← Chapters

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း(၃၂၈)

လက ပြာလဲ့နေတယ်။ ရိုက်ကူးရေး စတင်ချိန်တုန်းက နေမဝင်သေးပေမယ့် အခုတော့ လက ကောင်းကင်ထက်မှာ မြင့်မြင့်ကြီး ရောက်နေပြီလေ။ သူတို့က ဟုန်ဒဲ နဲ့ ခပ်လှမ်းလှမ်းက လမ်းမတွေပေါ်မှာ ရောက်နေကြတယ်။ မှောင်မိုက်နေတဲ့ တောင်စောင်းလမ်းလေးက နောက်ထပ်ရိုက်ကူးရမယ့် နေရာပေါ့။ လရောင်အောက်မှာ ကောင်လေးနှစ်ယောက်က ယူရီ အတွက်နဲ့ ရန်ဖြစ်ကြမယ့် အခန်းလေ။ ရိုးအီနေတဲ့ ဇာတ်ကွက်တွေထဲက အစစ်အမှန်ပါပဲ။

"ဒီနေ့က နောက်ဆုံးနေ့မလား"

"ဟုတ်ပါတယ်"

အက်ရှင်ဒါရိုက်တာ ကင် က ပါးစပ်ထဲ စီးကရက်တစ်လိပ် ခဲထားရင်း ပြောလိုက်တယ်။ သူက ဆေးလိပ်ကို တစ်ရှိုက်ပြင်းပြင်း ဖွာလိုက်ပြီး မြေကြီးပေါ် ပစ်ချလိုက်ကာ ခြေထောက်နဲ့ နင်းချေလိုက်တယ်။ တကယ်တော့ ဆေးလိပ်က သိပ်တောင် မတိုသေးဘူး။

"ဒါကြီးကို ဖြတ်ဖို့က တော်တော်ခက်တာ။ မင်းရော ဆေးလိပ်သောက်လား"

"ကျွန်တော်က ကျောင်းသားပါ"

"ငါ မင်းအရွယ်တုန်းကတော့ ငါတို့အကုန်လုံး ဆေးလိပ်သောက်ကြတာပဲ"

"ကျွန်တော်က အသက်ရှည်ရှည် နေချင်သေးလို့ သောက်ဖို့ အစီအစဉ်မရှိပါဘူး"

"အေးပါ။ အရက်ကတော့ မပြောတတ်ပေမယ့် ဆေးလိပ်တော့ မသောက်နဲ့။ တော်တော် စိတ်ပျက်ဖို့ကောင်းတာ"

ဒီဒါရိုက်တာ ကင် ရဲ့ နာမည်က ကင်ချွန်းဟို လို့ခေါ်ပြီး မာရူး အနားယူချိန်တွေမှာ သူ့နဲ့ မကြာခဏ စကားပြောဖြစ်တယ်။ သူက ဒီမှာ မာရူး ပထမဆုံးရိုက်ရတဲ့ ပြုတ်ကျတဲ့ အက်ရှင်အခန်း ကတည်းက မာရူးကို သဘောကျသွားပုံရပြီး လာလာစကားပြောလေ့ရှိတယ်။ စိတ်ဝင်စားရင် သူ့ဆီမှာ လာလုပ်ဖို့လည်း မာရူးကို ပြောဖူးတယ်။

"မင်း တကယ်ပဲ ငါ့ဆီမှာ အလုပ်လုပ်ဖို့ အစီအစဉ် မရှိဘူးလား။ အခုလောလောဆယ် စတန့်လုပ်တဲ့သူတွေ မျက်နှာငယ်နေရပေမယ့် မကြာခင် အခြေအနေ ပြောင်းလဲသွားမယ်ဆိုတာ ငါ သေချာပေါက် ပြောရဲတယ်။ ဒီနယ်ပယ်ကလည်း သီးသန့်ကျွမ်းကျင်မှုတစ်ခု ဖြစ်လာမှာ။ အခု နာကျင်ဆာလောင်နေရတဲ့ ငါ့လူတွေကို ဗိုက်ဝပြီး ပြည့်စုံလာအောင် ငါ လုပ်ပေးမှာ။ ဒါပေမယ့် ဒါက စတန့်အကြောင်း ပြောနေတာဆိုတော့ နာကျင်တာကိုတော့ ရှောင်လွှဲလို့ မရဘူးပေါ့ကွာ"

"ကျွန်တော်က သရုပ်ဆောင်လုပ်ချင်တာမို့လို့ ငြင်းရပါလိမ့်မယ်"

"မင်း အက်ရှင်သရုပ်ဆောင် လုပ်လို့ရတာပဲ။ မင်းက ခန္ဓာကိုယ်ကို ဘယ်လိုကောင်းကောင်းသုံးရမလဲဆိုတာ သိတယ်။ နည်းနည်းလောက် သင်လိုက်တာနဲ့တင် သူများဆီကနေ အထာကျကျ အရိုက်ခံတာဖြစ်ဖြစ်၊ သူများကို ရိုက်တာဖြစ်ဖြစ် လုပ်နိုင်မှာ။ ယောကျ်ားတစ်ယောက်ရဲ့ အိပ်မက်ဆိုတာ ကျောပြင်နဲ့ စကားပြောဖို့လို့ မင်း မထင်ဘူးလား။ အက်ရှင်သရုပ်ဆောင်တစ်ယောက်က စကားလုံးတွေ မလိုဘူးလေ။ သူ့ရဲ့ လက်သီးနဲ့ ကျောပြင်ကိုသုံးပြီး စကားပြောတာပဲ"

ချွန်းဟို က လက်သီးကို ဆုပ်လိုက်တယ်။

"မင်းမှ စိတ်မဝင်စားရင်လည်း ပြီးတာပါပဲလေ"

"ကမ်းလှမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မင်းက တကယ် လွတ်အောင်ရှောင်နိုင်တာပဲ။ တခြားသူတွေဆို ငါ့စကားတွေနဲ့တင် ပါလာကြတာ"

သူတို့ စကားပြောနေချိန်မှာ ရိုက်ကူးရေးက ဆက်သွားနေတယ်။ အဓိကဇာတ်ဆောင် နှစ်ယောက်က သူတို့ ကြိုလေ့ကျင့်ထားတဲ့ အက်ရှင်အခန်းကို သရုပ်ဆောင်နေကြတယ်။ ခက်ခဲတဲ့ အက်ရှင်အခန်းဖြစ်လို့ တစ်ဆက်တည်း မရိုက်ဘဲ အခန်းတွေကို ကတ်တွေ ခွဲရိုက်ကြတယ်။ လက်သီးတစ်ချက်ကို တစ် cut ပေါ့။ ကင်မရာထောင့်ကို ပြောင်းပြီး နောက်တစ်ခါ ထပ်ရိုက်တယ်။ အဲဒီ ကတ်တွေကို တည်းဖြတ်ပြီး ဆက်လိုက်ရင် တော်တော်လေး ကြည့်ကောင်းသွားလိမ့်မယ်လို့ ချွန်းဟို က မာရူးကို ပြောပြတယ်။

"မာရူး"

"ဗျာ"

"ဒီကားပြီးရင် မင်းမှာ တခြားလုပ်စရာ ရှိသေးလား။ ဇာတ်လမ်းတွဲ ဒါမှမဟုတ် ရုပ်ရှင်ကားမျိုးပေါ့"

"မရှိသေးပါဘူး"

"ဒါဆို ဒီကားပြီးရင် ငါနဲ့အတူ ကိုယ်လက်လှုပ်ရှား လုပ်မလား။ မကြာခင် စရိုက်မယ့် Noir ရုပ်ရှင်ကားတစ်ကား ရှိတယ်။ အဲဒီမှာ ဇာတ်လိုက်ရဲ့ ငယ်ဘဝအခန်းတွေ တော်တော်များများ ပါတယ်"

"Noir ရုပ်ရှင်လား"

(TR Note: ရာဇဝတ်မှု, လျှို့ဝှက်ဆန်းကြယ်မှု, စိတ်ဖိစီးမှု, ကိုယ်ကျင့်တရား မရှင်းလင်းတဲ့ ဇာတ်ကောင်တွေနဲ့ အရိပ်အမှောင်ကို အလေးထားတဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်အမျိုးအစား)

"ရာဇဝတ်မှု၊ ရဲနဲ့ လူမိုက်အကြောင်းတွေ ရောစပ်ထားတဲ့ ပြည်တွင်းမှာ နာမည်ကြီးတဲ့ ရုပ်ရှင်မျိုးလေ။ အဲဒီကားမှာ ငါက တိုက်ခိုက်ရေးပိုင်းကို တာဝန်ယူထားတာ။ ခန္ဓာကိုယ်ကို ကောင်းကောင်းအသုံးချတတ်တဲ့ လူငယ်တစ်ယောက် လိုနေတယ်။ ဒါပေမယ့် တော်တော်လေး ခက်တယ်။ ဒါရိုက်တာက ရုပ်ပျိုတဲ့ လူကြီးတစ်ယောက်ကို မလိုချင်ဘဲ တကယ့် အထက်တန်းကျောင်းသားနဲ့ တူတဲ့ အထက်တန်းကျောင်းသားစစ်စစ်ကို လိုချင်နေတာ။ ရင့်ကျက်မှုမရှိဘဲ အကြမ်းသန့်သန့်တွေ ဘာတွေညာတွေ ပြောနေပေမယ့် အဓိကကတော့ ငယ်လည်းငယ်၊ ကြမ်းတမ်းတဲ့ အက်ရှင်တွေကိုလည်း ခံနိုင်ရည်ရှိမယ့်သူ လိုနေတာပဲ"

"အခုလို ပြောပေးတာ ကျေးဇူးတင်ပေမယ့် ကျွန်တော်က အဆင်ပြေပါ့မလား။ ကျွန်တော့် သရုပ်ဆောင်တာက သိပ်မကောင်းသေးဘူးနော်"

"ဟေ့ကောင်။ မင်းလောက်ဆို လုံလောက်တာထက်ကို ပိုတယ်။ ကဲ... ဘယ်လိုလဲ။ မင်း လုပ်မလား"

"လုပ်မှာပေါ့။ ဒါက ကျွန်တော့်အတွက် အခွင့်အရေးပဲဟာ"

"ဒါဆို ငါတို့ လုပ်မယ်နော်။ သြဂုတ်လကုန်ပိုင်းမှာ ရိုက်ကူးရေး စမယ်"

"တော်တော် စောတာပဲ"

"အကုန်လုံး စီစဉ်ပြီးသားမို့လို့ပါ"

"ကျွန်တော်က ဘယ်လို ကာရိုက်တာမျိုးလဲ"

"မင်းက ဇာတ်လိုက်ဆီက အရိုက်ခံရမယ့်သူ၊ ဒါမှမဟုတ် သူ့ဘေးနားက ကောင်ပေါ့"

"ကျွန်တော် ဘယ်သူ့ကိုမှ ရိုက်ခွင့်မရဘူးလား"

"တစ်ခေါက်တော့ ရကောင်းရနိုင်ပါတယ်"

မာရူး ရယ်လိုက်မိတယ်။ အဲဒီအချိန်မှာပဲ သူ ဘန်ဂျူး ကို သတိရသွားတယ်။

"အင်း... အက်ရှင်သရုပ်ဆောင် ဖြစ်ချင်နေတဲ့ ကျွန်တော့် ဂျူနီယာတစ်ယောက် ရှိတယ်။ သူက တော်တော်လေး တောင့်တယ်။ အရပ် နည်းနည်းပုပေမယ့် တကယ် အချိုးအစားကျတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ဂျူဒိုကစားတာ ငါးနှစ်ရှိပြီလို့လည်း ကြားဖူးတယ်။ တကယ်လို့ ဖြတ်လျှောက်တွေ အများကြီး လိုနေရင် သူ့ကိုပါ ခေါ်လာလို့ရမလား"

"ငါ့ဘက်ကကြည့်ရင်တော့ မဆိုးပါဘူး။ လူလိုရင် ငါသိတဲ့ Gymတစ်ခုကိုသွားပြီး အဲဒီကလူတချို့ကို ခေါ်ဖို့ စဉ်းစားထားတာ။ ဒါပေမယ့် မင်းခေါ်လာလို့ သုံးမယ်ဆိုတဲ့ အာမခံချက်တော့ မပေးနိုင်ဘူးနော်။ ငါက တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်ဆိုတာမျိုးတွေကို မယုံဘူး။ ငါ့မျက်စိနဲ့ မြင်ရတာကိုပဲ ယုံတာ။ ငါ ဘာပြောချင်လဲဆိုတာ မင်း သိတယ်မလား"

"ဟုတ်ကဲ့ သိပါတယ်"

သူက မင်းသမီး အန်းဂျူဟယွန်း ရဲ့ ညီလေးပါလို့ ပြောမလို့ လုပ်ပေမယ့် မပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အဆက်အသွယ်တွေကို ထည့်တွက်တဲ့သူတွေ ရှိသလို မတွက်တဲ့သူတွေလည်း ရှိတာပဲလေ။ ချွန်းဟို ကတော့ သေချာပေါက် ဒုတိယအမျိုးအစားပဲ။

"ဒါနဲ့ မနက်က မင်းနဲ့အတူ လာတဲ့ကောင်မလေးက မင်းသူငယ်ချင်းလား"

"အာ... ဟုတ်တယ်။ သူက ကျွန်တော့်ကောင်မလေးပါ"

"ကောင်းပါတယ်။ အချိန်ကောင်းလေးတွေပေါ့ကွာ"

"အစ်ကိုရော အိမ်ထောင်ကျပြီလား"

"ကျပြီးပြီ။ အိမ်ပြန်ရောက်ရင် ကျူရှင်သွားချင်နေတဲ့ အလယ်တန်းကျောင်းသား တစ်ယောက်ရယ်၊ ဂိမ်းစက်အသစ် လိုချင်နေတဲ့ မူလတန်းကျောင်းသား တစ်ယောက်ရယ် ရှိတယ်။ သူတို့အားလုံးကို ရှာကျွေးရတာ တော်တော်လေး ပင်ပန်းတယ်။ မင်းလည်း စောစောစီးစီး အိမ်ထောင်မပြုနဲ့ဦး။ မင်းက ကလေးပဲ ရှိသေးပေမယ့် ငါပြောတာကို နားထောင်ထား။ ငါ တကယ်ပြောနေတာ"

"ဒါပေမယ့် ကလေးတွေကို မြင်ရရင် ပျော်တယ်မလား"

"ပျော်တာပေါ့။ အဲဒါကြောင့်ပဲ ငါ အလုပ်လုပ်နေတာလေ။ ဒါထက်... ဇာတ်ညွှန်းရေးဆရာက မင်းကို ရှာနေပုံရတယ်"

မာရူးက ခပ်လှမ်းလှမ်းကနေ လက်လှမ်းပြနေတဲ့ ဇာတ်ညွှန်းရေးဆရာကို မြင်လိုက်ရတယ်။ သူ ခေါင်းညိတ်ပြပြီး မတ်တပ်ရပ်လိုက်တယ်။ ဒီနေ့က သူ Youth Generation ရိုက်ရမယ့် နောက်ဆုံးနေ့လေ။ ဇာတ်လမ်းတွဲကတော့ ဆက်ပြီး ပြသနေမှာဖြစ်ပေမယ့် အတန်းခေါင်းဆောင် နေရာကတော့ မပါတော့ဘူး။ ဒါကလည်း နှစ်တွေ ပြောင်းသွားလို့ပဲ။ သူ့ကို နောက်ပိုင်း လမ်းသွားလမ်းလာအနေနဲ့ ပြန်ခေါ်ကောင်း ခေါ်နိုင်တယ်လို့ ပြောထားပေမယ့် ဖြစ်နိုင်ခြေကတော့ နည်းပုံရတယ်။

အတန်းခေါင်းဆောင်က ဇာတ်သိမ်းပိုင်းအထိ ကောက်ကျစ်ပြီး အလျှော့ပေးတတ်တဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့တယ်။ အဓိကဇာတ်ဆောင် မင်းသမီးကို လုပ်ကြံထားတာ သိသွားပြီးတဲ့နောက် သတ္တိကြောင်တဲ့ ဘဝမျိုးနဲ့ မနေဖို့ အဓိကဇာတ်လိုက်ဆီကနေ အပြောခံရပြီး သူက ဇာတ်လမ်းထဲကနေ ထွက်သွားခဲ့ရတာ။ ဇာတ်ကွက်အရဆိုရင် အခုသူတို့ ရိုက်နေတဲ့အခန်းပြီးမှ ပါမယ့် ဒီနောက်ဆုံးအခန်းကို သူ ကျောင်းမှာကတည်းက ရိုက်ပြီးသွားပြီ။ အဲဒီနောက်မှာတော့ အတန်းခေါင်းဆောင်ဟာ နွေးထွေးတဲ့ အဓိကဇာတ်ဆောင်မင်းသမီးရဲ့ ကျေးဇူးကြောင့် ကျန်တဲ့အတန်းသားတွေနဲ့ အဆင်ပြေသွားတော့တယ်။ သူက စိတ်ထားပြောင်းလဲသွားတဲ့ ပုံမှန် ဗီလိန်ဇာတ်ကောင်ပါပဲ။ ဇာတ်လမ်းအစပိုင်းက ဗီလိန်ဇာတ်ကောင်နေရာဟာ အဲဒီမှာတင် ထွက်သွားတော့တာပဲ။

"ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးပါဦး"

သူက ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ ဝူမင် နဲ့ ယူရီ ကို နှုတ်ဆက်လိုက်တယ်။ သူတို့နဲ့ စကားပြောဖို့ နေနေသာသာ တွေ့ဖို့တောင် အခွင့်အရေး မရခဲ့တာမို့လို့ သူတို့နဲ့ သိပ်မရင်းနှီးခဲ့ဘူး။ ဒါပေမယ့် ပထမဆုံး ရိုက်ကူးရေးမှာ မာရူးကို တွန်းချလိုက်မိကတည်းက ဝူမင် ကတော့ သူ့ကို အဆင်ပြေရဲ့လားဆိုပြီး အမြဲ လာလာကြည့်တတ်တယ်။ ယူရီ နဲ့ကတော့ သေချာလေးတောင် နှုတ်မဆက်ဖူးဘူး။

"ငါ့ကိုလည်း ကူညီပေးပါဦး"

ဝူမင် က ပြန်ဖြေပေမယ့် ယူရီ ကတော့ စိတ်မဝင်စားသလို ဇာတ်ညွှန်းကိုပဲ အာရုံစိုက်နေတယ်။ ဒါက သူ့အတွက် ရိုးနေပြီဖြစ်တဲ့ ကိစ္စမို့ မာရူးက ခေါင်းတစ်ချက်ညိတ်ပြပြီး ဒါရိုက်တာနားမှာ သွားရပ်လိုက်တယ်။ ဇာတ်တိုက်ပြီးတာနဲ့ ချက်ချင်း ရိုက်ကူးရေး စကြတယ်။ မီးရောင်ရှေ့ကို ပိုးဖလံ တစ်ကောင် ဖြတ်ပျံသွားလို့ ယူရီ က တစ်ခါ မှားသွားပြီး ဝူမင် ကလည်း စကားပြော တစ်ခါ မှားသွားတယ်။ သုံးခေါက်ပဲ ပြန်ရိုက်ရပြီး ရိုက်ကူးရေးက ပြီးသွားတယ်။

"အားလုံးပဲ ပင်ပန်းသွားကြပါပြီ"

သူက ဒါရိုက်တာနဲ့ အနားမှာရှိတဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်ပြီး အပြင်ကို ထွက်လာခဲ့တယ်။ လူစားထိုးအနေနဲ့ စတင်ခဲ့ပြီး ဇာတ်ရံအနေနဲ့ အဆုံးသတ်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးက ဒီလိုနဲ့ ပြီးဆုံးသွားခဲ့တယ်။ ဒေးမြောင် အရင်က ပြောဖူးတဲ့ 'ပရိသတ်တွေ သတိထားမိလာပြီး နာမည်ကြီးလာမယ်' ဆိုတာမျိုးလည်း မရှိခဲ့ဘူး။ သူကိုယ်တိုင်ကလည်း အဲဒီလိုမျိုး မျှော်လင့်မထားပါဘူး။ ဘာဒါ က သူ့ကို နောက်ပြောင်တဲ့အနေနဲ့ အွန်လိုင်းမှာ နှစ်ခါသုံးခါလောက် ရှာကြည့်ဖူးပေမယ့် သူ့အကြောင်း ဆောင်းပါးတစ်ပုဒ်တောင် မရှိခဲ့ဘူးလေ။ ဇာတ်ရံ ဆိုတာ ဒီလိုပါပဲ။

"မင်း တော်တော် ကောင်းကောင်းလုပ်နိုင်ပါတယ်။ နောက်မှ မင်းကို ထမင်းတစ်နပ်လောက် ကျွေးမယ်"

ကင်မရာဒါရိုက်တာ ကင်ဂျန်ဆူ နဲ့ နှုတ်ဆက်ပြီးတဲ့နောက် သူ အဲဒီနေရာကနေ ထွက်လာခဲ့တယ်။

ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်ရမယ်ဆိုတဲ့ ဖိအားမျိုး မရှိသလို အဲဒီနေရာမှာ ပြင်းထန်တဲ့ အငွေ့အသက်မျိုးလည်း မရှိတဲ့အတွက် သူ ကျေနပ်တာမျိုးလည်း မရှိသလို စိတ်ပျက်တာမျိုးလည်း မခံစားရဘူး။ အန္တရာယ်ကင်းကင်းနဲ့ နောက်ထပ်တစ်နေ့ ကုန်ဆုံးသွားတဲ့အတွက် သူ ကျေးဇူးတင်နေမိရုံပါပဲ။

သူ့အနောက်မှာ မီးရောင်ရှိနေတဲ့အတွက် အရိပ်က ရှည်ထွက်နေတယ်။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကကော ဒီရှည်ထွက်နေတဲ့ အရိပ်လို ကြီးမားလာပြီလားလို့ သူ တွေးနေမိတယ်။ အဘိုး မွန်ဂျောင် နဲ့ တွဲလုပ်ခဲ့ရတဲ့ အလုပ်ကတော့ အသက်ရှူကျပ်ပြီး လေးလံလွန်းပေမယ့် အဲဒါ ပြီးသွားတဲ့အချိန်မှာတော့ သူ တစ်ဆင့် တက်သွားပြီလို့ သေချာပေါက် ခံစားခဲ့ရတယ်။

ဘာမှမသိတဲ့ ကလေးတစ်ယောက်က မိဘတွေဆီကနေ သင်ယူရတာလေ။ အတွေ့အကြုံမရှိသေးတဲ့သူလည်း ဒီလိုပါပဲ။ တစ်ခုခုကို မသိဘူးဆိုရင် ဆရာသမားတွေကို ကြည့်ပြီး အတွေ့အကြုံနဲ့ ဗဟုသုတတွေ ရယူကြရတာပဲ။ ဇာတ်လမ်းတွဲ ရိုက်ကူးရေးက နေ့စဉ်ဘဝနဲ့ ပိုတူပေမယ့် သူကတော့ ဂုဏ်ယူလို့ရမယ့် အရာမျိုးကို ပိုသဘောကျတယ်။ သူက အရာရာကို သင်ယူရင်း လဲကျသွားလည်း အဆင်ပြေတဲ့ အရွယ်ရောက်နေပြီမို့လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်တွေနဲ့ အတွေ့အကြုံမျိုးစုံကို မြည်းစမ်းချင်နေတယ်။

ဘာပဲဖြစ်ဖြစ် အရွယ်နည်းနည်း ပိုရောက်လာရင်တော့ စိန်ခေါ်မှုတွေထက် တည်ငြိမ်မှုကို ရွေးချယ်ရမှာပဲလေ။

"နောက်အပတ် ဗုဒ္ဓဟူးနေ့တွေ့မယ်။ မင်းသူငယ်ချင်းကိုလည်း ခေါ်ခဲ့ဦး" လို့ ချွန်းဟို က ပြောလိုက်တယ်။

ပွဲတော်ကြောင့် လေ့ကျင့်ချိန် နည်းသွားလို့ ပြဿနာတော့ သိပ်မရှိလောက်ဘူး။ လေးရက်နေ့မှာ အစည်းအဝေးရှိပြီး ရှစ်ရက်နေ့မှာ ပြိုင်ပွဲရဲ့ အရည်အချင်းစစ်ပွဲ ရှိတယ်။ တော်တော်လေးကို အချိန်ပြည့်နေတဲ့ အပတ်ပဲ။

"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်"

"အေးအေး။ ပင်ပန်းသွားပြီ"

မာရူးက တိတ်တဆိတ် နှုတ်ဆက်ပြီး ရိုက်ကူးရေးနေရာကနေ ထွက်လာခဲ့တယ်။ လမ်းမှာ သူ့မန်နေဂျာဆီကို စာပို့လိုက်တယ်။ သိပ်မကြာခင်မှာပဲ စာပြန်ဝင်လာတယ်။ အကုန်လုံး သေချာသွားရင် စာပြန်ပို့ဖို့ ဗြောင်ချန်း က သူ့ကို ပြောထားတယ်။

* * * * * * * * *

နောက်တစ်နေ့ မာရူး ကျောင်းသွားတဲ့အခါ ပွဲတော်က သန်ဘက်ခါဆိုတာကို သူ ပိုပြီး လက်တွေ့ကျကျ ခံစားလိုက်ရတယ်။ ကျောင်းတံခါးဝ အပေါ်ဘက်မှာ ဝူဆောင်းပွဲတော် လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ထားတယ်။ အချိန်တွေကြာလာလို့ အဖြူရောင်ကနေ အဝါရောင် ပြောင်းနေပေမယ့် အဲဒါကို မြင်တာနဲ့ ကျောင်းသားတွေက ဝမ်းသာအားရ အော်ဟစ်ကြတယ်။

"ထိုင်ကြ။ ဟိုဘက်ကကောင် ထစမ်း။ မင်း တစ်ညလုံး ဂိမ်းဆော့ထားတယ်မလား။ မင်းမျက်လုံးတွေကိုလည်း ကြည့်ဦး။ ဘာလုပ်လုပ် တန်ရုံပဲလုပ်ပြီး စောစောအိပ်ကြ။ ကြီးလာရင် မင်းတို့ပဲ ဒုက္ခရောက်မှာ"

"ကျွန်တော်တို့ ငယ်ပါသေးတယ်"

"လူငယ်ဘဝဆိုတာ တိုတိုလေးပါ။ လူငယ်ဘဝကို ဖြတ်သန်းဖူးတဲ့ စီနီယာတစ်ယောက်အနေနဲ့ မင်းတို့ကို ပြောနေတာ။ အော်... ပွဲတော်နဲ့ပတ်သက်ပြီး ပြောစရာတစ်ခု ရှိသေးတယ်"

ကြက်ဥတွေ၊ ဂျုံမှုန့်တွေ ယူမလာဖို့ တေးဆစ် က ပြောတယ်။ ယူလာရင် ရှုပ်ပွကုန်လိမ့်မယ်တဲ့။ ပြီးခဲ့တဲ့ ပွဲတော်တုန်းက တစ်ယောက်ယောက်က အဲဒီလို လုပ်ခဲ့ပုံရတယ်။

'ပွဲတော်' လို့ ဆိုလိုက်ရုံနဲ့ ကြီးကြီးကျယ်ကျယ်တွေ ရှိနေတာတော့ မဟုတ်ပေမယ့် တစ်နေကုန် အတန်းမရှိတဲ့အတွက် အတန်းထဲက ကျောင်းသားတွေကတော့ စိတ်လှုပ်ရှားနေကြတယ်။ သူတို့ဘေးက စာသင်ကျောင်းက နာမည်ကြီး အဆိုတော်တစ်ယောက်ကို ဖိတ်ထားတယ်လို့ ကြားပေမယ့် ဝူဆောင်းအထက်တန်းကျောင်းကတော့ အပြင်လူတွေကို မခေါ်ဘဲ ကျောင်းထဲမှာပဲ အကုန်လုပ်တာ။ အဲဒီလိုလူတွေကို ခေါ်ရင် ပိုက်ဆံကုန်မှာဖြစ်တဲ့အတွက် ဒါက သဘာဝကျတဲ့ ရလဒ်ပဲလို့ မာရူးက တွေးမိတယ်။

"မင်းတို့ လုပ်ချင်တာများ ရှိကြလား"

တေးဆစ် ရဲ့ အမေးကြောင့် အားလုံးက ပျင်းရိတဲ့ မျက်နှာထားတွေ လုပ်ပြကြတယ်။ တေးဆစ် လည်း နှစ်ခါ ထပ်မမေးတော့ဘူး။ ဝူဆောင်းပွဲတော် မှာ ကလပ်တွေကပဲ လှုပ်ရှားမှုတွေကို အဓိက ဦးဆောင်ကြတာ။ တစ်ခုခုကို ပြင်ဆင်နေတဲ့ အတန်းတွေ ရှိပေမယ့် တော်တော်လေးကို ရှားတယ်။ အဲဒီလုပ်တဲ့ အတန်းတချို့ကလည်း အများအားဖြင့် အစားအသောက် ရောင်းတဲ့ဆိုင်တွေလောက်ပါပဲ။

"ငါတို့အတန်းထဲမှာ မိန်းကလေးမှ မရှိတာ။ ငါတို့က ဘယ်လိုလုပ် အစားအသောက် လုပ်ရမှာလဲ"

"ဆရာ... ပွဲတော်အတွက် ဘာမှ မလုပ်ကြရအောင်"

လျှပ်စစ်အင်ဂျင်နီယာ အတန်းလေ။ အတန်းနှစ်တန်းလုံးမှာ မိန်းကလေး တစ်ယောက်မှ မရှိဘူး။ ချွေးစော်နံနေတဲ့ ကောင်တွေနဲ့ ပွဲတော်ကို အတူမဖြတ်သန်းချင်ကြတာမို့ အားလုံးက ပြတ်ပြတ်သားသားပဲ ငြင်းဆိုလိုက်ကြတယ်။ အဲဒီအချိန်မှာပဲ စင်္ကြံလမ်းတစ်လျှောက် မိန်းကလေးတွေရဲ့ ရယ်သံတွေကို ကြားလိုက်ရတယ်။ မိန်းကလေးများတဲ့ ဓာတုအင်ဂျင်နီယာ၊ ဒီဇိုင်းနဲ့ ကွန်ပျူတာဆိုင်ရာ ဌာနတွေကတော့ ပွဲတော်အငွေ့အသက်တွေ အပြည့်ရနေပုံပဲ။ အဲဒီရယ်သံတွေကို ကြားလိုက်ရတဲ့အခါ အတန်းထဲက ကောင်တွေအကုန်လုံး စိတ်ဓာတ်ကျသွားကြတယ်။

"ငါ ဒီဇိုင်းကို သွားသင့်တာ"

"ငါကတော့ ဓာတုအင်ဂျင်နီယာပေါ့"

"ငါ ဒီအတန်းကို မကြိုက်ဘူး"

အတန်းတစ်တန်းလုံး သက်ပြင်းချလိုက်ကြတယ်။

"ဒါဆို ပွဲတော်ရက်မှာ မင်းတို့ဘာသာမင်းတို့ပဲ ကြည့်ကျက်နေကြတော့။ အော်... အားကစားရုံထဲမှာ အရည်အချင်းပြိုင်ပွဲ ရှိတယ်။ ဆုလည်းပေးမှာမို့လို့ လိုချင်ရင် အဲဒီကို သွားကြ။ မိန်းကလေးဝတ်စုံဝတ်ရတဲ့ ပြိုင်ပွဲလည်း ရှိတယ်။ ဓာတ်ပုံရိုက်ပြီး ဘွဲ့ယူမယ့် အယ်လ်ဘမ်ထဲ ထည့်မှာမို့လို့ အမှတ်တရတွေ ချန်ထားခဲ့ချင်ရင်တော့ ကောင်းမယ်ထင်တယ်။ ဒီနေ့ အတန်းထဲမှာ မငိုက်ကြနဲ့၊ ပျော်ပျော်နေကြ။ ငါ ပြောစရာရှိတာကတော့ ဒါပဲ"

တေးဆစ် က အတန်းစာရင်းကို ယူပြီး ထွက်သွားတယ်။

"မာရူး" ဒေးမြောင် က အနောက်လှည့်ရင်း ခေါ်လိုက်တယ်။

"ဘာလဲ"

"ပွဲတော်မှာ ငါတို့ကပြမယ့် ပြဇာတ်အတွက် နေ့လယ်စာစားချိန်မှာ လေ့ကျင့်ဖို့ ငါတို့ ဆုံးဖြတ်ထားတယ်။ ဘာမှမပြင်ဆင်ထားရင် အကုန်ပျက်စီးသွားလိမ့်မယ်လို့ အာရမ် က ပြောလို့"

"အေး... သိပြီ"

ဒေးမြောင် က ပြန်လှည့်သွားပြီး ပထမဆုံး အချိန်အတွက် ဖတ်စာအုပ်ကို ထုတ်လိုက်တယ်။ ပွဲတော်မှာ ဒေးမြောင် နဲ့ ဂျီယွန်း တို့ ဘယ်လို မျက်နှာထားတွေ လုပ်ကြမလဲလို့ မာရူး တွေးနေမိတယ်။ သူများ ဒီနှစ်ယောက်ကို ထောင့်ကြပ်လွန်းရာ ကျနေမလားလို့ တွေးမိပေမယ့် အာရမ် ရဲ့ အရှိန်ကိုတော့ အခုချိန်မှာ တားလို့မရတော့ဘူး။ အားလုံး အဆင်ပြေသွားပြီး သူတို့နှစ်ယောက် တွဲဖြစ်သွားရင်တော့ အကောင်းဆုံးပဲ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အနေရခက်သွားရင်တော့ တော်တော်လေးကို ရှုပ်ထွေးသွားလိမ့်မယ်။

'ဘာပဲဖြစ်ဖြစ် တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်လာမှာပေါ့လေ။'

မာရူး က သက်ပြင်းချရင်း လွယ်အိတ်ကို ဖွင့်လိုက်တယ်။

* * * * * * * * *

"ရုပ်ရှင်"

"အေး။ အတည်ပြုထားတာတော့ မဟုတ်သေးဘူး၊ ဒါပေမယ့် လူရွေးပွဲလိုမျိုးတော့ ဝင်ဖြေရလိမ့်မယ်။ အက်ရှင်အခန်းတွေအတွက် လူငယ်တွေကို ရှာနေပုံရတယ်။ ဘယ်လိုလဲ... လုပ်ချင်လား"

"လုပ်မယ်ဗျာ။ ကျွန်တော် သေချာပေါက် လုပ်ချင်တယ်" ဘန်ဂျူး က မျက်လုံးပြူးပြီး ပြန်ဖြေတယ်။

မာရူး ခေါင်းညိတ်လိုက်တယ်။ ဘန်ဂျူး အနေနဲ့ အနည်းဆုံးတော့ တုံ့ဆိုင်းသွားလိမ့်မယ်လို့ သူ ထင်ခဲ့ပေမယ့် လုံးဝ အဲဒီလိုပုံ မပေါ်ဘူး။

"ဝါယာကြိုးတွေ ဘာတွေနဲ့ လုပ်ရတာမျိုးကော ပါလား"

"မပါဘူး၊ အဲဒီလောက် ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ရဲနဲ့ မာဖီယာတွေ အကြောင်းလို့ ကြားထားတော့ လက်သီးထိုးတာလောက်ပဲ ဖြစ်မယ်ထင်တယ်"

"အာဟာ... အက်ရှင်ရဲ့ အခြေခံတွေပေါ့"

"ဘာပဲဖြစ်ဖြစ် မင်း မိဘတွေဆီကတော့ ခွင့်ပြုချက် တောင်းထားဦး။ တရားဝင် ရိုက်ကူးရေး စပြီဆိုရင် သူတို့ရဲ့ တိကျတဲ့ ခွင့်ပြုချက် လိုလိမ့်မယ်"

"သူတို့ ခွင့်ပြုလောက်ပါတယ်။ ကျွန်တော် တစ်ယောက်တည်း စနေကတည်းက အရမ်းကြီး ဆိုးရွားတဲ့ကိစ္စ မဟုတ်ရင် သူတို့ ဘာကိုမှ မကန့်ကွက်ဖူးဘူး"

"အဲဒါလည်း ယုတ္တိရှိတာပါပဲ"

ဘန်ဂျူး က ငယ်ငယ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့တာဆိုတော့ အနည်းဆုံးတော့ သူ့အပေါ် အဲဒီလောက် ယုံကြည်မှု ရှိသင့်တာပေါ့။

"ကျွန်တော် ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ"

"ငါလည်း သေချာတော့ မသိသေးဘူး။ သူ ငါ့ကို ဖုန်းဆက်မယ်ဆိုတော့ အဲဒီကျမှပဲ ပြောပြလိမ့်မယ်။ ဒါပေမယ့် အခုကတည်းက ငါ တစ်ခုပြောထားမယ်၊ မင်း လုပ်ဖို့ စဉ်းစားထားရင်တော့ ပေါ့ပေါ့တန်တန် လုပ်လို့ မရဘူးနော်။ ပြီးတော့ နိုင်ငံတော်အဆင့် ပြိုင်ပွဲအတွက် ပြင်ဆင်တာနဲ့လည်း အပြိုင်လုပ်ရမှာ။ မင်းအတွက် ခက်ခဲလွန်းလို့ လမ်းတစ်ဝက်ကျမှ လက်လျှော့လိုက်မယ်ဆိုရင်တော့ အစကတည်းက မလုပ်တာပဲ ကောင်းမယ်"

"ကျွန်တော် လုပ်နိုင်ပါတယ်။ ကျွန်တော့် ခံနိုင်ရည်ကိုတော့ ယုံကြည်မှု အပြည့်ရှိတယ်"

သူ့ကိုသာ မခေါ်သွားရင် ဘန်ဂျူး က မာရူးကိုတောင် တောင်းပန်မယ့်ပုံ ပေါ်နေတယ်။ မာရူးက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။ ချွန်းဟို က သူ့ကို သဘောကျမကျတော့ မသိပေမယ့် လောလောဆယ်မှာတော့ သူက အရမ်းကို စိတ်အားထက်သန်နေတယ်။

"ဒါပေမယ့် စီနီယာ"

"ဘာလဲ"

"ပွဲတော်မှာ ငါတို့ကမယ့် ပြဇာတ်လေ။ အဲဒီအတိုင်း တကယ် ကကြမှာလား"

"...အင်း... အဲလိုပဲ ထင်တယ်"

"ဒါဆိုရင် အဲဒီနှစ်ယောက်က တကယ်ကြီး နမ်းဖြစ်သွားကြတော့မှာပေါ့"

"ငါလည်း မသိဘူး။ အဲဒီနေ့ကျမှ ဘာဖြစ်မလဲဆိုတာအပေါ် မူတည်တာပေါ့။ ကျောင်းကွင်းပြင် အလယ်ခေါင်ကြီးမှာ ဘယ်သူမှ ငိုနေတာမျိုးတော့ အဖြစ်ခံလို့ မရဘူးလေ"

"ကျွန်တော်ကတော့ ခိုင်းတဲ့အတိုင်းပဲ လုပ်မှာပါ"

"ငါလည်း အာရမ် ခိုင်းတဲ့အတိုင်းပဲ လုပ်နေရတာပဲဟာ"

မာရူးက ဂျီယွန်း နဲ့ ဒေးမြောင် ကို တရားချနေတဲ့ အာရမ် ကို လှမ်းကြည့်လိုက်တယ်။ အခုချိန်မှာ သူ့ကို ဘယ်သူ တားနိုင်တော့မှာလဲ။ ယဇ်ပူဇော်ခံလိုက်ရတဲ့ သိုးလေးနှစ်ကောင်အတွက် သူ စာနာမှုတွေသာ ပေးနိုင်တော့တယ်။

"စီနီယာ။ လေ့ကျင့်မယ်၊ လေ့ကျင့်မယ်။ ဒီကို မြန်မြန်လာ"

"အေးပါ၊ အေးပါ"

မာရူး သက်ပြင်းချရင်း မတ်တပ်ရပ်လိုက်တယ်။

* * * * * * * * *

All Chapters