အခန်း ၃၃၄
Vol. 34 Ch. 334
အခန်း(၃၃၄)
ထမင်းစားနေတဲ့ တစ်ချိန်လုံး သူမ စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။ ဒါရိုက်တာ ရောက်လာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးလေ။ သူမနဲ့ သူ့ကြားက ပတ်သက်မှုကို လျှို့ဝှက်ချက်တစ်ခုဆိုတာ အဲဒီလူ သေချာပေါက် သိနေတယ်။ တစ်ယောက်ယောက်သာ သိသွားခဲ့ရင် သူတို့နှစ်ယောက်လုံး ထိခိုက်နစ်နာသွားနိုင်တဲ့ မလျော်ကန်တဲ့ ပတ်သက်မှုမျိုးလေ။ သူတို့ရဲ့ ပတ်သက်မှုကို ဖုံးကွယ်ထားရုံနဲ့တင် မလုံလောက်သေးတဲ့အချိန်မှာ သူက ဒါရိုက်တာကိုပါ ဒီနေရာကို ဖိတ်ခေါ်လိုက်သေးတယ်။
ဒါယွန်း မှာ အစားအသောက်တွေရဲ့ အရသာကို ခံစားအကဲဖြတ်နေဖို့ အချိန်မရှိဘူး။ ထောပတ်နဲ့ ကင်ထားတဲ့ ဂုံးကောင်တွေက ရာဘာတုံးကို ဝါးနေရသလိုပဲ။
"အပြင်မှာ ကြည့်ရတာ ပိုလှတာပဲ" လို့ ဒါရိုက်တာ ပတ်ဂျုံဂျင် က ပြောလိုက်တယ်။
ဒါယွန်း က စားမလို့ လုပ်နေတဲ့ ကြက်သွန်ဖြူကင်ကို ချထားလိုက်ပြီး ပြုံးပြလိုက်တယ်။ ဂျုံဂျင် စကားပြောလိုက်တိုင်း သူမ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရတယ်။ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ဘာလဲဆိုတာကို သူက နောက်ပြောင်ပြီး မေးလာခဲ့ရင် ဘယ်လိုပြန်ဖြေရမလဲ။ သူမဆီက ချွေးစေးတွေတောင် ထွက်လာပြီ။ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုမှာ အမှားလုပ်မိသွားတုန်းကထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသေးတယ်။
"ကျေးဇူးတင်ပါတယ်"
"ဒီက အစ်ကိုကြီးက လူတွေကို သိပ်ပြီး ထောက်ခံပေးလေ့မရှိဘူး။ ဒါပေမဲ့ မစ္စဒါယွန်း က ယုံကြည်ရတဲ့သူလို့ သူက ကျွန်တော့်ကို ပြောတယ်။ တခြားတစ်ယောက်သာဆိုရင် ကျွန်တော် ချက်ချင်း ငြင်းလိုက်မှာပဲ။ ဒါပေမဲ့ သူတစ်ပါးကို အကဲခတ်တဲ့နေရာမှာ ဒီလူ့ရဲ့ အမြင်က တကယ်ကို အံ့ဩစရာကောင်းတယ်။ အစ်ကိုကြီး... ဘာစကားမှမပြောဘဲ အစ်ကို အာမခံပေးခဲ့တဲ့သူကို မှတ်မိသေးလား"
"မှတ်မိတာပေါ့"
ဂျုံဂျင် က အဲဒီလူကို ပြောလိုက်တယ်။ ဒါယွန်း က တိုးတိုးလေး သက်ပြင်းချလိုက်တယ်။ ဒါရိုက်တာက သူမကို ကြည့်နေတဲ့အချိန်မှာ အသက်ရှူတာကိုတောင် သတိထားပြီး ရှူနေရတယ်။
"သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးရင် ခင်ဗျား ဒုက္ခရောက်လိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား"
"အေး မင်း ပြောခဲ့သားပဲ"
"ဒါပေမဲ့ နောက်တော့ အဲဒီလူက စက်ရုံတစ်ခုတည်ထောင်ပြီး အရည်အချင်းရှိတဲ့သူတွေကို ခေါ်ယူနိုင်ခဲ့တယ်။ အလတ်စား ကုမ္ပဏီတစ်ခုအနေနဲ့ပါ အောင်မြင်လာပြီး အခုဆို အစ်ကိုကြီးရဲ့ ဆောက်လုပ်ရေးကုမ္ပဏီကိုတောင် ထောက်ပံ့ပေးနေပြီ မဟုတ်လား။ အဲဒီအချိန်မှာပဲ အစ်ကိုကြီးက လူကြည့်ကဲခတ်တော်တယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတာ"
"အာ... သိပ်လည်း မဟုတ်ပါဘူးကွာ။ အဲဒီလူမှာက သူ့မျှော်မှန်းချက်နဲ့သူ ရှိပြီးသား။ ငွေနည်းနည်း လိုနေရုံလေးပါ"
"လုံးဝပဲ။ ကျွန်တော်သာဆိုရင် သူ ဘယ်လိုမျှော်မှန်းချက်ပဲရှိရှိ အဲဒီလို အန္တရာယ်မျိုး ဘယ်တော့မှ အကောင်အထည်ဖော်မှာ မဟုတ်ဘူး။ အဲဒီသဘောနဲ့ ပြောရရင်..."
ဂျုံဂျင် က သူ့ရဲ့ ဝိုင်ခွက်ကို မြှောက်လိုက်တယ်။ ဒါယွန်း လည်း ပြုံးပြီး သူမရဲ့ ခွက်ကို ကိုင်လိုက်တယ်။
"ကျွန်တော်တို့ ဂုဏ်ပြုလိုက်ကြမလား။ အစ်ကိုကြီး ကိုယ်တိုင် ထောက်ခံပေးထားတာဆိုတော့ ဒီရုပ်ရှင်လည်း အောင်မြင်မှာ သေချာပါတယ်"
"အဲဒါဆို ငါ့အတွက်လည်း ကောင်းတာပေါ့"
ခွက်ချင်းတိုက်ပြီးနောက်မှာ သူမ တစ်ငုံ သောက်လိုက်တယ်။ သူမ ပါးစပ်က ခြောက်ကပ်နေဆဲပဲ။ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ သူမ တစ်သက်မှာ တစ်ခါရခဲတဲ့ အခွင့်အရေးတစ်ခုလေ။ ကျေးဇူးတင်စွာနဲ့ လက်ခံသင့်ပေမယ့် ဒီအခွင့်အရေးက သူမအတွက် အရမ်းလွယ်လွယ်ကူကူ ရလာတဲ့အတွက် အရမ်းလည်း ကြောက်စရာကောင်းနေတယ်။ ဒီဒါရိုက်တာက သူမဆီမှာ ဘာကိုမြင်လို့ အဓိက ဇာတ်ပို့နေရာကနေ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။ သူက ဘာလို့ ဘာမှ မမေးတာလဲ။ သူတို့က သီးသန့်နေရာလေးတစ်ခုမှာ ရှိနေလို့ အဲဒီအကြောင်းအရာကို တမင်သက်သက် ရှောင်လွှဲနေတာလား။
သူမ ခေါင်းထဲမှာ မေးခွန်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ ဖျော်ဖြေရေး အစီအစဉ်ပေါင်းများစွာမှာ ကျရှုံးပြီးနောက် ယုံကြည်မှုတွေ လုံးဝ ပျောက်ဆုံးသွားကတည်းက သူမဟာ အရှုံးပေးချင်စိတ်တွေ လွှမ်းမိုးခံနေရတယ်။ အဲဒါကို သူမ သိပေမယ့်လည်း မရုန်းထွက်နိုင်ခဲ့ဘူး။ တစ်စုံတစ်ယောက်က သူမကို စေတနာနဲ့ ချဉ်းကပ်လာရင်တောင် အမြဲတမ်း သံသယဝင်နေတတ်တယ်။
'စိတ်ကို တည်တည်ထားစမ်းပါ'
ရှေ့မှာချထားတဲ့ ရေကို သောက်ရင်း ဒါယွန်း က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်တယ်။ သူမ အဲဒီအကြောင်းကို အလေးအနက် မတွေးသင့်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါက သူတို့ရဲ့ အချစ်သစ်ကနေ ရလာတဲ့ အခွင့်အရေးဖြစ်လို့ လက်ခံလိုက်သင့်တယ်လို့ပဲ တွေးလိုက်တယ်။
"အာ... ဟုတ်သားပဲ။ အစ်ကိုကြီး... အစ်ကို့သမီး နိုင်ငံခြားရေးဝန်ထမ်း ရွေးချယ်ရေးစာမေးပွဲ အောင်သွားတယ်လို့ ကြားတယ်။ ဝါး... သမီးဖြစ်သူရဲ့ ဉာဏ်ကောင်းတာက မိန်းမဖြစ်သူနဲ့ တူတာပဲ"
"အင်း... အဲဒီလိုပဲ ထင်တာပဲ"
"ဒါပေမဲ့ အစ်ကိုကြီးက သူ့ကို ခွင့်ပြုလိုက်တာတော့ အံ့ဩမိသား။ မိန်းကလေးတစ်ယောက် အိမ်နဲ့ဝေးရာမှာ နေရတာ ခက်ခဲမှာပဲ"
"အဲဒါက သူ ဖာသာသူ ဖြေရှင်းရမယ့် ကိစ္စလေ။ ဘာပဲဖြစ်ဖြစ် သူက ငါ့စကား နားထောင်တာမှ မဟုတ်တာ။ အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီးသံအမတ် ဖြစ်ရမယ် ဆိုလားပဲ... အဲဒါက သူ့အိပ်မက်လို့ ပြောတယ်။ အင်းလေ... အိမ်က အကောင်းဆုံးဆိုတာကို သိဖို့ လက်တွေ့ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို သူ ကြုံတွေ့ရမှာပေါ့။ အမေရိကန်ကနေ ပြန်ရောက်တာ သိပ်တောင် မကြာသေးဘူး။ ထွက်သွားဖို့ ပြန်တွေးနေပြန်ပြီ"
"အဲဒါတောင် မျက်နှာကြီးက ပြုံးဖြီးနေတယ်ပေါ့လေ"
အဲဒီလူနှစ်ယောက်က တော်တော်လေး ရင်းနှီးပုံရတယ်။ အဲဒီလူကို ကြည့်ရင်း ဒါယွန်း က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်။ သူက သူ့ရဲ့ တိတ်တိတ်ပုန်းကောင်မလေးကို ရင်းနှီးတဲ့ အသိတစ်ယောက်ကို လာပြတယ်ပေါ့။ သူ တော်တော် ရဲတင်းတာပဲ။ သူသာ အမှားတစ်ခုခုလုပ်မိပြီး ဖောက်ပြန်နေတယ်ဆိုတဲ့ အမှန်တရားကို ဖွင့်ဟမိလိုက်ရင် အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မယ်။
စိတ်မသက်မသာ ဖြစ်နေရလို့ပဲလားမသိဘူး။ အချိန်တွေ အရမ်းနှေးကွေးနေသလို ခံစားရတယ်။ စားပွဲထိုး လာချပေးတဲ့ သိုးသားဟင်းလျာကို လှီးဖြတ်နေရင်းနဲ့ ဒီနေရာကနေ ထွက်ပြေးချင်တယ်ဆိုတဲ့ အကြောင်းကိုပဲ သူမ တွေးနေမိတယ်။
"ဒါဆို ကျွန်တော် သွားတော့မယ်"
ဒါယွန်း က ခေါင်းမော့ကြည့်လိုက်တယ်။ အဲဒီလူက လက်သုတ်ပဝါနဲ့ ပါးစပ်ကို သုတ်ပြီး မတ်တတ်ရပ်လိုက်တယ်။ သူမ ဘာလုပ်ရမလဲဆိုပြီး သူ့ကို ငေးကြည့်နေတုန်းမှာပဲ အဲဒီလူက ထိုင်ခုံမှာပဲ ဆက်ထိုင်နေဖို့ အချက်ပြလိုက်တယ်။
"သွားတော့မလို့လား"
"သွားရမယ်။ အလုပ်ကိစ္စလေး ရှိသေးလို့။ မင်းတို့နှစ်ယောက် အချင်းချင်း စကားပြောကြပေါ့။ ရုပ်ရှင်အကြောင်းကို ပြောတာပါ"
ဂျုံဂျင် က ထိုင်ခုံကနေ ထလိုက်တယ်။ ဒါယွန်း လည်း အတူတူ လိုက်ထလိုက်တယ်။
"ဒါဆို အပြန်လမ်းမှာ ဂရုစိုက်သွားဦး အစ်ကိုကြီး။ အာ... အစ်မကြီးကိုလည်း နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါ။ ပြီးတော့ သူသိတဲ့ ကောင်မလေးချောချောလေး ရှိရင် ကျွန်တော့်ကို မိတ်ဆက်ပေးဖို့ ပြောဖို့လည်း မမေ့နဲ့ဦး"
အဲဒီလူ မထွက်သွားခင် သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ တံခါးမပိတ်ခင်အထိ ဂျုံဂျင် မျက်နှာမှာ အပြုံးတွေ ဝေဆာနေပေမယ့် တံခါးပိတ်သွားတာနဲ့ သက်ပြင်းချပြီး ထိုင်ချလိုက်တယ်။
"အစ်ကိုကြီးရဲ့ အကြိုက်တွေက နည်းနည်းလေးတောင် မပြောင်းလဲသေးပါလား"
ဒါယွန်း ရဲ့ နှုတ်ခမ်းတွေ တုန်ယင်လာသလို ခံစားလိုက်ရတယ်။ သူမရဲ့ အပြုံးတွေက တောင့်တင်းသွားတယ်။ ချက်ချင်းပဲ သတိပြန်ဝင်လာပြီး ဘာမှမကြားလိုက်ရသလိုမျိုး ပြန်ထိုင်လိုက်တယ်။
"သူနဲ့ သိတာ ဘယ်လောက်ကြာပြီလဲ"
"အို..."
သူမ ဘယ်လို ပြန်ဖြေရမလဲ မသိတော့ဘူး။ သူတို့နှစ်ယောက် တွေ့ခဲ့တာ လွန်ခဲ့တဲ့ လေးနှစ်ကတည်းကလေ။ ဒီနေရာမှာ ရိုးရိုးသားသားပဲ ပြောလိုက်ရမလား၊ ဒါမှမဟုတ် သူ့ကို လှည့်စားလိုက်တာက ပိုကောင်းမလား။
"တစ်နှစ်တောင် မပြည့်သေးပါဘူး"
"တစ်နှစ်ပေါ့လေ"
ဂျုံဂျင် က ပြုံးလိုက်ပြီး သူ့ရှေ့က သိုးသားကင်ကို လက်ဗလာနဲ့ ကိုင်လိုက်တယ်။ အရိုးကနေ ကိုင်ပြီး အနံ့ခံလိုက်ပြီးနောက် အကြီးကြီး တစ်ကိုက် ကိုက်စားလိုက်တယ်။
"ကျွန်တော့်ကို လိမ်ပြောစရာ မလိုပါဘူး။ သူ့ဆီကနေ ကျွန်တော် အကုန် ကြားပြီးသားပါ။ ကျွန်တော်က မင်း ထင်နေသလို ရှေးရိုးစွဲသမား မဟုတ်ပါဘူး။ 'ရုံးက မယား' ဆိုတဲ့ စကားလုံးက အလကားနေရင်း ပေါ်လာတာမှ မဟုတ်တာ။ လူတစ်ယောက်က နေ့တိုင်း အစားအစာ တစ်မျိုးတည်းကိုပဲ ဘယ်လိုလုပ် စားနိုင်မှာလဲ။ တစ်ခါတလေတော့လည်း ခေါက်ဆွဲ၊ ဆူရှီ၊ ဒါမှမဟုတ် အသားကင် စသဖြင့် ပြောင်းစားရမှာပေါ့"
အဲဒီစကားတွေက အရမ်းကို သံသယဖြစ်စရာ ကောင်းနေတယ်။ ဒါယွန်း က သူမရဲ့ လက်နှစ်ဖက်လုံးကို စားပွဲအောက်ကို ချက်ချင်း ချလိုက်တယ်။ သူမရဲ့ လက်တွေ တုန်ယင်နေတာကို သူ့ကို မမြင်စေချင်ဘူးလေ။
"မင်းက အစ်ကိုကြီး အမြဲတမ်းပြောလေ့ရှိတဲ့ စံပြကောင်မလေးနဲ့ တူတယ်။ ဪ... ကျွန်တော် အကြံဉာဏ်တစ်ခုလောက် ပေးပါရစေ။ မျက်နှာကို ဘာခွဲစိတ်မှုမှ မလုပ်နဲ့။ မင်း သူ့ကို လိုအပ်တယ်ဆိုရင် အခု မျက်နှာလေးကိုပဲ ဆက်ထိန်းထားသင့်တယ်"
"...ဘာကို ဆိုလိုတာလဲ ကျွန်မ နားမလည်ဘူး"
"မစ္စဒါယွန်း... ကျွန်တော်တို့က ကလေးတွေမှ မဟုတ်တာ။ ဖတ်စာအုပ်ကို ဖွင့်ပြီး အဲဒီအထဲက စာတွေကို ဖတ်ပြရမှာလား။ လိင်မှုကိစ္စဆိုတာ ဖြူစင်ပြီး လှပတဲ့အရာတစ်ခုလို့လေ...။ အဲဒီလို မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိကြပါတယ်။ လိင်မှုကိစ္စက ဘယ်လိုလုပ် ဖြူစင်မှာလဲ။ အဲဒါက ရမ္မက်ဆန္ဒရဲ့ ပြယုတ်ပဲလေ"
ဂျုံဂျင် က သူ့လက်မှာ ပေနေတဲ့ ဆော့စ်တွေကို လျှာနဲ့လျက်လိုက်တယ်။ ဒါယွန်း က ဒီအခြေအနေကြီး တစ်ခုလုံးထက် ဂျုံဂျင် လို့ခေါ်တဲ့ ဒီလူ့ကို ပိုပြီး ကြောက်လာတယ်။ အဲဒီလူက ဘာလို့ သူတို့နှစ်ယောက်ကို ဒီနေရာမှာ ထားခဲ့တာလဲဆိုတာကို နောက်ဆုံးတော့ သူမ သဘောပေါက်သွားပြီ။ ဘယ်တော့မှ ဖွင့်မပြောသင့်တဲ့ လျှို့ဝှက်ချက်တစ်ခုကို မျှဝေခံစားနိုင်လောက်တဲ့အထိ သူတို့က ရင်းနှီးကြတာကိုး။ ဒီလူက အရာအားလုံးကို သိနေတာပဲ။
သူမက လက်နှစ်ဖက်ကို ပေါင်ပေါ်မှာ ယှက်ထားလိုက်တယ်။ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ လက်ဖမိုးပေါ်မှာ အပြာရောင် သွေးကြောတွေ ထောင်တက်နေတာကို မြင်လိုက်ရတယ်။
"အစ်ကိုကြီးက မင်းကို ချစ်လောက်ပါတယ်။ သူက အေးစက်စက်နိုင်တဲ့ လူတစ်ယောက်လို ထင်ရပေမယ့် တော်တော်လေးကို ရိုမန်တစ်ဆန်တာ။ ဒါ့အပြင် သူက သဘောလည်းကောင်းတယ်။ မိန်းမဖြစ်သူနဲ့ ရန်ဖြစ်ထားလို့ သူ နည်းနည်း စိတ်ရှုပ်နေတယ် ထင်ပါတယ်။ ဒါပေမဲ့ သူက ဒီည အိမ်ပြန်ရောက်တာနဲ့ မိန်းမအတွက် လက်ဆောင်တစ်ခုယူသွားပြီး နားနားကပ်ကာ အချစ်စကားတွေ တီးတိုးပြောမယ့် လူစားမျိုးလေ။ သူက သူချစ်တဲ့သူတွေအပေါ် အရမ်းကို သံယောဇဉ်ကြီးတာ။ တစ်ချိန်တည်းမှာပဲ သူက လွတ်လပ်တယ်။ သူက သူ့မိန်းမကို ချစ်သလိုမျိုး တခြားမိန်းမတွေကိုလည်း ချစ်တတ်တယ်။ သူ ဖောက်ပြန်နေတယ်ဆိုပြီး လူတွေက သူ့ကို လက်ညှိုးထိုးကြလိမ့်မယ်။ ဒါပေမဲ့ မမိသရွေ့တော့ အဆင်ပြေပါတယ်... ဟုတ်တယ်မလား"
အဲဒီနောက် ဂျုံဂျင် က ပုစွန်ရိုဇေးပါစတာကို လက်နဲ့ ပြန်နှိုက်စားနေပြန်တယ်။ ခက်ရင်းနဲ့ ဇွန်း မသုံးဘဲ လက်နဲ့ စားနေတဲ့ သူ့ပုံစံက အံ့ဩစရာကောင်းလောက်အောင် သူ့အတွက် အလိုက်ဖက်ဆုံး ဖြစ်နေတယ်။
"အို..."
ဒီနေရာမှာ သူမ ဘာပြန်ပြောရမလဲ။ ဆင်ခြေပေးဖို့က နောက်ကျသွားပြီလေ။ ဒါပေမဲ့ အမှန်တိုင်း ပြောရမယ်ဆိုရင်လည်း နည်းနည်းတော့ ရယ်စရာကောင်းနေလိမ့်မယ်။ သူမက 'ကိုယ်ကျင့်တရား' ဆိုတဲ့ စကားလုံးနဲ့ အလှမ်းဝေးလွန်းပေမယ့် ကိုယ်ကျင့်တရားကြောင့်ပဲ ရင်ထဲမှာ တွေဝေနေမိတယ်။ ဟင့်အင်း... ကိုယ်ကျင့်တရား ကြောင့်ချည်းပဲတော့ မဟုတ်ဘူး။ သူမ ကြောက်လည်း ကြောက်နေတယ်။ မျက်နှာချင်းဆိုင်က လူကို သူမ ကြောက်နေတာ။
"ကဲ... မင်းကို စိတ်ငြိမ်သွားအောင် လုပ်လိုက်တာဖြစ်ပေမယ့် ပိုတောင် စိတ်လှုပ်ရှားသွားအောင် လုပ်မိသလို ဖြစ်သွားပြီ"
ဂျုံဂျင် က လျှာကို ထုတ်ပြီး သူ့လက်ချောင်းတွေကို ပွတ်တိုက်လိုက်တယ်။ ပြီးတော့မှ ခွက်ထဲက ရေနဲ့ လက်ချောင်းတွေကို ဆေးကြောလိုက်တယ်။ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်တဲ့ ဂျုံဂျင် ကို ဒါယွန်း က ငေးကြည့်နေမိတယ်။ သူက သူမဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။ သူမရဲ့ ဘေးနားမှာပဲ ရပ်လိုက်တဲ့အခါ သူက အရမ်းကို ကြီးမားနေသလိုပဲ။ အရပ် ၁၇၀ စင်တီမီတာတောင် မပြည့်ဘူးလို့ ထင်ရပေမယ့် အခုအချိန်မှာတော့ သူက ကျော်ဖြတ်လို့မရတဲ့ တောင်ကြီးတစ်လုံးလိုပဲ။
သူမကို စိုက်ကြည့်နေတဲ့ သူ့အကြည့်တွေကို သူမ မခံနိုင်တော့ဘူး။ ခေါင်းကို တစ်ဖက်လှည့်လိုက်ဖို့ လုပ်နေတုန်းမှာပဲ ဂျုံဂျင် က သူမရဲ့ မေးစေ့ကို ဆွဲကိုင်လိုက်တယ်။ လန့်ဖြတ်သွားသလို သူမ တွန့်ခနဲ ဖြစ်သွားတယ်။ အဲဒီလက်ကို ဖယ်ထုတ်ပစ်ရမှာ မဟုတ်ဘူးလား။ ဒါပေမဲ့ ကြိုးနဲ့ တုပ်ခံထားရသလိုပဲ သူမ ခန္ဓာကိုယ်က နောက်ဆုတ်သွားတယ်။
"ဟင်း... မိတ်ကပ်လေး နည်းနည်း လိမ်းလိုက်ရင် မင်း ပိုလှသွားမှာ"
"ဟ-ဟုတ်ကဲ့"
"မင်းရဲ့ လည်တိုင်လေးကလည်း လှတယ်။ အစ်ကိုကြီး မင်းကို ချစ်တာ မဆန်းပါဘူး"
သူ့ရဲ့ နောက်လက်တစ်ဖက်က သူမဆီ ကျရောက်လာတယ်။ သူမရဲ့ လည်ပင်းကို တစ်ချက် ပွတ်သပ်လိုက်ပြီး အောက်ဘက်ကို ဆင်းသွားတယ်။ ဒါယွန်း ခေါင်းထဲမှာ ခရုတစ်ကောင်ကို ပြေးမြင်လိုက်တယ်။ ချွဲကျိကျိနဲ့ ရွံစရာကောင်းတဲ့ ခရုတစ်ကောင်က သူမ ခန္ဓာကိုယ်ပေါ် တွားသွားနေသလို ခံစားလိုက်ရတယ်။ သူမ အော်ဟစ်ချင်ပေမယ့် အသိစိတ်က သူမ အသံကို ဖိနှိပ်ထားလိုက်တယ်။ သူမသာ ဒီနေရာမှာ အော်လိုက်ရင် အရာအားလုံး ပြီးဆုံးသွားတော့မှာလေ။
သူမရဲ့ ရင်ဘတ်အကွဲကြောင်းဆီကို နီးကပ်လာချိန်မှာပဲ အဲဒီလက်က ရပ်တန့်သွားတယ်။ အဲဒီလက်က ရှေ့ဆက်မတိုးတော့ဘူး။ လက်ဝါးကပ်တိုင်ပုံစံ ဆွဲကြိုးလေးကိုပဲ ထိကိုင်လိုက်တယ်။
"မင်း ဘုရားကျောင်း သွားလား"
"ဟ-ဟုတ်ကဲ့"
"ခရစ်တော်က လူကောင်းတစ်ယောက်ပါ။ ဆုတောင်းရုံနဲ့တင် ကယ်တင်ခြင်းရနိုင်တယ်လို့ ကျွန်တော် ကြားဖူးတယ်။ သူက တော်တော် ရက်ရောတဲ့သူ ဖြစ်ရမယ်။ အဲဒီသဘောနဲ့ ပြောရရင် ဗုဒ္ဓကလည်း ကျေးဇူးတင်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ပါးပါပဲ။ မင်း အဲဒီလို မထင်ဘူးလား"
"ဟ-ဟုတ်... ထင်ပါတယ်"
ဂျုံဂျင် က ဆွဲကြိုးကို ချလိုက်ပြီး နည်းနည်း တွန့်ကြေနေတဲ့ သူမရဲ့ ဂါဝန်လေးကို သပ်ရပ်အောင် လုပ်ပေးလိုက်တယ်။
"မင်းရဲ့ ခန္ဓာကိုယ်အချိုးအစားက တော်တော်လှတာပဲ။ တစ်ခုခု ကုသမှု ခံယူထားတာလား"
"ဟင့်အင်း"
"ခက်ခဲမှာပဲ။ ဆိုလိုတာက မိန်းကလေးတစ်ယောက် ခန္ဓာကိုယ်အချိုးအစား ကျဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ... ဟုတ်တယ်မလား။ လေ့ကျင့်ခန်း လုပ်ရတာတွေရော... အစားအသောက် ဆင်ခြင်ရတာတွေရော ပါမှာပေါ့"
ဂျုံဂျင် က သူ့လက်နှစ်ဖက်က လက်မနဲ့ လက်ညှိုးတွေကို ထောင့်မှန်စတုဂံပုံစံ လုပ်လိုက်ပြီး ဓာတ်ပုံရိုက်နေသလိုမျိုး ခြေသုံးလှမ်းအကွာကနေ သူမကို ကြည့်လိုက်တယ်။
"မင်း ခန္ဓာကိုယ်ကောက်ကြောင်းကလည်း လှတယ်။ ကျွန်တော့်အတွက် ပြုံးပြလို့ရမလား"
သူမက စကားနားထောင်တဲ့ ခွေးလေးတစ်ကောင်လို ပြုံးပြလိုက်တယ်။ ခပ်ရေးရေး အပြုံးကနေ တောက်ပပျော်ရွှင်တဲ့ အပြုံးတစ်ခုဆီကိုပေါ့။ သူ ခိုင်းတာမှန်သမျှကို သူမ လုပ်ပြခဲ့တယ်။
"ကျွန်တော် ရိုက်ထားတဲ့ ရုပ်ရှင်ကို ကြည့်ဖူးလား"
"ဟုတ်ကဲ့... အလယ်တန်းတုန်းကပါ"
"အဲဒါ ဘယ်တုန်းကလဲ"
"လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထင်ပါတယ်"
"ဘယ်လိုနေလဲ"
"ရင်ထဲ ထိသွားတယ်"
"ရင်ထဲ ထိသွားတယ်ပေါ့လေ။ မင်း ကျွန်တော့်ကို မြှောက်ပြောနေတာပဲ"
ဂျုံဂျင် က လက်နှစ်ဖက်ကို ဆန့်တန်းရင်း ထိုင်ချလိုက်တယ်။ ဒါယွန်း က သူမရဲ့ တုန်ယင်နေတဲ့ လက်တွေနဲ့ ဒူးကို ဖိထားလိုက်တယ်။ စကားပြောလေလေ သူမရဲ့ အကြောက်တရားက ပိုနက်ရှိုင်းလေလေပဲ။ ဘယ်လိုလူမှန်းမသိတဲ့ ဒီလူက သူမကို အရမ်း ဖိအားပေးလွန်းတယ်။
"မစ္စဒါယွန်း"
"ရှင်"
"ကျွန်တော် စီးပွားဖြစ် ရုပ်ရှင်တစ်ခု ရိုက်တော့မယ်။ အနုပညာရည်ရွယ်ချက်သက်သက် အင်ဒီးရုပ်ရှင်တွေကိုပဲ ဆက်တိုက်ရိုက်လာခဲ့တာ လူတွေက ကျွန်တော့်ကို သိပ်မသိကြတော့ဘူး။ စီးပွားဖြစ် ရုပ်ရှင်တစ်ကားနဲ့ ပိုက်ဆံနည်းနည်း ရှာဖို့ စီစဉ်နေတာ"
"ဟ-ဟုတ်ကဲ့... နားလည်ပါပြီ"
"တကယ်တော့ ရုပ်ရှင်တွေက တော်တော် ထူးဆန်းတယ်။ တစ်ဖက်ကကြည့်ရင် စတော့ရှယ်ယာတွေနဲ့ တူတယ်။ နာမည်ကြီး မင်းသားမင်းသမီးတွေချည်း သုံးပြီး ရိုက်တာတောင် အကြီးအကျယ် ကျရှုံးသွားတဲ့ အခြေအနေတွေ ရှိသလို နာမည်မကြီးတဲ့ B အဆင့် သရုပ်ဆောင်တွေကိုပဲ သုံးထားပေမယ့် ကြည့်ရှုသူ ခြောက်သန်းလောက်အထိ အောင်မြင်သွားတဲ့ အခြေအနေတွေလည်း ရှိတယ်။ ရုပ်ရှင်တစ်ကား အောင်မြင်ဖို့ဆိုတာ စတော့ဈေးကွက်လိုပဲ ခန့်မှန်းရ တော်တော်ခက်တယ်။ ဒါကြောင့်မို့ ကျွန်တော်က ရုပ်ရှင်ရိုက်ကူးရေး မှတ်တမ်းတွေကို မယုံဘူး။ ကျွန်တော့်ရဲ့ ပင်ကိုယ်အသိစိတ်ကိုပဲ ယုံတယ်"
"ပင်ကိုယ်အသိစိတ်..."
"ဟုတ်တယ်... ပင်ကိုယ်အသိစိတ်။ အစ်ကိုကြီးက တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်လို့ ပြောတုန်းက ကျွန်တော့်မှာ အဲဒီခံစားချက်မျိုး ရခဲ့တယ်။ အဲဒီ အစ်ကိုကြီးကလည်း ပင်ကိုယ်အသိစိတ် ကောင်းတယ်လေ။ မင်းကို မြင်လိုက်တဲ့အချိန်မှာတော့ မင်းက ကံကောင်းခြင်း နတ်သမီးလေးအနေနဲ့ ကျွန်တော့် ရုပ်ရှင်ထဲမှာ ထည့်သုံးဖို့ တန်ဖိုးရှိတယ်ဆိုတာကို သေချာသိလိုက်တယ်"
ဂျုံဂျင် က ခက်ရင်းနဲ့ ဓားကို ကောက်ကိုင်လိုက်တယ်။ အရင်လို ရိုင်းစိုင်းတဲ့ပုံစံနဲ့ မစားတော့ဘဲ လူကြီးလူကောင်းတစ်ယောက်လို ခက်ရင်းနဲ့ ဇွန်းကို သုံးပြီး စတင်စားသောက်လိုက်တယ်။
"သရုပ်ဆောင်ဖို့ ကြိုးစားကြည့်ဖူးလား"
"ဟင့်အင်း... မလုပ်ဖူးပါဘူး"
"ဒါဆို မင်း အခုကစပြီး လေ့ကျင့်ဖို့ လိုလိမ့်မယ် ထင်တယ်။ တခြားသရုပ်ဆောင်တစ်ယောက်နဲ့ အချိတ်အဆက်မိမိ သရုပ်ဆောင်ရမယ့် အခန်းတွေကို တတ်နိုင်သမျှ ဖြတ်ချလိုက်မယ်ဆိုရင် မင်းအပေါ် ဝန်ပိတာ နည်းသွားမှာမို့ အဲဒီအတွက် စိတ်ပူစရာ မလိုပါဘူး။ ပြီးတော့ ယုံကြည်ရတဲ့ သရုပ်ဆောင်တွေကိုလည်း ရွေးချယ်ပြီးသွားပြီဆိုတော့ သူတို့ကိုပဲ ပိုပြီး အာရုံစိုက်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် မစ္စဒါယွန်း... မင်းအတွက်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်း အတွေ့အကြုံရဖို့က ပိုအရေးကြီးတယ် မဟုတ်လား။ ကျွန်တော် ပြောတာ မှားသလား"
"...."
"ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။ မင်းရဲ့ အိပ်မက်က မင်းသမီးတစ်ယောက် ဖြစ်လာဖို့ပါလို့တော့ ကျွန်တော့်ကို လာမပြောနဲ့။ မင်း လိုအပ်နေတာက အချိုးအကွေ့တစ်ခုပဲ မဟုတ်လား"
"အချိုးအကွေ့တစ်ခု..."
"ဒီရုပ်ရှင်က အောင်မြင်မှာပါ။ လူကြိုက်များစေမယ့် အချက်အလက်တွေကို အသုံးပြုဖို့ ကျွန်တော် စီစဉ်ထားတယ်။ မစ္စဒါယွန်း... မင်းလုပ်ရမှာက ရုပ်ရှင်ထဲမှာ အကြည့်ရမဆိုးဘဲ ရှိနေဖို့ပါပဲ။ အဲဒါပါပဲ။ ညှို့ယူဖမ်းစားနိုင်တဲ့ သရုပ်ဆောင်ချက်မျိုးလား။ မင်းဆီကနေ အဲဒီလိုမျိုး ကျွန်တော် မမျှော်လင့်ပါဘူး။ မင်းက ဇာတ်လမ်းစီးဆင်းမှုကို မပျက်သွားအောင် လုပ်ဖို့ပဲ လိုတာပါ။ မင်းသာ ကြည့်ချင်စရာကောင်းတဲ့ ပန်းလေးတစ်ပွင့် ဖြစ်လာခဲ့ရင် ကျန်တာတွေကို ငါတို့က မင်းအတွက် အားလုံး တာဝန်ယူပေးလိမ့်မယ်"
"ကျွန်မကို တကယ် သုံးမှာလား"
"ဒါပေါ့။ ကျွန်တော့်ရဲ့ ပင်ကိုယ်အသိစိတ်က သုံးဖို့ပြောနေလို့ သုံးမှာပါ။ ဪ... ဒီနေ့ကစပြီး မှန်ရှေ့မှာ စကားပြောရင်း ကိုယ့်မျက်နှာအမူအရာကို ပြန်ကြည့်ဖို့ လေ့ကျင့်ပါ။ ရုပ်ရှင် ခွေ အနည်းငယ် ပေးလိုက်မယ်။ အဲဒီကားတွေထဲမှာ ပါတဲ့ မင်းသမီးတွေကို အတုခိုးကြည့်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လိုအပ်နေတာက ကာလတို ဖြေရှင်းနည်းတစ်ခုပဲလေ"
"အဲဒီလောက်နဲ့ လုံလောက်ပါ့မလား"
အဲဒီမေးခွန်းကို ကြားတော့ ဂျုံဂျင် က ပြုံးလိုက်ပြီး ခက်ရင်းကို ချထားလိုက်တယ်။
"မစ္စဒါယွန်း"
"...ရှင်"
"ကျွန်တော် ပြောတာကို သေချာနားထောင်။ မင်းအတွက် 'လုံလောက်ပြီ' ဆိုတဲ့ စကားလုံးက မလိုအပ်ဘူး။ မင်းက ပန်းလေးတစ်ပွင့် ဖြစ်လာရမယ်လို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား။ အသက်ဝင်နေတဲ့ ပန်းလေးကို ဆိုလိုတာ မဟုတ်ဘူး။ ပလတ်စတစ်ပန်းလေး ဖြစ်နေရင်လည်း ရတယ်။ ဒါက သရုပ်ဆောင်နေတာပါလို့ လူတွေ ထင်နေသရွေ့ အဆင်ပြေပါတယ်။ တစ်ခုခုကို လုပ်ပြဖို့ မကြိုးစားနဲ့။ မစ္စဒါယွန်း... မင်းက ဘာမှ ကြီးကျယ်ခမ်းနားတဲ့သူ မဟုတ်ဘူး။ ခိုင်းတာကိုပဲ လုပ်။ အဲဒီလိုလုပ်ရင် ရုပ်ရှင်လောကထဲကို အောင်မြင်စွာ ခြေချနိုင်ခဲ့တဲ့ အိုင်ဒေါဆိုတဲ့ ဂုဏ်ပုဒ်ကို မင်းအတွက် ကျွန်တော် ပေးမယ်"
သူက သူ့ကိုယ်သူ အရမ်းကို ယုံကြည်မှုရှိနေပုံရတယ်။ သူ့စကားတွေက တုံ့ဆိုင်းနေတာမျိုးမရှိဘဲ ချောမွေ့နေတယ်။ အဓိပ္ပာယ်မရှိဘဲ ယုတ္တိမတန်ဘူးလို့ ထင်ရပေမယ့် တစ်ဖက်ကကြည့်ရင်လည်း လက်ခံနိုင်စရာ ဖြစ်နေပြန်တယ်။ သူ ပြောတဲ့အတိုင်း အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ သူမ ခံစားလိုက်ရတယ်။
"အင်း... မစ္စဒါယွန်း"
အသားကင်ကို ကြည့်ရင်း ဂျုံဂျင် က ဆက်ပြောလိုက်တယ်။
"ကျွန်တော်နဲ့ရော အတူအိပ်ပေးလို့ ရမလား။ မင်းရဲ့ ညဘက် စွမ်းရည်တွေကို ကျွန်တော် စပ်စုချင်လို့ပါ"
ဒါယွန်း က နောက်ကို တွန့်ခနဲ ဆုတ်သွားပြီး ဂျုံဂျင် ကို ကြည့်လိုက်တယ်။ အဲဒီလို ကြည့်လိုက်တဲ့အချိန်မှာ ဂျုံဂျင် က သူ့လက်ချောင်းတွေနဲ့ ထောင့်မှန်စတုဂံပုံစံ ချက်ချင်း လုပ်လိုက်ပြီး အဲဒီဘောင်ထဲကနေ သူမကို ကြည့်လိုက်တယ်။
"အဲဒီ မျက်နှာအမူအရာပဲ။ အဲဒီ ခံစားချက်ကို မှတ်ထား။ မင်း သရုပ်ဆောင်ရမယ့် ဇာတ်ကောင်မှာ အဲဒီလို အခန်းမျိုး ပါတယ်"
ဒါယွန်း က အဲဒီလူကို စိုက်ကြည့်နေတာကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ခက်ရင်းနဲ့ ဇွန်းသံတွေကလွဲပြီး အခန်းထဲမှာ တိတ်ဆိတ်နေတယ်။
"ဟူး... စားလို့ ကောင်းပါပြီ"
စားသောက်ပြီးသွားတော့ ဂျုံဂျင် က သူ့ပါးစပ်ကို သုတ်လိုက်ပြီး မတ်တတ်ရပ်လိုက်တယ်။
"တခြား ဇာတ်ကောင်နေရာတွေအတွက် လူတွေ သွားတွေ့စရာရှိလို့ ဒီကနေပဲ ကျွန်တော် သွားလိုက်တော့မယ်။ တက်ကြွနေတဲ့ အထက်တန်းကျောင်းသားတချို့ကို သွားတွေ့ရဦးမယ်။ အာ... ဒီတစ်ခါလည်း ကျွန်တော့်ရဲ့ ပင်ကိုယ်အသိစိတ်က တစ်ခုခု ပြောပြပေးရင် သိပ်ကောင်းမှာပဲ"
ဂျုံဂျင် က ပြုံးပြီး လှည့်ထွက်သွားတယ်။
"မစ္စဒါယွန်း... ကံကောင်းပါစေ"
တံခါးပိတ်သွားတဲ့အထိ သူ့ရဲ့ ကျောပြင်ကို ဒါယွန်း က ခဏလောက် ငေးကြည့်နေခဲ့တယ်။ တံခါးပိတ်သွားတဲ့အခါမှာတော့ သူမ ခန္ဓာကိုယ်ကို ကွေးချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ တင်းတင်းစေ့ထားတဲ့ သူမရဲ့ သွားတွေကြားကနေ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
* * * * * * * * *
သူ့ကိုယ်သူ ဒါရိုက်တာ ပတ်ဂျုံဂျင် လို့ မိတ်ဆက်ခဲ့တဲ့ အဲဒီလူက သူ ဆောင်းထားတဲ့ ဖယ်ဒိုရာ ဦးထုပ်ကို ချွတ်ပြီး ထိုင်ချလိုက်တယ်။ သူက ချွန်းဟို နဲ့ ရင်းနှီးပုံရပြီး သူတို့နှစ်ယောက် တွေ့ဆုံချိန်မှာ တက်တက်ကြွကြွ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။
"အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ဒီက အစ်ကိုကြီး ချွန်းဟို ဆီကနေ အကြမ်းဖျင်း ဇာတ်လမ်းကို ခင်ဗျားတို့ ကြားပြီးလောက်ပြီ ထင်ပါတယ်။ ဒီတစ်ခါ ကျွန်တော် ရိုက်မယ့် ရုပ်ရှင်အတွက် စိတ်အားထက်သန်မှု အပြည့်ရှိတဲ့ လူငယ်သရုပ်ဆောင်တချို့ လိုအပ်နေပါတယ်"
ဂျုံဂျင် က ပြုံးပြီး ပြောလိုက်တယ်။
* * * * * * * * *