← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း(၃၄၀)

သူက ပရိသတ်ကို မကြည့်ခင် သူ့ရဲ့ နောက်ဆုံးစကားကို ပြောလိုက်တယ်။ ပရိသတ်တွေ ဘယ်လိုခံစားရမလဲဆိုတာ သူ သိချင်နေမိတယ်။ မာရူး က ပထမနှစ် ဂျူနီယာတွေနဲ့ ဒိုဝူး ကို ကြည့်ပြီး ပြုံးပြလိုက်တယ်။ ဒီတစ်နာရီစာ ပြဇာတ်ကို အမှားအယွင်းသိပ်မရှိဘဲ အဆုံးသတ်နိုင်ခဲ့တဲ့ အကြောင်းရင်းက သူတို့တွေ မျှော်လင့်မထားလောက်အောင် ကောင်းကောင်းလုပ်နိုင်ခဲ့လို့ပဲလေ။ စစချင်းတုန်းကတော့ သူတို့တွေ တော်တော်လေး စိတ်လှုပ်ရှားနေပုံရပေမယ့် တစ်ဝက်လောက်ရောက်တဲ့အချိန်မှာတော့ သဘောကျပျော်ရွှင်နေကြတဲ့ပုံပဲ။

မာရူး က ကြမ်းပြင်ကို သူ့ခြေထောက်နဲ့ တစ်ချက်ပုတ်လိုက်တယ်။ ဖိနပ်ရဲ့ ရာဘာခွာနဲ့ သစ်သားကြမ်းပြင်ကြားက ပွတ်တိုက်အားက သဘောကျစရာကောင်းတယ်။ စင်မြင့်ဆိုတာ အံ့ဩစရာကောင်းတဲ့ နေရာလေးတစ်ခုပဲ။ ပထမဆုံးအကြိမ် ခြေချရချိန်မှာ ကြောက်ရွံ့စရာကောင်းတဲ့ နေရာဖြစ်ပေမယ့် အဲဒီအထဲကို နစ်ဝင်သွားပြီဆိုတာနဲ့ စင်မြင့်ကိုယ်တိုင်က ထွက်ပေါ်လာတဲ့ အငွေ့အသက်တွေက သရုပ်ဆောင်တွေကိုပါ ပူနွေးလာစေတယ်။ သရုပ်ဆောင်နေရင်းနဲ့ အဲဒီအငွေ့အသက်တွေထဲမှာ ယစ်မူးသွားတဲ့အခါ သရုပ်ဆောင်တစ်ယောက်အနေနဲ့ တွဲဖက်သရုပ်ဆောင်တွေရော ပရိသတ်တွေကိုပါ မေ့သွားစေနိုင်တယ်။

မီးရောင်အောက်မှာ ရှိနေမယ့် တစ်ခုတည်းသောအရာက သရုပ်ဆောင်ကိုယ်တိုင်ပဲ ဖြစ်နေလိမ့်မယ်။ အထီးကျန်ဆန်တဲ့ အခိုက်အတန့်လေး ရှိကောင်းရှိနိုင်ပေမယ့် အဲဒီအထီးကျန်မှုကတောင် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားပြီး သူတို့ကို စိတ်လှုပ်ရှားလာစေတယ်။

သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့ သီချင်းသံ ထွက်ပေါ်လာတယ်။ ဒါက ကန့်လန့်ကာချဖို့ အချိန်ရောက်ပြီဆိုတဲ့ အချက်ပြမှုပဲ။ မှိန်ပျပျ မီးရောင်တွေက အမှောင်ထုကို မောင်းထုတ်လိုက်ပြီး နီရဲနေတဲ့ ပရိသတ်ထိုင်ခုံတွေက နေထွက်လာသလို သူ့အမြင်အာရုံထဲ ဝင်ရောက်လာတယ်။

အဲဒီနောက် လူတွေ လက်ခုပ်တီးနေတဲ့အသံကို သူ ကြားလိုက်ရတယ်။ သူ တော်တယ်လို့တောင် အော်ပြောနေတဲ့သူ တချို့ ရှိတယ်။ သူ့ကို အားပေးတဲ့ အဲဒီစကားလေးတွေကပဲ လနဲ့ချီပြီး လေ့ကျင့်ခဲ့ရတာတွေ အချည်းနှီး မဖြစ်သွားဘူးလို့ သူ့ကို ခံစားရစေတယ်။

ရဲအရာရှိနေရာကနေ သရုပ်ဆောင်တဲ့ ဒေးမြောင် က သူ့ရဲ့ ရဲဦးထုပ်နဲ့ ဂျာကင်ကို အထာကျကျ ဝတ်ဆင်ပြီး စင်လယ်မှာ ရပ်လိုက်တယ်။ အခုအချိန်မှာ သူက တော်တော်လေး သဘာဝကျနေပုံရပေမယ့် ဒီလိုအဆင့်ရောက်ဖို့ အဲဒီအမူအရာတွေကို သူ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတယ်။ ရဲဦးထုပ်ကို လက်ချောင်းတွေနဲ့ ခေါင်းပေါ်ကနေ ပင့်ချွတ်လိုက်တာက တကယ်တော့ တော်တော်လေး ခက်ခဲတာလေ။

အဲဒီနောက် အာရမ် နဲ့ ဂျီယွန်း က လက်ချင်းချိတ်ပြီး စင်လယ်ကို လျှောက်လာကြကာ ခါးညွှတ်ပြီး အရိုအသေပေးလိုက်ကြတယ်။ လက်ခုပ်သံတွေ ပိုကျယ်လာတယ်။ သူတို့က ဒေးမြောင် ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ရပ်လိုက်ကြတယ်။

ဘန်ဂျူး နဲ့ ဒိုဝူး က နောက်ကနေ လိုက်လာတယ်။ ဒိုဝူး က သူ လေ့ကျင့်ထားတဲ့ အမူအရာအစား ရိုးရိုးလေးပဲ ခါးညွှတ်ပြီး အရိုအသေပေးလိုက်တဲ့အတွက် နောက်ဆုံးအချိန်မှာ သူ့ရဲ့ စိတ်ဖိစီးမှုတွေ ပျောက်သွားပုံရတယ်။

ညာဘက်ကန့်လန့်ကာနောက်မှာ ရပ်နေတဲ့ မာရူး လည်း စင်ပေါ်ကို တက်လာခဲ့တယ်။ သူက ဘန်ဂျူး ရဲ့ ညာဘက်မှာရပ်ပြီး ပရိသတ်ကို ခါးညွှတ်အရိုအသေပေးလိုက်တယ်။ အဲဒီနောက် သူတို့အားလုံးက ဘေးနားကလူရဲ့လက်ကို ကိုင်ထားတဲ့ သူတို့ရဲ့လက်တွေကို မြှောက်လိုက်ကြပြီး တစ်ချိန်တည်းမှာပဲ ခါးညွှတ်ပြီး အရိုအသေပေးလိုက်ကြတယ်။ သီချင်းသံက တဖြည်းဖြည်း တိုးဝင်သွားပြီး ပရိသတ်ထိုင်ခုံတွေဆီက မီးရောင်တွေ လင်းထိန်လာတယ်။

* ဝူဆောင်း အထက်တန်းကျောင်းရဲ့ သရုပ်ဆောင်ကလပ် မိုးပြာရောင် ရဲ့ တင်ဆက်မှုကတော့ ဒါပါပဲ။ ခဏနားပြီးရင် ဒမ်ဆွန်းအထက်တန်းကျောင်းရဲ့ ပြဇာတ်ကို ဆက်လက် တင်ဆက်သွားပါမယ်။

ပရိသတ်တွေ အပြင်ထွက်လာကြတယ်။ ဝူဆောင်း အထက်တန်းကျောင်းက ကျောင်းသားတချို့လည်း ပါပုံရတယ်။ သူတို့က သူ့ဂျူနီယာတွေရဲ့ သူငယ်ချင်းတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒေးမြောင် က အာရုံစိုက်လာအောင် လက်ခုပ်တီးလိုက်တယ်။ ကလပ်အဖွဲ့ဝင်တွေက စင်လယ်မှာ စက်ဝိုင်းပုံစံ စုဝေးလိုက်ကြတယ်။

"အားလုံးပဲ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်"

"ဝိုး၊ ငါ သေမတတ် စိတ်လှုပ်ရှားနေခဲ့တာ"

"ငါလည်း အတူတူပဲ"

"ငါ အခုထိ ချွေးထွက်နေတုန်းပဲ။ ငါ့လက်ဖဝါးတွေကို ကြည့်ပါဦး"

ဒိုဝူး က သူ့လက်ဖဝါးတွေကို ပြလိုက်တယ်။ လက်ဖဝါးတွေက နီရဲနေတယ်။ အဲဒီအပေါ်မှာ လက်သည်းရာတချို့တောင် ရှိသေးတယ်။ ဒါက သူ ဘယ်လောက်တောင် စိတ်လှုပ်ရှားပြီး လက်သီးကို တင်းတင်းဆုပ်ထားခဲ့သလဲဆိုတာ ပြနေတာပဲ။

မာရူး က ဒိုဝူး ရဲ့ ကျောကို ပုတ်ပေးလိုက်တယ်။

"ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်"

ဒိုဝူး က ပြန်စိုက်ကြည့်ပြီး တစ်ခုခု ပြန်ပြောတော့မလို့ လုပ်ပေမယ့် ခပ်ဟဟ ရယ်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။

"ငါတို့ မပြီးသေးဘူးနော်။ ငါတို့သုံးခဲ့တဲ့ စင်ကို ရှင်းလင်းရဦးမယ်။ ကောင်လေးတွေ၊ အလေးကြီးတွေကို အရင်ရွှေ့ကြစို့။ ဂျီယွန်း၊ နင်က ကြမ်းပြင်မှာကပ်ထားတဲ့ တိပ်တွေကို ခွာလိုက်၊ ပြီးတော့ အာရမ် က အသုံးအဆောင်တွေကို အပြင်သယ်သွားပေးပါ"

"ဟုတ်ကဲ့"

သူတို့တွေ အလုပ်များနေကြတယ်။ မာရူး တစ်ယောက် စားပွဲကို အနားယူတဲ့နေရာရဲ့ အပြင်ဘက် စင်္ကြံကို သယ်သွားပြီး ပြန်လာတဲ့အချိန်မှာပဲ မိန်းကလေးနှစ်ယောက် စင်ပေါ်တက်ဖို့ ရုန်းကန်နေတာကို သူ တွေ့လိုက်ရတယ်။ သူတို့က ယိုဂျင် နဲ့ အဲဒီကောင်မလေးပဲ။

"မင်းတို့ရောက်နေမှတော့ အဲဒါတွေကို အပြင်သယ်သွားပေးပါလား" လို့ မာရူး က သူတို့နှစ်ယောက်ကို ပြောလိုက်ပြီး ကုလားထိုင်တစ်လုံးကို ကောက်ကိုင်လိုက်တယ်။

"နင် ပြောစရာမလိုပါဘူး၊ ငါတို့က ကူညီပေးမလို့ပဲဟာကို သိလား" ယိုဂျင် က ခဏလောက် ညည်းတွားလိုက်ပြီး ကြမ်းပြင်ပေါ်က ဂျာကင်တစ်ထည်ကို ကောက်ကိုင်ရင်း ရယ်မောလိုက်တယ်။ သူမက ကြမ်းပြင်ပေါ်က တယ်လီဖုန်းကိုလည်း ကောက်ကိုင်လိုက်တယ်။

"နင် တော်တော်လေး လေ့ကျင့်ထားတယ်ဆိုတာ ငါ မြင်နိုင်ပါတယ်" လို့ သူမက သူ့အနားကို ချဉ်းကပ်ရင်း ပြောလိုက်တယ်။

"အဲဒီလိုမြင်ပေးလို့ ဝမ်းသာပါတယ်။ အားလုံး ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်။ အမှားကြီးကြီးမားမားတွေလည်း မရှိခဲ့ဘူး။ ဒါက သူတို့ရဲ့ ပထမဆုံးအကြိမ်ဆိုတာကို ထည့်တွေးကြည့်ရင် တော်တော်လေး ကျေနပ်စရာကောင်းပါတယ်"

မာရူး က သူမနဲ့အတူ စင်္ကြံဘက်ကို ထွက်လာခဲ့တယ်။ နောက်အသင်းက သူတို့ပစ္စည်းတွေကို စင်ပေါ်ကို ကမန်းကတန်း သယ်နေကြတယ်။ သူတို့အတွက် အနှောင့်အယှက်မဖြစ်စေဖို့ သူ့ကလပ်က ပစ္စည်းတွေကို တစ်ဖက်ကို တွန်းရွှေ့ပေးလိုက်တယ်။

"ဘယ်လိုနေလဲ။ မနှစ်က အနိုင်ရခဲ့တဲ့သူတစ်ယောက်အနေနဲ့ ငါတို့ကျောင်းက အရည်အချင်းစစ်ပွဲကို အောင်မြင်နိုင်မယ်လို့ ထင်လား"

"အင်း၊ ငါလည်း မသိဘူးလေ"

"အဲဒါက တော်တော်လေး အမှတ်နည်းတာပဲ"

"ငါ နောက်နေတာပါ။ ငါသာ ဒိုင်လူကြီးဖြစ်မယ်ဆိုရင် သေချာပေါက် အောင်မှတ်ပေးမှာပေါ့။ နင်တို့တွေ တကယ်ကောင်းကောင်း လုပ်နိုင်ခဲ့ကြပါတယ်။ ငါ တကယ်ပြောတာပါ"

သူမ ပြုံးလိုက်တယ်။ မာရူး က သူမကို ကြည့်ပြီးမှ ခေါင်းကို တစ်ဖက်လှည့်လိုက်တယ်။ သူ ဘာလို့ အဲဒီလောက်တောင် လှနေရတာလဲ။ ခဏလောက်တော့ သူ သူမကို ငေးကြည့်နေမိတယ်။

"ဘာဖြစ်လို့လဲ"

"ကိုယ် လန့်သွားလို့ပါ"

"ဘာလို့ လန့်သွားရတာလဲ"

"မင်းက သိပ်လှနေလို့လေ"

"...ကျစ်၊ နင် ပြန်စပြန်ပြီ"

သူမက သူ့ခါးကို ဆိတ်လိုက်တယ်။ မာရူး အော်လိုက်ပြီး အရှုံးပေးလိုက်ရတယ်။

"မာရူး၊ ငါတို့ အဲဒါကို ထရပ်ကားပေါ် တင်ရမယ်"

"ကိုယ် သွားတော့မယ်"

မာရူး က ကုလားထိုင်ကို အပြင်ဘက် သယ်သွားတယ်။ အထဲမှာတုန်းက မခံစားရတဲ့ ဩဂုတ်လရဲ့ အပူရှိန်က သူ့ကို ရုတ်တရက် ရိုက်ခတ်သွားတယ်။ လူတစ်ယောက်က ပူနွေးတဲ့လေတွေ မှုတ်ထုတ်နေသလိုပဲ။

"အားလုံးပဲ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ငါ အရင်သွားပြီး ပစ္စည်းတွေ ရှင်းလိုက်ဦးမယ်၊ ဒါကြောင့် အေးအေးဆေးဆေးပဲ လုပ်ကြပါ။ မင်းတို့ တကယ် ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်"

တေးဆစ် နဲ့ မီဆို က သူတို့ကို ချီးကျူးစကားပြောပြီးနောက် ထရပ်ကားနဲ့ ယဉ်ကျေးမှုဗဟိုဌာနကနေ ထွက်သွားကြတယ်။

"လောလောဆယ်တော့ သောက်စရာလေးတစ်ခုခု သောက်လိုက်ကြဦး"

ဆူယွန်း က သူတို့ကို သောက်စရာတွေ ပေးတယ်။ ဘေ့စ်ဘောဦးထုပ်ကြောင့် ကျနေတဲ့အရိပ်က သူမရဲ့ မျက်နှာကို ဖုံးကွယ်ထားတယ်။ ဖြတ်သွားဖြတ်လာ အမျိုးသားတချို့က သူမကို လှမ်းကြည့်ကြပေမယ့် သူမကို မှတ်မိပုံမရဘူး။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ကို သူတို့စိတ်က အလိုအလျောက် လှမ်းကြည့်လိုက်မိတဲ့ပုံပဲ။

သူမက အပြာရောင်ဂျာစီကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်အကြီးကြီးကို တပ်ထားတယ်။ တစ်ယောက်ယောက်က သေသေချာချာ အကဲခတ်မကြည့်ဘူးဆိုရင် မင်းသမီး ကင်ဆူယွန်း မှန်း သိဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်။ မာရူး က သောက်စရာသောက်နေရင်း သူမကို လိုက်ရှာလိုက်တော့ ယိုဂျင် နဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။ သူမက သူ့ဆီကို လာချင်တဲ့ပုံမပေါ်ဘူး။ အကြောင်းရင်းက ဆူယွန်း ကြောင့် ဖြစ်နိုင်တယ်။

"နင်တို့ကို သိပ်ဂရုမစိုက်ပေးနိုင်လို့ ငါ အားနာနေခဲ့တာ၊ ဒါပေမယ့် နင်တို့တွေက ငါ့ကို လုံးဝလိုအပ်ပုံမပေါ်ပါဘူး"

ဆူယွန်း က တော်တော်လေး စကားများတယ်။

"အစ်မဆူယွန်း က သိပ်ပြီး မလာဖြစ်ဘူးထင်တယ်။ ဇာတ်လမ်းတွဲကြောင့် ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ငါတို့ရဲ့ ချစ်စရာကောင်းတဲ့ ဂျီယွန်း ကို တစ်ခါလေးတောင် လာမကြည့်နိုင်ဘူးလား" အာရမ် က စကားပြောရင်း ဂျီယွန်း ရဲ့ ပါးကို ဆွဲညှစ်လိုက်တယ်။

ဆူယွန်း က ပြုံးလိုက်ပြီး ဂျီယွန်း ရဲ့ နောက်ထပ်ပါးတစ်ဖက်ကို ဆွဲညှစ်လိုက်တယ်။

"အဲဒါတော့ ဟုတ်ပါတယ်။ အနည်းဆုံးတော့ ဂျီယွန်း ကို လာကြည့်သင့်တာပေါ့။ ဒါပေမယ့် ငါ တော်တော်လေး အလုပ်များနေလို့ပါ သိလား။ ပုံမှန်ဆိုရင် ဇာတ်လမ်းတွဲတွေကို ရိုက်ကူး၊ တည်းဖြတ်ပြီး နောက်နေ့မှာ ထုတ်လွှင့်ကြတာလေ၊ ဒါပေမယ့် ဒီတစ်ခေါက် ထုတ်လုပ်ရေးကုမ္ပဏီက ပိုက်ဆံတော်တော်များများ ရှိပုံရပြီး အရာအားလုံးကို ကြိုတင်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒါကြောင့် ငါ့ရဲ့ အချိန်ဇယားတွေ ကမောက်ကမဖြစ်သွားပြီး နင်တို့ကို လာကြည့်ပေးဖို့ အချိန်မရခဲ့တာပါ။ ဆောရီးပါ"

ဆူယွန်း က အားနာနေတဲ့ မျက်နှာထားလေး လုပ်ပြတယ်။ ကလပ်အဖွဲ့ဝင်တွေက သူတို့ နောက်နေတာပါလို့ ချက်ချင်းပဲ ပြောလိုက်ကြတယ်။

သောက်စရာကို စုပ်သောက်နေတဲ့ မာရူး က ဆူယွန်း သူ့ဘက်ကို ကြည့်လာပြီး တခြားအဖွဲ့ဝင်တွေ မမြင်နိုင်တဲ့ပုံစံနဲ့ ခပ်ရေးရေး ပြုံးပြလိုက်တာကို မြင်လိုက်ရတယ်။ ဒီအမျိုးသမီးက လူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တကယ်ကို သိတာပဲ။

"အားနာနေမှတော့ ကျွန်တော်တို့ကို တစ်ခုခု မကျွေးချင်ဘူးလား" လို့ မာရူး က ပြောလိုက်တယ်။

"ငါ ဒီကို ဘာလို့ရောက်နေတယ်ထင်လဲ။ သေချာပေါက် နင်တို့ကို ထမင်းကျွေးဖို့ လာတာပေါ့"

ဆူယွန်း က သူမရဲ့ ခရက်ဒစ်ကတ်ကို အားလုံးကို ပြလိုက်တယ်။ ကလပ်အဖွဲ့ဝင်တွေက လက်ခုပ်တီးလိုက်ကြတယ်။

"မသွားခင် ကျောင်းကို ပြန်ပြီး ပစ္စည်းတွေ ရှင်းကြရအောင်။ ဆရာတေးဆစ် တစ်ယောက်တည်း သယ်ဖို့ ပစ္စည်းတွေ အရမ်းများလွန်းတယ်"

"ဒေးမြောင်၊ မင်းက တကယ် တာဝန်သိတာပဲ"

ဆူယွန်း က သူမရဲ့ကားကို လက်ညှိုးထိုးပြပြီး ကောင်လေးတွေကို ကားပေါ်တက်ဖို့ ပြောလိုက်တယ်။

"နင်တို့နှစ်ယောက်ကတော့ ဘတ်စ်ကားစီးသွားလိုက်ကြ။ နင်တို့ ကျောင်းရောက်တဲ့အချိန်ဆိုရင် ငါတို့ ပစ္စည်းတွေ နေရာချပြီးလောက်ပြီ"

ဒေးမြောင်၊ ဒိုဝူး နဲ့ ဘန်ဂျူး တို့က ဆူယွန်း ယူလာတဲ့ ကားပေါ်ကို တက်သွားကြတယ်။ မာရူး က ခဏစောင့်ဖို့ သူတို့ကို ပြောလိုက်ပြီး သူမဆီကို လျှောက်သွားလိုက်တယ်။

"ငါတို့ကတော့ ကျောင်းပြန်တော့မလို့၊ နင်တို့ကကော"

"ငါတို့လည်း ပြန်တော့မယ်။ နင်တို့ ကလပ်အဖွဲ့ဝင်တွေချည်းပဲ အောင်ပွဲခံကြလေ။ အဲဒီမှာ ငါတို့ပါနေတာက သိပ်မကောင်းဘူးလို့ ထင်တယ်" လို့ သူမက ပြောတယ်။ မာရူး က သူတို့ကို ခေါ်သွားချင်ပေမယ့် သူမက တော်တော်လေး ပြတ်သားနေတာကို တွေ့လိုက်ရတော့ ခေါင်းညိတ်လိုက်တယ်။

"ယိုဂျင်၊ နင်လည်း ပင်ပန်းသွားပြီ။ ပြီးတော့ အခွင့်ကြုံရင် နောက်တစ်ခါလည်း ငါတို့ကို ကူညီပေးပါဦး"

"ဟေ့၊ အဲဒါက အကူအညီတောင်းတဲ့သူရဲ့ အမူအရာမျိုး မဟုတ်ဘူးနော်"

"ဒါဆို ငါ ဒူးထောက်ရမလား"

မာရူး က ချက်ချင်းပဲ ဒူးတစ်ဖက်ကို မြေကြီးပေါ် ထောက်လိုက်တယ်။ ယိုဂျင် က လန့်သွားပြီး သူ့ကို ပြန်ထဖို့ အော်ပြောလိုက်တယ်။ မာရူး က ပခုံးတွန့်လိုက်ပြီး ပြန်ထလာတယ်။

"ဒီကောင် ခေါင်းထဲမှာ တစ်ခုခုလွဲနေတာပဲ"

သက်ပြင်းချလိုက်ပြီးနောက် ယိုဂျင် က သူမလည်း ဘယ်လိုပဲဖြစ်ဖြစ် ကူညီပေးမယ်လို့ ပြောတယ်။ အချိန်ရရင်လည်း သူမ လာခဲ့မယ်လို့ ပြောလိုက်သေးတယ်။

"ငါ သွားတော့မယ်နော်"

"အိုကေ"

မာရူး လှည့်ပြီး ထွက်သွားတော့မယ့်အချိန်မှာပဲ သူမက သူ့ကို တားလိုက်တယ်။

"မာရူး၊ ဒီနေ့လည်း နင့်မှာ လေ့ကျင့်ဖို့ ရှိသေးလား"

"မရှိတော့ပါဘူး၊ အောင်ပွဲခံပြီးတာနဲ့ ကိုယ်တို့ အကုန်လုံး ပြီးသွားလိမ့်မယ် ထင်တယ်"

"တကယ်လား"

အဲဒီကနေစပြီး မာရူး က ဆက်ပြောလိုက်တယ်။

"ငါ့မှာ အားလပ်ချိန်နည်းနည်း ရှိတယ်။ ငါတို့ အတူတူ ရုပ်ရှင်သွားကြည့်ကြမလား"

"သွားကြမလား"

"ဒါဆို ငါ နင့်ကို ဖုန်းဆက်လိုက်မယ်။ ယိုဂျင်၊ အဲဒီအချိန်အထိ သူမနဲ့အတူတူ ရှိနေပေးလိုက်ပါ"

"နင်တို့ဘာသာ ဆုံးဖြတ်မနေကြနဲ့။ ငါလည်း ငါ့ကောင်လေးနဲ့ သွားလည်မလို့ဟာကို သိလား"

ယိုဂျင် က နှာခေါင်းရှုံ့လိုက်တယ်။ ဒါပေမယ့် မာရူး က သူမကို စိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဂုဏ်ယူနေတဲ့ မျက်နှာထားကနေ သက်ပြင်းချတဲ့အဖြစ် ပြောင်းလဲသွားတယ်။

"အာ... ငါလည်း ကောင်လေးတစ်ယောက် ရအောင် ယူမှဖြစ်တော့မယ်"

ယိုဂျင် က လက်မောင်းကို ချိတ်လိုက်ပြီးနောက် သူမကို ဆွဲခေါ်သွားတယ်။ ဆွဲခေါ်ခံနေရတဲ့ သူမကို သူက လက်ပြနှုတ်ဆက်လိုက်တယ်။

သူ ကားပေါ်တက်တက်ချင်းမှာပဲ "ရင်ခုန်စရာလေးပါလား" လို့ ဆူယွန်း က ပြောလိုက်တယ်။ မာရူး က ကားပြတင်းပေါက်မှာ လက်ကိုတင်ပြီး မေးစေ့ကို ထောက်ထားလိုက်တယ်။ သူမ အဝေးကို လျှောက်သွားနေတာကို သူ မြင်နေရတယ်။ တကယ်တော့ သူက သူမရဲ့ အမြင်ကို မေးချင်ခဲ့တာ။ ပြဇာတ်ကို ကြည့်ရတဲ့အချိန် သူမရဲ့ ခံစားချက်တွေကို ကြားရတာက တော်တော်လေး အသစ်အဆန်းဖြစ်နေမှာပဲ။

"နင်တို့တွေ တော်ပါတယ်။ တခြားကျောင်းတွေထက် သေချာပေါက်ကို ပိုကောင်းတယ်။ နင်တို့ပြဇာတ်မှာ အဆင်မပြေတဲ့ တိတ်ဆိတ်မှုမျိုး မရှိခဲ့ဘူးဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် အရည်အချင်းစစ်ပွဲကို အောင်မြင်သင့်တယ်။ ငါ သေချာပေါက် ပြောရဲတယ်" လို့ ဆူယွန်း က သူတို့ကို အာမခံပြောဆိုလိုက်တယ်။

သူတို့ ကျောင်းကိုရောက်တဲ့အခါ ထရပ်ကားပေါ်က ပစ္စည်းတွေကို တစ်ဝက်လောက် ချပြီးနေပြီဆိုတာ တွေ့လိုက်ရတယ်။ ကားပေါ်ကဆင်းပြီး ထရပ်ကားပေါ်က ပစ္စည်းတွေချဖို့ တေးဆစ် ကို ကူညီပေးလိုက်ကြတယ်။ အရာအားလုံး ကွန်တိန်နာထဲ ရောက်ပြီဆိုတာကို သေချာအောင် နှစ်ခါပြန်စစ်ဆေးပြီးမှပဲ တံခါးကို ပိတ်လိုက်ကြတယ်။

"ဒီနေရာလေးက အခုတော့ ကျဉ်းသွားသလိုပဲ"

"ငါတို့ အမြန်ဆုံး ရှင်းလင်းသင့်တယ် ထင်တယ်"

"ငါတို့ရဲ့ ကလပ်အခန်းကို ပြန်ရနိုင်ပါ့မလား"

"အဲဒါကတော့ ဖြစ်လာနိုင်စရာ မရှိပါဘူး။ ငါတို့ကို အကောင်းမမြင်တဲ့ ဆရာတွေ အများကြီးရှိတယ်လေ၊ ပြီးတော့ တခြားလူတွေကို သူတို့ရဲ့ ကလပ်အခန်းတွေထဲကနေ အတင်းအကျပ် ထွက်သွားခိုင်းလို့ရတာမှ မဟုတ်တာ။ ပြဇာတ်တစ်ခု လုပ်ပြီးသွားတာနဲ့ ငါတို့ သိမ်းထားနိုင်တာတွေကိုပဲ သိမ်းထားပြီး ကျန်တာတွေကိုတော့ လွှင့်ပစ်ရမှာပဲ"

သူတို့မှာသာ နေရာပိုရှိမယ်ဆိုရင် သူတို့လုပ်ခဲ့သမျှ အရာအားလုံးကို သိမ်းထားမှာဖြစ်ပေမယ့် ဒီပြဇာတ်အတွက် သုံးခဲ့တဲ့ ပစ္စည်းတွေနဲ့တင် ကွန်တိန်နာအသေးလေးက ပြည့်လုနီးပါး ဖြစ်နေပြီ။ သူတို့က ဒါတွေကို ခက်ခက်ခဲခဲ လုပ်ခဲ့ရပေမယ့် နောက်တစ်ကြိမ် နောက်ထပ်ပြဇာတ်တစ်ခု လုပ်ချင်တယ်ဆိုရင်တော့ အဲဒါတွေကို လွှင့်ပစ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး။

"လောလောဆယ်တော့ စားကြစို့။ နောက်မှပဲ ပူကြတာပေါ့"

မာရူး က ကွန်တိန်နာကို သော့ခတ်လိုက်တယ်။ အောင်ပွဲခံဖို့ စောလွန်းနေသေးပေမယ့် အောင်ပွဲခံပွဲလေး ကျင်းပတာကတော့ အဆင်ပြေလောက်ပါတယ်။

"ငါတို့ အရည်အချင်းစစ်ပွဲကို အောင်မှာပါနော်" လို့ ဒေးမြောင် က ကွန်တိန်နာကို ပွတ်သပ်ရင်း မေးလိုက်တယ်။

"ငါတို့ အကောင်းဆုံး လုပ်ခဲ့ပြီးပြီပဲ၊ ဒါကြောင့် အခု ငါတို့လုပ်နိုင်တာက အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ရုံပဲ ရှိတော့တယ်။ သွားကြစို့။ ဒီနေ့အတွက် ငါတို့ရဲ့ ငွေရှင်ကြီး စောင့်နေလောက်ပြီ"

သူက ဒေးမြောင် ရဲ့ ပခုံးကို ဖက်ပြီး ကျောင်းဂိတ်ပေါက်ဆီ လျှောက်သွားခဲ့တယ်။ အာရမ် နဲ့ ဂျီယွန်း တို့လည်း ရောက်နေကြပြီ။

တေးဆစ် နဲ့ မီဆို က နောက်မှပဲ စကားပြောကြတော့မယ်လို့ ပြောပြီး ထွက်သွားဖို့ လုပ်ကြတယ်။

"ဘာလို့လဲ။ ခင်ဗျားတို့လည်း ကျွန်တော်တို့နဲ့အတူ စားသင့်တာပေါ့"

"တစ်ယောက်တည်းကလွဲပြီး အကုန်လုံးက ကောင်းပါတယ်"

မီဆို က တောက်ပစွာ ပြုံးလိုက်ပြီး မသင်္ကာစရာ တစ်ခုခုကို ပြောလိုက်တယ်။ မာရူး သက်ပြင်းချလိုက်တယ်။ ဒီနှစ်ယောက်ကတော့ ထာဝရ ရန်သူတွေ ဖြစ်နေကြမယ့်ပုံပဲ။ ကံကောင်းထောက်မစွာနဲ့ပဲ ကျန်တဲ့သူတွေက သူမရဲ့ စကားကို မကြားလိုက်ကြဘူး။

"နောက်မှ တွေ့ကြမယ်နော် အားလုံးပဲ"

တေးဆစ် နဲ့ မီဆို ထွက်သွားကြတယ်။ သူတို့ ဘယ်တော့များမှ အိမ်ထောင်ပြုကြမလဲဆိုတာကို မာရူး တွေးနေမိတယ်။ မီဆို က တော်တော်လေး တက်ကြွပေမယ့် အိမ်ထောင်ပြုတဲ့ ကိစ္စကျတော့ သူမက သတိထားနေတာများလား။ မဟုတ်ဘူး၊ အဲဒါကို သူ သေချာပေါက် မသိပါဘူး။ မနက်ဖြန်ကျရင် သူမက ရုတ်တရက် ဖုန်းဆက်ပြီး 'ငါ အိမ်ထောင်ပြုတော့မယ်' လို့များ ပြောလာလေမလား။ မီဆို က အဲဒီလိုလုပ်ဖို့ ဝန်လေးနေမယ့်သူမျိုး မဟုတ်ဘူးလေ။

"ဒါဆို သွားကြမလား"

ဆူယွန်း က သူမရဲ့ ပိုက်ဆံအိတ်ကို လေထဲမှာ ဝှေ့ယမ်းပြလိုက်တယ်။

* * * * * * * * *

"ဘာာာ။ နင်တို့နှစ်ယောက် တွဲနေကြတာလား။ တကယ်ပြောနေတာလား"

ဆူယွန်း က ဒေးမြောင် နဲ့ ဂျီယွန်း ကြားမှာ ထိုင်ရင်း ရယ်မောနေတယ်။

သူတို့ကို ကြည့်ရင်း မာရူး က မုန်ညင်းဖြူပြုတ်ထဲမှာ ဘဲသားတစ်ဖတ်ကို ထုပ်ပြီး စားလိုက်တယ်။ ဆူယွန်း က သူတို့ကို ဝက်သားသုံးထပ်သား စားဖို့ ခေါ်သွားမယ်လို့ သူ ထင်ထားခဲ့ပေမယ့် တကယ်တော့ သူမက သူတို့ကို တရုတ်စတိုင် စားသောက်ဆိုင်တစ်ဆိုင်ဆီ ခေါ်သွားပြီး အဆင့်မြင့် ဟင်းပွဲတွေကို မှာပေးခဲ့တယ်။

ပထမဆုံး ဟင်းပွဲအဖြစ် ထွက်လာတဲ့ အအေးခံထားတဲ့ ဟင်းသီးဟင်းရွက်စုံနဲ့ ပုစွန်ကို စားလိုက်ရတဲ့အခါ သူ အံ့သြတကြီး အသံထွက်သွားတယ်။ တော်တော်လေး အရသာရှိတာကိုး။ စားပွဲထိုးက သူတို့ကို အစားအသောက် လာချပေးတဲ့အချိန် အပြင်ဘက်က အသံတွေကို သူတို့ ကြားနေရပြီး အများစုက တရုတ် သို့မဟုတ် ဂျပန်စကားတွေ ဖြစ်နေတယ်။ ဒီစားသောက်ဆိုင်က ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ တော်တော်လေး နာမည်ကြီးတဲ့ နေရာတစ်ခု ဖြစ်ပုံရတယ်။

မာရူး က စားပွဲကနေ ထရပ်ပြီး အခန်းထဲကနေ ခဏလောက် ထွက်လာခဲ့တယ်။ အဲဒီနောက် သူမဆီကို ဖုန်းဆက်လိုက်တယ်။ ဖုန်းဝင်သွားတဲ့အသံ အကြာကြီး မြည်နေပေမယ့် သူမက ဖုန်းမကိုင်ဘူး။ သူမ ပျော်စရာတွေနဲ့ အလုပ်များနေလို့များလား။

"နင့်ရဲ့ ကောင်မလေးလား"

သူ လှည့်ကြည့်လိုက်တဲ့အခါ ဆူယွန်း ကို တွေ့လိုက်ရတယ်။ မာရူး က ဖုန်းကိုခေါက်ပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်တယ်။

"နင် ငါ့ကို အနည်းဆုံးတော့ ပြန်ဖြေသင့်တယ်လေ"

"ဘယ်သူလဲဆိုတာ အစ်မ သိပြီးသားပဲဟာ၊ ဘာထူးမှာမို့လို့လဲ"

"နင် ငါ့အပေါ် သိပ်ရက်စက်လွန်းတာ မဟုတ်ဘူးလား"

"လူကြီးတစ်ယောက်ဖြစ်နေပြီးတော့ ကလေးတစ်ယောက်ကို အဲဒီလိုပြောရတာ မရှက်ဘူးလား"

သူမကို ကျော်ဖြတ်ပြီး သူ အခန်းထဲကို ဝင်သွားတယ်။ အဲဒီအချိန်မှာပဲ ဆူယွန်း က တိုးတိုးလေး ပြောလိုက်တယ်။

"နင် ဒါရိုက်တာ ဂျုံဂျင် နဲ့ အလုပ်လုပ်နေတယ်လို့ ငါ ကြားတယ်"

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ မာရူး ရပ်သွားပြီး သူမကို လှည့်ကြည့်လိုက်တယ်။ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု အထင်းသား ပေါ်လွင်နေတယ်။

* * * * * * * * *

All Chapters