← Chapters

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း(၃၂၃)

လက်ကိုင်ရတာကို ဘယ်အချိန်ကစပြီး ကသိကအောက် မဖြစ်တော့တာလဲဆိုတာ သူမ မသိတော့ဘူး။ ရှေ့ကနေ လျှောက်သွားနေတဲ့ မာရူးရဲ့ ကျောပြင်ကို သူ ကြည့်လိုက်တယ်။ တစ်ခါတလေ သူတို့ ယှဉ်လျှောက်ဖြစ်ကြပေမယ့် အခုလိုမျိုး မာရူးက ရှေ့ကနေ လျှောက်သွားတဲ့ အချိန်တွေက ပိုများတယ်။ ငယ်ငယ်တုန်းက အဖေ့လက်ကိုကိုင်ပြီး ဒယ်ဟတ်ရို ကို သွားခဲ့တဲ့ နေ့ရက်တွေကို သူ ပြန်သတိရသွားတယ်။ အဖေ့ကျောပြင်ကို မြင်ရဖို့ အပေါ်ကို မော့ကြည့်ရတဲ့အခါ နေရောင်က သူမမျက်နှာပေါ်ကို လာကျတတ်တယ်။ သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ရဲ့ ခံစားချက်က ပြန်ပြီး ပီပြင်လာပြန်တယ်။

ပထမတော့ အဲဒီလိုလုပ်ရတာကို ရှက်ပြီး သူ့ဘေးနားကို ချက်ချင်း ပြေးကပ်သွားတတ်ပေမယ့် ဒီရက်ပိုင်းတွေမှာတော့ သူ့နောက်ကနေ သက်တောင့်သက်သာပဲ လိုက်လျှောက်ဖြစ်နေတယ်။ မာရူးက သူမလက်ကိုကိုင်ရင်း ရှေ့ကနေ မဆိုင်းမတွ လျှောက်သွားတတ်ပြီး၊ အဲဒီခြေလှမ်းတွေအပေါ် သူမ မှီခိုလိုက်တဲ့အခါမှာတော့ ရှိနေသမျှ စိုးရိမ်ပူပန်မှုတွေ အားလုံး ပြေပျောက်သွားတော့တယ်။ သူမကို ခြောက်လှန့်နေတဲ့ စိုးရိမ်စိတ်တွေက အဲဒီခဏလေးမှာ အစအနတောင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတယ်။

"ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်နေတာတောင် လူတွေက ဘာလို့ ဒီလောက်များနေရတာလဲ"

"တနင်္ဂနွေနေ့မှာလည်း အလုပ်သွားတဲ့သူတွေ အများကြီး ရှိတယ်လေ"

"ဟုတ်လို့လား"

"မစ္စစ်လီ လည်း အလုပ်သွားတာပဲ။ မြေအောက်ရထားက အခုတော်တော်လေး အခြေအနေ ကောင်းနေသေးတာ။ တကယ်လို့ တနင်္လာနေ့ မနက်ပိုင်းသာဆိုရင် တို့တွေ အဲဒီလောက် လွယ်လွယ်နဲ့ ဆင်းလို့ရမှာ မဟုတ်ဘူး"

"မစ္စစ်လီ"

"ကိုယ့်အမေလေ"

သူတို့ ဘူတာရုံထဲကနေ ထွက်လာပြီး လမ်းတစ်လျှောက် ဆက်လျှောက်လာခဲ့ကြတယ်။ ကုန်းတက်လေးပေါ်မှာရှိတဲ့ ကျောင်းကို အဝေးကနေ လှမ်းမြင်နေရတယ်။ အဲဒီကိုရောက်ဖို့ ပြေပြစ်တဲ့ ကုန်းတက်လေးတစ်ခုကို တက်သွားရတယ်။ ကျောင်းကို သွားတဲ့ လေးလမ်းသွား ကားလမ်းမကြီးကတော့ ရှင်းလင်းနေတယ်။ တစ်ခါတလေမှ အပြာရောင် ထရပ်ကားတချို့လောက်ပဲ မောင်းဆင်းသွားတာ တွေ့ရတယ်။ ဒီမြင်ကွင်းက မြေအောက်ဘူတာရုံနဲ့ဆိုရင် လုံးဝကို ကွာခြားလွန်းနေတယ်။

တစ်ထပ်တိုက်လေး တစ်လုံးကို ကျော်ပြီး ကုန်းတက်လေးအတိုင်း သူတို့ တက်လာခဲ့ကြတယ်။ ကျောင်းသွားရာ လမ်းဘေးနံရံတွေပေါ်မှာတော့ ပန်းချီကား မျိုးစုံကို ရေးဆွဲထားတယ်။ ပါးစပ်ထဲမှာ တစ်ခုခုကို ကိုက်ထားတဲ့ ပိုးကောင် ဖိုင့်ဖိုင့်ကြီးတစ်ခုလည်း ပါသေးတယ်။ နောက်ထပ် ခြေလှမ်း နည်းနည်းလောက် လျှောက်သွားလိုက်တော့ ဦးထုပ်တွေ အများကြီး ကိုင်ထားတဲ့ လူပုလေး တစ်ယောက်ကို တွေ့ရတယ်။ အဲဒီနောက်မှာတော့ ချစ်စရာကောင်းတဲ့ ဝက်ကလေးနဲ့ ခပ်ချေချေ ပုံစံပေါက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရပြန်တယ်။

"အဲလစ် ပါလား"

အဲဒီလိုဆိုရင်တော့ ပိုးကောင်လေး ကိုက်ထားတာက ရေပြောင်းတံ ဖြစ်ရမယ်။ မောက်မာတဲ့ မျက်နှာပေးနဲ့ အဲလစ် အပြင် ဖဲချပ်ဘုရင်မနဲ့ စစ်သားတွေကို ကြည့်ရင်း သူက ပြောလိုက်တယ်။ မာရူးကလည်း နံရံပေါ်က ပန်းချီကားကို လိုက်ကြည့်နေတယ်။

"အော် ဒါက အဲလစ် ကိုး"

"အခုမှ သိတာလား"

"ကိုယ် သေချာ သတိမထားမိလို့ပါ။ ပြီးတော့ ကားနဲ့လာတာဆိုတော့ ကြည့်ဖို့ အချိန်မရလိုက်ဘူးလေ"

သူတို့က ပန်းချီကားတွေကို ခံစားရင်းနဲ့ပဲ ကုန်းတက်အတိုင်း တက်လာခဲ့ကြတယ်။ လမ်းအဆုံးမှာရှိတဲ့ ပန်းချီကားကတော့ တပ်ဆီဒို ဝတ်ထားပြီး အိတ်ဆောင်နာရီကို ကိုင်ထားတဲ့ ယုန်တစ်ကောင်နဲ့ သူ့ကို ကြည့်နေတဲ့ အဲလစ် ရဲ့ ပုံပါပဲ။

"မင်း အရမ်းသဘောကျတဲ့ ယုန်လေးပဲ" မာရူးက ယုန်ပုံလေးကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။

အိတ်ဆောင်နာရီကို ကိုင်ထားတဲ့ ယုန်လေးကို ကြည့်ရင်း သူ ဆက်လျှောက်လာခဲ့တယ်။ တခြားပန်းချီကားတွေ အကုန်လုံးက ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ ဆွဲထားပေမယ့် အဲဒီယုန်လေးကိုတော့ အသက်ဝင်လွန်းအောင် ရေးဆွဲထားတယ်။ မျက်လုံးတွေကလည်း စူးရှနေတယ်။ တခြားလူတစ်ယောက်က ဆွဲထားသလိုပါပဲ။

"သေချာစဉ်းစားကြည့်ရင် ယုန်တွေကို မုန်းတဲ့သူ သိပ်မရှိဘူးမလား" လို့ မာရူးက မေးလိုက်တယ်။

"ဖြစ်နိုင်တယ်"

"သူတို့က ချစ်စရာကောင်းတဲ့ ရုပ်သွင်လေးတွေ ရှိနေလို့များလား။ မင်း အရင်က မွေးကြည့်ဖူးလား"

"ဟင့်အင်း၊ မွေးတော့ မွေးချင်ပေမယ့် အမေက ခွင့်မပြုဘူးလေ။ တိတိကျကျ ပြောရရင်တော့ ငါ လက်လျှော့လိုက်တာပါ"

"မင်း တာဝန်ယူနိုင်တဲ့အချိန်ကျမှ မွေးပါလို့ ပြောခဲ့တာမလား"

"နင် ဘယ်လိုသိတာလဲ။ ငါ့အမေနဲ့ ခိုးတွေ့ထားပြန်ပြီလား"

"မဟုတ်ပါဘူး"

မာရူးက ပြုံးစိစိလေး လုပ်နေတယ်။ သူက ယုန်လေးဆီကနေ မျက်လုံးလွှဲလိုက်ပြီး စကားဆက်ပြောလိုက်တယ်။

"ငါ လုပ်ချင်တာ တော်တော်များများကို အမေက ခွင့်ပြုပေးတတ်တယ်။ အိမ်မွေးတိရစ္ဆာန် မွေးတာကလွဲရင်ပေါ့။ အခုထိတောင် မှတ်မိသေးတယ်။ အလယ်တန်း တတိယနှစ်တုန်းက အမေ့ကို ယုန်လေး မွေးချင်တယ်လို့ ပြောခဲ့တယ်။ ချစ်စရာလေးမို့လို့လေ။ ဒါပေမယ့် အမေက မျက်နှာကြောကြီး တင်းပြီး ငါ့ကို ထိုင်ခိုင်းတယ်။ ပြီးတော့ တာဝန်ယူနိုင်လားလို့ မေးတယ်။ အဲဒီမေးခွန်းကို ကြားကြားချင်း ငါက အလိုအလျောက် 'ဟုတ်ကဲ့' လို့ ဖြေလိုက်ပေမယ့်၊ အမေက သေချာပြန်စဉ်းစားကြည့်ဦးလို့ ပြောခဲ့တယ်။ အခု ပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက အမေ့ကို နည်းနည်း ကြောက်ဖို့ကောင်းသားပဲ"

သူက သူ့ရဲ့ အားကစားဖိနပ်ထိပ်လေးကို ငုံ့ကြည့်ရင်း ဆက်ပြောတယ်။

"အဲဒါ အမေက ခွင့်ပြုတယ်လို့ မပြောဘဲ သေချာစဉ်းစားကြည့်ဦးလို့ ပြောတဲ့ ပထမဆုံးအကြိမ်ပဲ။ အမေက လုံးဝ မရဘူးလို့ ငြင်းတာမျိုးတော့ မဟုတ်ဘူး။ သေချာစဉ်းစားကြည့်ဦးဆိုတာက အမေ့ရဲ့ အဖြေပဲလေ။ အဲဒီတုန်းက ဘာရယ်မဟုတ် ငါ သိပ်ပြီး ပေါ့ပေါ့ဆဆ မနေသင့်ဘူးလို့ တွေးမိပြီး ဒူးထောက်ထိုင်ရင်းနဲ့ စဉ်းစားကြည့်ခဲ့တယ်။ အိမ်မွေးတိရစ္ဆာန် သေးသေးလေး တစ်ကောင် မွေးတာက ပြဿနာ ရှိလို့လားပေါ့။ ဒါပေမယ့် သေချာ စဉ်းစားကြည့်လိုက်တော့ ဒါက ဟုတ်တယ်၊ မဟုတ်ဘူးလို့ အလွယ်တကူ ဖြေလိုက်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူးဆိုတာ ငါ သိလာတယ်။ အချိန်တွေ အများကြီး ပေးရလိမ့်မယ်ဆိုတာကို သိဖို့က သိပ်မခက်ပါဘူး"

သူ့အမေက အမြဲတမ်း ပြုံးပြီး စကားပြောတတ်ပေမယ့် အဲဒီအချိန်လေးမှာတော့ မျက်နှာထား တော်တော်လေး တည်သွားခဲ့တယ်။ အိမ်မွေးတိရစ္ဆာန်နဲ့ မျက်စိပသာဒဖြစ်စရာ ရုပ်ပုံလေးတစ်ခုကြားမှာ ရောထွေးမသွားစေနဲ့လို့ အမေပြောခဲ့တာကို အခုထိ မှတ်မိနေတုန်းပဲ။

"ဒါနဲ့ပဲ မင်း လက်လျှော့လိုက်တာပေါ့"

"အင်း။ တကယ်လို့ အေးအေးဆေးဆေး ဖြစ်တဲ့အချိန်ကျရင်တော့ တစ်ကောင်လောက် မွေးဖို့ စဉ်းစားထားတယ်"

"ယုန်လား"

"ဖြစ်မယ်ထင်တာပဲ"

"မင်းက ယုန်တွေကို အဲဒီလောက်တောင် သဘောကျတာလား"

"အင်း ဟုတ်တယ်။ ငယ်ငယ်လေးကတည်းက သဘောကျတာ။ ပစ္စည်းတစ်ခုခုပေါ်မှာ ယုန်ပုံလေး ပါတာနဲ့ ဝယ်ပေးဖို့ ပူဆာတတ်တယ်လို့ အမေက အမြဲပြောပြတယ်။ ငါကိုယ်တိုင်ကတော့ ဘာတစ်ခုမှ မမှတ်မိပေမယ့်လေ"

သူ့ဘယ်ဘက်လက်က လက်စွပ်ကို သူ ငုံ့ကြည့်လိုက်တယ်။ ယုန်ပုံလေးပါတဲ့ လက်စွပ်လေးလေ။ မာရူးကလည်း သူ့လက်ကို ယူပြီး ယှဉ်ပြလိုက်တယ်။ ပုံစံတူ လက်စွပ်လေးကို ပြရင်း မာရူးက အသာအယာ ပြုံးပြတယ်။

ကျောင်းဂိတ်ပေါက်ကို ရောက်တဲ့အထိ သရုပ်ဆောင်ကလပ်က လေ့ကျင့်ရေးအကြောင်းကို သူတို့ ခဏလောက် ပြောဖြစ်ကြတယ်။ နေက အတော်လေး မြင့်နေပြီဖြစ်ပြီး ကျောင်းတစ်ခုလုံးပေါ်ကို နေရောင်ခြည်တွေ ဖြာကျနေတယ်။ လတ်ဆတ်တဲ့ လေနုအေးနဲ့ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်တွေကြောင့် ကျောင်းကြီးက စိတ်ကူးယဉ်ဆန်လွန်းနေပြီး အဲဒါကို ကြည့်ရင်း သူမ အံ့ဩတကြီး ရေရွတ်လိုက်တယ်။

"ဇာတ်လမ်းတွဲတွေထဲကလို ကျောင်းမျိုး တကယ်ရှိတာပဲ"

"ဒီနေရာက တစ်ပတ်ကို ဝမ် ၂ သန်းတောင် ပေးရတာလေ"

"၂ သန်းတောင်။ အထက်တန်းကျောင်း ဖြစ်နေတာတောင်မှလား"

သူ မသိမသာလေး အာမေဍိတ်သံ ထွက်သွားတယ်။ ကျောင်းဂိတ်ပေါက်ကို ဖြတ်ဝင်ရင်း မာရူးက မေးလိုက်တယ်။

"လူစုရမယ့် နေရာက ဘယ်မှာလဲ"

"ပင်မတံခါးပေါက် အရှေ့မှာတဲ့"

"ဒါဆိုရင် အဲဒီနေရာဖြစ်မယ်"

မာရူး လက်ညှိုးထိုးပြတဲ့ နေရာမှာ လူတွေ စုဝေးနေကြတယ်။ သူတို့အရွယ်လောက်ရှိမယ့် ကျောင်းသားတွေ အများကြီးပဲ။ လက်ပြတ်ရှပ်အင်္ကျီ ဝတ်ထားတဲ့ လူလတ်ပိုင်း တစ်ယောက်က အော်ဟစ်ပြီး သူတို့ကို တန်းစီခိုင်းနေတယ်။ အဲဒီလူက ခေါင်းဆောင်လို့ မာရူးက ပြောပြတယ်။

"သွားတော့လေ။ ငါ ဘေးကနေ စောင့်ကြည့်နေမယ်"

"အိုကေ"

ပင်မတံခါးပေါက်ကို မရောက်ခင်မှာပဲ သူတို့ နှစ်ယောက် လမ်းခွဲလိုက်ကြတယ်။ လူတွေ စုဝေးနေတဲ့နေရာကို မသွားခင် သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တယ်။ ဒါက သူ့ဘဝမှာ ပထမဆုံးလုပ်ဖူးတဲ့ အချိန်ပိုင်းအလုပ်လေ။ ဘယ်လိုအရာတွေက သူ့ကို စောင့်ကြိုနေမလဲဆိုတာ သူ ရင်ခုန်နေမိတယ်။

"ရောက်ပြီဆိုရင် တန်းဝင်စီလိုက်တော့"

ခေါင်းဆောင်ရဲ့ ညွှန်ကြားသံကို ကြားတော့ သူ ခေါင်းညိတ်ပြပြီး တန်းဝင်စီလိုက်တယ်။ ကျောင်းအဆောက်အအုံထဲ မဝင်ခင် လူဘယ်နှယောက်ရှိလဲဆိုတာ ခေါင်းဆောင်က ရေတွက်လိုက်တယ်။ ပြီးတော့ ခဏစောင့်နေကြဖို့လည်း ပြောသွားတယ်။

"ညီမက မာရူးရဲ့ သူငယ်ချင်းလား"

"ရှင်"

တစ်ယောက်ယောက်က လာစကားပြောတဲ့အခါ သူ သတိထားလိုက်တယ်။

"အို... ဆောရီးပါဗျာ။ ညီမကို မာရူးနဲ့အတူ လာတာတွေ့လို့ ရုတ်တရက် လှမ်းခေါ်လိုက်မိတာပါ။ အစ်ကို့နာမည်က ပတ်ဝူဂျူး ပါ။ ပြီးတော့..."

"ဪ ကြားဖူးပါတယ်။ ဒီကို လာခွင့်ပြုလို့ ကျေးဇူးတင်ပါတယ်ရှင်"

သူ ခေါင်းညိတ် အရိုအသေပေးလိုက်တယ်။ ဒီလူက သူ့ကို ဒီခေါ်ဖို့အတွက် မာရူး ဖုန်းဆက်ခဲ့တဲ့လူလေ။ ဒီမှာ အလုပ်လုပ်ဖို့ အခွင့်အရေးရတာကလည်း ဒီလူ့ကျေးဇူးကြောင့်ပဲ။

"ကျေးဇူးတင်စရာ မလိုပါဘူး။ အစ်ကိုက တခြားလူဆီ ဆက်ပြောပေးရုံပါပဲ။ အာ... ဘာအခက်အခဲပဲရှိရှိ အစ်ကို့ကို ပြောလို့ရတယ်နော်။ မနေ့က မာရူး ဖုန်းဆက်ပြီး ညီမကို သေချာဂရုစိုက်ပေးဖို့ မှာထားလို့ပါ"

"ဟူး... အဲဒီကောင်တော့လေ။ အားနာပါတယ်ရှင်။ အစ်ကို အဲဒီလောက်ထိ လုပ်ပေးစရာ မလိုပါဘူး"

ကျောင်းရဲ့ ထောင့်တစ်နေရာမှာ သမ်းဝေနေတဲ့ မာရူးကို သူ လှမ်းကြည့်လိုက်တယ်။ မာရူးက သူ့ကို ကလေးတစ်ယောက်လို သိပ်သဘောထားလွန်းနေတယ်။

"အိုကေ။ ဘာမှ ခက်ခက်ခဲခဲ ရှိမှာမဟုတ်လို့ ဒီနေ့ အဆင်ပြေပြေ ပြီးသွားမယ်လို့ မျှော်လင့်ပါတယ်"

"ဟုတ်ကဲ့"

အဲဒီအချိန်မှာပဲ ခေါင်းဆောင်က ကျောင်းထဲကနေ ထွက်လာတယ်။ လူတိုင်းကို သူ့နောက်ကလိုက်ခဲ့ဖို့ ပြောတယ်။ လမ်းစလျှောက်လိုက်တာနဲ့ သူမလက်သီးကို ခပ်တင်းတင်းလေး ဆုပ်ထားလိုက်တယ်။ သူတို့တွေ ခေါင်းဆောင်နောက်ကို လိုက်ရင်း တတိယထပ်ကို တက်လာခဲ့ကြတယ်။ ဒုတိယထပ်ကို အသာလေး လှမ်းချောင်းကြည့်လိုက်တော့ ကျောင်းသားတွေ တိတ်တိတ်ဆိတ်ဆိတ် စာလုပ်နေတာကို တွေ့လိုက်ရတယ်။ ဒီနေ့က တနင်္ဂနွေနေ့ မဟုတ်တဲ့အတိုင်းပဲ။ စာသင်ခန်းတစ်ခုဆီ ရောက်တဲ့အထိ တိတ်တိတ်နေဖို့ သူတို့ မှာထားခံခဲ့ရတယ်။ စင်္ကြံလမ်းမှာလည်း လူကြီးတွေ အများကြီး ရှိနေတယ်။ တချို့လူတွေက ကင်မရာတွေကို ကိုင်ထားကြတယ်။

"ကဲ... ဟိုမှာထိုင်၊ အဲဒီမှာ၊ ပြီးတော့ ဟိုဘက်မှာ ထိုင်လိုက်ကြ"

ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်း သူတို့ နေရာယူလိုက်ကြတယ်။ သူ ထိုင်နေတဲ့ နေရာကနေ စာသင်ခန်းကို အကဲခတ်ကြည့်လိုက်တယ်။ ခမ်းနားတဲ့ အပြင်ဘက်အသွင်အပြင်နဲ့မတူဘဲ စာသင်ခန်းကတော့ သူ့ကျောင်းက စာသင်ခန်းတွေနဲ့ သိပ်ကွာခြားမှု မရှိပါဘူး။

'ဝိုး... အဲဒါက ရောင်ပြန်ပြားလား'

ဗီဒီယိုကင်မရာတွေကို သူ နှစ်ခါသုံးခါလောက် မြင်ဖူးပေမယ့်၊ လူတစ်ယောက်ထက်တောင် ပိုကြီးတဲ့ ရောင်ပြန်ပြားကြီးကို အခုမှ ပထမဆုံး မြင်ဖူးတာပဲ။ ခပ်မှိန်မှိန် လင်းနေတဲ့ မီးရောင်တချို့လည်း စာသင်ခန်းထဲကို ဖြာကျနေတယ်။ နေရောင်ကောင်းနေလို့ မီးတွေ မလိုအပ်လောက်ဘူးလို့ သူ ထင်ခဲ့ပေမယ့် မှားသွားပုံရတယ်။ အမွှေးပွ မိုက်ကရိုဖုန်းတစ်ခုကိုလည်း သူ မြင်လိုက်ရတယ်။ ကင်မရာ မရိုက်တဲ့ နေရာတွေမှာလည်း ကေဘယ်ကြိုးတွေ ရှုပ်ယှက်ခတ်နေတယ်။

အခု ကင်မရာထဲကနေ စာသင်ခန်းကို ကြည့်လိုက်ရင် ဘယ်လိုများ မြင်ရမလဲလို့ သူ စဉ်းစားကြည့်မိတယ်။ ကြီးမားတဲ့ ကင်မရာကြီးနောက်မှာ မျက်နှာထား တင်းတင်းနဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ သူက ဒါရိုက်တာ ဖြစ်ပုံရတယ်။

သူ ၁၀ မိနစ်လောက် စောင့်ပြီးတဲ့နောက်မှာတော့ စာသင်ခန်း အပြင်ဘက်ကနေ နှုတ်ဆက်သံတွေကို ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင်တွေ စာသင်ခန်းထဲ ဝင်လာကြတယ်။ Youth Generation ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်သလို အိုင်ဒေါတွေလည်း ဖြစ်ကြတဲ့ ယောကျာ်းလေးနဲ့ မိန်းကလေး တစ်တွဲ စာသင်ခန်းထဲ ဝင်လာတယ်။ ချယ်ရင် ကိုတော့ မတွေ့ရဘူး။ ဒီနေ့ သူ့အပိုင်း ရိုက်စရာ မရှိလို့ထင်ပါရဲ့။

ရိုက်ကူးရေး စတင်ပါပြီ။ သူမလုပ်ရမယ့်အလုပ်က ရှေ့မှာချထားတဲ့ သင်္ချာဖတ်စာအုပ်ကို ကြည့်နေဖို့ပဲ။ သူမက ခဲတံတစ်ချောင်းကို ကိုင်ပြီး ပုစ္ဆာတွေ တွက်နေဟန် ဆောင်ရတယ်။ ပျက်တဲ့အခန်းတချို့ အခေါ်ခံရပြီးတဲ့နောက်မှာတော့ သူမ ဟန်မဆောင်တော့ဘဲ တကယ်ပဲ တွက်နေလိုက်တော့တယ်။ သူ အဲဒီလောက်ထိ ပျင်းနေခဲ့တာလေ။

"ဒီမှာနေရတာ သိပ်တော့ မပျော်စရာမကောင်းပါလား" သူမက လက်ကို ဆန့်ထုတ်ရင်း ပြောလိုက်တယ်။

အားလုံး အနားယူလိုက်ကြတယ်။ သူ့ရဲ့ သင်္ချာစာအုပ်ထဲမှာလည်း ပုံသေနည်းတွေနဲ့ ပြည့်နေပြီ။ သူ အဲဒီဘာသာရပ်ကို တစ်နာရီလောက် အချိန်ပေးပြီး လုံးပန်းနေခဲ့တာ။ သူ ဒီမှာ သရုပ်ဆောင်ဖို့ လာတာလား၊ စာလုပ်ဖို့ လာတာလားဆိုတာတောင် မသဲကွဲတော့ဘူး။ ပထမဆုံးအကြိမ် အထူးအဆန်းဖြစ်ခဲ့ရတဲ့ ပစ္စည်းကိရိယာတွေနဲ့လည်း သူ ယဉ်ပါးသွားခဲ့ပြီ။

ရိုက်ကူးရေး ပြန်စတယ်။ အားလုံး အားကစားဝတ်စုံ လဲရမယ်လို့ ကြားလိုက်တာနဲ့ သူလည်း အဝတ်အစား သွားလဲပြီး ပြန်လာခဲ့တယ်။ စောစောလေးတင်က အတန်းထဲက အချစ်ဇာတ်လမ်းလေး ဖြစ်နေပေမယ့် အခုတော့ လုံးဝ ကွဲပြားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြန်တယ်။ သူတို့က ဇာတ်လမ်းကို အစဉ်လိုက် ရိုက်တာမဟုတ်ဘဲ၊ နောက်ပိုင်းမှ အပိုင်းတစ်ခုဖြစ်လာအောင် တည်းဖြတ်တာလုပ်တဲ့အခါကျမှ အခန်းတွေကို ပေါင်းစပ်လိုက်တာ ဖြစ်ပုံရတယ်။

"အိုကေ၊ ကောင်းတယ်"

မနက်ပိုင်း ရိုက်ကူးရေးက ဆယ်နာရီကျော်မှပဲ ပြီးသွားတယ်။ အဲဒီအချိန်တွေ တစ်လျှောက်လုံးမှာ သူ စကားတစ်ခွန်းမှတောင် မပြောခဲ့ရဘူး။

"ဟူး..."

ကျောင်းဝတ်စုံ ပြန်မလဲခင် သူ အကြောဆန့်လိုက်တယ်။ နောက်ခံသရုပ်ဆောင်တွေကို စောင့်နေဖို့ ပြောသံ ကြားလိုက်ရတယ်။ ဝန်ထမ်းတွေက ပစ္စည်းတွေကို အပြင်ထုတ်သွားပေမယ့် နောက်ခံသရုပ်ဆောင်တွေကတော့ စာသင်ခန်းထဲမှာပဲ ကျန်ခဲ့တယ်။ လူတိုင်းက MP3 Player နဲ့ သီချင်းနားထောင်တာ၊ ဖုန်းနဲ့ ဂိမ်းဆော့တာတွေ လုပ်နေကြတယ်။ တချို့ကျတော့လည်း အိပ်နေကြတယ်။ စကားပြောလို့ရမယ့်လူ ရှိမလားဆိုပြီး သူ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပေမယ့် အားလုံးက အုပ်စုလေးတွေနဲ့ ဖြစ်နေတာကြောင့် ဝင်ပြောဖို့ ခက်ခဲနေတယ်။

'ဒါက သိပ်တော့ မလွယ်ပါလား'

မာရူးက ဘာလို့ စာအုပ် ဒါမှမဟုတ် MP3 Player တစ်ခုခု ယူလာဖို့ ပြောခဲ့လဲဆိုတာကို သူ အခုမှ သဘောပေါက်သွားတယ်။ ရိုက်ကူးရေးလုပ်နေတုန်း ပျင်းဖို့ အချိန်မရှိလောက်ဘူးလို့ တွေးပြီး သူ့စကားကို နားမထောင်ခဲ့မိတာကို သူ နောင်တရနေမိတယ်။

"ဘယ်လိုလဲ၊ ခံစားချက်က"

ကျောက်သင်ပုန်းကြီးကို ငေးကြည့်နေတုန်းမှာပဲ အနောက်ဘက်ကနေ မာရူးရဲ့ အသံကို ကြားလိုက်ရတယ်။ ဒီအသံက အခုအချိန်မှာ အမှတ်ရဆုံး အသံပါပဲ။

"ပျင်းစရာကြီး"

"မင်းထင်ထားသလောက် မပျော်ရဘူးမလား"

"အင်း။ ငါမျှော်လင့်ထားတာနဲ့ လုံးဝ တခြားစီပဲ။ ဒီမှာက ပိုပြီး တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်စရာ ကောင်းမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်နေတာက သရုပ်ဆောင်တွေချည်းပဲ။ ငါ့အလုပ်ကတော့ ငြိမ်ငြိမ်လေး နေဖို့ပဲလေ"

"အလုပ်သဘောသဘာဝက ဒီလိုပါပဲ။ ရော့"

မာရူးက သူ့ကို ချောကလက် တစ်တုံး ကမ်းပေးတယ်။ သူ ဗိုက်ဟာနေတာနဲ့ အတော်ပဲမို့ ယူပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်တယ်။

"မာရူး၊ မင်းရောက်နေတာကိုး"

"ရောက်နေပြီလား မာရူး"

အဲဒီအချိန်မှာပဲ ကေဘယ်ကြိုးတွေ သိမ်းနေတဲ့ ဝန်ထမ်းတွေက မာရူးဆီကို လာနှုတ်ဆက်ကြတယ်။ သူတို့ကို နှုတ်ဆက်သင့်၊ မသင့် စဉ်းစားနေတုန်းမှာပဲ တခြားဝန်ထမ်းတွေလည်း မာရူးဆီကို ရောက်လာကြတယ်။ ဒီတစ်ခါ ဝန်ထမ်းတွေတင် မကဘူး။ နောက်ခံသရုပ်ဆောင် တချို့ကပါ မာရူးကို သိနေသလိုမျိုး လာနှုတ်ဆက်ကြတယ်။

မာရူးကလည်း ဝန်ထမ်းတွေကို သဘာဝကျကျပဲ ပြန်နှုတ်ဆက်လိုက်တယ်။ သူ အသားကျနေပြီ ဖြစ်ပုံရတယ်။ ဝန်ထမ်းတွေကလည်း မာရူးကို အပြုံးနဲ့ ဆီးကြိုကြတယ်။ သူတို့က မာရူးအပေါ် တော်တော်လေး ရင်းနှီးတဲ့ပုံ ပေါက်နေတယ်။ တခြားသရုပ်ဆောင်တွေကို အေးစက်စက် ဆက်ဆံတာနဲ့ ယှဉ်လိုက်ရင်တော့ သူတို့ပုံစံက လုံးဝကို သဘောကောင်းမယ့်ပုံ ပေါက်နေတယ်။

"သူက ဒီနေ့ ကျွန်တော်နဲ့အတူ ပါလာတဲ့ သူငယ်ချင်းပါ။ သူ့ကို ဂရုစိုက်ပေးကြပါဦး"

"ဪ တကယ်လား။ မာရူးရဲ့ သူငယ်ချင်းကိုး။ အစောကတည်းက ပြောသင့်တာပေါ့"

တစ်ချိန်လုံး ပင်မကင်မရာကြီး နောက်မှာရှိနေတဲ့ လူက သူ့ကို လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းပေးလာတာကို တွေ့လိုက်ရတော့ သူ လန့်သွားတယ်။ သူ ချက်ချင်း မတ်တတ်ထပ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။

"နောက်အခန်းကျရင် ညီမလေးပုံကို သေသေချာချာလေး ရိုက်ပေးမယ်"

ကင်မရာဒါရိုက်တာလို့ ခေါ်တဲ့ အဲဒီလူက နောက်မှတွေ့မယ်လို့ ပြောပြီး စာသင်ခန်းထဲကနေ ထွက်သွားတယ်။ တခြားဝန်ထမ်းတွေလည်း ပစ္စည်းတွေကို သယ်ပြီး ထွက်သွားကြတယ်။

"မင်းကို သေသေချာချာလေး ရိုက်ပေးမယ်တဲ့" မာရူးက ပြုံးပြီး ပြောတယ်။

"နင် သူတို့ အားလုံးကို သိနေတာလား"

"လောလောဆယ်တော့ သိနေတာပဲ"

"အဲဒီလိုမျိုး ရင်းနှီးဖို့က လွယ်လို့လား။ သုံးနာရီလောက် ရိုက်ကူးရေး လုပ်နေတာတောင် သရုပ်ဆောင်တွေကို ဝန်ထမ်းတွေ လာနှုတ်ဆက်တာ တစ်ခါမှ မမြင်မိပါဘူး"

"ကိစ္စလေးတစ်ခု ရှိခဲ့လို့ပါ" မာရူးက သူ့မျက်ခုံးကို ကုတ်ရင်း ပြောတယ်။

"အခု အပြင်ဘက်မှာ ရိုက်မှာလား"

"အင်း။ ထင်တာပဲ"

"ငါတို့ တစ်ခန်းတည်း အတူတူ ပါကောင်း ပါနိုင်တယ်။ ငါ့ကိုလည်း ပြင်ဆင်ထားဖို့ ပြောသွားတယ်"

"တကယ်လား"

မာရူးက သူ့ဘောင်းဘီကို လက်ညှိုးထိုးပြတယ်။ မာရူး ကျောင်းဝတ်စုံ ဝတ်ထားတာကို သူမ သတိထားမိလိုက်တယ်။

"ငါ အရင်ဆင်းနှင့်မယ်။ နောက်မှတွေ့မယ်"

"အင်း"

မာရူးက သူမကို ခဏစောင့်နေဖို့ ပြောတယ်။

သူမ သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။ နှစ်ယောက်လုံး အထက်တန်းကျောင်းသားတွေ ဖြစ်နေပေမယ့် မာရူးကတော့ လုံးဝ မတူညီတဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေသလိုပဲ။ မာရူး အေဂျင်စီတစ်ခုကို ဝင်သွားပြီဆိုတာ ကြားတုန်းက သိပ်ပြီး မဆန်းဘူးလို့ ထင်ခဲ့တာ။ ဒါပေမယ့် ရိုက်ကွင်းပေါ်မှာ မြင်လိုက်ရတဲ့အခါကျတော့ မာရူးက တကယ်ပဲ ကွာခြားနေမှန်း သူ သိလိုက်ရတယ်။ ပရော်ဖက်ရှင်နယ် တစ်ယောက်ရဲ့ အသွင်အပြင်မျိုး ရှိနေတာကိုး။

'ငါလည်း အကောင်းဆုံး ကြိုးစားရမယ်'

သရုပ်ဆောင်တစ်ယောက်အနေနဲ့ မာရူးက သူ့ထက် ခြေလှမ်းတော်တော်များများ ရှေ့ရောက်နေပြီ။ မာရူးကို အမီလိုက်ချင်ရင် သူ အများကြီး ကြိုးစားရလိမ့်မယ်။ မကြာသေးခင်ကမှ သူမ အိပ်မက်အသစ်တစ်ခု မက်ခဲ့တယ်။ 'ဒီလိုလူ ဖြစ်ရမယ်' ဆိုတဲ့ ဝေဝေဝါးဝါး အိပ်မက်မျိုး မဟုတ်ဘူး။ ပိုပြီး တိကျတဲ့ အိပ်မက်မျိုးလေ။ သူမ မာရူးနဲ့အတူ စင်မြင့်တစ်ခုတည်းမှာ သရုပ်ဆောင်ချင်တယ်။ ပရော်ဖက်ရှင်နယ် စင်မြင့်ပဲဖြစ်ဖြစ်၊ အပျော်တမ်း စင်မြင့်ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ မာရူးနဲ့ တစ်နေရာတည်းမှာ အတူတူ သရုပ်ဆောင်ခွင့်ရရင်ပဲ သူမ အရမ်းကို ပျော်နေရမှာ။ တကယ်လို့ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းကသာ မာရူး ဒဏ်ရာမရခဲ့ဘူးဆိုရင် ဒီအိပ်မက်က တကယ်ဖြစ်လာလောက်ပြီလေ။

"ငါ မကြာခင် အမီလိုက်ခဲ့မယ်"

ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန်ချလိုက်တယ်။ တွန့်ကြေနေတဲ့ ကျောင်းစကတ်ကို ခါလိုက်ပြီး ထိုင်ခုံကနေ ထလိုက်တယ်။ အကြာကြီး ထိုင်ထားရလို့ သူ့တင်ပါးတွေတောင် နာနေပြီ။ ပြတင်းပေါက်ဆီ လျှောက်သွားပြီး ကျောင်းရှေ့မှာ မီးတွေ တပ်ဆင်နေတာကို သူ ငေးကြည့်နေလိုက်တယ်။

အဲဒီအချိန်မှာပဲ

"ဟင်၊ နင်က ဘာလို့ ဒီရောက်နေတာလဲ"

အဲဒီအသံကို ကြားလိုက်ရတဲ့အခါ သူ လှည့်ကြည့်လိုက်တယ်။ အဲဒီမှာ ချယ်ရင်က သူ့လို ကျောင်းဝတ်စုံမျိုးကို ဝတ်ပြီး ရပ်နေတယ်။

"စီနီယာ" သူက ပြုံးပြီး နှုတ်ဆက်လိုက်တယ်။

* * * * * * * * *

All Chapters