← Chapters

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း(၃၂၆)

ဂျူနီယာလေးက သူ့ကို ယုန်လေးတစ်ကောင်လို ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ မေးလိုက်တယ်။ ချယ်ရင်က ခုလေးတင် စားလိုက်တဲ့ ပုစွန်က အသက်ပြန်ရှင်လာပြီး လည်ချောင်းထဲမှာ ခုန်ပေါက်နေသလိုတောင် ခံစားလိုက်ရတယ်။ သူက ဂျူနီယာလေးကို မကြည့်ခင် တစ်ချက် ချောင်းဟန့်လိုက်တယ်။

"ဘာ... ဘာသဘောနဲ့ ပြောတာလဲ"

"ဒီလိုပါပဲ။ အလိုလို သိစိတ်လို့ပဲ ပြောရမလား။ ကားပါကင်မှာတုန်းက စီနီယာ ကျွန်မကို မျက်နှာလွှဲသွားတာရယ်၊ အစောပိုင်း လေ့ကျင့်ရေးအခန်းထဲမှာ ကျွန်မကို ကြည့်ခဲ့တဲ့ပုံစံရယ်က အဲဒီလို တွေးမိသွားစေတာပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ကျွန်မ ထင်တာ မှားချင်လည်း မှားနေမှာပေါ့။ တကယ်လို့ ကျွန်မထင်တာ မှားနေတယ်ဆိုရင်လည်း မဟုတ်ဘူးလို့ပဲ ပြောလိုက်ပါ"

ချယ်ရင် ဘာမှ ပြန်မပြောနိုင်ဘူး။ သူက ဟုတ်တယ်ဖြစ်စေ၊ မဟုတ်ဘူးဖြစ်စေ ပြန်ဖြေနိုင်တဲ့ အခြေအနေမှာ မရှိနေဘူးလေ။ သူက ဒေါသထွက်လိုက်ရင် ပိုကောင်းကောင်း ကောင်းနေနိုင်ပေမယ့် အဲဒီလိုလည်း မလုပ်နိုင်ခဲ့ပြန်ဘူး။ ထူးဆန်းတဲ့ တိတ်ဆိတ်မှုကြီးက ဆက်လက်လွှမ်းမိုးနေတာမို့ သူ့ကို အသက်ရှူရကျပ်လာစေတယ်။

"ဖူး..."

တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူကတော့ သူ့ရဲ့ ဂျူနီယာလေးပဲ။ ကောင်မလေးက ပြုံးနေတယ်။ အဲဒါက ကျေနပ်နေတဲ့ အပြုံးမျိုးတော့ မဟုတ်ဘူး။ နှုတ်ခမ်းတွေကလည်း အနည်းငယ် တုန်ယင်နေတယ်။

"စီနီယာက ကျွန်မကို မုန်းနေတယ်လို့တောင် ထင်နေတာ။ ဒါကြောင့်လည်း ကျွန်မ စိတ်ပူနေခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မထင်တာ မှားသွားပုံရပါတယ်။ တော်သေးတာပေါ့"

ဂျူနီယာလေးက တူကို ကောက်ကိုင်လိုက်ပြီး ပြန်စားနေတယ်။ ချယ်ရင်က အဲဒီလိုလုပ်နေတဲ့ ကောင်မလေးကို ဆက်ပြီး စောင့်ကြည့်နေမိတယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင်ကလပ် ဥက္ကဋ္ဌက ဒီဂျူနီယာလေးအကြောင်း တစ်ခါတလေ ပြောပြဖူးတယ်။ ကြည့်ရတာ ရဲတင်းတဲ့ပုံ ပေါက်ပေမယ့် တကယ်တော့ စိတ်ဓာတ်နုနယ်တဲ့ ကောင်မလေးပါတဲ့။ သူက ငိုပြီဆိုရင်လည်း စိတ်ပူရလောက်တဲ့အထိ အတောမသတ်နိုင်အောင် ငိုတတ်တဲ့လူစားမျိုးတဲ့လေ။ ဒါပေမဲ့ အခု သူ့မျက်စိရှေ့မှာရှိနေတဲ့ ဂျူနီယာလေးကတော့ သူ့သူငယ်ချင်း ပြောပြဖူးတဲ့ပုံစံနဲ့ နည်းနည်းတော့ ကွဲလွဲနေတယ်။ ကောင်မလေးရဲ့ အပြုံးက နည်းနည်း မတည်မငြိမ် ဖြစ်နေပေမယ့် စိတ်ဓာတ်နုနယ်မယ့်ပုံတော့ မပေါက်ဘူး။ အစကတည်းက တခြားလူတွေရဲ့ မျက်နှာကိုကြည့်ပြီး ဒီလောက် ရဲရဲတင်းတင်း မေးခွန်းထုတ်နိုင်တဲ့သူတစ်ယောက်အတွက် 'စိတ်ဓာတ်နုနယ်တယ်' ဆိုတဲ့ စကားရပ်က ကိုက်ညီစရာ အကြောင်းကို မရှိတာပဲ။

"...နင်တို့နှစ်ယောက် တွဲနေကြတာမလား"

သူက အကြောင်းအရာကို ပြောင်းပစ်ဖို့ ဆုံးဖြတ်ထားပေမယ့် ပါးစပ်ကနေ ထွက်သွားတဲ့စကားကတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ချယ်ရင်က တံတွေးတစ်ချက် မြိုချလိုက်တယ်။

"အင်း၊ ဟုတ်တယ်"

"ဒါဆို ဘာလို့ တော်သေးတယ်လို့ ပြောရတာလဲ။ ငါ ဘာတွေးနေလဲဆိုတာကို နင်က ဘယ်လိုလုပ် သိမှာလဲ"

"အို၊ ဟုတ်တာပေါ့။ တကယ်တော့ အဲဒီလောက်လည်း ကံကောင်းတာ မဟုတ်လောက်ဘူး"

ဂျူနီယာလေးက တူနဲ့ ဝက်သားအစပ်ကြော်တွေကို စပြီး မွှေနှောက်လိုက်တယ်။ ကောင်မလေးရဲ့ နှုတ်ခမ်းထောင့်လေးတွေက အနည်းငယ် ပြေလျော့သွားတယ်။

"ဒါဆို စီနီယာက မာရူးကို တကယ်သဘောကျနေတာလား"

"ငါလည်း အခုထိ သေချာတော့ မသိသေးဘူး၊ ဒါပေမဲ့ သူ့ကို မမုန်းတာတော့ အသေအချာပဲ" လို့ သူက ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။

အကြောင်းရင်း တစ်ခုခုကြောင့် သူ လိမ်မပြောချင်ဘူး။ ဒီနေ့မှာ အကြိမ်ကြိမ် လိမ်ပြောခဲ့ပြီးပေမယ့် ဒီအချိန်လေးမှာတော့ လိမ်ပြောတာကို ရှောင်ချင်နေမိတယ်။ ထူးဆန်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့် သူ့ဆီမှာ ယုံကြည်မှုတွေ ပြည့်လျှံလာခဲ့တယ်။ တကယ်ကို ထူးဆန်းပါတယ်။ သူ ပြောနေတဲ့စကားက မှားနေမှန်း သိနေပေမယ့်တောင် သူက ဒီလိုမျိုး ဖြစ်နေခဲ့တာကိုး။

"နားလည်ပါပြီ"

"နင်က သူ့အနားကို မကပ်ဖို့ ငါ့ကို ပြောချင်နေတာလား"

သူ အဲဒီလို ပြောလိုက်တဲ့အခါ ဂျူနီယာလေးက လက်နှစ်ဖက်လုံးကို မြှောက်ပြီး ငြင်းဆန်တဲ့အနေနဲ့ ဝှေ့ယမ်းပြတယ်။

"မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ရပါဘူး"

"ဒါဆို ငါ မာရူးနဲ့ ရင်းရင်းနှီးနှီး နေလို့ရတာပေါ့"

"အင်း... အဲဒါလည်း မဟုတ်ပြန်ဘူး။ ဟား ဟား"

ရယ်သံတွေ ပျောက်ကွယ်သွားတဲ့အထိ ချယ်ရင် ဘာမှ ဝင်မပြောခဲ့ဘူး။ ဂျူနီယာလေးက တူနဲ့ ဂျယ်ယုဘို့ဂမ်းတွေကို မွှေနှောက်နေတုန်းပဲ။

ချယ်ရင်က ထမင်းနည်းနည်း စားလိုက်တယ်။ သူ ဘာတွေ လုပ်နေမိသလဲလို့ တွေးနေမိတယ်။ ဒါတောင်မှ သူက ဒီစကားဝိုင်းကို ဒီနေရာမှာတင် အဆုံးမသတ်ချင်သေးဘူးလေ။ အခုချက်ချင်းပဲ ထွက်သွားချင်စိတ် ပေါက်လာတဲ့အထိ အရှက်ရနေပေမယ့် ဒီစကားဝိုင်းကို ဆက်ပြောချင်တဲ့ ဆန္ဒက သူ့ကို ဆက်နေဖြစ်အောင် လုပ်နေတယ်။

ဂျူနီယာလေးက အရင်စကားစမပြောလာခင်အထိ သူတို့တွေ အဲဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆက်စားနေခဲ့ကြတယ်။

"တစ်စုံတစ်ခုကို သဘောကျမိတာက တားဆီးလို့ မရနိုင်ဘူးလို့ မာရူး ကျွန်မကို တစ်ခါက ပြောဖူးတယ်။ အဲဒီကိစ္စမှာ အမှားအမှန်ဆိုတာ မရှိဘူးတဲ့လေ"

"ငါ သူ့ကို သဘောကျတယ်လို့ တစ်ခွန်းမှ မပြောရသေးဘူးနော်"

"အို ဟုတ်သားပဲ၊ ကျွန်မ မေ့သွားတယ်"

ဂျူနီယာလေးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့အချိုရည်ကို တစ်ငုံ သောက်လိုက်တယ်။ ချယ်ရင်လည်း မက်မန်းသီးဖျော်ရည်ကို တစ်ငုံ သောက်လိုက်တယ်။ ဒီစကားဝိုင်းက သူ့ကို တော်တော်လေး ရေငတ်လာစေတယ်။

"ကျွန်မ မာရူးကို ချစ်တယ်" လို့ ဂျူနီယာလေးက ထမင်းဘူးပေါ်မှာ တူကို တင်လိုက်ရင်း ပြောတယ်။

ချယ်ရင်က သူ့တူကို ကိုင်ထားတဲ့ လက်တွေ တင်းကြပ်သွားတာကို ခံစားလိုက်ရတယ်။

"အစတုန်းကတော့ သူက ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်လို့ ကျွန်မ ထင်ခဲ့တာ။ လမ်းပေါ်မှာ ကျွန်မတို့ အချင်းချင်း တွေ့ကြတော့ သူက ကျွန်မကို သိနေတဲ့လူတစ်ယောက်လိုမျိုး ပြုမူခဲ့တယ်။ သူက တကယ်ကို ထူးဆန်းခဲ့တာ။ အဲဒီတုန်းက ကျွန်မ သူ့ကို ဒီလောက်အထိ ရင်းနှီးလာလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး" လို့ ဂျူနီယာလေးက ပြောရင်းနဲ့ တခစ်ခစ် ရယ်တယ်။

"စီနီယာ၊ ကျွန်မ ရိုးရိုးသားသားပဲ ပြောပါ့မယ်။ ကျွန်မ တကယ်တော့ သဝန်တိုမိတယ်။ စီနီယာက မာရူးရဲ့ ခေါင်းပေါ်က အမှိုက်တွေကို ခါချပေးတုန်းကရော၊ ကျွန်မရဲ့ အကြည့်တွေကို ရှောင်လွှဲသွားတုန်းကရော ကျွန်မ နည်းနည်းတောင် ဒေါသထွက်မိသေးတယ်။ အရာအားလုံးကို သိသိကြီးနဲ့ သူ ဒီလိုလုပ်နေတာလားဆိုပြီးတော့လေ။ တကယ်လို့ အဲဒီလိုသာဆိုရင် ဘာဖြစ်လို့လဲပေါ့။ အဲဒီအကြောင်းကို စဉ်းစားကြည့်လိုက်တော့ အဖြေက ရိုးရိုးလေးပါပဲ။ စီနီယာက သူ့ကို စိတ်ဝင်စားနေတာကိုး။ ဟား၊ ကျွန်မ တကယ်ကို နားမလည်နိုင်တော့ဘူး။ တစ်ဖက်မှာတော့ စီနီယာ့ကို ဒေါသထွက်ပြီး သူက ကျွန်မချစ်သူပါလို့ ပြောချင်နေသလို၊ အဲဒီလို မလုပ်ဖို့လည်း တားချင်နေမိတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာကျတော့ အဲဒါက တကယ်ရော လိုအပ်ရဲ့လားလို့ တွေးနေမိပြန်တယ်။ တစ်ယောက်ယောက်ကို သဘောကျတာက အပြစ်မှ မဟုတ်တာလေ"

"ငါ ထပ်ပြောမယ်၊ ဒါပေမဲ့ ငါ သူ့ကို သဘောကျနေတယ်လို့ ကောက်ချက်မချလိုက်နဲ့"

"ဒါပေမဲ့ စီနီယာ သူ့အပေါ်မှာ ကောင်းတဲ့ ခံစားချက်တွေ ရှိနေတာမလား။ စီနီယာ ကိုယ်တိုင်ပဲ အဲဒီလို ပြောခဲ့တာလေ"

"အဲဒါက...."

ချယ်ရင်က သူ့ဂျူနီယာလေးကို ကြည့်လိုက်တယ်။ ပြတ်သားတဲ့ စကားပြောဆိုမှုနဲ့ မတူဘဲ ကောင်မလေးရဲ့ မျက်နှာက ရှက်သွေးဖြာနေတယ်။ တကယ်လို့ သူသာ စကားကြမ်းကြမ်းတမ်းတမ်း တစ်ခုခု ပြောလိုက်ရင် ကောင်မလေးက ငိုတော့မယ့်ပုံပါပဲ။

အဲဒီအချိန်မှာ အရိပ်တစ်ခုက သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားတယ်။ နောက်ထပ် ထမင်းဘူးတစ်ဘူး သွားယူပြီး ပြန်လာတဲ့ မာရူးပါပဲ။

"ဒီနေ့ နည်းနည်း ပူတယ်နော်"

မာရူးက ဂျူနီယာလေးရဲ့ ဘေးမှာ ဝင်ထိုင်လိုက်ရင်း သူ့ကိုယ်သူ ယပ်ခပ်နေတယ်။ ချယ်ရင်လည်း စောစောက ဂျူနီယာလေး လုပ်ခဲ့သလိုမျိုး သူ့တူနဲ့ ထမင်းဘူးထဲက ဟင်းတွေကို စပြီး မွှေနှောက်နေမိတယ်။ သူ ဘယ်ကို ကြည့်ရမလဲဆိုတာ မသိတော့ဘူး။ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ကျောင်းကွင်းပြင်ကို ကြည့်လို့မရသလို ကြည်လင်နေတဲ့ ကောင်းကင်ကြီးကိုလည်း ကြည့်လို့မရဘူး။ မာရူးနဲ့ ဂျူနီယာလေးတို့ ရှိနေတဲ့ သူ့ရဲ့ ညာဘက်ခြမ်းကို လှည့်ကြည့်ဖို့ဆိုတာကလည်း စိတ်ကူးထဲတောင် ထည့်လို့ မရဘူးလေ။ နောက်ဆုံးမှာတော့ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက ထမင်းဘူးကိုသာ စိုက်ကြည့်ပြီး စားဖို့ပါပဲ။

ထမင်းစေ့တွေကို ရေတွက်နေရင်း သူက တခြားအရာတစ်ခုခုအကြောင်း တွေးဖို့ ကြိုးစားပေမယ့် အဲဒီလို ကြိုးစားလေလေ ဂျူနီယာလေးနဲ့ ပြောခဲ့တဲ့ စကားဝိုင်းက ပိုပြီး ပီပြင်လာလေလေပဲ။ ကောင်မလေးက ဘာဖြစ်လို့ အဲဒီစကားကို စပြောခဲ့ရတာလဲ။ အဲဒါက သူ့ကို သတိပေးလိုက်တဲ့ နည်းလမ်းပဲလား။ အခြေအနေကို အခုထက် ပိုပြီး ရှုပ်ထွေးမသွားအောင် လုပ်ကြရအောင်လို့ ကောင်မလေးက ဖော်ပြနေတာများလား။

"ခဏလောက် ခွင့်ပြုပါဦး"

သူ့ရဲ့ ထမင်းဘူးကို တစ်ဝက်လောက် စားပြီးနောက်မှာ ဂျူနီယာလေးက မတ်တပ်ရပ်လိုက်တယ်။ အပြင်ပန်းကြည့်ရတာ ကောင်မလေးက တော်တော်လေး ရှုပ်ထွေးနေတဲ့ပုံပဲ။

သူ ဘာတွေ လုပ်နေမိလဲဆိုတာကို သူကိုယ်တိုင်လည်း မသိတော့ဘူး။ သူတို့တွေ ဘာမှမပြောဘဲ ဒီအတိုင်း ဝင်စားလိုက်လို့ ရတာပဲဟာ။ သူကလည်း မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းလိုက်လို့ ရတာပဲ။ ဘာကိုမှ ဝန်ခံစရာ အကြောင်းမရှိသလို၊ ခါတိုင်း သူ လုပ်နေကျအတိုင်း လိမ်ပြောလိုက်လို့ ရသားပဲ။ ဒါပေမဲ့ သူက အမှန်တရားကို ထုတ်ပြောလိုက်မိတဲ့အတွက် အရာအားလုံး အဆင်မပြေ ဖြစ်သွားခဲ့ရတယ်။ ခါတိုင်းလိုပဲ လိမ်ပြောလိုက်ပြီး ဒီကိစ္စကို အဆုံးသတ်လိုက်သင့်တယ်လို့ သူ တွေးနေမိတယ်။

သူ့ဘေးမှာ ထိုင်နေတဲ့ မာရူးကတော့ ဘာခံစားချက်မှမရှိတဲ့ မျက်နှာနဲ့ ထမင်းဘူးကို စားနေတယ်။ သူက ထမင်းစားနေတာကို ပြီးမြောက်အောင် လုပ်ရမယ့် အလုပ်တစ်ခုလို သဘောထားပြီး စားနေတဲ့ပုံပဲ။

"နင် မစားတော့ဘူးလား"

ချယ်ရင် လန့်သွားပြီး ခေါင်းခါပြလိုက်တယ်။ သူ လှမ်းကြည့်နေတာကို မာရူး သိသွားခဲ့ပြီလေ။

"စားမှာပါ"

သူ ကင်မ်ချီ တစ်ဖတ် စားလိုက်တယ်။ သူ ဗိုက်ဆာနေပေမယ့် စားချင်စိတ်တော့ မရှိဘူး။ ချဉ်နေတဲ့ ကင်မ်ချီ တစ်ဖတ်ကိုပဲ သူ အချိန်အကြာကြီး ဝါးနေမိတယ်။

အဲဒီအချိန်မှာပဲ မာရူးက ထမင်းဘူးတစ်ဘူးလုံးကို ပြောင်အောင် စားပစ်လိုက်တယ်။ သူက ကျေနပ်နေတဲ့ မျက်နှာထားနဲ့ မတ်တပ်ရပ်လိုက်ပြီး ရေသောက်တယ်။ မာရူးဆီကနေ ဖြာကျလာတဲ့ အရိပ်အရှည်ကြီးက ချယ်ရင်ရဲ့ မျက်နှာကို ဖုံးကွယ်သွားတယ်။

"ဒါဆိုလည်း ကံကောင်းပါစေဗျာ"

"အင်း၊ ကောင်းပါပြီ။ နင် သွားတော့မလို့လား"

"ဟုတ်တယ်။ ပြီးတော့ သူ ပြန်လာရင် ထမင်းကုန်အောင် စားလို့ ပြောပေးပါ။ သူက မနက်စာလည်း မစားရသေးတော့ သူ့အရွယ်နဲ့ နေ့လယ်စာပါ ထပ်ကျော်လိုက်ရင် မကောင်းဘူးလေ"

"နင် သူ့အပေါ် တော်တော်လေး ဂရုစိုက်တာပဲ"

"သေချာတာပေါ့။ သူက ကြည့်ရတာ ကျန်းမာတဲ့ပုံ ပေါက်ပေမယ့် ခဏခဏ နေမကောင်း ဖြစ်တတ်တယ်"

ဂျူနီယာလေးအကြောင်း ပြောနေတဲ့ မာရူးရဲ့ မျက်နှာထားက တော်တော်လေး နွေးထွေးတယ်။ အဲဒါက ရှုတင်ရိုက်ကူးရေးလုပ်နေစဉ်က သူ့ရဲ့ ဘာခံစားချက်မှမရှိတဲ့ မျက်နှာထားနဲ့ လုံးဝကို ကွာခြားနေတာပါပဲ။ အဲဒီအချက်က ချယ်ရင်ရဲ့ ခံစားချက်တွေကို တစ်နည်းနည်းနဲ့ လိမ်ယှက်သွားစေတယ်။

"နင်တို့နှစ်ယောက် တွဲနေကြတာလား"

"ဟုတ်တယ်" လို့ သူက တုံ့ဆိုင်းမှု အလျင်းမရှိဘဲ ပြန်ဖြေတယ်။

'ဟားဟား' တွေ၊ 'ဘာလို့ မေးတာလဲ' တွေ ဘာတွေညာတွေ တစ်ခုမှ မပါဘူး။ သူက အမှန်တရားတစ်ခုကို ထုတ်ပြောနေသလိုမျိုး တော်တော်လေးကို ပြတ်ပြတ်သားသား ပြောချလိုက်တာ။ အဲဒီအချိန်မှာ ချယ်ရင် ဘာပြောရမှန်း မသိတော့ဘူး။ ဒီလောက် မိုက်မဲတဲ့ မေးခွန်းမျိုးကို မေးလိုက်မိတဲ့ သူ့ကိုယ်သူတောင် ရွံရှာသွားမိတယ်။ ဒါနဲ့ သူက အကြောင်းအရာကို ပြောင်းပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဟိုတစ်ခေါက်ကအတွက် ကျေးဇူးပဲနော်"

"ဘာကို ပြောတာလဲ"

သူ ဘာအကြောင်းပြောနေလဲဆိုတာကို နားမလည်တဲ့သူတစ်ယောက်လို မျက်နှာထားမျိုး သူက လုပ်ပြတယ်။ ချယ်ရင်က 'ဘာမှမဟုတ်ပါဘူး' လို့ ပြောရင်း ခေါင်းခါလိုက်တယ်။ ဂျူနီယာလေးကို သူ့ဆီကနေ အာရုံလွှဲသွားအောင် သူ လုပ်ပေးခဲ့တာက တိုက်ဆိုင်မှုတစ်ခုများ ဖြစ်နေမလားပဲ။ သေချာတာပေါ့၊ အဲဒီလို မဟုတ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက မာရူးက အဲဒီကိစ္စကို ဘာမှ အလေးအနက်ထားမနေတာပဲ။ အဲဒါက သူ ဂရုစိုက်တတ်လို့ လုပ်ပေးခဲ့တာပါ။ ချယ်ရင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သက်ပြင်းချလိုက်တယ်။ ဒီမနက်အထိ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ ဒီလောက်ကြီး သတိမထားမိခဲ့ပါဘူး။ ဒါပေမဲ့ ဂျူနီယာလေးရဲ့ အကြည့်တွေကို သူ သတိထားမိလိုက်တဲ့ အချိန်ကစပြီး မာရူးအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေက ပိုပြီး ကြီးထွားလာခဲ့တယ်။ သဝန်တိုနေတဲ့သူက သူကိုယ်တိုင်များ ဖြစ်နေမလားပဲ။

'ငါက ကလေးလေးတစ်ယောက်လို ဖြစ်နေပါလား'

မာရူးရဲ့ လုပ်ရပ်တွေက သူ့အပေါ်မှာ ကောင်းတဲ့ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေခဲ့တာကတော့ သေချာပါတယ်။ မာရူးက သူ့ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်တဲ့အတွက် ချယ်ရင် သူ့ကို သဘောကျသွားတာ အသေအချာပဲ။ ဒါပေမဲ့ တိတိကျကျ ပြောရရင်၊ အခု သူ ခံစားနေရတဲ့ စိတ်ခံစားမှုက အချစ်လား။ ဒါမှမဟုတ် သူ့အပေါ် ကျေးဇူးတင်စရာ လုပ်ပေးခဲ့တဲ့ သူတစ်ယောက်အပေါ် ကျေးဇူးတင်လေးမြတ်မှု သက်သက်ပဲလား။ တော်တော်လေး ရှုပ်ထွေးပါတယ်။ ဒါလား၊ ဟိုဟာလားဆိုတာကို သူ မဆုံးဖြတ်နိုင်ဘူး။ ချယ်ရင်က အဲဒီလို တွန့်ဆုတ်နေတာမျိုးကို သဘောမကျဘူးလေ။

အရင်က သူ ဒီလိုမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူး။ သူက လူတစ်ယောက်ကို သဘောကျတယ်၊ မကျဘူးဆိုတာနဲ့ ပတ်သက်လာရင် အမြဲတမ်း ပြတ်သားခဲ့သူပဲ။ ဒါပေမဲ့ အခုချိန်မှာတော့ သူ အဲဒီလို မဖြစ်နေဘူး။ တကယ်လို့ ဒီလိုသာ ဆက်ခံစားနေရရင် စိတ်ရှုပ်စရာကောင်းလွန်းလို့ ညဘက်တောင် အိပ်ပျော်နိုင်မှာ မဟုတ်ဘူးလို့ သူ ခံစားနေရတယ်။

ချယ်ရင် ခေါင်းမော့လိုက်တယ်။ အရူးတစ်ယောက်လိုမျိုး ရှက်နေတာကို သူ ရပ်တန်းက ရပ်ချင်ပြီ။ လူသောင်းချီရဲ့ရှေ့မှာတောင် ပြုံးပြပြီး ချစ်စရာကောင်းအောင် သူ နေပြနိုင်ခဲ့တာပဲ။ ဒီလောက် ပြဿနာသေးသေးလေးကို ဘာမှမဟုတ်သလိုမျိုး သူ ဖြေရှင်းနိုင်ပါတယ်။

"ငါ နင့်ကို စိတ်ဝင်စားနေတယ် ထင်တယ်"

ဂန်ဟာ ရဲ့ အကြံပေးစကားကို သူ သတိရသွားတယ်။ သူတို့က လက်ထပ်မယ့် ရည်ရွယ်ချက်နဲ့ တွဲနေကြတာမျိုးလည်း မဟုတ်တော့ သူက ဒီကိစ္စကို ပေါ့ပေါ့ပါးပါးပဲ သဘောထားလို့ ရပါတယ်လေ။ သူ့ရင်ထဲက ဒီ စိတ်အနှောင့်အယှက်ဖြစ်စရာကို သူ ဖယ်ရှားပစ်ချင်နေပြီ။ အဲဒီစကားကို ပြောချလိုက်ပြီးတာနဲ့ သူ တော်တော်လေး နေလို့ထိုင်လို့ ကောင်းသွားတယ်။ သူ့မျက်နှာကြီး ပူထူလာသလို ခံစားရပေမယ့် ဂရုစိုက်စရာ မလိုပါဘူး။ ရင်ထဲမှာ အလုံးကြီး တစ်ဆို့နေတာထက်စာရင် အရှက်ရတာကမှ အများကြီး ပိုကောင်းသေးတာပဲ။

"...အင်းပါ၊ ကောင်းပြီလေ။ ကျေးဇူးပဲ"

"ဒါပဲလား"

ချယ်ရင်က မတ်တပ်ရပ်လိုက်ပြီး မာရူးရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ အခု သူ စတင်လိုက်ပြီဖြစ်လို့ သူ့ဆီမှာ နောက်ထပ် တုံ့ဆိုင်းနေစရာတွေ မရှိတော့ဘူး။

"ဟုတ်တယ်။ အိုင်ဒေါတစ်ယောက်ဆီကနေ ဒီလောက်များပြားတဲ့ စိတ်ဝင်စားမှုကို ငါက ဘယ်အချိန်များမှာ ရနိုင်ဦးမှာမို့လို့လဲ။ ကျေးဇူးတင်ပါတယ်"

"ငါ့အပေါ် ဘယ်လို သဘောရလဲ"

"ငါ ရိုးရိုးသားသား ပြောလို့ရမလား"

"ရတယ်"

"ဘာခံစားချက်မှ မရှိဘူး"

အဲဒီစကားတွေက 'ငါ နင့်ကို မုန်းတယ်' ဆိုတာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတယ်။ ချယ်ရင်ရဲ့ လည်ပင်းတွေ တောင့်တင်းသွားသလို ခံစားလိုက်ရတယ်။ ငါက နင့်ကို စိတ်ဝင်စားနေပါတယ်ဆိုတာကို နင်က ဒီလိုမျိုး တုံ့ပြန်ရသလား။ သူ့ရင်ထဲမှာ ခေါင်းမာမှုတွေက ဆူပွက်လာတယ်။

"ငါ ပြောတာ မှားသွားပုံရတယ်။ ငါ နင့်ကို စိတ်ဝင်စားတာ မဟုတ်ဘူး။ ငါ နင့်ကို ချစ်တာ။ ကဲ၊ အခုရော ဘယ်လိုလဲ"

အဲဒီမေးခွန်းကို ကြားတော့ မာရူးက မျက်ခုံးကို ကုပ်လိုက်တယ်။

"စီနီယာက ဘယ်လိုအဖြေမျိုးကို လိုချင်နေတာလဲ"

"ဘာ"

"စီနီယာက ရည်ရွယ်ချက် တစ်ခုခုနဲ့ အဲဒီလို မေးလိုက်တာလေ။ ဘယ်လိုအဖြေမျိုး လိုချင်နေလို့လဲ"

"...."

"ဟူး... ကျွန်တော်တို့ ခဏလောက် ထိုင်ရအောင်လား"

မာရူးက နေရာမှာတင် ထိုင်ချလိုက်တယ်။ ချယ်ရင်လည်း နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဝင်ထိုင်တယ်။

"ဒီလိုမျိုး အချစ်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော် တကယ်ကို အကြံမပေးတတ်ပါဘူး။ ဆိုလိုတာက သူများအချစ်ရေးမှာ ဝင်ပါလိုက်ရင် ဘယ်တော့မှ 'အနိုင်ရတယ်' ဆိုတာ မရှိဘူးလေ။ ဒါပေမဲ့ စီနီယာက အထင်မှားနေပုံရလို့ ကျွန်တော် အချက်အနည်းငယ်လောက် ပြောပြမယ်။ ပထမအချက်၊ ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက်ကြားမှာပဲ လုပ်တဲ့ကိစ္စပါ။ ဒုတိယအချက်၊ စီနီယာအနေနဲ့ ကိုယ့်အပေါ် ကောင်းတာနဲ့ သံယောဇဉ်ဖြစ်တာကို ကွဲကွဲပြားပြား သိသင့်တယ်။ တတိယအချက်ကတော့ အခု စီနီယာ့ရှေ့မှာ ရှိနေတဲ့သူက ဘဝင်မြင့်တဲ့ကောင်တစ်ယောက်မို့ သူ့အကြောင်းကို မတွေးကြတာ ပိုကောင်းမယ်"

"ဘာအဓိပ္ပာယ်လဲ"

"စီနီယာရဲ့ ခံစားချက်တွေမှာ မှားယွင်းမှုတစ်ခု ဖြစ်သွားလို့ပါ။ စိတ်ကစားတတ်တဲ့ အရွယ်မှာဆိုရင် တစ်ယောက်ယောက်နဲ့ ပွတ်တိုက်မိသွားတာကတောင် ဖူးစာလို့ ခံစားရတတ်တဲ့ အချိန်တွေ ရှိတာပဲလေ။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေက စီနီယာ့ကို အထင်လွဲသွားစေခဲ့တယ်ဆိုရင်တော့ အဲဒီလို လုပ်ရပ်မျိုး နောက်ဘယ်တော့မှ ကျွန်တော် မလုပ်တော့ပါဘူး"

"ငါက အထင်မှားနေတာလား"

"ဟုတ်ပါတယ်"

"နင်က ဘယ်လိုလုပ် သိမှာလဲ။ ငါ ဘယ်လို ခံစားနေရတယ်ဆိုတာကို နင် သိပါတယ်လို့ ပြောရအောင် နင်က ဘာမို့လို့လဲ"

သူ အသံနည်းနည်း ကျယ်သွားတယ်။ မာရူးက သူ့ကို အခွင့်အရေး တစ်စက်ကလေးမှ မပေးတဲ့အတွက် သူ စိတ်ပျက်သွားမိတယ်။

"စီနီယာ အထင်မှားနေတာ မဟုတ်ဘူးဆိုရင်တောင် ကိစ္စမရှိပါဘူး။ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား။ ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက်ကြားမှာပဲ လုပ်တဲ့ကိစ္စပါလို့လေ။ ကျွန်တော် ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ စီနီယာက ကျွန်တော့်ကောင်မလေးရဲ့ စီနီယာပါ၊ ပြီးတော့ ကျွန်တော့်ရင်ထဲမှာ ရှိတဲ့ စီနီယာ့ရဲ့ နေရာကလည်း အဲဒီလောက်ပဲ ရှိတယ်။ ကျွန်တော့်လို လူမျိုးကို သဘောကျရင် ဘာဖြစ်သွားတတ်လဲဆိုတာ စီနီယာ သိတယ်မလား"

သူက နောက်တစ်ကြိမ် ငြင်းဆန်လိုက်ပြန်တယ်။ ဒီနေရာမှာတော့ အဲဒီကိစ္စက ချယ်ရင်ကို ဝမ်းနည်းသွားစေတယ်။ ချယ်ရင့်ဆီမှာ ယုံကြည်မှုတော့ ရှိပါတယ်။ မာရူးနဲ့ သူ အဆင်ပြေပြေ ရှေ့ဆက်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုမျိုး သူ့ဆီမှာ ရှိနေခဲ့တာလေ။ ဒါကြောင့်လည်း သူက ဂျူနီယာလေးကို အားနာနေခဲ့တာပေါ့။ သူက ကောင်မလေးကို နာကျင်အောင် လုပ်မိကောင်း လုပ်မိနိုင်တာပဲဟာ။ ဒါပေမဲ့ မာရူးနဲ့ စကားပြောလေလေ၊ သူ အခွင့်ကောင်းယူနိုင်မယ့် ဟာလာဟင်းလင်းပေါက် သူတို့နှစ်ယောက်ကြားမှာ မရှိဘူးဆိုတာကို သူ ပိုပိုပြီး ခံစားလာရလေလေပဲ။

"နင် သူ့ကို ချစ်လား"

"ဟုတ်တယ်၊ ကျွန်တော် သူ့ကို အရမ်းချစ်တာ"

မာရူးကလည်း တုံ့ဆိုင်းမှု အလျင်းမရှိဘဲ ပြန်ဖြေတယ်။ အဲဒီအချက်မှာတော့ သူတို့နှစ်ယောက်က တော်တော်လေးကို တူညီနေတာပဲ။

ချယ်ရင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

အဲဒီအချိန်မှာ မာရူးက ဘေးဘီဝဲယာကို ခဏလောက် ကြည့်လိုက်ပြီး သူ့ဆီကို လျှောက်လာကာ ပခုံးတွေကို ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ အေးစက်စက် မျက်နှာထားနဲ့ သူ့မျက်နှာနားကို ကပ်လာတယ်။ မာရူးရဲ့ နှုတ်ခမ်းတွေက သူ့ဆီကို အဆုံးအစမရှိ နီးကပ်လာတာကို ချယ်ရင် မြင်လိုက်ရတယ်။ သူ့နှလုံးသားကြီး အေးခဲသွားသလို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပဲ ကျောအောက်ဘက်ဆီကနေ စိမ့်တက်သွားတယ်။ သူက အော်ဟစ်လိုက်ပြီး မာရူးကို တွန်းထုတ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာပဲ မာရူးက သူ့ကို လွှတ်ပေးလိုက်ပြီး နောက်ကို တစ်လှမ်း ဆုတ်သွားတယ်။

"ဘာ... ဘာတွေ လုပ်နေတာလဲ။ နင် ရူးနေလား"

ချယ်ရင် နောက်ကို ယိုင်ကျသွားတယ်။ သူ့ရဲ့ နှလုံးခုန်သံက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလောက်အောင် မြန်ဆန်နေတယ်။ သူ ချွေးစေးတွေ ပြန်နေသလိုတောင် ခံစားလိုက်ရတယ်။

"စိတ်မသက်မသာ ဖြစ်သွားတယ် မလား။ တစ်ဖက်သတ် အချစ်ဆိုတာ အဲဒါမျိုး ခံစားရစေတာပဲ။ သေချာတာပေါ့၊ ဒါကလည်း ရည်းစားထားတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက တစ်ဖက်လူမှာ ချစ်သူမရှိမှသာ အလုပ်ဖြစ်တာလေ။ စီနီယာက ကိုယ်သဘောကျတဲ့ ဘယ်သူ့ကိုမဆို လွတ်လွတ်လပ်လပ် ချစ်ခွင့်ရှိပေမယ့်၊ တကယ်လို့ အချစ်ရေးမှာ အဖော်ရှိနေပြီးသား လူတစ်ယောက်ကို သွားပတ်သက်မိရင်တော့ အဲဒါက အပြစ်တစ်ခုပဲ"

မာရူးက ပြတ်သားတဲ့ မျက်နှာထားနဲ့ ပြောတယ်။

"ကျွန်တော်တို့ သူငယ်ချင်းကောင်းတွေတော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီထက်ပိုတဲ့ ပတ်သက်မှုမျိုးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"

အကြောင်းရင်းတစ်ခုခုကြောင့် မာရူး စိတ်ဆိုးနေပုံရတယ်။ ချယ်ရင် ဘာမှ ဝင်မပြောနိုင်ခဲ့ဘူး။

"ကိုယ့်ကိုယ်ကိုယ် တကယ်ကြီး အရှက်မရသွားခင် ကျွန်တော်တို့ ဒီမှာတင် ရပ်လိုက်ကြရအောင်"

သူ့မှာ ပြန်ပြောစရာ စကားမရှိတော့ဘူး။ သူလုပ်နေတာတွေက မှားနေမှန်း သူ ကောင်းကောင်း သိပါတယ်။ ဒါတောင်မှ မာရူးက ဒီလောက် ပြတ်ပြတ်သားသား မျဉ်းတားလိုက်တဲ့အပေါ် သူ ဝမ်းနည်းနေမိတယ်။ အဲဒါက သူ့ကို စိတ်ပျက်သွားစေတယ်။ သူ့စိတ်ရဲ့ တခြားတစ်ဖက်ကလည်း စောစောက သူ လန့်သွားရတဲ့ အကြောင်းရင်းက ရုတ်တရက်ကြီး ဖြစ်သွားလို့ပါဆိုပြီး သူ့ကိုယ်သူ ပြန်ဖြောင်းဖျနေတယ်။

"ဒါပေမဲ့ နင်လည်း သေချာပေါက် သိတာမှ မဟုတ်တာလေ၊ ဟုတ်တယ်မလား။ နောက်ဆုံးတော့ နင်လည်း ငါ့ကို သဘောကျလာနိုင်တာပဲလေ"

"ဟင့်အင်း၊ အဲဒါက လုံးဝကို ဖြစ်လာမှာ မဟုတ်ဘူး"

"ဘာဖြစ်လို့လဲ"

"စီနီယာ။ လူတွေက အသက်အောင့်ထားပြီးတော့ အသက်ရှင်နေနိုင်မယ်လို့ စီနီယာ ထင်နေသလား"

"...ဟင့်အင်း"

မာရူးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ပြန်ဖြေတယ်။

"ကျွန်တော့်အတွက်တော့ သူမက အဲဒီ အသက်ရှူနေတဲ့ လေပါပဲ"

* * * * * * * * *

All Chapters