အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း(၃၂၄)
သူမက ဒီကို အချိန်ပိုင်းအလုပ် လုပ်ဖို့လာတာလို့ ပြောတယ်။ ချယ်ရင်က ခေါင်းညိတ်ပြလိုက်ပြီး သူမကို အပေါ်အောက် အကဲခတ်ကြည့်လိုက်တယ်။ သရုပ်ဆောင်ကလပ်ရဲ့ လေ့ကျင့်ရေးအခန်းထဲမှာ သူမ လေ့ကျင့်ခန်းလုပ်နေတာကို ချယ်ရင် တစ်ခါတလေ မြင်ဖူးတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်လို့ ထင်ပါရဲ့၊ သူမရဲ့ ခန္ဓာကိုယ်က အရမ်းကို ကျစ်လျစ်ပြီး ပျော့ပျောင်းနေတယ်။ ချယ်ရင်ကိုယ်တိုင်က တစ်နေ့ကို အချိန်ဝက်လောက် အချိန်ပေးပြီး လေ့ကျင့်နေရပေမယ့် ဒီကိစ္စမှာတော့ သူမနဲ့ အပြိုင်ဖြစ်နေတယ်။ စောစောပိုင်းကတော့ သူမမှာ လှပတဲ့ ခန္ဓာကိုယ်လေး ရှိတယ်လို့ပဲ ထင်ခဲ့ပေမယ့် ခုနက ကိစ္စပြီးသွားတဲ့နောက်မှာတော့ သူမကို ကြည့်ရတာ နည်းနည်း အမြင်ကတ်လာတယ်။ ဒီကလေးမက ဒီမှာ သူမရဲ့ နေရာကို ဝင်ယူသွားမလားဆိုပြီး နည်းနည်းတော့ စိုးရိမ်သွားမိတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့ အခွင့်အရေးကတော့ အရမ်းကို နည်းပါးပါတယ်။
"အဲဒီ ယူနီဖောင်းက ညီမလေးအတွက် နည်းနည်း ကြီးနေသလားလို့"
"ကျွန်မနဲ့ တော်တာကို ရှာကြည့်သေးတယ်။ ဒါပေမဲ့ အကုန်လုံးက ကြီးနေလို့။ ရွေးစရာမရှိတဲ့အဆုံး ဒါပဲ ယူလိုက်ရတာ"
"ယူနီဖောင်းသာ ကွက်တိဖြစ်ရင် ပိုလှနေမှာ။ နှမြောစရာပဲ"
"ရပါတယ်။ ကျွန်မက ဖြတ်လျှောက်ပဲဟာကို"
"ဖြတ်လျှောက်တွေလည်း စခရင်မ်ပေါ် ပါတာပဲလေ။ ဘယ်သူသိနိုင်မလဲ။ ညီမလေးက တော်တော်လေး ချစ်စရာကောင်းတော့ အပိုင်းထွက်သွားရင် တချို့တွေ မှတ်မိသွားနိုင်တယ်"
"ဟာ... စီနီယာကလည်း၊ ကျွန်မကို မစပါနဲ့တော့"
သူမက တောက်ပတဲ့ အပြုံးလေးနဲ့ ရယ်လိုက်တယ်။ ချယ်ရင်လည်း ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်တယ်။ ဒီကောင်မလေးကို ခဏလောက်ဖြစ်ဖြစ် သတိထားရမယ့်သူလို့ သူမ မြင်လိုက်မိတာက သူမရဲ့ မာနကို ထိခိုက်စေတယ်။
"အဟမ်း... အဆင်သင့် ပြင်ထားဖို့ ပြောလိုက်ပါတယ်"
ဝန်ထမ်းတစ်ယောက်က သူမဆီ သတိထားပြီး ချဉ်းကပ်လာရင်း ပြောတယ်။ ချယ်ရင် ခေါင်းညိတ်ပြလိုက်တယ်။
"ရိုက်ကူးရေး ကျန်သေးလို့လား"
"လောလောဆယ်တော့ စောင့်နေရတာပဲ။ ဘာဆက်ဖြစ်မလဲ မသိသေးဘူး"
"ကျွန်မတို့ အခန်းတူတူ ပါရရင် ကောင်းမှာပဲ။ အဆင်ပြေရင် နောက်မှ တွေ့မယ်နော်။ ကြိုးစားပါဦး"
"ဟုတ်ကဲ့ စီနီယာ။ Good luck ပါ"
ဂျူနီယာက ဆုတောင်းပေးပြီးတဲ့နောက် ချယ်ရင် အဲဒီကနေ ထွက်လာခဲ့တယ်။ ဒီနေ့ ရိုက်ကူးရေးက ကျောင်းမှာ လုပ်တာလေ။ ကျောင်းအပြင်ဘက် အခန်းတစ်ခန်း ပါပေမယ့် ရှုခင်းရိုက်ရုံလောက်ပဲမို့ သိပ်ကြာမှာ မဟုတ်ဘူး။
"အစ်ကို၊ ညီမ ဇာတ်ညွှန်းလေး"
"အော်... ရော့ ဒီမှာ"
မန်နေဂျာပေးတဲ့ ဇာတ်ညွှန်းကို ဖတ်ရင်း ကျောင်းဂိတ်ပေါက်ဆီကို သူမ ထွက်လာခဲ့တယ်။ စက်ပစ္စည်းတွေ တပ်ဆင်လို့ နီးပါး ပြီးနေပြီဖြစ်တာကြောင့် သရုပ်ဆောင်တွေလည်း အဆင်သင့် ပြင်နေကြတယ်။
"ရောက်ပြီလား"
"အင်း"
ဝူမင်က သူမကို နှုတ်ဆက်လိုက်တယ်။ သူ့ဘေးမှာက ဒီဇာတ်လမ်းတွဲရဲ့ အဓိက ဇာတ်ဆောင်မင်းသမီးလို့ ပြောလို့ရတဲ့ ယူရီ ရှိနေတယ်။ သူမက ဒီနေ့လည်း အဖြောင့်လုပ်ထားတဲ့ ဆံပင်အရှည်ကြီးကို ဖြီးသင်နေပြန်တယ်။ သူတို့သုံးယောက် ဟိုဟိုဒီဒီ အသေးအဖွဲတွေ ပြောနေကြတုန်း ဇာတ်လမ်းတွဲထဲမှာ သူမရဲ့ ကောင်လေးနေရာက သရုပ်ဆောင်ရမယ့် ဂန်ဟာ က လက်ပြရင်း ရောက်လာတယ်။
"ချယ်ရင်... နင့်ရဲ့ ဓာတ်ပုံစာအုပ်ကို ငါ မြင်လိုက်တယ်"
"နင် မြင်တယ်ပေါ့"
"အင်း၊ ဆောင်းပါးတစ်ခုထဲမှာလေ။ ဝါး... နင် ဒီရက်ပိုင်း တော်တော် အဆင်ပြေနေတာပဲ"
သူတို့လေးယောက်က ပွဲဦးထွက်ချိန် သိပ်မကွာကြလို့ ရင်းရင်းနှီးနှီး နေဖို့ ဆုံးဖြတ်ထားကြတာလေ။ တကယ်တော့ နာမည်ကြီးမှု အပိုင်းမှာဆိုရင် သူမပါဝင်တဲ့ Blue အဖွဲ့က လူကြိုက်အများဆုံးပဲ။ ဒီသုံးယောက် ပါဝင်တဲ့ အဖွဲ့တွေက ဘယ်အဆင့်သတ်မှတ်ချက်မှာမှ ပထမနေရာ မရဖူးကြဘူး။
"ဒါပေမဲ့ နည်းနည်းတော့ ဈေးပေါသလို မဖြစ်နေဘူးလား။ ငါ ဆိုလိုတာက အတွင်းခံလိုလို ဘာလိုလိုနဲ့လေ။ ဘာပဲဖြစ်ဖြစ် လှတော့ လှပါတယ်" လို့ ယူရီ က ဝင်ပြောတယ်။ သူမက ဆံပင်တွေကို လက်ချောင်းတွေနဲ့ ထိုးဖွရင်း ဖြီးနေတယ်။
"အင်းလေ။ ငါ့ဘေးနားက လူတွေကတော့ ငါ ဘယ်လောက် ဆက်စီကျလဲ ဆိုတာနဲ့ ပတ်သက်ပြီး အရမ်းကို အပြစ်ပြောနေကြတာ။ အော်... နင်မှ အဲဒီလိုမျိုး မစမ်းကြည့်ဖူးတာဆိုတော့ သိမှာမဟုတ်ပါဘူး။ နင်လည်း ဓာတ်ပုံရိုက်ကြည့်ရင် သိလာမှာပါ။ အခုတလော နင်လည်း တော်တော် နာမည်ကြီးနေတာပဲ မဟုတ်လား။ အဆင့် ၈ မှာလား ဘာလား" ချယ်ရင်က နှာခေါင်းရှုံ့ရင်း ပြန်ပက်လိုက်တယ်။
သူမနဲ့ ယူရီ က ပွဲဦးထွက်ကတည်းက သိပ်အဆင်မပြေကြဘူး။ သူတို့ အကြိမ်ရေ အများကြီး မဆုံဖူးသလို သဘောထားကွဲလွဲစရာ အကြောင်းလည်း မရှိပေမယ့် တစ်ခုခုကြောင့်များလား မသိဘူး၊ တွေ့တာနဲ့ တစ်ယောက်ကိုတစ်ယောက် အပြစ်ရှာပြီး ခနဲ့တဲ့တဲ့ စကားတွေ ပြောတတ်ကြတယ်။ ဒါက သူတို့အတွက်တော့ ပုံမှန်လိုဖြစ်နေလို့ ဘယ်သူကမှ သိပ်ဂရုမစိုက်ကြပါဘူး။
"စပြန်ပြီ။ ငါတို့အချင်းချင်း ခင်ခင်မင်မင် နေကြရအောင်ဟာ။ နင်တို့နှစ်ယောက်က အရမ်း ရန်လိုနေကြတော့ ငါတောင် စကားဝင်ပြောလို့ မရဘူး"
ဂန်ဟာ က ဖြတ်ပြောလိုက်တယ်။ ချယ်ရင်ကတော့ ခေါင်းကို တစ်ဖက် လှည့်သွားလိုက်တယ်။ တစ်ခုခု ရှင်းပြနေရမှာကိုက စိတ်အနှောင့်အယှက် ဖြစ်စရာလေ။
"အဓိက ဇာတ်ဆောင်တွေ... ဇာတ်တိုက်ကြည့်ရအောင်"
ဒါရိုက်တာရဲ့ ခေါ်သံကြားတာနဲ့ သူတို့လေးယောက် ကင်မရာရှေ့မှာ သွားရပ်လိုက်ကြတယ်။ ဒီအခန်းက ကျောင်းကနေ အိမ်ပြန်လာတဲ့ ချစ်သူနှစ်ဦးရဲ့ လမ်းကို ချယ်ရင်က ပိတ်ရပ်ပြီး ကောင်လေးဖြစ်သူဆီကို မကောင်းတဲ့ ကောလာဟလတစ်ခု ခိုးပြောရမယ့် အခန်းလေ။ ဒီအခန်းက လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို သေသေချာချာ ပေါ်လွင်စေမယ့် အခန်းလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်က စပြီး အင်တာနက်ပေါ်မှာ ဘယ်သူက ဘယ်သူ့ကို သဘောကျနေတာလဲ ဆိုတာကို ခန့်မှန်းထားတဲ့ ကွန်မင့်တွေ အများကြီး ထွက်ပေါ်နေခဲ့တာကိုး။ ပရိသတ်အများစု သဘောကျစေဖို့အတွက် ဇာတ်ညွှန်းကိုလည်း ပြင်ဆင်ထားခဲ့ရတယ်။
ချယ်ရင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ကျောင်းဂိတ်ပေါက်ရဲ့ အနောက်မှာ နေရာယူလိုက်တယ်။ အခု သူမ လုပ်ရမှာက ကျောင်းထဲကနေ ထွက်လာတဲ့ ဝူမင်နဲ့ ယူရီ ကို လမ်းပိတ်ရပ်ပြီး သူမရဲ့ စကားပြောခန်းကို ပြောဖို့ပဲလေ။ ဇာတ်တိုက်နေတုန်းမှာပဲ နောက်ခံသရုပ်ဆောင်တွေကိုလည်း ဘေးနားမှာ နေရာချထားတယ်။ သူတို့က ကျောင်းကနေ အိမ်ပြန်လာတဲ့ တခြားကျောင်းသားတွေအဖြစ် သရုပ်ဆောင်ရမှာပါ။ သူမရဲ့ ဂျူနီယာကလည်း အဲဒီအထဲမှာ ရောပါနေတယ်။
သူမ ပြောရမယ့် စာသားကို ခေါင်းထဲမှာ စဉ်းစားရင်း တိုးတိုးလေး ရွတ်ကြည့်နေလိုက်တယ်။ ကောင်လေးတစ်ယောက် သူမရဲ့ မြင်ကွင်းထဲ ဝင်လာတယ်။ အဲဒါက ဝန်ထမ်းတစ်ယောက်ဆီကနေ မျက်မှန်တစ်လက် လှမ်းယူနေတဲ့ မာရူးပဲ။ သူက သူမရဲ့ ခြိမ်းခြောက်မှုကို အရှုံးပေးပြီး မင်းသမီးရဲ့ အပြစ်ကင်းစင်မှုကို သိနေပေမယ့် မသိချင်ယောင်ဆောင်နေရမယ့် ကောင်လေး နေရာကနေ သရုပ်ဆောင်ရမှာလေ။ မာရူးက ဝန်ထမ်းတစ်ယောက်နဲ့ စကားပြောနေတယ်။ သူတို့ကို ကြည့်ရတာ တော်တော် ရင်းနှီးတဲ့ပုံပဲ။ သူမ ကြားထားသလောက်ဆိုရင် ပြီးခဲ့တဲ့တစ်ခေါက် ဝန်ထမ်းတွေကြားထဲ ပြဿနာတက်တုန်းက သူက ဝင်ကူညီပေးခဲ့တယ်ဆိုပဲ။ အသေးစိတ်ကိုတော့ သူမ မသိပါဘူး။ အဲဒီအချိန်တုန်းက အဓိက ဇာတ်ဆောင်တွေ အကုန်လုံးက ကားထဲမှာပဲ စောင့်နေခဲ့ကြတာလေ။
ချယ်ရင်က မာရူးကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ လူတိုင်းက သူမကို သဘောမကျဘူး ဆိုတာကို သူမ သတိထားမိသလို တကယ်တမ်း သူမကို သဘောကျတဲ့သူထက် မုန်းတဲ့သူက ပိုများတယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ သူမ မျက်နှာကို ကြည့်ပြီး အဲဒီလို ပွင့်ပွင့်လင်းလင်း ဖော်ပြရဲတဲ့သူကတော့ တော်တော်လေးကို ရှားပါတယ်။ သူမက ကျေးဇူးတင်ပါတယ် ပြောရင် သူတို့က ပြန်ပြီး ကျေးဇူးတင်ပါတယ် ပြောကြတယ်။ သူမက ပြုံးပြရင် သူတို့ကလည်း ပြန်ပြုံးပြကြတာချည်းပဲ။ သူမကို မုန်းတဲ့သူတွေတောင် သူမရှေ့ ရောက်လာရင် လိမ္မာတဲ့ သိုးပေါက်လေးတွေလို ဖြစ်သွားတတ်ကြတာလေ။
ဂျီဆော့ကတစ်ဆင့် သူမ ကျေးဇူးတင်ကြောင်း ပြောခဲ့တုန်းက သူမဆီကို သဘာဝကျကျပဲ ဖုန်းဝင်လာလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူမက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာကို ဖော်ပြခဲ့တာပဲဟာ။ တကယ်တော့ သူမကလည်း သူ့ကို ဖုန်းနံပါတ် ပေးဖို့ အစီအစဉ် မရှိပါဘူး။ ဒါက ဆင်ခြေတစ်ခု သက်သက်ပဲလေ။ သူ့ကို ကျေးဇူးတင်ကြောင်း ပြောပြီးရင် မေ့ပစ်လိုက်ဖို့ပဲ စဉ်းစားထားတာ။ ဒါပေမဲ့ အဆုံးမှာတော့ သူက ဖုန်းကို အရင်ချသွားခဲ့တယ်။
သူမကို လျစ်လျူရှုလိုက်တယ်လို့ ခံစားရလို့ သူမ ဒေါသထွက်ခဲ့တယ်။ ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ တစ်ဖက်လူက ဖုန်းဆက်ဖို့ အရမ်း ရှက်နေတာများလားလို့ ကောက်ချက်ချမိပြန်တယ်။ ဘာတွေပဲ ပြောပြော၊ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ရိုက်ကူးရေးလုပ်နေတုန်း သူက သူမကို ကူညီပေးခဲ့တာလေ။ စူးရှတဲ့ နာကျင်မှုနဲ့ စကားလုံးတွေက အခုချိန်ထိ သူမရဲ့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်နေဆဲပဲ။ သူ့မျက်နှာကို မြင်လိုက်ရတဲ့အခါ သူမ ပိုပြီး ရိုးသားသင့်တယ်လို့ ချယ်ရင် တွေးလိုက်မိတယ်။ သူ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောတာက ဆင်ခြေတစ်ခု သက်သက်ပါပဲ။ တကယ်တော့ သူမ သူ့ကို စကားပြောချင်ရုံလေးပါ။
သူ့ကို သဘောကျနေတာလား။ သူမ သေချာ မသိသေးဘူး။ ဒါပေမဲ့ သူမ သူ့ကို မမုန်းတာတော့ အသေအချာပဲ။ စူးစမ်းချင်စိတ် ပိုများနေတာမျိုးလို့ ပြောရမလား။ သူမကို အေးစက်စက် အကြည့်တွေနဲ့ ကြည့်တတ်တဲ့ ကောင်လေးတစ်ယောက်အပေါ် စူးစမ်းချင်စိတ် ဖြစ်နေတာလေ။
သူတို့ အကြည့်ချင်း ဆုံသွားကြတယ်။ ချယ်ရင် ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်တယ်။ မာရူးက ခေါင်းတစ်ချက် ညိတ်ပြပြီး ဝန်ထမ်းနဲ့ ဆက်ပြီး စကားပြောနေလေရဲ့။ သူမ ကြက်သေသေသွားတယ်။ သူ သူမဆီ လာပြီး နှုတ်ဆက်လိမ့်မယ်လို့ ထင်ထားတဲ့ သူမရဲ့ ခန့်မှန်းချက်က လုံးဝကို လွဲချော်သွားခဲ့တာကိုး။ မာရူးက နှုတ်ဆက်ဖို့ အဲဒါလေးနဲ့ပဲ လုံလောက်သွားသလို ခေါင်းတစ်ချက် ညိတ်ရုံပဲ ညိတ်ပြသွားတာလေ။
သူမ ရယ်တောင် ရယ်မိတော့မလို့။ ဘာကများ စူးစမ်းချင်စရာကောင်းနေလို့လဲ။ ချယ်ရင် အရှေ့ကို လှမ်းကြည့်လိုက်ပြီး သရုပ်ဆောင်ဖို့ အဆင်သင့် ပြင်လိုက်တော့တယ်။
ကင်မရာ စရိုက်ပြီဆိုတာနဲ့ အဓိက ဇာတ်ဆောင်နှစ်ယောက်က တစ်ဖက်ကနေ စတင် လမ်းလျှောက်လာကြတယ်။ သံလမ်းပေါ်မှာ တင်ထားတဲ့ ကင်မရာက ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး အဓိက ဇာတ်ဆောင်တွေနဲ့ အကွာအဝေးကို ထိန်းထားတယ်။ ချယ်ရင်က သူတို့နှစ်ယောက် ကျောင်းဂိတ်ပေါက်နား ရောက်လာတဲ့အထိ စောင့်နေပြီး အချိန်ကိုက်ပဲ ထွက်ရပ်လိုက်တယ်။
"နင် ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပဲ"
သူမရဲ့ သရုပ်ဆောင်ချက်က သူမရဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့်ပဲလား မသိဘူး၊ တော်တော်လေးကို ချောမွေ့နေတယ်။ သူမ စကားကို တော်တော်လေး ခနဲ့တဲ့တဲ့ လေသံနဲ့ ပြောလိုက်တယ်။ သူမ အစီအစဉ်အတိုင်း လှုပ်ရှားလိုက်ပြီး အဓိက မင်းသမီးဆီကို လျှောက်သွားလိုက်တယ်။ အဲဒီနောက်တော့ ကတ် ပေါ့။
"ကောင်းတယ်။ ချယ်ရင်၊ ဒီနေ့ မင်း တော်တော် အဆင်ပြေနေတယ်"
ပထမဆုံး အခန်းမှာတင် သူမ အချီးကျူးခံလိုက်ရတယ်။ ချယ်ရင် ပြုံးလိုက်ပြီး ဒါရိုက်တာကို ကျေးဇူးတင်စကား ပြောလိုက်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ခံစားခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေ ဒီနေ့ သူမဆီမှာ မရှိတော့ဘူး။ သူမမှာ အဆုံးအစမရှိတဲ့ ယုံကြည်မှုတွေပဲ ရှိနေတော့တယ်။ ကင်မရာဒါရိုက်တာက ကင်မရာကို ပခုံးပေါ် ထမ်းပြီး အဓိက မင်းသမီးရဲ့ နောက်မှာ ရပ်နေတယ်။ သူမမျက်နှာရဲ့ ဘယ်ဘက်ခြမ်းကို ကင်မရာက ပိုဖမ်းမိအောင် ချယ်ရင် ညာဘက်ကို နည်းနည်းလေး လှည့်ကြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ ဘယ်ဘက်ခြမ်းက ပိုလှတယ်လေ။
ရိုက်ကူးရေး ပြန်စတယ်။ သူမ ပြောရမယ့် စာသားကို အမှားအယွင်းမရှိ ပြောလိုက်တယ်။ သူမနဲ့ ယူရီ က တကယ်ပဲ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိတာကြောင့် သူမရဲ့ စကားလုံးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ခနဲ့တဲ့တဲ့ ပြောနိုင်ခဲ့တယ်။ ကင်မရာထဲမှာ မပါသွားတဲ့ ယူရီ ရဲ့ နှုတ်ခမ်းတွေ တွန့်ခါသွားတာကို ကြည့်ပြီး သူမ စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်မိတယ်။ ငါ့ဆီကို မီဖို့ဆိုတာ နင့်အတွက် အများကြီး လိုပါသေးတယ်။ လူကြိုက်များမှုပဲဖြစ်ဖြစ်၊ သရုပ်ဆောင်စွမ်းရည်ပဲဖြစ်ဖြစ်လေ။
"ချယ်ရင်၊ မင်း သရုပ်ဆောင်တာ တော်တယ်"
"ဒါရိုက်တာရဲ့ ကျေးဇူးတွေကြောင့်ပါ"
ကောင်းတဲ့ စကားတွေ ပြောနေကြတာမို့ ရိုက်ကွင်းပေါ်က လေထုကလည်း ပိုပြီး တက်ကြွနေသလိုပဲ။ ချယ်ရင် အခုချိန်မှာ တခြားသူတွေကို ဂရုစိုက်ပေးနိုင်တဲ့ အခွင့်အရေး ရသွားပြီမို့ ဝန်ထမ်းတွေကို လိုက်ဂရုစိုက်ပေးနေတယ်။ စိုးရိမ်စိတ်တွေ လွှမ်းမိုးနေပြီး အမြင်ကျဉ်းမြောင်းနေချိန်တုန်းကဆို တစ်ခုခုဖြစ်တာနဲ့ သူမ သူတို့ကို စိတ်တိုမိတတ်ပေမယ့် အခုတော့ အဲဒီလို မဖြစ်တော့ဘူးလေ။ သူမရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်မယ့် အခွင့်အရေး ရနေတာကိုး။ သူမရဲ့ မန်နေဂျာက ကြိုတင်ပြင်ဆင်ထားတဲ့ သရေစာတွေနဲ့ သောက်စရာတွေကို လိုက်ဝေပေးတယ်။ သူမကို အမြင်မကြည်တဲ့ ဝန်ထမ်းတွေတောင် လက်ဆောင်ရတော့ ကျေးဇူးတင်စကား ပြောကြတယ်။ ဒီလို သေးငယ်တဲ့ လုပ်ရပ်လေးတွေက ရေရှည်မှာ သူမနဲ့ ပတ်သက်တဲ့ အကဲဖြတ်မှုတွေကို ပြောင်းလဲပေးနိုင်မှာလေ။
ခဏနားပြီးတဲ့နောက်မှာတော့ ရိုက်ကူးရေး ပြန်စတယ်။ ဒီအခန်းက ကျောင်းပြင်ပကနေ ရောက်လာတဲ့ မာရူးက အဓိက မင်းသမီး တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေတာကို မြင်ရက်နဲ့ လျစ်လျူရှုသွားတဲ့ အခန်းပဲ။
အချက်ပြသံ ထွက်လာတယ်။ ချယ်ရင် မောက်မာတဲ့ မျက်နှာပေးမျိုး လုပ်လိုက်ပြီး အဓိက မင်းသမီး ယူရီ ကို လှမ်းကြည့်လိုက်တယ်။ သူမရော သူမရဲ့ အနောက်ဘက်ကိုပါ ရိုက်ကူးနေတဲ့ ကင်မရာက မာရူးကို ဖမ်းမိလောက်ပြီ။ ခြေသံတွေ နီးလာတယ်။ နောက်ဆုံးမှာတော့ တစ်ဖက်မှာရှိနေတဲ့ ဝူမင်က မာရူးကို တားလိုက်တယ်။
"အတန်းခေါင်းဆောင်၊ ဒါတွေ အကုန်လုံးက တကယ်ပဲလား"
မာရူးက အမှန်တရားကို သိနေပေမယ့် ယူရီ ကတော့ သူမမှာ အပြစ်မရှိကြောင်း ငြင်းဆိုနေလေရဲ့။ မာရူးက လှုပ်ခတ်နေတဲ့ မျက်လုံးတွေနဲ့ သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေပြီး ဘာမှ မပြောဘူး။ ဒါတွေအားလုံးကို ဘေးကနေ စောင့်ကြည့်နေတဲ့ ချယ်ရင်က မရည်ရွယ်ဘဲ တိုးတိုးလေး အာမေဍိတ်သံ ထွက်သွားတယ်။ မာရူးရဲ့ ပါးပြင်တွေ တုန်ယင်နေတာလေ။ သူက တကယ်ကို ကြောက်ရွံ့နေတဲ့သူ တစ်ယောက်လို အနောက်ကို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတယ်။ မာရူးက တောင့်တောင့်တင်းတင်း ခန္ဓာကိုယ် ရှိပေမယ့် အခုချိန်မှာတော့ တော်တော်လေးကို အားနည်းတဲ့ပုံ ပေါက်နေတယ်။
"ငါ မင်းကို မေးနေတယ်လေ"
"အဟမ်း... ငါ..."
မာရူး သူမကို လှမ်းကြည့်လိုက်တယ်။ သူမဆီကနေ ကိုယ်ချင်းစာတရားကို တောင်းဆိုနေတဲ့ မာရူးရဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ ချယ်ရင် သူမပြောရမယ့် စာသားအစား တခြားတစ်ခုခုကို ယောင်ပြီး ပြောမိမလိုတောင် ဖြစ်သွားတယ်။ သူမ စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး ဇာတ်ညွှန်းကို ပြန်စဉ်းစားကာ သူမရဲ့ စာသားကို ပြောလိုက်တယ်။
"နင် ပြောစရာရှိရင် ပြောလိုက်လေ"
မာရူး ခေါင်းခါလိုက်ပြီး 'ငါ ဘာမှ မသိဘူး' လို့ အားမပါတဲ့ အသံနဲ့ ပြောလိုက်တယ်။ သူ့ရဲ့ ခွန်အားတွေ အကုန်လုံး ကုန်ခန်းသွားသလိုမျိုး အသံထွက်နေပေမယ့် အရမ်းကို ရှင်းလင်းပြတ်သားနေတယ်။ စိတ်ဝင်စားစရာပဲ။ အသံထွက် အသုံးချပုံ ကွာခြားသွားတာများလား။
"ကောင်းတယ်"
ဒါရိုက်တာက အရင်ကထက် ပိုတက်ကြွတဲ့ အသံနဲ့ ကတ် လို့ အော်လိုက်တယ်။
အခုလေးတင် အစားခံရတော့မယ့် သစ်ရွက်စားသတ္တဝါလေး တစ်ကောင်လို ဖြစ်နေတဲ့ မာရူးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခံစားချက်ကင်းမဲ့တဲ့ မျက်နှာပေးကို ချက်ချင်း ပြန်ပြောင်းလိုက်တယ်။ အတန်းခေါင်းဆောင်ကနေ မာရူး ဆိုတဲ့ သူ့ရဲ့ မူလပုံစံကို ပြန်ရောက်သွားတာလေ။
"ဒီအရှိန်အတိုင်း ကားပါကင် အခန်းကို ဆက်ရိုက်လိုက်ကြစို့။ အခြေအနေ ကောင်းနေတုန်း အဆုံးသတ်လိုက်တာ ပိုကောင်းမယ်"
ဝန်ထမ်းတွေ စက်ပစ္စည်းတွေကို ပြန်ရွှေ့ကြပြန်တယ်။ သရုပ်ဆောင်တွေလည်း ကားပါကင်ဘက်ကို ပြောင်းသွားကြတယ်။ ကားပါကင် ထောင့်နားက အမှိုက်ပစ်တဲ့နေရာမှာ ရိုက်ကူးရေး ပြန်စတယ်။ ချယ်ရင် သူမကိုင်ထားတဲ့ ဇာတ်ညွှန်းကို မန်နေဂျာဆီ ပေးလိုက်တယ်။ ဒီအခန်းက အဓိက မင်းသမီးကို ဒုက္ခပေးဖို့ အတန်းခေါင်းဆောင်ကို သူမ ခြိမ်းခြောက်ရမယ့် အခန်းလေ။ နေရာမယူခင် ဇာတ်လမ်းတွဲထဲမှာ သူမနဲ့အတူ သွားလာလှုပ်ရှားရတဲ့ တခြား ဇာတ်ပို့ မင်းသမီးတွေကို သူမ နှုတ်ဆက်လိုက်တယ်။
အက်ရှင်ဒါရိုက်တာက မာရူးကို တစ်ခုခု ညွှန်ကြားနေတယ်။ ဒီအခန်းမှာ အတန်းခေါင်းဆောင်က အကန်ခံရပြီး အမှိုက်ပုံထဲ လဲကျသွားရမှာလေ။
"အဲဒါကို စမ်းကြည့်ရအောင်"
မာရူး၊ အက်ရှင်ဒါရိုက်တာနဲ့ ကန်ရမယ့် ဇာတ်ပို့ မင်းသမီးတို့က အမှိုက်ပုံရှေ့မှာ ရပ်နေကြတယ်။ ပထမဆုံးအနေနဲ့ အက်ရှင်ဒါရိုက်တာနဲ့ မာရူးက သရုပ်ပြကြတယ်။ အက်ရှင်ဒါရိုက်တာက သူ့ခြေထောက်ကို မာရူးရဲ့ ဗိုက်ပေါ် တင်ပြီး အရှေ့ကို တွန်းလိုက်တယ်။ အဲဒီ အားကြောင့် မာရူးက အနောက်ကို လွင့်ထွက်သွားပြီး အမှိုက်ပုံထဲ လဲကျသွားတယ်။ သူက တကယ်ပဲ အားပြင်းပြင်းနဲ့ အကန်ခံလိုက်ရသလို မျက်မှောင်ကြီးကျုံ့ပြီး လဲကျသွားပေမယ့် ပြန်ထလာတဲ့အချိန်မှာတော့ သူ့မျက်နှာက အရင်လိုပဲ အေးအေးဆေးဆေး ဖြစ်နေတယ်။
"စမ်းကြည့်"
ဇာတ်ပို့ မင်းသမီးက ခေါင်းညိတ်ပြပြီး အက်ရှင်ဒါရိုက်တာ ပြောတဲ့အတိုင်း မာရူးကို ကန်လိုက်တယ်။ သူမက အားကုန်သုံးထားသလို ပုံပေါက်ပေမယ့် ကြည့်ရတာ တော်တော်လေးကို အဆင်မပြေဖြစ်နေတယ်။ ပထမဆုံးအနေနဲ့ ပြောရရင် ဒီလိုမျိုး ကန်တဲ့အတွေ့အကြုံရှိတဲ့ မိန်းကလေး ဘယ်နှယောက်များ ရှိမှာမို့လို့လဲ။ သူမအတွက် အဆင်မပြေသလို ဖြစ်နေတာက သဘာဝကျပါတယ်။
"နည်းနည်း ပိုပြီး အားထည့်ကန်လို့ ရပါတယ်။ အကန်ခံရမယ့်သူက အကုန်လုံးကို တာဝန်ယူပေးလိမ့်မယ်"
အက်ရှင်ဒါရိုက်တာက မာရူးကို တော်တော်လေး ယုံကြည်ပုံရတယ်။ ဇာတ်ပို့ မင်းသမီးက နောက်တစ်ခေါက် ထပ်ကန်တယ်။ ဒီတစ်ခါတော့ သူမ ပိုပြီး အားထည့်လိုက်သလိုပဲ။ ကန်ပြီးသွားတော့ သူမ ကိုယ်တိုင်တောင် ယိုင်သွားသေးတယ်။
မာရူး လေထဲကို ခဏလောက် မြောက်တက်သွားပြီးမှ အမှိုက်ပုံထဲကို ပြုတ်ကျသွားတယ်။ ဖောင်းခနဲ မြည်သံနဲ့အတူ စက္ကူနဲ့ လုပ်ထားတဲ့ အမှိုက်အိတ် တချို့ ပေါက်ကွဲသွားတယ်။
"သူ ဒဏ်ရာရမသွားဘူးလား" ချယ်ရင် အံ့ဩတကြီး ပြောလိုက်တယ်။
ခုနက အကန်က တော်တော်လေးကို ပြင်းသွားတာလေ။ ဇာတ်ပို့ မင်းသမီးလည်း မျက်နှာပျက်သွားပြီး မာရူးဆီ အမြန်ပြေးသွားတယ်။
"ခုနက တော်တော်ကောင်းတယ်။ တကယ့်အစစ် ရိုက်တဲ့အချိန်ကျရင်လည်း အဲဒီအတိုင်း ကွက်တိလုပ်နော်"
ဒါပေမဲ့ မာရူးကတော့ သူ့အင်္ကျီပေါ်က စက္ကူစတွေကို ခါချရင်း မတ်တတ်ရပ်နေလေရဲ့။ ဗိုက်ပေါ်က အမှိုက်တွေကို ခါချပြီးတဲ့နောက် သူ့ရဲ့ ကျောင်းယူနီဖောင်းကို သပ်သပ်ရပ်ရပ် ပြန်ပြင်ဝတ်လိုက်တယ်။ သူ စတန့်လုပ်ဖို့ သင်ထားတာများလား။
"အဆင်ပြေရဲ့လား" ချယ်ရင်က အရင် စမေးလိုက်တယ်။
သူမက အဲဒီမှာ ရှိနေတာဆိုတော့ သူ့ကို ဒီတိုင်း လျစ်လျူရှုထားဖို့က နည်းနည်းတော့ မကောင်းဘူးလေ။
"အင်း... ပြေပါတယ်"
မာရူးက အရင်တိုင်းပဲ တိုတိုပြတ်ပြတ် ပြန်ဖြေတယ်။ ချယ်ရင် သူမရင်ထဲမှာ ခေါင်းမာချင်စိတ်တွေ ပေါ်လာသလို ခံစားလိုက်ရတယ်။ သူမက သူ့ကို လျစ်လျူရှုဖို့ ဆုံးဖြတ်ထားပေမယ့် မာရူးက သူမအပေါ်ကို အရမ်းကြီး စိတ်ဝင်စားမှု မရှိသလို ဖြစ်နေတာကိုး။
"ပြီးခဲ့တဲ့တစ်ခေါက်ကအတွက် ကျေးဇူးပဲနော်"
"ဂျီဆော့ ပြောလို့ ကျွန်တော် ကြားပါတယ်"
"ဒါပေမဲ့ ရှင် ဘာလို့ ဖုန်းမဆက်တာလဲ"
"သတင်းစကား ရောက်သွားပြီပဲဆိုတော့ ဖုန်းဆက်စရာ မလိုတော့ဘူးလေ။ ပြီးတော့ ခင်ဗျားလည်း အလုပ်များနေမှာဆိုတော့ ကျွန်တော့်ကို ဂရုစိုက်နေစရာ မလိုပါဘူး"
"အာ... တကယ်လား။ ဒါဆိုလည်း ပြီးရောလေ"
ချယ်ရင် နှာခေါင်းရှုံ့လိုက်ပြီး တစ်ဖက်ကို လှည့်ထွက်သွားလိုက်တယ်။ အခု သေချာကြည့်လိုက်တော့ သူက ယဉ်ကျေးမှုဆိုတာကို လုံးဝ နားမလည်တဲ့သူ တစ်ယောက်နဲ့ တူနေတယ်။ တခြားတစ်ယောက် သူ့ဆီ လျှောက်လာတာကို မြင်လိုက်ရတော့ သူ့ကို ဂရုမစိုက်တော့ဘူးလို့ သူမ နောက်တစ်ကြိမ် ထပ်ဆုံးဖြတ်လိုက်တယ်။
"မာရူး... ခေါင်းပေါ်မှာ တစ်ခုခု ကပ်နေတယ်"
ချယ်ရင် လှည့်ကြည့်လိုက်တယ်။ သူမမျက်လုံးထဲ ဝင်လာတာက မာရူးခေါင်းပေါ်က အမှိုက်တွေကို ခါပေးနေတဲ့ သူမ ဂျူနီယာရဲ့ ပုံရိပ်ပဲ။ အဲဒီနောက် သူမကို ကြည့်တုန်းကနဲ့ လုံးဝကို မတူညီတဲ့ မျက်နှာပေးနဲ့ သူမရဲ့ ဂျူနီယာကို ကြည့်နေတဲ့ မာရူးကို မြင်လိုက်ရတယ်။ အဲဒီအချိန်မှာပဲ သရုပ်ဆောင်ကလပ်က လူတွေက သူမရဲ့ ကောင်လေးက သူတို့ကြည့်နေတဲ့ ဇာတ်လမ်းတွဲထဲမှာ ပါလာတယ်လို့ ပြောခဲ့ကြတာကို သူမ သတိရသွားတယ်။ အဲဒီတုန်းက ကြားခဲ့ရတဲ့ နာမည်ကလည်း မာရူး ပဲလေ။ အဲဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုပဲလို့ သူမ တွေးနေခဲ့တာ၊ တကယ်တော့ အဲဒီတုန်းက ကြားခဲ့တာကိုး။
သူတို့နှစ်ယောက် စကားပြောနေတာကို ခဏလောက် ကြည့်နေပြီးနောက် ချယ်ရင် အမြန်ပဲ တစ်ဖက်ကို လှည့်သွားလိုက်တယ်။ သူမရဲ့ ဂျူနီယာက သူမကို လှမ်းကြည့်ဖို့ ကြိုးစားလိုက်လို့ သူမ အဲဒီလို လုပ်လိုက်တာလေ။
"ရိုက်ကူးရေး စတော့မယ့်ပုံပဲ။ နောက်မှ တွေ့မယ်နော်"
သူမရဲ့ ဂျူနီယာက နောက်ခံသရုပ်ဆောင်တွေ ရှိတဲ့နေရာကို ပြန်သွားတယ်။ အဲဒီတော့မှပဲ ချယ်ရင် သက်ပြင်းချနိုင်တော့တယ်။ အဲဒီအချိန်မှာ သူမရင်ထဲ စိတ်အနှောင့်အယှက်ဖြစ်မှုတွေ ပေါ်လာပြန်တယ်။ သူမက ဘာလို့များ အပြစ်လုပ်ထားသလိုမျိုး တစ်ဖက်ကို လှည့်ထွက်သွားရတာလဲ။ သူမက ဒီမှာ စီနီယာလေ၊ သူမက ဒီမှာ အဓိက ဇာတ်ဆောင်ပဲဟာကို။
သူမရဲ့ ထူးဆန်းတဲ့ ခံစားချက်တွေကို ဖျောက်ဖျက်ပစ်ဖို့ သူမ ခြေထောက်နားက ကျောက်တုံးလေး တစ်လုံးကို ကန်ထုတ်လိုက်တော့မလို့ပဲ။ သူမရဲ့ ညာဘက် ခြေထောက်နဲ့ ကျောက်တုံးကို ကန်တော့မယ့်အချိန်မှာပဲ လေးလံတဲ့ စက်ပစ္စည်းတွေကို ကိုင်ပြီး ဖြတ်လျှောက်သွားတဲ့ ဝန်ထမ်းတစ်ယောက်ကို မြင်လိုက်ရတယ်။ သူမ လန့်သွားပြီး အမြန်ပဲ လမ်းကြောင်းပြောင်းလိုက်တယ်။ တော်ပါသေးတယ်၊ သူမ ကျောက်တုံးကို မကန်လိုက်မိဘူး။ ဒါပေမဲ့ သူမ ကိုယ်ကြီး ယိမ်းသွားတယ်။ သူမ အရက်မူးနေတဲ့သူ တစ်ယောက်လို ခဏလောက် ယိုင်ထွက်သွားပြီးမှ ဟန်ချက်ပြန်ထိန်းနိုင်ခဲ့တယ်။ သူမဘေးနားက ဇာတ်ပို့ မင်းသမီးတွေက သူမကို ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်လို ကြည့်နေကြတယ်လို့ ခံစားလိုက်ရတယ်။ သူမ ရှက်သွားတယ်။ ခေါင်းကိုမော့ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တယ်။ သူမနဲ့ မျက်လုံးချင်း ဆုံသွားတဲ့ ဇာတ်ပို့ မင်းသမီးတွေက အနေရခက်စွာ ချောင်းဟန့်လိုက်ကြပြီး တစ်ဖက်ကို လှည့်သွားကြတယ်။ သူတို့ သူမကို မြင်သွားတာ သေချာပါတယ်။ ဝန်ထမ်းတချို့ကလည်း ခစ်ခနဲ ရယ်လိုက်ကြပြီး မျက်နှာပေး အမြန်ပြန်ပြင်လိုက်ကြတယ်။ သူတို့လည်း သူမကို မြင်သွားတာပဲလေ။ သူမရင်ထဲမှာ စိတ်တိုစရာတွေ ပိုတိုးလာပြီး အော်ဟစ်ပစ်လိုက်ချင်စိတ်တောင် ပေါက်လာတယ်။
အဲဒီအချိန်မှာပဲ သူမအနောက်မှာ ရပ်နေတဲ့ မာရူးနဲ့ မျက်လုံးချင်း ဆုံသွားတယ်။ သူမ ပိုပြီး ရှက်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ မာရူးက ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်တယ်။ သူက တခြားသူတွေလို သူ့ခံစားချက်ကို မဖုံးကွယ်ထားဘူး။ သူက သူမကို ဗြောင်ကျကျပဲ ရယ်နေတာလေ။
"ကန်ချင်ရင် ဟိုဘက်ကို ကန်လေ။ သူများတွေ ဒဏ်ရာရကုန်လိမ့်မယ်"
မာရူးက အဲဒီလိုပြောရင်း သူမ ကန်တော့မယ့် ကျောက်တုံးကို သဘောကောင်းကောင်းနဲ့ လက်ညှိုးထိုးပြလိုက်တယ်။
ချယ်ရင် စိတ်ထဲမှာ ရှက်ရွံ့နေတာတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတယ်။ သူမ အလကားသက်သက် တစ်ချက် ရယ်လိုက်ပြီးမှ လုံးဝကို တည်ငြိမ်သွားတော့တယ်။
"ရှင် မြင်လိုက်တာလား"
"ကျွန်တော့် မြင်ကွင်းထဲမှာလေ"
"ရယ်စရာကောင်းလို့လား"
"မရယ်နဲ့လို့ ပြောရင် မရယ်တော့ပါဘူး" လို့ပြောပြီး မာရူးက သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်တယ်။
အဲဒါကို မြင်တော့ ချယ်ရင်ကပဲ တခစ်ခစ် ရယ်လိုက်မိတယ်။
"ရှင်က ကျွန်မကို ရိုက်ရမယ့်သူပဲဟာ၊ ကျွန်မတို့ အချင်းချင်း စိမ်းကားနေရင် ထူးဆန်းနေမှာပေါ့"
"မပူပါနဲ့"
"ရိုက်ကူးရေးကို အစောဆုံး ပြီးအောင်လုပ်ပေးပါ။ အလုပ်ချိန်က တိုတိုလေးဆို အကောင်းဆုံးပဲလေ"
မာရူး စကားဆုံးတာနဲ့ ဒါရိုက်တာက သူတို့ဆီ ရောက်လာတယ်။ ဇာတ်တိုက်တာ စပြီ။ သွားလာလှုပ်ရှားရမယ့် လမ်းကြောင်းတွေ သိပ်မကွာတာမို့ သူတို့ ချက်ချင်းပဲ စရိုက်ကြတယ်။ မာရူးက တော်တော်လေးကို အညံ့ခံတဲ့ပုံစံ ပေါက်နေတာကို မြင်လိုက်ရတော့ ချယ်ရင် အံ့အားသင့်သွားတယ်။ သူက မျက်နှာဖုံး အမျိူးမျိုး တပ်ထားတဲ့သူ တစ်ယောက်လိုပဲ။ သူနဲ့ပတ်သက်သမျှ အရာရာက တစ်စက္ကန့်နဲ့ တစ်စက္ကန့် မတူဘူးလေ။ အကြိမ်ကြိမ် လေ့ကျင့်ထားတဲ့ အကန်ခံရတဲ့ အခန်းအပြီးမှာ ကတ် အချက်ပြသံ မထွက်လာခင် မာရူးက တခမ်းတနားကို လဲကျသွားတယ်။ ဒီတစ်ခေါက်လည်း တစ်ခါတည်းနဲ့ကို အိုကေ သွားကြတယ်။
လဲကျနေတဲ့ မာရူးဆီကို ချယ်ရင် လျှောက်သွားလိုက်တယ်။ မာရူးက မတ်တတ်ရပ်ဖို့ လုပ်နေပေမယ့် နောက်ကို ပြန်လဲကျသွားပြန်တယ်။ အမှိုက်ပုံထဲက မာရူးကို ကြည့်ပြီး ချယ်ရင် တောက်ပစွာ ပြုံးလိုက်တယ်။
"မထတော့ဘူးလား"
"ထမှာပါ"
"အကူအညီ လိုလား"
"ရပါတယ်။ ကျွန်တော် အဆင်ပြေတယ်"
ချယ်ရင် သူမလက်ကို ကမ်းပေးလိုက်တယ်။ မာရူးက သူမကို တစ်ချက် လှမ်းကြည့်ပြီး သူ့ဒူးခေါင်းပေါ် လက်ထောက်ကာ ကိုယ်ကို ဆွဲထူလိုက်တယ်။ သူမ နည်းနည်း အနေရခက်သလို ဖြစ်သွားပေမယ့် အရမ်းကြီးတော့ စိတ်မဆိုးပါဘူး။
"ဟန်မာရူး လား"
"ဟုတ်ကဲ့"
အဲဒီအချိန်မှာ ချယ်ရင် သူမရဲ့ ဂျူနီယာ အနောက်ကနေ လှမ်းကြည့်နေတာကို ခံစားလိုက်ရတယ်။ အဲဒီအကြည့်ကို ခံစားလိုက်ရတဲ့အခါ သူမက ဘာကြောင့်မှန်းမသိ မာရူးအနားကို တစ်လှမ်း တိုးသွားလိုက်တယ်။ ပြီးတော့ မာရူးခေါင်းပေါ်က စက္ကူစလေးတွေကို ခါချပေးလိုက်တယ်။
မာရူး မျက်တောင်တစ်ချက် ခတ်လိုက်ပြီး သူ့ခေါင်းကို သူ ပြန်ခါလိုက်တယ်။
"ရှင် လဲကျတာ တော်တော် သဘာဝကျတယ်"
"တစ်ယောက်ယောက်က ကောင်းကောင်း ကန်လိုက်လို့ပါ"
အဲဒီလိုပြောပြီး သူက သူမဘေးကနေ ဖြတ်လျှောက်သွားတယ်။ ချယ်ရင် သူမရဲ့ လက်ဝါးကို ငုံ့ကြည့်လိုက်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က မာရူး ဆွဲညှစ်သွားတဲ့ နေရာဆီကနေ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရနေတယ်။ ချယ်ရင် သူမရဲ့ ဂျူနီယာဆီကို လှည့်မကြည့်ခဲ့ဘူး။ အဲဒါက ဘာကြောင့်မှန်းမသိ သူမ မလုပ်သင့်ဘူးလို့ ခံစားနေရလို့ပဲ။
* * * * * * * * *