အခန်း ၃၂၉
Vol. 33 Ch. 329
အခန်း(၃၂၉)
"အခုဆို တစ်ပတ်ပဲ လိုတော့တယ်။ ပွဲတော်ပြီးတဲ့နောက်နေ့က ကျောင်းပိတ်ရက်ပဲ။ ပြီးတော့ သောကြာနဲ့ စနေမှာ အရည်အချင်းစစ်ပွဲ ရှိမယ်။ နောက်ဆုံးနေ့အထိ ဒီအရှိန်အတိုင်း ဆက်သွားကြမယ်။ စနေနေ့အထိ တစ်နေ့ကို နှစ်ခေါက် ဇာတ်တိုက်မယ်။ ကျန်တဲ့အချိန်တွေမှာတော့ ကိုယ့်အားနည်းချက်တွေကို ကိုယ် ပြင်ကြတာပေါ့"
"နှစ်ခေါက်ဆိုတာ နည်းလွန်းမနေဘူးလား" အာရမ်က လက်ထောင်ပြီး မေးလိုက်တယ်။
"လှုပ်ရှားမှုတွေရော စကားပြောခန်းတွေပါ အကုန်ရနေပြီဆိုတော့ နှစ်ခေါက်ဆို လုံလောက်ပြီလို့ ထင်တယ်။ အရေးကြီးတာက ငါတို့အရှိန်မကျသွားဖို့ပဲ။ အတင်းအကျပ်တွေ အများကြီးလေ့ကျင့်နေတာထက် လေ့ကျင့်ထားတာတွေကို မမေ့သွားအောင်ပဲ သေချာလေး အဆုံးသတ်တာက ပိုကောင်းမယ်။ လေ့ကျင့်ချိန်ကိုလည်း ၄ နာရီထက် မကျော်စေရဘူး။ အဲဒီအစား ငါတို့က ဇာတ်စင်ပေါ်မှာဝတ်မယ့် အဝတ်အစားတွေကို အချိန်ပြည့်ဝတ်ထားရမှာမို့လို့ အဆင်သင့်ပြင်ထားကြနော်"
"ဟုတ်ကဲ့"
"မေးစရာရှိသေးလား"
"ပြဇာတ်ရုံသွားမယ့်ကိစ္စကကော ဘယ်လိုဖြစ်သွားပြီလဲ" ဂျီယွန်းက အေးအေးဆေးဆေးပဲ မေးလိုက်တယ်။
"ဒီနေ့ သွားကြမယ်လေ။ မနှစ်ကလိုပဲ အန်ယန်းမြို့လယ်မှာ လုပ်မှာ။ အခုသွားရင် ကြက်တောင်ရိုက်ကွင်းတွေ လုပ်ထားလောက်ပြီ။ စင်က ဘယ်လောက်ကျယ်လဲ၊ စင်ပေါ်တက်ရတာ ဘယ်လိုခံစားရလဲ ဆိုတာကို ကိုယ်တိုင်သွားကြည့်ကြမယ်"
"အရည်အချင်းစစ်ပွဲ အောင်ရင်တောင် ဗိုလ်လုပွဲ မဟုတ်သေးဘူးမလား" ဘန်ဂျူးက မေးတယ်။
"အင်း။ ဂျောင်ဂီခရိုင်က အရည်အချင်းစစ်ပွဲ နှစ်ပွဲ လုပ်မှာ။ ပထမတစ်ပွဲက တောင်ပိုင်းဂျောင်ဂီခရိုင်အတွက်၊ အဲဒီနောက် ဂျောင်ဂီခရိုင်တစ်ခုလုံးအတွက်၊ အဲဒါပြီးမှ ဆိုးလ်အနုပညာစင်တာက ပြဇာတ်ရုံငယ်မှာ တစ်နိုင်ငံလုံးအဆင့် ပြိုင်ရမှာ"
"ဆိုးလ်အနုပညာစင်တာ။ ဆိုးလ်မှာ လုပ်မှာပေါ့" အာရမ်က အံ့ဩတကြီး ပြောလိုက်တယ်။
"အင်း။ ပြဇာတ်ရုံငယ်လေးဆိုပေမယ့်လည်း ဆိုးလ်အနုပညာစင်တာပဲလေ"
"အရင်က အဲဒီကို ရောက်ဖူးလား"
အဲဒီမေးခွန်းကို ကြားတော့ ဒေးမြောင်က ခပ်ခါးခါး ပြုံးလိုက်တယ်။ မနှစ်က နွေရာသီ အရည်အချင်းစစ်ပွဲမှာတောင် သူတို့ မအောင်ခဲ့ဘူးလေ။ ဆိုးလ်အနုပညာစင်တာကို သွားဖို့ဆိုတာ အနားတောင် မကပ်ခဲ့ရဘူး။
"ဟင့်အင်း၊ အရင်က လည်ဖို့တော့ ရောက်ဖူးတယ်၊ ဒါပေမယ့် ဆောင်းရာသီတုန်းက ရွှေတံဆိပ်ဆုရကတည်းက စင်ပေါ်တော့ မရောက်ဖူးသေးဘူး"
"ရွှေတံဆိပ်ဆုဆိုတာ ပထမဆုမလား"
"မဟုတ်ဘူး၊ ပထမဆုက အမြင့်ဆုံးဆုလေ။ အဲဒါကို မြောင်ဟွာအထက်တန်းကျောင်းက ရသွားတာ"
ဒေးမြောင်က စကားပြောနေရင်း မာရူးကို လှမ်းကြည့်လိုက်တယ်။ ရွှေတံဆိပ်ဆုရဖို့ လူတိုင်း အစွမ်းကုန်ကြိုးစားခဲ့ကြတဲ့နေ့က မာရူးက ပရိသတ်တွေထိုင်တဲ့နေရာကနေ သူတို့ကို လှမ်းကြည့်နေခဲ့တာလေ။ အဲဒီကိစ္စကို ပြန်တွေးမိတိုင်း မာရူးကို အမြဲတမ်း အားနာမိတယ်။ သူတို့ရဲ့ ပစ္စည်းတွေနဲ့ ဇာတ်စင်အပြင်အဆင်တွေကို ကယ်တင်ပေးပြီး ပြဇာတ်ကပြနိုင်အောင် လုပ်ပေးခဲ့တာက မာရူးပဲလေ။
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး"
မာရူးက သမ်းဝေရင်း လက်ဆန့်တန်းလိုက်တယ်။ ဒေးမြောင်က အတန်းထဲက နာရီကို တစ်ချက်ကြည့်လိုက်တယ်။ ည ၈ နာရီ ထိုးနေပြီ။
"အားလုံးကို ကျေးဇူးပဲ။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြမယ်"
လေ့ကျင့်ခန်း ပြီးပြီဆိုတဲ့ အချက်ပြတဲ့အနေနဲ့ သူက လက်နှစ်ချက် တီးလိုက်တယ်။ ဒုတိယနှစ်တုန်းက သရုပ်ဆောင်ကလပ်အဖွဲ့ဝင် အများစု ရှိနေချိန်မှာ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပေမယ့် အခုတော့ ပထမနှစ်တွေရဲ့ အကူအညီနဲ့ သူတို့တွေ ရှေ့ဆက်တက်လှမ်းနေကြပြီ။ သေချာတာပေါ့၊ ဒိုဝူးကလည်း အကောင်းဆုံး လုပ်နေတယ်။ သူက ညည်းညူတာတွေများပေမယ့် အချိန်ဖြုန်းနေတာမျိုးတော့ မရှိဘူး။ သူ့ဆီမှာ ယှဉ်ပြိုင်လိုစိတ်လည်း ရှိပြီး တစ်ခါတလေ အမြင့်ဆုံးဆုရဖို့အကြောင်းတောင် ပြောတတ်သေးတယ်။
မာရူးအကြောင်းကတော့ ပြောစရာတောင် မလိုပါဘူး။ သူက လူတိုင်းကို စုစည်းပေးထားတဲ့ မဏ္ဍိုင်တစ်ခုပဲ။ အဖွဲ့လိုက် ကြိုးစားအားထုတ်ရတဲ့ ပြဇာတ်တစ်ခုမှာ သူကသာ တစ်ကိုယ်ကောင်းဆန်ပြီး ရှေ့ဆက်သွားမယ်ဆိုရင် ပြဇာတ်ကြီး ပျက်စီးသွားမှာပဲ။ ဒါပေမယ့် မာရူးက လိုအပ်ချက်တွေရှိနေသေးတဲ့ ပထမနှစ်တွေနဲ့ တစ်တန်းတည်းထားပြီး သူတို့ အခက်အခဲဖြစ်နေတဲ့ အပိုင်းတွေကို ကူညီပေးခဲ့တယ်။ ပြဇာတ်ဆိုတဲ့ သင်္ဘောကြီး မနစ်မြုပ်သွားအောင် သူက ထိန်းထားပေးတာလေ။
မာရူးကို ဘေးကနေ စောင့်ကြည့်နေခဲ့လို့ သူ ဒီအကြောင်းကို သိတာပေါ့။ ပထမနှစ်တွေက မာရူးနဲ့အတူ လေ့ကျင့်ရတဲ့အခါ ပိုပြီး သက်သောင့်သက်သာ ရှိကြတယ်။ မာရူးက သူတို့ကို သရုပ်ဆောင်တဲ့နေရာမှာ ပိုပြီး စီးမျောသွားအောင် ကူညီပေးနေတာလေ။
ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ ရိုက်ပြီးတဲ့နောက်မှာ မာရူးရဲ့ သရုပ်ဆောင်မှုတွေက ပိုပြီးတော့ သက်သောင့်သက်သာ ရှိလာတယ်။ စင်ပေါ်ရောက်တာနဲ့ အလွယ်တကူ စိတ်လှုပ်ရှားတတ်တယ်ဆိုတဲ့ မီဆိုပြောဖူးတဲ့ မာရူးက အခုတော့ ထပ်ပေါ်လာမှာ မဟုတ်တော့ဘူးထင်တယ်။
တစ်ဖက်မှာလည်း သူက သိချင်စိတ်ပြင်းပြနေတယ်။ မာရူးက ပထမနှစ်တွေနဲ့ အဆင့်တူ မနေတော့ဘဲ သူ့ရဲ့ အစွမ်းအစအပြည့်ကိုသာ ထုတ်သုံးလိုက်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို သူ တွေးနေမိတယ်။ ဒီတစ်ခေါက် အရည်အချင်းစစ်ပွဲမှာတော့ မာရူးကို စင်ပေါ်မှာ နောက်တစ်ကြိမ် ပြန်တွေ့ရတော့မှာပဲ။
မနှစ်က မာရူး သရုပ်ဆောင်ခဲ့တဲ့ 'လူငယ်' ဆိုတဲ့ ဇာတ်ကောင်ကို ဒေးမြောင် မှတ်မိနေတုန်းပဲ။ အဲဒီတုန်းက မာရူးက ဇာတ်စင်ပေါ်ကို ရုတ်တရက် ထွက်ပေါ်လာခဲ့တာလေ။ အဲဒီအခြေအနေကို ဖော်ပြဖို့ 'ရုတ်တရက် ထွက်ပေါ်လာတယ်' ဆိုတာထက် ပိုသင့်တော်တဲ့ စကားလုံး မရှိဘူး။ အဲဒီအချိန်ကစပြီး အခုဆို နှစ်ဝက်တောင် ကျော်သွားခဲ့ပြီ။ ဆောင်းရာသီ အရည်အချင်းစစ်ပွဲကတည်းက သူတို့တွေ စင်ပေါ်မှာ အတူတူ မရပ်ခဲ့ရတာ ကြာပြီလေ။ ဇာတ်စင်ပေါ်မှာ မာရူး ဘယ်လိုပုံစံမျိုး ထွက်လာမလဲဆိုတာကို ဒေးမြောင် တကယ်ပဲ မျှော်လင့်နေမိတယ်။
"အာ... စီနီယာ"
ပစ္စည်းတွေသိမ်းပြီး အိမ်ပြန်ဖို့ ပြင်နေတုန်း အာရမ်က ဂျီယွန်းရဲ့လက်ကိုဆွဲပြီး သူ့ရှေ့မှာ လာရပ်တယ်။ ဒေးမြောင်က အာရမ်ကိုကြည့်ရင်း မျက်တောင်တွေ တဖျပ်ဖျပ် ခတ်လိုက်မိတယ်။
"ဟင်"
"ကျွန်မကိုယ်စား ဂျီယွန်းကို အိမ်ပြန်ပို့ပေးပါလား။ ဒီနေ့ ကျွန်မ ကိစ္စလေးရှိလို့ တခြားလမ်းကနေ သွားရမှာမို့လို့။ မိနစ် ၂၀ တောင် ကြာမှာ မဟုတ်ပါဘူး"
"င-ငါလား"
"ဟုတ်တယ်။ စီနီယာက ကလပ်ဥက္ကဋ္ဌပဲလေ။ ကလပ်အဖွဲ့ဝင်တွေကို ဂရုစိုက်ရမှာပေါ့"
"ဘန်ဂျူးနဲ့ သူက လမ်းတူတူပဲ မဟုတ်ဘူးလား"
ဒေးမြောင်က ဘန်ဂျူးကိုရှာဖို့ အနောက်ကို လှည့်ကြည့်လိုက်တယ်။ အဲဒီအချိန်မှာ အတန်းအပြင်ဘက်ကို ဒိုဝူး ဆွဲခေါ်သွားတာ ခံလိုက်ရတဲ့ ဘန်ဂျူးကို သူ မြင်လိုက်တယ်။ သူ တွန့်ခနဲဖြစ်သွားပြီး ဒီတစ်ခါတော့ မာရူးကို လိုက်ရှာပြန်တယ်။ သူ့ကိုလည်း မတွေ့ရဘူး။
"ဘာပဲဖြစ်ဖြစ်၊ ညဘက်ဆိုတော့ အန္တရာယ်များတယ်။ ဒါကြောင့် သူ့ကို ဂရုစိုက်ပေးလိုက်ပါနော်"
"အာရမ်၊ ငါ ဘတ်စ်ကားစီးသွားရင်..."
ဂျီယွန်း စကားတောင် မဆုံးသေးခင်မှာပဲ အာရမ်က အတန်းထဲကနေ အမြန်ပြေးထွက်သွားတယ်။ 'နင်တို့နှစ်ယောက်က ပွဲတော်မှာ အဓိကဇာတ်ကောင်တွေဆိုတော့ ရင်းရင်းနှီးနှီး နေကြ' ဆိုတဲ့ စကားကိုလည်း ထားခဲ့ဖို့ သူမေ့မသွားဘူး။
ဒေးမြောင်က တံတွေးမြိုချလိုက်တယ်။ ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်ရမှန်း သူ မသိတော့ဘူး။ သူ့ကို အိမ်လိုက်ပို့ပေးမယ်လို့ ပြောလိုက်ရင် ဂျီယွန်း အထင်လွဲသွားနိုင်တယ်လေ။ ဒါပေမယ့် ဒီလိုအချိန်ကြီး သူ့ဘာသာ တစ်ယောက်တည်း ပြန်လွှတ်ဖို့ဆိုတာကလည်း အရမ်းအန္တရာယ်များလွန်းတယ်။ ဘာလုပ်ရမလဲဆိုတာကို တွေးရင်း သူ ခေါင်းခဲနေတယ်။
"အမ်း... စီနီယာ"
"ဟင်... အင်း"
"ဟိုတစ်ခေါက်က အကြံဉာဏ်ပေးခဲ့တာကို ကျေးဇူးဆပ်ချင်လို့ပါ... အဆင်ပြေမယ်ဆိုရင်လေ၊ ကျွန်မနဲ့အတူ ရ-ရုပ်ရှင်သွားကြည့်မလားဟင်"
ဒေးမြောင်က ဂျီယွန်းကို ကြောင်တောင်တောင်လေး ကြည့်နေမိတယ်။ စကားပြောပြီးသွားတော့ ဂျီယွန်းက ဂဏာမငြိမ်ဖြစ်နေတယ်။ သူ့မျက်လုံးတွေက ဘယ်ကိုကြည့်ရမှန်းမသိအောင် ဖြစ်နေတာ။
"ရ-ရုပ်ရှင်"
"မ-မသွားချင်ဘူးဆိုရင်လည်း ရပါတယ်"
"မဟုတ်ဘူး၊ ငါ၊ ငါဆိုလိုတာက..."
ရုပ်ရှင်။ မိန်းကလေးတစ်ယောက်နဲ့အတူ ရုပ်ရှင်သွားကြည့်ဖူးတဲ့ အတွေ့အကြုံ ဒေးမြောင်မှာ တစ်ခါမှမရှိခဲ့တော့ ဒီကမ်းလှမ်းမှုက တော်တော်လေး ကြီးမားနေတယ်။ သူ ဘယ်လိုဖြေရမလဲဆိုတာကိုတောင် မသိဘူး။ ဘယ်လိုအဖြေမျိုး ပေးရမလဲ။ လက်ခံလိုက်ရမလား။ မဟုတ်သေးဘူး၊ သူက ယဉ်ကျေးမှုအရ ကမ်းလှမ်းလိုက်တာလည်း ဖြစ်နိုင်တယ်။ သူ့ခံစားချက်ကို မသိဘဲနဲ့ ရမ်းပြီး လက်ခံလိုက်ရင် ဂျီယွန်းပဲ အခက်တွေ့သွားမှာ မဟုတ်ဘူးလား။ အခု ငြင်းလိုက်တာက ပိုကောင်းမယ်မလား။ အဲဒါက အမှန်ကန်ဆုံးပဲ မဟုတ်ဘူးလား။
သူ တကယ် သွားချင်တယ်... ဒါပေမယ့် သူ ရည်ရွယ်တာက ဒါမျိုး ဟုတ်ချင်မှဟုတ်မှာ။ ငြင်းလိုက်တာက အမှန်ကန်ဆုံးပဲလို့ သူ တွေးလိုက်တယ်။
အဲဒီအချိန်မှာ မနှစ်က မတ်လတုန်းက အဖြစ်အပျက်ကို သူ သတိရသွားတယ်။ အဲဒီတုန်းက သူက ကိုယ့်ကိုယ်ကိုယ် နစ်နာသူတစ်ယောက်လို့ ခံယူထားပြီး သူ့ဆီကို စေတနာနဲ့ လာတဲ့လူတွေကိုတောင် ဘယ်သူ့ကိုမှ မယုံကြည်နိုင်ခဲ့ဘူး။ စေတနာကို အဆိုးဘက်ကနေပဲ ကိုယ့်ဘာသာ ကောက်ချက်ချပြီး ကိုယ့်ကိုယ်ကိုယ် အထီးကျန်အောင် လုပ်ခဲ့တယ်။ ပြီးတော့ သူ အထီးကျန်ရတာ တခြားလူတွေကြောင့်ဆိုပြီး အပြစ်တင်ခဲ့တယ်။ အဲဒီလို ဆိုးရွားတဲ့ သံသရာကြီးက ဆက်လည်နေခဲ့တာလေ။
အဲဒီလိုမှ မဟုတ်ရင်လည်း သူတို့နဲ့ တစ်ခါလောက် စကားစပြောကြည့်ပါလား။
မာရူးရဲ့ အဲဒီစကားတွေက ဆိုးရွားလှတဲ့ သံသရာကြီးကို ဖြတ်တောက်ပေးခဲ့တယ်။
ဒေးမြောင်က လက်သီးကို ဆုပ်လိုက်ပြီး ဂျီယွန်းရဲ့ မျက်နှာကို တည့်တည့် ကြည့်လိုက်တယ်။ သူက အမြဲတမ်း ကြမ်းပြင်ကို ကြည့်တတ်တယ်၊ အမြဲတမ်း တခြားနေရာကိုပဲ ကြည့်တတ်တယ်။ အခု သေချာပြန်တွေးကြည့်တော့ အဲဒီလိုလုပ်တာက တစ်ဖက်လူကို ရိုင်းစိုင်းရာကျနေတာပဲ။
ဂျီယွန်းက ပါးစပ်ကို ပိတ်ထားတယ်။ သူက နောက်ကို အနည်းငယ်ဆုတ်သွားပြီး ပါးပြင်လေးတွေ နီရဲနေတယ်။ ဒေးမြောင်က ဒီနေ့မှ ဂျီယွန်းကို သေချာမြင်ဖူးသလို ခံစားလိုက်ရတယ်။ သူက ယဉ်ကျေးမှုအရ မေးတာဖြစ်နိုင်သလို ငြင်းလိုက်မှာကိုလည်း မျှော်လင့်နေနိုင်တယ်။ ဒါပေမယ့် ဒီနေ့တစ်ရက်လေးတော့ ဒေးမြောင်က သူ ဘာတွေးနေလဲဆိုတာကို ပြောပြချင်တယ်။ သူက သူတစ်ပါးရဲ့ ရည်ရွယ်ချက်တွေကို အထင်မလွဲတော့သလို သူ့ရဲ့ ရည်ရွယ်ချက်ကိုလည်း ရိုးရိုးသားသားပဲ ပြသလိုက်တယ်။
"...ဒီနေ့က နည်းနည်း နောက်ကျနေပြီလေ၊ အဆင်ပြေပါ့မလား။ အဆင်ပြေမယ်ဆိုရင်တော့ ငါ-ငါ သွားချင်တယ်"
အဲဒီစကားလေး ပြောရတာ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။ စင်ပေါ်ကို ပထမဆုံးအကြိမ် တက်ရတုန်းကထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသလို ခံစားနေရတယ်။ သူ့နှလုံးခုန်သံတွေကို သူ ပြန်ကြားနေရတယ်။
ဒုတ်... ဒုတ်... ဒုတ်
ရင်ဘတ်ထဲကနေ ပေါက်ထွက်သွားမလား ထင်ရလောက်အောင်ကို အသံက ကျယ်လောင်နေတယ်။
ဂျီယွန်းက သူ့ကို ဖြည်းဖြည်းချင်း ပြန်ကြည့်လာတယ်။ အခုတော့ အဖြေကို သူ သိရတော့မယ်။ ဂျီယွန်းရဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားပြီး နူးညံ့တဲ့ အပြုံးလေးတစ်ခု ပေါ်လာတယ်။ သူ့ပခုံးတွေ လျော့ကျသွားတာကို သူ မြင်လိုက်ရတယ်။ သေးသွယ်နုနယ်တဲ့ ကောင်မလေးက စိတ်အေးသွားတဲ့ပုံနဲ့ သက်ပြင်းချလိုက်ပြီးမှ ပြန်ဖြေတယ်။
"ကျွန်မလည်း အဆင်ပြေပါတယ်။ အာ... ခဏလေးနော်။ အမေ့ဆီ စာပို့လိုက်ဦးမယ်"
ပုံမှန်ဆို လှုပ်ရှားမှုနှေးကွေးတတ်တဲ့ ဂျီယွန်းက ချက်ချင်းပဲ ဖုန်းကိုထုတ်ပြီး စာရိုက်လိုက်တယ်။ ဂျီယွန်း ဒီလောက် မြန်မြန်ဆန်ဆန် လှုပ်ရှားတာမျိုး ဒေးမြောင် တစ်ခါမှ မမြင်ဖူးဘူး။ လက်မနှစ်ဖက်နဲ့ စာရိုက်ပြီးသွားတော့ မက်ဆေ့ချ်ကို ပို့လိုက်ပြီး ခေါင်းမော့လာတယ်။ အဲဒီနောက် ရုတ်တရက်ပဲ ဒေးမြောင်ရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တယ်။
ဒေးမြောင်က သူ့လက်ကို ငုံ့ကြည့်လိုက်တယ်။ နူးညံ့တဲ့ လက်လေးတစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆွဲထားတာလေ။
"မ-မဟုတ်ပါဘူး။ စီနီယာ ထင်သလို မဟုတ်ပါဘူး"
ဂျီယွန်းက လန့်သွားပြီး ချက်ချင်းပဲ ပြန်လွှတ်လိုက်တယ်။ ဒေးမြောင်လည်း တွန့်ခနဲ ဖြစ်သွားတယ်။ အခုဆိုရင် သူ့နှလုံးခုန်သံတွေက နားထဲကနေတောင် ထွက်လာတော့မလိုပဲ။
"သ-သွားကြမလား"
"အ-အင်း"
ဒေးမြောင်က ဂျီယွန်းမျက်နှာကို တည့်တည့် မကြည့်ရဲဘူး။ စောစောက သူ ဘာလို့ အဲဒီလို လုပ်လိုက်တာလဲ။ သူ စဉ်းစားကြည့်ပေမယ့် အဖြေရှာမတွေ့ဘူး။ ဝမ်းသာသလို ခံစားရပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်လည်း လှုပ်ရှားနေတယ်။ သူ့ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မလိုပဲ။ ဘာကားကြည့်ကြမလဲ။ ပေါက်ပေါက်ဆုပ်ကော။ ကိုကာကိုလာ ဝယ်ရမလား။ အချိန်ကကော ဘယ်လိုလုပ်မလဲ။
သူက အိပ်မက်မက်နေသလိုမျိုး လှေကားပေါ်က ဆင်းလာတယ်။ အနောက်ကနေ လိုက်လာတဲ့ ခြေသံတွေကို သူ ကြားနေရတယ်။ တတိယထပ်ကို ရောက်တော့ ဒေးမြောင်က ခေါင်းကို နည်းနည်းစောင်းကြည့်လိုက်တယ်။ ဂျီယွန်းက လက်နှစ်ဖက်ကို ယှက်ထားပြီး ကြမ်းပြင်ကို ငုံ့ကြည့်နေတာကို သူ မြင်လိုက်ရတယ်။ မှိန်ပျပျ လရောင်လေးက သူမရဲ့ ဆံပင်တွေပေါ် ကျရောက်နေတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ့ခေါင်းထဲမှာ ဘာမှမရှိတော့သလို ဟာလာဟင်းလင်း ဖြစ်သွားတယ်။
နောက်မှ သူ့လုပ်ရပ်အတွက် နောင်တရနိုင်မှန်း သိနေပေမယ့် ဒေးမြောင်က လက်လှမ်းလိုက်တယ်။ နောက်မှ ကုတင်ပေါ်မှာ နောင်တတွေရပြီး လူးလှိမ့်နေရနိုင်တယ်လို့ တွေးမိပေမယ့်လည်း သူ အဲဒီအတိုင်း လုပ်ပစ်လိုက်တယ်။
ငါတော့ ရူးနေပြီဖြစ်မယ်... စိတ်ထဲကနေ အဲဒီလို ထပ်တလဲလဲ ပြောနေရင်းနဲ့ပဲ ဂျီယွန်းရဲ့ လက်ကို လှမ်းဆွဲလိုက်တယ်။ သူ့လည်စိက လှုပ်ရှားသွားတယ်။ စိတ်လှုပ်ရှားလွန်းလို့ ချွေးစေးတွေတောင် ပြန်နေသလို ခံစားရတယ်။ ဂျီယွန်းက လန့်ပြီး လက်ကို ရုန်းထွက်သွားမှာ၊ ပြီးတော့ သူ့ကို ရွံရှာတဲ့အကြည့်တွေနဲ့ ကြည့်လာမှာကို သူ စိုးရိမ်နေမိတယ်။
သူ သတိပြန်ဝင်လာပြီး တောင်းပန်တော့မလို့ လုပ်နေတုန်းမှာပဲ ဂျီယွန်းကလည်း သူ့လက်ကို ပြန်ဆွဲထားလိုက်တယ်။
သူတို့ နှစ်ယောက် ခဏလောက် ဘာစကားမှ မပြောဖြစ်ကြဘူး။ တုန်ယင်နေတဲ့ လက်တွေနဲ့ ဒေးမြောင်က လှေကားပေါ်ကနေ ဆင်းလာခဲ့တယ်။ လှေကားပေါ်က ဆင်းလာရင်း သူ သတိထားမိလိုက်တာက ဂျီယွန်းရဲ့ လက်တွေကလည်း တုန်ယင်နေတယ် ဆိုတာကိုပဲ။
* * * * * * * * *
"...မဖြစ်နိုင်တာ"
"ဒါကြီးက ဘာကြီးလဲ"
"ငါ တွေးထားတာနဲ့ တစ်လွဲကြီးပါလား"
မာရူးက ကြောင်တောင်တောင် ရပ်နေတဲ့ အဲဒီသုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ဇာတ်စင်ပေါ်က ဒေးမြောင်နဲ့ ဂျီယွန်းကို လှမ်းကြည့်လိုက်တယ်။
ပွဲတော်နေ့မှာတော့ သရုပ်ဆောင်ကလပ်က သူတို့ စီစဉ်ထားတဲ့အတိုင်း ကျောင်းကွင်းရဲ့ ညာဘက်စင်မြင့်ပေါ်မှာ ပြဇာတ်တစ်ခုကို ပြင်ဆင်ခဲ့ကြတယ်။ နေ့လယ်စာ စားပြီးချိန်ဖြစ်သလို လူတွေလည်း ကန်တင်းဘက်မှာ ရှိနေကြမှာမို့လို့ နေ့လယ် ၁ နာရီမှာ ပြဇာတ်ကို ကပြခဲ့တယ်။ အဲဒါက ရွှေရောင်လွှမ်းတဲ့ အချိန်လေးပဲ။
အဓိက ဇာတ်ကောင်နှစ်ယောက်ပဲ ပြဇာတ်အဝတ်အစားတွေကို ဝတ်ရပြီး ကျန်တဲ့သူတွေကတော့ သာမန်အဝတ်အစားတွေပဲ ဝတ်ထားကြတယ်။ ပြဇာတ်ရဲ့ ဇာတ်လမ်းက ရိုမီယိုနဲ့ ဂျူးလိယက်တို့ ခေတ်သစ်မှာ ပြန်လည်အသက်ဝင်လာတယ်ဆိုတဲ့ အကြောင်းအရာဖြစ်လို့ အဝတ်အစားအတွက် သိပ်ဂရုစိုက်နေစရာ မလိုဘူးလေ။ အဲဒါကလွဲရင် ဒီပြဇာတ်ကြီး ဘယ်လိုထွက်လာမလဲဆိုတာက သိပ်အရေးမကြီးလှပါဘူး။ ပြဇာတ်ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ အာရမ်ကိုယ်တိုင်ကတောင် ပြဇာတ်ကြီး ပျက်သွားရင်တောင် အဲဒီနှစ်ယောက်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်ရင် ကျေနပ်ပြီလို့ ပြောထားတာကိုး။
ဟုတ်တယ်။ ပြဇာတ်က သိပ်အရေးမကြီးပါဘူး။ ဒေးမြောင်နဲ့ ဂျီယွန်းအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်ရင် သူတို့ စကားပြောခန်းတွေ၊ လှုပ်ရှားမှုတွေ မှားသွားရင်တောင် ကိစ္စမရှိဘူး။ စကားပြောတာ ပီပီသသ မရှိရင်တောင် အဆင်ပြေတယ်။ သေချာတာကတော့ အခွင့်အရေးလို့ 'ခေါင်းစဉ်တပ်' ထားပေမယ့် သူတို့ကို စနောက်နေတာနဲ့ ပိုတူတယ်။
"ဟေး၊ မနာလိုလိုက်တာကွာ"
"ဘာလုပ်နေတာလဲ။ တကယ်ကြီး လုပ်တော့မလို့လား"
"လုပ်မယ့်လုပ်မှတော့ နမ်းသာ နမ်းလိုက်ပါတော့"
ပရိသတ်တွေဆီကနေ အားပေးသံတွေနဲ့ လှောင်ပြောင်သံတွေကို ကြားလိုက်ရတဲ့အခါ မာရူး ပြုံးလိုက်တယ်။
ပြဇာတ်စကတည်းက အဆုံးထိ သူက အခြေအနေပေါ်မူတည်ပြီး အချိုးကျ ပေါင်းထည့်သရုပ်ဆောင်သွားခဲ့တယ်။ သူတို့တွေက ဒါကို သဘောကျနေကြပြီး အမှားလုပ်မိရင်တောင် ပြဿနာမရှိတာမို့ အားလုံးက ရယ်မောရင်း ပြဇာတ်ကို ပျော်ပျော်ကြီး ကြည့်နေကြတာလေ။ ပြီးတော့ နောက်ဆုံးအခန်းမှာ ဒေးမြောင်နဲ့ ဂျီယွန်းကလွဲပြီး ကျန်တဲ့ ကလပ်အဖွဲ့ဝင်အားလုံး စင်ပေါ်ကနေ ဆင်းသွားကြပြီး 'နမ်း၊ နမ်း' လို့ အော်ကြတယ်။ အခြေအနေက သိပ်ပြီးသည်းခံဖို့ ခက်လာပြီဆိုရင် ပြဇာတ်ကို အဆုံးသတ်လိုက်တော့လို့ အာရမ်က ပြောထားတယ်။ မာရူးကလည်း အဲဒါ အကြောင်းပြချက်ခိုင်လုံတယ်လို့ တွေးလိုက်ပြီး 'နမ်း၊ နမ်း' လို့ ဝိုင်းအော်နေချိန်မှာ ဒေးမြောင်ရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လုံးဝ မထင်မှတ်ထားတာကြီး ဖြစ်သွားတယ်။
ဒေးမြောင်ရဲ့ မျက်နှာကို မော့ကြည့်နေတဲ့ ဂျီယွန်းက ခြေဖျားထောက်ပြီး ဒေးမြောင်ရဲ့ ပါးပြင်ကို ရွှတ်ခနဲ နမ်းလိုက်တယ်။ ရယ်စရာတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားတဲ့ အာရမ်ကတော့ မျက်နှာတွေနီရဲလာပြီး အထိတ်တလန့် ဖြစ်သွားတယ်။ ဘန်ဂျူးနဲ့ ဒိုဝူးကတော့ စိတ်အေးသွားသလို၊ မကျေမနပ်ဖြစ်သလို မျက်နှာထားတွေ ဖြစ်နေကြတယ်။
"ဟူး"
မာရူးက လက်ခုပ်တီးပြီး ပရိသတ်တွေထဲက လူတွေလိုပဲ 'အဲဒီအစား တကယ်နမ်းလိုက်ပါလား' လို့ အော်လိုက်တယ်။ သူတို့နှစ်ယောက်က ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်ကြပြီး သူတို့ဘာသာသူတို့ပဲ ပရိသတ်ကို ဦးညွှတ်နှုတ်ဆက်လိုက်ကြတယ်။ ပြဇာတ်ပြီးသွားပြီလို့ အချက်ပြပြီးတာနဲ့ သူတို့နှစ်ယောက် လက်ချင်းချိတ်ပြီး ကျောင်းထဲကို ဝင်သွားကြတယ်။
အဲဒါကို မြင်တော့ အာရမ်က ဘာမှန်းမသိတဲ့ 'ဟူး' ဆိုတဲ့ အသံကြီးထွက်လာပြီး အဲဒီနေရာမှာတင် အရုပ်ကြိုးပြတ် ကျသွားတယ်။
"အာရမ်"
"...ဟင်"
"အခု ဂျီယွန်းကို ဘယ်လိုရှင်းမလဲ"
"မ-မသိတော့ဘူး"
"ဟေ့။ နင်လည်း ရည်းစား မြန်မြန်ရှာသင့်နေပြီ။ လူငယ်ဘဝဆိုတာ တိုတိုလေးရယ်"
မာရူးက အာရမ်ရဲ့ ပခုံးကို ပုတ်လိုက်ပြီး ပရိသတ်တွေဘက်ကို လှည့်အော်လိုက်တယ်။
"ပြဇာတ် ပြီးပါပြီ"
* * * * * * * * *