အခန်း ၃၄၄
Vol. 35 Ch. 344
အခန်း(၃၄၄)
"စာအုပ်ပေးပါ"
သူက သမီးဖြစ်သူရဲ့ လက်ကို ကြည့်လိုက်တယ်။ သူမက မြန်မြန်ပေးဖို့ လက်ကို တစ်ချက် လှုပ်ပြတယ်။ သူမရဲ့ ချောမွေ့နေတဲ့ လက်တွေက ဘယ်အချိန်ကစပြီး ဒီလိုမျိုး တွန့်တွန့်လိပ်လိပ်တွေ ဖြစ်သွားခဲ့တာလဲ။ အချိန်တွေ ကုန်ဆုံးသွားတာကို မှန်ထဲကနေ မဟုတ်ဘဲ သမီးဖြစ်သူရဲ့ လက်တွေကနေတစ်ဆင့် သူ သတိထားမိလိုက်တယ်။
"စာဖတ်ရုံနဲ့ ဘာမှဖြစ်သွားမှာ မဟုတ်ပါဘူးကွာ"
"တစ်ခုခု ဖြစ်ထားလို့ ပြောနေတာပေါ့။ ပေး"
သမီးဖြစ်သူက ရန်ဖြစ်တော့မယ့်အတိုင်း အသံကို မြှင့်ပြောလိုက်တယ်။ သူ့ရဲ့ ဒုတိယသမီးက ငယ်ငယ်တုန်းက သိပ်လန့်တတ်တဲ့ ကလေးမလေးလေ။ အရိပ်ကိုမြင်ရင်လည်း ငိုသလို သူ့ဘက်ကို ဘောလုံးလိမ့်လာရင်လည်း ငိုတတ်တယ်။ ဦးလေးတွေက မျက်နှာဝှက်ပြီး စရင်တောင် ငိုတတ်သေးတာ။ တစ်ရက်လေးတောင် မငိုဘဲ မနေတဲ့အတွက် ဒီလောက် အသည်းငယ်တဲ့ ကလေးမလေးက ဒီလောကကြီးထဲမှာ ဘယ်လိုများ အသက်ရှင်ရပ်တည်မလဲလို့ သူ တစ်ခါက တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ အဲဒီသမီးကပဲ သူ့ကို စာအုပ်ပေးဖို့ အတင်းအကျပ် တောင်းဆိုနေလေရဲ့။
"ဟာကွာ ငါ အဆင်ပြေပါတယ်ဆိုနေမှ"
"အဖေ"
သမီးဖြစ်သူက မျက်မှောင်ကြုတ်လိုက်တယ်။ အသက်လေးဆယ် ကျော်နေပြီဖြစ်တဲ့ သမီးရဲ့ အကြည့်က တော်တော်လေး ကြောက်စရာကောင်းနေတာကြောင့် မွန်ဂျောင် က စာအုပ်ကို မပေးချင်ဘဲ ပေးလိုက်ရတယ်။
"လှဲနေပါတော့။ တီဗီကြည့်တာလည်း ရပ်လိုက်တော့။ နားနားနေနေ နေဖို့ ဆရာဝန်ပြောတာကိုလည်း နားထောင်ဦး"
"ငါ့ကိုယ်အကြောင်း ငါ အသိဆုံးပါ"
"အဲဒါတောင် သတိလစ်ပြီး လဲကျသွားသေးတယ်မလား"
သမီးဖြစ်သူက စောင်ကို သူ့ရင်ဘတ်အထိ ဆွဲခြုံပေးလိုက်တယ်။ ဆေးရုံက စောင်တွေမှာ အေးစက်စက် အနံ့တစ်ခု ရှိတယ်။ အဲဒီအနံ့က သူ့ကို ပိုပြီး နေမကောင်းချင်သလို ခံစားရစေတာကြောင့် တမင်သက်သက် စောင်ကို မခြုံဘဲ နေခဲ့တာ။ သမီးမသိအောင် စောင်ကို တိတ်တဆိတ် ပြန်ဆွဲချပေမယ့် ချက်ချင်းပဲ သတိထားမိသွားပြီး ပြန်ဆွဲခြုံပေးပြန်တယ်။ သူမရဲ့ ခေါင်းမာပုံက သူ့မိန်းမနဲ့ တစ်ထပ်တည်းပဲ။
"သစ်တော်သီး ခွာပေးရမလား"
"နေပါစေ။ ရတယ်"
"ထမင်းလည်း သိပ်မစားဘဲ ချန်ထားတာပဲ။ တစ်ခုခု စားချင်တာ ရှိလား"
"ခံတွင်းမတွေ့တာ မဟုတ်ပါဘူး။ ပုံမှန်ကို အများကြီး မစားတာပါ။ ငါ့အတွက် စိတ်မပူဘဲ သွားတော့။ မင်းကလေးတွေကို သွားကြည့်သင့်တယ်။ ပြီးတော့ ကျန်းမာရေးကောင်းတဲ့သူတွေက ဆေးရုံကို မလာသင့်ဘူး။ နာမကျန်းဖြစ်နေတဲ့ သရဲ ဝင်ပူးလိမ့်မယ်"
"သမီးအတွက် စိတ်မပူဘဲ အဖေ့ကိုယ်အဖေသာ စိတ်ပူပါ။ ကလေးတွေက အိမ်မှာမရှိဘူး ကျူရှင်သွားကြတယ်။ ပြီးတော့ အခုက ဘယ်ခေတ်ရောက်နေပြီလို့ ထင်နေတာလဲ။ သရဲတွေကိုတောင် ဆေးနဲ့ ကုလို့ရနေပြီ"
သူက ငြင်းပေမယ့် သမီးဖြစ်သူက သစ်တော်သီးတစ်စိတ်ကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တယ်။ ထူးဆန်းတာက မစားခင်တုန်းက ဘာမှမစားချင်ခဲ့ပေမယ့် အေးမြပြီး ချိုမြိန်တဲ့ အရည်တွေ ပါးစပ်ထဲ ပြန့်နှံ့သွားတဲ့အခါ အစာအိမ်က အစားအစာကို လက်ခံလာတယ်။ သမီးဖြစ်သူ စကားကို နားထောင်တာက အကောင်းဆုံးရွေးချယ်မှုလို့ ထင်ရတယ်။
"ပတ် ရဲ့ အလုပ်ကော အဆင်ပြေရဲ့လား"
"ကလေးတွေ ငတ်မနေရလောက်အောင်တော့ ဝင်ငွေရှိပါတယ်။ သမီးလည်း ဘေးကနေ အလုပ်နည်းနည်းပါးပါး လုပ်နေတယ်။ အရင်ကလောက် အခြေအနေ မဆိုးတော့လို့ သမီးတို့အတွက် စိတ်ပူစရာမလိုပါဘူး။ ရော့ ဒါလေးပါ စားလိုက်ဦး"
မွန်ဂျောင် က သူ့ပါးစပ်ကို သမီးဖြစ်သူ သဘောအတိုင်း လွှဲပေးလိုက်တယ်။ ငြင်းနေလို့လည်း အပိုပဲဆိုတော့ ဒီအတိုင်း အလျှော့ပေးလိုက်တာက ပိုကောင်းလိမ့်မယ်။ ကြွပ်ရွနေတဲ့ သစ်တော်သီးကို ဝါးစားရင်း တီဗီကို ဖွင့်လိုက်တယ်။ ကံကောင်းတာက ဒီတစ်ကြိမ်တော့ သူမက တီဗီကို ပြန်မပိတ်ဘူး။ သစ်တော်သီးကို စကားနားထောင်ပြီး စားလိုက်လို့ ဖြစ်မယ်။ ခရမ်းသီးစားရင် မုန့်ဝယ်ကျွေးမယ်လို့ သူ ပြောခဲ့ရတဲ့ အချိန်တွေကို သွားသတိရမိတယ်။ သူ့ရဲ့ ဒုတိယသမီးက ငယ်ငယ်တုန်းက အစားအသောက် တော်တော် ရွေးတတ်တာလေ။
-'Comet'၊ 'Man of Six O'Clock' နဲ့ 'South of North' ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင် လီဟျော့ က 'Soul' ဆိုတဲ့ အိမ်သစ်တစ်ခုကို ရှာတွေ့သွားပါပြီ။ ဒီနာမည်ကို တော်တော်များများ သိကြမှာပါ။ သူတို့က 'The Five' ဆိုတဲ့ ကောင်လေးတွေ အဖွဲ့ကွဲသွားပြီးနောက် အဖွဲ့ဝင် သုံးယောက်ကို လက်ခံပေးခဲ့တဲ့ ကုမ္ပဏီလေ။ သရုပ်ဆောင် လီဟျော့ က အဲဒီအေဂျင်စီနဲ့ သီးသန့်စာချုပ် ချုပ်ဆိုလိုက်တယ်ဆိုတဲ့ သတင်းရရှိထားပါတယ်။
သတင်းထောက်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ယောက်က တော်တော်လေး စိတ်ဝင်စားနေပုံနဲ့ ပြောနေတယ်။ မွန်ဂျောင် က ဖျော်ဖြေရေးသတင်းတွေကို ခဏလောက် ကြည့်ပြီးနောက် ရုပ်သံလိုင်း ပြောင်းလိုက်တယ်။
"အဖေ ကြည့်စရာ တစ်ခုခု ရှိလို့လား"
"မရှိပါဘူး"
မွန်ဂျောင် က ဒုတိယသမီးဆီ အဝေးထိန်းခလုတ်ကို ပေးလိုက်တယ်။ သူမက ကေဘယ်ရုပ်သံလိုင်း တစ်ခုကို ပြောင်းလိုက်တယ်။
"ဒီဇာတ်လမ်းတွဲလေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်"
အဲဒီဇာတ်လမ်းတွဲက ချွေးမဖြစ်သူက ယောက္ခမရဲ့ ပါးကို ရိုက်တဲ့အခန်းနဲ့ စတင်တယ်။ သူ့သမီးက ချွေးမဘက်ကနေ အားပေးနေတယ်။ တော်တော်လေးကို ရှုပ်ယှက်ခတ်နေတဲ့ ဇာတ်လမ်းဆိုပေမယ့် သူ့နည်းသူ့ဟန်နဲ့တော့ တကယ်ကို ပျော်စရာကောင်းပါတယ်။ ဒီကောင်မလေးက လူဆိုးမ၊ ဟိုကောင်မလေးက လူကောင်းမ ဆိုပြီး သမီးဖြစ်သူက ဘေးနားကနေ သေချာ ရှင်းပြနေတယ်။ တကယ်တော့ အဲဒီဇာတ်လမ်းတွဲက ရှင်းပြချက်တွေ အများကြီးတောင် မလိုအပ်ပါဘူး။ မိတ်ကပ်အထူကြီးလူးထားပြီး ဆိုးယုတ်တဲ့ပုံပေါက်နေတဲ့သူက လူဆိုးမဖြစ်ပြီး အပြစ်ကင်းစင်တဲ့ပုံပေါက်နေတဲ့သူက လူကောင်းမလေ။
ဇာတ်လမ်းထဲမှာ 'သူမက ရှင်တို့ရဲ့ အရင်းအချာ သမီးမဟုတ်ဘူး' လို့ တစ်ယောက်ယောက်က ပြောလိုက်တဲ့အချိန်မှာပဲ လူနာခန်းတံခါး ပွင့်လာတယ်။ ဝင်လာတဲ့သူက ဂွန်ဆူ ပါ။
"ဆရာ ကျွန်တော် ရောက်လာပြီ"
"မင်း လာစရာမလိုပါဘူးလို့ ငါ ပြောထားတယ်လေ"
သူ ဆေးရုံတက်ရတာ ဆယ်ရက်ရှိသွားပြီ။ အဲဒီအချိန်အတွင်းမှာ ဂွန်ဆူ က သူ့ဆီကို လေးခေါက်တောင် လာကြည့်ခဲ့တယ်။ သူက လူငယ်တစ်ယောက်ဖြစ်ပြီး အလုပ်တွေလည်း ရှိတာမို့လို့ အလုပ်များနေတဲ့ကြားက လာကြည့်ပေးတဲ့အတွက် မွန်ဂျောင် က ကျေးဇူးလည်းတင်သလို အားလည်းနာမိတယ်။
"လာလေ"
ဒုတိယသမီးကလည်း အနားကိုကပ်လာပြီး နှုတ်ဆက်တယ်။ အပြင်ထွက်ပြီး လေညင်းခံလိုက်ဦးမယ်လို့ ပြောကာ သူမ ထွက်သွားတယ်။
"အခြေအနေ ဘယ်လိုနေလဲ"
"လွန်ခဲ့တဲ့ သုံးရက်ကတည်းက ငါ အဆင်ပြေပါတယ်လို့ မပြောခဲ့ဘူးလား။ အားလုံးက ကိစ္စကြီးတစ်ခုလို သဘောထားနေကြတာပဲ။ ငါ သေတော့မယ့်အတိုင်းပဲ"
"ဆရာက ကိုယ့်အိမ်မှာကိုယ် ရုတ်တရက် သတိလစ်ပြီး လဲကျသွားလို့ အကုန်လုံးက စိတ်ပူနေကြတာလေ။ အဲဒီအချိန် စီနီယာ ဂျွန်မင်း သာ မရှိခဲ့ဘူးဆိုရင်... တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းတယ်"
"ငါ သွေးအားနည်းသွားလို့ပါ။ အခုတော့ အဆင်ပြေသွားပါပြီ"
"ဆရာ တကယ် အဆင်ပြေတယ်ဆိုရင် ဆရာဝန်က ဆေးရုံဆင်းခိုင်းမှာပေါ့။ အဲဒီအချိန်အထိတော့ နားနားနေနေ နေသင့်တယ်"
ဂွန်ဆူ က အိတ်ထဲကနေ စာအုပ်တစ်အုပ် ထုတ်လိုက်တယ်။
"ဒါက ပြီးခဲ့တဲ့တစ်ခေါက်က ယူလာခဲ့ဖို့ ဆရာပြောထားတဲ့ စာအုပ်ပါ"
မွန်ဂျောင် က စာအုပ်ကို ယူပြီး ချက်ချင်းပဲ စောင်အောက်မှာ ဝှက်ထားလိုက်တယ်။ သူ့ရဲ့ ဒုတိယသမီး မြင်တာနဲ့ ယူသွားမှာ သေချာတယ်။
"မင်း ရုပ်ရှင်ရိုက်နေတယ်လို့ ကြားတယ်"
"ဖျက်သိမ်းလိုက်ပြီ"
"ဖျက်သိမ်းလိုက်တယ် ဟုတ်လား"
"ဟုတ်တယ်။ စီအီးအို ကုမ္ပဏီက ဥက္ကဋ္ဌ ပျောက်သွားလို့လေ။ အခု အကုန်လုံး ရပ်ထားရတယ်။ ပရောဂျက်တစ်ခုလုံးကို လုံးဝ ဖျက်သိမ်းလိုက်ဖို့လည်း အလားအလာရှိတယ်။ ရင်းနှီးမြှုပ်နှံသူအသစ်တွေကို ရှာနေတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး"
"ဒါဆို ဂျွန်မင်း ကို လုပ်ခိုင်းလိုက်ပါလား"
"ကိစ္စက သူက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ ခံယူချက်တစ်ခု ရှိတယ်။ သူက ကျွန်တော့်ကိုလည်း ဘာမှ နောင်တမရဘဲ တခြားတစ်ခုခုကို ရှာကြည့်ဖို့ ပြောတယ်"
"ကြည့်ရတာ အဲဒီရုပ်ရှင်က အစကတည်းက ကျရှုံးဖို့ ဖန်လာတာနဲ့ တူတယ်"
"ဖြစ်နိုင်ပါတယ်။ တကယ်တော့ အဲဒါ မစခင်ကတည်းက သူနဲ့ ကျွန်တော် သဘောထားချင်း မတိုက်ဆိုင်ခဲ့ဘူး။ ဇာတ်ညွှန်းကို အတူတူ ကြည့်ခဲ့ကြပြီး သူက ကျွန်တော့်ကို မလုပ်ဖို့ အကြံပေးခဲ့တယ်။ အဲဒီတုန်းက သူ့စကားကို နားထောင်ခဲ့သင့်တာ။ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဆိုတာ ဘယ်သူမဆို လုပ်နိုင်တဲ့အရာ မဟုတ်ဘူးထင်တယ်။ အဲဒီလိုလူမျိုး ဖြစ်ဖို့ဆိုရင် အမြော်အမြင် ကြီးဖို့လိုတယ်လေ"
"မင်းက အဲဒီအလုပ်ကို သဘောကျတယ်ဆိုရင် ကိုယ့်အစွမ်းအစ အကုန်ထုတ်ပြီး လုပ်ခဲ့သင့်တာပေါ့။ အဲဒီလိုလုပ်လို့မှ ကျရှုံးသွားတယ်ဆိုရင်လည်း မတတ်နိုင်ဘူးလေ။ အေဂျင်စီတွေဆိုတာ ဒါမျိုးတွေအတွက် ရှိနေတာပဲ။ မင်းက ဂျွန်မင်း ကို စိတ်ကြိုက် အသုံးချသင့်တာ"
"နောက်ကျရင် ဆရာပြောတဲ့အတိုင်း သူ့ကို ကွက်တိ ပြန်ပြောပြမယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ့်အချိန်ကျရင် အဲဒီစကားကို အသုံးချရမယ်"
"ပြောပြလိုက်ပါ။ အော် မင်းလည်း သစ်တော်သီး နည်းနည်းလောက် စားဦး။ ငါတစ်ယောက်တည်း စားဖို့က များနေတယ်"
အဲဒီနောက် ဂွန်ဆူ က ရုပ်ရှင်ရဲ့ ရိုက်ကူးရေးအပြီး လုပ်ဆောင်ရမယ့် အပိုင်းတွေအကြောင်း ပြောပြတယ်။
"ဈေးထဲက အခန်းကို အသံပြန်သွင်းရမယ်ထင်တယ်။ အသံက သိပ်မကြည်လို့ သရုပ်ဆောင်တွေရဲ့ အသံကို ပြန်သွင်းရမယ်လို့ ပြောတယ်"
"အဲဒါက ပုံမှန်ပါပဲ"
"အော် ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပိုစတာလည်း ပြီးသလောက် ဖြစ်နေပြီ။ ဆရာ ကြည့်ချင်လား"
ဂွန်ဆူ က လက်တော့ပ်ကို ထုတ်ပြီး မျက်နှာပြင်ပေါ်မှာ ပုံတစ်ပုံ ပြလိုက်တယ်။ ရုပ်ရှင်ရိုက်ကူးရေး ပြီးသွားပြီးနောက် ပိုစတာအတွက် ရိုက်ခဲ့တဲ့ ပုံတွေကို သေသေချာချာ ပြင်ဆင်တည်းဖြတ်ထားတဲ့အတွက် တော်တော်လေး မိုက်နေတယ်။
"ကျွန်တော်က ဒီအဖြူအမည်းပုံလေးကို အကြိုက်ဆုံးပဲ။ ဆရာ ကိုင်ထားတဲ့ တူကို ပိုပြီး ပေါ်လွင်အောင် လုပ်ထားတာကို သဘောကျတယ်။ ဒါပေမဲ့ ဒါကို သုံးမှာမဟုတ်လောက်ဘူးမလား"
"စည်းမျဉ်းစည်းကမ်းတွေကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်လောက်ဘူး။ ငါလည်း အရင်က ဓားကိုင်ထားတဲ့ ပိုစတာတစ်ခု ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပုံနှိပ်မယ့်ဆဲဆဲမှာ သစ်သီးတစ်လုံးအဖြစ် ပြောင်းလိုက်ကြတယ်။ အဲဒီနှစ်ခုက ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာတော့ ငါလည်း မသိဘူး"
"တောင်ကိုရီးယားက ဒီလိုကိစ္စမျိုးတွေမှာ တော်တော် တင်းကျပ်တာလေ။ ဒါက ဆရာ ဆေးလိပ်သောက်နေတဲ့ ပုံ။ ဒါလည်း ကောင်းပေမယ့် ခွင့်ပြုချက်ရမှာ မဟုတ်လောက်ဘူး။ ဆေးလိပ်ကို ဖျက်ပစ်တာ ဒါမှမဟုတ် မိသားစုဓာတ်ပုံနဲ့ တူတဲ့ ပိုစတာကိုပဲ သုံးကြလိမ့်မယ်"
ကိုယ်တွေ သဘောကျတဲ့ ပုံတွေက စည်းမျဉ်းတွေကို မကျော်ဖြတ်နိုင်ဘူးဆိုတာ ခါးသီးတဲ့ အမှန်တရားပဲ။ အသားပေါ်တာ များရင် မကောင်းဘူး၊ ဆေးလိပ် မပါရဘူး၊ လက်နက်တွေ မပါရဘူးလေ။ ပိုစတာမှာ သရုပ်ဆောင်ရဲ့ မျက်နှာ မပါလို့လည်း မရသလို စကတ်တိုတွေ ဝတ်လို့လည်း မရဘူး။ ထူးဆန်းပါတယ်။ တီဗီပေါ်မှာကျတော့ တစ်ပိုင်းဗလာကျင်းနေတဲ့ လူငယ်တွေ အချိန်ပြည့် ပါနေတတ်ပေမယ့် ပိုစတာတွေကျတော့ မရဘူးတဲ့။ ပိုပြီး လွယ်လွယ်ကူကူ ကြည့်လို့ရတဲ့ မီဒီယာက ပိုပြီး လွတ်လပ်ခွင့်ရနေတာက တော်တော်လေး ရယ်စရာကောင်းတယ်။ အဲဒါကို 'အနုပညာအတွက် တင်းကျပ်တဲ့ စည်းမျဉ်း' လို့ ခေါ်ရင်တောင်မှ အဲဒါက ရယ်စရာကောင်းနေတယ်ဆိုတဲ့ အချက်ကိုတော့ မပြောင်းလဲနိုင်ပါဘူး။
ဂွန်ဆူ က ရုတ်တရက် သူ့ဖုန်းကို ကောက်ကိုင်ပြီး နာရီကို ကြည့်လိုက်တယ်။
"မင်း အလုပ်များနေရင် သွားတော့လေ။ ပြီးတော့ ဒီကို လာတာတွေလည်း ရပ်လိုက်တော့" လို့ မွန်ဂျောင် က ပြုံးပြီး ပြောလိုက်တယ်။
ဂွန်ဆူ က နောက်တစ်ခေါက် ထပ်လာခဲ့မယ်လို့ ပြောပြီး ထရပ်လိုက်တယ်။ လူနာခန်းက နောက်ဆုံးတော့ နည်းနည်း တိတ်ဆိတ်သွားတယ်။ မွန်ဂျောင် က တီဗီကို ပိတ်ပြီး စာအုပ်ကို ဖွင့်လိုက်တယ်။ သမီးဖြစ်သူ အိမ်ပြန်သွားတဲ့အချိန် ဂွန်ဆူ ယူလာပေးတဲ့ စာအုပ်ကို ဖတ်ဖို့ သူ စီစဉ်နေတာပါ။
အဲဒီအချိန်မှာပဲ တံခါး ထပ်ပွင့်လာတယ်။ သမီးဖြစ်သူ ပြန်လာတာလားလို့ တွေးလိုက်ပေမယ့် မျှော်လင့်မထားတဲ့ သူတစ်ယောက်က အဲဒီနေရာမှာ ရပ်နေခဲ့တယ်။
"အဘိုး ကျွန်တော် ရောက်လာပြီ"
စာအုပ်တစ်အုပ်ကိုင်ထားတဲ့ မာရူး ဖြစ်နေတယ်။
"မင်း ဘယ်သူ့ဆီက ကြားတာလဲ။ ဂွန်ဆူ့ ကို မင်းကို မပြောဖို့ ငါ မှာထားတာကို"
မာရူး က ပြုံးရုံသာ ပြုံးပြီး တိုက်ဆိုင်မှုတစ်ခုကြောင့် သိခဲ့ရတာလို့ ပြောတယ်။
"ကျွန်တော်ကတော့ စိတ်မကောင်းဘူး။ အဘိုးက ကျွန်တော့်ကို အဲဒီလောက်တောင် သဘောမကျတာလား"
"ဒီလို အသေးအမွှားကိစ္စလေးအတွက်နဲ့ လူတွေကို ဒီအထိ လာခိုင်းရတာ မကောင်းဘူးလို့ ထင်လို့ပါ။ မကြာခင် ဆေးရုံဆင်းရတော့မှာကို ဘာလို့ ကိုယ်သိတဲ့သူတိုင်းကို လာစေချင်ရမှာလဲ"
မွန်ဂျောင် က ဂွန်ဆူ ထိုင်သွားတဲ့ ခုံကို လက်ညှိုးထိုးပြလိုက်တယ်။ အဲဒီလို စကားမျိုး ပြောလိုက်ပေမယ့် သူ ရောက်လာတာကို တွေ့ရတဲ့အတွက် ဝမ်းသာနေမိတယ်။ ကောင်လေးတစ်ယောက်ကို သူ့အတွက် အများကြီး စိတ်ပူနေရအောင် လုပ်မိမှာစိုးလို့ လျှို့ဝှက်ထားခဲ့ပေမယ့် သူကတော့ သိသွားပြီး ရောက်လာခဲ့တာပဲ။
"ကျန်းမာရေး အခြေအနေ ဘယ်လိုနေလဲ"
"မင်း မြင်တဲ့အတိုင်းပဲ ငါ ကျန်းမာပါတယ်။ ဟိုနားက ဓားနဲ့ ပန်းသီးကို ပေးစမ်းပါ။ ငါ ခွာပေးမယ်"
"ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်။ အော် အဘိုး ပျင်းနေမှာစိုးလို့ ဒါလေး ယူလာခဲ့တယ်။ အဘိုး သဘောကျမကျတော့ ကျွန်တော်လည်း မသိဘူး"
မွန်ဂျောင် က မာရူး ကမ်းပေးတဲ့ စာအုပ်ကို ယူလိုက်တယ်။ အဲဒါက မိုဘီဒစ် စာအုပ်ပါ။
"ငါ ဝေလငါးကြီးနဲ့ စာရင်းရှင်းရတော့မယ့်ပုံပဲ"
သူက ရယ်မောလိုက်ပြီး စာအုပ်ကို စောင်အောက်မှာ ဝှက်ထားလိုက်တယ်။ မာရူး က အဲဒါကို မြင်တော့ နားမလည်နိုင်ဖြစ်သွားပေမယ့် သမီးဖြစ်သူကြောင့် ဝှက်ထားရတာလို့တော့ သူ မပြောပြနိုင်ခဲ့ဘူး။
မာရူး က သစ်သီးခွာတဲ့ဓားနဲ့ ပန်းသီးကို ကျွမ်းကျွမ်းကျင်ကျင် ခွာလိုက်တယ်။
"မင်းက တော်တော် ကျွမ်းကျင်တဲ့ပုံပဲ"
"ကျွန်တော်က ဒီလိုကိစ္စမျိုးတွေမှာ တော်တော်တော်တာ။ ရော့ နည်းနည်း စားကြည့်ပါဦး"
မွန်ဂျောင် က မာရူး ခွာပေးတဲ့ ပန်းသီးကို စားလိုက်တယ်။ သူ့သမီးသာ ဒါကို မြင်သွားရင် သူမ ကျွေးတုန်းက စကားနားထောင်ပြီး မစားလို့ဆိုပြီး ပွစိပွစိ လုပ်နေမှာ သေချာတယ်။
"ဒီရက်ပိုင်း မင်း အခြေအနေ ဘယ်လိုရှိလဲ။ အကုန် အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့။ ကျွန်တော် အများကြီး သင်ယူနေပါတယ်။ ကံကောင်းချင်တော့ သင်ယူစရာ အခွင့်အရေးတွေ အများကြီး ရနေတယ်လေ"
"ငယ်ရွယ်တုန်းက အတွေ့အကြုံတွေက ကြီးလာတဲ့အခါမှာ ရတနာတွေ ဖြစ်လာလိမ့်မယ်။ အဲဒါတွေကို သေချာလုပ်တာ ကောင်းပေမယ့် ဘာတွေ ကျန်ရစ်မလဲဆိုတာကိုလည်း တွေးကြည့်ဦး"
"ဟုတ်ကဲ့ တွေးကြည့်ပါ့မယ်"
မွန်ဂျောင် က မာရူး ကို ကြည့်ရတိုင်း အမြဲတမ်း ပျော်ရွှင်မှုကို ခံစားရတယ်။ ဒီလူငယ်လေးနဲ့ အရက်သောက်ခဲ့တဲ့ အခိုက်အတန့်တွေက တော်တော်လေးကို ထူးဆန်းတယ်။ အတွေးအခေါ် ရင့်ကျက်တဲ့ ကလေးတွေဆိုရင်တောင် သေချာ ဆွကြည့်လိုက်ရင် ကလေးဆန်တဲ့ အပိုင်းလေးတွေ ရှိတတ်ပေမယ့် မာရူး မှာတော့ အဲဒီလိုမျိုး ဘာမှ မရှိဘူး။ အဲဒါကြောင့်ပဲ ဒီကောင်လေးကို ဘာမှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်တာ။ သူ့အရွယ် တခြားလူတွေကို မပြောပြနိုင်တဲ့ အရာတွေကိုတောင် ပြောပြနိုင်တယ်။
"သရုပ်ဆောင်ရတာ ပျော်စရာကောင်းလား"
"ရိုးရိုးသားသားပြောရရင် မကြာသေးခင်က ကျွန်တော် သရုပ်ဆောင်နေရတာ သိပ်ပြီး ပျော်စရာမကောင်းဘူး။ အလုပ်လုပ်နေရသလိုပဲလို့ ပြောရမလား။ အိမ်စာတွေ လုပ်နေရသလို ခံစားရတဲ့အချိန်တွေ တော်တော်များများ ရှိတယ်"
မာရူး က ပန်းသီးနဲ့ သစ်သီးခွာတဲ့ဓားကို ချလိုက်တယ်။
"အရင်တုန်းက အဘိုး နဲ့ တွဲရိုက်ခဲ့တုန်းက ဖိအားတွေကြောင့် ခေါင်းထဲမှာ ဘာမှမရှိတော့လောက်အောင် ဖြစ်သွားခဲ့ပေမယ့် တကယ်ကို ပျော်စရာကောင်းခဲ့တယ်။ ဒါပေမဲ့ မကြာသေးခင်က ကျွန်တော် လုပ်နေရတဲ့ သရုပ်ဆောင်ပိုင်းက အကောင်းဆုံး ကြိုးစားနေပေမယ့် ပြင်းထန်တဲ့ စိတ်အားထက်သန်မှုမျိုး မရှိလို့ ခွန်အားတွေ ကုန်ခမ်းသွားသလို ခံစားရတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ဒီလိုမဖြစ်သင့်ဘူးလို့ ပြောနေပေမယ့်လည်း ရိုက်ကူးရေး ပြီးသွားတဲ့အခါ ကျေနပ်မှုကြောင့် မဟုတ်ဘဲ အရမ်းကို ရိုးအီနေတာကြောင့် စိတ်မပါတော့သလို ဖြစ်သွားတယ်။ သူငယ်ချင်းတွေနဲ့အတူ စင်မြင့်တစ်ခုကို ဖန်တီးရတာ ပျော်စရာကောင်းလို့သာ တောင့်ခံထားတာပါ" လို့ မာရူး က သူ့အကြောင်းကို အေးအေးဆေးဆေး ပြောပြတယ်။
မွန်ဂျောင် က သူ့ရဲ့ ဒီလိုအချက်လေးကို သဘောကျတာ။ သူက ဟန်ဆောင်မှုတွေ မရှိဘူး။ စကားကိုလည်း လှည့်ပတ်ပြီး မပြောတတ်ဘူး။ သူက ရိုးသားတဲ့အတွက် ကိုယ်တိုင်လည်း ရိုးရိုးသားသား ပြန်ပြောနိုင်တယ်။
"အဲဒါက မင်း ကောင်းကောင်း အထိုင်ကျသွားပြီဆိုတဲ့ သက်သေပဲ။ လူတွေက အချိန်ပြည့် မျှော်လင့်ချက်တွေ အပြည့်နဲ့ အလုပ်လုပ်နေလို့မှ မရတာ။ မင်း ငြီးငွေ့လာတယ်ဆိုတာ အဲဒါနဲ့ ရင်းနှီးကျွမ်းဝင်လာလို့ပဲ ဆိုတော့ လုံးဝကြီး ဆိုးနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းစကားတွေကို နားထောင်ကြည့်ရသလောက်တော့ မင်းမှာ တွန်းအားတစ်ခု လိုအပ်နေပြီလို့ ထင်တယ်။ ဂျွန်မင်း က မင်းကို ဘာမှ မပြောဘူးလား"
"သူ ကျွန်တော့်ကို တိတိကျကျ ဘာမှ မပြောပါဘူး"
"ဒါဆိုရင် ပျင်းစရာကောင်းနေတယ်ဆိုရင်တောင် အလုပ်ကို ခဏလောက် ဆက်လုပ်နေကြည့်လိုက်ပါ။ ဂျွန်မင်း က တော်တော်လေး စေ့စပ်သေချာတဲ့လူဆိုတော့ အချိန်တန်ရင် သူ ပြောပြလိမ့်မယ်"
"အဘိုးကကော အဲဒီလိုအချိန်မျိုးတွေမှာ ဘယ်လို ပျော်အောင် နေခဲ့လဲ"
"ငါလား။ ငါကတော့ အရက်သောက်တာပေါ့"
"ကျွန်တော်ကတော့ အဲဒီလို လုပ်လို့မရဘူးလေ"
"ဟားဟား"
မွန်ဂျောင် က မာရူး ရဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။ မာရူး ပြောသလိုပဲ အောက်ခြေသိမ်းကနေ စပြီး ရိုက်ကူးရတာက ပျော်စရာမကောင်းပါဘူး။ မိနစ်အနည်းငယ်လောက် ရိုက်ဖို့အတွက် နာရီပေါင်းများစွာ စောင့်ရတာပဲ ရှိတာလေ။ စိတ်ခံစားမှု အတက်အကျမရှိတဲ့ ဒီလိုရိုးရှင်းတဲ့ အခန်းမျိုးမှာ ပျော်စရာရှာတွေ့ဖို့ဆိုတာ တော်တော်လေးကို ထူးဆန်းတဲ့ကိစ္စပဲ။ သရုပ်ဆောင်တစ်ယောက်ဟာ ကောင်းမွန်တဲ့ ဇာတ်ကောင်နေရာကို ရလာတဲ့အခါကျမှသာ သရုပ်ဆောင်ရတဲ့ ပျော်ရွှင်မှုကို သိမြင်လာတတ်တယ်။ မာရူး အခုလုပ်နေတာက အဲဒီလို ကောင်းမွန်တဲ့ ဇာတ်ကောင်နေရာနဲ့ ဆုံတွေ့ဖို့ လမ်းခင်းနေတာဖြစ်တဲ့အတွက် သည်းခံရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး။ မိုက်မဲတယ်လို့ ထင်ရပေမယ့် အဲဒါက သွားသင့်တဲ့ လမ်းမှန်ပဲလေ။
"အဘိုး မြန်မြန် ကျန်းမာလာအောင် လုပ်ပြီး အရင်တစ်ခေါက်ကလို ဝက်သားလေးနဲ့ အရက် သောက်ရအောင်"
"အေးပါ လုပ်ရမှာပေါ့"
မွန်ဂျောင် က ခေါင်းညိတ်ပြီး ပြုံးယောင်ယောင်လေး ပြုံးလိုက်တယ်။
* * * * * * * * *