← Chapters

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း(၃၄၃)

ကုန်တင်ကားကြီးတစ်စီးက ဟွန်းတီးပြီး ဘတ်စ်ကားဘေးကနေ အမြန်ဖြတ်မောင်းသွားတယ်။ ပြတင်းပေါက်ကို မှီနေတဲ့ သူမက လန့်ဖျပ်သွားပြီး ဝေးကွာသွားတဲ့ ကုန်တင်ကားကို လှမ်းကြည့်လိုက်တယ်။ ကားပေါ်မှာ ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီး တင်ထားတယ်။ ကားကိုယ်ထည်မှာ ကြိုးနဲ့ချည်ထားတဲ့ သတ္တုတုံးကြီးက တော်တော်လေး အန္တရာယ်များမယ့်ပုံပဲ။

ဘတ်စ်ကားဆရာ တီးတိုးဆဲဆိုလိုက်သံကို သူမ ကြားလိုက်ရတယ်။ ဘာလို့များ အဲဒီလောက် အန္တရာယ်များအောင် မောင်းနေရတာလဲ။ သူမ မျက်မှောင်အနည်းငယ် ကျုံ့လိုက်မိတယ်။ စိတ်ထဲမှာတော့ သိပ်ဘဝင်မကျဘူး။

သူမ တိုက်ခန်းရှေ့က ဘတ်စ်ကားမှတ်တိုင်ကို ကားဆိုက်သွားတယ်။ အနီးနားက စတိုးဆိုင်ဆီ မသွားခင် လှမ်းမြင်နေရတဲ့ သူမရဲ့ တိုက်ခန်းကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ဝန်ထမ်းတစ်ယောက်က မိုက်နဲ့ 'ဈေးသိမ်းချိန်' ဆိုပြီး အော်ဟစ်နေတယ်။ သူမက ခြင်းတောင်းတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အသားရောင်းတဲ့ဘက်ကို လျှောက်သွားလိုက်တယ်။

"ဝက်ပေါင်သား ဂရမ် ခြောက်ရာလောက် ပေးပါ"

"ဘာလုပ်စားမလို့လဲ"

"ချီဂဲ ချက်မလို့ပါ"

အသားလှီးနေတုန်း မနက်က အမေရေးပေးလိုက်တဲ့ မှတ်စုစာရွက်လေးကို သူမ ထုတ်ကြည့်လိုက်တယ်။ ဝက်ပေါင်သား၊ တို့ဟူးနု နှစ်တုံး၊ စပျစ်စေ့ဆီနဲ့ နွားနို့။ ပလတ်စတစ်အိတ်နဲ့ ထုပ်ပေးလိုက်တဲ့ အသားကို ယူပြီးတော့ စတိုးဆိုင်ထဲမှာ ပတ်ကြည့်လိုက်တယ်။ မှတ်စုထဲက ပစ္စည်းတွေကို ခြင်းတောင်းထဲထည့်ပြီးတဲ့နောက် ပေါင်မုန့်ရောင်းတဲ့ဘက်ကို သူမ သွားလိုက်တယ်။ ခဏလောက် စဉ်းစားပြီးတဲ့နောက် စတော်ဘယ်ရီ လိပ်မုန့် တစ်ဘူးကို ယူလိုက်တယ်။

ပစ္စည်းတွေ ဝယ်ပြီးတော့ စတိုးဆိုင်ထဲကနေ သူမ ထွက်လာခဲ့တယ်။ မျက်နှာကို လာမှန်တဲ့လေက တော်တော်လေး နွေးနေတယ်။ ပူပြင်းတဲ့ ညချမ်းတွေ စတင်နေပြီဆိုတဲ့ မနေ့ညက သတင်းကို သူမ ပြန်သတိရသွားတယ်။ သူမက အပူကို သိပ်မကြိုက်ဘူး။ တိုက်ခန်းတွေရှိတဲ့ဘက်ကို သူမ လျှောက်လာခဲ့တယ်။ ရာသီဥတုကြောင့် ကစားကွင်းထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အများကြီးရှိနေတယ်။ သိတဲ့သူတစ်ယောက်ကို မြင်တာနဲ့ အနားသွားပြီး နှုတ်ဆက်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကလေးတစ်ယောက်က သူမရဲ့ ပလတ်စတစ်အိတ်ထဲကို လှမ်းကြည့်ပြီး စတော်ဘယ်ရီ လိပ်မုန့်ကို မြင်တော့ ပူဆာပါလေရော။

တောင်းပန်ပါတယ်၊ အဲဒါတော့ ပေးလို့မရဘူး။

ကလေးကို တားပေးတဲ့ အမျိုးသမီးကို ကျေးဇူးတင်စကားပြောပြီးတဲ့နောက် သူမလည်း ချက်ချင်း လှည့်ထွက်လာပြီး တိုက်ခန်းဆီ ပြန်လာခဲ့တယ်။

"သမီး ပြန်ရောက်ပြီ" လို့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ အမေ့ကို သူမ ပြောလိုက်တယ်။

အမေကတော့ စားပွဲပုလေးပေါ်က လက်တော့ပ်နဲ့ နပန်းလုံးနေတယ်။

"ထမင်းစားပြီးပြီလား"

အမေက ကွန်ပျူတာမျက်နှာပြင်ကနေ အကြည့်လွှဲပြီး မေးတယ်။ သူမက စားပြီးပြီလို့ ပြန်ဖြေလိုက်တယ်။

"အမေကော စားပြီးပြီလား"

"အမေလည်း စားပြီးပြီ။ ချောင်းဂွတ်ဂျန်းနဲ့"

အခုမှပဲ စဉ်းစားကြည့်တော့ လေထဲမှာ ချောင်းဂွတ်ဂျန်း အနံ့သင်းသင်းလေး ရနေတယ်။ သူမ အခန်းထဲဝင်ပြီး အဝတ်အစားလဲပြီးမှ ပြန်ထွက်လာခဲ့တယ်။

"ဘာတွေ ကြည့်နေတာလဲ"

အမေ့ရဲ့ လက်တော့ပ်ပေါ်မှာ ထုံးစံအတိုင်း စာစီစာရိုက် ပရိုဂရမ်အစား ရှုခင်းပုံတစ်ပုံ ပေါ်နေတယ်။ အဲဒီဓာတ်ပုံက ဆောင်းဦးသစ်ရွက်တွေ ကြွေနေတဲ့ လမ်းလေးတစ်လမ်းဖြစ်ပြီး အဝါရောင်ဦးထုပ်နဲ့ ဂျင်းဘောင်းဘီအပြည့်ဝတ်ထားတဲ့ ကလေးလေးတစ်ယောက် ပါနေတယ်။

သူမက အမေ့ဘေးနားမှာ ထိုင်လိုက်ပြီး မေးလိုက်တယ်။

"ဒါ သမီးလား"

"အင်းလေ။ သမီး လေးနှစ်တုန်းကပုံပဲ။ အဲဒီတုန်းက သမီး တော်တော်လေး ချစ်စရာကောင်းတာ"

"အခု မချစ်စရာကောင်းတော့လို့ ဆောရီးပါပဲ"

မီးဖိုချောင်ထဲကနေ ချောကလက်မုန့်တချို့ကို သူမ ယူလာခဲ့တယ်။ အမေ့ကို တစ်ထုပ်ပေးလိုက်တော့ အမေက ကျေးဇူးတင်စကားပြောပြီး ယူလိုက်တယ်။ ဓာတ်ပုံ ပြောင်းသွားတယ်။ ဒီတစ်ခါတော့ သူမ ဒန်းစီးနေတဲ့ပုံပဲ။ အမေ့မျက်နှာကို သူမ လှမ်းကြည့်လိုက်တယ်။ မျက်နှာပေါ်မှာ အတိတ်ကို လွမ်းဆွတ်နေတဲ့ အပြုံးတစ်ခု ရှိနေတယ်။

"အဲဒီတုန်းက တော်တော်လေး ဗြောင်းဆန်ခဲ့တာပဲ။ ရပ်ကွက်ထဲက ကောင်လေးတွေအကုန်လုံးကို သမီး လိုက်ရိုက်ဖူးတာ မှတ်မိသေးလား"

"သမီးလား။ မဖြစ်နိုင်တာ"

"သမီးက ရပ်ကွက်ရဲ့ ဘုရင်မလေးပဲလေ။ လေးနှစ်သမီးက ဘာလို့များ အဲဒီလောက် ခွန်အားတွေ ကြီးနေရတာလဲ။ အမေ့ရဲ့ နေ့စဉ်အလုပ်က တစ်နေကုန် သမီးနောက်ကို လိုက်နေရတာပဲ"

"သမီးက ကျန်းမာရေးကောင်းခဲ့ပုံပဲ"

ကျွတ် - ပါးစပ်ထဲရောက်သွားတဲ့ ချောကလက်မုန့်က အပိုင်းပိုင်း ကျိုးကြေသွားတယ်။ အမေကလည်း မုန့်ကို ဝါးရင်း နောက်ဓာတ်ပုံတစ်ပုံကို ကြည့်ဖို့ ညာဘက်မြှားခလုတ်ကို နှိပ်လိုက်တယ်။ ဓာတ်ပုံတွေနဲ့အတူ ရှုခင်းတွေ ပြောင်းသွားပေမယ့် မပြောင်းလဲတဲ့ အရာတစ်ခုတော့ ရှိနေတယ်။

"အမေတို့ အဖေတို့ပုံ တစ်ပုံမှ မပါဘူးလား"

"မရှိသလောက်ပါပဲ။ သမီးအဖေက ဓာတ်ပုံရိုက်ခံရတာကို တော်တော် မုန်းတာ။ ဓာတ်ပုံရိုက်မယ်ဆိုတဲ့ အသံကြားတာနဲ့ အင်္ကျီနဲ့ မျက်နှာကိုအုပ်ပြီး ထွက်ပြေးတော့တာပဲ"

"အဲဒီလောက်တောင် ဆိုးတာလား"

"ပြောတောင် မပြောချင်ပါဘူး။ အမေတို့ မင်္ဂလာဆောင်တုန်းကပုံ ပြရမလား"

"အင်း၊ ကြည့်ချင်တယ်"

အမေက ပြုံးလိုက်ပြီး နောက်ထပ် ဖိုဒါတစ်ခုကို ဖွင့်လိုက်တယ်။

"ဒါနဲ့ အယ်လ်ဘမ်ထဲက ဓာတ်ပုံတွေအကုန်လုံးကို ကူးထည့်ဖို့ အချိန်ဘယ်တုန်းက ရလိုက်တာလဲ"

"အိမ်ပြောင်းခါစတုန်းကလေ။ အယ်လ်ဘမ်ကို ဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံတွေအကုန်လုံး အရောင်တွေ လွင့်နေပြီ။ အချိန်မနှောင်းခင် သိမ်းထားမှဖြစ်မယ်ဆိုပြီး စကင်န်ဖတ်လိုက်တာ"

"ဪ ဒါကြောင့် အမေ စကင်နာကို သုံးလိုက်တာကိုး"

"ရလာတဲ့ဟာပဲလေ။ လွှင့်ပစ်ရမှာ နှမြောစရာကြီး"

'My' လို့ နာမည်ပေးထားတဲ့ ဖိုဒါကို ဖွင့်ပြီးတဲ့နောက် အမေက မောက်စ်ကို နှစ်ခါသုံးခါလောက် လှိမ့်ပြီး ဓာတ်ပုံတစ်ပုံကို ဖွင့်လိုက်တယ်။ ဓာတ်ပုံကို ညာဘက်ကနေ ရိုက်ထားတာဖြစ်ပြီး အလယ်မှာက အဖြူရောင် မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သူမအမေရှိနေတယ်။ ဘယ်ဘက်မှာတော့ မျက်နှာကြီး ရဲတွတ်နေတဲ့ အဖေက ရှိနေတယ်။ ဓာတ်ပုံကို ကြည့်ရုံနဲ့တင် သူ ဘယ်လောက်တောင် ရှက်နေလဲဆိုတာ သိသာတယ်။

"ဒီလူကြီးက မင်္ဂလာဆောင်တဲ့နေ့မှာလည်း အဲဒီလိုပဲ။ တကယ်ပါပဲ၊ ဓာတ်ပုံရိုက်ခံရတာများ ဘာတွေခက်ခဲနေလို့လဲ။ တကယ်ဆို အခြေအနေက ပြောင်းပြန်ဖြစ်နေရမှာ မဟုတ်ဘူးလား"

"အဖေက တော်တော်လေး ရဲနေတာပဲ။ အရက်မူးနေတဲ့ပုံ ပေါက်နေတယ်"

"အမေ့ရဲ့ အမေကလည်း သူ့အကြောင်း တစ်ခုခု ပြောခဲ့သေးတယ်"

"အဖွားက ပြောတာလား"

အမေက ခေါင်းညိတ်ပြီး ပြောပြတယ်။

"ဒီမစ္စတာဟန်က ခရမ်းချဉ်သီးကျနေတာပဲတဲ့။ သမီးအဖေက အဲဒါကို ကြားတော့ ပိုတောင် ရဲသွားသေးတယ်"

အမေက တခစ်ခစ် ရယ်လိုက်တယ်။

အဖွား...။ သူမရဲ့ မှတ်ဉာဏ်တွေထဲမှာတော့ အဖွားက သဘောကောင်းတဲ့သူ တစ်ယောက်ပဲ။ မူလတန်းတုန်းက ကျောင်းပိတ်ရက် နွေရာသီတိုင်း ဂွမ်ဂျူမှာရှိတဲ့ အဖွားအိမ်ကို သူမ သွားလေ့ရှိတယ်။ ကားပေါ်မှာ ငိုက်လာတဲ့အချိန် နွားချေးနံ့ စရလာပြီး ကားတံခါးပွင့်သွားတာနဲ့ အဖွားက သူမကို အမြဲတမ်း တင်းတင်းကြပ်ကြပ် ဖက်ထားတတ်တယ်။ အဖွားဆီက သာယာတဲ့ မြက်ခင်းနံ့လေး အမြဲရနေတတ်တယ်။ မနက်တိုင်း အဖွားကျွေးတဲ့ မုယောစပါးထမင်းကလည်း ကောင်းသလို ဆားလေးတို့ပြီး ကျွေးတဲ့ ဖရဲသီးကလည်း အရသာရှိတယ်။ ညနေတိုင်း ကန်စွန်းဥကင်တွေ စားရင်း အဖွားမွေးထားတဲ့ ခွေးလေးနဲ့ သူမ ဆော့ကစားလေ့ရှိတယ်။ အဲဒီနေရာက သူမအတွက်တော့ နွေရာသီရဲ့ အကောင်းဆုံး ကစားကွင်းကြီးပါပဲ။ ပိုးကောင်လေးတွေ အော်သံကြားရတိုင်း အဖွားက ခရုပုံစံ ခြင်ဆေးခွေတွေ အမြဲထွန်းပေးလေ့ရှိပြီး အဲဒီအနံ့လေးကလည်း မွှေးနေတာပဲ။ သူမ အဖွားနဲ့ပတ်သက်သမျှ အရာအားလုံးကို သဘောကျတယ်။

တစ်ခါကတော့ အဖွားနဲ့အတူ ခဏတာ နေထိုင်ခွင့် ရခဲ့ဖူးတယ်။ သူမ အလယ်တန်း ပထမနှစ်တုန်းက အဖေဆုံးပြီးခါစ အချိန်ပေါ့။ အဖေ့ရဲ့ ရုပ်အလောင်းကို အိမ်ကနေ သယ်ထုတ်သွားတဲ့ နေ့ပဲ။ အဖွားက အထုပ်အပိုးတွေနဲ့အတူ သူမတို့အိမ်ကို ရောက်လာတယ်။ အဖွားက သူမွေးထားတဲ့ နွားတွေကို ရောင်းလိုက်ပြီး အိမ်ကိုလည်း အရောင်းစာရင်း တင်ပြီးမှ သူမတို့ဆီကို တစ်ယောက်တည်း ထွက်လာခဲ့တာ။ အမေနဲ့ အတော်ကြာကြာ စကားပြောနေခဲ့တယ်။ အဲဒီစကားဝိုင်းရဲ့ လေးနက်မှုကို သူမ ရေးရေးလေး ခံစားမိတဲ့အတွက် ကစားကွင်းဘက်ကို ထွက်ပြေးပြီး အချိန်ဖြုန်းနေလိုက်တယ်။ နေဝင်ချိန်ရောက်လို့ အရိပ်တွေ ရှည်ထွက်လာတဲ့အခါ အရိပ်တစ်ခုကို သူမ လှမ်းမြင်လိုက်ရတယ်။ ကစားကွင်းဆီကို ရောက်လာတဲ့ အဖွားပါပဲ။

အဲဒီအချိန်က အဖြစ်အပျက်ကို သူမ ကွက်ကွက်ကွင်းကွင်း မှတ်မိနေတုန်းပဲ။ အဖွားက သူမကို ဖက်ပြီး ကျောလေးပွတ်ပေးရင်း ငိုသံနဲ့... မဟုတ်ဘူး... ငိုချင်တာကို အောင့်အည်းထားတဲ့ အသံနဲ့ ညစာစားဖို့ အချိန်ရောက်ပြီလို့ ပြောခဲ့တယ်။

အဲဒီနောက်တော့ အဖွားနဲ့အတူ ခြောက်လလောက် အတူနေခဲ့ရတယ်။ ကျောင်းကပြန်လာတဲ့အခါ ဆီးကြိုနှုတ်ဆက်မယ့်သူ ရှိနေတယ်ဆိုတဲ့ အသိလေးကတင် သူမရဲ့ စိတ်ခံစားချက်ကို တော်တော်လေး တည်ငြိမ်စေခဲ့တယ်။ ညဘက်တွေဆို သူတို့ သုံးယောက်သား ညစာကို အတူတူ စားကြတယ်။ အဖေ့ကို လွမ်းဆွတ်နေတုန်းပေမယ့် အဲဒီအလွမ်းတွေကြောင့် သူမ ထပ်ပြီး နာကျင်မနေတော့ဘူး။ အဖွားရဲ့ ကျေးဇူးကြောင့်ပါပဲ။

အဖွားအနားမှာ အမြဲတမ်း အပြာရောင် သကြားလုံးဗူးလေး ရှိတတ်တယ်။ 'ဧည့်သည်လက်ဆောင်' လို့ ရေးထားတဲ့ အဲဒီသကြားလုံးဗူးထဲမှာ သကြားလုံးတွေအစား ကာရာမဲလ်တွေ အမြဲရှိနေတတ်တယ်။ အဖွားနဲ့ တီဗီအတူတူကြည့်ရင်း အဲဒီ ကာရာမဲလ်တွေကို စားရတာ သူမ သဘောကျတယ်။ သွားပိုးစားလိမ့်မယ်ဆိုပြီး ဆက်မစားဖို့ အဖွားက အမြဲပြောပေမယ့် ဗူးကိုတော့ အမြဲတမ်း ဖွင့်ထားပေးလေ့ရှိတယ်။

"ဪ ဟုတ်သားပဲ"

သူမ မတ်တတ်ထရပ်လိုက်တယ်။ အမေက မေးခွန်းထုတ်ချင်တဲ့ အကြည့်နဲ့ ကြည့်လာပေမယ့် သူမက ပြုံးပြလိုက်ပြီး အခန်းငယ်လေးထဲကို ဝင်သွားတယ်။ အဲဒီအခန်းက အခုတော့ ပစ္စည်းထားတဲ့ အခန်းဖြစ်နေပြီ။ ဘီဒိုရှေ့မှာ ရပ်လိုက်ပြီး အောက်က အံဆွဲကို သူမ ဖွင့်လိုက်တယ်။ အထဲမှာတော့ အပြာရောင် သကြားလုံးဗူးလေး ရှိနေတယ်။

အဲဒီ သကြားလုံးဗူးကို ယူပြီး ဧည့်ခန်းကို သူမ ပြန်ထွက်လာခဲ့တယ်။ ဗူးလေးကို မြင်တော့ အမေလည်း ဝမ်းသာသွားတဲ့ပုံပဲ။

"ရုတ်တရက် အဲဒါကို သတိရသွားလို့။ အဖွားက ဒါကို သူ့ဘေးနားမှာ အမြဲထားတာလေ"

"ဒါက အဖွားရဲ့ ရတနာသေတ္တာလေ။ မတွေ့ရတာ တော်တော်တောင် ကြာပြီ"

"ဟုတ်တယ်"

ဗူးကိုဖွင့်ပြီး အထဲမှာ ဘာတွေပါလဲဆိုတာ သူမက အမေနဲ့အတူ ကြည့်လိုက်တယ်။ သေချာတာကတော့ ကာရာမဲလ်တွေ မရှိတော့ပါဘူး။ အထဲမှာက ချည်ဖြတ်ကတ်ကြေးတစ်ခု၊ အပ်စွပ်တစ်ခုနဲ့ အပ်ချည်လုံးတွေ ရှိနေတယ်။ အဲဒီအောက်မှာတော့ အဝါရောင် မှတ်စုစာရွက် အထပ်လိုက်လေး ရှိနေတယ်။ အဲဒီ မှတ်စုတွေကို သေချာ ဂရုတစိုက် သူမ ထုတ်ယူလိုက်တယ်။

"...အဖွား စာရေးလေ့ကျင့်နေခဲ့တာပဲ"

မသေသပ်တဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာလုံးတွေကို သူမ မြင်လိုက်ရတယ်။ 'အဖေ' နဲ့ 'အမေ' ဆိုတဲ့ စကားလုံးတွေကနေ စပြီး နေ့စဉ်သုံး ပစ္စည်းတွေအထိ ရေးထားတယ်။ အဲဒီ မှတ်စုတွေကို ဖတ်နေတဲ့ အမေက ရုတ်တရက် သူ့နှာခေါင်းဖျားကို ပွတ်လိုက်တယ်။ မျက်လုံးတွေလည်း ရဲလာတယ်။

အိမ်ကနေ မထွက်လာခင် အဖွား သူမကို ပေးခဲ့တဲ့ စာလေးကို ပြန်သတိရသွားတယ်။ အဲဒီစာက သူမကို ကျန်းမာအောင်နေဖို့ ဆုတောင်းပေးထားတဲ့ စကားလုံးတွေနဲ့ အဆုံးသတ်ထားတယ်။ အဲဒီစာထဲက လက်ရေးနဲ့ မှတ်စုတွေပေါ်က လက်ရေးက အတူတူပဲ။ အတူနေပြီး ခြောက်လအကြာမှာ အဖွား ထွက်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ အဖွားဆုံးသွားပြီဆိုတဲ့ သတင်းကို သူမ ကြားလိုက်ရတယ်။ အဖွားက ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေတာ။ အလယ်တန်းကျောင်းသူဘဝ အဲဒီအချိန်တုန်းကတောင် သူမရဲ့ နောက်ဆုံးအချိန် ခြောက်လကို သူမအတွက် အချိန်ပေးခဲ့တယ်ဆိုတာ အဖွားအတွက် ဘယ်လိုအဓိပ္ပာယ်ရှိလဲဆိုတာကို သူမ သိခဲ့တယ်။ နာရေးတုန်းက သူမ အများကြီး ငိုခဲ့တယ်။

မှတ်စုစာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်ရင်း အမေက "အဖွား လို့ ရေးရမှာပါဆို... အမေရယ်" လို့ ပြောလိုက်တယ်။

မှတ်စုစာရွက် အများကြီးကို ကြမ်းပြင်ပေါ်မှာ သူမ ဖြန့်ခင်းလိုက်တယ်။ စာရွက်တစ်ရွက်စီတိုင်းမှာ အဖွားရဲ့ အငွေ့အသက်တွေ ရှိနေတယ်။

ခဏလောက် ကြည့်ပြီးနောက်မှာတော့ အမေက တခစ်ခစ် ရယ်လိုက်ရင်း ပြောလာတယ်။

"အနည်းဆုံးတော့ အမေက သူ့နာမည်ကို လှလှလေး ရေးနိုင်ခဲ့တာပဲ"

အမေက 'ယူးဘုတ်ဂျာ' လို့ ရေးထားတဲ့ မှတ်စုလေးကို ယူလိုက်ချိန်မှာ သူမက 'တက္ကဆီ' အစား မှားရေးထားတဲ့ မှတ်စုလေးကို ကောက်ကိုင်လိုက်တယ်။ အဖွားက အမြဲတမ်း တက္ကစီကို အသံထွက်မှားပြီး ခေါ်လေ့ရှိတယ်။

"အဖွားကို တွေ့ချင်လိုက်တာ။ အမေ့ဆီမှာ အဖွားဓာတ်ပုံ ရှိလား"

"ရှိတာပေါ့"

သိပ်မကြာခင်မှာပဲ အဖွားဓာတ်ပုံက မျက်နှာပြင်ပေါ်မှာ ပေါ်လာတယ်။ ဓာတ်ပုံထဲမှာ အဖွားက ဟန်ဘုတ်ဝတ်စုံ ဝတ်ထားပြီး ရှက်နေတဲ့ပုံစံနဲ့ ပြုံးနေတယ်။

"အဖွားက တော်တော်လှတာပဲ"

"ဟုတ်တယ်။ အဖေသာ ဒုက္ခမပေးခဲ့ရင် တခြားသူတွေက အဖွားကို 'သခင်မလေး' လို့တောင် ခေါ်ကြမှာ"

"အဲဒါတော့ ဟုတ်တယ်"

အဖွားဓာတ်ပုံတွေက သိပ်များများစားစား မရှိဘူး။ တကယ့်ကို နှမြောစရာကောင်းတယ်လို့ သူမ ခံစားရတယ်။ ဓာတ်ပုံထဲမှာ အဖွားပေါင်ပေါ် ထိုင်နေတဲ့ သူမကိုယ်သူမ ကြည့်ရင်း မာရူးကို သတိရသွားတယ်။

"ဪ ဟုတ်သားပဲ၊ မာရူး သိတဲ့သူတစ်ယောက် အခု ဆေးရုံတက်နေရတယ်"

"ဟယ်။ ရောဂါကြီးကြီးမားမားလား"

"မဟုတ်ပါဘူး။ အခုတော့ အဆင်ပြေသွားပြီလို့ မာရူး ပြောပေမယ့် သူ့မျက်နှာမကောင်းဘူး။ သူ အရမ်းတန်ဖိုးထားတဲ့သူ ဖြစ်ရမယ်"

ဖုန်းလက်ခံပြောနေတုန်း မာရူး မျက်နှာကြီး တင်းမာသွားတာကို သူမ ပြန်သတိရသွားတယ်။ အဲဒါက မာရူး မျက်နှာမကောင်းတာကို ပထမဆုံးအကြိမ် မြင်ဖူးတာမို့လို့ သူမ စိတ်ပူသွားမိတယ်။

"မာရူးတော့ ကံကောင်းတာပဲ။ သူ့အတွက် ဒီလောက်စိုးရိမ်ပေးနေတဲ့ ကောင်မလေးတစ်ယောက် ရှိနေလို့" လို့ အမေက သူမရဲ့ ဆံပင်တွေကို သပ်ပေးရင်း ပြောတယ်။

ကြမ်းပြင်ပေါ်က မှတ်စုတွေကို မသိမ်းခင် အမေ့ကို သူမ မျက်စောင်းလေး ထိုးလိုက်တယ်။

"အမေ"

"အင်း"

"သမီး ကန်စွန်းဥကင် စားချင်တယ်"

"အမေလည်း စားချင်တယ်"

သူမ သကြားလုံးဗူးကို ကိုင်ပြီး အခန်းငယ်လေးထဲကို ထပ်သွားလိုက်တယ်။ ပြီးတော့ ဘီဒိုရှေ့မှာ ထိုင်ချလိုက်ပြီး အံဆွဲထဲကို ငုံ့ကြည့်လိုက်တယ်။ အဖွား အမြဲဝတ်နေကျ တီရှပ်နဲ့ ဘောင်းဘီရှည်က အထဲမှာ ရှိနေတယ်။ အဲဒီဘေးမှာက ဟောင်းနွမ်းနေတဲ့ သမ္မာကျမ်းစာအုပ်တစ်အုပ်။ ဗုဒ္ဓဘာသာ စိပ်ပုတီးတစ်ကုံးနဲ့ အဆောင်တစ်ခုလည်း ရှိနေတယ်။ အဖေ ဆေးရုံတက်နေရတုန်းက ဘာသာတရားအားလုံးက ဘုရားတွေဆီမှာ အဖွားက ဆုတောင်းပေးခဲ့တာ။ အဖွား ထားရစ်ခဲ့တဲ့ အငွေ့အသက်တွေကို ကြည့်ရင်း သူမ ရင်ထဲမှာ ဆို့နင့်သွားတယ်။

သကြားလုံးဗူးကို မူလနေရာမှာ ပြန်ထားပြီးတဲ့နောက် အံဆွဲကို ပိတ်လိုက်တယ်။ အဖွားကို ထပ်ပြီး လွမ်းဆွတ်လာတဲ့အခါ အဲဒီအံဆွဲကို တစ်ခေါက်လောက် ထပ်ဖွင့်ဖြစ်ဦးမှာ သေချာတယ်။

ဧည့်ခန်းထဲ ပြန်ထွက်လာတော့ အမေက မျက်မှန်တပ်ပြီး ကွန်ပျူတာမျက်နှာပြင်မှာ အာရုံစိုက်နေပြန်တယ်။ အမေ့ရဲ့ နားချိန် ပြီးသွားပြီထင်တယ်။ မီးဖိုချောင်ထဲကို တိတ်တိတ်လေး ဝင်သွားပြီး လက်ဖက်ရည်ကြမ်း ဖျော်ကာ အမေ့ လက်တော့ပ်ဘေးမှာ သွားချပေးလိုက်တယ်။ ကီးဘုတ်ကို ခေါက်နေတဲ့ အမေက သူမကို ပြုံးပြပြီးနောက် အလုပ်ကို ပြန်အာရုံစိုက်သွားတယ်။

သူမ အခန်းထဲကို ဝင်ပြီး တံခါးပိတ်လိုက်တယ်။ ပြီးတော့ စာအုပ်စင်ပေါ်က အယ်လ်ဘမ်ငယ်လေးတစ်ခုကို ဆွဲထုတ်လိုက်တယ်။ အလယ်လောက်ကို ဖွင့်ကြည့်လိုက်တော့ သူမ သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ စတစ်ကာ ဓာတ်ပုံတွေ အများကြီးရှိနေတယ်။ သူမ ပြုံးလိုက်ပြီး အရှေ့ဆုံးစာမျက်နှာကို လှန်လိုက်တယ်။ အဲဒီမှာ အဖေနဲ့ အတူတူရိုက်ထားတဲ့ ဓာတ်ပုံ နည်းနည်းကို မြင်လိုက်ရတယ်။ အဖေက သူမကို ပခုံးပေါ်မှာ တင်ထားရင်း ကင်မရာကို ကြည့်ပြီး တောက်ပစွာ ပြုံးနေတယ်။ အခုမှပဲ သေသေချာချာ ကြည့်လိုက်တော့ သူ့မျက်နှာက နည်းနည်း ရဲနေသလိုပဲ။ ဓာတ်ပုံအရိုက်ခံရလို့ သူ အရမ်း ရှက်နေခဲ့တာ သေချာတယ်။

ဓာတ်ပုံတွေကို ခဏလောက် ကြည့်ပြီးတဲ့နောက် သူမ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ရင်း အယ်လ်ဘမ်ကို ပိတ်လိုက်တယ်။

* * * * * * * * *

All Chapters