← Chapters

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း(၃၃၁)

(၁၈+ အခန်းတချိုပါဝင်တဲ့အတွက် ဒီအခန်းကို Telegramမှ Channelမှာလာရောက်ဖတ်ရှုပေးပါခင်ဗျာ။ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်။ https://t.me/+OZqilMXxgnY1NjJl )

(သတိပေးချက် - စိတ်အနှောင့်အယှက်ဖြစ်စရာ အခန်းပါဝင်သည်။)

'ကွမ်ဒါယွန်း' လို့ နာမည်ရေးထားတဲ့ အယ်လ်ဘမ်ကာဗာကို သူမ ကောက်ကိုင်လိုက်တယ်။ တောက်ပနေတဲ့ အပြုံးနဲ့ သူမရဲ့ပုံကို ကြည့်ရတာ စိတ်ထဲ သိပ်ဘဝင်မကျဘူး။ ဒါယွန်းက အယ်လ်ဘမ်ကို ဆိုဖာပေါ် ပစ်တင်လိုက်တယ်။ အယ်လ်ဘမ်က ဆိုဖာပေါ်ကနေ အောက်ကို လွင့်စင်ကျသွားတယ်။ အရှိန်ကြောင့် ပလတ်စတစ်ခွံပွင့်သွားပြီး စီဒီချပ်ထွက်ကျလာကာ ကြမ်းပြင်ပေါ်မှာ လိမ့်ဆင်းသွားပြီး ငြိမ်ကျသွားတယ်။ အယ်လ်ဘမ်ကာဗာက အဲဒီဘေးမှာ ကျနေပြီး ရင်းရင်းနှီးနှီး ပို့စ်ပေးထားကြတဲ့ အဖွဲ့ဝင်တွေရဲ့ မျက်နှာကို သူမ လှမ်းမြင်လိုက်ရတယ်။ ဒါယွန်းက ဆိုဖာပေါ်က ကူရှင်တစ်ခုကို ကောက်ယူပြီး စီဒီချပ်ဆီ ပစ်ပေါက်လိုက်ပြန်တယ်။ သူမ အဲဒါကို မြင်တောင် မမြင်ချင်ဘူးလေ။

သူမက ဒူးနှစ်ဖက်ကို ပိုက်ထားရင်း တီဗီကို ငေးကြောင်ကြောင် ထိုင်ကြည့်နေတယ်။ တီဗီထဲမှာတော့ ကွဲသွားပြီဖြစ်တဲ့ The Five အဖွဲ့အကြောင်း လာနေတယ်။ အဆုံးထိ ညှိနှိုင်းကြည့်ပါမယ်လို့ အစက ပြောခဲ့တဲ့ သူတို့ရဲ့ အေဂျင်စီက စာချုပ်ဖျက်သိမ်းကြောင်း ခုလေးတင် ကြေညာလိုက်တာပဲ။ အေဂျင်စီအဆောက်အအုံရှေ့မှာ အနက်ရောင် မက်စ်တွေတပ်ပြီး ဆန္ဒပြနေကြတဲ့ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူလေးတွေကို ကင်မရာတွေက မှတ်တမ်းတင်နေကြတယ်။

"ချီးလိုပဲ။ အချိန်နည်းနည်း ကြာသွားတာနဲ့ နင်တို့တွေ သူတို့ကို မေ့သွားကြမှာပဲဟာကို"

ဒါယွန်းက ချန်နယ် ပြောင်းလိုက်တယ်။ ဒီတစ်ခါတော့ ဟာသအစီအစဉ်တစ်ခု လာနေတယ်။ ဒါက ရယ်စရာကောင်းတယ်လို့ ထင်နေတာလား။ သူမက ရီမုပေါ်က ခလုတ်တွေကို ထပ်နှိပ်လိုက်ပြန်တယ်။ ဘယ်ချန်နယ်ကမှ သူမစိတ်ကို မကျေနပ်စေဘူး။ နောက်ဆုံးတော့ နိုင်ငံခြားစကားပြောနေတဲ့ ချန်နယ်တစ်ခုဆီ ရောက်သွားတယ်။ ဘာဆိုဘာမှ နားမလည်ရတာကမှ ပိုကောင်းသေးတယ်။

သူမ မတ်တတ်ထရပ်ပြီး ရေခဲသေတ္တာကို ဖွင့်လိုက်တယ်။ ဟာလာဟင်းလင်းဖြစ်နေတဲ့ ရေခဲသေတ္တာထဲမှာ မနေ့က သူမမှာထားတဲ့ ပီဇာအချပ် နည်းနည်းပဲ ရှိတော့တယ်။ သင်တန်းသူဘဝတုန်းက ဘယ်လောက်ပဲ စားချင်စားချင် ပီဇာကို မစားခဲ့ရပေမယ့် အခုလို လွတ်လွတ်လပ်လပ် စားခွင့်ရလာတဲ့အခါကျတော့လည်း သူမအတွက် ဘာမှ စားမကောင်းတော့ဘူး။ ဒါက ဝိတ်တက်လာမှာကို စိုးရိမ်နေလို့တော့ မဟုတ်ဘူး။ တကယ်လို့ ဝိတ်ချချင်ရင် အစားမစားဘဲ နေလိုက်လို့ ရတာပဲလေ။ သူမက ရိုးအီနေတာလောက်ပါပဲ။ အဲဒီလို ဈေးပေါတဲ့အစားအစာတွေက သူမကို မကျေနပ်စေနိုင်တော့ဘူး။

ဒါပေမဲ့လည်း သူမက ပီဇာတစ်ချပ်ကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်နွှေးလိုက်တယ်။ ပျော့ဖတ်နေတဲ့ ပီဇာချပ်ကို ကိုင်ပြီး ဆိုဖာဆီ ပြန်လာခဲ့တယ်။ စိုထိုင်းထိုင်း ပီဇာရဲ့ အရသာက သူမ ပါးစပ်ထဲမှာ ပြန့်နှံ့သွားတယ်။ သူမ နှစ်ခါ သုံးခါလောက် ဝါးကြည့်ပြီး ပန်းကန်ထဲကို ပြန်ထွေးထုတ်လိုက်တယ်။ ဒီချီးလို အစားအစာကို သူမ မစားချင်ဘူး။ မီးဖိုချောင်ထဲသွားပြီး အမှိုက်ပုံးကိုဖွင့်ကာ ပီဇာကို လွှင့်ပစ်လိုက်တယ်။ ပါးစပ်ထဲက ခရမ်းချဉ်သီးအနှစ် အနံ့ကြီးက တော်တော် ရွံစရာကောင်းနေတယ်။ ဘုံဘိုင်ခေါင်းက ရေနဲ့ ပါးစပ်ကို နှစ်ခါ သုံးခါလောက် ဆေးကြောပြီးနောက် နွားနို့တစ်ခွက် သောက်လိုက်တယ်။

ဒီနေ့ သူမအတွက် ဘာအစီအစဉ်မှ မရှိသလို သွားစရာ နေရာလည်း မရှိဘူး။ အရွယ်ရောက်ကတည်းက သူမ မိဘတွေနဲ့ အဆက်အသွယ် ဖြတ်ထားခဲ့တာ။ သူမ ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေကို သူတို့ သက်တောင့်သက်သာဖြစ်ဖို့အတွက် မပေးချင်ဘူးလေ။ သူတို့က ဖုန်းဆက်ပြီး ခရီးသွားဖို့ ပိုက်ဆံပို့ပေးနိုင်မလားလို့ မေးလာတိုင်း သူမ ဖုန်းကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်သွားတာချည်းပဲ။ သူတို့က ဘာကိုမှ ဂရုမစိုက်ကြဘူး။ နောက်ဆို ဖုန်းမဆက်ဖို့ အကြိမ်ကြိမ် ပြောထားပေမယ့်လည်း နောက်ဆုံးကျတော့ ဖုန်းထပ်ဆက်လာပြီး ပိုက်ဆံတောင်းကြတာပါပဲ။ သူတို့က ပိုးဟပ်တွေနဲ့ တူတယ်။ ဘယ်နှကြိမ်ပဲ သတ်ပစ်သတ်ပစ် အဲဒီ ကြောက်စရာကောင်းတဲ့ အကောင်တွေက တစ်နေရာရာကနေ တွားသွားပြီး ထွက်လာကြတုန်းပဲ။ သူတို့ကို အပြီးတိုင် ပျောက်ကွယ်သွားစေချင်နေတာ။ ဒါယွန်းက လက်သည်းကို ကိုက်လိုက်တယ်။ သူမ ဘာလို့ ခံတွင်းပျက်ပြီး အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်နေရသလဲဆိုတာကို သူမကိုယ်တိုင် အသိဆုံးပဲ။ အချိန်တွေက ကုန်လွန်နေတယ်။ တစ်တောက် တစ်တောက်ဆိုပြီး နာရီဆီကနေ အသံတွေ ကြားနေရတယ်။

"အကောင်းဘက်ကပဲ... တွေးကြည့်ကြတာပေါ့"

ဒါယွန်း ညအိပ်ဝတ်စုံကို ချွတ်လိုက်တယ်။ အတွင်းခံနဲ့အတူ မှန်တင်ခုံရှေ့မှာ မတ်တတ်ရပ်လိုက်တယ်။ အသက်ဝင်မှု ကင်းမဲ့နေတဲ့ သူမရဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ဒါက သိပ်မဟန်ဘူး။ သူမ အသာလေး ပြုံးလိုက်တယ်။ သူမရဲ့ မျက်နှာကြွက်သားတွေက မျက်နှာအတွက် ပြီးပြည့်စုံတဲ့ အပြုံးတစ်ခုကို ချက်ချင်းပဲ ဖန်တီးပေးလိုက်တယ်။ ဒီအချိန်မှာတော့ သူမက စက်ရုပ်တစ်ရုပ်လိုပဲ။

သူမ အသားအရေကို မိတ်ကပ်ပြင်လိုက်ပြီး ပါးပြင်ပေါ်ကို ခပ်ပါးပါးလေး ခြယ်သလိုက်တယ်။ ဒီနေ့ သူမ တွေ့မယ့်သူက မိတ်ကပ်ထူထူ လိမ်းတာကို မကြိုက်ဘူးလေ။ အဲဒီလူက မိတ်ကပ်ပါးပါးလေးနဲ့ သဘာဝကျတဲ့ အလှတရားမျိုးကို သဘောကျတာ။ သူမက မျက်လုံးအောက်နားလေးကို ခပ်ရေးရေး ဆွဲလိုက်ပြီး နှုတ်ခမ်းနီကိုလည်း ခပ်ဖျော့ဖျော့လေးပဲ ဆိုးလိုက်တယ်။ ရှုပ်ပွနေတဲ့ ဆံပင်တွေကို ဖြီးပြီးတဲ့နောက် ဆံပင်ဖြောင့်စက်နဲ့ ဖြောင့်လိုက်တယ်။ သူမရဲ့ ဆံပင်တွေက ရင်ဘတ်အထိ ရောက်နေတယ်။

အဝတ်ဗီရိုထဲကနေ အတွင်းခံတချို့ကို ထုတ်လိုက်တယ်။ အဲဒါတွေက ဘာအဆင်အကွက်မှမပါတဲ့ အဖြူရောင်တွေချည်းပဲ။ အဲဒါတွေကို လဲဝတ်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ ရပ်လိုက်တယ်။ ပိုလျှံနေတဲ့ အဆီတွေ မရှိတဲ့ သူမကိုယ်လုံးကို မြင်လိုက်ရတော့ စိတ်နည်းနည်း သက်သာရာရသွားတယ်။ သူမ အပြာနုရောင် ဂါဝန်လေးတစ်ထည် ဝတ်လိုက်ပြီး လက်ဝါးကပ်တိုင်ပုံစံ ငွေရောင်ဆွဲကြိုးကို ဆွဲလိုက်တယ်။ အကုန်ပြီးသွားတော့ အပေါ်ကနေ နှုတ်ခမ်းဝိုင်းဦးထုပ်တစ်လုံး ဆောင်းလိုက်တယ်။ တကယ်လို့ ခေါင်းငုံ့လိုက်ရင် တခြားသူတွေက သူမ မေးစေ့လောက်ကိုပဲ မြင်ရတော့မှာ။

သူမ ဖုန်းကိုကိုင်ပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတယ်။ အခုလို သပ်သပ်ရပ်ရပ် ဝတ်စားပြင်ဆင်လိုက်တဲ့အခါ စောစောက သူမ ခံစားနေရတဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုတွေနဲ့ ဒေါသတွေက ပျောက်ကွယ်သွားသလိုပဲ။ သူမက နည်းနည်းတောင် ပြုံးဖြဲဖြဲ ဖြစ်နေသေးတယ်။

"ငါတော့ ရူးနေပြီထင်တယ်" လို့ သူမ ရယ်ကျဲကျဲနဲ့ ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ လက်ထဲက ဖုန်းဆီကနေ ပြင်းထန်တဲ့ တုန်ခါမှုတစ်ခုကို ခံစားလိုက်ရတယ်။ သူမ ကျောရိုးတစ်လျှောက် စိမ့်တက်သွားတယ်။ သူမ တိုးတိုးလေး သက်ပြင်းချလိုက်ပြီး ဖုန်းကို ကိုင်လိုက်တယ်။ ဒါ 'အဲဒီလူ' ဆီကပဲ။

"ဟုတ်ကဲ့၊ အိုကေ။ သိပါပြီ။"

သူမ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အိမ်ထဲကနေ ထွက်လာခဲ့တယ်။ သူမ ဓာတ်လှေကားနဲ့ အောက်ကို ဆင်းလာတုန်း အခြားအထပ်တစ်ခုကနေ လူတစ်ယောက် ဝင်လာတယ်။ ဒါယွန်းက အောက်ကိုငုံ့ကြည့်ရင်း ဖုန်းကို ဟိုနှိပ်ဒီနှိပ် လုပ်နေလိုက်တယ်။ ခုနက ဝင်လာတဲ့ အမျိုးသားက သူမကို ခိုးခိုးကြည့်နေတာကို သူမ မြင်နေရတယ်။

ဓာတ်လှေကားက ပထမထပ်ကို ရောက်သွားတယ်။ ဒါယွန်း အရင်ထွက်လိုက်ပြီး တိုက်ခန်းဝင်းထဲကနေ ကမန်းကတန်း ထွက်လာခဲ့တယ်။ လမ်းလျှောက်နေရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ ကံကောင်းစွာနဲ့ပဲ ဘယ်သူမှ သူမကို မှတ်မိပုံမရဘူး။

တိုက်ခန်းဝင်းနဲ့ နည်းနည်းလှမ်းတဲ့ လမ်းပေါ်ရောက်တော့ ဒါယွန်းက ပခုံးကိုဆန့်ပြီး ရဲရဲဝင့်ဝင့် လျှောက်သွားတယ်။ လူတွေက ဘယ်လိုပဲဖြစ်ဖြစ် သူမကို မှတ်မိမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စင်ပေါ်မှာဝတ်တဲ့ အဝတ်အစားတွေ၊ မိတ်ကပ်တွေ မပါတဲ့အခါ အိုင်ဒေါတစ်ယောက်ရဲ့ အသွင်အပြင်က မှေးမှိန်သွားတတ်လို့ပဲ။

ဒါပေမဲ့လည်း သူမပတ်ဝန်းကျင်က အမျိုးသားတွေရဲ့ အကြည့်တွေကတော့ စူးရှနေဆဲပဲ။ လှပတဲ့ မျက်နှာလေး ပိုင်ဆိုင်ထားတာက နတ်ဘုရားတွေပေးတဲ့ ကောင်းချီးတစ်ခုပဲ။ ဒါယွန်းက အဆောက်အအုံတစ်ခုက မှန်ချပ်ပေါ်မှာ ပေါ်နေတဲ့ သူမမျက်နှာကို လှမ်းကြည့်လိုက်တယ်။ အဲဒီမျက်နှာကပဲ သူမကို ဒီနေရာအထိ ရောက်လာအောင် စွမ်းဆောင်ပေးခဲ့တာလေ။ သူမက အပေါ်သွား လေးချောင်းပေါ်အောင် ပြုံးပြလိုက်တယ်။ သူမမျက်နှာလေး ဆွဲဆောင်မှုရှိတယ်ဆိုတာ သူမကိုယ်တိုင်တောင် တွေးမိနေတာ။ နှာတံလေး နည်းနည်းပိုစင်းရင် ပိုကောင်းမှာပေမယ့် ခွဲစိတ်ပြုပြင်ဖို့တော့ အစီအစဉ် မရှိဘူး။ ပလတ်စတစ်ဆာဂျရီ လုပ်ထားတယ်ဆိုတဲ့ အချက် ပေါ်သွားတဲ့အခါ အိုင်ဒေါတစ်ယောက် ချောက်ကမ်းပါးထဲ ကျသွားသလို ပျက်စီးသွားတာကို သူမ မြင်ဖူးတယ်လေ။ တကယ်လို့ ခွဲစိတ်ပြုပြင်ချင်တယ်ဆိုရင်တောင် ပွဲဦးမထွက်ခင်ကတည်းက လုပ်ထားခဲ့ရမှာ။ အဲဒီနောက်ပိုင်းမှာတော့ ဒါက သဘာဝအတိုင်းပါလို့ ငြင်းရမှာပဲလေ။

စဉ်းစားကြည့်ရင် တော်တော် ရယ်စရာကောင်းတယ်။ ခွဲစိတ်ပြုပြင်တာကလည်း အန္တရာယ်များတဲ့ ကြိုးစားအားထုတ်မှု တစ်ခုဖြစ်ပေမယ့် လူအများစုကတော့ ပိုလှလာဖို့အတွက် ဝိတ်ချတာကိုပဲ တစ်ခုတည်းသော ကြိုးစားအားထုတ်မှု အဖြစ် သတ်မှတ်ထားကြတယ်။ အဲဒါကလွဲရင် ကျန်တာအားလုံးက အပြစ်တွေချည်းပဲ။ အဲဒီသဘောတရားအရဆိုရင်တော့ ဒါယွန်းက လှပတဲ့မျက်နှာလေးနဲ့ မွေးဖွားလာခဲ့တဲ့အတွက် ကျေးဇူးတင်နေမိတယ်။ တကယ်လို့ သူမသာ မိဘတွေနဲ့ တူခဲ့မယ်ဆိုရင် တော်တော် ဆိုးရွားမှာပဲ။

"ဟုတ်တယ်၊ ငါ လှတယ်"

သူမ စိတ်နည်းနည်း ပိုကြည်လင်သွားတယ်။ သူမရဲ့ အသွင်အပြင်ကို သုံးပြီး ပိုက်ဆံရှာတာပဲ။ ဒါက ဘယ်လောက်တောင် ကောင်းလိုက်လဲ။ သူမ ဆက်လျှောက်သွားရင်း လမ်းမကြီးပေါ်ကို ရောက်သွားတယ်။ ဖြတ်မောင်းသွားတဲ့ ကားတွေကို သူမ ကြည့်နေတုန်း အနက်ရောင် ဆီဒင်ကားတစ်စီးက သူမရှေ့မှာ လာရပ်တယ်။ ဘေးက ခရီးသည်ထိုင်ခုံ တံခါး ပွင့်လာတယ်။ ဒါယွန်း အနည်းငယ် ကိုင်းညွတ်ပြီး အထဲမှာ ဘယ်သူပါလဲဆိုတာ ကြည့်လိုက်တယ်။ အဲဒီလူကလည်း သူမကို လှမ်းကြည့်နေတယ်။

"တက်ခဲ့" လို့ ကားထဲက လူက ပြောလိုက်တယ်။

ဒါယွန်းက ခေါင်းညိတ်ပြလိုက်တယ်။ ကားပေါ်မတက်ခင် သူမကို ကြည့်နေတဲ့သူ ရှိမရှိ ပတ်ဝန်းကျင်ကို အရင်ဝေ့ကြည့်လိုက်သေးတယ်။ သူမ ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ဦးထုပ်ကို ချွတ်လိုက်တယ်။ အဲဒီလူက စီးကရက်ကို မီးညှိနေတယ်။

"ကိုယ် ဆေးလိပ်နည်းနည်း သောက်လိုက်ဦးမယ်"

"ဟုတ်ကဲ့"

ဒါယွန်းက ပြန်ဖြေပြီး စောင့်နေရုံပဲ တတ်နိုင်တယ်။ ကိုယ့်သဘောထားကို ထုတ်ပြောဖို့ အခွင့်အရေး သိပ်မရှိဘူးလေ။ အဲဒီလူက စီးကရက်ကို ဖွာလိုက်ပြီး အခိုးအငွေ့တွေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်တယ်။ သူက အသက် ငါးဆယ်အရွယ်ရှိပြီ။ နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အမှုဆောင်အရာရှိတစ်ဦးပေါ့။ တစ်ချိန်တည်းမှာပဲ သူက သူမအေဂျင်စီရဲ့ ဥက္ကဋ္ဌနဲ့လည်း ရင်းနှီးတဲ့သူလေ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဒီလူနဲ့ သူမ စသိခဲ့တာ။ Blue အဖွဲ့ မဖွဲ့ခင်တုန်းက ဒါယွန်းဟာ ကျရှုံးသွားတဲ့ အိုင်ဒေါတစ်ယောက်အနေနဲ့ မျှော်လင့်ချက်မဲ့နေခဲ့တာ။ အရင်အဖွဲ့က အဖွဲ့ဝင် ခြောက်ယောက်စလုံး အောင်မြင်လာဖို့အတွက် အတူတူ ဆုံးဖြတ်ချက်ချခဲ့ကြပေမယ့် အေဂျင်စီဥက္ကဋ္ဌ ပျောက်သွားပြီးတဲ့နောက် သူတို့လည်း တစ်ကွဲတစ်ပြားစီ ဖြစ်သွားခဲ့ကြတယ်။ အဲဒီနှစ်က သူမ အသက် နှစ်ဆယ့်နှစ်နှစ်။ အိုင်ဒေါတစ်ယောက်အတွက်တော့ အန္တရာယ်များတဲ့ အရွယ်တစ်ခုပေါ့။ သူတို့ ကြိုးကြိုးစားစား စုဆောင်းထားတဲ့ ပိုက်ဆံတွေကိုလည်း ကုမ္ပဏီဥက္ကဋ္ဌက ယူသွားခဲ့သေးတယ်။ ကုမ္ပဏီက မန်နေဂျာချုပ်တောင်မှ တခြားကုမ္ပဏီတစ်ခုဆီ ပြောင်းသွားခဲ့တာ။ ထာဝရအတူတူရှိနေမယ်လို့ ကတိပေးခဲ့ကြတဲ့ အဖွဲ့ဝင်တွေလည်း အကုန်လုံး ကွဲကွာသွားခဲ့ပြီ။ အဲဒီအထဲက သုံးယောက်က တခြား အိုင်ဒေါအဖွဲ့တစ်ခုနဲ့ ပွဲဦးထွက်လာပြီး ကျန်တဲ့ နှစ်ယောက်ကတော့ လုံးဝကို ပျောက်ချင်းမလှ ပျောက်သွားခဲ့ကြတယ်။

ဒါယွန်း အကြပ်ရိုက်သွားခဲ့တယ်။ အချိန်ပိုင်းအလုပ်တွေ ပြန်လုပ်ရမလား၊ ဒါမှမဟုတ် အလုပ်တစ်ခုရဖို့ပဲ ပြင်ဆင်ရမလား သူမ ဝေခွဲမရဖြစ်နေခဲ့တယ်။ တစ်ချိန်လုံး လျှောက်လှမ်းလာခဲ့တဲ့ အိုင်ဒေါလမ်းကြောင်းကြီး ပြိုကျသွားချိန်မှာ သူမ ခံစားလိုက်ရတဲ့ တုန်လှုပ်မှုက အရမ်းကြီးမားလွန်းတယ်။ အဲဒီအချိန်တုန်းကလောက် 'ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း' ဆိုတဲ့ စကားလုံးနဲ့ နီးကပ်ခဲ့ဖူးတာ တစ်ခါမှ မရှိခဲ့ဘူး။ လူတွေ ဘာလို့ ဟန်ဂန်မြစ်ရဲ့ အေးစက်နေတဲ့ ရေပြင်ထဲကို ခုန်ချကြတာလဲဆိုတာ သူမ အမြဲတမ်း တွေးမိခဲ့ပေမယ့် သူမအဖွဲ့ကွဲသွားချိန်မှာတော့ သူမကိုယ်တိုင် တံတားတစ်စင်းကို လိုက်ရှာနေမိခဲ့တာ။ သူမ မတ်တတ်ရပ်နေတဲ့ မြေကြီးကိုတောင် သူမ ကြောက်နေမိတယ်။ ဒါက ရယ်စရာတောင် မကောင်းပါဘူး။ ခြံစည်းရိုးပေါ်ကနေ ကျော်ကြည့်ခဲ့တဲ့ အကြိမ်အရေအတွက်ကိုတောင် သူမ ရေတွက်လို့ မရတော့ဘူး။

အဲဒီအချိန်လောက်မှာပဲ ဒီလူနဲ့ သူမ ဆုံခဲ့တာ။ အရင်အဖွဲ့က အဖွဲ့ဝင်တစ်ယောက်က အရက်သောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူမ စိတ်ထဲ သိပ်ဘဝင်မကျပေမယ့် တစ်ခုခုတော့ လုပ်မှဖြစ်မယ်ဆိုတော့ အဲဒီဖိတ်ခေါ်ချက်ကို လက်ခံလိုက်တယ်။ သူမအဖေအရွယ်လောက်ရှိတဲ့ လူတစ်ယောက် စားပွဲဝိုင်းမှာ လာထိုင်တဲ့အခါ ဒါယွန်းက လန့်လည်းလန့်သွားသလို စိတ်လည်းသက်သာရာ ရသွားတယ်။ ကယ်တင်ရှင်တစ်ယောက် ဆင်းသက်လာသလို သူမ ခံစားလိုက်ရတယ်။

အမျိုးသမီး အနုပညာရှင်တွေကို ချဉ်းကပ်တတ်တဲ့ လူတွေရှိတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း သူမ ကြားဖူးထားတာကိုး။ ဒါက နာမည်အကြီးဆုံး သရုပ်ဆောင်တွေဆီမှာတော့ မဖြစ်တတ်ပေမယ့် သူမလို ချောက်ကမ်းပါးနှုတ်ခမ်းဝ ရောက်နေတဲ့ ဖျော်ဖြေရေးသမားတွေဆီမှာတော့ ခဏခဏ ဖြစ်လေ့ရှိတယ်။

ပထမဆုံး အရက်သောက်တဲ့ညကတော့ အဲဒီအတိုင်းပါပဲ - အရက်သောက်ရုံ သက်သက်ပဲ။ သူတို့ အတူတူ သောက်ကြပြီး စကားစမြည် ပြောခဲ့ကြတယ်။ ရိုင်းစိုင်းတဲ့ အကြည့်တွေ၊ ညစ်ပတ်တဲ့ လက်အမူအရာတွေ ဘာမှမရှိခဲ့ဘူး။ စိုးရိမ်နေခဲ့တဲ့ ဒါယွန်းဟာ တခြားသူတွေထက် အသက်နည်းနည်းပိုကြီးတဲ့ အိုပါးတစ်ယောက်နဲ့ အတူတူ လည်ပတ်နေရသလိုပဲ ခံစားခဲ့ရတယ်။ အဲဒီလူက အိမ်ပြန်ရတော့မယ်လို့ပြောပြီး မတ်တတ်ထရပ်လိုက်တဲ့အခါ သူမကို ပိုက်ဆံတချို့ လှမ်းပေးခဲ့တယ်။ စစ်ကြည့်လိုက်တော့ ဝမ် ငါးသိန်းဖြစ်နေတယ်။ အတူတူ အရက်သောက်ပြီး သူပြောတဲ့ ဇာတ်လမ်းတွေကို နားထောင်ပေးရုံနဲ့တင် ငါးသိန်းတောင် ရတာလေ။

အဲဒီပိုက်ဆံကို လက်ခံရရှိလိုက်ချိန်မှာ ဒါဟာ အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်ပဲဆိုတာ ဒါယွန်း အလိုလို သိလိုက်တယ်။ အရာအားလုံးကို ဒီနေရာမှာပဲ သူမ အဆုံးသတ်လိုက်လို့ ရတယ်။ ဒါကို မေ့ပစ်လိုက်ပြီး မုန့်ဖိုးတစ်ခုအနေနဲ့ပဲ သတ်မှတ်လိုက်လို့ ရတာပဲ။ အစတုန်းကတော့ သူမ အဲဒီလိုလုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူမကို အနှောင့်အယှက်ပေးတာတို့ ဘာတို့မှ မရှိခဲ့တာဆိုတော့ စိတ်လည်း သိပ်မဆိုးမိဘူးလေ။

ဒါပေမဲ့ အိမ်ပြန်ရောက်လို့ မနက်ဖြန် အချိန်ပိုင်းအလုပ်အတွက် အင်တာဗျူးရှိတယ်ဆိုတဲ့ အဖြစ်မှန်ကို ရင်ဆိုင်လိုက်ရတဲ့အခါ ဖုန်းထဲမှာ မှတ်ထားတဲ့ နံပါတ်ဆီကို သူမ ချက်ချင်း စာပို့လိုက်တော့တယ်။

အဲဒီနောက်ပိုင်းမှာတော့ ဒါယွန်းဟာ အရင်က တစ်ခါမှ မရဖူးတဲ့ အရာတွေကို တွေ့ကြုံခံစားလာရတယ်။ ရှော့ပင်းမောလ်မှာ သူမကြိုက်တဲ့ အဝတ်အစားတွေ အကုန်ဝယ်နိုင်ခဲ့တယ်၊ ပါးစပ်ထဲ အရည်ပျော်သွားမတတ် ကောင်းလွန်းတဲ့ အစားအစာတွေကို စားရပြီး ရုပ်ရှင်ရုံမှာလည်း တစ်ယောက်တည်း ရုပ်ရှင်ကြည့်နိုင်ခဲ့တယ်။ သူမ နေထိုင်ရတဲ့ ကမ္ဘာကြီးက ခြားနားသွားခဲ့ပြီ။ အဲဒီလူဟာ သာမန် လစာစား ဝန်ထမ်းတွေ ဘယ်တော့မှ စိတ်ကူးမယဉ်နိုင်တဲ့ လုံးဝကွဲပြားခြားနားတဲ့ ကမ္ဘာတစ်ခုမှာ နေထိုင်တဲ့သူလေ။

သူတို့ တွေ့ဆုံမှုတွေ ပိုစိပ်လာပြီး ဘားမှာ ထပ်တွေ့ကြတဲ့အခါ အဲဒီလူက အရာအားလုံးကို သူ့ဆီ ပုံအပ်ထားဖို့ ဆန္ဒရှိလားလို့ မေးခဲ့တယ်။ ဒါယွန်းက အဲဒီစကားလုံးတွေကို 'လိင်ဆက်ဆံခြင်း' လို့ပဲ ကြားလိုက်တယ်။ အပြစ်ရှိသလို ခံစားရတာတွေ ပြည့်နှက်နေပေမယ့်လည်း ဒါယွန်းက 'ဟုတ်ကဲ့' လို့ပဲ ပြန်ဖြေခဲ့တယ်။ အဲဒီညက ဒါယွန်း အဲဒီလူနဲ့ ဟိုတယ်တစ်ခုမှာ အိပ်ခဲ့တယ်။ သူမရဲ့ အဖော်က အသက် ငါးဆယ်နား ကပ်နေပြီဖြစ်ပေမယ့် ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ မျှတတဲ့ အစားအသောက်တွေကြောင့် သူ့ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်း ရှိနေတုန်းပဲ။

လိင်ဆက်ဆံပြီးတဲ့နောက် ဒီလိုဘဝမျိုးကလည်း မဆိုးပါဘူးလို့ ဒါယွန်း တွေးမိလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံး ဒါကို လျှို့ဝှက်ထားရမှာပဲလေ။ ဘာပဲပြောပြော အဲဒီလူမှာလည်း မိန်းမရှိတယ်လေ။ ဒါ့အပြင် ဒါယွန်းက အဲဒီလူကို စိတ်ပိုင်းဆိုင်ရာအရ သဘောကျလာခဲ့တယ်။ ကိုယ်ချစ်တဲ့သူဆီက ထောက်ပံ့မှုရတာက အပြစ်မှ မဟုတ်တာ၊ မဟုတ်ဘူးလား။

အဲဒီနောက်ပိုင်းမှာတော့ Yellow Star ဆိုတဲ့ ဧရာမ ဖျော်ဖြေရေးအေဂျင်စီကြီးမှာ သင်တန်းသူလုပ်ဖို့ ဆက်သွယ်ခံခဲ့ရတယ်။

(TR Note: Telegram မှာဖတ်ရှုပေးပါရန်)

ပြီးတော့ သူမ သူ့ကိုချစ်တယ်လို့ ပြောလိုက်တယ်။

အဲဒီနောက်မှာတော့ Blue ရဲ့ သင်တန်းသူတစ်ယောက်အနေနဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ပြီး ပွဲဦးထွက်နိုင်ခဲ့တယ်။ အစပိုင်းမှာ 'တစ်ပတ်ရစ် အိုင်ဒေါ' ဆိုတဲ့ နာမည်က သူမနောက်ကို အမြဲလိုက်နေပေမယ့် မကြာခင်မှာပဲ အဲဒါ ပျောက်ကွယ်သွားခဲ့တယ်။ ဖန်ကဖေးတစ်ခု ဖွဲ့စည်းခဲ့ပြီး အဲဒီအထဲမှာတော့ သူမကို 'အွန်နီကြီး' လို့ နာမည်ပေးခဲ့ကြတယ်။ တသီတတန်းကြီး အောင်မြင်ခဲ့တဲ့ အယ်လ်ဘမ်တွေကြောင့် သူမဟာ အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်လာခဲ့တယ်။ သူမကို မှတ်မိတဲ့သူ အရေအတွက်က တစ်နေ့တခြား တိုးလာပြီး တစ်နှစ်အတွင်းမှာတင် သူတို့ကိုယ်ပိုင် ကွန်ဆတ်တစ်ခုကို ကျင်းပနိုင်ခဲ့ကြတယ်။ စာချုပ်ကြောင့် သူတို့ အဲဒီလောက် ပိုက်ဆံအများကြီး မရခဲ့ပေမယ့် ဒါက မကြာခင် ပြေလည်သွားတော့မယ့် ကိစ္စမို့လို့ သူမ သိပ်မစိုးရိမ်ခဲ့ပါဘူး။ သူမ ပျော်ရွှင်နေခဲ့တယ်။ မှိုင်းညို့နေတဲ့ ဘဝကနေ ရွှေရောင်အလင်းတန်းတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးဆီကို သူမ ပြန်ရောက်လာခဲ့ပြီ။

အဲဒီအချိန်ကစပြီး ဒါယွန်းဟာ အဲဒီလူကို သတိထားလာခဲ့တယ်။ အရှုပ်တော်ပုံတစ်ခုနဲ့ ပတ်သက်မိတာနဲ့ အိုင်ဒေါတစ်ယောက်ရဲ့ ဘဝက အဆုံးသတ်သွားမှာလေ။ အဲဒီလူဆီကလာတဲ့ ဖုန်းခေါ်ဆိုမှု အားလုံးကို ရှောင်လွှဲပြီး အစီအစဉ်တွေရှိတယ်ဆိုတဲ့ ဆင်ခြေနဲ့ သူ့ဆီကနေ ထွက်ပြေးခဲ့တယ်။ ဒီအချစ်က စိတ်ကူးယဉ်သက်သက်ပဲလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အိုင်ဒေါတစ်ယောက်ရဲ့ လှုပ်ရှားမှုတွေမှာပဲ သူမ အာရုံစိုက်ထားခဲ့တယ်။

ပြဿနာ ကြီးကြီးမားမား မရှိဘဲ အိုင်ဒေါတစ်ယောက်အနေနဲ့ ဆက်သွားနိုင်မယ်လို့ သူမ ထင်ခဲ့တာ။ ဒီပျော်ရွှင်မှုက ထာဝရ တည်တံ့မယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ တစ်နှစ်လောက်ကြာတော့ အဖွဲ့ဝင်တွေကြားက ဆက်ဆံရေးက သိသိသာသာ ဆိုးရွားလာခဲ့တယ်။ ဘာက အကြောင်းရင်းလဲဆိုတာ သူမ မသိခဲ့ဘူး။ သတိထားမိတဲ့အချိန်မှာတော့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောရုံနဲ့တင် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အခြေအနေကို ရောက်နေကြပြီ။ သူတို့ တက်ရတဲ့ တီဗီအစီအစဉ်တွေကြောင့် အခြေအနေက ပိုဆိုးလာခဲ့တယ်။ တီဗီပေါ်မှာတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပေမယ့် အိမ်ပြန်ရောက်တဲ့အခါကျတော့ အေးတိအေးစက် ဖြစ်သွားကြပြန်ရော။

သူတို့ရဲ့ ဆက်ဆံရေး အက်ကွဲသွားတဲ့အချိန်မှာပဲ ဇယားအသီးသီးမှာ သူတို့ရဲ့ အဆင့်တွေလည်း ကျဆင်းသွားခဲ့တယ်။ အရင်က အဆင့်တွေမှာ ပထမနေရာကို ဘယ်တော့မှ မလွတ်ခဲ့ပေမယ့် သူတို့ အယ်လ်ဘမ် ထွက်တဲ့အပတ်မှာတောင် ပထမနေရာကို မရနိုင်ခဲ့ဘူး။ ဒါက ကျဆင်းလာခြင်းရဲ့ လက္ခဏာပဲ။ သူတို့ ဒုတိယနေရာမှာ ရှိနေပေမယ့် အဲဒါက မလုံလောက်ဘူးလေ။ ပေါ်လာတဲ့ အိုင်ဒေါအသစ်လေးတွေက သူတို့ထက် ပိုငယ်တယ်၊ ပိုလှတယ်၊ ပိုပြီးလည်း ချစ်စရာကောင်းကြတယ်။ နာမည်ကြီး တေးရေးဆရာတစ်ယောက် ရေးပေးထားတဲ့ သီချင်းနဲ့အတူ သူတို့က ငါးပတ်ဆက်တိုက် ပထမနေရာကို ယူသွားခဲ့ကြတယ်။ လုံးဝ ပျောက်ကွယ်မသွားခင်အထိ အတန်ကြာ ဒုတိယနေရာမှာ ရှိနေခဲ့ကြတယ်။

အဲဒီအချိန်လောက်မှာပဲ ဥက္ကဋ္ဌက Blue ကို ခေါ်ပြီး သူတို့ အယုံကြည်ရဆုံး နယ်ပယ်တွေမှာ အစွမ်းကုန် ကြိုးစားသင့်တယ်လို့ ပြောခဲ့တာ။ အဖွဲ့ ဖျက်သိမ်းလိုက်တာတော့ မဟုတ်ပါဘူး။ TTO လိုမျိုးပဲ သူတို့လည်း တစ်ကိုယ်တော် လှုပ်ရှားမှုတွေကို စတင်ခဲ့ကြတာ။

အရင်ဆုံး နာမည်ကြီးလာတာက ချယ်ရင်။ အိုင်ဒေါတစ်ယောက်ရဲ့ နာမည်ကျော်ကြားမှုနဲ့အတူ သူမ ပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ အမြင်ကောင်းတွေ ရခဲ့ပြီး အဲဒီနောက်မှာတော့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာဖို့ ဝင်ပေါက်လို့ လူသိများတဲ့ Youth Generation မှာ အဓိကဇာတ်ဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။

"ဟူး..."

ဒါယွန်း အတိတ်ကို ပြန်တွေးနေရာကနေ လန့်နိုးလာတယ်။ အဲဒီလူက သူ့စီးကရက်ကို ငြှိမ်းလိုက်တယ်။ စူးရှတဲ့ အနံ့တစ်မျိုးက သူမ နှာခေါင်းကို လာထိုးတယ်။ သူမ ဒီအနံ့ကို မုန်းပေမယ့် အခုချိန်မှာတော့ အဆင်ပြေနေတယ်။ မဟုတ်ဘူး၊ မွှေးတောင် မွှေးနေသေးတယ်။ အဲဒီလူက ပါးစပ်ပိတ်လိုက်ပြီး ကားစမောင်းတယ်။ ဒါယွန်းက အရှေ့ကို ကြည့်လိုက်ပြီးမှ အဲဒီလူကို ခိုးကြည့်လိုက်တယ်။ အဲဒီလူက ဖုန်းပြောနေတာ။ ဆောက်လုပ်ရေးဆိုဒ်တစ်ခုအကြောင်း ပြောနေတယ်။ ဒါယွန်း ဒက်ရှ်ဘုတ်ပေါ်က ဓာတ်ပုံကို လှမ်းကြည့်လိုက်တယ်။ အသားဖြူဖြူ အမျိုးသမီးတစ်ယောက်ရှိပြီး အဲဒီလူက သူမဘေးမှာ ရပ်နေတယ်။ သူတို့နှစ်ယောက်ရဲ့ အရှေ့မှာတော့ တောက်ပတဲ့ အပြုံးတွေနဲ့ ကောင်လေးတစ်ယောက်ရယ်၊ ကောင်မလေးတစ်ယောက်ရယ် ရှိနေတယ်။ အဲဒီအချိန်မှာပဲ အဲဒီလူက လက်လှမ်းပြီး ဓာတ်ပုံကို မှောက်တင်လိုက်တယ်။ သူမ အောက်ကို မငုံ့ခင်မှာ ငါ ဒါကို မကြည့်ခဲ့သင့်ဘူးလို့ ဒါယွန်း တွေးလိုက်မိတယ်။

* * * * * * * * *

All Chapters