← Chapters

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း(၃၂၅)

ပစ္စည်းတွေကို နောက်ဆက်တွဲအဆောက်အအုံဆီ ရွှေ့လိုက်ကြတယ်။ နောက်တစ်ကတ်ကိုတော့ ဇာတ်လိုက်တွေရဲ့ လျှို့ဝှက်ပုန်းအောင်းရာနေရာဖြစ်တဲ့ ရုပ်ရှင်ကလပ်မှာ ရိုက်ကူးတာပါ။

"ဒီနေ့ မင်း အတော်လေး လုပ်နိုင်နေပုံရတယ်"

ဂန်ဟာ က လက်မထောင်ပြရင်း ပြောလိုက်တယ်။

"ဟုတ်ပါ့။ ဒီနေ့ ငါ ပြန်ရိုက်ရတဲ့အခန်း တစ်ခါမှ မဖြစ်သေးဘူး။ အခြေအနေ ကောင်းနေပုံပဲ"

ချယ်ရင်က လက်သီးကို ခပ်ဖွဖွလေး ဆုပ်လိုက်ပြီးမှ ပြန်ဖြေလိုက်တယ်။ သူမက ဒီရိုက်ကွင်းမှာ တော်တော်လေးကို သက်တောင့်သက်သာ ဖြစ်နေတာ သေချာပါတယ်။ သူမရဲ့ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ တင်းအားလေးပဲ ရှိနေတာလေ။ ဒီနေ့ ရိုက်ကူးရေးကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုလည်း သူမဆီမှာ ရှိနေတယ်။

"အင်း... ချယ်ရင်။ ငါ ဒါယွန်း နူးနာ ရဲ့ ဖုန်းနံပါတ်လေး ရနိုင်မလား"

မနက်ကတည်းက သူ ဘာလို့ သူမကို စကားတွေ လာလာပြောနေတာလဲလို့ တွေးနေမိတာ၊ နောက်ဆုံးတော့ ဒါကြောင့်ကိုး။ ချယ်ရင်က မျက်မှောင်ကြုတ်လိုက်တယ်။

"ငါ နင့်ကို ပေးတော့ပေးချင်ပါတယ်။ ဒါပေမဲ့ အစ်မက အဲဒီလိုမျိုးတွေကို မုန်းတယ်လေ။ ဘာဖြစ်ခဲ့လဲဆိုတာ နင်လည်း သိသားနဲ့။ သူ့ပရိသတ်တစ်ယောက်က သူ့အိမ်ကိုလာပြီး ပြဿနာရှာခဲ့တာလေ။ အဲဒီကိစ္စပြီးကတည်းက ဒါယွန်း အစ်မက ယောက်ျားလေးတွေဆို သိပ်အဆင်မပြေတော့ဘူး"

ဒါက လိမ်ပြောလိုက်တာတော့ အမှန်ပါပဲ။ နောက်ယောင်ခံလိုက်တဲ့ ကိစ္စက တကယ်ဖြစ်ခဲ့ပေမယ့် ဒါယွန်း က ယောက်ျားလေးတွေနဲ့ဆို အဆင်မပြေဘူးလို့ သူမ ပြောလိုက်ရတဲ့ အကြောင်းရင်းက ဒီစကားဝိုင်းကို အဆုံးသတ်ချင်လို့ပါ။

"အဲဒီလိုကိစ္စမျိုး ကြုံဖူးထားတော့လည်း မတတ်နိုင်ဘူးပေါ့လေ"

"လောလောဆယ်တော့ ငါ သူ့ကို ပြောပြပေးထားမယ်လေ။ ဒါနဲ့ နင် သူ့ကို သဘောကျနေလို့လား"

"ငါက သူ့ကိုတွေ့ပြီး စကားလေးဘာလေး ပြောချင်ရုံပါ။ သူက ငါ သဘောကျတဲ့ ပုံစံမျိုးလေးမို့လို့"

"နင့် ကုမ္ပဏီဥက္ကဋ္ဌသာ သိသွားရင် ဘယ်လိုလုပ်မလဲ"

"ဒီအလုပ်က ဘယ်လိုလဲဆိုတာ နင်လည်း သိသားပဲ။ မမိအောင်လို့ ငါ သေချာလေး နေမှာပေါ့။ တခြားအဖွဲ့တွေလည်း ဒီလိုပဲ တွဲနေကြတာလေ၊ သိတယ်မလား။ ငါဆိုလိုတာက ငါတို့က သာမန်လူတွေနဲ့မှ တွဲလို့မရတာ။ သာမန်လူနဲ့တွဲခဲ့တဲ့ စီနီယာ ဘာဖြစ်သွားလဲဆိုတာ နင်လည်း သိတယ်မလား"

"သိပါတယ်"

ဒါက တော်တော်လေး နာမည်ကြီးခဲ့တဲ့ ကိစ္စဆိုတော့ သူမ သိနေတာလည်း မဆန်းပါဘူး။ ပါဝင်ပတ်သက်ခဲ့တဲ့ ကောင်လေးက တော်တော်လေး နာမည်ကြီးတဲ့ လေးယောက်တီးဝိုင်းအဖွဲ့ကပါ။ ဒါပေမဲ့ သူ ရည်းစားထားလိုက်တဲ့အတွက်ကြောင့် အဲဒီအဖွဲ့လေး ဖျက်သိမ်းလိုက်ရတယ်။ အိုင်ဒေါတွေ ရည်းစားထားတာက သူ့ဟာနဲ့သူ ပြဿနာရှိနေပြီးသားဖြစ်ပေမယ့် ပိုဆိုးတာက ကောင်မလေးက ဘယ်သူဘယ်ဝါဆိုတာ ပေါ်သွားပြီး အစွန်းရောက်ပရိသတ်တွေရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတာပဲ။ ဒါက ချက်ချင်းပဲ အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပြီး နောက်ဆုံးမှာတော့ အဖွဲ့ကို ဖျက်သိမ်းလိုက်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ အဖွဲ့က ကျန်တဲ့ သုံးယောက်နဲ့ ပြန်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အသံတိတ် ပျောက်ကွယ်သွားခဲ့ကြတယ်။

"တခြားနည်းနဲ့ ပြောရရင်တော့ ငါတို့က တခြား အိုင်ဒေါတွေနဲ့ပဲ တွဲလို့ရမှာလေ။ အဲဒီလိုဆိုမှ တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လျှို့ဝှက်ချက်တွေကို အပြန်အလှန် ကာကွယ်ပေးနိုင်မှာ"

ဂန်ဟာ က သူမအနားကို တိုးကပ်လာပြီး အသံကို နှိမ့်လိုက်တယ်။

"နင့်မှာ တွဲနေတဲ့သူ မရှိဘူးမလား"

"ငါလား။ မရှိပါဘူး"

"မလိမ်နဲ့နော်။ တကယ်လား"

"မရှိပါဘူးဆို။ နင်ရော"

"ငါလား။ ငါ တစ်ခါ တွဲဖူးတယ်၊ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေအဖြစ်ပဲ ပြန်နေဖြစ်သွားတယ်"

"အံ့ဩစရာပဲ။ နင် မကြောက်ဘူးလား။ နင့် စာချုပ်ထဲမှာ ရည်းစားမထားရဘူးလို့ တားမြစ်ထားတယ်မလား"

"လူမသိအောင် ဂရုစိုက်ဖို့ပဲ လိုတာပါ။ နင့်မှာ ရည်းစားမရှိဘူးဆိုရင် ငါရော ဘယ်လိုလဲ။ ငါ တော်တော်လေး နာမည်ကြီးတယ်နော်၊ သိလား"

"တော်ပါတော့။ နင့်ဘာသာနင် စိတ်ကူးယဉ်နေတာလေး ရပ်လိုက်တော့"

"ဘာလို့လဲ။ ငါတို့ အချင်းချင်း သိနေတာ အတော်လေး ကြာနေပြီပဲ မဟုတ်ဘူးလား။ ပွဲမထွက်ခင် အချိန်တွေကတည်းက ရေတွက်ကြည့်ရင် လေးနှစ်လောက် ရှိနေပြီလေ။ ဟေ့... မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်က အဲဒီလောက်ကြာအောင် သိနေခဲ့ပြီဆိုရင် အနည်းဆုံး တစ်ကြိမ်လောက်တော့ တွဲကြည့်သင့်တယ်လေ။ နင်ရော အဲဒီလို မထင်ဘူးလား"

"ငါတို့ တစ်ယောက်မျက်နှာ တစ်ယောက်သိခဲ့တာကမှ လေးနှစ်ပဲ ရှိသေးတာလေ။ ဒီဇာတ်လမ်းတွဲ ရိုက်မှ ငါတို့ တကယ် စကားပြောဖြစ်ကြတာ မဟုတ်ဘူးလား။ အရင်တုန်းကတော့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ရုံလောက်ပဲလေ"

"အရင်က ဘာဖြစ်ခဲ့လဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက အခုလက်ရှိပဲ"

ဂန်ဟာ က လှမ်းပြီး သူမရဲ့ လက်ကို ဆွဲကိုင်လိုက်တယ်။ ချယ်ရင်က မျက်မှောင်ကြုတ်လိုက်ရင်း သူမရဲ့ လက်ကို ပြန်ရုပ်လိုက်တယ်။

"တော်တော် အေးတိအေးစက်နိုင်တဲ့ တုံ့ပြန်မှုပဲ"

"နင် တွဲဖို့ လူတစ်ယောက်ယောက်ကို လိုချင်ရင် တခြားတစ်ယောက်ကို သွားရှာလိုက်။ ယူရီ ဆိုရင်ရော ဘယ်လိုလဲ။ သူ နင့်ကို သဘောကျနေပုံပဲ"

"အို... နင် မသိဘူးလား။ ငါ အခု သူ့နဲ့ တွဲနေတာလေ"

"ဘာ"

"အော်... နင် မသိဘူးကိုး။ ငါက ယူရီ နင့်ကို ပြောပြပြီးပြီလို့ ထင်နေတာ။ နင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အေးတိအေးစက် ဆက်ဆံကြပေမယ့် ရင်းနှီးကြတယ် မဟုတ်ဘူးလား"

"ရင်းနှီးတာလား။ ငါတို့က ရန်သူတွေနဲ့တောင် ပိုတူသေးတယ်"

"တကယ်လား။ ဒါဆိုလည်း နင်တို့နှစ်ယောက် သူငယ်ချင်း လုပ်သင့်တယ်"

"ဘယ်တော့မှ မဖြစ်နိုင်ဘူး"

"ကျစ်... မိန်းကလေးတွေရဲ့ သူငယ်ချင်းသံယောဇဉ်က ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ငါ နားမလည်တော့ဘူး။ ဒါနဲ့ နင့်မှာ ရည်းစားထားဖူးတဲ့ အတွေ့အကြုံ မရှိဘူးမလား"

"ရုတ်တရက်ကြီး နင်က ဘာတွေ လာပြောနေတာလဲ"

"ငါ့ရဲ့ အလိုလိုသိစိတ်ကြောင့်လေ"

"ငါ တစ်ခါမှ ရည်းစားမထားဖူးဘူးလို့ နင် ထင်နေတာလား"

ဂန်ဟာ က ခဏလောက် စဉ်းစားလိုက်ပြီးမှ ခေါင်းခါပြလိုက်တယ်။

"မဖြစ်နိုင်ဘူး။ နင့်လိုလူက တစ်ယောက်ယောက်နဲ့မှ မတွဲဖူးဘူးဆိုတာ လုံးဝ မဖြစ်နိုင်တာပဲ။ အဲဒီတော့ ငါနဲ့ တွဲရအောင်လေ။ ကျေးဇူးပြုပြီးတော့နော်။ ငါ နင့်ကို ပျော်အောင် ထားပါ့မယ်"

"နင် ယူရီ နဲ့ တွဲနေတယ်လို့ ထင်နေတာ"

"ဟေး... နင်က လက်ထပ်ဖို့အတွက် ရည်းစားထားတာလား။ ငါကတော့ ပျော်ဖို့ပါပဲ။ လက်ထပ်မယ့် မိန်းကလေးက လိမ္မာပြီး သဘောကောင်းဖို့ လိုပေမယ့် ရည်းစားထားမယ့် မိန်းကလေးကတော့ ဆွဲဆောင်မှုရှိပြီး စွဲမက်စရာကောင်းဖို့ လိုတယ်လေ။ ဒါကို နင် သိပါတယ်"

"မေ့လိုက်တော့။ တခြားတစ်ယောက်ကိုသာ သွားရှာလိုက်ပါ"

"ကောင်းပါပြီ၊ ကောင်းပါပြီ။ နောက်မှ နင် စိတ်ပြောင်းသွားရင် ငါ့ကို ပြောလေ။ ငါက အချိန်မရွေး ပြောင်းလဲဖို့ အသင့်ပဲ" လို့ ဂန်ဟာ က ပြုံးရင်း ပြောလိုက်တယ်။

ဂန်ဟာ ထွက်သွားတာနဲ့ ချယ်ရင်က သူမရဲ့ အစ်မတွေကို တွေးမိသွားတယ်။ သူတို့ သင်တန်းသူဘဝတုန်းက ဒီအကြောင်းကို အများကြီး ပြောဖြစ်ခဲ့ကြတယ်။ နာမည်ကြီးလာရင် ယောကျ်ားလေးအိုင်ဒေါ တစ်ယောက်ယောက် ဒါမှမဟုတ် မင်းသားတစ်ယောက်ယောက်နဲ့ တွဲမယ်ဆိုတာမျိုးပေါ့။ အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ မိန်းကလေးတွေကြားက စကားဝိုင်းလေးက ပျော်စရာကောင်းခဲ့ပေမယ့် အခုတော့ သူတို့ အချင်းချင်းတောင် သိပ်စကားမပြောဖြစ်ကြတော့ဘူး။ သူတို့ တစ်ခုခုအကြောင်း ပြောဖြစ်ရင် အမြဲတမ်း ရန်ဖြစ်ကြတာမို့လို့ ဘာမှကို မပြောဖြစ်ကြတော့တာပါ။

'ငါတို့လည်း The Five လို ဖြစ်သွားကြတော့မှာပဲ'

'ငါတို့က ထာဝရ The Five ပါ'။ ဒါက သူတို့ရဲ့ နှုတ်ဆက်စကားပါ။ ဒါပေမဲ့ အဲဒီလို အိုင်ဒေါအဖွဲ့မျိုးတောင် နေ့ချင်းညချင်း သူစိမ်းတွေ ဖြစ်သွားခဲ့ကြတယ်။ မတရားတဲ့ စာချုပ်က ဇာတ်လမ်းအစအဆုံး မဟုတ်ဘူးလို့ ချယ်ရင် တွေးမိတယ်။ အကယ်၍ အဖွဲ့ဝင်တွေအားလုံးက စာချုပ်ကို မကျေနပ်ကြဘူးဆိုရင် သူတို့ အဲဒီလို နှစ်ယောက်၊ သုံးယောက် ကွဲသွားမှာ မဟုတ်ဘဲ ကုမ္ပဏီကနေ အားလုံး ထွက်သွားကြမှာပေါ့။ အဖွဲ့ဝင်တွေကြား အဆင်မပြေမှုက အဓိကအကြောင်းရင်းဖြစ်ပြီး မတရားတဲ့စာချုပ်က အစပျိုးပေးလိုက်တဲ့ အရာတစ်ခုဆိုတာ သိသာလှပါတယ်။

ချယ်ရင် Yellow Star နဲ့ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကလည်း လုံးဝတရားမျှတတယ်လို့ မဆိုနိုင်ပါဘူး။ သတင်းတွေနဲ့ မဂ္ဂဇင်းအမျိုးမျိုးမှာ Blue က ဝမ်သန်းရာချီကနေ ဘီလီယံချီပြီး အမြတ်ရခဲ့တယ်လို့ ပြောကြပေမယ့် သူမရဲ့ ဘဏ်အကောင့်ထဲကို ရောက်လာတဲ့ ငွေကတော့ ဝမ် ၁၀ သန်းတောင် မပြည့်ပါဘူး။ အဲဒါကလည်း မကြာသေးခင်ကမှ ဖြစ်ခဲ့တာပါ။ အယ်လ်ဘမ်တွေ ထုတ်ဖို့ ကုန်ကျစရိတ်တွေကိုလည်း အဖွဲ့ဝင်တွေကပဲ ကျခံရတာလေ။ အရင်ကတော့ ဒါက သဘာဝပဲလို့ သူမ ထင်ခဲ့ပေမယ့် မကြာသေးခင်က သတင်းတွေအရ အဲဒီလိုမဟုတ်ဘူးဆိုတာ သိလာရတယ်။ အစ်မတွေက မကြာသေးခင်က လူတော်တော်များများကို ဖုန်းဆက်လာကြပြီး သူမ ကြားရသလောက်တော့ စာချုပ်အရ စပေါ်ငွေတွေနဲ့ တခြားကိစ္စတွေကို ပြောနေကြတာပါ။ မကြာခင်မှာ Blue လည်း The Five လို လမ်းကြောင်းမျိုး လိုက်သွားရနိုင်ပါတယ်။

"ငါ ကောင်းကောင်းလုပ်နိုင်မှ ဖြစ်မယ်"

ဒီဇာတ်လမ်းတွဲက သူမအတွက် အုတ်မြစ်တစ်ခုလိုပါပဲ။ ဒီဇာတ်လမ်းတွဲက သူမကို အိုင်ဒေါ ချယ်ရင်အဖြစ် မဟုတ်ဘဲ သရုပ်ဆောင် ချယ်ရင်အဖြစ် ရပ်တည်နိုင်အောင် လုပ်ပေးမှာပါ။ ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေလည်း ရှိနေတာမို့ ဒီဇာတ်လမ်းတွဲလေး အဆင်ပြေသွားသရွေ့တော့ Blue ဖျက်သိမ်းလိုက်ရင်တောင် လူထုရဲ့ စိတ်ဝင်စားမှုကို သူမ ရရှိနိုင်မှာဖြစ်ပါတယ်။

'ငါက အိုင်ဒေါ မဟုတ်တော့ဘူးပေါ့'

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ ဒီလိုကိစ္စတွေကို အခုလို တွေးနေရလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး၊ ဒါပေမဲ့ တကယ်ဖြစ်လာနိုင်ခြေရှိတဲ့အတွက် အခုတော့ ဒါတွေကို စဉ်းစားရတော့မှာပါ။ သူမ ကလေးတစ်ယောက်လို ထာဝရ နေသွားလို့မှ မရတာ။ သူမသာ အိုင်ဒေါဘဝကနေ ရပ်နားပြီး သာမန်မင်းသမီးတစ်ယောက် ဖြစ်သွားရင် ဘာတွေဖြစ်လာမလဲ။ အဲဒီအကြောင်းကို တွေးပြီးသွားတဲ့အခါ ဂန်ဟာ ပြောခဲ့တဲ့ ရည်းစားထားတဲ့ ကိစ္စကို ပြန်သတိရသွားတယ်။

ရည်းစားထားတာလား။ မူလတန်းကျောင်းကတည်းက စပြီး အကလေ့ကျင့်ဖို့ သွားခဲ့ရသလို အလယ်တန်းမှာလည်း ဒီလိုပဲ လုပ်ခဲ့ရတယ်။ သူမ ကျောင်း တစ်ခါမှ မပျက်ခဲ့ဖူးပေမယ့် ကျောင်းဆင်းရင် သူငယ်ချင်းတွေနဲ့ တစ်ခါမှ အပြင်မထွက်ဖူးတဲ့အတွက် ဘယ်သူနဲ့မှလည်း မရင်းနှီးခဲ့ဘူး။ ရည်းစားထားတဲ့ ကိစ္စကလည်း အတူတူပါပဲ။ အခု ပြန်တွေးကြည့်တော့ သူမက လေ့ကျင့်ရေးတွေအပေါ် တော်တော်လေး စွဲလမ်းခဲ့တာပဲ။ သူမလည်း တစ်ယောက်ယောက်နဲ့ တွဲပြီး လက်ချင်းချိတ် လမ်းလျှောက်ဖို့တော့ စဉ်းစားခဲ့ဖူးပါတယ်။ လူတွေက သူမကို အရမ်းအာရုံစိုက်လွန်းလို့ စိတ်ဖိစီးမှုကြောင့် အစာအိမ်ရောင်တဲ့အထိ ဖြစ်လာတဲ့အချိန်မှာ သာမန်ဘဝလေးက ဘယ်လိုနေမလဲဆိုတာကို အိပ်ရာဝင်တိုင်း စိတ်ကူးယဉ်ခဲ့မိတယ်။ ဒါပေမဲ့ သူမရဲ့ သာမန်ဘဝထက်စာရင် အခုလက်ရှိဘဝကို ပိုသဘောကျတယ်ဆိုတာ မကြာခင်မှာပဲ သဘောပေါက်သွားခဲ့တယ်။

အဲဒီလိုဖြစ်နေပေမယ့်လည်း သူမ ရည်းစားထားကြည့်ချင်ပါသေးတယ်။ အလုပ်လုပ်ရင်း တွေ့ရတဲ့ အိုင်ဒေါတွေက တော်တော်လေး မိုက်ပေမယ့် ဘာကြောင့်မှန်းမသိ သူမက သူတို့အပေါ် သံယောဇဉ် မဖြစ်ခဲ့ဘူး။ သူတို့နဲ့ ဆော့ကစားရတာ ပျော်စရာကောင်းပေမယ့် သူတို့နဲ့ နှစ်ယောက်တည်းတော့ မနေချင်ခဲ့ဘူးလေ။ သူမကို တွဲချင်ကြောင်း သွယ်ဝိုက်ပြီး ဖော်ပြခဲ့တဲ့ အိုင်ဒေါ နှစ်ယောက်၊ သုံးယောက်လောက် ရှိခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် သေချာ ထိန်းချုပ်နိုင်ရမယ်ဆိုတဲ့ အသိကြောင့် သူမ ငြင်းပယ်ခဲ့တယ်။

ချစ်သူတွေဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက တော်တော်လေး အဓိပ္ပာယ်မရှိတဲ့ မေးခွန်းဖြစ်ပေမယ့် တစ်ခါတွေးမိလိုက်တာနဲ့ သူမ သတိထားမိလာတယ်။ စာသင်ခန်းထဲကနေ သူငယ်ချင်းတွေ အတူတူ ကျောင်းဆင်းသွားတာကို မြင်လိုက်ရတဲ့အချိန်တုန်းကလိုပဲ သူမ သက်ပြင်းချလိုက်တယ်။ အဲဒီတုန်းက သူမ ခံစားခဲ့ရတဲ့ ခံစားချက်က အချည်းနှီးဖြစ်ခြင်းပါပဲ။

ချယ်ရင် ခေါင်းရမ်းလိုက်တယ်။ သူမ ဒီဘက်ကို ဆက်တွေးနေမိတာက ဂန်ဟာ ကြောင့်လို့ ထင်နေတာပါ။ မဟုတ်ဘူး၊ ပိုပြီး ရိုးရိုးသားသား ပြောရရင် ဒါက သူ့ကြောင့်ပါ။ နောက်ဆက်တွဲ အဆောက်အအုံရှေ့မှာ ချယ်ရင်က ဇာတ်ညွှန်းဖတ်ချင်ယောင်ဆောင်ရင်း တစ်ဖက်မှာ ရပ်နေတဲ့ မာရူးကို လှမ်းကြည့်လိုက်တယ်။ သူက လေးနက်တဲ့ မျက်နှာထားနဲ့ သူ့ရဲ့ ဇာတ်ညွှန်းကို ဖတ်နေတယ်။ စကားပြောခန်း သိပ်မရှိတဲ့ ဇာတ်ပို့တစ်ယောက် ဖြစ်ပေမယ့် သူက ဇာတ်ညွှန်းကို တော်တော်ကြာကြာ ကြည့်နေတာလေ။ သူက သူမထက်တောင် ဇာတ်ညွှန်းအပေါ် ပိုအာရုံစိုက်နေသေးတယ်။

ပြီးတော့ သူ့ရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ သူမရဲ့ ဂျူနီယာ ရှိနေတယ်။ ချယ်ရင်က သူမရဲ့ ဂျူနီယာကို မကြည့်ရဲပါဘူး။ ကားပါကင်တုန်းက သူမ ဘာမှမတွေးဘဲ မာရူးရဲ့ ခေါင်းပေါ်က အမှိုက်တွေကို ခါချပေးမိသွားတယ်လေ။

'မဟုတ်ဘူး၊ ငါ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ ဖြစ်နိုင်တယ်'

ဒါက ကလေးဆန်တဲ့ လုပ်ရပ်ပါ။ သူမရဲ့ ဂျူနီယာရဲ့ ရည်းစားက မာရူးမှန်း သိနေရက်နဲ့ သူမ အဲဒီလို လုပ်ခဲ့မိတယ်။ မဟုတ်ဘူး၊ သိနေလို့ကို တမင်သက်သက် လုပ်ခဲ့တာ ဖြစ်နိုင်တယ်။ သူမ ဘာလုပ်နေလဲဆိုတာကို သူမကိုယ်တိုင်တောင် မသိပါဘူး။ သူမရဲ့ ဂျူနီယာကို နည်းနည်းလေး ကြည့်မရရုံနဲ့ အဲဒီလိုလုပ်တာက ဆိုးရွားမှန်း သူမ သိပါတယ်။

'...အပျော်သဘော လုပ်တာလား'

ချယ်ရင် သက်ပြင်းချလိုက်တယ်။ ဒီလို အသေးအဖွဲ ကိစ္စလေးအတွက် သူမရဲ့ ခွန်အားတွေကို အလဟဿ မဖြုန်းတီးချင်ပေမယ့် သူမ သတိထားနေမိတယ်။ ဒါက စပ်စုချင်ရုံ သက်သက်မဟုတ်ဘဲ တကယ်ပဲ သူ့ကို သဘောကျနေတာလား။ ဒါက သိပ်တော့မကောင်းလှဘူး။ သူမက အိုင်ဒေါတစ်ယောက် ဖြစ်နေတုန်းပဲလေ။ အိုင်ဒေါတွေအတွက် ရည်းစားထားတာက တားမြစ်ချက်တစ်ခုပါ။ တချို့အေဂျင်စီတွေဆိုရင် ပြစ်မှုကျူးလွန်တာက ရည်းစားထားတာထက် ပိုကောင်းတယ်လို့တောင် ပြောကြတယ်။ မိန်းကလေးအိုင်ဒေါတွေအတွက်တော့ ဒါက အဲဒီလောက်ကို ကြီးမားတဲ့ အပြစ်တစ်ခုပါ။

သူမက သူမရဲ့ ဇာတ်ညွှန်းကို ကြည့်လိုက်၊ မာရူးကို ကြည့်လိုက်နဲ့ ဇာတ်ညွှန်းကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်တယ်။ သူမ အရမ်းကို ဗျာများနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိတော့ ရွေးချယ်စရာ မရှိဘူးလေ။

နောက်ဆက်တွဲ ရိုက်ကူးရေးတွေမှာ ချယ်ရင် အမှားအနည်းငယ် လုပ်မိတယ်။ ကံကောင်းတာက ဒါရိုက်တာက အဆင်ပြေနေဆဲ ပုံပါပဲ။ ဒါက မနက်တုန်းက သူမ ကောင်းကောင်း လုပ်နိုင်ခဲ့လို့ပါ။ ဒါရိုက်တာရဲ့ သည်းခံနိုင်စွမ်းက ကန့်သတ်ချက်ကို မရောက်သေးဘူးဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။

"နင် ဘာဖြစ်နေတာလဲ"

"မသိဘူး"

"နင့်ဘာသာနင်မှ မသိရင် ဘယ်သူက သိမှာလဲ"

"နင် ရန်စနေတာလား"

"ငါက နင့်ကို စိတ်ပူပေးနေတာ ရန်စတာလား။ ငါက ပိုကောင်းအောင် လုပ်ဖို့ ပြောနေတာလေ။ နင် ငါတို့အားလုံးရဲ့ အချိန်တွေကို ဖြုန်းတီးနေတာ။ ငါ ရုပ်သံလွှင့်ရုံကို မြန်မြန်သွားရမှာ၊ ဒါပေမဲ့ နင့်ကျေးဇူးနဲ့ ငါ နောက်ကျတော့မယ့်ပုံပဲ"

ယူရီ က မထွက်သွားခင် သူမကို ဒေါသထွက်အောင် လုပ်သွားတယ်။ ချယ်ရင်က နံရံကို မှီပြီး မျက်စိမှိတ်ထားလိုက်တယ်။ သူမ အာရုံစိုက်ရမယ်။ မတ်တတ်မရပ်ခင်မှာ သူမ ပါးကို သူမ ခပ်ပြင်းပြင်း ရိုက်လိုက်တယ်။ အသေးအဖွဲ အတွေးတွေ တွေးနေလို့ မရဘူး၊ ရိုက်ကူးရေးကိုပဲ အာရုံစိုက်ရမယ်။

အဲဒီအချိန်မှာ တစ်ဖက်မှာ ရပ်နေတဲ့ မာရူးနဲ့ မျက်လုံးချင်း ဆုံသွားတယ်။ သူမကို မမြင်ချင်ယောင်ဆောင်ပြီးတဲ့နောက် မာရူးက ပခုံးတစ်ချက် တွန့်ပြလိုက်ပြီး သူ့ရဲ့ ဘယ်လက်ကို ခေါင်းပေါ်ကို မြှောက်လိုက်တယ်။ ပြီးတော့ ညာလက်နဲ့ လက်မနဲ့ လက်ညှိုးကြားက နေရာကို ဖိချလိုက်တယ်။ အမေ့ကို အတုခိုးတဲ့ ကလေးတစ်ယောက်လိုပဲ ချယ်ရင်လည်း အဲဒီအတိုင်း လိုက်လုပ်လိုက်တယ်။ ထူးဆန်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့် သူမရဲ့ အထဲက စိတ်အနှောင့်အယှက်ဖြစ်တာတွေ၊ စိတ်လှုပ်ရှားမှုတွေ ငြိမ်ကျသွားတယ်။

'အာ... ဟုတ်သားပဲ၊ ဒါလေး ရှိတာပဲ'

အဲဒီလို နောက်ထပ် အကြိမ်အနည်းငယ်လောက် ဖိပေးပြီးတဲ့နောက် သူမရဲ့ စိတ်တွေ ကြည်လင်သွားသလို ခံစားလိုက်ရတယ်။ သူမက မာရူးကို ပြန်ကြည့်လိုက်ပေမယ့် သူကတော့ သူ့ရဲ့ ဇာတ်ညွှန်းကိုပဲ ပြန်ကြည့်နေတယ်။ အဲဒီကောင်လေးကို ကျေးဇူးတင်စကားပြောဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်။

အသင့်အနေအထား အချက်ပြပြီးတဲ့နောက် ချယ်ရင်က ပိုပြီး စိတ်အေးလက်အေးနဲ့ ရိုက်ကူးရေးကို ဆက်လုပ်ခဲ့တယ်။ သူမရဲ့ စကားပြောခန်းတွေကို ချောချောမွေ့မွေ့ လုပ်နိုင်ခဲ့ပြီး သူမနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ မင်းသမီး ယူရီ ကိုလည်း ယုံကြည်မှုရှိတဲ့ မျက်နှာထားနဲ့ ကြည့်နိုင်ခဲ့တယ်။ ပြီးတော့ ကတ်။ ဒါရိုက်တာက ကျေနပ်တဲ့ အပြုံးတစ်ခု ပြုံးလိုက်ပြီး မနက်ပိုင်း ရိုက်ကူးရေး ပြီးဆုံးကြောင်း အချက်ပြလိုက်တယ်။

နေ့လယ်စာစားပြီးရင် ကျောင်းမှာ နောက်ထပ် နှစ်ကတ် ရိုက်ဖို့ ကျန်ပါသေးတယ်၊ အဲဒါပြီးရင်တော့ သူတို့ ကျောင်းကနေ ထွက်ခွာကြတော့မှာပါ။ ဒီနေ့အတွက် ဇာတ်လမ်းတွဲ ရိုက်ကူးရေးတစ်ခုပဲ ရှိတာမို့ ရိုက်ကူးရေးပြီးရင် သူမ အိမ်ပြန်ပြီး အနားယူလို့ ရပါပြီ။ သူတို့ အတူနေတဲ့ နေရာကို သွားဖို့ စဉ်းစားခဲ့ပေမယ့် မသွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အစ်မတွေနဲ့ ရန်ဖြစ်ရတာကို သူမ ငြီးငွေ့နေပြီလေ။

"ပင်ပန်းသွားပါပြီ၊ စီနီယာ"

သူမ တစ်ယောက်တည်း နားချင်လို့ ကျောင်းထဲက ပလက်ဖောင်းပေါ်မှာ ထိုင်နေတုန်း သူမရဲ့ ဂျူနီယာက သူမဆီကို လာပြီး သောက်စရာ လာပေးတယ်။ သူမကို မမြင်ချင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အနေခက်တဲ့ အပြုံးလေးနဲ့ အဲဒီသောက်စရာကို လှမ်းယူလိုက်တယ်။ အဲဒါက အေးစက်နေတဲ့ မက်မန်းသီးဖျော်ရည်လေးပါ။

"နင် တစ်ယောက်တည်း ဘယ်ကို..."

နောက်ထပ် ဧည့်သည်တစ်ယောက် ရှိပါသေးတယ်။ အဲဒါက စကားမဆုံးခင် ရပ်သွားတဲ့ မာရူးပါ။ သူ့လက်ထဲမှာ ထမင်းဘူးတစ်ခု ပါလာတယ်။ ဝူမင် က ဝန်ထမ်းတွေအတွက် ထမင်းဘူးတွေ ယူလာတယ်လို့ သူမ ကြားထားပြီး အဲဒါဖြစ်နိုင်ချေရှိပါတယ်။

"စီနီယာ မစားဘူးလား" လို့ သူမရဲ့ ဂျူနီယာက သူမဘေးမှာ ဝင်ထိုင်ရင်း မေးလိုက်တယ်။

"စားမှာပါ။ နင်တို့နှစ်ယောက် ဒီမှာပဲ စားလိုက်ကြလေ၊ ငါကတော့ ငါ့သူငယ်ချင်းတွေနဲ့ သွားစားလိုက်မယ်"

"တခြား အဓိကသရုပ်ဆောင်တွေနဲ့လား"

"အင်း... ဟုတ်တယ်။ ငါတို့ အတူတူစားကြမယ်လို့ ကတိပေးထားလို့"

ချယ်ရင် ဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်နေတယ်။ သူမက နေ့လယ်စာစားဖို့ ချိန်းဆိုထားတာမျိုး လုံးဝမရှိပေမယ့် ဒီနေရာကနေ သဘာဝကျကျ ထွက်သွားနိုင်ဖို့ အလိမ်အညာတစ်ခုတော့ လိုအပ်တယ်လေ။ အဲဒီအချိန်မှာပဲ ပင်မဝင်ပေါက်ကို ဖြတ်လျှောက်သွားတဲ့ ယူရီ ကို သူမ မြင်လိုက်တယ်။ ဂန်ဟာ က သူမဘေးမှာ ရှိနေတယ်။ သူတို့ မျက်လုံးချင်းလည်း ဆုံသွားတယ်။ သူမက သူတို့ကို လက်ပြလိုက်တယ်။ အခုတော့ သူမ ဒီနေရာကနေ ထွက်သွားပြီး သူတို့နဲ့ ပူးပေါင်းလိုက်ရုံပါပဲ။ ဒါပေမဲ့ သူမ ထွက်သွားလို့ မရခဲ့ဘူး။ ဘာလို့လဲဆိုတော့ ယူရီ က သူမကို တစ်ချက် စူးစူးရဲရဲကြည့်ပြီးမှ မျက်နှာလွှဲသွားလို့ပါ။ သူ့ဘေးမှာရှိတဲ့ ဂန်ဟာ ကလည်း တောင်းပန်တဲ့ပုံစံနဲ့ ပြန်လက်ပြပြီး သူမနောက်ကို လိုက်သွားတယ်။ သိသာပါတယ်။ သူမက သူတို့နဲ့ အဲဒီလောက် မရင်းနှီးဘူးလေ။ သူတို့နှစ်ယောက် အမြဲတမ်း အတူတူ စားတတ်တယ်ဆိုတာကို သူမ သိထားပါတယ်။ ပြဿနာက သူမဘေးမှာ ဂျူနီယာတွေ ရှိနေတာပဲ။ ဒီလို မြင်ကွင်းမျိုးကို သူတို့နှစ်ယောက်ကို သူမ မပြချင်ခဲ့ဘူး။

"ဟေး... ဒါလေး ကြည့်စမ်း။ ပုစွန်ကြော်လေးပါတယ်။ တော်တော်လေး ကြီးတာပဲ"

အဲဒီအသံက နည်းနည်း ကျယ်သွားတယ်။ ချယ်ရင်က ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်။ မာရူးက သူမရဲ့ ဂျူနီယာကို ထမင်းဘူး ပြရင်း ပြောနေတာပါ။ အဲဒီကျေးဇူးကြောင့် သူမရဲ့ ဂျူနီယာက တခြား အဓိကသရုပ်ဆောင်တွေက သူမကို လျစ်လျူရှုသွားတာကို သတိမထားမိတဲ့ပုံပါပဲ။

"ဝိုး... အကြီးကြီးပဲ"

သူမရဲ့ ဂျူနီယာက ကလေးလေးတစ်ယောက်လို ပြုံးလိုက်တယ်။ ပြီးတော့ ချယ်ရင်က မာရူးကို ကြည့်လိုက်တယ်။

"ကျွန်တော်တို့နဲ့ အတူတူ ဝင်စားပါလား၊ စီနီယာ။ နာမည်ကြီး တစ်ယောက်ယောက်နဲ့ အတူတူ ထမင်းစားရဖို့ဆိုတာ ကျွန်တော့်ရဲ့ အမြဲတမ်း ဆန္ဒတစ်ခုပါ"

မာရူးက သူမကို စီနီယာလို့ ခေါ်တယ်။ သူက ကျောင်းမှာ သူမက သူ့ကောင်မလေးရဲ့ စီနီယာဖြစ်တယ်ဆိုတာကို ကြားထားပုံရတယ်။

"ဟေ့... အစ်မက ချိန်းထားတာ ရှိတယ်လို့ ပြောနေတယ်လေ"

"ကျောင်းက ဂျူနီယာလေးတစ်ယောက်က အတူတူစားချင်နေတာကို အဲဒီအတိုင်း ထားခဲ့ရင် စီနီယာ ပီသမှာ မဟုတ်ဘူးလေ။ စီနီယာကရော အဲဒီလို မထင်ဘူးလား"

မာရူးက သူမကို ဖွင့်တောင်မဖွင့်ရသေးတဲ့ ထမင်းဘူးတစ်ခု ကမ်းပေးလိုက်တယ်။ ချယ်ရင်က အဲဒါကို ခဏလောက် ငေးကြည့်နေပြီးမှ ခေါင်းကို ဖြည်းဖြည်းလေး ညိတ်ပြရင်း လှမ်းယူလိုက်တယ်။

"ဒါဆို ကျွန်တော် နောက်ထပ် ထမင်းဘူး တစ်ဘူး သွားယူလိုက်ဦးမယ်"

"အားနာလိုက်တာ"

"အားနာစရာ မလိုပါဘူး။ စီနီယာတို့ အရင် စားနှင့်လို့ ရပါတယ်"

မာရူး ထွက်သွားတယ်။ သူမဘေးမှာ ထိုင်နေတဲ့ ဂျူနီယာက တောက်ပတဲ့ အပြုံးလေးနဲ့ ထမင်းဘူးကို ဖွင့်လိုက်တယ်။

"သူ့ရဲ့ ရိုင်းစိုင်းမှုအတွက် ခွင့်လွှတ်ပေးပါ။ သူက သူ့အတ္တနဲ့သူ နေတဲ့သူမို့လို့ပါ"

"တ... တကယ်လား"

"ဟုတ်တယ်။ သူ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် ဂုဏ်ယူဝင့်ကြွားနေလဲဆိုတာ စီနီယာ သိမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူက အဲဒီလို အရည်အချင်းတွေ ရှိနေတော့ ကျွန်မလည်း ဘာမှ မပြောနိုင်ပါဘူး။ ဒါနဲ့ စီနီယာ အဆင်ပြေရဲ့လား။ ချိန်းထားတာ ရှိတယ်ဆို"

"နေ့လယ်စာ စားတာလောက်ပါပဲ။ ငါ သူတို့ကို စာပဲ ပို့လိုက်တော့မယ်"

ချယ်ရင်က သူမရဲ့ ဖုန်းကို ထုတ်ပြီး စာတစ်စောင် ပို့လိုက်တယ်။ သူမက လက်ခံမယ့်သူ နေရာမှာ ကျပန်းနံပါတ်တစ်ခုကို ရိုက်ထည့်လိုက်ရုံပါပဲ။

သူမ ဂျူနီယာဆီကနေ တူတစ်စုံ ယူလိုက်ပြီး ထမင်းဘူးကို ဒူးပေါ် တင်လိုက်တယ်။ သူမက ထမင်းဘူးတွေကို တော်တော်လေး မကြာခဏ စားလေ့ရှိတာပါ။ ရိုက်ကူးရေးတွေနဲ့ မကြာခဏ အလုပ်များနေတတ်တဲ့အတွက် သူမ ထိုင်တဲ့နေရာက စားပွဲတစ်ခု ဖြစ်သွားတဲ့ အကြိမ်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ သေချာတာကတော့ ပုံမှန်ဆိုရင် သူမက ဒီလို ဆီကြော်စာမျိုးတွေကို စားလေ့မရှိပါဘူး။

ချယ်ရင်က ပုစွန်ကြော်ကို တစ်ကိုက် ကိုက်စားလိုက်တယ်။ သူမဘေးကနေ ဂျွတ်ခနဲ အသံတစ်ခုကိုလည်း ကြားလိုက်ရတယ်။ သူမရဲ့ ဂျူနီယာက ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ စားနေတယ်။ အဲဒါကို မြင်တော့ သူမ ပိုပြီး သနားစရာကောင်းသလို ခံစားလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ သူမအပေါ် ပြိုင်ဆိုင်ချင်စိတ် ဖြစ်နေတဲ့ သူမကိုယ်သူမတောင် သနားမိသွားတယ်။

ဒီလို ဝမ်းနည်းစရာ ခံစားချက်တွေကို မေ့ပစ်ဖို့ ကယ်လိုရီတွေကို ခဏလောက် မေ့ထားလိုက်ပြီး သူမကိုယ်သူမ အစားအသောက်တွေနဲ့ပဲ အလိုလိုက်ထားလိုက်တယ်။ ပုစွန်ကြော် တစ်ကောင်နဲ့ ဝက်သားအစပ်ကြော် ကို စားလိုက်တဲ့ အချိန်မှာပဲ

"စီနီယာ"

"ဟင်"

"ဒါက ရိုင်းရာကျပြီး ထူးဆန်းတဲ့ မေးခွန်းတစ်ခု ဖြစ်နိုင်တယ်ဆိုတာ ကျွန်မ သိပါတယ်"

"...ဘာလဲ"

"စီနီယာကများ မာရူးကို သဘောကျနေတာလား"

* * * * * * * * *

All Chapters