပ်ချက်တွေကို မင်းပဲ လုပ်ပေးလိုက်”
“ဆရာ့ရဲ့ အမိန့်ကို နာခံပါ့မယ်”
ကျန်းချန်က ထပ်မံ၍ ဦးညွှတ်လိုက်သည်။
သူ အလွန် နာခံနေသည်ကို မြင်ပြီးနောက် ရှောင်ဟုန်ယီ၏ စိတ်အခြေအနေက သိသိသာသာ တိုးတက်သွားသည်။
သူမက ကျန်းလျန်ယွဲ့ဘက် လှည့်ကာ လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်သည်။
“လျန်ယွဲ့၊ ဆရာ့ဆီ လာခဲ့”
ကျန်းလျန်ယွဲ့သည် သူမကို ငြိမ်၍သာ ကြည့်နေပြီး ခြေတစ်လှမ်းပင် မလှုပ်ချေ။
“အာ …”
ရှောင်ဟုန်ယီသည် အနည်းငယ် နေရခက်သွားပြီးမှ ဆက်ပြောလိုက်သည်။
“ဂိုဏ်းရဲ့ မဟာအကြီးအကဲချုပ်ကိုယ်တိုင် မင်းအတွက် တကူးတက မိစ္ဆာတောင်ကုန်း ဝိညာဉ်ချောက်နက်ဆီကို သွားပြီး ကိုးဘုံချောက်နက် ဝိညာဉ်သန္ဓေသားလို့ ခေါ်တဲ့ ပစ္စည်းတစ်ခုကို ယူလာပေးခဲ့တာ၊ အဲ့ဒီအရာက မင်းရဲ့ တာအိုနှလုံးသားကို သေချာပေါက် ပြန်လည်တည်ငြိမ်သွားအောင် ကူညီပေးနိုင်လိမ့်မယ်”
*မိစ္ဆာတောင်ကုန်း ဝိညာဉ်ချောက်နက်လား*
ကျန်းချန်သည် အတော်လေး အံ့ဩသွားခဲ့ပြီး လှောင်ပြုံးတစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။
ထိုမိစ္ဆာတောင်ကုန်း ဝိညာဉ်ချောက်နက်ဟူသည်မှာ မဟာအလယ်ပိုင်းဒေသအတွင်း၌ အလွန်အမင်း အန္တရာယ် ကြီးမားလှသည်ဟု ကျော်ကြားသော သမိုင်းဝင် လျှို့ဝှက်နယ်မြေကြီးတစ်ခုဖြစ်ပြီး ၎င်း၏ အတွင်း၌မူ မရေမတွက်နိုင်သော သရဲတစ္ဆေများနှင့် မိစ္ဆာဝိညာဉ်ဆိုးများဖြင့် သိပ်သည်းစွာ ပြည့်နှက်နေခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ကိုးဘုံချောက်နက် ဝိညာဉ်သန္ဓေသားသည်လည်း အဆင့်ရှစ် အဖိုးတန် ဝိညာဉ်ရတနာ တစ်ပါး ဖြစ်ပြီး၊ ချောက်နက်အတွင်းရှိ အသန့်စင်ဆုံးသော ဝိညာဉ်စွမ်းအင်များမှနေ၍ သဘာဝအတိုင်း ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်ရာ မည်သည့် မိစ္ဆာအဆိပ်အတောက်များ၏ လွှမ်းမိုးမှုကိုမျှ မခံရဘဲ အနှစ်တစ်ထောင်မှတစ်ကြိမ်သာ မတော်တဆ မြင်တွေ့နိုင်စွမ်းရှိသည့် အဖိုးတန်ရတနာ ဖြစ်ပေသည်။
အကယ်၍ သရဲတစ္ဆေများက ၎င်းကို စားသုံးမိကြမည်ဆိုပါက မိမိတို့ ခန္ဓာကိုယ်တွင်းရှိ ရန်ငြိုးဒေါသမီးလျှံများနှင့် မိစ္ဆာ အဆိပ်အတောက်များကို အပြီးအပိုင် သုတ်သင်ရှင်းလင်းနိုင်ကာ မိမိတို့၏ ဝိညာဉ်ခန္ဓာကိုယ်ပုံစံကို ခိုင်မာ တောင့်တင်း သွားစေနိုင်စွမ်း ရှိကြ၏။
အကယ်၍ လူသားကျင့်ကြံသူများက ၎င်းကို ရရှိသုံးစွဲခဲ့မည်ဆိုပါကလည်း မိမိတို့၏ ကမောက်ကမဖြစ်နေသော တာအိုနှလုံးသားကို ချက်ချင်း တည်ငြိမ်သွားစေနိုင်သလို သူတို့၏ စိတ်ဝိညာဉ်ကို သန့်စင်နိုင်ပေမည်။
သဘာဝရတနာများနှင့် ဆေးလုံးများ၏ အဆင့်အတန်း သတ်မှတ်ချက်များအရမူ အဆင့်တစ်မှာ အနိမ့်ဆုံး အဆင့်ဖြစ်ပြီး အဆင့်ကိုးမှာ အမြင့်ဆုံး အထွတ်အထိပ်အဆင့် ဖြစ်ပေသည်။
ထိုကဲ့သို့သော ထိပ်တန်းဝိညာဉ်ရတနာမျိုး ပေါ်ပေါက်လာသည့် အကြိမ်တိုင်း၌ ထိုမိစ္ဆာချောက်နက်ကြီး၏ အနက်ရှိုင်းဆုံးသော နေရာ၌သာ တည်ရှိတတ်စမြဲ ဖြစ်၏။ မဟာအလယ်ပိုင်းဒေသရှိ အင်အားကြီး ကျင့်ကြံသူများ အားလုံးက ၎င်းကို ရရှိရန်အတွက် အလွန်အမင်း လောဘတကြီး တပ်မက်နေခဲ့ကြသော်ငြားလည်း မည်သူ တစ်ဦး တစ်ယောက်မျှ ထိုနေရာဆီသို့ မဆင်မခြင် စွန့်စားဝင်ရောက်ရဲခြင်း မရှိကြပါချေ။
အကြောင်းပြချက်ကား ရိုးရှင်းလှပေသည်။
ထိုမိစ္ဆာချောက်နက်ကြီး၏ အနက်ရှိုင်းဆုံးသော နေရာ၌ အထက်ပိုင်းအဆင့်လေးဆင့်ရှိ အင်အားကြီး ကျင့်ကြံသူ များနှင့် ရင်ပေါင်တန်းနိုင်လောက်သော မိစ္ဆာဝိညာဉ်ပေါင်း မြောက်မြားစွာ ရှိနေကြသောကြောင့် ဖြစ်၏။
ထိုကဲ့သို့သော ထိပ်တန်းမိစ္ဆာကြီးများနှင့် လုယက်တိုက်ခိုက်လျက် ကိုးဘုံချောက်နက် ဝိညာဉ်သန္ဓေသားကို ရယူရန် ကြံစည်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းမျိုးပင်။
ကျိုးယန်ဂိုဏ်းကြီး၏ အနားယူနေခဲ့ကြသော အကြီးအကဲဟောင်းကြီးများအနက် ထိုကဲ့သို့သော မိစ္ဆာကြီးများ၏ ခံတွင်းဝမှနေ၍ ဤအဖိုးတန်ရတနာကို ဒဏ်ရာအနာတရ စိုးစဉ်းမျှမရဘဲ အောင်မြင်စွာ လုယူသယ်ဆောင် လာနိုင်စွမ်းရှိသူဟူ၍ တစ်ဦးတည်းသာ ရှိကြောင်းကို ကျန်းချန် ကောင်းစွာ သိရှိထားပေသည်။
“အဲ့ဒီ မသေမျိုး အဘိုးကြီးကိုယ်တိုင် အားထုတ်ပြီး ရင်ဆိုင်လာတယ်ဆိုတော့ ဂိုဏ်းရဲ့ မျှော်လင့်ချက် ပီသပါပေတယ်၊ ဧကရီ တစ်ပါးရဲ့ အလားအလာက တကယ်ကို မတူဘူးပဲ”
ကျန်းချန် အထင်အမြင်သေးစွာ တွေးနေမိသည်။
သူကိုယ်တိုင်သည်လည်း ချွင်းချက်မရှိ ပါရမီ ရှိပါသည်။
သူသည် ကိုးဘဝတိုင်တိုင် ပြန်လည်ဝင်စားခြင်းအား ဖြတ်သန်းခဲ့ပြီး ဂိုဏ်းအတွက် သွေးမြေကျကာ ကောင်းကျိုးမှ ယူဆောင်ပေးခဲ့ပါ၏။
သို့သော် ရလဒ်က မည်သို့ ဖြစ်သနည်း။
သူ၏ ကျင့်ကြံခြင်း ဖျက်ဆီးခံခဲ့ရပြီး ဂိုဏ်းမှလဲ နှင်ထုတ်ခံခဲ့ရပေသည်။
တစ်ဖက်တွင်မူ ကျန်းလျန်ယွဲ့သည် ကိုးဘုံချောက်နက် ဝိညာဉ်သန္ဓေသားကို ကြားလိုက်ရသောအခါ သူမ၏ မျက်လုံးတွင် အံ့အားသင့်သွားသည့် အရိပ်အယောင် ပေါ်လာသော်လည်း ယင်းမှာ တစ်ဒင်္ဂမျှသာ ဖြစ်သည်။
နောက်တစ်စက္ကန့်အကြာ၌ သူမက ပြောလာသည်။
“ကျွန်မ မလိုအပ်ဘူး၊ ကျွန်မ တကယ် မရူးဘူး”
ယင်းက ရှောင်ဟုန်ယီအား ခေါင်းကိုက်သွားစေပြီး အရူးများက ဘယ်တော့မှ မိမိကိုယ်မိမိ အရူးလို့ မဝန်ခံကြဟူသော စကားက တကယ် မှန်နေသည်ဟု တွေးလိုက်မိသည်။
သူမ မသိသည့်အချက်မှာ ကျန်းလျန်ယွဲ့သည် တကယ်ပင် စိတ်ဖောက်ပြန်သွားပြီး အမှောင်ဘက်သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းက တာအို နှလုံးသား မတည်ငြိမ်ခြင်း သို့မဟုတ် စိတ်ဝိညာဉ် ထိခိုက်သွားခြင်းကြောင့် မဟုတ်ပေ။ ယင်းမှာ ကိုးဘဝတိတိမှ နောင်တများနှင့် နှစ်တစ်ထောင်ထိထိ မိမိကိုယ်မိမိ အပြစ်တင်စိတ်များကြောင့်သာ ဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ယင်းမှာ နှလုံးသား ဖျားနာခြင်းသာ ဖြစ်သည်။
ထိုကဲ့သို့သော နှလုံးသား အနာရောဂါဆိုးမျိုးကိုမူ ကုသရန် လွန်စွာမှ ခဲယဉ်းလှပြီး အစွမ်းထက်လှသော ကျင့်ကြံသူကြီးများ ဖြစ်ကြသည့်တိုင်အောင် နှလုံးသားချင်း လဲလှယ်ကုစားရမည့် စိတ်ဆေးတစ်ခွက်ကိုသာ မဖြစ်မနေ လိုအပ်ကြစမြဲ ဖြစ်၏။
ထို့အပြင် သူမ၏ နှလုံးသားဝေဒနာကို အပြီးအပိုင် ဖြေဖျောက်ပေးနိုင်မည့် တစ်ဦးတည်းသော စိတ်ဆေး အစစ်မှာ ကျန်းချန်ပင် ဖြစ်ပေတော့သည်။
တစ်နေ့နေ့ တစ်ချိန်ချိန်၌ ကျန်းချန် ကိုယ်တိုင် သူမကို ခွင့်လွှတ်ပေးပြီး ကိုးဘဝမှ နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်ပေါ်လာသော အငြိုးများကို ဖြေလျှော့လိုက်မှသာ ရပေတော့မည်။ သို့မဟုတ်ပါက ကျန်းလျန်ယွဲ့သည် အမှောင်ဘက်ခြမ်းသို့ ဆက်လက်၍ ကျရောက်ဦးမည် ဖြစ်ကာ ကုသ၍ မရနိုင်သည်အထိ ဖြစ်သွားနိုင်ပေသည်။
“ငါ့ရဲ့ တပည့်အလိမ္မာလေး၊ မင်း မရူးတာကို ငါ သတိပါတယ်၊ ဒါပေမဲ့ စမ်းကြည့်လို့လဲ ထိခိုက်တာ မရှိဘူးလေ၊ စိတ်မပူပါနဲ့ မင်းရဲ့ ဆရာက မင်းနဲ့အတူ အမြဲတမ်း ရှိနေမှာပါ”
ရှောင်ဟုန်ယီသည် ကလေးငယ်တစ်ဦးကို ချော့မြှူနေသည့်အလား စိတ်ရှည်သည်းခံမှုများဖြင့် ဖျောင်းဖျ ပြောဆိုလိုက်၏။
သို့သော် ကျန်းလျန်ယွဲ့က သူမအား ပြန်လည်စိုက်ကြည့်လိုက်သည့် မျက်ဝန်းအရိပ်အယောင်များမှာကား အရူး တစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
ရှောင်ဟုန်ယီ ထပ်မံ၍ ဆွံ့အသွားလေသည်။
ဤသည်မှာ သူမ ကြိုတင်မျှော်လင့်ထားခဲ့သည့် အခြေအနေမျိုး လုံးဝမဟုတ်ပါချေ။ ယခင်တစ်ခေါက်က ကျန်းလျန်ယွဲ့သည် သူမ၏ တော်ဝင် အဆီအနှစ်ကို ဖောက်ခွဲရန် ပြင်ဆင်ခဲ့စဉ်တုန်းက သူမအား အနာတရ မဖြစ်စေချင်သည့် အတွက်ကြောင့်သာ နောက်ဆုံးမိနစ်၌ ကမန်းကတန်း ပြန်လည်ရပ်တန့်ခဲ့ခြင်း မဟုတ်ပါလား။ သို့သော်လည်း ယခုလက်ရှိတွင်မူ ကျန်းလျန်ယွဲ့၏ တုံ့ပြန်ပုံများမှာကား ယခင်ကနှင့် လုံးဝ မတူညီတော့ပါ။
*သူမရဲ့ ရူးသွပ်မှုက ပြင်းထန်လာလို့များလား*
ဤသို့ တွေးမိသည်နှင့် ရှောင်ဟုန်ယီသည် စိုးရိမ်မှုကြောင့် ပို၍ မျက်မှောင်ကြုတ်မိကာ ဘာလုပ်ရမှန်း မသိတော့သကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်ကို မြင်သော် ကျန်းချန်သည် သူ၏ လှပသော ဆရာသခင် ဒုက္ခရောက်သည်ကို မလိုချင်သလို ကိုယ်တိုင်ပါ ဘေးကင်းချင်သည့်အတွက် ပြောလိုက်လေသည်။
“ဂျူနီယာ ညီမ၊ မင်း ဆရာ့စကားကို နားထောင်သင့်တယ်”
“အင်း”
ကျန်းလျန်ယွဲ့က ခေါင်းညိတ်ကာ ခြေလှမ်းသေးသေးလေးများနှင့် ရှောင်ဟုန်ယီဘက်သို့ လျှောက်သွားလေသည်။
ရှောင်ဟုန်ယီ၌ မေးခွန်းများနှင့် ပြည့်လာ၏။
*ဘာတွေ ဖြစ်နေတာလဲ*
သူမသည် ယခင်တစ်ခေါက်က သူမ၏ တော်ဝင် အဆီအနှစ်ကို ကိုယ်တိုင် လောင်ကျွမ်းဖျက်ဆီးရန် ကြိုးစားခဲ့သည့် အချိန်ကို ပြန်စဉ်းစားမိပြီး မဖြစ်နိုင်သော အတွေးတစ်ခု ပေါ်လာခဲ့သည်။
*မဟုတ်မှလွဲရော ...*
*အစကနေ အဆုံးအထိ ကျန်းလျန်ယွဲ့က ကျန်းချန် ပြောတာကိုပဲ နားထောင်ခဲ့တာလား*
…
ပင်မတောင်ထိပ်ကြီးဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသော လမ်းခရီးတစ်လျှောက်တွင်မူ တောင်ထိပ်သခင် ရှောင်ဟုန်ယီသည် ၎င်းမှာ ဖြစ်နိုင်ချေ ရှိသည်ဟု ပိုပို၍ ခံစားလာရသည်။
နဝမတောင်ထိပ်၏ အရှင်သခင်တစ်ဦး ပီပီ အကယ်၍သာ သူမဘက်က စစ်ဆေးရန် စိတ်ကူးရှိခဲ့မည်ဆိုပါက နဝမ တောင်ထိပ်ပေါ်ရှိ မည်သည့် သစ်ပင်ပန်းမာန်နှင့် မြက်ပင်တစ်ပင်လေး၏ လှုပ်ရှားမှုကိုမျှ သူမ၏ ဆန်းကြယ်လှသော နတ်ဘုရား အာရုံမှနေ၍ လွတ်မြောက်သွားအောင် ဖုံးကွယ်ထားနိုင်ကြလိမ့်မည် မဟုတ်ပါချေ။
ကျန်းချန်တစ်ယောက် သစ်သားအဆောင်ရှေ့၌ ကျန်းလျန်ယွဲ့အား အစေခံအမျိုးသမီးငယ်တစ်ဦးပမာ စိတ်ကြိုက် ခြယ်လှယ်စေခိုင်းနေခဲ့စဉ်က ရှောင်ဟုန်ယီသည် ဤသည်မှာ ကျန်းလျန်ယွဲ့တစ်ယောက် စိတ်အာရုံများ ကမောက်က မဖြစ်ကာ ရူးသွပ်နေခဲ့သောကြောင့်သာ ဖြစ်ရမည်ဟု လွယ်လွယ်ကူကူ ရိုးရှင်းစွာ တွေးတော မှတ်ချက်ချခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ယခုလက်ရှိ မြင်ကွင်းများအရမူ အခြေအနေအရပ်ရပ်မှာ သူမ ထင်မှတ်ထားခဲ့သလိုမျိုး လုံးဝ မဟုတ်နေခဲ့သည်မှာ ထင်ရှားလှပေသည်။
ဤသည်က ရှောင်ဟုန်ယီကို နဂိုထက် အဆပေါင်းများစွာ ပိုမို၍ စိုးရိမ်ပူပန်သွားစေခဲ့သည်။
ဆရာတစ်ယောက်အနေဖြင့်မူ သူမသည် မိမိ၏ တပည့်များ အားလုံး စည်းလုံး ညီညွတ်ကြပြီး တစ်ဦးနှင့်တစ်ဦး အလွန်အမင်း ရင်းနှီးချစ်ခင်ကြရန် အမြဲတစေ မျှော်လင့်တောင့်တရစမြဲ ဖြစ်သော်ငြားလည်း ယခုကဲ့သို့သော နည်းမျိုးဖြင့် မဟုတ်ပါ။
ကျန်းချန်က မသင့်သော အရာတစ်ခုခု မလုပ်ခဲ့သော်လည်း ၎င်းအား လက်မခံနိုင်သေးပါ။
သူမ၏ တပည့်အား ကျန်းချန်အနား၌ အချိန်အတော်ကြာ နေပြီး မကောင်းမှုများ လွှမ်းမိုးလာမည့် အလားအလာ အား သူမ လက်မခံနိုင်ပါ။
ပုန်ကန်တတ်သော တပည့်တစ်ယောက်နှင့်တင် သူမ မောပန်းနေပြီ ဖြစ်သည်။ အကယ်၍ နောက်တစ်ယောက်သာ ပေါ်လာပါက သူမ ရူးသွားလောက်သည်။
ရှောင်ဟုန်ယီ တွေးလေလေ အခြေအနေများကို မစစ်ဆေးဘဲ လွှတ်မထားသင့်ဟု ခံစားရလေလေ ဖြစ်လာသည်။
သူမသည် မျက်နှာထက်ဝယ် အတတ်နိုင်ဆုံး နူးညံ့လှသော အပြုံးနုနုလေးတစ်ခုကို ဖန်တီးရင်း သူမ၏ လက်ကို ဖြည်းညင်းစွာ မြှောက်ကာ ကျန်းလျန်ယွဲ့၏ ဦးခေါင်းလေးအား ကြင်နာတတ်သော၊ ချဉ်းကပ်ရလွယ်ကူသော ဆရာတစ်ဦးပီပီ ညင်သာစွာ ပွတ်သပ်ပေးလိုက်တော့သည်။
“လျန်ယွဲ့၊ အခုကစပြီး မင်းရဲ့ ဆရာနောက်ကိုပဲ လိုက်ရင်ရော ဘယ်လိုလဲ၊ ပြီးတော့ မင်းရဲ့ အကြီးဆုံး စီနီယာ အစ်ကိုကို တွေ့နေတာကို ရပ်လိုက်တော့၊ သူက …”
“ဝုန်း”
သူမ စကားမဆုံးမီမှာပင် ကျန်းလျန်ယွဲ့၏ ကိုယ်တွင်းမှ နှင်းခဲ အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
အရှိန်အဝါက ပိုပို၍ ပြင်းထန်လာသဖြင့် ရှောင်ဟုန်ယီတောင်မှ တုန်ယင်လာရသည်။
ကျန်းလျန်ယွဲ့ ကြမ်းတမ်းစွာ တုံ့ပြန်ပြီး သူမ၏ တော်ဝင် အဆီအနှစ်အား လောင်ကျွမ်းစေမည်ကို စိုးရိမ်သဖြင့် ရှောင်ဟုန်ယီက သူမကို အသည်းအသန် ချော့မော့ရန် ကြိုးစားလေသည်။
“ဆရာက စနေရုံပါ၊ စီနီယာ မောင်နှမတွေအနေနဲ့ မင်းတို့ အတူတူ အချိန်ဖြုန်းသင့်ပါတယ်”
သေချာပေါက်ပင် ထိုစကား ပြောလိုက်သည်နှင့် ကျန်းလျန်ယွဲ့က သူမ၏ အရှိန်အဝါကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး နာခံစွာ ခေါင်းညိတ်လိုက်သေးသည်။
“ဒါပေမဲ့ မင်းရဲ့ အကြီးဆုံး စီနီယာ အစ်ကိုက …”
ရှောင်ဟုန်ယီက အခွင့်ကောင်းကို အရယူ၍ ဆက်ပြောလိုက်သည်။
“ဝုန်း”
ရေခဲ အရှိန်အဝါက ထပ်မံ၍ ထွက်ပေါ်လာပြီး ယခင်ထက်ပင် ပို၍ ကြမ်းတမ်းနေသေး၏။
“…”
ရှောင်ဟုန်ယီ ပြောစရာ စကားမဲ့သွားလေသည်။
သူမ နားလည်သွားလေပြီ။ ကျန်းလျန်ယွဲ့အား ကျန်းချန်နှင့် မတွေ့ရန် တားဆီးသည့် မည်သူမဆို သို့မဟုတ် ကျန်းချန်အကြောင်း မကောင်းပြောသည့် မည်သူမဆို ချက်ချင်း ကျန်းလျန်ယွဲ့၏ ဒေါသမီးစနက်ကို အစပျိုးပေး သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ မည်သူမှ ချွင်းချက် မရှိပေ။
*ဒါ ဘာတွေ ဖြစ်နေတာလဲ*
ရှောင်ဟုန်ယီ၏ နက်ရှိုင်းသော ကျင့်ကြံမှုကြောင့် ကျန်းလျန်ယွဲ့ ထိခိုက်မှု မရှိသည်ကို မမြင်ထားပါက ကျန်းချန်က ကျန်းလျန်ယွဲ့အား ပြုစားထားသည်ဟုပင် သံသယ ဝင်မိလောက်သည်။
ယခုအခါ၌ သူမ စောင့်ကြည့်နေရုံသာ ရှိတော့သည်။
ရှောင်ဟုန်ယီသည် စိတ်ထဲ၌ သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးနောက် မတတ်သာဘဲ စကားလမ်းကြောင်းကို အတင်း ပြောင်းလိုက်ရတော့သည်။
“ဟင်းဟင်း … ဒီနေ့ ရာသီဥတုက အတော်လေး သာယာတာပဲ …”
စာစဉ် ၁ ပြီးပါပြီ။