← Chapters

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း(၃၃၈)

သူ့မျက်လုံးတွေ အမှောင်နဲ့ အသားကျသွားတဲ့အချိန်မှာ ပထမဆုံး မြင်လိုက်ရတာက အမှောင်ထဲမှာလင်းတဲ့ တိပ်ခွေတွေပဲ။ ပထမတိပ်ခွေက အင်္ကျီချိတ်မှာရှိနေပြီး ဒုတိယတစ်ခုက စားပွဲပေါ်မှာ၊ ကျန်တာတွေကတော့ ကြမ်းပြင်ပေါ်မှာ ရှိနေတယ်။ သူ မျက်တောင် နှစ်ချက်သုံးချက်လောက် ခတ်လိုက်တယ်။ စင်မြင့်ရဲ့ အကြမ်းဖျင်းပုံစံကို သူ ဝိုးတဝါး မြင်နေရပြီ။ ဘေးဘက် ကန့်လန့်ကာ တစ်ဖက်မှာရှိနေတဲ့ ဒေးမြောင် ရဲ့ ပုံရိပ်ကို မြင်ပြီးတဲ့နောက် သူ စတင်လျှောက်သွားခဲ့တယ်။

ဖယောင်းသုတ်ထားတဲ့ ကြမ်းပြင်ပေါ်ကို နင်းပြီး အချုပ်ခန်းထဲ သူ ဝင်သွားတယ်။ ဒိုဝူး၊ ဂျီယွန်း နဲ့ ဘန်ဂျူး တို့အားလုံး မထိုင်ခင်မှာ သူတို့ရဲ့ ကိုယ်ပိုင်နေရာတွေကို စစ်ဆေးလိုက်ကြတယ်။ ဒါနဲ့ပဲ သူတို့ စတင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ သူ့ကို စိုက်ကြည့်နေတဲ့ ဘန်ဂျူး ကို မာရူး အချက်ပြလိုက်တယ်။

“ငါသိပြီမို့လို့ တိတ်တိတ်နေကြစမ်းပါ”

ကျယ်လောင်တဲ့ အော်သံနဲ့အတူ မီးတွေလင်းလာတယ်။ ဆူညံနေတာတွေကို စိတ်ပျက်သွားတဲ့ပုံစံနဲ့ ဒေးမြောင် က စုတ်သပ်လိုက်ပြီး သူ့ရဲ့ အနက်ရောင်ဂျာကင်ကို အင်္ကျီချိတ်မှာ ချိတ်လိုက်တယ်။

“အဲဒီမှာ ရပ်မနေနဲ့၊ ဒီကို လာခဲ့တော့”

ဘေးဘက် ကန့်လန့်ကာဆီကို သူ အော်ပြောလိုက်တယ်။ အာရမ် အသက်ပြင်းပြင်းရှူနေတာကို မြင်လိုက်ရတယ်။

‘မကြောက်နဲ့၊ ဖြည်းဖြည်းချင်းပဲ လုပ်ပါ’

ဒေးမြောင် ကို ငေးကြည့်နေတဲ့ ဂျီယွန်း ကို မာရူး ပုတ်လိုက်တယ်။ ပြဇာတ်က စနေပြီလေ။ စင်ပေါ်မှာ စကားပြောနေတဲ့သူတွေပဲ သရုပ်ဆောင်နေရတာ မဟုတ်ဘူး။ တကယ်တော့ စကားပြောစရာမလိုတဲ့သူတွေက သရုပ်ဆောင်တဲ့အခါမှာ ပိုပြီးတောင် ဂရုစိုက်ရသေးတယ်။

ဂျီယွန်း က ချက်ချင်းပဲ မျက်နှာထားကို ပြင်လိုက်ပြီး ပရိသတ်တွေဘက်ကို ကြည့်လိုက်တယ်။ ကျန်တဲ့သူတွေကလည်း အရင်က လေ့ကျင့်ထားတဲ့အတိုင်း သရုပ်ဆောင်ကြပြီး အချုပ်ခန်းထဲက လိုအပ်တဲ့ အငွေ့အသက်မျိုး ရလာအောင် ဖန်တီးလိုက်ကြတယ်။

“ငါ ဘယ်သူလဲဆိုတာ မင်းသိလား”

“ငါမသိဘူး၊ ဒါကြောင့် လောလောဆယ် ဝင်နေလိုက်စမ်းပါ။ မနက်ဖြန်မနက် သက်ဆိုင်တဲ့သူတွေ ရောက်လာမှ ဇာတ်လမ်းအပြည့်အစုံကို နားထောင်မယ်”

“ဒီလိုမျိုး အပြစ်ကင်းတဲ့သူတွေကို အချုပ်ခန်းထဲ ထည့်ခွင့်ရှိလို့လား”

“ဘာပြောတယ်၊ ခင်ဗျား ပြစ်မှုကျူးလွန်ထားလို့ ဖမ်းချုပ်ခွင့်ရှိတာပေါ့။ ပြီးတော့ တကယ်လို့ ခင်ဗျား ဘာပြစ်မှုမှ မကျူးလွန်ထားဘူးဆိုရင် ၄၈ နာရီအတွင်း ထွက်သွားခွင့်ရမှာမို့လို့ အဲဒီအတွက် စိတ်မပူပါနဲ့”

“ဒါပေမဲ့….”

ငိုယိုနေတဲ့ မျက်နှာနဲ့ အာရမ် အချုပ်ခန်းထဲ ဝင်လာတယ်။ ပြဇာတ်တစ်ခုလုံးကို သူမရဲ့ သရုပ်ဆောင်မှုနဲ့ စတင်ရတာမို့လို့ သူမ စိတ်လှုပ်ရှားနေမှာ အသေအချာပဲ။ ဒါပေမဲ့ သူမ အမှားအယွင်းမရှိဘဲ ပြီးဆုံးအောင် လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အာရမ် ကို မာရူး ခေါင်းညိတ်ပြလိုက်တယ်။ အာရမ် က ခပ်ဖျော့ဖျော့ ပြုံးပြပြီး သူမရဲ့ ပုံမှန်မျက်နှာထားကို ပြန်ပြောင်းလိုက်တယ်။ ကြမ်းပြင်ပေါ်မှာရှိနေတဲ့ အာရမ် ရဲ့ ဘယ်ဘက်လက် တုန်ရီနေတာကို မာရူး မြင်လိုက်ရတယ်။ ဒီလိုအခြေအနေမျိုးမှာတောင် သူမ သရုပ်ဆောင်နေတာပဲ။ သူမက တော်တဲ့ ဂျူနီယာလေးတစ်ယောက်ပါ။

* * * * * * * * *

“သူတို့နည်းနည်း စိတ်လှုပ်ရှားနေသလိုပဲနော်”

“အင်း၊ ဒါပေမဲ့ လောလောဆယ်တော့ အဆင်ပြေပါတယ်။ အမှားအယွင်းကြီးကြီးမားမားလည်း မရှိသေးဘူးလေ။ ဒါပေမဲ့ နည်းနည်းတော့ မတည်ငြိမ်သလို မြင်ရတယ်။ ပထမနှစ်တွေက ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ခက်ခက်ခဲခဲ လုပ်နေရတယ်ဆိုတဲ့ ခံစားချက်ကို ဖျောက်ဖျက်ပစ်လို့ မရဘူးဖြစ်နေတယ်။ အခုကြည့်ရတာ အဆင်ပြေပေမယ့် ဒါသာ ဆက်ဖြစ်နေမယ်ဆိုရင် ပရိသတ်တွေလည်း အဆင်မပြေဖြစ်လာလိမ့်မယ်။ အဲဒါက အမှတ်တွေအပေါ်လည်း သက်ရောက်မှုရှိသွားနိုင်တယ်”

ယိုဂျင် က စင်မြင့်ကို လေ့လာဆန်းစစ်နေတယ်။ သူမလည်း ယိုဂျင် ကို သဘောတူမိတယ်။ သူတို့ ကောင်းကောင်းလုပ်နိုင်နေတာတော့ အမှန်ပါပဲ။ ပြဇာတ်စတာ ငါးမိနစ်လောက် ရှိသွားပြီ။ သူတို့ရဲ့ စကားပြောတွေက ချောမွေ့နေပြီး အမူအရာတွေကလည်း ရှုပ်ပွမနေဘူး။ ဒါပေမဲ့ ယိုဂျင် ပြောသလိုပဲ သူတို့ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို ခံစားချက်မျိုးကို သူမ မဖျောက်ဖျက်နိုင်ဘူး။

ဘာဖြစ်လို့ အဲဒီလို ဖြစ်နေရတာလဲ။

“ဟေ့၊ ဟိုမှာ။ တိတ်တိတ်နေကြစမ်း။ အချုပ်ထဲမှာတောင် ပြဿနာရှာချင်နေတာလား”

“ဘယ်သူက ပြဿနာရှာနေလို့လဲ”

ဒေးမြောင် နဲ့ အာရမ် တို့ စကားတွေ အပြန်အလှန်ပြောနေကြတယ်။ အဲဒါကို မြင်လိုက်ရတဲ့အချိန်မှာတော့ ဒီစင်မြင့်က ဘာကြောင့် ရေခဲလွှာပါးပါးလေးပေါ် ရောက်နေသလို ဖြစ်နေရတာလဲ ဆိုတာကို သူမ သဘောပေါက်သွားတယ်။

“ကွာဟချက်က တအားကြီးလွန်းနေတယ်” လို့ သူမက တိုးတိုးလေး ပြောလိုက်တယ်။

ဒေးမြောင် က ရဲအရာရှိ ကာရိုက်တာထဲကို အပြည့်အဝ စီးမျောသွားခဲ့ပြီ။ သူဟာ မုတ်ဆိတ်မွေးနဲ့ အသက်လေးဆယ်အရွယ် ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့ပြီလေ။ သူ့ရဲ့ စကားပြောဟန်နဲ့ ဗိုက်ကို ရှေ့ထုတ်လေ့ရှိတဲ့ အကျင့်ကအစ သူ ဘယ်လောက်တောင် လေ့လာပြီး လေ့ကျင့်ထားရလဲဆိုတာကို ပြသနေတယ်။

ပထမနှစ်တွေက သေချာပေါက် ကောင်းကောင်းလုပ်နိုင်နေတာပါ။ ဒါပေမဲ့ ဒေးမြောင် နဲ့ ယှဉ်လိုက်ရင်တော့ သူတို့က ရင့်ကျက်မှုမရှိသလို ဖြစ်နေတယ်။ သီးခြားစီကြည့်မယ်ဆိုရင်တော့ သိပ်မကွာပေမယ့် ပေါင်းကြည့်လိုက်တဲ့အခါမှာတော့ ကွာဟချက်က သိသာနေတဲ့အတွက် ပရိသတ်တွေကို နားမလည်နိုင်သလို ခေါင်းကုတ်သွားစေတယ်။

ပရိသတ်တွေထဲက ဉာဏ်ကောင်းတဲ့သူတွေက တစ်ခုခုတော့ မှားနေပြီလို့ တွေးနေလောက်ပြီ။ ကံကောင်းတာက ပထမနှစ်တွေ အဲဒါကို သတိမထားမိတာပါပဲ။ သူတို့သာ ဒေးမြောင် ကို အတုခိုးဖို့ ကြိုးစားလိုက်တဲ့အခိုက်အတန့်မှာ မျှခြေပျက်သွားလိမ့်မယ်။

ကျွမ်းကျင်သူမဟုတ်တဲ့ သူမတောင် ဒါကို ခံစားမိတယ်ဆိုရင် ဒိုင်တွေကလည်း သတိထားမိလောက်ပြီဖြစ်ပြီး အမှတ်ပေးတဲ့အပေါ် သေချာပေါက် သက်ရောက်မှုရှိသွားလိမ့်မယ်။

“သူတို့ အလှည့်ကျလုပ်နေကြတာဆိုတော့ မကြာခင် မာရူး အလှည့်ရောက်တော့မယ်ထင်တယ်”

ယိုဂျင် က ရှေ့ကို ကိုင်းလိုက်ပြီး စင်မြင့်ပေါ်ကို အာရုံစိုက်လိုက်တယ်။ သူမလည်း ငြိမ်ကျသွားပြီး သူမရှေ့ကိုပဲ ကြည့်နေလိုက်တယ်။

* * * * * * * * *

တုန်ခနဲဖြစ်သွားတာကြောင့် လန့်ပြီး ဖီဟျွန်း အိပ်ရာကနေ နိုးလာတယ်။ သူ့ဘေးကို ကြည့်လိုက်တော့ အဖွဲ့ခေါင်းဆောင်က အနေခက်တဲ့အပြုံးနဲ့ ခေါင်းကုတ်နေတာကို သူ မြင်လိုက်ရတယ်။ အိပ်မက်ဆိုး မက်တဲ့ပုံစံပဲ။

သူကိုယ်တိုင်လည်း ရှက်သွားတာမို့လို့ ဘောပင်ကိုကောက်ကိုင်ပြီး အမှတ်ပေးဇယားကို ကြည့်လိုက်တယ်။ စင်မြင့်ပြင်ဆင်မှုက ဘယ်လိုနေလဲ။ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသနိုင်ရဲ့လား။ သရုပ်ဆောင်ချက်တွေက ကောင်းရဲ့လား။ အချက်တစ်ချက်ချင်းစီအတွက် သူတို့ ငါးမှတ်ပေးလို့ရတယ်။ အဲဒီအမှတ်က အဖွဲ့တစ်ဖွဲ့ ဖိုင်နယ်တက်မတက်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ သေချာတာပေါ့၊ ပြိုင်ပွဲပြီးတဲ့နောက်မှာတော့ သူတို့သုံးယောက်က ဘယ်အဖွဲ့တွေကို ဖိုင်နယ်လွှတ်မလဲဆိုတာ တိုင်ပင်ကြမှာပါ။ ဒါပေမဲ့ အများအားဖြင့်တော့ အဖွဲ့တွေရဲ့ အဆင့်တွေက တူညီနေတတ်လို့ အမှတ်တွေကပဲ အားလုံးကို ဆုံးဖြတ်ပေးမှာပဲလေ။

သူ့ဘေးကို ကြည့်လိုက်တော့ ပရော်ဖက်ဆာကလည်း ပျင်းရိနေတဲ့မျက်နှာထား ရှိနေတာကို မြင်လိုက်ရတယ်။ မနေ့က အဖွဲ့ရှစ်ဖွဲ့ရှိသလို ဒီနေ့လည်း ရှစ်ဖွဲ့ရှိတယ်။ မနေ့ကတည်းက သူတို့ အားအင်ကုန်ခမ်းနေကြပြီလေ။

'ဒါ တတိယမြောက်အဖွဲ့ဆိုတော့ ဒီနေ့ ငါးဖွဲ့ ကျန်သေးတာပေါ့'

ဒီနေရာမှာ ခြောက်နာရီလောက်ကြာအောင် သူတို့ အချုပ်ခံထားရသလိုပဲ။ တကယ်တော့ တော်တော်လေး လူပင်ပန်းတဲ့အလုပ်ပဲလေ။ ညောင်းညာနေတာလေးတွေ သက်သာသွားအောင် သူ ကိုယ်ကို လှုပ်ရှားလိုက်တယ်။ သူ့အလုပ်က ထိုင်ပြီး စာရေးရတဲ့အလုပ်မို့လို့ သူ့ခါးက သိပ်အခြေအနေမကောင်းဘူး။ ခါးဆန့်ဖို့အတွက် ခုံပေါ်မှာ သူ လှည့်ပတ်လှုပ်ရှားနေလိုက်တယ်။

အဲဒီအချိန်မှာပဲ ပြတ်သားတဲ့ အသံတစ်သံက သူ့နားထဲ ဝင်လာတယ်။ ဒါက ပြဇာတ်စတုန်းက သူ ကြားခဲ့ရတဲ့ အသံပဲ။ ပြဇာတ်စတာနဲ့ သူ မှေးခနဲဖြစ်သွားလို့ ဇာတ်လမ်းက ဘာလဲဆိုတာ သူ မသိပေမယ့် အသံကတော့ သေချာပေါက် ကောင်းနေတယ်။ စင်မြင့်ကို သူ လှမ်းကြည့်လိုက်တော့ ပြဇာတ်က ရဲစခန်းတစ်ခုကို နောက်ခံထားတယ်ဆိုတာ သူ မြင်လိုက်ရတယ်။ နည်းနည်းဝဝကောင်လေးတစ်ယောက်က အားလုံးရဲ့ရှေ့မှာ မရပ်မနား စကားပြောနေတယ်။ သူက ရဲလား။ သူ့ရဲ့ အသံထွက်က ကောင်းပြီး ပီသတယ်။

အခုချိန်ထိ သူ မြင်ဖူးခဲ့တဲ့ ကျောင်းသားအများစုထက် သေချာပေါက် ပိုကောင်းနေပေမယ့် သေချာပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာမျိုးတော့ မဟုတ်ဘူး။

နည်းနည်းလောက် အိပ်လိုက်ရလို့ သူ့စိတ်တွေ ကြည်လင်သွားတယ်။ ကလေးတွေ သူတို့ရဲ့ စွမ်းရည်လေးတွေ ထုတ်ကြွားနေတာကို ကြည့်ပြီး သူ့ရဲ့ ကြည်လင်နေတဲ့စိတ်ကို အပျက်စီးမခံချင်ဘူး။

အမှတ်ပေးဇယားပေါ်မှာ စာရွက်တစ်ရွက်တင်လိုက်ပြီး ခေါင်းထဲမှာ ပေါ်လာတဲ့ အကြံဉာဏ်တွေကို သူ ချရေးလိုက်တယ်။ သူက စိတ်ကူးပြမြေပုံ တစ်ခုကို ဆွဲနေတာပါ။ သူ ဇာတ်ညွှန်းရေးလို့မရအောင် ပိတ်ဆို့နေတာတွေကို ဖယ်ရှားပစ်ဖို့ သူ့အတွေးတွေကို စုစည်းနေလိုက်တယ်။

“ဒီခေတ်ကလေးတွေက ဒုက္ခဆိုတာ ဘာမှန်းကို မသိကြဘူး။ ငါငယ်ငယ်တုန်းက ဒီလိုမဟုတ်ဘူး”

အဲဒါက ရှေ့က ကောင်လေးရဲ့ အော်သံ တိတ်သွားပြီးနောက်မှာ သူ ကြားလိုက်ရတဲ့ အသံပဲ။ အဲဒီအချိန်မှာ ဖီဟျွန်း ဘောပင်နဲ့ စာရေးနေတာကို ရပ်လိုက်တယ်။ အသံက တော်တော်လေး တည်ငြိမ်တယ်။ အားပါလွန်းနေတာမျိုး မဟုတ်သလို အားနည်းနေတာမျိုးလည်း မဟုတ်ဘူး။

ဒီလောက်လေးဆိုရင်တော့ ဖီဟျွန်း ခေါင်းမော့ကြည့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအသံထဲမှာ ပါဝင်နေတဲ့ အလေးချိန်က ကွာခြားနေတယ်။ ရဲအဖြစ် သရုပ်ဆောင်တဲ့ ကောင်လေးကလည်း မဆိုးပါဘူး။ သူ ခဏလေး ကြည့်လိုက်ပေမယ့် ဘာမှ မူမမှန်တာမျိုး မခံစားရဘူး။ အထက်တန်းကျောင်းသားတစ်ယောက်အတွက်တော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က အတော်လေးကောင်းပါတယ်။ ဒါပေမဲ့ ဒါပါပဲ။ အဲဒီကောင်လေးမှာ သရုပ်ဆောင်တစ်ယောက်ရှိရမယ့် ထူးခြားချက်မျိုး မရှိဘူး။ ဒါက သဘာဝပါပဲ။ သူငယ်ချင်းတွေနဲ့ တွဲကတဲ့ အထက်တန်းကျောင်းကလပ် ပြဇာတ်တစ်ခုမှာ သူ့ဆီကနေ ထူးခြားချက်တစ်ခုခုရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ တခြားသူတွေနဲ့ 'ကွာခြား' နေရုံလေးနဲ့ 'ထူးခြားတယ်' လို့ ခေါ်လို့မရဘူး။ တခြားသူတွေထက် အဆင့်တစ်ဆင့် သေချာပေါက်သာလွန်နေတဲ့ အထူးစွမ်းရည် ဒါမှမဟုတ် အသိဉာဏ်ကို ပြသနိုင်မှသာ 'ထူးခြားတယ်' လို့ သတ်မှတ်လို့ရတာလေ။

ခုနက အသံ။

ဖီဟျွန်း သေးငယ်တဲ့ စင်မြင့်လေးဆီကို ကြည့်လိုက်တယ်။ စာသားတစ်ကြောင်းတည်းဆိုပေမယ့် အရည်အသွေးက ကွာခြားနေတယ်။ ဂျပ်ခုပ်တီးနေတဲ့ သူငယ်တန်းကလေးတွေကြားမှာ တစ်ယောက်ယောက်က တယော စထိုးလိုက်သလိုပဲ။

အဲဒီအသံပိုင်ရှင်က သံတိုင်တွေနောက်မှာ ရှိနေတယ်။ သူက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ အထက်တန်းကျောင်းသားတစ်ယောက်က ဝတ်စုံပြည့် ဝတ်ထားတာတောင်မှ သူ့အတွက် နည်းနည်းမှ အဆင်မပြေဖြစ်နေပုံ မပေါ်ဘူး။ ဒါက လူငယ်တွေ ဝတ်လေ့ရှိတဲ့ ရေတပ်ပြာရောင်မျိုး မဟုတ်ဘဲ လူကြီးတွေ ဝတ်လေ့ရှိတဲ့ မီးခိုးရောင်ဝတ်စုံမျိုးတောင် ဖြစ်နေသေးတယ်။ ဒါ့အပြင် စင်မြင့်ဝတ်စုံအဖြစ် ယူလာတဲ့ ဝတ်စုံတွေက လူကြီးတွေဆီကနေ ငှားလာတာများတဲ့အတွက် ဝတ်တဲ့သူရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အံဝင်ခွင်ကျ မဖြစ်တတ်ပေမယ့် အဲဒီကောင်လေးကတော့ ဝတ်စုံကို သူ့အတွက် သီးသန့်ချုပ်ထားသလိုပဲ။ သူ ဝတ်ထားတာ ကြာပြီဖြစ်တဲ့အတိုင်း လုံးဝ အဆင်မပြေဖြစ်မနေဘူး။

အချုပ်ခန်း သံတိုင်တွေကို မှီထားတဲ့ အဲဒီကောင်လေးက မျက်နှာချင်းဆိုင်က ကောင်မလေးနဲ့ စကားပြောနေတယ်။ ပထမဆုံးအကြိမ်အဖြစ် ဖီဟျွန်း ပြဇာတ်ကို အာရုံစိုက်လိုက်တယ်။ ကောင်မလေးက တစ်ယောက်ယောက်ကို လိမ်လည်လို့ ဖမ်းခံရပုံပေါ်ပြီး ဝတ်စုံနဲ့ကောင်လေးကတော့ ကုမ္ပဏီကြီးတစ်ခုက အရာရှိတစ်ယောက်ပုံ ပေါက်နေတယ်။

“မင်း မျက်စိမကောင်းဘူးပဲ။ အဲဒီအစား မင်းသိတဲ့ ဒယ်ယန်းအုပ်စု က လူအကြောင်း ပြောပြပါဦး”

သူက လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး ကောင်မလေးကို ပြောလိုက်တယ်။ ကောင်လေးက သိပ်ကို သဘာဝကျနေတာကို မြင်လိုက်ရတဲ့အချိန်မှာ ဖီဟျွန်း သတိမထားမိဘဲ ရယ်မောလိုက်မိတယ်။ သူ့ဆီကနေ မာနကြီးတဲ့ပုံစံမျိုး ထွက်ပေါ်နေတယ်။ တခြားသူတွေအားလုံးထက် သာလွန်နေသူတွေမှာပဲ ရှိတဲ့ အထင်သေးတဲ့ မျက်လုံးမျိုး အဲဒီကောင်လေးဆီမှာ ရှိနေတယ်။ ဒီလိုမျက်လုံးမျိုးကို သူ ဘယ်မှာ မြင်ဖူးခဲ့တာလဲ။ တီဗီမှာလား။ ဒါမှမဟုတ် သူ့အဖေဆီကလား။

အဆုံးမှာတော့ သရုပ်ဆောင်စွမ်းရည်ဆိုတာ အတွေ့အကြုံနဲ့ တိုက်ရိုက်အချိုးကျတာပဲလေ။ အထက်တန်းကျောင်းသားတွေ။ သူတို့က လူ့အသိုင်းအဝိုင်းဆိုတဲ့ နေရာကို ခုမှ စတင်သိကျွမ်းလာတဲ့ အရွယ်ပဲ ရှိသေးတယ်။ လူ့အသိုင်းအဝိုင်းက ဘယ်လောက် ခက်ခဲ၊ ညစ်ပတ်ပြီး ယုတ်မာတတ်လဲဆိုတာကို သူတို့ ကြားဖူးလောက်မှာပါ။

ဒါပေမဲ့ 'အကြိမ်တစ်ရာ မေးတာထက် တစ်ကြိမ် မြင်ရတာက ပိုကောင်းတယ်' ဆိုတဲ့ စကားပုံက အကြောင်းမဲ့ ရှိနေတာမှ မဟုတ်တာ။ သာမန် အထက်တန်းကျောင်းသားတစ်ယောက်က လူ့အသိုင်းအဝိုင်းရဲ့ ရက်စက်တဲ့ အမှန်တရားတွေကို ကြုံဖူးပါ့မလား။ အမှတ်တွေ ကျသွားရင် သူတို့ ဝမ်းနည်းကြလိမ့်မယ်၊ မိဘတွေဆီက အဆူခံရကောင်း ခံရနိုင်တယ်၊ ဒါပေမဲ့ သူတို့ တစ်ယောက်တည်း ကျန်ခဲ့မှာတော့ မဟုတ်ဘူး။ ဘာပဲပြောပြော သူတို့က အကာအကွယ်ပေးခံထားရတာပဲလေ။ အဲဒီအခြေအနေမှာ ပေါ်လာတဲ့ ပြဿနာတွေက ဘယ်လောက်ပဲ ခက်ခဲပါစေ လူ့အသိုင်းအဝိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ ယှဉ်လိုက်ရင် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတာပါ။

ဒါက လူ့အသိုင်းအဝိုင်းရဲ့ ပြဿနာတွေအကြောင်း ပြောရတဲ့ ကာရိုက်တာမျိုးကို သရုပ်ဆောင်တဲ့အခါ ကျောင်းသားသရုပ်ဆောင်တွေ တော်တော်လေး အဆင်မပြေဖြစ်နေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဘာအတွေ့အကြုံမှမရှိဘဲ သရုပ်ဆောင်ရတာဆိုတော့ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။

ဒါပေမဲ့ ဟိုဘက်က ကောင်လေးကတော့ အတွေ့အကြုံရှိတဲ့သူတစ်ယောက်လို စကားပြောနေတယ်။ သူ့ရဲ့ စကားပြောတွေက အာဂုံဆောင်ထားတဲ့ စာသားတွေလို မဟုတ်ဘဲ အသက်ဝင်နေတယ်။

“ဒါက တော်တော် ရယ်စရာကောင်းတယ် သိလား။ ငါက သူ့ကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး သူက ငါ့ကို လက်ဆောင်တွေပေးပြီး တောင်းပန်နေတဲ့သူ ဖြစ်နေတယ်။ ပိုက်ဆံရှိရင် အပြစ်က အပြစ်ကင်းသွားပြီး ပိုက်ဆံမရှိရင် အပြစ်ကင်းတာက အပြစ်ဖြစ်သွားတယ် ဆိုတဲ့စကားကို မင်း သိလား”

ကောင်လေးက မတ်တတ်ရပ်ပြီး ပရိသတ်တွေကို အကဲခတ်ရင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်တယ်။ သူက နည်းနည်းမှ သဘာဝမကျသလို မဖြစ်နေဘူး။ သရုပ်ဆောင်တာနဲ့ ပတ်သက်လာရင် အသက်ဝင်လာဖို့အတွက် ခံစားချက်လေးနဲ့တင် မလုံလောက်ဘူးလေ။ အလိုအလျောက် ဖြစ်နေသလိုမျိုး သရုပ်ဆောင်နိုင်ဖို့အတွက် နောက်ကွယ်မှာ အကြိမ်ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ထပ်ခါတလဲလဲ လေ့ကျင့်မှုတွေနဲ့ တွက်ချက်မှုတွေ ရှိနေတတ်တယ်။

ဒီလိုအပြုံးမျိုး ပိုင်ဆိုင်ဖို့အတွက် အဲဒီကောင်လေး ဘယ်နှစ်ခါလောက်တောင် လေ့ကျင့်ခဲ့ရမလဲ။

ဖီဟျွန်း ဘောပင်ကို ချလိုက်တယ်။ ဒါက ကြည့်သင့်တဲ့ ပြဇာတ်တစ်ခုလို့ သူ့ဦးနှောက်က သူ့ကို ပြောနေတယ်။

သူ့ရဲ့ တစ်ဖက်တစ်ချက်စီမှာ ထိုင်နေတဲ့သူတွေကလည်း အဲဒီလိုပဲ တွေးနေကြပုံပေါ်တယ်။ အခုချိန်ထိ မှေးနေတဲ့ အဖွဲ့ခေါင်းဆောင်က ယှက်ထားတဲ့ လက်တွေပေါ်မှာ ခေါင်းတင်လိုက်ပြီး အင်မတန် ထက်မြက်တဲ့ မျက်လုံးတွေနဲ့ စင်မြင့်ကို ကြည့်နေတယ်။ တိတိကျကျပြောရရင် သူက အဲဒီကောင်လေးကို ကြည့်နေတာ ဖြစ်ရမယ်။

ပရော်ဖက်ဆာကလည်း အတူတူပါပဲ။ သူမ ခြေချိတ်ထားတာကို ဖြုတ်လိုက်ပြီး စင်မြင့်ကို ကြည့်ရင်း မတ်မတ် ထိုင်လိုက်တယ်။ အမြဲတမ်း ဘေးဖယ်ထားတတ်တဲ့ အမှတ်ပေးဇယားက သူမ လက်ထဲမှာ ရှိနေတယ်။ သူမ ထိုင်နေတဲ့ နေရာကနေတောင် သေချာအကဲဖြတ်ဖို့ ရည်ရွယ်ချက်ကို သူ ခံစားသိရှိနိုင်တယ်။

အဲဒီအချိန်မှာ ကောင်လေးက ထပ်ပြီး စကားပြောပြန်တယ်။

* * * * * * * * *

သူ ရှေ့ကို လျှောက်သွားလို့ ရပါတယ်။ အခုလုပ်နေတာထက် ပိုပြီးလည်း ချဲ့ကားလုပ်လို့ ရတယ်။ သူသာ အဲဒီလိုလုပ်ခဲ့ရင် ပြဇာတ်က ကြည့်ရတာ ပိုစိတ်ဝင်စားဖို့ ကောင်းလာနိုင်ပေမယ့် မျှခြေကတော့ ပျက်သွားလိမ့်မယ်။

မာရူး က စကားပြောနေရင်းနဲ့တောင် သူ့ပတ်ဝန်းကျင်ကို လိုက်ကြည့်နေတယ်။ အားလုံးက ကောင်းကောင်း လုပ်နိုင်နေတုန်းပဲ။ သူတို့အားလုံး စင်မြင့်နဲ့ အသားကျနေပြီ။ ဒီအရှိန်ကို သူ ထိန်းထားရမယ်။

“တွေးကြည့်လိုက်ရင် တော်တော် ရယ်စရာကောင်းတယ်။ အဲဒီ လက်အောက်ငယ်သားက မှန်တာကို ပြောခဲ့တယ်။ ဆိုလိုတာက သူက ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ။ ခါးသီးတဲ့ စကားကိုပြောတဲ့လူကို အနားမှာထားရမယ် ဆိုတဲ့စကား ရှိတယ်မလား။ အဲဒါက အသစ္စာအရှိဆုံး လက်အောက်ငယ်သားဆိုလား။ ဒါပေမဲ့ မင်း သိလား။ ခါးသီးတယ်ဆိုတာမှာလည်း အတိုင်းအတာရှိတယ်။ နည်းနည်းလောက် ပိုချိုလို့ မရဘူးလား။ ငါ့ကို ဘာလုပ်ရမယ်လို့ လာပြောရအောင် သူက ဘယ်ကကောင်မို့လို့လဲ။ လူ့အသိုင်းအဝိုင်းမှာ ပါးစပ်နဲ့ အသက်ရှင်နေရတာ မဟုတ်ဘူး။ ဒီကမ္ဘာကြီးက အာဏာ၊ လုပ်ပိုင်ခွင့် နဲ့ နောက်ဆုံး နိုင်ငံရေးပဲလေ။ လူတွေကို ဘယ်လို ဖားရမလဲဆိုတာနဲ့ တောအုပ်လို ကုမ္ပဏီမှာ အသက်ရှင်နိုင်ဖို့ စကားထဲမှာ အလိမ်အညာတွေကို ဘယ်လို ရောနှောရမလဲဆိုတာ မင်း သိထားသင့်တယ်။ လူငယ်တွေကတော့ စိတ်ဓာတ်တွေပဲ အပြည့်ရှိနေတာ။ သူတို့က တရားမျှတမှုအကြောင်းပဲ သိကြတယ်။ တရားမျှတမှုက မင်းကို ထမင်းကျွေးမှာမို့လို့လား”

စကားပြောတဲ့အခါ သူ့ရဲ့ အသက်ရှူတာကို တိကျတဲ့ အပိုင်းတွေအဖြစ် သူ ခွဲထုတ်လိုက်တယ်။ လေ့ကျင့်တုန်းက သူ့ရဲ့ အသက်ရှူနှုန်းကို သူ အကြိမ်ကြိမ် စစ်ဆေးခဲ့တယ်။ အဲဒီလို ရှည်လျားတဲ့ စကားတွေကို မစဉ်းစားဘဲ ပြောလို့မရဘူးလေ။ ဘယ်နေရာမှာ ခဏနားမလဲ၊ ဘယ်နေရာကို ကြည့်မလဲ ဆိုတာနဲ့ တခြားအရာအားလုံးကို ကြိုတင်ဆုံးဖြတ်ထားရတယ်။

ခံစားချက်တွေကလည်း အတူတူပဲ။ သူတစ်ယောက်တည်း စိတ်လှုပ်ရှားသွားရင် အကုန်လုံး ပျက်စီးသွားလိမ့်မယ်။ ခံစားချက်ကို ပိုပြီး ထုတ်ပြချင်ပေမယ့် အဲဒါက အချိတ်အဆက်ကို ပျက်သွားစေနိုင်တယ်။ အဲဒီလိုဆိုရင်တော့ အားလုံး ပြီးသွားပြီပေါ့။

သူ့ရဲ့ အချိတ်အဆက်ကို ဂျူနီယာတွေနဲ့ ကိုက်ညီအောင် သူ ညှိထားရတယ်။ အဲဒီအချိတ်အဆက် မပျက်သွားအောင် သူ ဆက်ပြီး သရုပ်ဆောင်နေသရွေ့ သူတို့ ဒီပြဇာတ်ကို ဘေးကင်းကင်းနဲ့ ပြီးဆုံးအောင် လုပ်နိုင်ကြလိမ့်မယ်။

စကားပြောနေရင်းနဲ့ သူ ဂျီယွန်း ရဲ့ မျက်လုံးတွေကို ကြည့်လိုက်တယ်။ အခုချိန်ထိ သူမ လေ့ကျင့်ထားတဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးမျိုးကို မပြနိုင်သေးပေမယ့် သူမရဲ့ စကားပြောတွေမှာ အမှားအယွင်း မလုပ်ခဲ့ဘူး။ လေ့ကျင့်ထားသမျှ အကုန်လုံးကို ပြသနိုင်မယ်ဆိုရင် သူမက ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်သွားပြီပေါ့။ ဒီနေ့အတွက်တော့ ဒါက လုံလောက်နေပါပြီ။

အဲဒီအချိန်မှာ နောက်အလှည့်ဖြစ်တဲ့ အာရမ် မတ်တတ်ရပ်လိုက်တာနဲ့ ယိုင်သွားတယ်။ သူမ အမှားတော့ မဟုတ်ဘူး။ ဖိနပ်ဖနောင့်တစ်ဖက် ချော်သွားတာကြောင့် သူမ မျှခြေမထိန်းနိုင်တော့ဘူး။ ဒါက ဆိုးရွားတဲ့ အမှားကြီးတစ်ခု မဟုတ်ပေမယ့် အချိန်ကိုက် လွဲသွားတာကြောင့် အာရမ် ကြောင်သွားတယ်။

ဒါ အန္တရာယ်ရှိတယ်။ စကားတစ်ခွန်း လွတ်သွားရင် သူမ နောက်ကပြောရမယ့် စကားတွေအကုန်လုံးကိုပါ မေ့သွားနိုင်တယ်။ ဒါက ကွင်းဆက်တုံ့ပြန်မှုပဲလေ။ အစပိုင်းကို မေ့သွားရင် နောက်က တေးသွားကို မှတ်မိနိုင်မှာ မဟုတ်ဘူး ဆိုတာနဲ့ အတူတူပဲ။

ဒေးမြောင် က အရမ်းဝေးနေတယ်။ ဒါ့အပြင် သူက အရှေ့ကို ကြည့်နေတာမို့လို့ ဒီက အခြေအနေကို သတိမထားမိဘူး။ သူ့ဘေးမှာ ထိုင်နေတဲ့ ဒိုဝူး ကလည်း ကြောင်နေတယ်။ အမှားတွေရှိလာနိုင်တယ်ဆိုတာကို မာရူး နဲ့ ဒေးမြောင် တို့က တခြားသူတွေကို အကြိမ်ကြိမ် ပြောထားပေမယ့် တကယ့်အမှားနဲ့ ကြုံလာရတဲ့အခါမှာ တည်ငြိမ်နေဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ကိစ္စပဲလေ။

ဂျီယွန်း လား။ သူမက တစ်ယောက်ယောက်ရဲ့ အမှားကို ဖုံးကွယ်ပေးနိုင်လောက်တဲ့အထိ ကျွမ်းကျင်မှုမရှိဘူး။ ဘန်ဂျူး က နောက်အလှည့် စကားပြောရမှာဆိုတော့ သူကလည်း အဆင်မပြေဘူး။

မာရူး က ချက်ချင်းပဲ အခြေအနေကို ထိန်းချုပ်လိုက်ပြီး ရှေ့ထွက်လာခဲ့တယ်။ ဒါ ဇာတ်ညွှန်းထဲမှာ မပါဘူး။ သူ အာရမ် ဆီကို သွားပြီး သူမရဲ့ ပခုံးကို ကိုင်လိုက်တယ်။

“လူလိမ်မလေး၊ သတိလေး ဘာလေး ထားပါလား”

သတိထား- ဒါက မူလက အာရမ် ရဲ့ စကားပဲ။ သူ့ရဲ့ ကာရိုက်တာက မာနကြီးတဲ့ ကုမ္ပဏီအရာရှိတစ်ယောက်လေ။ သူ့ရဲ့ ဒီလုပ်ရပ်က ပြဇာတ်နဲ့ သိပ်ပြီး လွဲချော်မနေဘူး။

အရိပ်အမြွက် ရလိုက်တာနဲ့ အာရမ် ရဲ့ မျက်နှာက ချက်ချင်း လင်းလက်သွားတယ်။ သူမက မူလကတည်းက ဉာဏ်ကောင်းတဲ့ ကောင်မလေးဖြစ်လို့ အချိတ်အဆက်ကို ပြန်ရသွားပြီး စကားကို ချက်ချင်း ဆက်ပြောလိုက်တယ်။ ပရိသတ်တွေ မမြင်ရအောင် မာရူး က ပရိသတ်တွေဘက်ကို လှည့်ပြီး အာရမ် ကို လက်မထောင်ပြလိုက်တယ်။ ထိုင်မချခင်မှာ အာရမ် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်တယ်။

* * * * * * * * *

All Chapters