← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း(၃၂၁)

"ဗဲရိုးနာ မြို့က ပြိုင်ဘက် မိသားစုနှစ်ခုဖြစ်တဲ့ မွန်တဂျူး နဲ့ ကက်ပျူလက် မိသားစု။ သူတို့ကြားမှာ ကံကြမ္မာဖန်တီးထားတဲ့ စုံတွဲတစ်တွဲ မွေးဖွားလာခဲ့တယ်။ ဟုတ်ပါတယ်။ အားလုံးသိကြတဲ့ ရိုမီယို နဲ့ ဂျူးလီယက် ပါပဲ။ ရိုမီယို မွန်တဂျူး နဲ့ ဂျူးလီယက် ကက်ပျူလက် တို့ရဲ့ နားလည်မှုလွဲချော်ရာကနေ စတင်ခဲ့တဲ့ အဖြစ်ဆိုးနဲ့ အဆုံးသတ်ရတဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အဖြစ်ဆိုးတွေကို သိပ်သဘောမကျလို့ နည်းနည်းလေး ကွဲထွက်သွားအောင် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် အခုပဲ ရိုမီယို နဲ့ ဂျူးလီယက် ကို ဒီစင်မြင့်ထက်ကို ဖိတ်ခေါ်လိုက်ပါရစေ။ နောက်လာမယ့် မိနစ်သုံးဆယ်က အားလုံးအတွက် ပျော်စရာအချိန်လေး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

သူက ဘယ်ဘက်ခြေထောက်ကို အနောက်ဘက် အသာဆုတ်လိုက်ပြီးတော့ အရိုအသေပေးလိုက်တယ်။ သူ့ရဲ့ ညာဘက်လက်က ချက်ပေါ်မှာ တင်ထားလျက်သားပေါ့။ သူက အဲဒီအနေအထားအတိုင်း သုံးစက္ကန့်လောက် နေပြီးမှ ခေါင်းကို ပြန်မော့လာခဲ့တယ်။

"မိတ်ဆက်အနေနဲ့ ဒီလောက်ပဲ လုပ်တော့မယ်။ အရမ်းကြာသွားရင် ပျင်းစရာကောင်းနေလိမ့်မယ်"

"ဝိုး... စီနီယာက တကယ့်ကို တခြားတစ်ယောက်လိုပဲ"

အာရမ်က လက်ခုပ်တီးလိုက်တယ်။ မာရူးက ပခုံးတွန့်ပြလိုက်ပြီးတော့ ထိုင်ချလိုက်တယ်။ အာရမ်ရဲ့ အကြံပြုချက်ကြောင့် သူတို့တွေ ရိုမီယို နဲ့ ဂျူးလီယက် ကို အလွတ်သရုပ်ဆောင်ရမယ့်ပုံစံနဲ့ စပြီး လေ့ကျင့်နေခဲ့ကြတာလေ။ ဇာတ်လမ်းအစအဆုံးကို အလွတ်သရုပ်ဆောင်ဖို့ မဖြစ်နိုင်တာကြောင့် အဓိကကျတဲ့ အပိုင်းတွေကိုပဲ လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

"ငါက ဇာတ်ကြောင်းပြောအနေနဲ့ တစ်ခါတလေမှ ထွက်လာမယ်။ ဘာပဲဖြစ်ဖြစ် ဒါက အလွတ်ပြောရမယ့်ဟာပဲလေ"

"ဟုတ်ကဲ့"

ဒီပြဇာတ်ရဲ့ ဒါရိုက်တာက သဘာဝကျကျပဲ အာရမ် ဖြစ်လာခဲ့တယ်။ ဒေးမြောင်ကလည်း နောက်ဆုတ်ပေးလိုက်တယ်လေ။ ဒါက သူတို့ကိုယ်တိုင် ပျော်ပျော်ပါးပါး ကပြရမယ့် ပြဇာတ်ဖြစ်လို့ သေချာပေါက် တင်းတင်းကျပ်ကျပ် လေ့ကျင့်စရာ မလိုပါဘူး။ ပြိုင်ပွဲအတွက် လေ့ကျင့်ပြီးလို့ အချိန်ပိုတဲ့အခါမျိုးကျမှပဲ ဒီပြဇာတ်အတွက် ပြင်ဆင်ကြတာကိုး။

"ငါတို့ ခွင့်ပြုချက်ရပြီ။ ခန်းမထဲမှာ တစ်နာရီ အချိန်ရမယ်။ ပြီးတာနဲ့ ဂီတကလပ်ရဲ့ ဖျော်ဖြေမှုရှိသေးလို့ ငါတို့ကိစ္စပြီးတာနဲ့ ချက်ချင်း မြန်မြန် ထွက်ပေးရလိမ့်မယ်"

တေးဆစ်က အရှေ့တံခါးကနေ ဝင်လာပြီး အချိုရည်တွေ လိုက်ဝေရင်း ပြောလိုက်တယ်။

"ဘယ်အချိန်လဲ"

"၁၂ နာရီကနေ ၁ နာရီအထိ"

"အဲဒါ နေ့လယ်စာစားချိန်ကြီးလေ"

"အဲဒီအချိန်ကလွဲပြီး တခြားရနိုင်မယ့်အချိန် မရှိဘူး။ ကျောင်းကွင်းပြင်မှာဆိုရင်တော့ ငါတို့ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရနိုင်ပေမယ့် အဲဒါက နည်းနည်းလေး ခက်ခဲမယ်ထင်တယ် မဟုတ်ဘူးလား"

"ခန်းမကလွဲရင် ငါတို့ကြိုက်တဲ့နေရာမှာ ပြဇာတ်ကလို့ ရတယ်မလား"

"မရဘူး။ အဆောက်အအုံတွေရဲ့ အဝင်ပေါက်တွေက ငါတို့ကျောင်းက နှစ်ပေါင်းများစွာ ရခဲ့တဲ့ ဆုတွေကို ပြသဖို့အတွက်လေ။ နေရာကောင်းတွေနဲ့ အချိန်ကောင်းတွေကိုတော့ တခြားကလပ်တွေက မဲနှိုက်ပြီး ယူသွားကြလောက်ပြီ ထင်တယ်"

အဲဒီစကားကို ကြားတာနဲ့ အာရမ်က ရုတ်တရက် ထရပ်လိုက်တယ်။

"အဲဒီလိုမျိုး တစ်ခါမှ မကြားမိပါဘူး။ မဲနှိုက်ရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"

"ကျောင်းသားကောင်စီက အရင်ကတည်းက သတိပေးစာ ကပ်ထားသင့်တာ။ ဒုတိယနှစ်တွေအတွက် သတိပေးသင်ပုန်းပေါ်မှာလေ"

အာရမ်က အနောက်ပေါက်ကနေ အပြေးအလွှား ထွက်သွားတယ်။ စာသင်ခန်းထဲကနေ သူမရဲ့ ခြေသံကျယ်ကျယ်ကို ကြားနေရတယ်။ ခဏကြာတော့ သူမက စိတ်ပျက်လက်ပျက် မျက်နှာပေးနဲ့ ပြန်ရောက်လာခဲ့တယ်။

"ပြောင်းလို့မရအောင် အတည်ဖြစ်သွားပြီ ထင်တယ်"

"ဖြစ်နိုင်တယ်။ ကဲ... ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။ ခန်းမကို သုံးဖို့ ခွင့်ပြုချက်ရထားပေမယ့် အဲဒီအချိန်ကို သဘောမကျဘူးဆိုရင်လည်း မတတ်နိုင်ဘူးလေ။ အဲဒီနေရာရဖို့ တော်တော်လေး အခက်အခဲရှိခဲ့ပေမယ့် နေ့လယ်စာစားချိန်ဆိုတော့ သိပ်အဆင်မပြေဘူးလေ ဟုတ်တယ်မလား"

တေးဆစ်က ခါးသီးစွာ ပြုံးလိုက်တယ်။ ဆရာတွေကြားထဲမှာ မျက်မုန်းကျိုးခံနေရတဲ့ သရုပ်ဆောင်ကလပ်က ခန်းမကို သုံးချင်တာဆိုတော့ ဆရာတွေရဲ့ အစည်းအဝေးမှာ သူ တော်တော်လေး မျက်စောင်းအထိုးခံခဲ့ရမှာ သေချာတယ်။ ဆုံးဖြတ်ချက် တစ်ခုခုချပြီးတာနဲ့ သူ့ကို လာပြောဖို့ မှာပြီးတော့ သူ ထွက်သွားတယ်။

"နေ့လယ်စာစားချိန်ကြီး လုပ်ရင် ဘယ်သူမှ လာကြည့်မှာ မဟုတ်ဘူး"

"အဲဒါတော့ ဟုတ်တယ်"

ခဏလောက် စဉ်းစားခန်းဝင်နေပြီးမှ အာရမ်က ထပ်ပြောလိုက်တယ်။

"ကျောင်းကွင်းပြင်မှာ လုပ်ရင်ကော ဘယ်လိုလဲ"

"ကျောင်းကွင်းပြင်"

အာရမ်က ပြတင်းပေါက်ဆီကို လျှောက်သွားတယ်။

"ကျောင်းကွင်းပြင်ရဲ့ ညာဘက်က စင်မြင့်လေ။ အဲဒီနေရာက ကောင်းမယ်ထင်တယ်။ အားကစားရုံနဲ့ရော ဓာတ်ခွဲခန်းအဆောက်အအုံနဲ့ပါ နီးတယ်။ ပြီးတော့ ပွဲတော်နေ့မှာလည်း ကျောင်းက နေ့လယ်စာ ကျွေးတယ် မဟုတ်လား"

"ကျွေးလောက်ပါတယ်"

"ဒါဆိုရင် အားလုံးက အဲဒီနေရာကို အနည်းဆုံး တစ်ခေါက်တော့ ဖြတ်လျှောက်ကြရမှာဆိုတော့ အဲဒီနေရာက အကောင်းဆုံးပဲ။ စာသင်နှစ်အစတုန်းက လူတိုင်း နေ့လယ်စာ သွားစားတဲ့အချိန်မှာ နင်တို့လည်း အဲဒီလိုပုံစံမျိုး လုပ်ခဲ့ဖူးတယ် မဟုတ်လား"

အဲဒီလိုပုံစံမျိုး။ အဲဒါက ကလပ်အဖွဲ့ဝင်အသစ်တွေ စုဆောင်းဖို့ မာရူး၊ ဒေးမြောင်နဲ့ ဘန်ဂျူးတို့ သရုပ်ဆောင်ပြခဲ့တဲ့အချိန်ကို ရည်ညွှန်းတာပဲလေ။ အာရမ်ရဲ့ စကားတွေက ဖြစ်နိုင်ခြေရှိတယ်။ ကျောင်းသားတွေ သွားလာလှုပ်ရှားမယ့် အခြေအနေကို စဉ်းစားကြည့်ရင် အဲဒီနေရာက သေချာပေါက် အရေးပါတဲ့ နေရာတစ်ခုပဲ။ ပြဿနာက တခြားကလပ်တွေကလည်း ဒီအချက်ကို သိနေကြမှာပဲလေ။

"ပင်မအဆောက်အအုံနဲ့ ဓာတ်ခွဲခန်းအဆောက်အအုံကို ခွင့်ပြုချက်တောင်းထားတဲ့ ကလပ်တွေက ယူသွားကြပြီဆိုတော့ ကျောင်းကွင်းပြင်အတွက်က ဘယ်လိုအခြေအနေ ရှိနေလဲ။ ပွဲတော်နေ့ကျမှ အရင်ရောက်တဲ့သူက ယူရမယ့်သဘောလား"

ဒေးမြောင်က ကျောင်းကွင်းပြင်ကို ငုံ့ကြည့်ရင်း မေးလိုက်တယ်။ မာရူးလည်း ဒီအကြောင်းကို သိချင်နေခဲ့တာ။ ကျောင်းသားတွေက ကျင်းပတဲ့ ပွဲတော်ဖြစ်လို့ ကျောင်းသားကောင်စီကပဲ အရာအားလုံးနီးပါးကို စီစဉ်ရမှာလေ။ တခြားနေရာတွေအတွက် အစီအစဉ်ဆွဲထားတာတွေ ရှိနေမှတော့ ကျောင်းကွင်းပြင်ကိုလည်း စီစဉ်ထားပြီးသား ဖြစ်လောက်တယ်။

"ငါ သွားမေးလိုက်မယ်"

ဒီတစ်ခါလည်း အာရမ်ကပဲ မတ်တပ်ထရပ်လိုက်တယ်။ ဒီနေ့က ဇူလိုင်လ ၃၁ ရက်၊ စနေနေ့လေ။ နေ့ဝက်ပဲ ကျောင်းတက်ရတာဆိုပေမယ့် ကျောင်းမှာ ကျောင်းသားတချို့ ရှိနေသေးတယ်။ နေ့လယ် ၃ နာရီပဲ ရှိသေးတာဆိုတော့ ကျောင်းသားကောင်စီကလူတွေ ရှိနေလောက်သေးတယ်။

"သူက ကြိုးစားပမ်းစား လုပ်တယ်။ ငါတို့လည်း သူ့ကို သေချာလေး ကူညီပေးသင့်တယ်"

ဒေးမြောင်က ကျေနပ်သွားတဲ့ အပြုံးမျိုး ပြုံးလိုက်တယ်။ ဂျူနီယာတွေက ကလပ်အပေါ် ဒီလောက် စိတ်အားထက်သန်နေတာကို သူ သဘောကျနေပုံရတယ်။ အာရမ်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာကိုသာ ဒေးမြောင် သိရင် ဒီလောက်အထိ အားပေးနိုင်မှာ မဟုတ်ဘူးလို့ မာရူး တွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် အာရမ်က ဒီကိစ္စမှာ အားစိုက်လေလေ၊ ဒေးမြောင်နဲ့ ဂျီယွန်းတို့ ပိုပြီး ပြာယာခတ်ရလေလေ ဖြစ်မှာပဲလေ။

"သင့်တင့်ရုံပေါ့။ ဘာမဆို သင့်တင့်ရုံ လုပ်တာ အကောင်းဆုံးပဲ"

မာရူးက ဒေးမြောင်ရဲ့ ပခုံးကို ပုတ်လိုက်တယ်။ ဒေးမြောင်ကတော့ နားမလည်တဲ့ရုပ် ပေါက်နေတယ်။ ပွဲတော်နေ့ရောက်ရင်တော့ သူ သိသွားမှာပါ။

"စီနီယာ"

အာရမ်က တံခါးကနေ အပြေးအလွှား ပြန်ဝင်လာတယ်။ ခဏလောက် အမောဖြေပြီးတဲ့နောက် သူမက လေထဲကို လက်သီးဆုပ်ပြီး မြှောက်လိုက်တယ်။

"ငါတို့ ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူမှာ နိုင်ဖို့ပဲ လိုတော့တယ်"

"ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ"

"ဟုတ်တယ်"

အာရမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အခြေအနေကို အသေးစိတ် ရှင်းပြလေတယ်။

"ကျောင်းသားကောင်စီဆီ သွားမေးကြည့်တော့ သူတို့က ကျောင်းကွင်းပြင်ကို အပိုင်းတွေခွဲပြီး နေရာတစ်ခုချင်းစီအတွက် လျှောက်လွှာတွေ လက်ခံနေတယ်လို့ ပြောတယ်။ ကျွန်မတို့က ညာဘက်စင်မြင့်ကို လိုချင်တယ်လို့ ပြောလိုက်တော့ အဲဒီနေရာကို လိုချင်တဲ့ တခြားအဖွဲ့ ၇ ဖွဲ့ ရှိနေတယ်တဲ့။ ဒါကြောင့် အဲဒီနေရာအတွက် ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးပွဲကစားပြီး အနိုင်ရတဲ့သူကို ပေးဖို့ ဆုံးဖြတ်လိုက်ကြတာ" အာရမ်က ဂုဏ်ယူဝင့်ကြွားတဲ့ အသံနဲ့ ပြောလိုက်တယ်။

"ဒါဆို ဘယ်သူက သွားမှာလဲ" မာရူးက မေးလိုက်တယ်။

"လောလောဆယ်တော့ ငါတို့အချင်းချင်း အရင် ပြိုင်ကြည့်ကြမယ်"

ကလပ်အဖွဲ့ဝင်တွေ စုဝေးလိုက်ကြတယ်။ ပြီးတော့ ပထမဆုံးအကြိမ် ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ စပြိုင်ကြတယ်။ ခဏလောက် အပြန်ပြန်အလှန်လှန် တိုင်းပြီးတဲ့နောက် အနိုင်ရသွားတာကတော့ ဂျီယွန်းပဲ ဖြစ်တယ်။

"င-ငါက ဒီလိုမျိုး သိပ်မကျွမ်းကျင်ဘူး"

"ဒါပေမဲ့ နင် နိုင်တယ်လေ။ ဒီနေ့က နင့်အတွက် ကံကောင်းတဲ့နေ့ပဲ"

အာရမ်က ဂျီယွန်းရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်တယ်။ ဂျီယွန်းက ခေါင်းခါပြပြီး သူမလက်ကို ပြန်ရုပ်လိုက်တယ်။

"ငါ နိုင်သွားတာ တိုက်ဆိုင်လို့ပါ။ နောက်တစ်ခေါက် ထပ်လုပ်ကြည့်ရအောင်နော်။ လုပ်ပါဟာ"

သူတို့တွေ နောက်တစ်ခေါက် ထပ်လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလေ။ ဒီတစ်ခါမှာတော့ ဒေးမြောင်က ကျောက်တုံးနဲ့ နောက်ဆုံးမှာ အနိုင်ရသွားတယ်။

"အင်း... ငါလည်း သိပ်ပြီး ယုံကြည်မှု မရှိလှဘူး" ဒေးမြောင်ကလည်း ခပ်ခါးခါး ပြောလိုက်တယ်။

သူတို့က စင်မြင့်တစ်ခုကို အသည်းအသန် လိုအပ်နေတဲ့ သရုပ်ဆောင်တွေ ဖြစ်တာကြောင့် ဒါက တော်တော်လေး အကဲဆတ်တဲ့ ကိစ္စတစ်ခုပဲ။ ဒီ ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ တိုင်းတာကပဲ နေရာအတွက် အဆုံးအဖြတ်ပေးမှာဆိုတော့ အားလုံးအတွက် ဖိအားဖြစ်စေတယ်။

"အဲဒီနေရာမှ ရမှာလား"

"ဟုတ်တယ်"

အာရမ်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်တယ်။ မာရူး သက်ပြင်းချလိုက်တယ်။

"ဒါဆိုရင် ငါနဲ့ တစ်ပွဲလောက် လုပ်ကြည့်"

"စီနီယာနဲ့လား"

မာရူးက ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ ပြိုင်ဖို့ ပြင်ဆင်ရင်း အာရမ်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ အနိုင်အရှုံးပေါ်သွားတဲ့အထိ အာရမ်ရဲ့ ခေါင်းပေါ်မှာ ဘာစကားပြောပူဖောင်းမှ ပေါ်မလာခဲ့ဘူး။

"ငါ နိုင်သွားပြီ"

"ဒါဆိုရင် ဒီတစ်ခါတော့..."

မာရူးက စကားပြောရင်း အာရမ်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တယ်။

"ငါ ကျောက်တုံး ထုတ်မယ်"

"ဟင်၊ ကျောက်တုံး"

"ဟုတ်တယ်"

သူတို့တွေ အရင်တစ်ခေါက်ကလိုပဲ ခေါင်းပေါ်ကို လက်မြှောက်လိုက်ကြတယ်။ အာရမ်က စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့သွားသလိုမျိုး ပြုံးလိုက်ပြီး သူမလက်ကို ခါးအနောက်မှာ ဝှက်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ ခေါင်းပေါ်မှာ စကားပြောပူဖောင်းတစ်ခု ပေါ်လာခဲ့တယ်။

[[သူ ကျောက်တုံးထုတ်မယ်လို့ ပြောတာဆိုတော့ ကတ်ကြေးထုတ်မယ်ဆိုတဲ့ သဘောမလား။ ဒါဆိုရင် ငါ ကျောက်တုံး ထုတ်ရမယ်]]

မာရူးက ဆုပ်ထားတဲ့လက်ကို အောက်ကို နှိမ့်ချလိုက်တယ်။ အာရမ်ရဲ့ အနောက်ဘက်ကနေ ထွက်လာတာကတော့ ကတ်ကြေးပဲလေ။ အာရမ် မျက်ခုံးပင့်သွားတယ်။

"နောက်တစ်ခေါက်"

"ဒီတစ်ခါလည်း ငါ ကျောက်တုံးပဲ ထုတ်မှာ"

"ဒီတစ်ခါတော့ စီနီယာ ကျွန်မကို လှည့်စားလို့ မရတော့ဘူး"

သူမက အဲဒီလို ပြောနေပေမယ့် သူမရဲ့ အတွင်းစိတ်က အတွေးတွေက ခေါင်းပေါ်မှာ အထင်းသား ပေါ်နေတယ်။ မာရူးက အဲဒီစကားပြောပူဖောင်းတွေကို တစ်ချက်ကြည့်လိုက်ပြီး အဲဒီအပေါ် မူတည်ပြီးတော့ စက္ကူကို ထုတ်လိုက်တယ်။ အာရမ်က ကျောက်တုံး ထုတ်လိုက်တာဖြစ်လို့ သူမ မေးရိုးတွေတောင် ပြုတ်ကျမတတ် အံ့သြသွားတယ်။

"နောက်တစ်ယောက်၊ ဒိုဝူး"

"ဘာလို့ ကျွန်တော်လဲ"

"လူအမျိုးအစား မတူတဲ့သူတွေကို နှိုင်းယှဉ်ကြည့်မလို့"

သူက ဒိုဝူးအပေါ်မှာလည်း အဲဒီနည်းလမ်းကိုပဲ သုံးလိုက်တယ်။ ပထမအကြိမ်မှာ စကားပြောပူဖောင်း ပေါ်လာပေမယ့် ဒုတိယအကြိမ်မှာတော့ ပေါ်မလာတော့ဘူး။ တစ်ဖက်လူက ဟန်မာရူးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုခုကို အတိအကျ တွေးမနေဘူးဆိုရင် အဲဒါက အသုံးမဝင်ဘူးလေ။

"မလုပ်ခင် ကိုယ်ဘာလုပ်နေလဲဆိုတာကို သေချာစဉ်းစားပါ"

"ဟုတ်ကဲ့"

နောက်ထပ် နှစ်ပွဲကိုလည်း သူ အလွယ်တကူပဲ နိုင်သွားတယ်။ ဒိုဝူးက သူ့ကို သံသယမျက်လုံးတွေနဲ့ လှမ်းကြည့်တယ်။

"တစ်ဖက်လူ ဘာထုတ်မလဲဆိုတာကို လက်လှုပ်ရှားမှုကနေတစ်ဆင့် ခန့်မှန်းလို့ရတယ်ဆိုတာကို တီဗွီမှာ မြင်ဖူးတယ်"

"စီနီယာ အဲဒါကို မြင်နိုင်တာလား"

"နည်းနည်းပါးပါးပေါ့"

စကားပြောပူဖောင်းတစ်ခုတည်းကိုပဲ အားကိုးနေလို့ မရတာကြောင့် သူ နည်းလမ်းနှစ်ခု ပြင်ဆင်ထားလိုက်တယ်။ သူ့ရဲ့ တိုးတက်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကိုလည်း အသုံးချသွားမှာပဲလေ။ တစ်ဖက်လူရဲ့ လက်မထွက်လာခင် အချိန်တိုလေးအတွင်းမှာ ခန့်မှန်းပြီး သူ့လက်ကို အခြေအနေအရ ပြောင်းလဲပစ်ရမှာ ဖြစ်တယ်။ ဒါက စကားပြောပူဖောင်း အလုပ်မလုပ်ခဲ့ရင် သုံးဖို့အတွက်ပေါ့။ အဲဒါက လောင်းကစားဆန်လွန်းတာကြောင့် အမြဲတမ်းတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။

သူ တခြားကလေးတွေ အကုန်လုံးနဲ့လည်း ပြိုင်ကြည့်ခဲ့တယ်။ သူ့ရဲ့ နိုင်ခြေက ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ နမူနာ အရေအတွက် နည်းနေသေးပေမယ့် ဒါက တော်တော်လေး အဆင်ပြေတဲ့ နိုင်ခြေရာခိုင်နှုန်းပါပဲ။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေကိုလည်း သူ လေ့လာပြီးသွားပြီ။ တစ်ပွဲတည်းဆိုရင်တော့ သူ နိုင်မယ်လို့ အာမခံလို့ မရဘူးလေ။ တချို့အချိန်တွေမှာ လူတွေက ဘာမှ မတွေးဘဲ သာမန်အတိုင်း တိုင်းတတ်ကြတာမို့ သူတို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကစားကွက် ဆင်လို့ မရနိုင်ဘူး။ ဒါပေမဲ့ သုံးပွဲမှာ နှစ်ပွဲနိုင် အဆုံးအဖြတ်ဆိုရင်တော့ သူ့ရဲ့ နိုင်ခြေ ပိုများလာလိမ့်မယ်။ တစ်ဖက်လူနဲ့ စကားပြောခွင့်ရလေ၊ အနိုင်ရဖို့ အခွင့်အရေး ပိုများလေလေပဲ။

"ဒါနဲ့ သူတို့က ဘယ်အချိန် ပြိုင်မှာလဲ"

"လေးနာရီ။ အို... အချိန်တောင် နီးနေပြီ"

မာရူးက အာရမ်ရဲ့နောက်ကနေ ဒုတိယထပ်က ကျောင်းသားကောင်စီရုံးခန်းဆီကို လိုက်သွားတယ်။ ကောင်စီရုံးခန်းက ရိုးရိုးစာသင်ခန်းတစ်ခန်းရဲ့ တစ်ဝက်လောက်ပဲ ကျယ်ပြီး လူတွေ တော်တော်များများ ရှိနေတယ်။ သင်ပုန်းပေါ်မှာတော့ 'ဝူဆောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်' လို့ ရေးထားတယ်။

"သရုပ်ဆောင်ကလပ်လား"

ကျောင်းသားတစ်ယောက်က ရုတ်တရက် မေးလိုက်တယ်။

"ဟုတ်တယ်"

"ဒါဆို အားလုံးစုံပြီလို့ ထင်ပါတယ်။ ကျွန်တော် အခြေအနေကို ရှင်းပြပါ့မယ်။ ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ ပြိုင်ပြီး နေရာတွေကို ဆုံးဖြတ်သွားမှာဖြစ်ပြီး ရွေးချယ်စရာ ၈ ခု ရှိပါတယ်။ ကျောင်းကွင်းပြင်က ဘေးဘက်စင်မြင့် နှစ်ခု၊ ကျောင်းကွင်းပြင် အလယ်ဗဟိုက ပင်မစင်မြင့်၊ ပင်မအဆောက်အအုံနဲ့ ကျောင်းဂိတ်ပေါက်ကြားက နေရာ၊ ပင်မအဆောက်အအုံရဲ့ မျက်နှာချင်းဆိုင်၊ ဓာတ်ခွဲခန်းအဆောက်အအုံရဲ့ အရှေ့ဘက်၊ ပြီးတော့ ပင်မအဆောက်အအုံရဲ့ အနောက်ဘက်တို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်စရာ ဘာမှမရှိဘူးမလား"

သူက ကျောင်းသားကောင်စီ ဥက္ကဋ္ဌ ဖြစ်ပုံရတယ်။ မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ တခြားသူတွေကလည်း ဒီအတိုင်းပဲ ခေါင်းညိတ်ပြကြတယ်။

"နေရာတွေကို ခွဲဝေပေးသွားမှာပါ။ ပွဲတော်က မနက် ၉ နာရီမှာ စပြီး ညနေ ၅ နာရီမှာ ပြီးမှာဆိုတော့ ခင်ဗျားတို့ရဲ့ အစီအစဉ် ပြီးသွားတဲ့အခါ အဲဒီနေရာကို လိုချင်တဲ့ တခြားသူတွေကို ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဖြစ်မနေ ပေးရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကဲ... ဒါဆိုရင် ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ စပြိုင်ကြတာပေါ့"

"သုံးပွဲမှာ နှစ်ပွဲနိုင် အဆုံးအဖြတ်မလား" မာရူးက အသာလေး လှမ်းမေးလိုက်တယ်။

"အင်း... အဲဒါကတော့ ခင်ဗျားတို့ သဘောပါပဲ"

တခြားကျောင်းသားတွေကလည်း အဲဒါနဲ့ပတ်သက်ပြီး ဘာမှကန့်ကွက်စရာ ရှိပုံမပေါ်ဘူး။

မာရူးက သူ့အရှေ့မှာရှိတဲ့ မိန်းကလေးကို လှမ်းကြည့်လိုက်တယ်။ သူမက သူ့ရဲ့ ပြိုင်ဘက်ပဲ။ သူက သူမကို လှည့်စားတော့မှာဆိုတော့ နည်းနည်းတော့ အားနာသလို ခံစားလိုက်ရတယ်။

"စ... ကြမလား"

သူမက ပထမနှစ်ကျောင်းသူလေး ဖြစ်ပုံရပြီး ယဉ်ယဉ်ကျေးကျေး အသံလေးနဲ့ မေးလိုက်တယ်။ မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ မိန်းကလေးက လက်နှစ်ဖက်ကို ဆုပ်ထားပြီး စိုက်ကြည့်နေကာ အရှေ့ကို အနည်းငယ် ကိုင်းလိုက်တယ်။ သူမ အဆင်သင့်ဖြစ်နေပုံပါပဲ။

"အင်း... သိလား"

"ရှင်"

"ငါ ကတ်ကြေး ထုတ်မှာ"

"...ဟုတ်ကဲ့"

မာရူး ပြုံးလိုက်တယ်။

* * * * * * * * *

"ဘယ်သူရှိလဲ"

စာရင်းပေးမယ့်သူ ရှာရင်း သက်ပြင်းချနေတဲ့ အတန်းပိုင်ဆရာကို သူမ လှမ်းကြည့်လိုက်တယ်။ ကျောင်းပွဲတော်က နောက်အပတ်မှာလေ။ မနှစ်ကလိုပဲ အတန်းလိုက် အရည်အချင်းပြိုင်ပွဲက ပြဿနာတစ်ခုပဲ။ အတန်းတစ်တန်းကို အနည်းဆုံး အဖွဲ့နှစ်ဖွဲ့ ဖွဲ့ရမယ်။ ဒီ မဖြစ်မနေဝင်ရမယ့် ပြိုင်ပွဲက လွတ်လပ်တဲ့ပွဲတော်ဆိုတဲ့ သဘောသဘာဝနဲ့ အတော်လေး ဆန့်ကျင်ဘက် ဖြစ်နေတယ်။

"ဟိုအပေါ်မှာ သီချင်းဆိုချင်တဲ့သူ ရှိလား။ မြန်မြန်လုပ်ပြီး မြန်မြန်အိမ်ပြန်ကြရအောင်"

ညနေခင်း အတန်းပိုင်အချိန် မပြီးနိုင်ရတဲ့ အကြောင်းရင်းတစ်ခု ရှိတယ်။ ဘယ်သူမှ အရည်အချင်းပြိုင်ပွဲကို မဝင်ချင်ကြဘူးလေ။ မနှစ်ကတော့ သူမတို့အတန်းက ပါဝင်ချင်သူတွေ အရမ်းများလွန်းလို့ ပြဿနာတက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အတန်းထဲက ကျောင်းသားတွေအားလုံးက တည်တည်ငြိမ်ငြိမ်နဲ့ ဒီလိုမျိုးကိစ္စတွေကို မလုပ်ချင်ကြဘူး။ သူမကိုယ်တိုင်လည်း ဒီအတိုင်းပဲ။

သူမ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်တယ်။ အသံပိုင်းဆိုင်ရာ ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ထရပ်ကားတစ်စီးက ကျောင်းကွင်းပြင်ကို ဖြတ်ပြီး ခန်းမဆီကို မောင်းသွားတယ်။ ကျောင်းက မနှစ်ကလိုပဲ စင်မြင့်ကို အလှဆင်ဖို့ စီစဉ်နေပုံရတယ်။

"ဘယ်သူမှ မရှိရင်တော့ မဲနှိုက်ရလိမ့်မယ်"

ဒီအခြေအနေထိ ရောက်သွားပြီပေါ့။ သူမ သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။ ဒေသအဆင့် အရည်အချင်းစစ်ပွဲတွေက နီးလာပြီဆိုတော့ သရုပ်ဆောင်ကလပ်ကလည်း ညနက်တဲ့အထိ နေ့တိုင်း လေ့ကျင့်နေရတယ်။ သူမမှာ တခြားအရာတွေ ပြင်ဆင်ဖို့ အချိန်မရှိဘူး။ ဇာတ်လမ်းထဲက ဇာတ်ပို့နေရာအတွက်တောင် ကလပ်ဥက္ကဋ္ဌကို တောင်းဆိုထားခဲ့ရတာ။

အရှေ့ဆုံးမှာထိုင်နေတဲ့ အတန်းခေါင်းဆောင်က ဗလာစာအုပ်ထဲက စာရွက်တစ်ရွက်ကို ဆုတ်လိုက်ပြီး ကျောင်းသားတစ်ယောက်ချင်းစီအတွက် လုံလောက်တဲ့ မဲလိပ်လေးတွေ လုပ်လိုက်တယ်။ အဲဒီနောက် အတန်းပိုင်ဆရာက လူ ၈ ယောက် ရွေးပြီး အဖွဲ့နှစ်ဖွဲ့ ဖွဲ့မယ်လို့ ပြောတယ်။ သီချင်းဆိုမလား၊ သရုပ်ဆောင်မလား၊ အကပဲ ကမလား ဆိုတာကိုတော့ အဖွဲ့တွေက သူတို့ဖာသာ ဆုံးဖြတ်ရမယ်လို့လည်း သူက ပြောသေးတယ်။

"နံပါတ် ၄၊ ၇၊ ၃၂၊ ၂၃၊ ၈၊ ၁၆၊ ၁၁၊ နဲ့ ၃၀။ ဒါဆို ဒီလောက်ပဲ"

သူမက သူမရဲ့ နံပါတ်လေးကို ကိုင်ထားရင်း သက်ပြင်းချလိုက်တယ်။ နံပါတ် ၂၃ က သူမရဲ့ ခုံအမှတ်ပဲလေ။ ကျောင်းသားတွေကို အတန်းထဲ သေချာရှင်းလင်းဖို့ ပြောပြီးတာနဲ့ အတန်းပိုင်အချိန် ပြီးဆုံးသွားတယ်။ တစ်ချိန်တည်းမှာပဲ နာမည်ခေါ်ခံရတဲ့ လူ ၈ ယောက်ကို နောက်တစ်ကြိမ် ထပ်ခေါ်လိုက်တယ်။ အားလုံးက မျက်နှာမကောင်းကြဘူး။

"ငါ တကယ်ကို ဒါကြီး မလုပ်ချင်ဘူး"

"ငါလည်းပဲ"

"ဒါ တကယ့်ကို ဆိုးရွားတာပဲ။ မနှစ်ကလိုပဲ ခန်းမထဲက ပင်မစင်မြင့်ပေါ်မှာ လုပ်ရမှာမလား။ ဝိုး... အဲဒါက ငါ့ကို ရူးခါသွားစေတာပဲ"

"အဲဒီ အတန်းပိုင်ဆရာကို ငါ မုန်းတယ်"

သူတို့တွေ ညည်းညူနေကြပေမယ့် ဒါကို လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူးလေ။ ဆရာက လုပ်ခိုင်းနေတာဆိုတော့ သူတို့မှာ ရွေးချယ်ခွင့် မရှိပါဘူး။

"ငါတို့ ဘာလုပ်ကြမလဲ" သူမက မေးလိုက်တယ်။

တခြား အတန်းဖော်တွေထဲက ဘယ်သူမှ ပြန်မဖြေကြဘူး။ သူမ လေ့ကျင့်ရေးသွားရမယ့် အချိန်တောင် ရောက်နေပြီ။ သူမ ဒီအတိုင်းကြီး ရပ်နေလို့ မရဘူးလေ။

"ဒီထဲမှာ သီချင်းဆိုတတ်တဲ့သူ ရှိလား"

ဘယ်သူမှ လက်မမြှောက်ကြဘူး။

"အကရော"

တိတ်ဆိတ်နေတုန်းပဲ။

သူမ ခေါင်းကို စားပွဲခုံပေါ် မှောက်ချလိုက်တယ်။ ဒီလိုပွဲတော်မျိုးက အဆိုးရွားဆုံးပဲ။

အဲဒီအချိန်မှာပဲ၊

"ဒီနေရာက ဘာလို့ နာရေးအိမ်ကြီးကျနေတာလဲ"

အသံတစ်သံက သူမနားထဲကို ဝင်လာတယ်။ အဲဒါက သူမ ကောင်းကောင်းသိတဲ့ လူတစ်ယောက်ရဲ့ အသံပဲ။ သူမ ခေါင်းမော့ကြည့်လိုက်တယ်။ စာသင်ခန်းအပြင်ဘက်မှာ ချယ်ရင်က လက်လှမ်းပြနေတယ်။

"စီနီယာချယ်ရင်"

"နင်က ဒီအတန်းထဲမှာကိုး။ လေ့ကျင့်ရေး မသွားဘူးလား"

"ဟင်။ အာ... အဲဒါကလေ..."

ဘယ်လိုရှင်းပြရမလဲ မသိတာကြောင့် သူမ ဘာမှမပြောနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ သူမဘေးက တခြားသူတွေက ချယ်ရင်ကို မြင်သွားပြီး အလန့်တကြား အော်လိုက်ကြတယ်။

"နူးနာ... ကျွန်တော်က နူးနာ့ရဲ့ ပရိသတ်ပါ"

"အွန်နီ... သမီးလည်းပဲ"

ချယ်ရင်က သူတို့နဲ့ ကျောင်းတစ်ကျောင်းတည်း တက်နေတာဖြစ်ပေမယ့် သူမနဲ့ ဆုံဖို့ အခွင့်အရေးက တော်တော်လေး ရှားပါးတယ်လေ။ သူမရဲ့ အတန်းဖော်တွေ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြလဲ ဆိုတာကို သူမ နားလည်နိုင်ပါတယ်။

"ကျေးဇူးပဲ။ ဒါနဲ့ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ နင်တို့တွေ မျက်နှာလည်း မကောင်းကြဘူး" ချယ်ရင်က ပြုံးရင်း မေးလိုက်တယ်။

သူမ စိတ်အေးသွားသလို သက်ပြင်းချလိုက်တယ်။ သီချင်းဆိုတာနဲ့ ကတဲ့နေရာမှာ ဆရာတစ်ဆူက သူမရဲ့ အရှေ့တည့်တည့်မှာ ရောက်နေပြီလေ။ သူမရဲ့ အကြံဉာဏ်ကို တောင်းတာက အကြံကောင်းတစ်ခုပဲ။

"အင်း... စီနီယာ"

"ပြောလေ"

"စီနီယာ အရည်အချင်းပြိုင်ပွဲတွေ ဘာတွေ ဝင်ပြိုင်ဖူးလား"

"အရည်အချင်းပြိုင်ပွဲ"

ချယ်ရင်က စိတ်ဝင်တစား မျက်နှာပေးနဲ့ သူတို့ဆီ ချဉ်းကပ်လာခဲ့တယ်။

* * * * * * * * *

All Chapters