အခန်း ၃၄၂
Vol. 35 Ch. 342
အခန်း(၃၄၂)
"ဘာကား ကြည့်ကြမလဲ"
လက်နှစ်ဖက်မှာ ကိုင်ထားတဲ့ လက်ကမ်းစာစောင်တွေကို ကြည့်ရင်း သူက တွေဝေနေတယ်။ ညာဘက်လက်ထဲက စာစောင်က CIA အေးဂျင့်ဟောင်းတစ်ယောက်ရဲ့ လက်စားချေတဲ့ အကြောင်းဖြစ်ပြီး ဘယ်ဘက်လက်ထဲကဟာက အေးဂျင့်ဟောင်းတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဖြစ်နေတယ်။ ဒီနှစ်က လျှို့ဝှက်အေးဂျင့်တွေ ခေတ်စားနေတဲ့ပုံပဲ။
"ဘယ်ကားက ပိုကောင်းမယ်ထင်လဲ"
သူမက လက်ကမ်းစာစောင်တွေကို သူ့မျက်နှာရှေ့ ထောင်ပြရင်း မေးလိုက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မာရူး က နှစ်ကားစလုံးကို မကြည့်ချင်ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ရုံတင်ထားတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ကားတစ်ကားကို သူ တကယ်ကြည့်ချင်နေတာ။ အဲဒီကားက ပိတ်လှောင်နေတဲ့ နေရာတစ်ခုမှာ ပိတ်မိနေတဲ့ လူတစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်ပြီး ဇာတ်လမ်းက သိပ်မဆန်းပေမယ့် သရုပ်ဆောင်ရဲ့ ကာရိုက်တာပီပြင်မှုက သိပ်ကောင်းလွန်းလို့ ပျင်းဖို့တောင် အချိန်မရှိဘူးလို့ လူတော်တော်များများက ဝေဖန်ထားကြတယ်။
"ဟိုကားကျတော့ကော"
မျှော်လင့်ချက်မဲ့နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာပါတဲ့ လက်ကမ်းစာစောင်ကို မာရူး က လက်ညိုးထိုးပြလိုက်တယ်။
"...နင် အဲဒါကို ကြည့်ချင်လို့လား" လို့ သူမက တွန့်ဆုတ်ဆုတ်နဲ့ မေးတယ်။
စာစောင်တွေကို နေရာမှာ ပြန်ထားလိုက်ပြီး စိတ်ပျက်လက်ပျက် မျက်နှာနဲ့ လက်မှတ်ရုံဘက်ကို သူ လျှောက်သွားတယ်။
"ဒါဆို အချစ်ကားပဲ ကြည့်ကြမလား"
"ရလို့လား"
မည်းမှောင်နေတဲ့ တိမ်တိုက်တွေကြားကနေ နေရောင်ခြည် ဖြာကျလာသလိုမျိုး သူမမျက်နှာလေး လင်းလက်သွားတယ်။ တကယ်တော့ သူမက ကြောက်စရာကောင်းတာတွေကို သိပ်မုန်းတာ။ လက်တွေ့ဘဝက ပြဿနာတွေဆိုရင် ဘယ်သူ့ထက်မဆို သတ္တိရှိတဲ့သူဖြစ်ပေမယ့် ရုပ်ရှင်ထဲက တစ္ဆေတွေ၊ လူသတ်သမားတွေကိုတော့ သူမ သိပ်ရွံတာပဲ။ စိတ်ဝင်စားစရာကောင်းတာက အဲဒီလောက် မုန်းနေရက်နဲ့ တစ်ခါတလေကျရင် အဲဒီကားတွေကို ကြည့်ကိုကြည့်မယ်လို့ တင်းခံနေတတ်တာပဲ။ အဲဒီလိုကားမျိုးကြည့်ရင် အမြဲတမ်း တုန်တုန်ယင်ယင်ဖြစ်နေတဲ့ သူမပုံစံက တော်တော်လေး ချစ်စရာကောင်းသလို ရယ်လည်းရယ်ရတယ်။ မီးကို မီးနဲ့ပြန်ငြှိမ်းသလိုမျိုး နေမှာပေါ့။
မာရူး က သူကြည့်ချင်တဲ့ကားရဲ့ လက်ကမ်းစာစောင်ကို ကောက်ကိုင်လိုက်တယ်။ ဓာတ်ပုံထဲက သရုပ်ဆောင်သာ အဲဒီလောက် ကြောက်လန့်နေတဲ့ မျက်နှာထားမျိုး မရှိဘူးဆိုရင် သူ ဖုံးကွယ်ပြီးတော့ ဒီကားကြည့်ဖို့ သွေးဆောင်နိုင်မှာ။ နောက်မှပဲ တစ်ယောက်တည်း လာကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး သူ့အိတ်ထဲကို ထည့်လိုက်တယ်။
"ဒီမှာ"
လက်မှတ်နှစ်စောင်နဲ့အတူ သူမ ပြန်ရောက်လာတယ်။ တခြားကားကြည့်မယ်လို့ မာရူး ဆုံးဖြတ်လိုက်မှာကို ကြောက်လို့ အလောတကြီး သွားဝယ်လာတဲ့ပုံပဲ။ သူမ မောတောင်မောနေတယ်။
"ဘယ်လို ပေါက်ပေါက်ဆုပ် စားမလဲ"
"ငါကတော့ ကာရာမဲလ်"
"သောက်စရာကော"
"စပရိုက်တ်"
"တခြားဘာလိုသေးလဲ"
"ရပြီ၊ တော်ပြီ"
'အများကြီးစားရင် ဝလာလိမ့်မယ်' လို့ သူမက ခပ်တိုးတိုးလေး ထပ်ပြောလိုက်တယ်။
* * * * * * * * *
"သရုပ်ဆောင်တာ တော်တော်လေး ကောင်းတယ်နော်"
"မင်းသမီးကို ပြောတာလား"
"အင်း။ ဓာတ်ပုံကို နွေးနွေးထွေးထွေး ကြည့်နေတဲ့ နောက်ဆုံးအခန်းကို ငါ အကြိုက်ဆုံးပဲ"
"ရှပ်အင်္ကျီအဖြူလေးပဲ ဝတ်ပြီး ကုတင်ပေါ်မှာ လှဲနေတဲ့ အခန်းကို သဘောကျတယ်"
"အော့၊ နှာဘူး။ အဲဒါမျိုးကိုပဲ မြင်တယ်မလား"
"မျက်လုံးတွေက အဲဒီလိုမျိုး ကြည့်ဖို့ ဖန်တီးထားတာလေ"
စကားပြောနေတုန်းမှာပဲ သူတို့မှာထားတဲ့ ကြက်ဥကြော်လိပ် ရောက်လာတယ်။ သူတို့က ရုပ်ရှင်ရုံရှေ့က စားသောက်ဆိုင်မှာ ထိုင်နေကြတာဖြစ်ပြီး ဒီဆိုင်က နာမည်ကြီးတယ်ဆိုလို့ သူက ခေါ်လာတာ။ မာရူး က ဇွန်းနဲ့ ခပ်ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ ပျစ်နှစ်နေတဲ့ ဒီမီဂလက်စ်ဆော့စ်က သူ့လျှာကို လှုံ့ဆော်လိုက်တယ်။
"ကောင်းတယ်"
"ဟုတ်တယ်မလား။ ဒါကော မြည်းကြည့်ဦးမလား" သူမ စကားပြောရင်း ပန်းကန်ကို ရှေ့နည်းနည်း တွန်းပို့ပေးလိုက်တယ်။
မာရူး က နူးညံ့နေတဲ့ ကြက်ဥပေါ်ကို ဇွန်းအစောင်းလေးတင်ပြီး ဖိချလိုက်တယ်။ ဇွန်းကို အသာအယာလှည့်ပြီး တစ်လုတ်စာ ခပ်ယူလိုက်တယ်။ ပြီးတော့ ပါးစပ်ထဲ ထည့်စားလိုက်တယ်။
ဒါ ဘယ်လို အရသာကြီးလဲ။ ကြက်ဥရဲ့ နူးညံ့မှုအောက်ကနေ လျှာကို လာကလိနေတဲ့ အရသာကို သူ အာရုံစိုက်လိုက်တယ်။ အဲဒီအချိန်မှာပဲ အစပ်အရသာက ပြင်းလာပြီး ပါးစပ်ထဲမှာ မီးတောက်သွားသလိုပဲ။ သူမက မကောင်းဆိုးဝါးအပြုံးကြီးနဲ့ ပြုံးနေတာကို သူ မြင်လိုက်ရတယ်။ သူမပါးပြင်တွေက နီရဲနေတာပဲ။
"စပ်တယ်"
သူမက ပျော်ပျော်ရွှင်ရွှင်နဲ့ သွားဖြီးပြပြီး ကြက်ဥကြော်လိပ်ကို စစားတော့တယ်။
"ဪ ဒါနဲ့၊ ပြီးခဲ့တဲ့တစ်ခေါက်က မင်းပြောတဲ့ ဇာတ်လမ်းတွဲရဲ့ ဒုတိယအကြိမ် လူရွေးပွဲက ဘယ်လိုဖြစ်သွားလဲ"
"လာမယ့်တနင်္လာနေ့လေ။ လူတွေ့စစ်ဆေးတာရော၊ သရုပ်ဆောင်စမ်းသပ်တာပါ ပေါင်းလုပ်မှာ"
"လူတွေ့စစ်ဆေးတာဆိုရင် မင်း ပါသွားပြီလို့တောင် ပြောလို့ရနေပြီပဲ။ မင်းများ အောင်သွားပြီး နာမည်ကြီးလာမလားလို့ တွေးနေတာ။ တက်သစ်စကြယ်ပွင့်လေး ဘာညာပေါ့"
"ဘယ်လိုမှ မဖြစ်နိုင်ပါဘူး"
အဲဒီလိုမျိုး မဖြစ်လာနိုင်ပါဘူးဆိုပြီး သူမက ခေါင်းခါပြတယ်။ မာရူး က သူ့ဇွန်းကို မိုက်ခရိုဖုန်းလိုမျိုး ကိုင်ပြီး သူမရှေ့ကို ထိုးပေးလိုက်တယ်။
"ဇာတ်လမ်းတွဲကြောင့် နာမည်အကြီးဆုံးဆု ရသွားတယ်နော်။ အခု ဘယ်လိုခံစားရလဲ"
"အင်း၊ ပထမဆုံးအနေနဲ့ ဆံပင်ညှပ်ဆိုင်က အစ်မကို ကျေးဇူးတင်ချင်ပါတယ်"
"အဲဒါ မယ်ကိုရီးယားတွေ ပြောတဲ့စကား မဟုတ်ဘူးလား"
"ဂရုစိုက်နေစရာလား"
သူမက တခစ်ခစ် ရယ်လိုက်တယ်။
လူရွေးပွဲကို သူမ အောင်သွားရင် ကောင်းမှာပဲ။ သူမပုံစံကို တီဗီပေါ်မှာ မာရူး မြင်ချင်နေတယ်။ လူစားထိုးအနေနဲ့ မဟုတ်ဘဲ အဓိကဇာတ်ဆောင်တစ်ယောက်အနေနဲ့ သူမကို မြင်ရတာ တော်တော်လေး ဆန်းသစ်နေမှာပဲ။
"မစားတော့ဘူးလား"
"စားမှာပေါ့"
မာရူး ဇွန်းကို ပြန်ကိုင်လိုက်ပြီး ကြက်ဥကြော်လိပ်ကို ခပ်လိုက်တယ်။
* * * * * * * * *
ဂိမ်းစက်ကြီးကို သူမ စိုက်ကြည့်နေတယ်။ သူမအကြည့်တွေရဲ့ အဆုံးမှာ ပလတ်စတစ်ယုန်ရုပ်လေး တွဲလောင်းကျနေတဲ့ ဖုန်းဆွဲကြိုးလေးတစ်ခု ရှိတယ်။
"ယူပေးရမလား"
"နေပါစေ၊ ရပါတယ်"
ရပါတယ်လို့ ပြုံးပြုံးလေးပြောပြီး သူမဖုန်းကို ထုတ်လိုက်တယ်။ ဖုန်းဝင်လာတဲ့ပုံပဲ။ ဖုန်းမကိုင်ခင် ခဏစောင့်ဖို့ သူမ ပြောလိုက်တယ်။
သူမ ဖုန်းပြောနေတုန်းမှာပဲ မာရူး က စက်ထဲကို အကြွေစေ့တွေ ထည့်လိုက်တယ်။ ဂျွိုင်းစတစ်နဲ့ စက်လက်တံကို ဖုန်းဆွဲကြိုးအပေါ် ရွှေ့လိုက်ပြီး ခလုတ်ကို နှိပ်လိုက်တယ်။ စက်လက်တံရဲ့ ထိပ်ဖျားမှာ ဖုန်းဆွဲကြိုးလေး ချိတ်ပါလာတယ်။
"ရပါတယ်လို့ ပြောသားပဲ"
ဖုန်းပြောပြီးသွားပုံရတယ်။ အဲဒီလို ပြောနေပေမယ့် စက်ကိုကြည့်နေတဲ့ သူမမျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခု ရှိနေတယ်။ ဖုန်းဆွဲကြိုးလေး အထွက်ပေါက်ကနေ ကျလာတော့ သူမ အော်ပြီး အားပေးတော့တယ်။
"ကောင်းတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်နေတာပဲ" သူမ စကားပြောရင်း ဖုန်းဆွဲကြိုးကို သူ့ဖုန်းမှာ တပ်လိုက်တယ်။
"ဆက်တိုက်"
"အင်း။ ခုလေးတင် ဖုန်းဝင်လာတာ။ ငါတို့ကျောင်း အရည်အချင်းစစ်ပွဲ အောင်သွားပြီတဲ့"
"ဪ၊ အခု ၈ နာရီထိုးနေပြီပဲ။ ရလဒ်တွေ ထွက်လောက်ပြီ။ ဝူဆောင်း ကကော ဘယ်လိုလဲ"
"မသိဘူး၊ ဒါပေမဲ့ နင်တို့လည်း အောင်လောက်မယ်ထင်တာပဲ"
တစ်ချိန်တည်းမှာပဲ သူ့ဖုန်းဆီ စာတစ်စောင် ဝင်လာတယ်။ ဆရာတေးဆစ် ဆီကနေပဲ။ စာပါအကြောင်းအရာက ရှင်းရှင်းလေးရယ်။ ဝူဆောင်း ဒုတိယအဆင့်ကို တက်သွားပြီတဲ့။
"ကိုယ်တို့လည်း အောင်သွားပြီ"
"ကောင်းတာပေါ့"
သူမကိစ္စကျနေတာပဲလို့ ထင်ရလောက်အောင် သက်ပြင်းချပြီး သူ စိတ်အေးသွားတယ်။
"ဒါဆို ဝူဆောင်း က အမြင့်ဆုံးဆုရပြီး မြောင်ဟွာ က ရွှေတံဆိပ်ဆုရဖို့နဲ့ နိုင်ငံအဆင့်ပြိုင်ပွဲကို တက်ဖို့ပဲ ကျန်တော့တာပေါ့"
"ဘာတွေ လာပြောနေတာလဲ။ မြောင်ဟွာ က အမြင့်ဆုံးဆုရမှာ၊ ဝူဆောင်း ကမှ ရွှေတံဆိပ်ရမှာ"
သူမပုံစံ ချက်ချင်းပြောင်းသွားတယ်။ နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်က သူမမျက်လုံးတွေထဲမှာ ပြည့်နေတယ်။ သူမက တကယ်ကို လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့သူပဲ။ သူမလက်ကိုဆွဲပြီး မာရူး လမ်းလျှောက်လာခဲ့တယ်။ ရှုပ်ထွေးနေတဲ့ ဈေးတန်းကနေထွက်လာပြီး တော်တော်လေး လူရှင်းတဲ့ ပန်းခြံတစ်ခုထဲကို သူတို့ ဝင်လာခဲ့ကြတယ်။ နေ့ခင်းဘက်က အပူရှိန်တွေ ကျန်နေသေးတော့ ညဘက်လေက နွေးပြီး အိုက်စပ်စပ် ဖြစ်နေတုန်းပဲ။
သူတို့ဆီ ပြေးလာနေတဲ့ ဆိုက်ဘေးရီးယန်း ဟပ်စကီ ခွေးကြီးဆီကို သူ ပြေးသွားတာကြည့်ပြီး မာရူး တဟားဟား ရယ်လိုက်တယ်။ ကိုင်ကြည့်လို့ရမလားဆိုပြီး ပိုင်ရှင်ကို ခွင့်တောင်းတော့ ပိုင်ရှင်ကလည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပေးတယ်။ နူးညံ့တဲ့ အမွေးတွေကြားထဲ လက်ချောင်းလေးတွေထည့်ပြီး သူမ ပျော်ပျော်ရွှင်ရွှင် ပြုံးနေတယ်။ သူမမျက်နှာထားက အမြီးတနှံ့နှံ့လုပ်နေတဲ့ အဲဒီခွေးလေးနဲ့ တူနေတာပဲ။
သူ ခွေးလေးနဲ့ ဆော့နေတုန်းမှာ နေ့ခင်းက ဖြစ်ပျက်ခဲ့တာတွေကို မာရူး တွေးနေမိတယ်။
"ငါ့ကို နည်းနည်းလောက် ကူညီပါဦး"
ဆူယွန်း က အဲဒီလို ပြောလာတယ်။ သူက သိပ်တော့ အလျင်လိုနေပုံ မရပါဘူး။
"ဘာကိုလဲ"
"အရင် လက်ခံပေးလို့ မရဘူးလား"
အဲဒီစကားကို ကြားတော့ မာရူး က ခေါင်းတစ်ချက်ညိတ်ပြပြီး လှည့်ထွက်လာခဲ့တယ်။ သူနဲ့ စကားနိုင်လု မနေချင်ဘူး။ အောက်ဆင်းပြီး အစားပိုစားတာကမှ ပိုတန်သေးတယ်။
"အိုကေ၊ အိုကေ၊ ငါ ပြောပါ့မယ်။ နင့်စိတ်က တကယ် အေးစက်စက်နိုင်လွန်းတယ်"
ဆူယွန်း က မတ်တတ်ရပ်ပြီး သူ့တင်ပါးကို ခါချလိုက်တယ်။
"ဒါပေမဲ့ နင်က ငါ့ကို ကူညီဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။ နင့်မှာ ရွေးချယ်ခွင့်မှ မရှိတာ။ လာမယ့် အင်္ဂါနေ့မှာရိုက်မယ့် ဇာတ်လမ်းတွဲ ရိုက်ကူးရေးမှာ နင့်ကို အကူအညီတောင်းမလို့"
"ဇာတ်လမ်းတွဲ ရိုက်ကူးရေး"
"အင်း၊ ဒီအပတ် ပြသတော့မယ့် ငါ့ဇာတ်လမ်းတွဲလေ။ အတိတ်ကို ပြန်ပြတဲ့အခန်း တစ်ခန်းပါလို့ ကျောင်းသားနေရာက သရုပ်ဆောင်မယ့် ကောင်လေးတစ်ယောက် လိုနေတာ။ သိပ်ခက်ခဲတာမျိုး မဟုတ်ပါဘူး။ အသုံးမကျတဲ့ ကျောင်းသားတစ်ယောက်နေရာကနေ သရုပ်ဆောင်ပေးရုံပဲ"
"ရွေးချယ်ခွင့် မရှိဘူးဆိုတာ ကျွန်တော် ငြင်းလိုက်ရင်တောင် ဥက္ကဋ္ဌကတစ်ဆင့် ကျွန်တော့်ဆီကို ရောက်လာဦးမယ်လို့ ဆိုလိုချင်တာမလား"
"နင် သိသားပဲ။ ငါတို့က ကုမ္ပဏီတစ်ခုတည်း အောက်မှာဆိုတာကို နင် တကယ် မှတ်မိသေးတာပေါ့"
ဆူယွန်း ပြုံးဖြီးဖြီး လုပ်လိုက်တယ်။
ရိုက်ရမယ့် အခန်းတိုလေးတစ်ခု ဖြစ်တဲ့အတွက် ငြင်းစရာအကြောင်း မရှိတာကြောင့် အဲဒီနေရာမှာပဲ သူ လက်ခံလိုက်တယ်။ သေချာစုံစမ်းကြည့်တော့ သူ့မန်နေဂျာတောင် အဲဒီကိစ္စကို သိပြီးနေပြီပဲ။
"ဒါပေမဲ့ ဘာလို့ ကျွန်တော့်ကို လုပ်ခိုင်းရတာလဲ။ တခြားလူတွေ အများကြီး ရှိနေတာပဲကို"
"ငါ့မိသားစုဝင်အပေါ် စာနာပေးတာက ဆန်းနေလို့လား"
"အရမ်း ဆန်းနေတာပေါ့"
"သိပ်လည်း သံသယဝင်မနေပါနဲ့။ တကယ်တော့ နင့်ကို အကြံပြုတဲ့သူက တခြားတစ်ယောက်ပါ။ ကင်မရာဒါရိုက်တာ ကင်ဂျန်ဆူ ကို နင်သိလား"
သူက Youth Generation ဇာတ်လမ်းတွဲရဲ့ ကင်မရာဒါရိုက်တာလည်း ဖြစ်တယ်။ သိကြောင်း အတည်ပြုလိုက်တော့ ဆူယွန်း က ခေါင်းတစ်ချက်ညိတ်ပြတယ်။
"အတိတ်ပြန်ပြတဲ့အခန်း ထပ်ထည့်လိုက်လို့ ကလေးသရုပ်ဆောင်တစ်ယောက် လိုအပ်နေတာလေ။ အများအားဖြင့်ကတော့ ဇာတ်ညွှန်းရေးဆရာတွေ ဒါမှမဟုတ် ဒါရိုက်တာတွေပဲ အဲဒါကို စီစဉ်ကြတာများတယ်။ ဒါပေမဲ့ ကင်မရာဒါရိုက်တာက နင့်နာမည်ကို ပြောနေတာ ငါကြားလိုက်တယ်။ ဟန်မာရူး ဆိုတဲ့ နာမည်က သိပ်တော့ အတွေ့ရမများလို့ နင်မှန်း ငါ ချက်ချင်းသိလိုက်တာ။ အဲဒါကြောင့် ငါကလည်း ဒါရိုက်တာ့ဆီ နင့်ကို ထောက်ခံပေးလိုက်တာ"
"အစ်မဆီက ဒီလိုမျိုး လုံးဝမမျှော်လင့်ထားဘူး"
"ဘာမမျှော်လင့်ထားတာလဲ"
"အစ်မ ကျွန်တော့်ကို ထောက်ခံပေးမယ်ဆိုတာကိုပေါ့"
"ငါ မူးနေတုန်းက တိုင်ပင်ဖော်လုပ်ပေးခဲ့တာကို ကျေးဇူးဆပ်တယ်လို့ပဲ မှတ်လိုက်ပါ"
"အဲဒါကြီးက သိပ်မဆက်စပ်ဘူးနော်"
"စိတ်ခံစားချက်နဲ့ဆိုင်တဲ့ အကူအညီတွေကို ဝေဝေဝါးဝါးနဲ့ပဲ ပြန်ဆပ်ရတာလေ"
* * * * * * * * *
မာရူး ရဲ့ အသိစိတ် ပန်းခြံထဲကို ပြန်ရောက်လာချိန်ကတော့ သူမ ဆော့ကစားနေတဲ့ ခွေးလေးကို လက်ပြနှုတ်ဆက်လိုက်တဲ့အချိန်ပဲ။
"အိမ်ကြီးကြီးနဲ့ နေရတဲ့အချိန်ကျရင် အဲဒီလိုခွေးမျိုး မွေးချင်လိုက်တာ"
"သူတို့ အမွေးတွေ ကျွတ်တာကို မြင်ရင် နင် အဲဒီအကြောင်း မေ့သွားလောက်တယ်"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ သူတို့ခန္ဓာကိုယ်အရွယ်အစားလောက်ကို အမွေးတွေ ကျွတ်ကျတတ်လို့လေ။ သူတို့ကို ခဏခဏလည်း ဖီးပေးရသေးတယ်"
"နင်က တော်တော် ဗဟုသုတများတာပဲ"
"အင်း၊ အဲဒါက ဘာလို့လဲဆိုတော့..."
အရင်တုန်းက မင်း မွေးဖူးလို့လေ။ မာရူး က ပြောမထွက်တဲ့စကားတွေအစား ပြုံးပဲပြလိုက်တယ်။ သူကတော့ နှုတ်ခမ်းလေး ဆူပြီး မာရူး ကို ပြန်ကြည့်နေတယ်။
"သွားကြစို့"
"အင်း၊ ၉ နာရီတောင် ထိုးနေပြီ"
"အိမ်လိုက်ပို့ပေးမယ်"
မာရူး သူ့လက်ကိုဆွဲပြီး စလျှောက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ အိတ်ကပ်ထဲက ဖုန်းတုန်ခါလာတာကို သူ ခံစားလိုက်ရတယ်။ ဖုန်းကို ထုတ်ကြည့်လိုက်တော့ ဂွတ်ဂျွန် ဆီက ဖုန်းဝင်နေတာကို တွေ့လိုက်တယ်။
"ဟုတ်ကဲ့ အစ်ကိုကြီး"
“အခု မင်း ဒေးမြောင် နဲ့ အတူရှိနေတာလား”
"မဟုတ်ပါဘူး၊ သူ ဒီမှာ မရှိဘူး"
“သူ ဘာလို့ ဖုန်းမကိုင်တာလဲ”
"တစ်ခုခု ဖြစ်လို့လား"
“မနက်ဖြန် ငါ သူ့ကို တွေ့ချင်လို့။ ပြီးတော့ သူ့ကို ပြောစရာလေးလည်း ရှိလို့”
"ခဏစောင့်ဦး၊ ကျွန်တော် သူ့ကို ဖုန်းဆက်ကြည့်လိုက်မယ်"
သူ ဖုန်းချလိုက်ပြီး ဒေးမြောင် ဆီ ဖုန်းဆက်လိုက်တယ်။ ဖုန်းသံက အကြာကြီးမြည်နေပြီး နောက်ဆုံးတော့ အသံမက်ဆေ့ချ်ထဲ ဝင်သွားတယ်။ အခုမှ ၉ နာရီပဲ ရှိသေးတာဆိုတော့ အိပ်ဖို့က စောလွန်းနေသေးတယ်။ အဲဒီအချိန်မှာပဲ မကောင်းတဲ့ နိမိတ်တစ်ခုက သူ့ခေါင်းထဲ ဖြတ်ပြေးသွားတယ်။ နေ့လယ်စာစားတုန်းက ချိန်းထားတာရှိလို့ သူက အရင်ထွက်လာခဲ့တာ။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ ဆူယွန်း နဲ့အတူ ကာရာအိုကေ သွားကြတာလေ။ အဲဒီနောက်ပိုင်း ဘာဆက်ဖြစ်လဲဆိုတာ သူ မကြားမိဘူး။
သူ ဆူယွန်း ဆီ ဖုန်းဆက်လိုက်တယ်။ ဖုန်းသံ သုံးကြိမ်လောက် မြည်ပြီးတဲ့နောက် ဆူယွန်း ဖုန်းကိုင်တယ်။
“ဘာကိစ္စလဲ”
"လိုရမယ်ရ မေးကြည့်တာပါ၊ အားလုံး အဲဒီမှာ ရှိနေကြတာလား"
“ဟီးဟီး၊ ခဏလေး စောင့်ဦး”
ဖုန်းထဲကနေ ဆူညံသံတွေ ခဏလောက်ထွက်လာပြီးနောက် ရယ်သံတွေကို သူ ကြားလိုက်ရတယ်။ အဖွဲ့ဝင်တွေဆီက အသံတွေပဲ။
“အေး မာရူး”
ဒေးမြောင် ဖုန်းကိုင်လိုက်တယ်။ သူ့စကားသံတွေက ဗလုံးဗထွေးဖြစ်နေပြီး အဆက်မပြတ် တဟားဟား ရယ်နေတယ်။ မာရူး သက်ပြင်းချလိုက်တယ်။
"မင်း အရက်သောက်ထားတာလား"
“အေးလေ”
သူ တော်တော်လေးကို ပျော်နေတဲ့ပုံပဲ။
"ဒီမှာ သတိလေးဘာလေးထားပြီး ဖုန်းကိုလည်း စစ်ဦး။ အစ်ကိုကြီး ဂွတ်ဂျွန် ဆီက ဖုန်းတွေ ဝင်ထားလောက်တယ်"
“ဘယ်သူ”
"ဂွတ်ဂျွန် လေ"
“ဘယ်သူကြီး”
မာရူး အဲဒီနေရာမှာပဲ ဖုန်းချတဲ့ခလုတ်ကို နှိပ်လိုက်တယ်။ မူးနေတဲ့သူနဲ့ စကားပြောရတာထက် အချိန်ကုန်တာ ဘာမှမရှိဘူး။ ဂွတ်ဂျွန် ဆီကို သူ ပြန်ဆက်လိုက်တယ်။ အခြေအနေတွေကို သူ ရှင်းပြလိုက်တော့ ခပ်တိုတို သက်ပြင်းချသံကို ကြားလိုက်ရတယ်။
“ငါ အဲဒီမိန်းမကို တကယ် မကြည့်ရပါဘူးဆို။ နောက်တစ်ခေါက် တွေ့ရင် သူ့ကို တစ်ခုခုတော့ ပြောမှဖြစ်မယ်”
"ကျွန်တော် စာပို့ထားခဲ့လိုက်မယ်၊ မနက်ဖြန်မနက် သူ သတိဝင်လာရင် အစ်ကိုကြီးဆီ ဖုန်းပြန်ဆက်လောက်ပါတယ်"
“အေးအေး၊ ရပါတယ်”
"ဟုတ်ကဲ့"
ဖုန်းချတော့မယ့်ပုံပေါ်တဲ့ ဂွတ်ဂျွန် က ထပ်ပြောလာတယ်။
“ဒါနဲ့ နေပါဦး၊ မင်း ဆေးရုံ သွားပြီးပြီလား”
"ဆေးရုံ"
“အေး”
"ဘယ်ဆေးရုံလဲ"
“မင်း မကြားရသေးဘူးလား။ ဆရာယွန်း မေ့လဲသွားလို့”
"ဆရာယွန်း။ အဘိုး မွန်ဂျောင် ကို ပြောတာလား"
“အေးလေ”
"သူ ထိခိုက်ဒဏ်ရာများ ရသွားလို့လား။ ဒါမှမဟုတ် မတော်တဆတစ်ခုခု ဖြစ်လို့လား။ ကြီးကြီးမားမားတော့ ဘာမှမဖြစ်ဘူးမလား"
မွန်ဂျောင် မေ့လဲသွားတယ်ဆိုတာကို ကြားတော့ သူ အလောတကြီး မေးလိုက်တယ်။
“သူကတော့ ရိုးရိုးလေး ပင်ပန်းသွားလို့ပါလို့ ပြောတာပဲ၊ ဒါပေမဲ့ အသေးစိတ်တော့ မပြောပြဘူး။ အခုတော့ သူ အများကြီး သက်သာနေပါပြီ။ လူမမာလည်း ဝင်မေးလို့ရတယ်။ ငါကိုယ်တိုင်လည်း ဒီနေ့ သွားခဲ့သေးတယ်”
"လိပ်စာလေး ပို့ပေးထားလို့ ရမလား"
“အေး။ မင်း သူ့ဆီ သွားမယ်ဆိုရင် မနက်ဖြန် နေ့လယ်စာစားချိန်လောက် သွားလိုက်”
"နားလည်ပါပြီ"
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂွန်ဆူ နဲ့ ဖုန်းပြောခဲ့တာကို မာရူး မှတ်မိလိုက်တယ်။ အဲဒီနေ့က ဂျုံဂျင် နဲ့ သူ ပထမဆုံးအကြိမ် တွေ့ခဲ့တဲ့နေ့လေ။ ဂျုံဂျင် အကြောင်း မေးဖို့ ဂွန်ဆူ ဆီ ဖုန်းဆက်တော့ ဂွန်ဆူ က တစ်ခုခုပြောမလို့ လုပ်ပြီးမှ မပြောဘဲနေလိုက်တာ။ အဲဒါက အဘိုးအကြောင်းများလား။
"ဘာဖြစ်လို့လဲ"
သူက စိုးရိမ်တကြီးနဲ့ ကြည့်လာတယ်။ ဘာမှမဖြစ်ပါဘူးလို့ မာရူး ပြောမလို့လုပ်ပြီးမှ အမှန်တိုင်းပဲ ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။
"သူ နေမကောင်းလို့လား"
"အခုတော့ အများကြီး သက်သာနေပြီလို့ ကြားတာပဲ"
"တော်သေးတာပေါ့။ နင် သွားကြည့်သင့်တယ်"
"သွားမှာပါ။ သူက ကိုယ့်ရဲ့ ကျေးဇူးရှင်လို ဖြစ်နေတာကို"
"သူ ကျန်းမာပါစေလို့ ဆုတောင်းပါတယ်"
သူ အရမ်းစိုးရိမ်နေတာကို မြင်တော့ အားလုံး အဆင်ပြေသွားမှာပါလို့ မာရူး ပြောပြလိုက်တယ်။
အဘိုး မေ့လဲသွားတာ၊ ဂွတ်ဂျွန် ပြောသလို အရမ်းပင်ပန်းသွားလို့ဆိုရင် ရုပ်ရှင်ရိုက်ကူးရေးကြောင့် ဖြစ်ဖို့များတယ်။ ကာရိုက်တာပီပြင်ဖို့အတွက် မိုးလင်းပေါက်ကနေ မိုးချုပ်တဲ့အထိ သူ လေ့လာမှတ်သားခဲ့တာကိုး။ အဲဒီအချိန်ကတည်းက ပင်ပန်းတာတွေ စုပုံလာပြီး ရိုက်ကူးရေးပြီးတဲ့အချိန်မှာ တစ်ခါတည်း ပေါက်ကွဲထွက်သွားတာမျိုး ဖြစ်လောက်တယ်။
ဆိုးဆိုးရွားရွား ဘာမှမဖြစ်ပါစေနဲ့လို့ သူ မျှော်လင့်မိတယ်။ အဘိုးရဲ့ ကြင်နာတတ်တဲ့ အပြုံးကို မာရူး ပြန်တွေးမိရင်း စိုးရိမ်တကြီးနဲ့ သက်ပြင်းချလိုက်တယ်။
* * * * * * * * *