အခန်း ၃၄၁
Vol. 35 Ch. 341
အခန်း(၃၄၁)
အနီရောင် တရုတ်ရိုးရာချီပေါင်ဝတ်ထားတဲ့ အမျိုးသမီးက ပြုံးပြပြီး ဘေးကို ဖယ်ပေးလိုက်တယ်။ မာရူးကလည်း ပြန်ပြုံးပြပြီး ကျော်သွားလိုက်တယ်။
"နင် အဲဒီဒါရိုက်တာကို သိပုံရတယ်" လို့ သူက တိုးတိုးလေး ပြောလိုက်တယ်။
သူ့အနောက်ကနေ အဖြေပြန်ကြားလိုက်ရတယ်။
"သိတယ်လေ" ဆူယွန်းက လမ်းလျှောက်ရင်း ပြန်ဖြေတယ်။
လေထဲမှာ အစပ်နံ့လေးရနေတော့ ငရုတ်ဆီကြော်နေတာ ဖြစ်မယ်။ တရုတ်စားသောက်ဆိုင်တွေမှာပဲ ရတတ်တဲ့ ဆီနံ့ကို ကျော်ဖြတ်ပြီး သူတို့ ခန်းမဘက်ကို ဝင်သွားကြတယ်။ အဲဒီမှာ မိသားစုလိုက် လာစားနေကြတဲ့သူတွေ ရှိတယ်။
မာရူးက တံခါးစောင့်ဝန်ထမ်းကို ခေါင်းညိတ်နှုတ်ဆက်ပြီး အပြင်ထွက်လာခဲ့တယ်။ ဆိုင်အပြင်ဘက်မှာ လူတွေ တန်းစီနေကြတယ်။ တန်းစီထားတဲ့လူတွေ သိပ်မလျော့သွားတာကြောင့် သက်ပြင်းချပြီး လှည့်ပြန်သွားတဲ့ လူတစ်ယောက်ကို သူ တွေ့လိုက်တယ်။
"စကားပြောဖို့ဆိုရင် ခေါင်မိုးထပ်က အကောင်းဆုံးပဲ" လို့ ဆူယွန်းက ပြောတယ်။
ပြီးတော့ သူမက အဆောက်အဦးရဲ့ ဘယ်ဘက်ကိုကွေ့ပြီး လှေကားပေါ် တက်သွားတယ်။ ခေါင်မိုးထပ်မှာ လျှပ်စစ်တံခါးလော့ခ် ရှိပေမယ့် ဆူယွန်းက စကားဝှက်ကို ကျွမ်းကျွမ်းကျင်ကျင် ရိုက်နှိပ်ပြီး ဝင်သွားတယ်။ သူတို့ ဒီကိုလာတုန်းက ဆိုင်ရှင်က သူမကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့တာကို မာရူး သတိရသွားတယ်။
ခေါင်မိုးထပ်မှာ မြက်ခင်းတုတွေ ခင်းထားတယ်။ ပိုလီယူရီသိန်းပြားတွေပေါ်မှာ စိုက်ထားပုံရတယ်။ အဲဒါအပြင် ခေါက်လို့ရတဲ့ စခန်းချကုလားထိုင်တွေ၊ စခန်းချစားပွဲတွေနဲ့ ဘာဘီကျူးကင်တဲ့စင်တစ်ခုလည်း ရှိတယ်။ ဒီနေရာကို အသိမိတ်ဆွေတွေကြားမှာ ပါတီပွဲငယ်လေးတွေ လုပ်ဖို့ သုံးပုံရတယ်။
"နင် အဲဒီမှာ ဇာတ်ရံအနေနဲ့ ပါမယ်လို့ ကြားတယ်"
"အင်း ဟုတ်တယ်" လို့ မာရူးက ဆူယွန်းကို ကြည့်ရင်း ပြန်ဖြေတယ်။
ဒီမိန်းမက ဂျုံဂျင်ကို ဘယ်လိုလုပ်သိတာလဲ။ သူ့ရဲ့ လတ်တလော လှုပ်ရှားမှုတွေကို သူမက ဘာလို့ သိနေရတာလဲ။
"ငါ့ကို စိုက်ကြည့်မနေပါနဲ့။ ငါတို့တွေ အတူတူ ထပ်သရုပ်ဆောင်ရဦးမှာပဲ"
"အစ်မလည်း အဲဒီရုပ်ရှင်မှာ ပါတယ်လို့တော့ မပြောနဲ့နော်"
"အဲဒါကြောင့် နင်ပါတာကို ငါသိတာပေါ့၊ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒါရိုက်တာဆီကနေ ငါ ကြားခဲ့တာ။ သူ ပါဝင်မယ့် သရုပ်ဆောင်တွေရဲ့ နာမည်ကို ရေးနေတုန်း နင့်နာမည်ကို မြင်လိုက်လို့ ငါမေးကြည့်လိုက်တာ"
"အော် အဲဒီလိုလား"
"နင်နဲ့ငါ တော်တော်ရေစက်ပါပုံရတယ်။ ဒါ ငါတို့ အတူတူတွဲလုပ်တဲ့ ဒုတိယမြောက် ဇာတ်ကားပဲ"
"ဒါပေမယ့် ရိုက်ကူးရေးလုပ်တုန်းက ကျွန်တော်တို့ တစ်ခါမှ မဆုံခဲ့ဘူးလေ။ 'တော်တော်ရေစက်ပါတယ်' လို့ ပြောရအောင်ကို ကျွန်တော်တို့က အလှမ်းဝေးလွန်းနေတာ"
"ဟုတ်လို့လား"
ဆူယွန်းက ထိုင်ချလိုက်ပြီး သူ့ကိုပါ ထိုင်ဖို့ ဖိတ်ခေါ်တယ်။ မာရူးက ခေါင်းခါပြလိုက်တယ်။ သူ ဒီမှာ အကြာကြီးနေဖို့ အစီအစဉ်မရှိတာကြောင့် ထိုင်ဖို့ မရည်ရွယ်ထားဘူးလေ။
"နင် ငါ့ကို သဘောမကျဘူး မဟုတ်လား"
"အရင်က ပြောခဲ့သလိုပဲ၊ အစ်မကို ကျွန်တော် သဘောလည်းမကျသလို မုန်းလည်းမမုန်းပါဘူး"
"နင် နည်းနည်းလောက် ပိုကြင်နာတတ်ရင် ကောင်းမှာပဲ"
"ကျွန်တော့်ကို တခြားပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော်သွားတော့မယ်။ ကျွန်တော်မစားခဲ့ရတဲ့ အသားတွေ မျက်စိထဲ ပြန်မြင်ယောင်နေလို့"
ဆူယွန်းက ပခုံးတွန့်လိုက်တယ်။
"နင်က စကားပြောရတာ မကြိုက်တော့လည်း ငါ ဘာမှ မတတ်နိုင်ဘူးလေ။ ကောင်းပြီ၊ ကောင်းပြီ။ လိုရင်းကိုပဲ ငါ ပြောတော့မယ်"
ဆူယွန်းက ခြေချိတ်ထိုင်ရင်း သူ့ကို စိုက်ကြည့်တယ်။
"ငါ့ကို နည်းနည်းလောက် ကူညီပါဦး"
* * * * * * * * *
ဖီဟျွန်း တစ်ယောက် ဘောပင်ကို ကိုက်နေမိတယ်။ ဖြူစင်နေတဲ့ စာမူစာရွက်က သူ့ကို စိတ်ပျက်စေတယ်။ အကွက်လေးတွေကို စူးစိုက်ကြည့်နေပေမယ့် သူ့ခေါင်းထဲမှာ ဘာမှ ထွက်မလာဘူး။ အကွက်လေးတွေက သေးငယ်တဲ့ ကွန်ယက်တစ်ခုလိုဖြစ်နေပြီး သူကတော့ အဲဒီပိုက်ကွန်ထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ငါးတစ်ကောင်လိုပဲ။
သူ ကိုက်နေတဲ့ ဘောပင်ထိပ်ကို ကြည့်လိုက်တယ်။ ပလတ်စတစ်ထိပ်လေးက သူ့သွားရာတွေကြောင့် ပုံပျက်နေပြီး သွားရည်တွေနဲ့ ပြောင်လက်နေတယ်။ ဖီဟျွန်း က ဘောပင်ကို ချထားပြီး ထိုင်ခုံကနေ ထလိုက်တယ်။ သူ ထွက်ပြေးသွားတဲ့ နေရာမှာ နိဗ္ဗာန်ဘုံဆိုတာ မရှိဘူး။ သူ ကီးဘုတ်ဆီ ပြန်သွားပြီး မော်နီတာကို စိုက်ကြည့်နေတယ်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိပေမယ့် ဒွဲန်ဂျန်းဂု အနံ့ကို ရုတ်တရက် သူ သတိရသွားတယ်။ သူ ခေါင်းမော့ပြီး နာရီကို ကြည့်လိုက်တယ်။ ညနေ ၅ နာရီ ၃၂ မိနစ် ရှိနေပြီ။ ညစာစားရမယ့်အချိန် ရောက်နေပြီပဲ။
သူ မတ်တတ်မရပ်ခင် မော်နီတာကို ပိတ်လိုက်တယ်။ ကွန်ပျူတာကို အပြီးမပိတ်လိုက်တဲ့ အကြောင်းရင်းကတော့ ထမင်းစားပြီးရင် ပြန်ရေးမယ်ဆိုတဲ့ အားနည်းလွန်းတဲ့ ယုံကြည်ချက်လေးကြောင့်ပဲ။ ဒါပေါ့၊ ဘာဖြစ်လာမလဲဆိုတာကို ဖီဟျွန်း က ကောင်းကောင်းသိပါတယ်။ သူဟာ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမရှိမှုနဲ့ အထီးကျန်မှုတွေထဲ နစ်မြုပ်သွားပြီး ဆူညံနေတဲ့ ကွန်ပျူတာကို ပိတ်ကာ မနက်ဖြန်မှပဲ ဆက်ရေးတော့မယ်လို့ ဆုံးဖြတ်လိုက်မှာပဲလေ။
(TR Note: ဒွဲန်ဂျန်းဂု ပဲပိစပ်အချဉ်အနှစ်နဲ့ ချက်ထားတဲ့ ကိုရီးယားဟင်းချို)
သူ တီဗွီဖွင့်ပြီး ရှေ့မှာ ခေါက်ဆွဲပြုတ် ထိုင်စားနေတယ်။ စိတ်ကူးထဲက ဒွဲန်ဂျန်းဂု ရဲ့ အရသာလေးက ခေါက်ဆွဲပြုတ်ရဲ့ စူးရှတဲ့အရသာနောက်မှာ မေ့ပျောက်သွားတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကတည်းက သူ အစားအစာအားလုံးအတွက် ခေါက်ဆွဲပြုတ်ကိုပဲ စားနေခဲ့တာ။ မှာစားတာဖြစ်ဖြစ်၊ အပြင်ထွက်စားတာဖြစ်ဖြစ် သေသေချာချာ စားနိုင်တဲ့ အခြေအနေရှိပေမယ့် သူ အဲဒီလို မလုပ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အခန်းထဲမှာ ပိတ်လှောင်ထားခဲ့တယ်။ ထောင်စာနဲ့ ခေါက်ဆွဲပြုတ် ဘာကွာခြားလဲလို့ သူ တွေးမိပေမယ့် ခေါက်ဆွဲဖတ်တွေ ပွပိစိဖြစ်နေတာကို မြင်ပြီးနောက်မှာတော့ အဲဒီအကြောင်းကို ဆက်မတွေးတော့ဘူး။
တီဗွီမှာတော့ 'The Five' လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့က ပရိသတ်တွေကို ချစ်တဲ့အကြောင်း လေးလေးနက်နက် မျက်နှာထားတွေနဲ့ ပြောနေကြတယ်။ သူတို့ပုံစံကို ခဏလောက်ကြည့်ပြီးတော့ ဖီဟျွန်း က ရုပ်သံလိုင်း ပြောင်းလိုက်တယ်။
သူ့လက်ချောင်းတွေက ရုပ်ရှင်ချန်နယ်တစ်ခုရောက်တော့ ရီမုတ်ကို ဆက်မနှိပ်တော့ဘဲ ရပ်သွားတယ်။ ရိုမန် ပိုလန်စကီး ရဲ့ လက်ရာမြောက် ရုပ်ရှင်ဖြစ်တဲ့ 'Chinatown' က အခု လွှင့်နေတယ်။ အဲဒါကို လက်ရာမြောက်ဖြစ်စေတာကတော့ ရောဘတ် တောင်န် ဖန်တီးထားတဲ့ ဇာတ်ညွှန်းကြောင့်ပဲ။ အဲဒီဇာတ်ညွှန်းက အချိန်တိုင်းအတွက် အကောင်းဆုံး ဇာတ်ညွှန်းတွေထဲက တစ်ခုအနေနဲ့ အကဲဖြတ်ခံထားရတယ်။ အဲဒီရုပ်ရှင်က ဖီဟျွန်း လေ့လာဖို့အတွက် အခါပေါင်းများစွာ ပြန်ဖွင့်ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားလည်း ဖြစ်တယ်။ ရုပ်ရှင်ဇာတ်ညွှန်းတွေကို လေ့လာနေတဲ့သူတစ်ယောက်ကတော့ အဲဒီရုပ်ရှင်ကို တစ်ခါလောက်ပဲ ကြည့်ဖူးမှာ မဟုတ်ဘူးလေ။
ရုပ်ရှင်ကို ခဏလောက် ကြည့်ပြီးတဲ့နောက် ဖီဟျွန်း က ခါးသက်သက် ပြုံးလိုက်ပြီး တီဗွီကို ပိတ်လိုက်တယ်။ သူ့ကို အပြစ်ရှိစိတ်တွေ လွှမ်းမိုးသွားတယ်။ Chinatown ရုပ်ရှင်က သူ့ရဲ့ နောက်ဆုံးခံစစ်မျဉ်းဖြစ်တဲ့ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအကြွင်းအကျန်လေးတွေကို ရိုက်ချိုးသွားပြီးနောက် အသံမထွက်ဘဲ သူ့ခန္ဓာကိုယ်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ခွာသွားတယ်။ အခုတော့ သူ့ပါးစပ်ထဲက ခေါက်ဆွဲပြုတ်အရသာက စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေပြီ။
သူ ရေနဲ့ ပလုတ်ကျင်းပြီး ပန်းကန်တွေကို ဆေးကြောလိုက်တယ်။ သူ ဒီနှစ်ဆို အသက် လေးဆယ့်ငါးနှစ် ရှိပြီ။ သူ့ကို အိမ်ထောင်ပြုဖို့ အော်ဟစ်ဆူပူတတ်တဲ့ အမေ လွန်ခဲ့တဲ့နှစ်က ဆုံးပါးသွားကတည်းက သူ အထီးကျန်စွာ နေထိုင်ခဲ့တာ။ ပန်းကန်ဆေးတာ၊ အဝတ်လျှော်တာ၊ သန့်ရှင်းရေးလုပ်တာနဲ့ တခြားအလုပ်တွေ အကုန်လုံးကို လုပ်ရတာ သူ အကျင့်ပါနေပြီ။ အိမ်မှုကိစ္စတွေ အကုန်လုပ်ရလို့ နောက်ဆုံးအကြိမ် နှင်းခူနာဖြစ်တာတောင် သိပ်မကြာသေးဘူး။ ပျက်စီးနေတဲ့ သူ့လက်တွေကို ကြည့်ပြီး ဂုဏ်ယူမိသလို ခံစားခဲ့ရတာကို သူ မှတ်မိသေးတယ်။ ဒါက သူကိုယ်တိုင် ရပ်တည်နေထိုင်နိုင်ပြီလို့ ခံစားရလို့ပဲ။
ဒါပေမယ့် မကြာသေးခင်ကမှ သူ မျက်လုံးဖွင့်ကြည့်နေရတဲ့ ဒီနေရာလေးနဲ့ ပတ်သက်ပြီး စိတ်ရှုပ်လာတယ်။ လူတွေနဲ့ အတူရှိနေချင်လို့တော့ မဟုတ်ဘူး။ သူ အဲဒီလို လိုချင်ရင် သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး လာခဲ့ဖို့ ပြောလိုက်လို့ရတာပဲ။ သူ့ဖုန်းထဲမှာ စာရေးပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေ ဒါမှမဟုတ် အရင်က အဲဒီလို လုပ်ခဲ့ဖူးသူတွေရဲ့ နာမည်စာရင်း အပြည့်ရှိတယ်။ သူတို့အားလုံးက စာရေးရတဲ့ ဒုက္ခကို သိကြတဲ့အတွက် သူ အချိန်မရွေး ဖုန်းဆက်ပြီး ပျော်ပျော်ပါးပါး နေလို့ရပါတယ်။
လူမရှိလို့ သူ စိတ်ရှုပ်နေတာ မဟုတ်ဘူး။ သူ့အလုပ်ကြောင့် စိတ်ရှုပ်နေတာ။ သူ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ဝင်ငွေတွေကလည်း ကျဆင်းနေတယ်။ သတင်းစာဆောင်းပါးတွေနဲ့ အင်တာနက်မှာ စာတချို့ရေးပြီး စားဝတ်နေရေးအတွက် ရှာဖွေနေရပေမယ့် အဲဒါက ဘယ်လောက်ကြာကြာ ခံမယ်ဆိုတာ မသိနိုင်ဘူးလေ။ လုံလောက်တဲ့ သူ့ရဲ့ ဘဏ်လက်ကျန်ငွေကလည်း လစဉ် စုငွေပေးသွင်းဖို့တောင် ခက်ခဲတဲ့အထိ ပါးလျသွားပြီ။
"ဗီတာမင်၊ ဗီတာမင်"
စားပွဲပေါ်က ဗီတာမင်ပုလင်းကို သူ ဖွင့်လိုက်တယ်။ အထဲမှာ သူ မြင်လိုက်ရတာက အစိုဓာတ်ထိန်းဆေးထုပ်လေးပဲ။ သူက အဖြူရောင်အမှုန့်တွေကို လက်ညှိုးနဲ့ ခြစ်ယူပြီး လျှာနဲ့လျက်ကြည့်လိုက်တယ်။ ချဉ်တဲ့အရသာ ထွက်နေတယ်။
သူ သက်ပြင်းချပြီး တံခါးကို ကြည့်လိုက်တယ်။ အပြင်ထွက်ပြီး ဘီယာ ဒါမှမဟုတ် တစ်ခုခု သွားသောက်သင့်လားလို့ သူ စဉ်းစားနေမိတယ်။ သူ့ပိုက်ဆံအိတ်ကို ဖွင့်ပြီး အထဲကို စစ်ကြည့်လိုက်တယ်။ ပိုက်ဆံရှိမရှိ မစစ်ခင် ခရက်ဒစ်ကတ်ထည့်တဲ့ အပေါက်ထဲ ထိုးထည့်ထားတဲ့ ငွေတောင်းခံလွှာကို သူ ထုတ်လိုက်တယ်။ တစ်သောင်းတန် ငွေစက္ကူ နည်းနည်းလောက် ရှိတယ်။ အခု ည ၇ နာရီ ရှိပြီ။ ကြက်ကြော်နဲ့ 500cc ဘီယာတစ်ခွက်လောက် သောက်လိုက်ရင် သူ့ခေါင်း နည်းနည်းလောက် ကြည်လင်သွားမလားလို့ သူ တွေးမိတယ်။
အကြာကြီး တုံ့ဆိုင်းနေပြီးနောက် ဖီဟျွန်း က စုပ်သပ်လိုက်ပြီး ပိုက်ဆံအိတ်ကို ဆိုဖာပေါ် ပစ်ချလိုက်တယ်။ ဗိုက်ပြည့်သွားရုံနဲ့သာ စာရေးချင်စိတ် ပေါ်လာမယ်ဆိုရင် လူတိုင်းရဲ့ ကိုယ်တွင်းက ဝက်တွေကတောင် ရှိတ်စပီးယားတွေ ဖြစ်နေလောက်ပြီ။
အဖြူရောင် မိစ္ဆာဆိုးကြီးကို သူ ပြန်ရင်ဆိုင်ရဦးမယ်။ သူ့ရဲ့ လက်နက်တွေကတော့ ကီးဘုတ်၊ ကော်ဖီတစ်ခွက်နဲ့ အားဖြည့်အချိုရည် တချို့ပဲ။ သူ မထိုင်ချင်တဲ့ ခုံပေါ်မှာ သူ ထိုင်လိုက်တယ်။ ထိုင်ခုံတွေကို ဘာလို့ လူတွေထိုင်ဖို့ ဒီဇိုင်းထုတ်ထားတာလဲ။ နောက်ဆယ်မိနစ်လောက်ကို အသုံးမကျတဲ့ အရာတစ်ခုအကြောင်း တွေးရင်း သူ အချိန်ကုန်ဆုံးခဲ့ပေမယ့် အဲဒါကို နှမြောစရာလို့ သူ မခံစားရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ စာရေးနိုင်မှာမှ မဟုတ်တာလေ။
အရင်က တစ်နေရာရာမှာ မြင်ဖူးသလို ခံစားရလို့ သူ ရေးထားတာတွေကို ဖျက်လိုက်တဲ့အချိန်မှာ ဧည့်ခန်းထဲကနေ သူ့ဖုန်းမြည်သံကို ကြားလိုက်ရတယ်။ ဆိုဖာပေါ် ဖုန်းပစ်တင်ခဲ့တာကို သူ သတိရသွားတယ်။ အဖြူရောင် မိစ္ဆာဆိုးကြီးဆီကနေ ထွက်ပြေးဖို့ အကြောင်းပြချက်တစ်ခု ထပ်ရသွားတဲ့အတွက် ကျေးဇူးတင်ရင်း သူ ထိုင်ခုံကနေ ထလိုက်တယ်။
"အော် မင်းကိုး၊ ဂျွန်"
ဖုန်းစခရင်ပေါ်က နာမည်ကို မြင်တော့ ဖီဟျွန်း က ပြောလိုက်တယ်။ ဂွတ်ဂျွန်။ အသက် ၃၂ နှစ်ဆိုတဲ့ ငယ်ရွယ်တဲ့ အရွယ်မှာ ရှိနေပေမယ့် သူ့ရဲ့ အရေးအသားက အံ့မခန်းပဲ။ သူက ဝတ္ထုတွေရေးတဲ့သူဖြစ်ပြီး မကြာသေးခင်ကမှ သူ့ရဲ့ ပထမဆုံးဝတ္ထုအတွက် ထုတ်ဝေခွင့်တွေ ရောင်းချခဲ့ရကာ ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ လက်ခံရရှိခဲ့တယ်။ အဲဒီဝတ္ထုက သက်ကြီးရွယ်အိုတွေများလာတဲ့ လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေ၊ အထီးကျန်ဆန်တဲ့ သေဆုံးမှုတွေနဲ့ တဖြည်းဖြည်း ခံစားချက်တွေ ပျောက်ဆုံးလာတဲ့ လူ့အဖွဲ့အစည်းအကြောင်းကို ဖော်ကျူးထားတာ။ အဲဒီစာအုပ်ကို လက်ဆောင်အဖြစ် ပထမဆုံး ရခဲ့တုန်းက အသက် ၃၂ နှစ်အရွယ်က ရေးထားတဲ့ လက်ရာတစ်ခုအတွက် အရေးအသားက အံ့မခန်းကောင်းလွန်းလို့ အချိန်တိုအတွင်း အရောင်းရဆုံးစာအုပ် ဖြစ်လာမယ်လို့ သူ ခန့်မှန်းခဲ့ပေမယ့် ဈေးကွက်တုံ့ပြန်မှုကတော့ တော်တော်လေး တိတ်ဆိတ်နေခဲ့တယ်။ ဒါကို နောက်ပိုင်းမှ နာမည်ကြီးလာတဲ့ လက်ရာတွေထဲက တစ်ခုလို့ ပြောလို့ရတယ်။ သူ့ခေါင်းစဉ်လိုပဲ 'ဆည်းဆာအချိန် ရုန်းကန်မှုများ' ထဲမှာ အောင်မြင်လာခဲ့တာ။
“ကျွန်တော် ခင်ဗျားအိမ်ရှေ့မှာ ရောက်နေတယ်”
"...မင်း အဲဒီအကျင့်ကို တကယ် ဖျောက်သင့်တယ်"
တကယ်တော့ စာရေးဆရာတွေကြားမှာ ဂွတ်ဂျွန်ကို သဘောမကျကြဘူး။ စာအုပ်ထုတ်ဝေရေး နယ်ပယ်မှာ အလုပ်လုပ်တဲ့ သတင်းထောက်တွေကတောင် သူ့ကို မကြိုက်ကြဘူး။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူက ရိုင်းစိုင်းတဲ့ အသွင်အပြင်ကို ပေးစွမ်းပြီး စကား သိပ်မပြောတတ်လို့ပဲ။ သူက တောင်ပေါ်မှာ နေပြီး သူ့ ကြွေပန်းကန်တွေကို မကြိုက်လို့ဆိုပြီး နေ့တိုင်း ရိုက်ခွဲနေတတ်တဲ့ ရသေ့ဆရာကြီးတစ်ပါးလိုပဲ။ သူက မကြိုက်တဲ့သူတွေနဲ့ အတူတူ ထမင်းစားရတာကို သည်းမခံနိုင်တဲ့ အေးစက်စက်လူတစ်ယောက်ဖြစ်လို့ သူ့ကို ချဉ်းကပ်ဖို့ ခက်ခဲတယ်။
ဖီဟျွန်း က တံခါးကို ဖွင့်လိုက်တယ်။ အနက်ရောင် မျက်မှန်၊ အနက်ရောင် ဟူဒီနဲ့ အနက်ရောင် ဖိနပ်ကို စီးထားတဲ့ ဂွတ်ဂျွန်က သူ့ရှေ့မှာ ရပ်နေတယ်။ လက်တစ်ဖက်မှာ ဘီယာပုလင်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်မှာတော့ စက္ကူအိတ်တစ်အိတ်ကို ကိုင်ထားတယ်။ အဲဒီအိတ်ထဲက အနံ့က တော်တော်လေးကို မွှေးနေတာပဲ။ ကြက်ကြော်ဖြစ်ပုံရတယ်။
"ညစာစားပြီးပြီလား"
"ခုလေးတင် စားပြီးတာ။ ဒါပေမယ့် အရက်သောက်ဖို့တော့ နေရာကျန်ပါသေးတယ်။ ဝင်ခဲ့လေ"
ဂွတ်ဂျွန်က ခေါင်းညိတ်ပြီး ဝင်လာတယ်။ သူက ဂျီးများတဲ့သူဖြစ်ပေမယ့် အတူတူ သောက်ဖို့တော့ အရမ်းကောင်းတဲ့ အဖော်တစ်ယောက်ပဲ။ ဖီဟျွန်း က ဈေးကနေ ဝယ်လာတဲ့ တရုတ်ဖြစ် မုန်လာဥချဉ်ဖတ် တချို့ကို ရေခဲသေတ္တာထဲကနေ ထုတ်လိုက်တယ်။
အဲဒီအချိန်မှာ ဂွတ်ဂျွန်က ဝရန်တာကနေ စားပွဲတစ်လုံးကို ယူလာပြီး ဧည့်ခန်းထဲမှာ ချကာ အစားအသောက်တွေကိုပါ ပြင်ဆင်လိုက်တယ်။ ဖီဟျွန်း က ပြုံးစိစိနဲ့ ဘီယာခွက် နှစ်ခွက်ကို စားပွဲပေါ် ချလိုက်တယ်။
"မင်း ဒီအထိ ဘာကိစ္စ ရှိလို့လဲ"
"ဆိုးလ်ကို လာရင်းနဲ့ ဝင်လာတာ"
"ဆိုးလ် စာအုပ်ထုတ်ဝေဖို့ စာချုပ်ကိစ္စလား"
ဖီဟျွန်း က တခြားသူရဲ့ အောင်မြင်မှုကို မနာလိုဖြစ်တတ်တဲ့ လူမျိုး မဟုတ်ဘူး။ ပြီးတော့ ဂွတ်ဂျွန်က သူ ဂရုစိုက်တဲ့သူ တစ်ယောက်လေ။ သူ အဆင်ပြေတဲ့အခါ ဖီဟျွန်း လည်း ဝမ်းသာမိတယ်။
"မဟုတ်ဘူး၊ ဆေးရုံက လူတစ်ယောက်ဆီ သွားလည်တာ"
"အော် စိတ်မကောင်းစရာပဲ။ မင်းရဲ့ မိသားစုဝင်လား"
"အလုပ်လုပ်ရင်း သိလာရတဲ့သူပါ။ သူက အမြဲတမ်း ကောင်းတဲ့အရာတွေကိုပဲ ပြောပြပေးတတ်လို့ သူ့ကို ကျေးဇူးတင်မိတယ်လေ၊ ဒါပေမယ့် မကြာသေးခင်က သူ လဲကျသွားတယ်လို့ ကြားလို့ သွားကြည့်တာပါ"
"ကျွတ်၊ သူ တော်တော် အသက်ကြီးပြီ ထင်တယ်"
"ဟုတ်တယ်။ သူက တက်တက်ကြွကြွ ရှိပုံရပေမယ့် မကြာသေးခင်က သူ့ကိုယ်သူ အရမ်းဖိအားပေးခဲ့ပုံရတယ်။ ကံကောင်းလို့ ကြီးကြီးမားမား ပြဿနာတော့ မရှိပါဘူး"
"အဲဒါ ကောင်းတာပေါ့။ ငါ အသက်ကြီးလာလို့ပဲလား မသိဘူး၊ အဲဒီလို ဇာတ်လမ်းတွေ ကြားရရင် သူများပြဿနာလို့ မခံစားရတော့ဘူး" လို့ ပြောရင်း ဖီဟျွန်း က ကြက်ပေါင်တစ်ချောင်းကို ယူလိုက်တယ်။
"ဒါပေမယ့် ဒီဟာနဲ့ အရက်ကိုတော့ ငါ မဖြတ်နိုင်သေးဘူး"
"ခင်ဗျား လေ့ကျင့်ခန်း လုပ်သင့်တယ်"
"ငါ နေ့တိုင်း လုပ်နေတာပဲလေ။ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းဆိုတာ ကြားဖူးလား။ ဟေ့ကောင် ဦးနှောက်က ကယ်လိုရီ အများဆုံး သုံးတယ်ဆိုတာ မင်းသိလား"
"ခင်ဗျား ခန္ဓာကိုယ်ကို လှုပ်ရှားပေးသင့်တယ်။ နောက်ပိုင်း အသက်ကြီးလာရင် ပိုဆိုးလိမ့်မယ်"
"ဟေ့ကောင်၊ ပွစိပွစိ လုပ်မနေဘဲ စားသာစားစမ်းပါ။ ဒီလို မွန်မြတ်တဲ့ အစားအစာရှေ့မှာ မင်းက ငါ့ကို ခံတွင်းပျက်အောင် လုပ်နေတယ်"
သူ့ပါးစပ်ထဲမှာ ကျွတ်ခနဲ မြည်သွားတဲ့ ကြက်ကြော်အပေါ်ယံလွှာရဲ့ အရသာကတော့ ပီတိဖြစ်စရာပါပဲ။ အဲဒါက ခေါက်ဆွဲပြုတ်ရဲ့ ဈေးပေါတဲ့ ဆီအရသာနဲ့တော့ ကွာခြားလွန်းတယ်။ ဂွတ်ဂျွန်လည်း စပြီး စားလိုက်တယ်။
"ခင်ဗျားရဲ့ စာရေးတဲ့အလုပ်ကော ဘယ်လိုနေလဲ"
"အဲဒီအကြောင်းတော့ ပြောမနေနဲ့တော့။ ဘာမှကို စဉ်းစားလို့မရတာ"
"ဆီတွေ အများကြီး စားလို့ နေမှာပေါ့"
"မင်းက ငါ့ကို ဒီမှာ သတ်ဖို့ ကြိုးစားနေတာလား"
သူ့ကို ပွစိပွစိ ဆက်မလုပ်စေဖို့အတွက် ဖီဟျွန်း က ဂျွန်ရဲ့ ခွက်ထဲကို ဘီယာငဲ့ထည့်ပေးလိုက်တယ်။ ဂွတ်ဂျွန်က ခွက်ထဲက ဘီယာကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ဆက်ပြောတယ်။
"အစ်ကို"
"အင်း"
"ကျွန်တော် ခင်ဗျားဆီမှာ ခဏလောက် နေမယ်"
"အေး နေလေ"
"ဒါဆို အောက်ဆင်းပြီး ကျွန်တော့်အိတ်တွေ သွားယူလိုက်ဦးမယ်"
ပြီးတော့ ဂွတ်ဂျွန်က ထရပ်ပြီး တံခါးပေါက်ကနေ ထွက်သွားတယ်။ ခဏကြာတော့ သူက ခရီးဆောင်အိတ်တစ်လုံးကို ဆွဲပြီး တံခါးပေါက်ကနေ ပြန်ဝင်လာတယ်။
"မင်းအိမ်ကကော ဘယ်လိုလုပ်မလဲ"
"ကျွန်တော် ဘာမှရေးလို့မရလို့ နေရာပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။ ခင်ဗျားနဲ့ စကားပြောရတာလည်း ကောင်းမယ်ထင်လို့"
"ငါ့အိမ်က တောင်ပေါ်က ဘုရားကျောင်းတစ်ခုခုများ မှတ်နေလား"
"တိတ်ဆိတ်မှုအနေနဲ့ ပြောရရင် ဘုရားကျောင်းအများစုထက်တောင် ပိုကောင်းသေးတယ်"
"အေးပါကွာ။ ငါလည်း အထီးကျန်လို့ သေတော့မယ့် လူပျိုကြီးပါ"
ဖီဟျွန်း က သောက်ရင်းနဲ့ ရယ်လိုက်တယ်။ သူ့မှာ အလွတ်ဖြစ်နေတဲ့ အခန်းနှစ်ခန်း ရှိတယ်။ သူ့ရဲ့ ဂျူနီယာတွေ စာရေးရခက်နေရင် အဲဒီအခန်းတွေကို ဝမ်းသာအားရနဲ့ သူ ပေးလိုက်မှာပဲ။
"ဒါပေမယ့် မင်းလည်း ငါ့ကို စိတ်ကူးဉာဏ်လေးတွေ ပေးသင့်တယ်နော်။ အရည်အချင်းရှိတဲ့ လူတစ်ယောက်ရဲ့ စွမ်းအင်တွေကို ငါ့ရဲ့ တောင့်တင်းနေတဲ့ ခေါင်းထဲ ရောက်အောင် လုပ်ပေးပါဦး"
သူက နောက်ထပ် ကြက်ပေါင်တစ်ချောင်းကို ဆွဲဖြဲပြီး ဂွတ်ဂျွန်ကို ပေးလိုက်တယ်။ သူလည်း အပြောင်းအလဲလေးတွေ လုပ်ဖို့ လိုအပ်နေတာပဲ။ စာရေးဖို့အတွက် ဉာဏ်ကောင်းတဲ့ ဒီကောင်နဲ့ စကားပြောရင် သူ့စာရေးတာ တိုးတက်လာနိုင်တယ်။ သူတို့နှစ်ယောက်စလုံး ဒီကနေ အကျိုးအမြတ် ရနိုင်တာပဲ။
"မနက်ဖြန် ကျွန်တော်သိတဲ့လူတစ်ယောက်ကို ခေါ်လာလို့ရမလား"
"ရတာပေါ့။ စာရေးဆရာလား"
"မဟုတ်ဘူး၊ ဒါရိုက်တာဖြစ်ချင်တဲ့သူ။ ဒါပေမယ့် သူက စာရေးတာ တော်တော့ ကျွန်တော်လည်း သင်ပေးရင်းနဲ့ ကိုယ်တိုင် ပြန်သင်ယူနေရသလိုပဲ"
"အဲဒီလိုဆိုရင်တော့ မင်း ကြိုက်တဲ့သူကို ခေါ်လို့ရပါတယ်။ မိန်းကလေးဖြစ်ရင်တော့ ပိုကောင်းမှာပဲ၊ ဒါပေမယ့် မဟုတ်လောက်ဘူးမလား"
"ယောကျာ်းလေးပါ"
"ငါ ဘာများမျှော်လင့်နေမိပါလိမ့်။ သူက မင်းနဲ့ ရွယ်တူလောက်ပဲလား"
"သူက အထက်တန်းကျောင်းသားပါ"
"အော်"
ဖီဟျွန်း က ဘီယာရဲ့ နောက်ဆုံးတစ်ငုံကို သောက်ရင်း ဘယ်လို အထက်တန်းကျောင်းသားမျိုးကများ ဒီလို လူဆိတ်ညံတဲ့ကောင်နဲ့ ရင်းနှီးအောင် လုပ်နိုင်ခဲ့တာလဲလို့ တွေးနေမိတယ်။
'သူလည်း ဒီကောင်နဲ့ ဆင်တူတဲ့လူမျိုး ဖြစ်လောက်မယ်မလား'
ကြောက်စရာကောင်းတဲ့ မျက်လုံးတွေ၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ ဓားလို ထက်မြက်တဲ့ စကားလုံးတွေပေါ့။ သူ့စိတ်ထဲမှာ ပုံဖော်ကြည့်လို့ ရပါတယ်။ သူက သူ့ကိုယ်ပွားတစ်ယောက်ကို ခေါ်လာတာ ဖြစ်လောက်တယ်။
* * * * * * * * *