အခန်း ၃၃၆
Vol. 34 Ch. 336
အခန်း(၃၃၆)
"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်"
"အေးအေး။ ဂရုစိုက်ပြန်ဦး။ မနက်ဖြန် လေ့ကျင့်ရေးမှာ တွေ့မယ်"
"ဟုတ်ကဲ့၊ စီနီယာ"
မာရူးက ဘန်ဂျူး ကို ဘတ်စ်ကားပေါ် တင်ပေးပြီးတဲ့နောက် လမ်းစလျှောက်လာခဲ့တယ်။ ဆူဝမ် ဘူတာရုံပတ်ဝန်းကျင်မှာ ညဘက်ရဲ့ အိုက်စပ်စပ်လေတွေ ပြည့်နှက်နေတယ်။ ဘေးနားက ပေါင်မုန့်ကင်ဆိုင်ဆီကနေ မွှေးပျံ့တဲ့အနံ့လေးကို သူ ရနေတယ်။ ညဥ့်နက်မှ ညစာစားနေကြတဲ့ ရုံးသမားတွေက ဆိုင်ရှေ့မှာ ရပ်နေကြတယ်။ အဲဒီထဲက တစ်ယောက်က ရုတ်တရက် ဖုန်းကိုကိုင်လိုက်ပြီး စားလက်စ ပေါင်မုန့်ကင်ကို အောက်ချလိုက်တယ်။ ဆိုင်ရှင်ကို ကမန်းကတန်း ပိုက်ဆံရှင်းပြီး ဘူတာရုံဘက်ကို လျှောက်သွားတယ်။
တစ်နေ့တာကို အဆုံးသတ်ရမယ့် အချိန်ဖြစ်နေပေမယ့် အလုပ်ရှုပ်နေတဲ့သူတွေ ရှိနေတုန်းပဲ။ မာရူးရဲ့ စိတ်ထဲမှာလည်း လမ်းဘေးသရေစာရောင်းတဲ့ဆိုင် မှာ သိခဲ့ရတဲ့အရာတွေကို တွေးရင်း အလုပ်ရှုပ်နေတယ်။
'Spring Calendar ပါလား'
အဲဒါက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရုပ်ရှင်ကားလေ။ တီဗီမှာလာတုန်းက နှစ်ခါလောက် ကြည့်ဖူးတာကို သူ မှတ်မိနေတယ်။ ဒါပေမဲ့ အချစ်ကားဖြစ်နေတော့ အဆုံးထိ ကြည့်ခဲ့လားဆိုတာကို သူ မမှတ်မိတော့ဘူး။ အစပိုင်းလေးတွေကိုတော့ သူ မှတ်မိနေတယ်။ မိုးရေရွှဲနေတဲ့ ဇာတ်ကောင်နှစ်ယောက် ဘတ်စ်ကားမှတ်တိုင်မှာ စကားပြောနေကြတာလေ။
သူ့ဆီ လျှောက်လာနေတဲ့ အရက်မူးနေသူကို ရှောင်ရင်း ဂွန်ဆူ ရဲ့စကားတွေကို မာရူး တွေးနေမိတယ်။
"အဲဒါ အမကြီးဂျူဟယွန်း ပါခဲ့တဲ့ ကားလား"
“အေး။ သူက ဒါရိုက်တာ့မျက်စိကျခံရပြီး အဲဒီကားကျေးဇူးနဲ့ လူငယ်ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့တာ။ အဲဒီတုန်းက သူ တော်တော်နာမည်ကြီးခဲ့တာ”
"ပြီးတော့ အဲဒီကားရဲ့ ဒါရိုက်တာက ဒါရိုက်တာ ပတ်ဂျုံဂျင် လား"
“ဟုတ်တယ်။ အဲဒီရုပ်ရှင် အကြီးအကျယ်အောင်မြင်သွားပြီး ပါဝင်တဲ့သရုပ်ဆောင်တွေ နာမည်ကြီးလာတော့ ဒါရိုက်တာလည်း အင်တာဗျူး တော်တော်များများ အလုပ်ခံရတယ်။ အဲဒီအချိန်မှာပဲ လူတွေက ပတ်ဂျုံဂျင် ဆိုတဲ့နာမည်ကို သိသွားကြတာ”
"ဒါဆို သူက လက်ရာကြောင့်ချည်း နာမည်ကြီးတာ မဟုတ်ဘူးပေါ့"
“ဟုတ်တယ်။ သူက ထူးခြားတဲ့သူတစ်ယောက်ပဲ။ ငါလည်း သူ့ကို လူကိုယ်တိုင်တော့ မမြင်ဖူးတော့ သေချာပေါက်တော့ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ ကောလာဟလတွေနဲ့ အင်တာဗျူးကို ကြည့်ရသလောက်တော့ သူက တော်တော်ထူးဆန်းတဲ့သူပဲ။ မဟုတ်ဘူး၊ သူ့ကို တစ်မူထူးခြားတယ်လို့ ခေါ်ရမလားပဲ”
ထူးဆန်းတဲ့သူ။ တစ်မူထူးခြားတဲ့သူ။ တကယ်လည်း ဂျုံဂျင် က သာမန်နဲ့ တော်တော်လေး ကွာခြားတယ်။ သူက အလိုလိုသိစိတ်ကို ယုံကြည်တဲ့ ဒါရိုက်တာတစ်ယောက်ပဲ။ မာရူး သူ့ကို အချိန်ခဏလေးပဲ မြင်ဖူးပေမယ့် သူ့အပေါ်မှာ နက်ရှိုင်းတဲ့အထင်ကြီးမှုကို ချန်ရစ်ထားခဲ့တယ်။
"ဘာလို့ လူတွေက သူ့ကို တစ်မူထူးခြားတယ်လို့ ခေါ်ကြတာလဲ"
“ပထမဆုံးအနေနဲ့ သူ့ရဲ့ ပထမဆုံးလက်ရာက Spring Calendar လေ။ ပြီးတော့ အဲဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေးအချိန်က ယုံနိုင်စရာမရှိဘူး။ ပုံမှန်ဆို ရုပ်ရှင်တစ်ကားရိုက်တော့မယ်ဆိုရင် ရိုက်ကူးရေးမတိုင်ခင် အချိန်တွေကို အများဆုံးယူရတယ်။ ဆိုလိုတာက ဇာတ်ညွှန်းရေးရတဲ့အချိန်ပေါ့။ ဘာပဲဖြစ်ဖြစ် ဇာတ်ညွှန်းဆိုတာက ရုပ်ရှင်ရဲ့ ကျောရိုးပဲလေ။ မင်း အတွေ့အကြုံအရ သိလောက်မှာပါ။ မြို့ပြအခြေခံရုပ်ရှင်တွေနဲ့ ရိုက်ကူးဖို့ နေရာသိပ်မပြောင်းရတဲ့ကားတွေဆိုရင် ရိုက်ကူးရေးတစ်ခုလုံး ပြီးဖို့ နှစ်လလောက် အချိန်ယူရတယ်။ ဒါပေမဲ့ ဇာတ်ညွှန်းရေးတဲ့အပိုင်းကို ရောက်လာရင်တော့ အဲဒီထက် ပိုကြာတယ်။ ဒါရိုက်တာက ပြီးပြည့်စုံပြီလို့ မခံစားရမချင်း ဖက်တွယ်ထားတတ်လို့ ပြီးဖို့အတွက် လချီ၊ နှစ်ချီ အချိန်ယူရတတ်တယ်”
အတိတ်ကို ပြန်အမှတ်ရနေသလိုမျိုး ဂွန်ဆူ က တိုးတိုးလေး ရယ်လိုက်တယ်။ နည်းနည်းတော့ အချည်းနှီးနိုင်တဲ့ ရယ်သံလေးပဲ။
“ဒါပေမဲ့ အဲဒီလူက အင်တာဗျူးမှာပြောတာတော့ ဇာတ်ညွှန်းနဲ့ တည်းဖြတ်ပိုင်း ပြီးဖို့ သူ့အတွက် သုံးရက်ပဲ ကြာတယ်တဲ့။ ခေါင်းထဲက စကားလုံးတွေကို ချရေးဖို့ အချိန်ယူရလို့သာ အဲဒီလောက် ကြာသွားတာလို့လည်း သူက ပြောသေးတယ်။ ဒါလေးနဲ့တင် သူ့ကို ပါရမီရှင်လို့ ခေါ်လို့ရနေပြီ။ ဒါပေမဲ့ ငါ အဲဒီနောက်ပိုင်း သိလိုက်ရတာက ပိုပြီး အံ့ဩစရာကောင်းတယ်”
"ဘာသိလိုက်ရလို့လဲ"
“ဒါရိုက်တာ ပတ်ဂျုံဂျင် 'Spring Calendar' ကို ရေးတုန်းက သူ့အသက်က သုံးဆယ့်လေးနှစ်လေ။ ငါ ဘာလို့ မှတ်မိနေလဲဆိုရင် အဲဒီအင်တာဗျူးဆောင်းပါးက တကယ်ကို ယုံဖို့ခက်လွန်းလို့ပဲ။ ဒါရိုက်တာ ပတ်ဂျုံဂျင် ဟာ အသက်သုံးဆယ့်လေးနှစ်တုန်းက သင့်တင့်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ယောက်ပဲ ရှိသေးတာ”
"စားသောက်ဆိုင်ပိုင်ရှင်"
“အေး။ အဲဒီလိုလူက ဖရန်ချိုက်စ် ဖြစ်လာလုနီးပါး အဆင်ပြေနေတဲ့ သူ့လုပ်ငန်းကို စွန့်လွှတ်လိုက်တယ်။ ပြီးတော့ ပျင်းလို့ဆိုတဲ့ အကြောင်းပြချက်သက်သက်နဲ့ စုဆောင်းထားတဲ့ပိုက်ဆံရယ်၊ ရင်းနှီးမြှုပ်နှံမှုတချို့ရယ်နဲ့ ရုပ်ရှင်တစ်ကား ရိုက်ခဲ့တာ”
"သူ့မှာ ရိုက်ကူးထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ဗဟုသုတ ရှိလို့လား"
“သူက စာအုပ်တွေကနေတစ်ဆင့် သင်ယူချင်ခဲ့ပေမယ့် သူ့စတိုင် မဟုတ်လို့ ဆိုပြီး လက်လျှော့ခဲ့တယ်တဲ့။ ပြီးတာနဲ့ ရိုက်ကူးရေးကို တန်းဝင်သွားတာပဲ။ ရလဒ်ကတော့ အကြီးအကျယ် အောင်မြင်သွားတာပေါ့။ အတက်အကျတွေ အများကြီးရှိခဲ့တယ်လို့ လူတွေက ပြောပေမယ့် ရုပ်ရှင်က ရုံတင်နိုင်ခဲ့ပြီး အကြီးအကျယ် အောင်မြင်သွားခဲ့တယ်”
အောင်မြင်နေတဲ့ စီးပွားရေးကို စွန့်လွှတ်ပြီး ရုပ်ရှင်လောကထဲကို တန်းဝင်လာတဲ့လူတစ်ယောက်။ သူက တကယ်ကို တစ်မူထူးခြားတဲ့လူပဲ။
တစ်ချိန်တည်းမှာပဲ မာရူး ခေါင်းထဲမှာ မေးခွန်းတစ်ခု ပေါ်လာတယ်။
နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဆိုတာ နာမည်ကြီး သရုပ်ဆောင်တွေလောက်ကို လူသိများရမှာလေ။ ဆည်းဆာအချိန် ရုန်းကန်မှုများ ကို စမရိုက်ခင်က ချွဲဂျုန်ဂွန် ဆိုတဲ့ နာမည်ကို သူ ကြားဖူးခဲ့တယ်။ တစ်ခေတ်တစ်ခါက အကောင်းဆုံး အချစ်ရုပ်ရှင်လို့ နာမည်ကြီးခဲ့တဲ့ 'Spring Calendar' ရဲ့ ဒါရိုက်တာဆိုတော့ လူအများရဲ့ စိတ်ဝင်စားမှုကို အများကြီး ရသင့်သလို မီဒီယာတွေမှာလည်း သူ့အကြောင်း ဆူညံနေသင့်တာပေါ့။ ဒါပေမဲ့ အဲဒီနာမည်ကို သူ တစ်ခါမှ မကြားဖူးဘူး။ ဒီကိစ္စမှာဆိုရင်တော့ အကြောင်းရင်း နှစ်ခုထဲက တစ်ခုပဲ ဖြစ်နိုင်တယ်။
သူ ရုပ်ရှင်ဆက်မရိုက်တော့တာ၊ ဒါမှမဟုတ် နောက်ထွက်တဲ့ လက်ရာတွေ ဆက်တိုက် ကျရှုံးသွားတာပဲ ဖြစ်ရမယ်။
"ဒါရိုက်တာ ပတ်ဂျုံဂျင် နဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှကို မမှတ်မိသလိုပဲ။ ကျွန်တော် သေချာ သတိမထားမိလို့ ဖြစ်ရမယ် မဟုတ်လား"
“ဒါကြောင့်ချည်းတော့ မဟုတ်လောက်ဘူး။ ငါသိရသလောက်တော့ သူ အဲဒီနောက်ပိုင်း စီးပွားရေးဆန်တဲ့ ရုပ်ရှင်ကားတွေ မရိုက်တော့ဘူး။ အဲဒီအစား ၅ မိနစ်စာ၊ ၁၀ မိနစ်စာ၊ အသံတိတ်ရုပ်ရှင်တွေလိုမျိုး စိန်ခေါ်မှုများတဲ့ ဗီဒီယိုတွေကို သူ စမ်းရိုက်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုကားမျိုးတွေက တောင်ကိုရီးယားမှာ အဆင်မပြေတော့ ဘယ်တော့မှ နာမည်မထွက်လာခဲ့ဘူး။ သူက ဘာလင် နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ပြိုင်ပွဲဝင်မဟုတ်တဲ့ကားအနေနဲ့ ဖိတ်ကြားခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီနောက် ၇ နှစ်ကြာတဲ့အထိ သူ့သတင်း ဘာမှမကြားရတော့ဘူး။ ဒါကြောင့် မင်း သူ့ကို မသိတာ သိပ်တော့ အံ့ဩစရာ မဟုတ်ပါဘူး”
"၇ နှစ်တောင်"
“ကြာတယ် မဟုတ်လား။ ဒါကြောင့် မင်း သူ့အကြောင်း ပြောတုန်းက သူ ဘယ်သူလဲဆိုတာ ငါတောင် မမှတ်မိသလောက်ပဲ။ သူက မေ့ပျောက်ခံလိုက်ရတဲ့ နာမည်တစ်ခု ဖြစ်နေပြီလေ။ ဒါနဲ့ မင်းက ဘာလို့မေးတာလဲ”
"ဒီတစ်ခါ ကျွန်တော် ဇာတ်ရံ အနေနဲ့ ပါဝင်မယ့်ရုပ်ရှင်ကို သူ ရိုက်တာ"
“တကယ်လား။ နာမည်တူတဲ့ တခြားလူများလား”
"အဲဒီလိုတော့ မထင်ဘူး။ ဒီနေ့ သူ့ကို ပထမဆုံးအကြိမ် တွေ့ခဲ့ရတာ။ သူက သာမန်လူတွေနဲ့ မတူဘူး။ နာမည်လည်း တူတယ်၊ စရိုက်လည်း တူတယ်ဆိုတော့ တိုက်ဆိုင်မှုလို့တော့ ကျွန်တော် မထင်ဘူး"
“ဒါရိုက်တာ ပတ်ဂျုံဂျင် ရုပ်ရှင် ပြန်ရိုက်နေတယ်ပေါ့။ မကြာခင် သတင်းတွေ ပြန့်သွားလောက်တယ်။ နေပါဦး၊ မင်းက ဇာတ်ရံ အနေနဲ့ ပါမယ်ဆိုတာလား။ လူရွေးပွဲနဲ့ပတ်သက်ပြီး ငါ ဘာမှမကြားမိပါလား။ အသိပေးစာတွေလည်း ဘာမှမတွေ့ဘူး”
"ကျွန်တော်တော့ မအံ့ဩပါဘူး။ သူက လိုအပ်တဲ့လူတွေကို နေရာတင် တစ်ခါတည်း ရွေးလိုက်တာ။ သူ့အသိတွေကနေတစ်ဆင့် တိတ်တဆိတ် လုပ်နေတယ်လို့ ထင်တယ်"
“နေရာတင် တစ်ခါတည်း လူရွေးလိုက်တယ်ပေါ့”
"ဟုတ်တယ်။ အလိုလိုသိစိတ်အပေါ် အခြေခံပြီး လူရွေးနေတာလို့ သူက ပြောတယ်"
“ဟားဟား။ လူတွေပြောကြသလိုပဲ သူက တကယ်ကို တစ်မူထူးခြားတဲ့လူပဲ”
"တကယ်ကိုပဲ"
“မင်းနေရာ သေချာသွားပြီဆိုရင်တော့ ဂုဏ်ယူပါတယ်လို့ ငါ ပြောရမှာပဲ”
"ကျေးဇူးတင်ပါတယ်"
“ဘာပဲဖြစ်ဖြစ် တစ်ချိန်က ပါရမီရှင်လို့ အခေါ်ခံခဲ့ရတဲ့သူပဲ။ သူနဲ့ အတူအလုပ်လုပ်ရရင် မင်း အများကြီး သင်ယူရနိုင်တယ်။ အကောင်းဆုံး ကြိုးစားပါ”
"ဟုတ်ကဲ့"
“အာ.. ပြီးတော့.. အင်း.. ဘာမှမဟုတ်ပါဘူး။ နောက်မှ တွေ့ကြတာပေါ့။ ဂန်ဟွမ် လည်း ခေါ်ခဲ့လေ”
ဂွန်ဆူ က တစ်ခုခု ပြောတော့မလို လုပ်နေပြီးမှ ဖုန်းချသွားတယ်။
* * * * * * * * *
"ဟေ့ကောင် သောက်ခွေးကောင်။ မင်းက အဲဒီလောက်တောင် ကြီးကျယ်နေတာလား"
လမ်းမီးတိုင်ကို အော်ဟစ်ဆဲဆိုနေတဲ့ အရက်မူးနေသူတစ်ယောက်ကို မာရူး မြင်လိုက်ပြီးမှ သူ့လမ်းသူ ဆက်လျှောက်လာခဲ့တယ်။ ဂျုံဂျင် က ဘယ်လိုလူမျိုးလဲဆိုတာကို အခု သူ နည်းနည်းလောက်တော့ သိသွားပြီ။ ဒီလောက်အချိန်တွေ အကြာကြီးနေမှ ရုပ်ရှင်လောကထဲကို ဘာကြောင့် ပြန်ဝင်လာရတာလဲ။
'ငွေလိုနေလို့လား'
မဟုတ်သေးဘူး။ အဲဒီလိုတော့ မဖြစ်နိုင်ဘူး။ သူက စားသောက်ဆိုင်လုပ်ငန်းမှာ အောင်မြင်မှု တစ်စိတ်တစ်ပိုင်း ရထားပြီးသားလူလေ။ ငွေလိုတယ်ဆိုရင်တောင် တခြားစီးပွားရေးတစ်ခုခုကို သူ စလုပ်လို့ရတာပဲ။
"ရိုးရိုးလေးပဲ စိတ်ပြောင်းသွားတာများလား"
သူက ပျင်းတယ်ဆိုတဲ့ အကြောင်းပြချက်သက်သက်နဲ့ စီးပွားရေးကို စွန့်လွှတ်ပြီး ရုပ်ရှင်စရိုက်ခဲ့တဲ့လူမျိုးလေ။ သူ ဘာတွေတွေးနေလဲဆိုတာကို လိုက်စဥ်းစားနေတာက အချိန်နဲ့ ခွန်အားတွေ ဖြုန်းတီးရာပဲ ရောက်လိမ့်မယ်။ အရေးကြီးတာက အတိတ်မှာ တစ်ချိန်က နာမည်ကြီးခဲ့ဖူးပြီး အဲဒီလိုလူမျိုးက သူ့ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒါက ရုပ်ရှင်ရိုက်ကွင်းအတွေ့အကြုံကို နောက်တစ်ကြိမ် ပြန်ခံစားဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ။
သူ့ရှေ့နားက စတိုးဆိုင် ထဲဝင်ပြီး နို့လက်ဖက်ရည် တစ်ဘူး ဝယ်လိုက်တယ်။ လမ်းလျှောက်ရင်း နို့လက်ဖက်ရည်ကို တစ်ငုံချင်း သောက်လာလိုက်တာ နောက်ဆုံးတော့ ဘတ်စ်ကားမှတ်တိုင်ကို ရောက်သွားတယ်။ အတွေးတွေကို စုစည်းပြီးသွားပြီဆိုတော့ ဘတ်စ်ကားပေါ် တက်ရမယ့်အချိန် ရောက်ပြီလေ။
အိမ်ရောက်တော့ ၉ နာရီ ကျော်နေပြီ။ ဘာဒါ အိမ်မှာ မရှိဘူး။ အိပ်ခန်းမကြီးရဲ့ တံခါးကို ဖွင့်လိုက်တော့ တိုးညင်းတဲ့ အသက်ရှူသံလေးကို သူ ကြားလိုက်ရတယ်။ အမေပဲ။ သူ တံခါးကို တိတ်တဆိတ် ပြန်ပိတ်လိုက်ပြီး သူ့အခန်းသူ ပြန်ဝင်လာတယ်။ ဘာဒါ သူ့သူငယ်ချင်းအိမ်မှာ ညအိပ်သွားပုံရတယ်။ မာရူး ရဲ့ မိဘတွေနဲ့ ဘာဒါ ရဲ့ သူငယ်ချင်းမိဘတွေက ရင်းနှီးကြတော့ သူငယ်ချင်းအိမ်မှာ ညအိပ်တာကို အမေက မသိချင်ယောင်ဆောင်ပေးထားတယ်။
စားပွဲပေါ်က 'ကျွန်တော် တကယ်မတရားခံခဲ့ရတာပါ' ဇာတ်ညွှန်းကို ယူပြီး ကုတင်ပေါ် လှဲချလိုက်တယ်။ သန်ဘက်ခါက အရည်အချင်းစစ်ပွဲ လေ။ အခုလောလောဆယ် သူက ရုပ်ရှင်ထက် ပြိုင်ပွဲကို ပိုပြီး အာရုံစိုက်ထားရမယ်။
"ကုမ္ပဏီကို ကျွန်တော် စဝင်ခါစတုန်းကလေ..."
အမေမနိုးအောင်လို့ မာရူး သူ့ဒိုင်ယာလော့ခ်တွေကို တိုးတိုးလေး ပြောနေပေမယ့် ခံစားချက်ကိုတော့ အပြည့် ထည့်ထားတယ်။ ဒီလေ့ကျင့်မှုက ညဥ့်နက်တဲ့အထိ ကြာသွားတယ်။
* * * * * * * * *
ဆူဝမ် ယဉ်ကျေးမှုစင်တာ။ တစ်နှစ်နီးပါး ကြာပြီးတဲ့နောက် သူ ဒီနေရာကို ပြန်ရောက်လာတယ်။ ရိုးရိုးသားသား ပြောရရင် သူ ဘာမှမခံစားရပါဘူး။ မနှစ်က ဝူဆောင်း က အရည်အချင်းစစ်ပွဲ ကို မအောင်မြင်ခဲ့ဘူးလေ။ ပြဿနာရဲ့ အရင်းအမြစ်က ဂွန်ဆော့ ဖြစ်နေပေမယ့် သူ့တစ်ယောက်တည်းကိုချည်း အပြစ်ပုံချလို့တော့ မရဘူး။ နောက်ဆုံးမှာတော့ သူတို့အားလုံး စင်မြင့်တစ်ခုတည်းမှာ အတူရပ်ခဲ့ကြတာပဲလေ။ အဲဒီအမှားကြောင့် သူတို့အားလုံး ကြက်သေ သေသွားခဲ့ကြပြီး အမှားကို ပြန်မဖာနိုင်ခဲ့ကြဘူး။ ကျရှုံးမှုအတွက် တစ်ယောက်တည်းကို အပြစ်တင်လိုက်တဲ့ အခိုက်အတန့်က သူတို့ရဲ့စွမ်းရည်က ဒီလောက်ပါပဲလို့ ဝန်ခံလိုက်တဲ့ အခိုက်အတန့်ပဲ။
ပရိသတ်ခုံကနေ ဂွန်ဆော့ ရဲ့ အမှားကို မာရူး ကြည့်နေခဲ့တယ်။ ကျန်တဲ့အဖွဲ့ဝင်တွေရဲ့ မျက်နှာအမူအရာတွေပါ အေးခဲသွားတာကိုလည်း သူ မြင်ခဲ့ရတယ်။ သူတို့ ကြောက်လန့်သွားကြတာ နေမှာပါ။ ဘာပဲဖြစ်ဖြစ် သူတို့ အယုံကြည်ရဆုံးသူက အမှားလုပ်လိုက်တာကိုး။ ဒီနေ့မှာလည်း အဲဒီလိုမျိုး ထပ်မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ မဟုတ်ဘူး၊ ဖြစ်ကိုဖြစ်လာမှာ။ အကြီးပဲဖြစ်ဖြစ်၊ အသေးပဲဖြစ်ဖြစ် အမှားဆိုတာကတော့ ရှိလာမှာပဲ။
"ဒီနေ့စင်ပေါ်မှာ အမှားတွေ ရှိလာလိမ့်မယ်။ ကိုယ်ကတော့ အမှားမလုပ်ပါဘူးဆိုပြီး အာမမခံနဲ့။ အမှားလုပ်မိမှာပဲဆိုတဲ့ စိတ်နဲ့ပဲ သွားကြ။ ကိုယ့်ဘေးနားက တစ်ယောက်ယောက် အမှားလုပ်မိရင်လည်း တည်တည်ငြိမ်ငြိမ်ပဲနေပြီး အခြေအနေအရ တုံ့ပြန်လိုက်။ ကိုယ်က ပြာယာခတ်ပြီး လောသွားရင် အမှားလုပ်မိတဲ့သူပါ ပိုပြီး တောင့်တင်းသွားလိမ့်မယ်" ထရပ်ကားပေါ်ကနေ ပစ္စည်းတွေ ချပေးရင်း မာရူး က ပြောလိုက်တယ်။
ပစ္စည်းတွေ စီနေတဲ့သူတွေက လေးလေးနက်နက် ခေါင်းညိတ်ပြကြတယ်။ ဒါက သရုပ်ဆောင်ခါစ လူတွေက သရုပ်ဆောင်ရမယ့် စင်မြင့်တစ်ခုလေ။ အမှား လုံးဝမရှိဘူးဆိုရင်တောင် အဲဒါက ပုံမှန်မဟုတ်သလို ဖြစ်နေလိမ့်မယ်။ အရေးကြီးတာက အဲဒီအမှားကို ချောချောမွေ့မွေ့ ဖုံးကွယ်သွားနိုင်ဖို့ပဲ။ အဲဒီလိုဖြစ်ဖို့အတွက် သူတို့ဘေးနားက တစ်ယောက်ယောက် အမှားလုပ်မိရင် ဘာလုပ်မလဲဆိုတာကို ကြိုပြီး စဉ်းစားထားရမယ်။
"တို့တွေ ရောက်ပြီဟေ့"
မိတ်ကပ်သေတ္တာကို တစ်ဖက်ကဆွဲရင်း ယိုဂျင် ပေါ်လာတယ်။ ယိုဂျင် ရဲ့ ဘေးမှာတော့ သူမ။ သူမရဲ့ လက်ထဲမှာလည်း အားဖြည့်အချိုရည်ပုံး တစ်ပုံး ကိုင်ထားတယ်။
"နင်တို့ရဲ့ အရည်အချင်းစစ်ပွဲ ကော ဘယ်လိုနေလဲ"
"နင်က ငါ့ကို မေးတာလား၊ သူ့ကို မေးတာလား"
ယိုဂျင် က ကလူကျီစယ်တဲ့ အပြုံးမျိုးပြုံးပြီး သူမကိုယ်သူမနဲ့ ဘေးကကောင်မလေးကို တစ်လှည့်စီ လက်ညှိုးထိုးပြတယ်။ မာရူး ကတော့ သူမဘက်ကိုပဲ ကြည့်လိုက်တာပေါ့။
"ဟွန်း၊ ငါ သိသားပဲ"
ယိုဂျင် က သူ့ကိုကျော်ပြီး တခြားသူတွေဆီကို လျှောက်သွားတယ်။ သူမက လက်တွေ့မှာတော့ ဝူဆောင်း ပြဇာတ်ကလပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်လိုတောင် ဖြစ်နေပြီ။ ကလပ်အဖွဲ့ဝင်တွေကလည်း ယိုဂျင် ကို ကြိုဆိုကြတယ်။
"အဲဒါက စင်ပေါ်တက်ရမယ့် ဝတ်စုံလား" လို့ သူမက မေးလိုက်တယ်။
မာရူး ခေါင်းညိတ်ပြလိုက်တယ်။ ကုတ်အင်္ကျီနဲ့ နက်တိုင်။ သေချာတာပေါ့။ နက်တိုင်က သူမ သူ့ကို လက်ဆောင်ပေးထားတဲ့ဟာလေ။
"ကိုယ်နဲ့ လိုက်ရဲ့လား"
"ဘယ်သူ ဝယ်ပေးထားတာမှတ်လို့လဲ။ သေချာပေါက် လိုက်တာပေါ့" သူမက ပြုံးဖြီးဖြီးနဲ့ ပြောတယ်။
"အာ၊ ငါတို့ကတော့ အရည်အချင်းစစ်ပွဲ ကို အထစ်အငေါ့မရှိ ပြီးသွားပြီ"
"မင်းတို့ အောင်မယ်လို့ ထင်လား"
"မြောင်ဟွာ က အရည်အချင်းစစ်ပွဲ ကို ဘယ်တုန်းကမှ မကျဖူးဘူးနော် သိလား"
"မင်း တော်တော် ယုံကြည်မှုရှိနေပုံပဲ"
"အေး၊ ယုံကြည်မှု ရှိတယ်။ ဒါထက်၊ နင်တို့ကော ဘယ်လိုဖြစ်မယ် ထင်လဲ"
မာရူး သူ့အနောက်ကို လှည့်ကြည့်လိုက်တယ်။ ကလပ်အဖွဲ့ဝင်တွေက အဝတ်အစားတွေ ဝတ်ဆင်ပြီး စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့ကာ စကားပြောနေကြတယ်။ သူတို့ စိတ်လှုပ်ရှားနေပုံရပေမယ့် တောင့်တင်းခဲမာနေတာမျိုးတော့ မရှိဘူး။
"ကောင်းပါတယ်"
"တော်သေးတာပေါ့"
"မင်းက သဘောကောင်းလွန်းနေတာ မဟုတ်ဘူးလား။ ကိုယ်တို့က ပြိုင်ဘက်ကျောင်းလေ"
"ဘာပဲဖြစ်ဖြစ် မြောင်ဟွာ က အမြင့်ဆုံးဆုကို ယူသွားမှာပဲလေ။ ပြီးတော့ တစ်ဦးချင်းဆုကလည်း ငါ့ဟာပဲ" အလျှော့ပေးမယ့် ရည်ရွယ်ချက် လုံးဝမရှိတဲ့ပုံစံနဲ့ သူမက ယုံကြည်မှုအပြည့် ပြောလိုက်တယ်။
"အမှားတော့ မလုပ်မိစေနဲ့။ မနှစ်က နင်တို့ရလဒ်တွေ သိပ်မကောင်းခဲ့တာကို ပြောတာ"
"အဲဒါက မနှစ်က သူတို့ဆီမှာ ဟန်မာရူး ဆိုတဲ့ ပါရမီရှင်တစ်ယောက် မရှိခဲ့လို့လေ"
"အဲဒါကို ကိုယ့်ပါးစပ်ကနေ ကိုယ်တိုင်ပြောရတာ မရှက်ဘူးလား"
"တစ်ဦးချင်းဆုက သူ့ဟာလို့ ခုလေးတင် ပြောလိုက်တဲ့သူကို နမူနာယူပြီး လိုက်ပြောလိုက်တာပါ။ ကိုယ်က သိပ်ညံ့နေလို့လား"
"ရှီး၊ နင်က နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား"
"အရင်က အရမ်းစိတ်လှုပ်ရှားခဲ့ဖူးတော့ အခု စိတ်လှုပ်ရှားစရာ ဘာမှမကျန်တော့ဘူး"
မာရူး သူမလက်ထဲက အားဖြည့်အချိုရည်ပုံးကို ယူလိုက်တယ်။
"အချိုရည်အတွက် ကျေးဇူးပဲ"
"ပထမနှစ်တွေကို မတိုက်ခင် ကြိုသတိပေးလိုက်ဦး။ အဲဒီအထဲမှာ ကဖင်းဓာတ်ပါတယ်ဆိုတော့ သူတို့ကို ပိုပြီး ဂနာမငြိမ်ဖြစ်စေလိမ့်မယ်"
မာရူး ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီအချိန်မှာပဲ ယဉ်ကျေးမှုစင်တာက ဝန်ထမ်းတွေက ကျောင်းအသီးသီးက ဆရာတွေကို လှမ်းခေါ်တယ်။ တစ်ဖက်မှာ စကားပြောနေကြတဲ့ မီဆို နဲ့ တေးဆစ် က အဆောက်အအုံဘက်ကို လျှောက်သွားကြတယ်။ နားနေခန်း အသုံးပြုတာနဲ့ပတ်သက်ပြီး သူတို့ကို ရှင်းပြနေပုံရတယ်။
"မာရူး၊ ဒီမှာကိုး"
အဲဒီအချိန်မှာပဲ ရင်းနှီးနေတဲ့ အသံတစ်သံကို မာရူး ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ဘေ့စ်ဘောဦးထုပ် ဆောင်းထားတဲ့ ဆူယွန်း ကို တွေ့လိုက်ရတယ်။
"ရောက်လာတာပဲ။ မလာနိုင်တော့ဘူး ထင်နေတာ"
"ပြိုင်ပွဲပဲလေ အချိန်တော့ နည်းနည်းပေးရမှာပေါ့။ ဒါထက်၊ ဒါက တကယ့်ကို အလွမ်းပြေစရာပဲ။ ရိုးအတဲ့ ကျောင်းသားလေးတွေရဲ့ သရုပ်ဆောင်မှုဆိုတော့"
ဆူယွန်း က ပတ်ဝန်းကျင်ကို ကြည့်ရင်း တောက်ပစွာ ပြုံးလိုက်တယ်။ မာရူး သူ့ဘယ်ဘက်မှာ ရပ်နေတဲ့ သူ့ချစ်သူကောင်မလေးကို ကြည့်လိုက်တယ်။ သူမက နည်းနည်းတော့ သတိထားနေပုံရတယ်။
"အိုး၊ နင်က ဟိုတစ်ခါ လူနာဆောင်မှာ ငါတွေ့ခဲ့တဲ့ ကောင်မလေးမလား။ ဟိုင်း"
"အာ၊ ဟုတ်ပါတယ်။ မင်္ဂလာပါ"
"နင်က မာရူး ရဲ့ ချစ်သူလား"
"အင် အာ၊ ဟုတ်..."
သူမက လွယ်လွယ်ကူကူပဲ ဝန်ခံလိုက်တာကို မြင်တော့ မာရူး ပြုံးလိုက်တယ်။ အဲဒီအပြုံးကိုမြင်တော့ သူမ မျက်နှာနည်းနည်း ရဲသွားတယ်။
"တခြားသူတွေက ဟိုဘက်မှာ"
"အာ၊ ဟုတ်သားပဲ"
ဆူယွန်း တခြားသူတွေဆီကို လျှောက်သွားတယ်။ သူမကိုမြင်တော့ ကလပ်အဖွဲ့ဝင်တွေက ဝမ်းသာအားရ အော်ဟစ်လိုက်ကြတယ်။ လတ်တလော ဇာတ်လမ်းတွဲ ရိုက်ကူးရေးနဲ့ အလုပ်ရှုပ်နေလို့ သူမ သိပ်ထွက်မလာနိုင်တာကြောင့် အခုလို တွေ့ရတာ ဝမ်းသာနေကြပုံပဲ။
"အဲဒီတော့ မင်း သူ့ကို သဘောမကျဘူးပေါ့"
"ဘ-ဘာ။ ငါလား။ အဲ-အဲဒီလောက်တောင် သိသာနေလို့လား" သူမ လန့်ဖြန့်သွားပြီး ပြန်ဖြေတယ်။
"သဝန်တိုနေစရာ မလိုပါဘူး"
"ဘယ်သူက သဝန်တိုလို့လဲ"
"မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။ ဒါထက် ကိုယ့်ကို မိတ်ကပ်လိမ်းတာ ကူပေးပါဦး။ ကိုယ်တို့အလှည့်က စောတယ်ဆိုတော့ မြန်မြန်လုပ်မှရမယ်"
မာရူး သူမရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး တခြားသူတွေဆီကို လျှောက်သွားလိုက်တယ်။
* * * * * * * * *