← Chapters

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း ၃၃၃

Vol. 34 Ch. 333

အခန်း(၃၃၃)

မပြန်ခင် ခဏစောင့်နေဖို့ ချွန်းဟို က သူတို့ကို ပြောတယ်။ မာရူး နဲ့ ဘန်ဂျူး တို့က သူတို့ကိုပေးထားတဲ့ အားဖြည့်အချိုရည်ကို သောက်ရင်း ဟိုဟိုဒီဒီ လိုက်ကြည့်နေကြတယ်။ သူတို့က အဆောက်အအုံထဲမှာ ရုံးခန်းပုံစံ ဖန်တီးထားတဲ့ ကွန်တိန်နာတစ်ခုထဲမှာ ရောက်နေတာလေ။ တံခါးအပေါ်ဘက်မှာတော့ ဘောင်ခတ်ထားတဲ့ (ကိုယ်ခံပညာ) ဆိုတဲ့ စာလုံးကို ချိတ်ဆွဲထားတယ်။ ထောင့်ဘက်မှာ တစ်ဝက်ပွင့်နေတဲ့ ဗီရိုတစ်ခုရှိပြီး အဲဒီထဲမှာ အကာအကွယ်ပစ္စည်းမျိုးစုံ ရှိနေတယ်။

"အရည်အချင်းစစ်ခံမယ့်သူတွေ သိပ်မကြာခင် ရောက်လာလိမ့်မယ်။ အဲဒီအချိန်အထိ မင်းတို့ ဟိုဟိုဒီဒီ လိုက်ကြည့်ထားသင့်တယ်"

သတ်မှတ်ထားတဲ့အချိန်ထက် နည်းနည်း နောက်ကျနေပုံရတယ်။ ချွန်းဟို က သူတို့ကို အပြင်ဘက် ခေါ်သွားတယ်။ အဲဒီအချိန်မှာပဲ သူတို့ရှေ့တည့်တည့်က မွေ့ရာပေါ်မှာ လူတစ်ယောက် အမြန်ပြေးလာတယ်။ သူက လေထဲမှာ ချွန်ထက်တဲ့ စက်ဝန်းပုံစံ ခုန်ပျံသွားပြီး မြေပြင်ပေါ်ကို ညာဘက်လက်မောင်း၊ ပခုံးတို့နဲ့ မကျခင် သူ့ကိုယ်သူ လုံးထွေးလိုက်ပြီး မြေပြင်ပေါ်မှာ လိမ့်ကျသွားတယ်။ အဲဒီလူ ခုန်ချခဲ့တဲ့နေရာကို မာရူး လှမ်းကြည့်လိုက်တယ်။ အနည်းဆုံး လေးမီတာလောက်ကနေ ခုန်ချခဲ့တဲ့ပုံပဲ။

အဲဒီအနောက်ဘက်က မျဉ်းပြိုင်တန်းတွေပေါ်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို သူ မြင်လိုက်တယ်။ အဲဒီလူက တန်းတွေကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး လက်ထောက်ကာ ဇောက်ထိုးရပ်နေတာဖြစ်ပြီး လှေကားဆင်းသလိုမျိုး အောက်ဘက်ကို တဖြည်းဖြည်း လှည့်ဆင်းလာတယ်။ သူက ကျွမ်းဘားသမားပဲဖြစ်ဖြစ်၊ စတန့်သမားပဲဖြစ်ဖြစ် ဘယ်လိုပဲကြည့်ကြည့် တော်တော်လေးကို အံ့ဩဖို့ကောင်းနေတယ်။

"မင်း အားကစားတချို့ လုပ်ဖူးတယ်လို့ ငါ ကြားတယ်" ချွန်းဟို က ဘန်ဂျူး ကို မေးလိုက်တယ်။

ငယ်ငယ်တုန်းက တိုက်ကွမ်ဒို ကစားခဲ့ပြီး အခုတော့ ဂျူဒို သင်နေတယ်လို့ ဘန်ဂျူး က ပြန်ဖြေတယ်။

"ဒါဆို ပြုတ်ကျတဲ့ နည်းစနစ်တချို့လောက် ပြပေးလို့ရမလား"

ချွန်းဟို က အလွတ်ဖြစ်နေတဲ့ မွေ့ရာတစ်ခုကို လက်ညှိုးထိုးပြလိုက်တော့ ဘန်ဂျူး က အဲဒီအပေါ် တက်ရပ်လိုက်တယ်။

"မင်း သင်ထားတာတွေ ငါ့ကို ပြစမ်းပါ။ ဘေးတိုက်၊ အရှေ့၊ အနောက်၊ အရှေ့လည်ထွက်တာကအစ မင်းရသမျှ အကုန်ပြ"

"ဟုတ်ကဲ့"

ဘန်ဂျူး တစ်ယောက် စိတ်အားထက်သန်စွာနဲ့ မွေ့ရာပေါ်ကို ဆက်တိုက် လဲကျပြနေချိန်မှာပဲ မာရူး က အဲဒီနေရာကနေ ထွက်လာပြီး အုပ်စုဖွဲ့ ရန်ဖြစ်နေတဲ့ လူတွေဆီကို သွားလိုက်တယ်။ သူတို့တွေက ဖော့နဲ့လုပ်ထားတဲ့ တုတ်တွေကိုကိုင်ပြီး အုပ်စုလိုက် ရန်ဖြစ်နေတဲ့ပုံစံ သရုပ်ဆောင်နေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အချက်ပြပြီးတာနဲ့ အကြမ်းပတမ်း ပြေးဝင်သွားကာ ကန်ကျောက်တာတွေ၊ လက်သီးနဲ့ ထိုးတာတွေ၊ တုတ်တွေနဲ့ ရမ်းခုတ်တာတွေကို စတင်လုပ်ဆောင်ကြတော့တယ်။ ဇာတ်လိုက်နဲ့တူတဲ့သူက လက်သီးနဲ့ ထိုးလိုက်တဲ့အခါ တစ်ဖက်လူက အချိန်ကိုက် လဲကျသွားတယ်။ လက်သီးနဲ့ တစ်ဖက်လူရဲ့ အရေပြားကြားက ကွာဟချက်က အရမ်းနည်းလွန်းလို့ တကယ် အချင်းချင်း ထိုးကြိတ်နေသလားလို့တောင် ထင်ရတယ်။ လူတွေ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ပြီး နောက်ဆုံးတစ်ယောက်ကို ပခုံးပေါ်ကနေ လွှင့်ပစ်လိုက်တဲ့အချိန်မှာတော့ မြေပြင်ပေါ် လဲကျနေတဲ့သူတွေ အကုန်လုံး ထရပ်လိုက်ကြပြီး သူတို့အင်္ကျီပေါ်က ဖုန်တွေကို ခါချလိုက်ကြတယ်။

လှုပ်ရှားမှုတွေက အရမ်းသွက်လက်ပြီး အကြမ်းပတမ်းနိုင်ပေမယ့် သူတို့ရဲ့ အသက်ရှူနှုန်းတွေက နည်းနည်းလေးမှ မပြောင်းလဲသွားဘူး။ သူတို့က စက်ဝိုင်းပုံစံ စုထိုင်လိုက်ကြပြီး ထင်မြင်ချက်တွေ ဖလှယ်ပြီးတာနဲ့ အဲဒီအတိုင်း နောက်တစ်ကြိမ် ပြန်လုပ်ကြပြန်တယ်။ ဒီတစ်ခါမှာတော့ လှုပ်ရှားမှုတွေက ပိုပြီး ပြတ်သားလာတယ်။

အက်ရှင်လှုပ်ရှားမှုတွေက ကွက်လပ်မရှိအောင် သေသပ်လွန်းတယ်။ သူတို့က တကယ်ရန်ဖြစ်နေတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် ဆဲဆိုနေကြတယ်။ အဲဒီအချိန်မှာပဲ လူတစ်ယောက်က သူ့ပါးစပ်ကို အုပ်လိုက်ပြီး လက်မြှောက်ပြတယ်။ မာရူး သေသေချာချာ ကြည့်လိုက်တော့ သူ သွေးထွက်နေတယ်။ လှည့်ကန်လိုက်တဲ့ ခြေထောက်နဲ့ 'အထိခံရ' တဲ့အချိန်မှာ သူ့နှုတ်ခမ်း ကွဲသွားတဲ့ပုံပဲ။ အခြေအနေကို သိရအောင် နှုတ်ခမ်းကို ခဏလောက် စမ်းကြည့်ပြီးတဲ့နောက် သူ အဆင်ပြေပါတယ်လို့ ပြောပြီး သူ့နေရာသူ ပြန်ယူလိုက်တယ်။ ပြီးတော့ သူတို့တွေက ဒဏ်ရာရမှာကြောက်တဲ့စိတ်ကို မေ့သွားသလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ပြန်ထိုးကြိတ်နေကြပြန်တယ်။

"သူတို့ တော်တော် ကောင်းတယ် မဟုတ်လား"

ချွန်းဟို က သူ့အနားကို ရောက်လာတယ်။ မာရူး ကတော့ ခေါင်းညိတ်ရုံပဲ တတ်နိုင်တယ်။ ဒီလိုအဆင့်မျိုးက အနုပညာလို့ ခေါ်ဖို့တောင် လုံလောက်နေပြီလေ။

"ငါ ဒီနေရာကို တည်ထောင်ရတဲ့ အကြောင်းရင်းက သူတို့လို လူတွေအတွက်ပဲ။ နည်းစနစ်တွေကို သင်ယူနိုင်ဖို့ မင်း သင်ကြားခံရဖို့ လိုတယ်။ ဒါပေမယ့် ဒီလိုဘာသာရပ်မျိုးကို သင်ပေးတဲ့ ကျောင်းတွေ သိပ်မရှိတဲ့အတွက် ငါကိုယ်တိုင် ကျောင်းတစ်ကျောင်း ဖွင့်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး"

"ဒီနေရာကို ခင်ဗျားကိုယ်တိုင် တည်ထောင်ခဲ့တာလား"

"လုပ်ဖော်ကိုင်ဖက် တချို့တော့ ရှိခဲ့ဖူးတယ်။ အခုတော့ သူတို့အားလုံးက ဗိုက်ရွှဲကြီးတွေဖြစ်ကုန်ပြီး အလုပ်ထွက်သွားကြလို့ ငါတစ်ယောက်တည်း ကျန်ခဲ့တော့တာပေါ့။ ဟေ့လူ ဟိုဘက်မှာ ခင်ဗျားလက်ကို သတိထားဦး"

ချွန်းဟို က အရှေ့မှာရှိနေတဲ့ လူကို လှမ်းအော်လိုက်တယ်။ အဲဒီလူက 'ဟုတ်ကဲ့' လို့ ပြန်ဖြေပြီးတာနဲ့ ပြန်လှုပ်ရှားနေပြန်တယ်။

"သူတို့အားလုံးက အားကစားတစ်ခုခု လုပ်ဖူးတဲ့ပုံပဲ"

"တချို့က အားကစားလုပ်ကြသလို တချို့ကျတော့လည်း လမ်းသရဲတွေလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဦးနှောက်ကို သုံးတာထက် ခန္ဓာကိုယ်ကို အသုံးပြုတဲ့နေရာမှာ ပိုပြီး ကျွမ်းကျင်ကြတယ်။ တချို့ကတော့ အက်ရှင်သရုပ်ဆောင်တာကို တကယ်သင်ချင်လို့ ရောက်လာကြတာပေါ့။ ဒါက ကိုယ်ခံပညာထက် အက်ရှင်ကို ပိုပြီးသင်ပေးတဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တစ်ခုတည်းသော နေရာပဲ"

လက်ပိုက်ပြီး လေ့ကျင့်နေတဲ့လူတွေကို ကြည့်နေတဲ့ ချွန်းဟို ရဲ့ မျက်လုံးတွေထဲမှာ ဂုဏ်ယူမှုတွေ အပြည့်ပါပဲ။

"ဟိုဘက်က ကြိုးဆိုင်းလား"

"အေးလေ။ စမ်းကြည့်ချင်လို့လား"

အဲဒီအချိန်မှာ ကြိုးဆိုင်းတပ်ထားတဲ့ လူတစ်ယောက်က လေထဲကို မြောက်တက်သွားပြီး နှစ်ပတ်လောက် လည်ထွက်သွားကာ အောက်ကို ပြန်ဆင်းလာတယ်။

"ကျွန်တော်တော့ လုပ်နိုင်မယ် မထင်ဘူး"

နောက်ပြောင်နေသလိုမျိုးနဲ့ ချွန်းဟို က ဘာမှဆက်မပြောတော့ဘူး။ ပတ်ဝန်းကျင်က အော်ဟစ်သံတွေကို နားထောင်ရင်း မာရူး ရဲ့ ခန္ဓာကိုယ်က အနည်းငယ် ပူနွေးလာတယ်။ သူက အားကစားကို ဝါသနာပါတဲ့အတွက် ဒီလိုနေရာမျိုးကို ရောက်လာတိုင်း စိတ်ကြိုက် ပြေးလွှားဆော့ကစားချင်နေတာလေ။ ဘာပဲဖြစ်ဖြစ် အကြမ်းပတမ်း လှုပ်ရှားပြီး ချွေးထုတ်ရတာထက် ပိုပြီး လန်းဆန်းစေတဲ့အရာမှ မရှိတာ။

"သူ မကြောက်တတ်တာကို ငါ သဘောကျတယ်"

သဲအိတ်ရှေ့မှာ ရပ်နေတဲ့ ဘန်ဂျူး ကို ကြည့်ရင်း ချွန်းဟို က ပြောလိုက်တယ်။ မာရူး လည်း အဲဒီဘက်ကို လှမ်းကြည့်လိုက်တယ်။ ဘန်ဂျူး က သဲအိတ်ကိုပဲ စိုက်ကြည့်နေတယ်။ အဲဒီနောက် သူက သဲအိတ်ကို ဘယ်ဘက်လက်နဲ့ နှစ်ချက်လောက် ပုတ်လိုက်ပြီး ညာဘက်လက်နဲ့ ထိုးချလိုက်တယ်။ တုံးတိတိ အသံထွက်လာပြီးတဲ့နောက် ဘန်ဂျူး က ညာဘက်လက်ကို ခါရင်း လှည့်လာတယ်။ သူ့မျက်နှာအမူအရာအရ တော်တော်လေး နာသွားပုံရတယ်။

"အထဲမှာ ဖော့ထည့်ထားတာ မဟုတ်ဘူးလေ"

"ဒါက ဝိတ်ချတဲ့ Gym မှ မဟုတ်တာ။ ဟေ့ကောင် မင်း လက်ကောက်ဝတ် အဆင်ပြေရဲ့လား။ ပြီးတော့ လက်အိတ်မစွပ်ဘဲ ထိုးရင် မင်းအရေပြားတွေ ပေါက်ပြဲကုန်လိမ့်မယ်။ သတိထားဦး"

ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ဘန်ဂျူး က ဟုတ်ကဲ့ လို့ ပြန်ဖြေတယ်။ သူက သူ့ဘေးမှာချထားတဲ့ လက်အိတ်တွေကို စွပ်လိုက်ပြီး သဲအိတ်ကို နောက်တစ်ကြိမ် ပြန်ထိုးတယ်။ လှုပ်ရမ်းနေတဲ့ သဲအိတ်ကို ထိုးနေတဲ့ သူ့ရဲ့ကိုယ်နေဟန်ထားက နည်းနည်းတော့ အဆင်မပြေဖြစ်နေတယ်။

"ဟေ့ကောင် မင်း လက်ဝှေ့ထိုးဖူးတယ်လို့ ပြောတယ် မဟုတ်လား"

"ကျွန်တော်က တစ်ခါတလေ အဖေနဲ့အတူ Gym ကို လိုက်သွားရုံပါ"

"အနည်းဆုံးတော့ ဘယ်လိုမျိုးလဲဆိုတာ မင်း သိတာပေါ့။ မင်း စမ်းထိုးကြည့်ပါလား။ တခြားသူတွေ ရောက်မလာမချင်း လုပ်စရာမှ မရှိတာ မဟုတ်လား"

ချွန်းဟို က သူ့ကျောကို တွန်းလိုက်တယ်။ သူပြောသလိုပဲ အဲဒီအချိန်အထိ လုပ်စရာမရှိတဲ့အတွက် သဲအိတ်ထိုးရင်း အချိန်ဖြုန်းရတာ အကြံဆိုးတော့ မဟုတ်ဘူးလေ။

"စီနီယာ၊ ဒါ တော်တော်မာတာပဲ။ ရုပ်ရှင်တွေထဲမှာတော့ တော်တော်လွယ်မယ့်ပုံပဲ"

ဘန်ဂျူး က သဲအိတ်ကို နောက်တစ်ကြိမ် ထပ်ထိုးတယ်။ သူက ဖြောင့်ဖြောင့်ထိုးတဲ့အခါမျိုးလို ခြေထောက်တွေကို ပြိုင်တူရပ်လိုက်ပြီး ညာဘက်လက်နဲ့ ထိုးချလိုက်တယ်။ အနီရောင် သဲအိတ်ဆီကနေ တုံးတိတိအသံ ထပ်ထွက်လာပြီး အနောက်ကို လွင့်သွားတယ်။ အရှိန်နဲ့ ပြန်ကန်ထွက်လာတဲ့ သဲအိတ်ကို မာရူး က ဖမ်းကိုင်လိုက်တယ်။

"မင်း စမ်းကြည့်မလို့လား"

"တော်တော်ကြာနေပြီဆိုတော့ လုပ်နိုင်ပါ့မလား မသိဘူး"

သူ့ကို စောင့်ကြည့်နေတဲ့ ချွန်းဟို ကို သူ လှည့်ကြည့်လိုက်ပြီးနောက် ဘန်ဂျူး ဆီကနေ လက်အိတ်တွေကို ယူလိုက်တယ်။ လက်အိတ်တွေက လေ့ကျင့်ရေးအတွက် လုပ်ထားတာဆိုတော့ သိပ်မကောင်းဘူး။ အရေပြားကို ကာကွယ်ပေးနိုင်စွမ်း သိပ်မရှိဘူး။ တိပ်နဲ့ပတ်ထားတာနဲ့ ဘာမှမကွာဘူးလေ။

သူ လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်တယ်။ သားရေသား ဆန့်ထွက်သွားတဲ့ ခံစားချက်က တော်တော်လေး ကောင်းတယ်။ သူ့အဖေ စက်ရုံမှာ အလုပ်မများခင်တုန်းက လက်ဝှေ့Gym ကို သူနဲ့အတူ သွားပြီး လေ့ကျင့်ဖြစ်ခဲ့ကြတယ်။ အခု ပြန်စဉ်းစားကြည့်တော့ သူ့အဖေက ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ခဲ့ဖူးတာကြောင့် လက်သီးထိုးချက်တွေက တော်တော်လေး ညက်ညောခဲ့တာပဲ။

မာရူး က လက်ဝှေ့ခြေလှမ်းတချို့ကို ရွှေ့လိုက်ပြီး သဲအိတ်ကို တစ်ပတ်အပြည့် လှည့်ပတ်သွားတယ်။ အခုချိန်အထိ သူ မေ့နေခဲ့တဲ့ ရစ်သမ်တွေက ပြန်ပြီး ရှင်းလင်းလာတယ်။ အချိန်ရရင် လက်ဝှေ့Gym ကို ထပ်သွားရမယ်လို့ သူ တွေးလိုက်မိတယ်။

သေချာ သွေးမပူသေးပေမယ့် သူ ခပ်ဖွဖွလေး ထိုးကြည့်လိုက်တယ်။ လက်ဝှေ့ဆရာက သွေးမပူဘဲ သဲအိတ်မထိုးဖို့ ပြောခဲ့ကတည်းက သဲအိတ်မထိုးခင် သူ အမြဲတမ်း သွေးပူလေ့ကျင့်ခန်း လုပ်လေ့ရှိတယ်။

ဒုတ်ခနဲ အသံနဲ့အတူ ခပ်ငြိမ့်ငြိမ့် ခံစားမှုတစ်ခုက သူ့လက်ဆစ်တွေဆီ ပျံ့နှံ့သွားတယ်။ ခံစားရတာ တော်တော်လေး ကောင်းတယ်။ အဲဒီနောက် ဘယ်ဘက်လက်။ သဲအိတ်ဆီ ရောက်တဲ့အထိ ဘယ်ဘက်လက်က တဖြည်းဖြည်း ရှေ့ကို ရွေ့သွားတယ်။ သူ နောက်ကို နည်းနည်း ထပ်ဆုတ်လိုက်တယ်။ ဘယ်ဘက်လက်နဲ့ ခပ်ဖွဖွလေး ထိုးလိုက်ပြီး သဲအိတ်ကို နောက်တစ်ခေါက် တစ်ပတ်အပြည့် လှည့်ပတ်သွားပြန်တယ်။ သဲအိတ်မထိုးရတာ ကြာပြီဖြစ်တဲ့အတွက် အကွာအဝေးကို သူ သိပ်မရင်းနှီးတော့ဘူး။

သင့်တော်တဲ့ အကွာအဝေးတစ်ခုကို ရောက်သွားတဲ့အခါ မာရူး က သဲအိတ်ရှေ့မှာ ခုန်ဆွခုန်ဆွ လုပ်နေတယ်။ အဲဒီလိုလုပ်ရင်း အသက်ရှူနှုန်းကို ထိန်းလိုက်ကာ သူ့ခြေထောက်တွေ မြေပြင်နဲ့ထိတဲ့အချိန်မှာ ဘယ်ဘက်လက်နဲ့ နောက်တစ်ကြိမ် ထိုးချလိုက်တယ်။

ဒုတ်.. သူ နည်းနည်း ကပ်နေသေးတယ်။ သူ့ပခုံးကနေ လက်ဆီကို အားအလုံအလောက် မပို့ပေးနိုင်ခင်မှာပဲ သူ့လက်က ပစ်မှတ်ဆီ ရောက်သွားတယ်။ တုံးတိတိအသံနဲ့ နောက်ကိုလွင့်သွားတဲ့ သဲအိတ်ကို သူ့ဘယ်ဘက်လက်နဲ့ ထပ်ထိုးလိုက်ပြန်တယ်။ ဒိုင်း... ဒီတစ်ခါတော့ အသံထွက်က တော်တော်လေး ကောင်းသွားတယ်။ သဲအိတ်ရှေ့က သူ့ရဲ့ကိုယ်နေဟန်ထားကို မာရူး ပြန်တွေးလိုက်ပြီး နောက်တစ်ကြိမ် ထပ်ထိုးလိုက်တယ်။

'ဝမ်း.. တူး.. ရှောင်'

ဘယ်.. ညာ.. ပြီးတော့ ခပ်ဖွဖွလေး ငုံ့ရှောင်လိုက်တယ်။ လှုပ်ရမ်းနေတဲ့ သဲအိတ်ကို သူ မျက်စိနဲ့ လိုက်ကြည့်နေပြီး ခါးကိုသုံးကာ ဘယ်ဘက်ကို ငုံ့ရှောင်လိုက်ရာကနေ အနောက်ကို ပြန်ဆုတ်လိုက်ကာ ဘယ်ဘက် ဟွတ်ခ်၊ ညာဘက် ခရော့စ် တွေနဲ့ ဆက်တိုက် ထိုးလိုက်တယ်။ ဗြန်း ဗြန်း... ဒီတစ်ခါတော့ အသံက ပိုပြီး နားထောင်လို့ ကောင်းနေတယ်။ အနောက်ကို လွင့်ထွက်သွားတဲ့ သဲအိတ်ကို လိုက်သွားပြီး သူ ထပ်ငုံ့ရှောင်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ ဘယ်ဘက် ဂျပ် နဲ့ ညာဘက် ဟွတ်ခ် ကို သုံးလိုက်တယ်။

ရစ်သမ်တွေက သူ့ဆီ တဖြည်းဖြည်း ပြန်ရောက်လာတယ်။ လက်ဝှေ့မှာ ရစ်သမ်က အရေးကြီးတယ်လို့ သူ့လက်ဝှေ့ဆရာက အမြဲပြောခဲ့ဖူးတယ်။ ညာဘက်ခြေလှမ်းနဲ့အတူ သဲအိတ်ကို သူ လိုက်သွားတယ်။ ပြီးတော့ တွဲလုံး အကွက်တွေနဲ့ နောက်တစ်ကြိမ် ထပ်ထိုးတယ်။ သူ ထိုးလိုက်တဲ့အချိန်မှာ သဲအိတ်က စက်ဝိုင်းပုံစံ လည်မထွက်သွားအောင် သူ ထိုးလိုက်တယ်။ လက်ထဲကို အားတွေ ပိုထည့်သုံးလာတယ်။ သားရေသား ပြတ်ထွက်မတတ် မြည်သံတွေကို ကြားရတိုင်း မာရူး ပြုံးနေမိတယ်။

သူ့အသက်ရှူနှုန်းတွေ မြန်လာပြီး လက်ဆစ်တွေ စနာလာတဲ့အချိန်မှာပဲ မာရူး က သဲအိတ်ကို ရပ်တန့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်တယ်။

"ဒီလောက် အကြာကြီးနေမှ ပြန်ထိုးရတာ တော်တော်ပျော်စရာကောင်းတာပဲ" လို့ ပြောရင်း သူ လှည့်လာခဲ့တယ်။

သူ ပထမဆုံး မြင်လိုက်ရတာကတော့ ပြုံးပြီး ခေါင်းညိတ်ပြနေတဲ့ ချွန်းဟို ပါပဲ။ သူ့ကို 'ငါ သိသားပဲ' လို့ တီးတိုးလေး ပြောနေတယ်။ သူ့ဘေးမှာ ရပ်နေတဲ့ ဘန်ဂျူး က အနားကို ရောက်လာပြီး ပြောတယ်။

"စီနီယာ၊ ခင်ဗျား လက်ဝှေ့သင်ထားတာလား။ ခုနက တော်တော်မိုက်တယ်"

"ငါက အခုမှ စလုပ်တဲ့သူပါ"

မာရူး က လက်အိတ်တွေကို ချွတ်လိုက်တယ်။ လက်နဲ့ လက်ကောက်ဝတ်မှာ ကျန်ခဲ့တဲ့ နာကျင်မှုလေးက သူ့ကို ပြုံးမိစေတယ်။ ဒီခံစားချက်ကပဲ သူ့ကို လက်ဝှေ့ကြိုက်အောင် လုပ်ခဲ့တာလေ။ ဒါကပဲ သူ့အဖေနောက်ကို လိုက်ပြီး Gym ကို သွားဖြစ်စေခဲ့တဲ့ အရာပေါ့။

"မင်း တစ်လ၊ နှစ်လလောက်နဲ့တော့ မရပ်ခဲ့ဘူးပဲ" လို့ ချွန်းဟို က ပြောလိုက်တယ်။

"မင်း သေသေချာချာ သင်ထားတာပဲ။ ငါက လက်ဝှေ့ကျွမ်းကျင်သူ မဟုတ်တော့ မင်းကို သေချာ မဝေဖန်နိုင်ပေမယ့် မင်းရဲ့ လက်သီးထိုးချက်တွေက တော်တော်လေး သန့်တယ်။ ငါ့လက်အောက်မှာ အလုပ်လုပ်ဖို့ မင်း တကယ်ပဲ အစီအစဉ်မရှိဘူးလား။ မင်း စတန့်တွေကို အလွယ်တကူ ကျင့်သားရသွားမယ်လို့ ငါထင်တယ်"

"ဒါ သဲအိတ်ကို ထိုးရုံသက်သက်ပါ။ ကျွန်တော့်မှာ ပါရမီမှ မရှိတာ"

သူ လက်အိတ်တွေကို ချထားလိုက်တဲ့အချိန်မှာပဲ လူတချို့ အဆောက်အအုံထဲကို ဝင်လာတယ်။ သူတို့အားလုံးက ကျောင်းသားတွေဖြစ်ပုံရတယ်။

"ကဲ ဒါဆို လူတွေကို စပြီး လျှော့ပစ်လိုက်ရအောင်"

အားလုံးကို စုဝေးဖို့ ချွန်းဟို က အချက်ပြလိုက်တယ်။ အခုမှ ဝင်လာတဲ့ ကျောင်းသားတွေက ချွန်းဟို ရဲ့ ရှေ့မှာ ရပ်လိုက်ကြတယ်။ မာရူး နဲ့ ဘန်ဂျူး လည်း သူတို့နဲ့ သွားပေါင်းလိုက်တယ်။

"ငါက အချိန်ဆွဲရတာ မကြိုက်လို့ လိုရင်းကိုပဲ တိုက်ရိုက်ပြောမယ်။ ငါ ဒီထဲက လူနည်းနည်းကို ရွေးပြီး ဒါရိုက်တာနဲ့ သွားတွေ့မယ်။ ဒါရိုက်တာက သေသပ်တဲ့ အက်ရှင်လုပ်နိုင်မယ့် လူငယ်တစ်ယောက်ကို အလိုရှိနေတဲ့အတွက် မင်းတို့ အကောင်းဆုံး ကြိုးစားကြ။ မင်းတို့ရဲ့ အခြေခံ ကိုယ်နေဟန်ထားကို ငါ ကြည့်မယ်။ အချိန်သိပ်မရှိတော့တဲ့အတွက် လောလောဆယ် သေချာကြည့်ထားကြ"

ချွန်းဟို က အနက်ရောင် လေ့ကျင့်ရေးအင်္ကျီဝတ်ထားတဲ့ လူတစ်ယောက်ကို ခေါ်လိုက်တယ်။

"အခြေခံ ဇာတ်တိုက်လှုပ်ရှားမှုကို ငါ ပြမယ်။ ဒီမှာ၊ ဒီလိုမျိုး ထိုးလိုက်၊ ပြီးတော့ သူ့ကော်လာကို ဆွဲလိုက်။ စကားပြောမပါရင် သိပ်ပျော်စရာကောင်းမှာ မဟုတ်တဲ့အတွက် 'ဒီခွေးကောင်' ဆိုတဲ့ စကားလုံးကို သုံးလိုက်ကြစို့"

ချွန်းဟို က သရုပ်ပြလိုက်တယ်။ သူက ရှေ့မှာရှိနေတဲ့ လူရဲ့ ညာဘက်ပခုံးကို ထိုးချလိုက်တယ်။ အဲဒီလူက ချွန်းဟို ရဲ့ လက်သီးကို ဘယ်ဘက်လက်မောင်းနဲ့ ကာလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ချွန်းဟို က သူ့ကော်လာကို ဆွဲပြီး 'ဒီခွေးကောင်' လို့ အော်လိုက်တယ်။ ဒါက တိုတောင်းတဲ့ အခန်းလေးတစ်ခုပါပဲ။

"ထိရမယ့်နေရာက ညာဘက်ပခုံးပဲ။ မင်းတို့က သူ့ကော်လာကို အကြမ်းပတမ်း ဆွဲရမယ်။ တကယ်လို့ တုံ့ဆိုင်းသွားရင်တော့ ဒါ အဆုံးသတ်ပဲ။ မင်းတို့မှာ အစမ်းလေ့ကျင့်ဖို့ တစ်ခေါက်နဲ့ တကယ့်အစစ် တစ်ခေါက် အချိန်ရှိမယ်။ အားလုံး နားလည်လား"

အဲဒီနောက် ချွန်းဟို က ညာဘက်အစွန်ဆုံးမှာ ရပ်နေတဲ့ ကျောင်းသားကို ရွေးလိုက်တယ်။ အရွေးခံရတဲ့သူက တွန့်ဆုတ်မနေဘဲ ထွက်လာပြီး လေ့ကျင့်ရေးအင်္ကျီဝတ်ထားတဲ့ လူကို နှုတ်ဆက်လိုက်တယ်။

"ဒါဆို ကျွန်တော် စလိုက်တော့မယ်"

ကျောင်းသားက ချွန်းဟို ပြခဲ့တဲ့ ဇာတ်တိုက်လှုပ်ရှားမှုအတိုင်း စမ်းလုပ်ကြည့်တယ်။ သူက အဲဒီလူအနားကို ချဉ်းကပ်သွားပြီး ထိုးလိုက်ကာ သူ့လက်သီးကို ကာကွယ်ခံလိုက်ရတာနဲ့ တစ်ပြိုင်နက် အဲဒီလူရဲ့ ကော်လာကို ဆွဲလိုက်တယ်။ အစမ်းလေ့ကျင့်မှု ပြီးသွားတဲ့နောက် ကျောင်းသားက ခိုင်မာပြတ်သားတဲ့ မျက်နှာအမူအရာနဲ့ စတင်တော့မယ်လို့ ပြောလိုက်တယ်။

ကျောင်းသားက စပြေးသွားတယ်။ ပြီးတော့ သူ ထိုးလိုက်တယ်။ သူ့လက် တွန်းထုတ်ခံလိုက်ရတယ်။ သူ နောက်ထပ် ခြေတစ်လှမ်း တိုးလိုက်ပြီး တစ်ဖက်လူရဲ့ ကော်လာကို ဆွဲလိုက်တယ်။ သရုပ်ဆောင်တာက တော်တော်လေး သေသပ်တယ်။

"ဆန်းဂျင် ကောင်းတယ်။ ကဲ ဒါဆို နောက်တစ်ယောက်"

ချွန်းဟို က ဒီကလူတွေ အားလုံးနဲ့ ရင်းနှီးနေပုံရတယ်။ ချွန်းဟို က နောက်တစ်ယောက်လို့ ပြောလိုက်တာနဲ့ နောက်ထပ် ကျောင်းသားတစ်ယောက်က ရှေ့ကို ထွက်လာတယ်။

* * * * * * * * *

"လောလောဆယ် ဒီလောက်နဲ့ပဲ ရပ်လိုက်ကြစို့"

ငြင်းပယ်ခံလိုက်ရလို့ စိတ်ပျက်သွားပုံရတဲ့ ကျောင်းသားတွေကို မာရူး လှမ်းကြည့်လိုက်တယ်။ လူငါးယောက်က ချွန်းဟို ရဲ့ စမ်းသပ်မှုကို မအောင်မြင်ခဲ့ဘူး။ အကုန်လုံးက ကြည့်ကောင်းပေမယ့် ချွန်းဟို ရဲ့ စံနှုန်းတွေကို မမီကြဘူးထင်တယ်။

"ဒီတစ်ခါတော့ ကာမယ်၊ ပြီးရင် ထိုးမယ်"

ချွန်းဟို က ဒီတစ်ခါလည်း သရုပ်ပြတယ်။ အခက်အခဲက တော်တော်လေး မြင့်တက်သွားတယ်။ အစီအစဉ်က ဒီလိုမျိုးလေ... ထိုးမယ်၊ ပြီးရင် ဘေးကနေ ရမ်းလာတဲ့ တုတ်ကို လက်နှစ်ဖက်နဲ့ ကာမယ်၊ အဲဒီနောက် ဘယ်ဘက်မှာရှိတဲ့ လူကို ထိုးမယ်။

ညာဘက်အစွန်ဆုံးက ကျောင်းသားက ချက်ချင်း ရှေ့ထွက်လာတယ်။ အစမ်းလေ့ကျင့်တဲ့အချိန်မှာ သူ အမှားမလုပ်ခဲ့ပေမယ့် တကယ့်အစစ်မှာတော့ တုတ်ကို ကာဖို့ နောက်ကျသွားတယ်။ တုတ်နဲ့ မရမ်းခင် အသံနဲ့ အချက်ပြတာရှိပေမယ့် သူ့ခြေလှမ်းတွေ ရှုပ်ထွေးသွားလို့ သူ မကာကွယ်နိုင်ခဲ့ဘူး။ ဖော့နဲ့ အရိုက်ခံလိုက်ရပြီးတဲ့နောက် ကျောင်းသားက စိတ်ပျက်သွားတဲ့ မျက်နှာအမူအရာနဲ့ အနောက်ကို ဆုတ်သွားတယ်။

"စိတ်ဓာတ်မကျပါနဲ့။ မင်းတို့ ဘယ်လိုလုပ်လဲဆိုတာကို ငါ စောင့်ကြည့်နေရုံပါ"

နောက်တစ်ယောက်ကတော့ မာရူး ရဲ့ အလှည့်ပဲ။ ဖွံ့ဖြိုးလာတဲ့ သူ့ခန္ဓာကိုယ်နဲ့ အာရုံကြောစနစ်တွေက အက်ရှင်လှုပ်ရှားမှုကို သိပ်အခက်အခဲမရှိဘဲ ကိုင်တွယ်နိုင်ခဲ့တယ်။ ဇာတ်တိုက်လှုပ်ရှားမှုအတိုင်းပဲ သူ ထိုးလိုက်၊ ကာလိုက် လုပ်ခဲ့တယ်။

"ကောင်းတယ်"

ဘန်ဂျူး လည်း ဘာအခက်အခဲမှမရှိဘဲ အောင်မြင်သွားတယ်။ သူက ဘာကိုမှ မကြောက်တတ်တဲ့သူမို့လို့ စတန့်တွေနဲ့ တော်တော်လေး လိုက်ဖက်နေတယ်။ အဲဒီလိုနဲ့ပဲ သူတို့ စမ်းသပ်မှု အကြိမ်အနည်းငယ် လုပ်ပြီးတဲ့အခါမှာတော့ လူ ၁၀ ယောက်လောက်ပဲ ကျန်တော့တယ်။

"ဒီနေ့ကတော့ မင်းတို့ရဲ့ လှုပ်ရှားမှုတွေမှာ ဘယ်လောက်တောင် ရဲရင့်လဲဆိုတာနဲ့ တစ်ဖက်လူအပေါ် ဘယ်လောက် ယုံကြည်မှုရှိလဲဆိုတာကိုပဲ ငါ အဓိကထားကြည့်ခဲ့တာ။ အက်ရှင်အခန်းတွေ လုပ်တဲ့အချိန်မှာ တစ်ဖက်လူရဲ့ မျက်လုံးကို တည့်တည့်မကြည့်နိုင်တဲ့သူတွေကို ငါ အသုံးမပြုနိုင်ဘူး"

ချွန်းဟို က တစ်ယောက်ယောက်ဆီ ဖုန်းမဆက်ခင် သူ့ဖုန်းကို ထုတ်လိုက်တယ်။

"ဟုတ်ကဲ့၊ ဒါဆိုလည်း အဲဒီလိုပဲ လုပ်ကြတာပေါ့။ ကျွန်တော်တို့ ညစာစားနေမှာမို့လို့ ခင်ဗျား လာချင်တဲ့အချိန် လာခဲ့လို့ရတယ်။ ဟုတ်ကဲ့ ဒါရိုက်တာ။ ဒါဆို နောက်မှတွေ့မယ်"

ဖုန်းပြောလို့ ပြီးသွားတော့ ချွန်းဟို က ပြောလိုက်တယ်။

"ငါတို့ အသားသွားစားကြမလား"

* * * * * * * * *

All Chapters